← Chapters

မိမိကိုယ်ကိုယ် ဂုဏ်ယူမှု

Vol. 02 Ch. 85

မိမိကိုယ်ကိုယ် ဂုဏ်ယူမှု

Vol. 02 Ch. 85

မိနစ်အနည်းငယ် ကြာသော် သူ၏စူးရှသော မျက်ဝန်းများသည် လက်ကောက်ဝတ် အရွယ်အစားရှိပြီး အဝါရင့်ရောင် ရှိပြီး ခရမ်းရောင်အမောက် ရှိသော မြွေတစ်ကောင်အား တွေ့လိုက်ရသည်။ ထိုမြွေသည်  တရွှီရွှီတွန်သံပေးကာ မြွေအုပ်ကြီးအား စစ်မြေပြင်တွင် အနီးကပ်တိုက်ခိုက်ရန် အတွက် အမိန့်ပေး စေခိုင်းနေသကဲ့သို့ ရှိသည်။

“သွား …”

ရှောင်မင်ကျန်း၏ လက်ထဲမှ ဓားသည် ဝဲပျံသွားကာ ထိုအဝါရင့်ရောင်မြွေ၏ ခေါင်းရှိ အားနည်းချက်အား ထိုးစိုက်သွားတော့သည်။

“ဘုတ် ...”

ထိုမြွေ သေဆုံးသွားသည်နှင့် ရှောင်မင်ကျန်းဘေးရှိ ပတ်ဝန်းကျင်သည် ပြောင်းလဲသွားသည်။ ပထမရှုခင်းသည် သစ်ပင်များ ဝေဝေဆာဆာ ပေါက်ရောက်နေသော နွေဦးလောကမြင်ကွင်း ဖြစ်ပြီး ပြောင်းလဲသွားသည်မှာ အရှိန်ညီးညီး တောက်လောင်ပူပြင်းနေသည့် နေမင်းနှင့် တောက်ပသည့် လောကမြင်ကွင်း ဖြစ်သည်။

ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင် အပြင်ဘက်တွင်  …

ထန်ရှုသည် အသာ မျက်စိစွေကာ ကြည့်လိုက်ပြီး ကွက်လပ်၏ အူတိုင် ၇ သို့မဟုတ် ၈လှမ်းအကွာမှ ရှောင်မင်ကျန်းအား လေ့လာလိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ အစီအရင်အတွင်းရှိ မြင်ကွင်းအား သူမမြင်နိုင်သော်လည်း ရှောင်မင်ကျန်းသည် ပထမအလွှာအား ခပ်မြန်မြန် ဖြတ်သွားနိုင်သည်ကို တွေ့ရသဖြင့် သူသည် အတော်စွမ်းရည်ရှိသည်ဟု ဆိုနိုင်သည်။ ထန်ရှုဘေးရှိ ဂူရှောင်ရွှဲ့နှင့် မြောင်ဝမ်တန်တို့သည်လည်း တူညီစွာ တွေးမိကြသည်။

“သောက်ကျိုးနည်း …။ အစ်ကိုရှောင်က ပထမအလွှာကို အချိန်တိုအတွင်း ဖြတ်နိုင်သွားတာပဲ။ ငါသာဆိုရင် အဲဒီလောက် လွယ်လွယ်ဖြစ်မှာ မဟုတ်ဘူး။ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်ရဲ့ ပထမအလွှာက နွေဦးသတ်ဖြတ်ခြင်း၊ ဒုတိယအလွှာက နွေရာသီ သတ်ဖြတ်ခြင်းဆိုတော့ တတိယအလွှာက ဘာများဖြစ်မှာလိမ့်” မြောင်ဝမ်တန် သက်ပြင်းချကာ ပြောလိုက်သည်။

