ဒီရေလှိုင်းများပမာ တုန်လှုပ်ချောက်ချားလာ
Vol. 02 Ch. 86
ရှောင်မင်ကျန်းသည် ထန်ရှုအား လှမ်းကြည့်လိုက်သည်။ သူသည် ချီတုံချတုံ ဖြစ်ပြီးနောက် ထန်ရှုနှင့်သူ၏ သဘောတူညီမှုအား မြောင်ဝမ်တန်အား ပြောပြလိုက်ပြီး အဆုံးသတ်လိုက်သည်။
“သူ့ဆေးညွှန်းက ကောင်းမယ်ဆိုရင် ၂သန်းပေးမယ်လို့ ငါ ပြောခဲ့တယ်။
မြောင်ဝမ်တန်သည် လှောင်ပြောင် ရယ်မောလျက် …
“မင်း နောက်နေတာလား။ ဒီကမ္ဘာပေါ်မှာ အဲဒီလိုဆေးမျိုး ရှိလို့ကတော့ သန်း၂၀နဲ့ ရောင်းရင်တောင်မှ ဝယ်လိုက်မှာ”
ထန်ရှုသည် ပေါ့ပေါ့ပါးပါးဖြင့် စကားဆိုလိုက်သည်။
“ခင်ဗျား လိုချင်ရင် စမ်းသုံးလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်ပြောတဲ့ အတိုင်း အကျိုးသက်ရောက်မှုရှိလျှင် ခင်ဗျားစကားအတိုင်း သန်း၂၀ပေးရမှာနော်”
“ဟမ့် … ဘယ်လောက်တောင် တွေ့ကရာ ရမ်းသန်း ပြောလိုက်တဲ့ကောင်လဲ”
မြောင်ဝမ်တန် အေးစက်စွာ ပြောလိုက်သည်။
ထန်ရှုသည် သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူသည် ချာခနဲ လှည့်ကာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ဆီသို့ လျှောက်သွားတော့သည်။
မြောင်ဝမ်တန်သည် ကျယ်လောင်စွာ ပြောလိုက်သည်။
“ဟေး ထန်ရှု … မင်းကို လက်လျှော့လိုက်ဖို့ ငါ အကြံပေးတယ်။ မင်း ဘယ်လောက် သန်မာမှန်း ငါ မသိပေမဲ့ မင်းရဲ့အသက်အရွယ်နဲ့ စာရင် ဒီအစီအရင်ကို စိန်ခေါ်တာ များလွန်းတယ်။ ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲ မခံချင်စမ်းပါနဲ့”
“အစ်ကိုမြောင်”
ရှောင်မင်ကျန်းသည် မြောင်ဝမ်တန်၏ လက်မောင်းအား အမြန်ဆွဲကာ ခပ်တိုးတိုး လှမ်းခေါ်လိုက်သည်။ သူသည် ထန်ရှုသည် စိတ်ကြီးဝင်သည်ဟု ထင်မြင်သဖြင့် မနှစ်သက်သော်လည်း လူကြီး၂ယောက်သည် လူငယ်လေးနှင့် အပြိုင် ငြင်းခုံနေခြင်းသည် မသင့်တော်ဟု ခံစားမိသောကြောင့် တားမြစ်လိုက်ခြင်း ဖြစ်သည်။
ဂူရှောင်ရွှဲ့၏နှုတ်ခမ်းများသည် အထက်ကို ကော့တက်သွားကာ ဖျော့တော့စွာ ပြုံးလိုက်ပြီး ထွက်ခွာသွားသော ထန်ရှု၏ နောက်ကျောအား အနည်းငယ် ကူကယ်ရာမဲ့စွာ ကြည့်နေသည်။ ထန်ရှု၏အော်ရာသည် အလွန် သန်မာလှသော်လည်း ထန်ရှု၏ခွန်အားအား သူမ အာရုံခံစားမိသည်။ ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့နှင့် နှိုင်းယှဉ်မည်ဆိုပါက ထန်ရှ၏ခွန်အားသည် အတန်ငယ်ပင် နည်းနေသေးသည်ဟု သူမ ပြောနိုင်သည်။ ထိုသူ၂ယောက်လုံးသည် ၃လွှာရောက်ရန် ခက်ခက်ခဲခဲ ချိုးဖြတ်ရလေရာ ထန်ရှုသည် ဒုတိယအလွှာကိုပင် ဝင်နိုင်ပါ့မလားဟု တွေးစရာရှိလာသည်။
ကြည့်ရှုနေသူများကြားတွင် …
