ထောင်ပေါင်းများစွာချိုးဖြတ်မှု
Vol. 02 Ch. 84
ဂူရှောင်ရွှဲ့၏ ဆရာအကြောင်းအား စဉ်းစားနေသော အတွေးများသည် ထန်ရှု၏စိတ်ထဲတွင် ပေါ်လာကဲ့သို့ သူ၏ ရင်ထဲတွင်လည်း သတိရစိတ်များ တိုးလာခဲ့သည်။ သို့တိုင် အချိန်အခါ မှားနေသည်ဟု သူ ခံစားနေရသည်။ သူသည် အင်မော်တယ်ကမ္ဘာတွင် နှစ်တစ်သောင်း နေခဲ့ပြီးချိန်တွင် ကမ္ဘာမြေတွင် ၁နှစ်သာ ကုန်ဆုံးခဲ့သည်။ သို့သော် အင်မော်တယ်ကမ္ဘာမှ လွန်ခဲ့သော နှစ်ပေါင်း ၆၅၀၀ က ပျောက်ဆုံးနေခဲ့သော ဂူယွမ်အာသည် ကမ္ဘာမြေသို့ မတော်တဆ ရောက်လာခဲ့သည် ဆိုပါက ၁နှစ်အချိန်သာ ဖြစ်သင့်ပေသည်။
သူမသည် ကမ္ဘာမြေတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပါက အင်မော်တယ် ကမ္ဘာတွင် နှစ်ပေါင်းတစ်သိန်း နေသည့် အဓိပ္ပာယ်ပေလား။
အချက်အလက်နှင့် အကြောင်းများအား သေချာစွာ စဉ်းစား သုံးသပ်ပြီးနောက် ထန်ရှုသည် သည်အဖြစ်အပျက်မှာ ထူးဆန်းလာသည်ဟု ခံစားရသည်။ သို့သော် ဂူရှောင်ရွှဲ့၏ မျက်နှာထက်မှ အေးစက်မှုများအား ကြည့်ကာ သူသည် တိတ်ဆိတ် သွားရတော့သည်။
သူ့တွင် နောက်ထပ် သက်သေပြရန် လုံလောက်သော ရင်းနှီးမှုမျိုး မရှိသေးပေ။ ကိုယ်ချင်းစာတရားနှင့် စိတ်ခံစားမှု မျှဝေခြင်းသည် သူ၏ အားသာချက် မဟုတ်သော်လည်း သူသည် မြင့်မားသော ဉာဏ်ရည်ရှိသူတစ်ယောက်ဟု ဆိုနိုင်ပေသည်။
သူ့တွင် လူသားချင်း ရင်းနှီးဆက်သွယ်မှုနှင့် စိတ်ခံစားမှုတို့အား ညှိနှိုင်း ဖြေသိမ့်ပေးသော အရာများစွာ မရှိဟု ဆိုနိုင်သော်လည်း သူ၏ မြင့်မားသော ဉာဏ်ရည်ကြောင့် အရာရာအား စဉ်းစား သုံးသပ်နိုင်စွမ်းရှိပြီး ၎င်းတို့အား ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ ဂူရှောင်ရွှဲ့သည် သူ့အား မည်သည့်အရာမျှ မပြောပြချင်ပေ။ သူ့တွင်လည်း သူမ ပြောပြနိုင်စေရန် တွန်းအားပေးနိုင်သော စွမ်းရည်မျိုး မရှိချေ။ ထို့ကြောင့် သူ၏သိချင်စိတ်အား ချိုးနှိမ်ထားပြီး နောက်ထပ် သက်သေမပြတော့ပေ။
သို့သော် သူ၏ရင်ထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ နှစ်ထောင်ပေါင်းများစွာ ရင်းနှီး ကျွမ်းဝင်ခဲ့သော သူ၏ဇနီးနှင့် သူငယ်ချင်းများပင် သူ့အား သစ္စာဖောက်ခဲ့ကြသောကြောင့် သူ၏ ပထမ တပည့်ကြီးသည်လည်း သူ့အား ဆရာအဖြစ် သတိရနိုင်သေးပါ့မလား ဟူသော အတွေးသည် သူ့အား ကြီးစိုးနေပေသည်။ အချိန်များစွာ ကုန်လွန်ကျော်ဖြတ်ခဲ့ပြီ ဖြစ်သောကြောင့် သူမတွင် ဆရာတပည့် စိတ်ခံစားမှုနှင့် သစ္စာရှိမှုတို့သည် ရှိပါလိမ့်မည်လော။