ဂူရှောင်ရွှဲ့ သူ့အားကြည့်ကာ ပြောလိုက်သည်။ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်က ၇လွှာရှိပြီးတော့ ပထမအလွှာ၄ခုက ရာသီဥတု၄ခုကို ကိုယ်စားပြုတယ်။  နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီးပေါ့။ အဲဒါကြောင့် နောက်လာမှာက ဆောင်းဦးသတ်ဖြတ်ခြင်းနဲ့ ဆောင်းသတ်ဖြတ်ခြင်း လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူ့အသက်အရွယ်နဲ့ အရင်က စိန်ခေါ်တာတွေကို စဉ်းစားကြည့်ရင်တော့ အတော်နှေးသေးတယ်။ အဲဒီတော့ ရှင် ကျွန်မကို မေးရင် မျက်နှာပျက်ရလိမ့်မယ်”

မြောင်ဝမ်တန်၏ နှုတ်ခမ်းများ ရွဲ့သွားရသည်။ သူသည် ရှောင်မင်ကျန်းထက် အသက်ကြီးသည်။ ပထမအလွှာအား ရှောင်မင်ကျန်းထက် နောက်ကျစွာ ဖြတ်ကျော်ပါက သူ့ကိုယ်သူပင် အရှက်ရနိုင်သည်။

အစီအရင်ထဲ ရောက်နေသော ရှောင်မင်ကျန်းအား ကြည့်နေကြသော ပရိသတ်များသည် ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့သည် ပြဇာတ်တစ်ပုဒ်တွင် သရုပ်ဆောင်နေသကဲ့သို့ အဆောင်စာရွက် ကပ်ထားကာ ဟိုလျှောက် ဒီလျှောက်ဖြစ်နေသည့်  ရှောင်မင်ကျန်းကိုသာလျှင် မြင်ရသောကြောင့် ဖြစ်သည်။ သူသည် ဓားကို ဆွဲထုတ်ကာ ကျပန်းလိုက်ခုတ်နေသည်။ သည်မြင်ကွင်းသည် ကြည့်နေကြသူများအား အံ့အားသင့်စေသည်။

“အာ ... သူ ရူးသွားပြီလား တစ်ခုခုပဲ ...”

“ဒါ ဘယ်လိုပျင်းစရာကောင်းတဲ့ ဟာရီးလဲ။ ဒီလိုမြင်ကွင်းကို လာကြည့်ခိုင်းတာလား”

“ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်က ဘာကြီးလဲ ပျင်းစရာကြီး”

“ငါတို့ ညစာစားတာကနေ လာကြည့်ရတာ ဒီလိုမြင်ကွင်းမျိုးကိုလား”

“ထာဝရခိုင်မြဲခန်းမက ဘာလိုချင်တာလဲ။ လူတွေကို စနောက်ဖို့လား”

“ …”

ကြည့်နေသူများထံမှ ဝေဖန်သံ၊ မှတ်ချက်သံများအား နားထောင်ရင်း ဂူရှောင်ရွှဲ့သည် ရုတ်တရက် လုံခြုံရေး ခေါင်းဆောင်အား လက်ဟန်ပြလိုက်သည်။ ချက်ချင်းပင် လုံခြုံရေး ခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်သည်။

“ဂုဏ်သရေရှိ အမျိုးသား အမျိုးသမီးတို့ … တကယ့်အဖြစ်ကို ခင်ဗျားတို့မသိလို့ ကျွန်တော် ရှင်းပြပါရစေ။ ဒီဟာက အလွှာ၇လွှာရှိတဲ့ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်ဖြစ်ပါတယ် … ...”

ရှင်းပြသည်အား နားထောင်ရင်း ကြည့်နေကြသော လူအုပ်ကြီးသည် လျှပ်တစ်ပြက်အတွင်း နားလည်သွားဟန် ရှိသော်လည်း အချို့မှာ မယုံကြည်နိုင်သေးဟန် ရသည်။ အချို့မှာမူ စစ်ဆေးရန်နှင့် ဟုတ်၊ မဟုတ် သုံးသပ်ရန်အတွက် လုံခြုံရေးအစောင့်များအား ကျော်ဖြတ်ကာ ကွက်လပ်အတွင်း ဝင်ရန် ကြိုးစားနေကြသည်။

