ထိပ်တိုက်ရင်ဆိုင်
Vol. 12 Ch. 161
အခန်း (၁၆၁) ထိပ်တိုက်ရင်ဆိုင်
လျိုရှန်းဖုန်းက သက်လတ်ပိုင်းလူရွယ်ကို လွှဝ်ပေးလိုက်တော့မှ ကျန်းယောင်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
သို့သော် ရန်ကျောက်ကဲနှင့် လျိုရှန်းဖုန်းတို့ သူသေကိုယ်သေ အပြင်းအထန် တိုက်ခိုက်ကြတော့မည်ဖြစ်ရ ကျန်းယောငမှာ ရင်ထိတ်ရပြန်သည်။
လျိုရှန်းဖုန်းက အားနည်းသူကို အနိုင်ကျင့်သတ်ဖြတ်နှိပ်စက်ရသည်ကို သဘောကျသည်ဟု ဝန်ခံထားသည့်တိုင် ထိုသူသည် အဆင့်တူပြိုင်ဘက်များဖြင့် တိုက်ခိုက်ရာတွင်လည်း အတွေ့အကြုံ နည်းပါးသူ မဟုတ်ကြောင်း ကျန်းယောင် သိရှိသည်။
လျိုရှန်းဖုန်းသည် တိုက်ပွဲအတွေ့အကြုံ အလွန်ကြွယ်ဝပြီး အဆုံးမဲ့တောင်တန်းတွင် ပြိုင်ဘက်ကင်းမဟုတ်လျှင်တောင်မှ ဒုတိယနေရာလိုက်သူ ဖြစ်သည်။
ကျန်းယောင်က စိုးရိမ်စွာဖြင့် ခေါ်လိုက်သည်။
“အစ်ကိုကြီး’ရန်’”
ရန်ကျောက်ကဲ၏ ဂုဏ်သတင်းက လျိုရှန်းဖုန်းထက် ပိုမိုတောက်ပသည့်တိုင် လက်ရှိတွင် ရှန်ထျန်းကနဦးအဆင့်သာ ရှိသေးသည်။ လျိုရှန်းဖုန်းက ရှန်ထျန်းနှောင်းပိုင်းအဆင့်ဖြစ်လေရာ မည်သို့ယှဉ်ပြိုင်နိုင်ပါမည်နည်း။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် လက်ကာပြရင်း...
“ညီမလေး’ကျန်း’ ၊ နောက်ဆုတ်နေ ၊ ဒါမှ တိုက်ပွဲကထွက်ပေါ်လာတဲ့စွမ်းအားတွေ မင်းအပေါ် မသက်ရောက်မှာ”
ကျန်းယောင်၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အထင်းသားပေါ်လွင်နေသည့်တိုင် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူနှစ်ယောက်၏တိုက်ပွဲကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိဘဲ နောက်ဆုတ်နေရမည်ကို သူမ သိရှိသည်။
ရန်ကျောက်ကဲအနားတွင် ပျင်းရိပျင်းတွဲ ငုတ်တုတ်ထိုင်နေသည့် ဧရာမပန်ဒါကြီးသည် ယခုတော့ လျိုရှန်းဖုန်းကို စူးစိုက်ကြည့်နေ၏။
ပျင်းရိပျင်းတွဲပုံစံများ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ၏မျက်ဝန်းအစုံမှ ပြင်းထန်စူးရှသည့်အလင်းရောင်များ လင်းလက်တောက်ပလာသည်။
ခန္ဓာကိုယ်က ဝဝတုတ်တုတ်ဖြင့် အမွှေးထူထူဖြစ်နေသည့်တိုင် စိတ်နေစိတ်ထားက အရင်လိုမဟုတ်ဘဲ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ရာခံစားချက် အပြည့်အဝ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက အနည်းငယ်ပြုံးလိုက်ပြီး ထိုကောင်ကြီးကို အသာပွတ်သပ်ပေးလိုက်သည်။
“မင်းလည်းဘေးကစောင့်နေ... သွား”
ပန်ဒါကြီးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင် နာခံစွာပင် ဘေးသို့ ထွက်ခွာသွားသည်။ သူ့ထံမှထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပျောက်ကွယ်သွားပြီး မထုံတက်တေးပုံစံ ပြန်ဖြစ်သွားတော့၏။
ရန်ကျောက်ကဲက လျိုရှန်းဖုန်းကိုလှည့်ကြည့်ရင်း...