ထန်ရှု တိတ်ဆိတ်နေသည်ကို ကြည့်ပြီး ဂူရှောင်ရွှဲ့ စိတ်ကျေနပ်နေပြီး သူမသည် တိုးတိုး ပြောလိုက်သည်။
“နင် ငါ့ဆရာကို တွေ့ချင်တယ်ဆိုရင် အမှန်တကယ်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ တတိယအလွှာကို နင် ချိုးဖြတ်နိုင်တယ်ဆိုရင် ငါ နင့်ကို ဆရာနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်။ ဒါပေမဲ့ နင့်ရဲ့ကျင့်ကြံခြင်းကို ကြည့်ရတာ တတိယအလွှာကို ရောက်ဖို့ မဆိုထားနဲ့ ဒုတိယအလွှာ ရောက်ရင် နင် ဒဏ်ရာပြင်းထန်စွာ ရလိမ့်မယ်”
“ငါ့ကို ခေါ်သွားပေးပါ ကျေးဇူးပြုပြီး”
အလွန်ခိုင်မာသော ယုံကြည်ချက်တို့သည် ထန်ရှု၏အသံနှင့် အမူအရာတို့တွင် ဖော်ပြနေသည်။
ဂူရှောင်ရွှဲ့ ခနဲ့လိုက်သည်။
“နင်က တကယ်ကို နံရံကို တိုက်နေရင်တောင်မှ မရပ်မဲ့လူစားပဲ။ နင့်အခေါင်းကို မမြင်မချင်း မျက်ရည်ကျမဲ့သူ မဟုတ်လောက်ဘူး။ ကောင်းပြီ။ နင် ဒဏ်ရာရရင် ငါ့ကို အပြစ်မတင်ပါနဲ့။ သွားကြစို့”
မီတာ ၁၀၀ သွားပြီးသော် …
လုံခြုံရေးတစ်ယောက်မှ တားလိုက်ပြီး
“သူဌေးလေး … မာစတာရှောင်နဲ့ မာစတာမြောင်တို့ လာပါတယ်။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအတွက် စောင့်နေကြပါတယ်”
ဂူရှောင်ရွှဲ့သည် အေးခဲသွားကာ …
“သူတို့၂ယောက်က ဘယ်လို ရောက်လာကြတာလဲ။ လွန်ခဲ့တဲ့၂နှစ်က ဒုတိယအလွှာမှာ ပိတ်မိသွားပြီးတော့ ချိုးဖောက်ဖို့ စွမ်းရည် မရှိတာ။ သူတို့ ဒဏ်ရာတွေကလည်း ပြင်းပြင်းထန်ထန်ပဲ။ ဒီ၂နှစ်အတွင်း ဒဏ်ရာတွေက ကောင်းသွားပြီးတော့ ကျင့်ကြံခြင်းက တိုးတက်ခဲ့တာလား”
“သူတို့၂ယောက် ကြည့်ရတာ တိုးတက်လာပုံပေါ်တယ်” လုံခြုံရေးက ပြောလိုက်သည်။
ဂူရှောင်ရွှဲ့သည် ထန်ရှုအား တစ်ချက်ကြည့်လိုက်ကာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုဆီသို့ ဦးတည်လျှောက်လိုက်သည်။ လတ်တလောတွင် သူသည် အထီးကျန်မှုနှင့် ငြီးငွေ့မှုတို့အား ခံစားနေရသည်။ ထာဝရခိုင်မြဲခန်းမရှိ လူအများအား စီမံခန့်ခွဲခြင်း၊ လေ့ကျင့်ခြင်းနှင့် ကျင့်ကြံခြင်းတို့သာ လုပ်စရာရှိခဲ့သည်။ သည်နေ့ ထန်ရှုအား တွေ့လိုက်သောအခါ စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားရသည်။ ထို့ကြောင့် သည်အချိန်တွင် လူနှစ်ယောက် လာလိမ့်မည်ဟု သူမ မထင်ထားမိချေ။
သစ်တောနက်ထဲတွင် …