လူအုပ်ကြီးမှာ များလွန်းသောကြောင့် လုံခြုံရေး အစောင့်များသည် မထိန်းနိုင်ကြတော့ပဲ လူတစ်ဒါဇင်ခန့်သည် လွတ်ထွက်သွားကာ အစီအရင်ထဲ ရောက်သွားသည်။ သိပ်မကြာမီ သူတို့သည် တောင့်တင်းသော ကိုယ်ဟန်ဖြင့် ဘယ်မှမသွားဘဲ ရပ်နေကြပြီး သူတို့၏ မျက်လုံးများသည် ပန်းကန်ပြားသဖွယ် ပြူးကျယ်လာကြကာ မယုံကြည်နိုင်ဟန် ရှိနေသည်။

“အာ … သူတို့ကို ထုတ်လိုက်”

ဂူရှောင်ရွှဲ့သည် လေသံတင်းတင်းဖြင့် အော်လိုက်သည်။

လုံခြုံရေးအစောင့်များ ပြေးလာကြပြီး အစီအရင်အတွင်း အမြန်ပြေးဝင်ကာ ထိုဝင်သွားသောသူများအား ဆွဲထုတ်လိုက်ကြသည်။

“ဘုရားသခင် ... ငါ မသောက်ထားပါဘူး။ အထဲမှာ ဘာကြီးလဲ”

“ပုံရိပ်ယောင် ... ဒါ လုံးဝကို ပုံရိပ်ယောင်ပဲ”

“ဒါ လုံးဝဆန်းကြယ်တဲ့ အစီအရင်ပဲ။ အံ့သြဖို့ ကောင်းလိုက်တာ”

“မိန်းမရေ ... ငါ့ကို ဆွဲဆိတ်စမ်းပါဦး။ ငါ နာလားလို့ သိပါရစေ”

“ …”

ဝင်ရောက်သွားမိသူများက အော်ဟစ်နေသောကြောင့် အခြားဧည့်သည်များသည် သူတို့ရှေ့တွင် ရှိနေသော ကွက်လပ်မှာ အစီအရင် တစ်ခု ဖြစ်သည်ဟု နားလည်သွားကြသည်။

ထန်ရှုသည် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ဓားကို အဆက်မပြတ်ဝှေ့ယမ်းကာ  တိုက်ခိုက်နေသော ရှောင်မင်ကျန်း၏ ဆက်တိုက်ရွေ့လျားမှုအား စောင့်ကြည့်နေသည်။ သည်နေရာတွင် ရှိသော အစီအရင်သည် အလွန်ရိုးရှင်းစွာဖြင့် စီရင်ထားသော အစီအရင်တစ်ခုဖြစ်သည်ဟု သူ သိရှိခဲ့သည်။ သူ၏ မူလအစီအရင်နှင့် နှိုင်းယှဉ်ပါက နေ့နှင့် ညပမာ ကွာခြားလေသည်။ သူသာ အထဲဝင်ရမည်ဆိုပါက သည်အစီအရင်အား အလွယ်တကူ ချိုးဖြတ်နိုင်မည်ဟု သူ ယုံကြည်သည်။

မိနစ်၂၀ ကြာသော် …

“ဟင်”

ရှောင်မင်ကျန်း၏ ခြေလှမ်းအနည်းငယ်သည် ကွက်လပ်၏ အူတိုင်ဆီသို့ ရှေးရှုနေသည်ကို တွေ့လိုက်ရသောကြောင့် ထန်ရှု၏အမူအရာ ပြောင်းသွားသည်။

မြောင်ဝန်တမ်၏ အမူအရာသည်လည်း လေးနက်သည့်ဟန် ဖြစ်သွားရသည်။ သူသည် ရှောင်မင်ကျန်းအား ဖျော့တော့စွာ ကြည့်လျက် စိတ်လှုပ်ရှားနေသည်။ သူ၏အမူအရာအရ သူသည် ရှောင်မင်ကျန်း အလွှာ၂ကို ချိုးဖောက်နိုင်မည်နှင့် တတိယအလွှာသို့ ရောက်မည်ကို သိနေခဲ့သည်။ သည်ဟာအား ကြည့်ခြင်းအားဖြင့် သူ၏ခွန်အားသည် လွန်ခဲ့သော၂နှစ်ကထက် ပိုမို သန်စွမ်းလာသည်ဟု ဆိုနိုင်သည်။ သူသည် အရည်အချင်းပြည့်မိပြီး ထာဝရခိုင်မြဲခန်းမ၏ ဂုဏ်ထူးဆောင်ဧည့်သည် ဖြစ်လာလေမည်။