“စောစောက ငါ့ကြောင့် ကျွန်းပေါ်က အစီအရင်တွေ အနှောက်အယှက် ဖြစ်သွားပြီ ၊ စုစည်းထားတဲ့ ဝိညာဉ်စွမ်းအားတွေလည်း ပျက်စီးသွားပြီ ၊ အချိန်တိုအတွင်း ပြန်ကောင်းလာနိုင်မှာ မဟုတ်ဘူး”
“ဒီတော့ ဒီတိုက်ပွဲမှာ ငါတို့ စိတ်ကြိုက်လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်တယ် ၊ အစီအရင်ကြောင့် ပတ်ဝန်းကျင်လေထု ပြောင်းလဲသွားပြီး တခြားသူတွေသိသွားမှာကို စိတ်ပူစရာမရှိဘူး”
လျိုရှန်းဖုန်းက ရန်ကျောက်ကဲကို စိက်ကြည့်ရင်း...
“မင်းက သန်မာတယ် ၊ အရမ်းသန်မာတယ်”
“ပွင့်ပွင့်လင်းလင်းပြောရရင် ရှန်ထျန်းကနဦးအဆင့် ကျိဟန်ရူကို အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်နဲ့ အနိုင်ယူခဲ့တယ်ဆိုတာ ငါတောင် မလုပ်နိုင်တဲ့အလုပ်မျိုးပဲ ၊ ပြီးတော့ တစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ မင်းက အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ကနေ ရှန်ထျန်းကနဦးအဆင့်ကိုလည်း အဆင့်တက်လာတယ် ၊ ဒါကလည်း ငါ မလုပ်နိုင်ခဲ့တဲ့ကိစ္စတစ်ခုပါပဲ”
“ဒါပေမဲ့ အဲဒါတွေကြောင့်ပဲ ငါ မင်းကို အခု အရမ်းသတ်ပစ်ချင်နေတယ်”
ရန်ကျောက်ကဲကို စိုက်ကြည့်နေသည့် လျိုရှန်းဖုန်း၏ မျက်ဝန်းများ တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။
“ဘာလို့လဲဆိုတော့... မင်းကို အခု ရှင်းမပစ်ဘူးဆိုရင်... မင်းက အရှိန်အဟုန်နဲ့ ကျင့်ကြံခြင်းဆင့်မြင့်တက်သွားတဲ့တစ်နေ့ကျ ငါ မင်းကို အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး ၊ အဲဒီအချိန်ရောက်ရင်... ငါ မင်းကို ရှောင်သွားရတော့မယ်လေ ၊ တွေးကြည့်တာနဲ့တင် မုန်းလိုက်တာကွာ”
လျိုရှန်းဖုန်း၏ ခြေလှမ်းများက မြန်သည်မဆိုသာသော်လည်း သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် တောင်တစ်လုံးရွေ့လျားနေသည့်အလားဖြစ်ပြီး မြေပြင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။
“ငါ မင်းကို သတ်ချင်တယ်ဆိုတာက... မင်းက ငါတို့ အဆုံးမဲ့တောင်တန်းကို ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောနဲ့ ပတ်သက်ပြီး ထောင်ချောက်ဆင်ခဲ့တာကြောင့် မဟုတ်သလို ကောင်းကင်မိုးကြိုးခန်းမနဲ့ ငါတို့ကို ရန်တိုက်ပေးတဲ့အတွက်လည်း မဟုတ်ဘူး”
လျိုရှန်းဖုန်းက သူ့ကိုယ်သူ အရင်ဦးစွာ လက်ညှိုးညွှန်လိုက်ပြီး ရန်ကျောက်ကဲကို လက်ညှိုးညွှန်ပြလိုက်ပြန်သည်။
“ငါ မင်းကိုသတ်ချင်တယ်ဆိုတာက သတ်ချင်လို့ကို သတ်ချင်တာ ၊ တခြားအကြောင်း မရှိဘူး”
“မင်းကို တကယ်သဘောမကျဘူး ၊ လုံးဝကို သဘောမကျဘူး ၊ မင်းကိုမြင်နေရတာ စိတ်မသက်မသာ ဖြစ်ရတယ်”