စိမ်းလန်း စိုပြည်ခြင်းတို့ ဝန်းရံထားသော သိပ်မကြီးလွန်းသော စတုရန်းကျကျ ကွက်လပ်ငယ်လေး ရှိနေပြီး ထောင့်တိုင်းတွင် ကျောက်စိမ်းတိုင်များ စိုက်ထားသည်။ သက်လတ်ပိုင်း လူ၂ယောက်သည် ထောင့်များတွင် ခြေချိတ်ထိုင်နေကာ သူတို့ရှေ့ရှိ ကွက်လပ်ငယ်လေးအား လေးလေးနက်နက် ကြည့်နေပေသည်။
“အစ်ကိုမြောင် … ဒီတစ်ခေါက် အခွင့်အရေး ဘယ်လောက်ရှိမယ်လို့ ထင်လဲ” ရှောင်မင်ကျန်းသည် တိတ်ဆိတ်မှုအား ချိုးဖောက်ကာ မေးလိုက်သည်။
မြောင်ဝမ်တန်သည် ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။ “၈၀%”
“မင်း ယုံကြည်ချက်ရှိလား” ရှောင်မင်ကျန်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
မြောင်ဝမ်တန်သည် ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
“အစ်ကိုရှောင် … ခင်ဗျားက ကျွန်တော့်ထက် ယုံကြည်မှု ပိုလိမ့်မယ်လို့ ထင်ပါတယ်။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို မကြိုးစားဖူးသူတိုင်း အဲဒါက သတ်ဖြတ်တဲ့ အစီအရင် မဟုတ်ဘူးလို့ သိကြမှာမဟုတ်ဘူး။ သည်အစီအရင်က ကျင့်ကြံသူ တစ်ယောက်က သူ ဒါမှမဟုတ် သူ့တပည့်တွေအတွက် ယာယီ စီစဉ်ပေးတဲ့ဟာ ဖြစ်ဟန်တူတယ်။ ငါတို့ အလျင်စလို မကြိုးစားသရွေ့ ဒဏ်ရာတွေအရ ငါတို့အသက်တွေ ဆုံးဖို့ဆိုတာ စိုးရိမ်စရာ မလိုဘူး။ ဒါပေမဲ့ ဒဏ်ရာတွေ ကောင်းသွားတာနဲ့ လွန်ခဲ့တဲ့၂နှစ်က ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကနေ ခင်ဗျား အကျိုးကျေးဇူး မရခဲ့ဘူးလား”
ရှောင်မင်ကျန်း ပြုံးကာ ပြောလိုက်သည်။
“အမှန်ပေါ့။ သည်အစီအရင်ကို လုပ်ခဲ့တဲ့သူက ဉာဏ်ပညာ အရမ်းကြီးတယ်။ သူ့ရဲ့ခွန်အားတွေက သေချာပေါက် ကြောက်စရာကောင်းတဲ့ အဆင့်မှာ ရှိလိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင် သည်အစီအရင်ကို ဖန်တီးခဲ့သူရဲ့ လက်အောက်မှာ လေ့လာသင်ယူချင်တယ်”
“ဟား ဟား ... ငါတို့အတွေး တူနေကြတယ်” မြောင်ဝမ်တန် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
“အာ ... ရှင်တို့၂ယောက်က ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို ပြန်လာကြသေးတယ် ဆိုတော့ မကျေနပ်သေးတဲ့ပုံပဲ။ ကျွန်မ မှတ်ဉာဏ်မကျသေးရင် ရှင်တို့ ကြိုးစားတာ ၃ကြိမ်ရှိသွားပြီ မဟုတ်လား။ ကျွန်မဆရာရဲ့ သတ်မှတ်ချက်အရ လေးကြိမ်မြောက်ဆိုရင် ရှင်တို့ ယွမ် ၁သန်း ပေးဖို့လိုတယ်။ မဝင်ခင် ပိုက်ဆံ အရင် ပေးရပါလိမ့်မယ်”
ဂူရှောင်ရွှဲ့သည် ထန်ရှုနှင့်အတူ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူမ၏အသံကြောင့် အေးစက်နေဟန် ရသော်လည်း သူမ၏ သွင်ပြင်သည် ငြိမ်းချမ်းနေပေသည်။