“အား …”

အသံနက်ကြီးတစ်သံ ထွက်လာခဲ့သည်။ ရှောင်မင်ကျန်းသည် တတိယအလွှာအား ချိုးဖောက်ရုံရှိသေးသည် သူသည် လွှင့်ပစ်ခံလိုက်ရပြီး အစီအရင် အပြင်ဘက်သို့ ပြင်းထန်စွာ ပြုတ်ကျသည်။ မိနစ်ဝက်ကြာသော် သူ၏လက်နှစ်ဖက်အား  အားပြုကာ ရပ်လိုက်စဉ်တွင် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။

“အစ်ကိုရှောင် … အဆင်ပြေရဲ့လား”

မြောင်ဝမ်တန်သည် ရှောင်မင်ကျန်းအနားသို့ အပြေးသွားကာ မေးလိုက်ပြီး မတ်တတ်ရပ်နိုင်ရန် အတွက် လက်ကမ်းပေးကာ စိုးရိမ်စွာဖြင့် ဆွဲထူလိုက်သည်။

ရှောင်မင်ကျန်းသည် သွေးများအား သုတ်လိုက်သည်။ သူ၏ဟန်ပန်မှာ နွမ်းနယ်နေဟန်ရသည်။ ခေါင်းယမ်းကာ ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။

“ငါ အဆင်ပြေပါတယ်။ ဒါပေမဲ့ တတိယအလွှာကို မချိုးဖြတ်နိုင်ခဲ့ဘူး။ ဒီထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်က ကြမ်းတမ်းလွန်းတယ်”

မြောင်ဝမ်တန်သည် သူ၏ပခုံးအား ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။

“တအားကြီး အမြင့်မမှန်းပါနဲ့ကွာ။ တတိယအလွှာကို ရောက်တာနဲ့တင် အံ့သြဖို့ ကောင်းနေပါပြီကွ။ ငါတောင်မှ အဲဒီလောက် ယုံကြည်ချက်မရှိဘူး။ ထာဝရခိုင်မြဲခန်းမရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တစ်ယောက်  အောင်မြင်စွာ ဖြစ်လာခဲ့ပြီဆိုတော့ နောက်ပိုင်း စားဖို့ တစ်ခုခု ရှာမတွေ့ရင်တောင်မှ ဒီကိုလာပြီး အခမဲ့ စားသောက်ခွင့် ရှိနေပြီမင့်ဟာ”

“ဟား ... ဟား ... ဟား” ရှောင်မင်ကျန်း တစ်ယောက် သဘောအကျကြီး ကျကာ သက်သောင့်သက်သာ ဖြစ်လာခဲ့သည်။

မြောင်ဝမ်တန်သည်  ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်သို့ မသွားမီ အကြောလျှော့လိုက်သည်။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။

“အခုက ငါ့အလှည့်ပဲ။ အစ်ကိုရှောင်လို အဆင့်ရောက်ပြီး တတိယအလွှာကို ချိုးဖောက်နိုင်ဖို့ မျှော်လင့်ပါတယ်”

ထန်ရှု၏အကြည့်များသည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်သို့ ဝင်သွားသော မြောင်ဝမ်တန်နောက်သို့ လိုက်ပါသွားသည်။ ထို့နောက် သူသည် ရှောင်မင်ကျန်းဆီသို့ သွားကာ လက်ကောက်ဝတ်အား ဆွဲလိုက်သည်။ အံ့အားသင့်နေသော ရှောင်မင်ကျန်း၏ အကြည့်အောက်တွင် ထန်ရှုသည် ခပ်ဖွဖွ ပြောလိုက်သည်။

“ခင်ဗျားရဲ့အတွင်းဒဏ် ပြင်းထန်နေတယ်။ သွေးနဲ့ ချီလည်ပတ်တာကို ချက်ချင်း ကုသဖို့ လိုလိမ့်မယ်။ ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို အနည်းဆုံး ၁၀ရက် အချိန်ယူမှာဖြစ်ပြီး မူလအတိုင်းကောင်းဖို့ ဆိုရင် ၂လ ကြာလိမ့်မယ်”