သူက လက်ညှိုးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ၏နှလုံးသားရှိရာ ဘယ်ဘက်ရင်ဘတ်ကို ပုတ်လိုက်သည်။
“ဒီနေရာက ငါ့ကိုပြောနေတာက မင်းကိုသတ်လိုက်မှ ငါ စိတ်ချမ်းသာနိုင်မယ်တဲ့”
ရန်ကျောက်ကဲက လက်နှစ်ဖက်ကိုနောက်ပစ်ရင်း စကားတစ်ခွန်းမှမဆိုဘဲ လူရွှင်တော်တစ်ယောက်ကို တွေ့မြင်ရသည့်အလား ရယ်မောလိုက်သည်။
လျိုရှန်းဖုန်း၏မျက်လုံးများထဲမှ သွေးဆာနေသည့်အရိပ်အယောင်များက ပိုမိုတောက်ပလာပြီး သူ့မျက်နှာကလည်း ခံစားချက်ကင်းမဲ့နေသည်။
“အမှန်ပဲ ၊ မင်းရဲ့ ဒီလိုအမူအရာတွေကို ငါအရမ်း သောက်မြင်ကပ်ပဲ ၊ ဒီတော့ ငါ စိတ်ချမ်းသာဖို့အတွက် မင်းကို သတ်မှဖြစ်မယ်”
ထိုစကားများပြောနေရင်း လျိုရှန်းဖုန်းသည် ရန်ကျောက်ကဲအနားသို့ ဆက်လက်ချဉ်းကပ်လာကာ သူ့ရှေ့သို့ ရောက်ရှိလာသည်။
သူ၏စွမ်းအားများက အထွတ်ထိပ်အဆင့် မြင့်တက်လာပြီး ရုတ်တရက် ရန်ကျောက်ကဲကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
ရန်ကျောက်ကဲ ကြည့်နေစဉ်မှာပင် ကြီးမားလှသည့် တောင်ကြီးတစ်လုံး သူ့ရှေ့တွင် ပြိုကျလာသည့်အလား ခံစားလိုက်ရပြီး သူ့ထံသို့ လွင့်စင်လာသည့်ပမာ ခံစားလိုက်ရသည်။
လျိုရှန်းဖုန်းအသုံးပြုလိုက်သည့် နတ်တောင်လက်သီးသိုင်းက ကျိဟန်ရူထက် များစွာပိုမိုပြင်းထန်သည်။
ကြယ်တာရာချီစွမ်းအားအလွှာတိုင်းက သိပ်သည်းနေပြီး အစိုင်အခဲတစ်ခုပမာ ထင်မှရသည်။ လက်သီးချက်နှင့်အတူ ပုံရိပ်ယောင်မိုးမြေကိုပါ တစ်ခါတည်း ထုတ်ဖော်ဖန်ဆင်းပြီးသား ဖြစ်သွားသည်။
ရန်ကျောက်ကဲအရှေ့မှ ဝါးရုံတောနှင့် တိမ်တိုက်များအာလုံး ပျောက်ကွယ်သွားပြီး အဆုံးမဲ့သော တောင်တန်းများတည်ရှိနေသည့် မြင်ကွင်းက အစားထိုးဝင်ရောက်လာသည်။ လောကတစ်ခုလုံး တောင်တန်းများဖြင့် ပြည့်နက်လျှက် ရှိ၏။
လျိုရှန်းဖုန်းက ဖြည်းညင်းစွာလမ်းလျှောက်လာခြင်း ဖြစ်သော်လည်း ရန်ကျောက်ကဲကို ထိုးနှက်လိုက်သည့် လက်သီးချက်ကတော့ လျှင်မြန်သည်။
ရန်ကျောက်ကဲက ထိတ်ထိတ်ပြာပြာ ဖြစ်သွားခြင်းမရှိဘဲ သူ၏ သွေးတံခါးကို လှုံ့ဆော်ပေးပြီး လိပ်မြွေတိုက်ကွက်ဖြင့် တစ်ပြိုင်နက်တည်း ပြန်လည်တိုက်ခိုက်လိုက်သည်။
လျိုရှန်းဖုန်း၏ ကြယ်တာရာချီစွမ်းအားဖြင့် ဖန်ဆင်းထားသည့် ပုံရိပ်ယောင်မိုးမြေက တိုက်ခိုက်မှုကို ဖိနှိပ်နိုင်စွမ်းရှိသည့် ကြီးမားသောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်က ရုတ်ချည်းရွေ့လျားသွားပြီး လျိုရှန်းဖုန်း၏လက်သီးချက်ကို ရှောင်တိမ်းကာ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
ထို့နောက် သူ၏ညာဘက်လက်အတွင်းသို့ စွမ်းအားများ ပေါင်းစပ်ဖြည့်သွင်းလိုက်သည်။ များပြားလှစွာသော မီးနဂါးများနှင့် ရေခဲနဂါးများကဲ့သို့ ကြယ်တာရာချီစွမ်းအားများ ထွက်ပေါ်လာကာ သံမဏိလက်သီးချက်အလား လက်သီးတစ်ချက်က လျိုရှန်းဖုန်း၏ ခန္ဓာကိုယ်အလယ်ဗဟိုသို့ ဝင်ရောက်သွားသည်။