ဂူရှောင်ရွှဲ့နှင့် ထန်ရှု အတူတွဲလျှောက် လာသည်ကို ကြည့်ပြီး ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်သည် ထန်ရှု၏မူလအား ခန့်မှန်းကာ အံ့အားသင့်နေကြသည်။ သို့သော်လည်း သူတို့သည် လျင်မြန်စွာ မတ်တတ်ရပ်လိုက်ကာ သူတို့ဘေးတွင် ချထားသော လက်ဆွဲအိတ်အား ဂူရှောင်ရွှဲ့ဆီသို့ လှမ်းပေးလိုက်သည်။
“ငါတို့ ပိုက်ဆံ အသင့်ပြင်လာပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ဂူရှောင်ရွှဲ့သည် အနီးရှိ လုံခြုံရေးများအား လက်ဆွဲအိတ်၂လုံးအား ယူလိုက်ရန် အချက်ပြလိုက်သည်။ ထိုသူတို့သည် ယူဆောင်သွားပြီး ဖွင့်ကာ ပါလာသည့် ငွေပမာဏအား စစ်ဆေးပြီးနောက် လျင်မြန်စွာ သယ်ဆောင်ကာ ထွက်သွားကြသည်။
“အာ ... ထာဝရ ခိုင်မြဲခေါင်းလောင်း တီးလိုက်ပါ”
“ဟုတ်ကဲ့”
လူထွားကြီးသည် သူ၏လက်သီးဖြင့် ရှေ့ရှိအကွာအဝေးအား လှမ်းထိုးလိုက်သည်။
မိနစ်အနည်းငယ် ကြာသော် …
“ဒေါင် … ဒေါင် …ဒေါင် …”
ခေါင်းလောင်းသံ ၁၈ကြိမ်ထွက်လာပြီး ထာဝရခိုင်မြဲခန်းမ အတွင်းရှိ လူတိုင်း၏နားတွင် ထပ်ကာထပ်ကာ ကြားရလေရာ ဧည့်သည် အများအပြားသည် သူတို့၏ သီးသန့်ခန်းများ အတွင်းမှ ထွက်လာကြပြီး ခေါင်းလောင်းသံကြောင့် အံ့အားသင့်နေပေသည်။
“ဒီဟာ ထာဝရခိုင်မြဲ ခေါင်းလောင်းသံပဲ။ တစ်ယောက်ယောက်က ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို စိန်ခေါ်နေပြီ”
“ခေါင်းလောင်းသံက ၁၈ချက်။ တစ်ယောက်ကို ၆ချက်ထိုးတာဆိုတော့ ဒီတစ်ကြိမ် လူ၃ယောက်က စိန်ခေါ်တာနေမယ်”
“သွားကြည့်ရအောင်ဟေ့”
“စိန်ခေါ်သူ ဧည့်သည်တွေက ဘယ်သူတွေ ချိုးဖြတ်နိုင်မလဲ”
“ …”
စိတ်လှုပ်ရှားမှုများသည် သူတို့၏ မျက်နှာထက်တွင် အထင်းသား ပေါ်လွင်နေပြီး ဧည့်ကြိုများကလည်း ရှင်းပြကြသည်။ လုံခြုံရေးများ၏ လမ်းညွှန်ဦးဆောင်မှုဖြင့် သီးသန့်ခန်း၁၀၀မှ ဧည့်သည်အားလုံးသည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုဆီသို့ ဦးတည်လျှောက်နေ ကြတော့သည်။
သီးသန့်ခန်း တစ်ခုထဲတွင် …
ကျားလွေဒေါင်နှင့် တပည့်များသည် ဧည်ကြို၏ ရှင်းပြမှုအား ခံစားချက် ကင်းမဲ့စွာဖြင့် နားထောင်နေကြသည်။ သူတို့အတွက် အရေးကြီးဆုံးသည် ထန်ရှုအား ဧည့်ခံရန်ဖြစ်သည်။ ထန်ရှုသာ ထွက်သွားပါလျှင် သူတို့သည် ဒေဝါလီခံရမည်သာမက သူတို့၏နာမည်ဂုဏ်သတင်း သည်လည်း ကျွမ်းကျင်လောင်းကစား ပညာရှင် အသိုင်းအဝိုင်းတွင် ပျောက်ပျက်သွားနိုင်ပြီး တစ်သက်တာတွင် ပြန်လည် မြင့်တက်လာရန်မှာ မဖြစ်နိုင်ချေ။