ရှောင်မင်ကျန်းသည် သူ၏လက်အား ပြန်ဆွဲယူလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။

“ပေါက်တတ်ကရတွေ မပြောနဲ့။ ငါ့အခြေအနေ ငါသိတယ်။ ငါတို့လို ကျင့်ကြံသူတွေအတွက် ဒါက ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာပဲ”

ထန်ရှုသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“အဲဒါ ပုံမှန်ဆိုပေမဲ့ ပျောက်ကင်းဖို့ အချိန်ယူတဲ့အပြင် အချိန်လည်းကုန်တယ်။ ရတာနဲ့ ဆုံးရှုံးတာ မတန်ဘူးလေ။ ကျွန်တော်က အဲဒီဒဏ်ရာပျောက်ဖို့ ခင်ဗျားကို ဆေးညွှန်းတစ်ခု ပေးနိုင်တယ်။ ကျွန်တော့်ဆေးညွှန်းအတိုင်း ဆောင်ရွက်မယ်ဆိုရင် အတွင်းဒဏ်ကုဖို့ ၃ရက်ပဲကြာမယ်။ ဒါပေမဲ့ ခင်ဗျားက အတော်အသင့် ပိုက်ဆံရှိတော့ ကျွန်တော် အဖိုးအခယူရလိမ့်မယ်”

ရှောင်မင်ကျန်း တစ်ခဏမျှ တွေဝေသွားပြီး ထန်ရှုအား ပြန်ကြည့်လိုက်သည်။ အဖြေရှာမရ ဇဝေဇဝါဖြစ်ဟန်ဖြင့် သူမေးလိုက်သည်။

“ငါ ၃ရက်အတွင်း  လုံးဝ ပြန်ကောင်းမယ်ဆိုတာ ကျိန်းသေလား”

“ကျိန်းသေတာပေါ့” ထန်ရှုသည် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

ရှောင်မင်ကျန်း တည်ကြည်စွာ ပြောလိုက်သည်။

“ကောင်းပြီ။ ဈေးပြောပါ”

“၁သန်း” ထန်ရှု အေးဆေးစွာ ပြောလိုက်သည်။

“ဆေးညွှန်းတစ်ခုအတွက် ၁သန်းဟုတ်လား။ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာလား”

ရှောင်မင်ကျန်း စိတ်အနည်းငယ် ပေါက်သွားသဖြင့် ပြောလိုက်သည်။

ထန်ရှု ပေါ့ပေါ့ပါးပါးသာ တုံ့ပြန်လိုက်သည်။ ဝယ်မလား၊ မဝယ်ဘူးလား ဆိုတာက ခင်ဗျားရဲ့ရွေးချယ်မှုပါ။ ဒီဟာက ဒီထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်ကို စိန်မခေါ်ဖို့ လာပြောတဲ့ ခင်ဗျားရဲ့ သတိပေးချက်ကြောင့်သာ မဟုတ်ရင် ၁သန်းမပြောနဲ့ ၁ဘီလီယံ လာပေးရင်တောင်မှ ကျွန်တော်က လှည့်ကြည့်မှာ မဟုတ်ဘူး။

“မင်း”

ရှောင်မင်ကျန်း ဒေါသများ ဆူပွက်လာသည်။ သူ၏သွင်ပြင်သည် ကောင်းမွန်သော အခြေအနေ ရှိနေသောလည်း ဒေါသများအား ဖိနှိပ်ကာ လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ … ငါ မင်းရဲ့ဆေးညွှန်းကို ယူလိုက်မယ်။ ဒါပေမဲ့ မင်းရဲ့ဆေးညွှန်း ငါ့ကို အရင်ပြောပြ။ ငါ အဲဒီဆေးကို သုံးပြီးလို့ ရလဒ်က မင်းပြောတဲ့အတိုင်း ဆိုရင် ငါ မင်းကို ၂ဆပေးမယ်”

“အဆင်ပြေတယ်”

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ပြီး ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ထဲရှိ မြောင်ဝမ်တန်ဆီသို့ အကြည့် ပြန်ပို့လိုက်သည်။