တပည့်၃ယောက်နှင့် အတူ ကျားလွေဒေါင်သည် ထန်ရှုအား တွေ့မြင်ပြီး ဖြစ်သည်။ သို့သော် ထန်ရှုသည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်အား အမှန်တကယ် စိန်ခေါ်လိမ့်မည်ဟု သူ မထင်ထားမိချေ။ ထို့ကြောင့် သူနှင့် သူ၏ တပည့်၃ယောက်သည် ထန်ရှုအား မနှုတ်ဆက်ကြချေ။ အတွေ့အကြုံ ရင့်ကျက်သူပီပီ ကျားလွေဒေါင်သည် ထန်ရှုအား အတွင်းကျကျ ကြည့်လိုသေးသည်။
သို့သော် … သူသည် အစီအရင်ထဲမှ ထွက်လာသော ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့၏ အခြေအနေနှင့် အခြေအနေကို မြင်ရသောအခါ စိုးရိမ်လာသည်။ အဘယ့်ကြောင့်ဆိုသော် မနက်ဖြန်တွင် ထန်ရှုသည် လောင်းကစားရမည် ဖြစ်ပြီး လောင်းကစားသမားများ အတွက် လောင်းကစားခြင်းသည် မမျှော်မှန်း နိုင်လောက်အောင် စိတ်ရောကိုယ်ပါ ပင်ပန်းသည့်အရာ ဖြစ်သည်။ ထန်ရှုသာ ထိခိုက်ဒဏ်ရာ ရခဲ့ပါက မနက်ဖြန် သူ မည်သို့ လောင်းကစားပါမည်နည်း။
“ငါ သူ့ကို တားရမယ်”
ကျားလွေဒေါင်သည် လူအုပ်ထဲမှ အတင်းတိုးထွက်ကာ ထန်ရှုဆီသို့ အပြေးသွားကာ ပြောလိုက်သည်။
“ညီလေးတန် ... နေပါဦး။ ငါ မင်းနဲ့စကားပြောမလို့ပါ”
ထန်ရှုသည် ရုတ်ခြည်းပင် ရပ်တန့်လိုက်ပြီး ဇဝေဇဝါဟန်ဖြင့် သူ့ဆီ အပြေးလာနေသော ကျားလွေဒေါင်အား ကြည့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ ...”
ကျားလွေဒေါင်သည် ပြုံးလိုက်ကာ …
“ညီလေးထန် ... မနက်ဖြန် ငါတို့ ချန်းကိုင်နဲ့ ကစားပွဲရှိလိမ့်မယ်။ ဒီအစီအရင်ထဲမှာ အခက်အခဲတွေ မင်း ရင်ဆိုင်ရရင် မနက်ဖြန် ….”
“ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား”
အေးစက်စက် အရိပ်အယောင်တစ်ခုသည် ထန်ရှုမျက်နှာပေါ်တွင် ဖြတ်သန်းသွားသည့် နည်းတူ လေသံ အေးစက်စက်ဖြင့်ပါ မေးလိုက်သည်။
ကျားလွေဒေါင်က ပြုံးကာ ပြောလိုက်သည်။
“ဒီဟာ ညီလေးကို မယုံတာမဟုတ်ပါဘူး။ လောင်းကစားသမား တစ်ယောက်အတွက် စိတ်ရောကိုယ်ပါ ပင်ပန်းရတာမို့ ဒီဟာကို မလုပ်သင့်လို့ လာတားတာပါ။ ၁၀၀%အခြေအနေထဲ ရှိမှသာ မင်း နိုင်နိုင်လိမ့်မယ်”
ထန်ရှုသည် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“ခင်ဗျား အမြဲတမ်း နေ့တိုင်း အနားယူနေတာပဲ။ ဒါပေမဲ့ ကျွန်တော် ခင်ဗျားနိုင်တာလည်း မမြင်ဘဲနဲ့ ကျွန်တော့်ကျမှ။ ဟမ့် ... ကျွန်တော့်မှာ ကျွန်တော့်နည်းလမ်း ရှိတယ်။ အဲဒီအတွက် တခြားသူစကား မလိုဘူး”
ပြောပြီးသည်နှင့် သူသည် လှည့်ထွက်ကာ ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ဆီသို့ လျှောက်သွားလိုက်သည်။
ဘေးတွင် ရှိနေသော မြောင်ဝမ်တန်သည် ရယ်မောလိုက်ပြီး …