“လူကြီးမင်းတို့ ၃ယောက် ကြည့်ချင်ကြပါလား”
ရှင်းပြအပြီးတွင် ငယ်ရွယ်လှပသော ဧည့်ကြိုလေးသည် မေးလိုက်သည်။
ကျားလွေဒေါင်သည် လက်ကို ယမ်းပြကာ ပြန်ဖြေလိုက်သည်။
“ငါတို့ စိတ်မဝင်စားတဲ့ အတွက် ကျေးဇူးပြုပြီး ထွက်သွားပါတော့”
“ခဏနေပါဦး”
ကုန်းတာလုံသည် ရုတ်တရက် ဧည့်ကြိုလေးအား တားလိုက်ကာ ကျားလွေဒေါင်အား ပြောလိုက်သည်။
“ဆရာ ... သိရသလောက် မာစတာထန်က သိုင်းပညာရှင်နော်။ စိန်ခေါ်တဲ့ ၃ယောက်ထဲမှာတောင် ပါနိုင်တယ်။ ကျေးဇူးပြုပြီး စဉ်းစားပါဦး။ ၁နှစ် ၂နှစ်အတွင်းမှာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို စိန်ခေါ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ မာစတာထန်သာ ဒီကို ရောက်နေရင် သူလည်း စိန်ခေါ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်”
ကျားလွေဒေါင် လှုပ်ရှားသွားသည်။ သူလည်း ထန်ရှုသည် သိုင်းပညာရှင်မှန်း သိပါသည်။
“ကောင်းပြီ။ သွားကြစို့။ သူ စိန်မခေါ်တောင်မှ ကြည့်ဖို့အတွက် ရောက်နေလိမ့်မယ်”
မကြာမီ သစ်တောလေးသည် မြောက်မြားစွာသော လူများဖြင့် ဝန်းရံလျက်ရှိနေပြီး စတုရန်းကွက်လပ် ထောင့်နားထိပင် ရောက်ရှိနေပေသည်။ ဒါဇင်ပေါင်းများစွာသော လုံခြုံရေး အစောင့်များသည် ထိုကွက်လပ်လေး အပြင်ဘက်တွင် နေရာယူကာ ခြေတစ်လှမ်းမျှပင် မချနိုင်အောင် စောင့်ကြပ်ထားသည်။
ဂူရှောင်ရွှဲ့သည် လက်ပိုက်လျက် ထန်ရှုအား အများဆုံး ကြည့်လျက် ၄ကြိမ်မြောက်ဝင်မည့် ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့ အားလည်း ကြည့်နေသည်။ သူမသည် သိချင်စိတ် ပြင်းပြနေသည်။ မည်သည့် ကျင့်ကြံမှုအဆင့်က ပြီးဆုံးသည့်အထိ ရောက်မည်နည်း။ တတိယအဆင့်အား သူတို့ ချိုးဖြတ်နိုင်မည်လော။
“သူဌေးလေး … အချိန်ကျပြီလား”
လုံခြုံရေး အကြီးအကဲသည် ဂူရှောင်ရွှဲ့ အနားရောက်လာကာ တိုးတိုးပြောလိုက်သည်။
ဂူရှောင်ရွှဲ့သည် စိန်ခေါ်သူ၃ယောက်အား ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒီနေ့ ရှင်တို့၃ယောက်က ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို စိန်ခေါ်ချင်တဲ့ သူတွေပဲ။ ရှင်တို့၃ယောက်ရဲ့ သေခြင်းရှင်ခြင်းကို ထာဝရခိုင်မြဲခန်းမက တာဝန်ယူမှာ မဟုတ်ဘူး။ တတိယအလွှာကို ချိုးဖြတ်နိုင်တဲ့ မည်သူမဆို ထာဝရခိုင်မြဲခန်းမရဲ့ ဂုဏ်ထူးဆောင် ဧည့်သည် ဖြစ်လာလိမ့်မယ်”
လူ၃ယောက် ဟုတ်လား …။
ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် တစ်ဖက်တွင် ရပ်နေသော ထန်ရှုဆီသို့ အကြည့်များ ရောက်သွားကြပြီး ရှောင်မင်ကျန်းက ချီတုံချတုံဟန်ဖြင့် ပြောလိုက်သည်။
“ညီငယ်လေး ... မင်းက ထောင်ပေါင်းများစွာ ချိုးဖြတ်မှုကို စိန်ခေါ်ချင်တာလား။ ဒီဟာက ကစားလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ မင်းမှာ ထူးချွန်တဲ့ သိုင်းပညာမရှိရင် မင်းအသက် ဆုံးသွားလိမ့်မယ်”
မြောင်ဝမ်တန်သည်လည်း ခေါင်းကိုညိတ်ကာ ဝင်ပြောလိုက်သည်။
“ဒါမှန်တယ်။ ငယ်ရွယ်တဲ့ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က ကောင်းပေမဲ့ လုံလောက်တဲ့ ကျွမ်းကျင်မှုမရှိခဲ့ရင် မစွန့်စားသင့်ဘူး။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုက ကျင့်ကြံခြင်းကို အထောက်အကူ ပြုတယ်ဆိုပေမဲ့လည်း”
“ကျွန်တော် သိထားပါတယ်”
သူ၏သွင်ပြင်အား ကြည့်ကာ ဆုံးဖြတ်နေသော လူနှစ်ယောက်အား ကြည့်ကာ ပြောလိုက်သည်။ ထိုသူ၂ယောက်အား သူ မမုန်းပါချေ။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအား ဖန်တီးခဲ့သူတစ်ယောက် အနေဖြင့် သူသည် အရာရာတိုင်းအား သိသော်လည်း မည်သည့်စကားမျှ အပိုမပြောချေ။ သူတို့၏ မျက်လုံးများ ပွင့်လာအောင် လုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ထန်ရှု၏အမူအရာအား ကြည့်ကာ ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် မသက်မသာ ပြုံးလိုက်ကြသည်။ သူတို့သည် စိတ်စေတနာ ကောင်းဖြင့် သတိပေးသော်လည်း ထိုကောင်လေးသည် လျစ်လျူရှုထားဟန် ရသည်။
ချီးပဲ …။
ရှောင်မင်ကျန်း၏ရင်ထဲတွင် ဒေါသထွက်လာပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ညီငယ်လေးက နောက်ဆုံးအချိန်ထိ ဆင်နွှဲချင်တယ်ဆိုတော့ ငါတို့ ထပ်သတိမပေးတော့ဘူး”
ပြောပြီးသည်နှင့် ဂူရှောင်ရွှဲ့ဘက် လှည့်ကာ လက်သီးဆုပ် နှုတ်ဆက်ပြီး ကွက်လပ်ငယ်ထဲ ဝင်သွားတော့သည်။
ကွက်လပ်ငယ် တစ်ခုလုံးအား ကျပန်းချထားသော ကျောက်စိမ်းများဖြင့် ဖြည့်ထားသည်ဟု ထင်ရသော်လည်း ၎င်းတို့သည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှု၏ အစီအရင်ပင် ဖြစ်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ ရှောင်မင်ကျန်းသည် အစီအရင်ဧရိယာထဲသို့ ရောက်သည်နှင့် သူ၏ခြေလှမ်းများ ရပ်တန့်သွားပြီး နောက်ထပ် လှုပ်ရှားမှုအား စတင်လိုက်တော့သည်။