“ဘန်း”
လျိုရှန်းဖုန်း၏ ခန္ဓာကိုယ်ကို ထိုးနှက်မိသည်နှင့် ရန်ကျောက်ကဲလက်တစ်ဖက်လုံး ထုံကျဉ်သွားပြီး လျိုရှန်းဖုန်းကတော့ ဘာမှမဖြစ်သလို အေးစက်စွာ ပြုံးလိုက်၏။
ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် ခုခံတိုက်ကွက်တစ်ခုဖြစ်သော နက်နဲသည့် သိုင်းပညာတစ်ခုကို လျိုရှန်းဖုန်းက ပြီးပြည့်စုံစွာ ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ မျက်မှောင်တစ်ချက်ကြုတ်ရင်း....
“မင်းက နတ်တောင်ခန္ဓာသိုင်းပညာကို လေ့ကျင့်ထားတာလား”
လျိုရှန်းဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...
“အေး... အခုတော့ မင်းအလှည့်ပဲ”
စကားသံနှင့်အတူ သူ့လက်သီးချက်က ရန်ကျောက်ကဲ ဦးခေါင်းတည့်တည့်သို့ ဝင်ရောက်လာသည်။
“ဟား...”
ရန်ကျောက်ကဲ ရယ်မောလိုက်ပြီး အသက်တစ်ချက်ရှူထုတ်လိုက်လေရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ချက်ချင်းပင် ပြန်လည်ပြေလျော့သွားသည်။
စွမ်းအားပြင်းထန်သော မျောက်ဝံမိစ္ဆာလက်သီးသိုင်း။
သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများနှင့် ကြွက်သားများ ကျယ်ပြန့်လာကာ ချီစွမ်းအားနှင့် သွေးစွမ်းအားများက မြင့်တက်လာပြီး နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နက်လာသည့်အလား ခံစားရသည်။
သူက လျိုရှန်းဖုန်း၏လက်သီးချက် ကျရောက်လာသည်အထိ မစောင့်ဘဲ ရန်သူ၏လက်မောင်းတည့်တည့်သို့ ဒုတိယအကြိမ် လက်သီးဖြင့် ထိုးချလိုက်သည်။ လျိုရှန်းဖုန်း တုန်လှုပ်သွားပြီး နောက်သို့ အနည်းငယ် ပြန်ဆုတ်သွားသည်။
ခြေတစ်လှမ်းဆုတ်လိုက်ရသည့်အတွက် လျိုရှန်းဖုန်း၏လက်သီးချက်က လွဲချော်သွားသည်။ သူက ဒေါသတကြီး ကြုံးဝါးသံတစ်ချက် အော်ဟစ်လိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်ကြိုးစားကာ နောက်တစ်ကြိမ် ရှေ့ပြန်တက်လိုက်၏။
သို့သော် ရန်ကျောက်ကဲက ခန္ဓာကိုယ်ကိုအသာကိုင်းကာ လက်သီးချက်များအဆက်မပြတ်ထုတ်ဖော်လိုက်ရာ လျိုရှန်းဖုန်း၏ နံရိုးများကိုထိမှန်ပြီး နောက်ပြန်ဆုတ်သွားရပြန်သည်။
ယခုတစ်ကြိမ် နောက်ဆုတ်လိုက်ရချိန်မှာတော့ လျိုရှန်းဖုန်းက ရန်ကျောက်ကဲကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
ကြမ်းတမ်းသော ကြံ့မိစ္ဆာလက်သီးနှင့် ပင်လယ်ငြိမ်သက်လက်သီးကို ပေါင်းစပ်ကာ ရန်ကျောက်ကဲက လျိုရှန်းဖုန်း၏ ခြေကန်ချက်ကို ခုခံလိုက်သည်။
လင်ကျိုးနှင့်ယှဉ်လျှင် လျိုရှန်းဖုန်းက ကျင့်ကြံခြင်းအဆင့်ပိုမိုခိုင်မာသည်သာမက သိုင်းစွမ်းလည်းပြင်းထန်သူ ဖြစ်သည်။