ထန်ရှုနှင့် ရှောင်မင်ကျန်းတို့ ပြောသည်များအား နားထောင်ကာ ဂူရှောင်ရွှဲ့၏ မျက်ခုံးနက်နက်လေးများ တွန့်သွားသည်။ သူမ၏အကြည့်တို့သည် ထန်ရှုတွင်သာ ရှိလျက်နေသည်။ တစ်ခဏကြာ တိတ်ဆိတ်ပြီးမှ သူမသည် ကိုယ်လေးအသာတိမ်းကာ ထန်ရှုအား တိုးတိုးလေး မေးလိုက်သည်။

“ဟေး … နင် ဆေးပညာအကြောင်း သိတာလား”

“ငါ တချို့တစ်ဝက် သိပါတယ်” ထန်ရှုသည် ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ဂူရှောင်ရွှဲ့သည် လျင်မြန်စွာ မေးလိုက်သည်။

“နင် ဆည်းဆာအိပ်မက်လို့ ခေါ်တဲ့ ရောဂါအကြောင်း သိလား”

ဆည်းဆာအိပ်မက်လား။

ထန်ရှု၏အမူအရာသည် အေးခဲသွားကာ  ဂူရှောင်ရွှဲ့အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

“မင်း အဲဒါကို ဘယ်လိုသိတာလဲ။ အဲဒီဟာက အရိပ်နတ်ဆိုး ကျူးဝူရှို့ရဲ့ မဟာဆည်းဆာ လျှို့ဝှက်ပညာထဲက အရက်စက်ဆုံး သနားကြင်နာမှု အကင်းဆုံးကျင့်စဉ်ပဲ။ မင်း …”

“နင် ဘာတွေ ပြောနေတာလဲ ငါ မသိဘူး။ ငါသိချင်တာက ရှင်းရှင်းလေးရယ် အဲဒါကို နင်ကုနိုင်လားလို့”

“မကုနိုင်ဘူး” ထန်ရှုသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

သည်ဟာသည် သူမကုချင်ခြင်းကြောင့် ပြောလိုက်ခြင်း မဟုတ်ပေ။ အမှန်တကယ်ပင် သူ့တွင် ကုသရန် နည်းမရှိခြင်းကြောင့် ဖြစ်သည်။ အရိပ်နတ်ဆိုး ကျူးဝူရှို့သည် အင်မော်တယ်ကမ္ဘာရှိ ထိပ်တန်းအဆင့် အင်မော်တယ်များတွင် တစ်ယောက်အပါအဝင် ဖြစ်ပြီး ထိုစဉ်က သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထန်ရှုနှင့် နှိုင်းယှဉ်ခံနိုင်ပြီး ဆည်းဆာအိပ်မက်သည် သူ၏အစွမ်းထက်ဆုံး ကျင့်စဉ်ဖြစ်သည်။ ထိုကျင့်စဉ်ဖြင့် တိုက်ခိုက်ခံရသော လူများသည် မသေခဲ့ပါက အိပ်စက်ခြင်းသို့ ရောက်သွားမည်ဖြစ်ပြီး အဆုံးမသတ်သော အိပ်မက်ဆိုးများ မက်နေမည်ဖြစ်သည်။ ပြန်လည် နိုးထနိုင်လာပါကလည်း ပြည့်ဝသော ပြန်လည် ကောင်းမွန်မှု ရနိုင်မည်မဟုတ်ချေ။

ထိုတိုက်ခိုက်မှုအား ကုသရန် အလွန်ရှားပါးသော ရတနာ၂မျိုး လိုလိမ့်မည်။ ၎င်းတို့မှာ အချိန်သလင်းကျောက်နှင့် နတ်ဆိုးသက်ဝင်မြက်ပင်တို့ ဖြစ်သည်။