ကြည့်နေကြသော သူများ၏ မျက်လုံးထဲတွင် ရှောင်မင်ကျန်းသည် ၁၀မီတာ ဧရိယာအတွင်း ထပ်ကာထပ်ကာ လှုပ်ရှားနေ ပျံဝဲနေသည်ကို မြင်နေရသော်လည်း ထန်ရှု၊ ဂူရှောင်ရွှဲ့နှင့် မြောင်ဝမ်တန်တို့မှာမူ ရှောင်မင်ကျန်းသည် အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို သိလေသည်။
ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အတွင်းတွင် ရှောင်မင်ကျန်း အထဲသို့ ရောက်သည်နှင့် သူသည် တခြားကမ္ဘာသို့ ရောက်သွားသည့်ဟန် ဖြစ်သည်။ လူတစ်ရပ် အမြင့်ရှိသော မြက်ခင်းများ အထက်ရှိ အဝါရောင်နှင့် အနက်ရောင် အမွေးများပါသော ငှက်များအား ကြည့်လိုက်ရာ ၎င်းသည် နွေဦးရာသီ၏ ခံစားမှုနှင့်အတူ နွေဦးလေပြည်ကိုပါ ခံစားရနေသည်။ သို့သော် သူသည် အာရုံအပြည့် စိုက်ထားသည်။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှု၏ ပထမအလွှာအား ချိုးဖြတ်ဖူးသော အတွေ့အကြုံအရ လှပသော တောတောင်ရှုခင်း ဖြစ်သော်လည်း မရေမတွက်နိုင်သော အန္တရာယ်များ အပြည့်ရှိသည်ကို သူ သိသည်။
ရုတ်တရက် နွေဦးမိုးကြိုးသံ ကြားရပြီး လှပတောက်ပသော ရှုခင်းသည် တိမ်မည်းများ ဖုံးအုပ်နေသော ရှုခင်းအဖြစ် ပြောင်းသွားသည်။ လောက တစ်ခုလုံးသည် မှောင်မည်းသွားပြီး ကောင်းကင်မှ မည်သည့်အရာကို မဆို တိုက်စားနိုင်သော မိုးစက်များ ရွာချလာသည်။
“လာနေပြီ”
ရှောင်မင်ကျန်း၏ ရင်ထဲ တင်းကျပ်သွားသည်။ သူသည် ဘေးပတ်လည်အား ဂရုတစိုက် ကြည့်လိုက်ရာ အစက်အပြောက်များ ပါပြီး လူတစ်ယောက်၏ လက်မောင်း အရွယ်အစား ရှိသော မြွေအုပ်ကြီးသည် ပတ်ပတ်လည် တောထဲမှ ထွက်လာပြီးလျှင် သူ့အား ဝန်းရံထားသည်။
“ဟမ့် ...”
တစ်ကြိမ် အတွေ့အကြုံ ရှိထားသောကြောင့် ရှောင်မင်ကျန်းသည် မတုန်လှုပ်တော့ပေ။ သူ၏ရင်ဘတ်ထဲမှ အဆောင်စာရွက် အဝါအား ဆွဲထုတ်ကာ ဝှေ့ယမ်းလိုက်ရာ မီးတောက်သဖွယ် ဖြစ်ပေါ်သွားပြီး ဝန်းရံထားသော မြွေအုပ်ကြီးဆီသို့ ရောက်သွားသည်။
“ရွှီ ...”
မြွေအနည်းငယ်သည် မီးပင်လယ်ထဲတွင် သေဆုံးကုန်သည်။ သို့သော် မြွေများသည် လှိုင်းများသဖွယ် ထပ်ကာထပ်ကာ ရောက်လာနေဆဲ ဖြစ်သည်။ အေးစက်ကာ ချောက်ချားစရာဟန်ဖြင့် အနီရောင် မျက်လုံးများသည် ရှောင်မင်ကျန်းအား စူးစူးစိုက်စိုက် ကြည့်နေသည်။ သို့သော် ထက်မြက်သော ဓားတစ်ချောင်းသည် ရှောင်မင်ကျန်း၏ လက်ထဲသို့ ရုတ်တရက် ရောက်လာပြီး သူ၏ ခြေထောက် ရွေ့လျားမှုနှင့် အတူ သူ့အား ဟန့်တားနေသော အစက်အပြောက် မြွေများအား အသေ တိုက်ခိုက်လိုက်တော့သည်။
“အဲဒါကို တွေ့ပြီ”
*****