ထိုသို့သောသူမျိုးနှင့် အတင်းအကျပ် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ရန်ကျောက်ကဲ၏အရိုးများ အက်ကွဲထွက်သွားတော့မည့်အလား ပရမ်းပတာချီစွမ်းအားနှင့်သွေးစွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်း မရပ်မနားစီးဆင်းသွားသည်။
အခြားသောပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက လျိုရှန်းဖုန်းက တိုက်ခိုက်မှုစွမ်းရည်ရော ခံနိုင်ရည်စွမ်းပါ ပိုမိုအားကောင်းသည်။
ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကြောင့် သူ၏ နတ်တောင်ခန္ဓာသိုင်းပညာက ပျက်စီးမသွားသော်လည်း သူ၏ အသက်ဓာတ်စွမ်းအားများကတော့ တိုက်ရိုက်ထိုးနှက်မှုကို ခံလိုက်ရသည်။ သူ့အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားပြီး ချီစွမ်းအားနှင့် သွေးစွမ်းအားများ ချက်ချင်းမြင့်တက်လာကာ ပြန်လည်သက်သာသွား၏။
နှစ်ဖက်လုံးက နောက်ဆုတ်လိုခြင်းမရှိဘဲ ရှေ့ဆက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ချင်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဖိအားအပြည့်ထိပ်တိုက်ရင်ဆိုင်ပြီး နောက်ပြန်ဆုတ်သွားကြသည်။ ထို့နောက် နောက်တစ်ကြိမ် ရှေ့သို့ ခုန်ဝင်လာကြပြန်သည်။
လေမီးကပ်ဘေး ၊ မီးကပ်ဘေး သိုင်းပညာကို ထုတ်ဖော်လိုက်သည့်အခါ ရန်ကျောက်ကဲမျက်နှာမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
“လာစမ်း...”
သူ့အသံက မိုးခြိမ်းသံအလား ပေါက်ကွဲထွက်လာပြီး လျိုရှန်းဖုန်းထံသို့ အရင်ဦးဆုံး ခုန်ဝင်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။
လျိုရှန်းဖန်းက ရှောင်တိမ်းခြင်းလုံးဝမပြုဘဲ ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက် အော်ဟစ်ကာ လေးလံကြီးမားသည့် လက်သီးတစ်ချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။
သူက ကြမ်းရမ်းပြင်းထန်စွာ တိုက်ခိုက်နေပြီး သူ၏လက်သီးချက်များက ကြောက်မက်ဖွယ်ရာ စွမ်းအားမြင့်မားသည်။ ရန်ကျောက်ကဲက လျိုရှန်းဖုန်း၏ တိုက်ကွက်များကို အပြည့်အဝ သတိထားနေပြီး သူ့စိတ်အစဉ်က တည်ငြိမ်နေသည်။
ပြင်းထန်လှသည့်တိုက်ပွဲတွင် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများ မြင့်တက်လာပြီး လက်သီးချင်း ထိပ်တိုက်တွေ့သွားသည်။ လျိုရှန်းဖုန်း၏ သံမဏိပမာ မာကျောပြင်းထန်သည့် လက်သီးချက်ကို ရန်ကျောက်ကဲ အတင်းအကျပ် ဖိအားပေးကာ ရင်ဆိုင်လိုက်သည်။
သူတို့နှစ်ယောက်လုံး ခဏမျှ လှုပ်ရှားမှု ရပ်တန့်သွားချိန်...
ရန်ကျောက်ကဲက ခန္ဓကိုယ်ကိုလှည့်လိုက်ပြီး သူ၏တတောင်ဆစ်ကို လှည့်လိုက်ကာ လျိုရှန်းဖုန်း ဘေးဘက်ရှိ ခါးနေရာသို့ စွမ်းအားနှစ်ဆအသုံးပြုကာ ထိုးနှက်လိုက်လေ၏။