နတ်ဆိုးသက်ဝင်မြက်သည် ယင်စွမ်းအင် သိပ်သည်းစွာ ထူထပ်သော နတ်ဆိုးဘုံ၏ အလယ်ဗဟိုတွင်သာ ပေါက်ရောက်သည်။ နတ်ဆိုးဘုံ၏ အဆင့်မြင်ပညာရှင်များမှ လွဲပြီး အန္တရာယ်များသော နေရာတွင် ရှိပြီး ရှာဖွေရန်ခက်ခဲသည် နတ်ဆိုးနိုင်ငံ၏ အလယ်ဗဟိုသို့ ရောက်ရှိနိုင်သူ ရှားပါသည်။ ထို့ပြင် နတ်ဆိုးသက်ဝင်မြက်ပင် ရရှိနိုင်ရန် ထိုနေရာတွင် အခက်အခဲ ထောင်ပေါင်းများစွာ ရင်ဆိုင်ရလိမ့်မည်။

အချိန်သလင်းကျောက် …

ကောလာဟလများအရ အင်မော်တယ်ဘုံနှင့် နတ်ဘုရားဘုံတို့တွင် ဗလာဖြစ်နေသော အက်ကြောင်းကြီး၂ခု ရှိသည်။ နတ်ဘုရားများမှလွဲပြီး ထိုအက်ကြောင်းထဲသို့ ဝင်ရန်အားပေးသော အင်မော်တယ်များ မရှိချေ။ အဘယ်ကြောင့်ဆိုသော် အနည်းငယ်မျှ သတိလွတ်သွားခဲ့လျှင်ပင် အနားသတ်မျဉ်းအား ကျော်လွန်သွားပါက အသက်ပေးရလိမ့်မည်။

ဆည်းဆာအိပ်မက်အား ဖယ်ရှားရန်အတွက် ဆေးဖော်မည်ဆိုပါက ထိုလူသည် အချိန်သလင်းကျောက်နှင့် နတ်ဆိုးသက်ဝင်မြက်ပင် ရှိရမည်ဖြစ်သည်။ ထိုရတနာမျိုးမရှိပါက အခြားသူများ မဆိုထားဘိ၊ ကျန်းဝူရှို့ပင်လျှင် တတ်နိုင်မည် မဟုတ်ပါချေ။

ဂူရှောင်ရွှဲ့သည် ထန်ရှုအား စိတ်ပျက်လက်ပျက် ကြည့်လိုက်မိသည်။ ထို့နောက် အသိစိတ်ကင်းမဲ့စွာဖြင့်  ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအတွင်းရှိ  မြောင်ဝမ်တန်အား ကြည့်လိုက်သည်။

နာရီဝက်ကြာသော် …

ရှောင်မင်ကျန်းထက် အချိန်ကြာသော်လည်း မြောင်ဝမ်တန်သည် တတိယအလွှာဆီသို့ အောင်မြင်စွာ ချိုးဖောက်နိုင်ခဲ့ပြီး တတိယအလွှာဖြစ်သော ဆောင်းဦးသတ်ဖြတ်ခြင်း အစီအရင်ထဲတွင် ကြာမြင့်စွာ ရှိနိုင်ခဲ့သည်။

“အဟွတ် …အဟွတ် …”

မြောင်ဝမ်တန်သည် ချောင်းဆိုးကာ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်သည်။ သူ၏သွင်ဟန်သည် စာရွက်ဖြူတစ်ရွက်ကဲ့သို့ ဖြူဖွေးနေပြီး ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်မှ တွန်းထုတ်ခြင်း ခံလိုက်ရသူဖြစ်သည်။

“အစ်ကိုမြောင်  … အဆင်ပြေရဲ့လား”

ရှောင်မင်ကျန်းသည် သူ၏လက်မောင်းမှ ဆွဲထူကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

မြောင်ဝမ်တန်သည် ခေါင်းကို ယမ်းလိုက်ကာ အပြုံးတစ်ချက် ဖျစ်ညှစ်ပြုံးပြလိုက်ရင်း …

“ငါ အဆင်ပြေပါတယ်။ မသေသေးပါဘူး။ ဒါပေမဲ့ ငါ့အတွင်းဒဏ်ရာက တော်တော်ပြင်းတယ်။ ၂-၃လအတွင်း အမြန်မကုရင် ငါ လုံး၀ အရင်လို ပြန်ကောင်းနိုင်မှာ မဟုတ်တော့ဘူး”

*****

All Chapters