“အစ်ကိုရှောင် … မင်း မြင်လား။ သူ့အဖော်တွေတောင်မှ သူ့ကို မယုံဘူး။ ဒီထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ အရည်အချင်း သူမှာရှိမယ်လို့ မင်း ထင်လား။ စောင့်ပြီး ကြည့်ရအောင်။ ဘာတွေ ရယ်မောစရာတွေ့မလဲလို့”
ရှောင်မင်ကျန်းသည် ပြုံးကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူသည်လည်း မြောင်ဝမ်တန်၏ အမြင်အား သဘောတူသည့်ဟန် ရှိသည်။
ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင် အတွင်းတွင် …
ထန်ရှု ဝင်ရောက်သွားသောအခါ အပြင်လောကနှင့် မတူညီသော ပြောင်းလဲမှုများအား သူသည် အနည်းငယ်မျှ မအံ့သြပါချေ။ ဘေးဘီဝဲယာအား ကြည့်ပြီးနောက် သူ၏အကြည့်တို့သည် ရှေးကျသော သစ်ပင်မြင့်ကြီးထံတွင် တည်မြဲနေသည်။ လေးကိုင်းမှ လွှတ်လိုက်သောမြားပမာ သူ၏ခြေမအားအား အသုံးပြုကာ အသက်တစ်ရှိုက်စာတွင် သူသွားလိုရာဆီသို့ အမြန်ပြေးလိုက်ပြီး ဖြစ်သည်။
“ ... စွပ် ...”
မစ်ဆူဘီရှီစစ်သုံးဓားသည် ရှေးကျသော သစ်ပင်ကြီးဆီသို့ ပစ်လွှတ်ခြင်း ခံလိုက်ရပြီး အဝါရင့်ရောင်မြွေ၏ အားနည်းချက်သို့ ထိုးစိုက်သွားလေသည်။
“ဘန်း”
မြင်ကွင်းသည် ပူပြင်းသော နွေရာသီသို့ ပြောင်းလဲသွားသည်။ ပန်းပွင့်များစွာ ပွင့်လန်းလျက် ရာပေါင်းများစွာ ငှက်ကလေးများသည် တီတီတျာတျာဖြင့် ပျော်ရွှင်စွာ တေးဆိုနေကြသည်။ ထန်ရှုသည် ဘေးပတ်လည်အား ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းမှ လမ်းကလေးအား မြင်လိုက်သည်။ လမ်း၏အလယ်တွင် တစ်ဝက်ခန့် မြှုပ်ထားသော ကျောက်တိုင် တစ်တိုင်အား မြင်တွေ့ လိုက်ရသောကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုနေရာသို့ အမြန်ပြေးလေသည်။
ဒီအချိန်ပဲ။ သူ၏ကျင့်ကြံမှုသည် နိမ့်ကျနေဆဲ ဖြစ်သည်။ သူ့တွင် သန်မာသောခွန်အား ရှိပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း ပေးထားသော အချိန်တွင်သာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပေသည်။ ပြင်းထန်သော အားထုတ်မှုနှင့်အတူ ထိုကျောက်တိုင်ဆီသို့ အပြေးပြေးကာ ခွန်အားအပြည့် ထည့်လျက် လက်သီးဖြင့် ထိုကျောက်တိုင်အား ထိုးပစ်လိုက်သည်။
“ဘုန်း”
ကျောက်တိုင် ကွဲကြေသွားသောကြောင့် ခြင်္သေ့များနှင့် ကျားများသည် ချက်ချင်း ကွယ်ပျောက်သွားပြီး ပတ်ဝန်းကျင်သည် ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။
ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင် အပြင်ဘက်တွင် …
လူတိုင်းသည် ထန်ရှုအား ထူးဆန်းသောအကြည့်၊ မယုံကြည်နိုင်သော အမူအရာတို့ဖြင့် ကြည့်နေကြသည်။ ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် ကွက်လပ်အလယ်ဆီသို့ သွားစဉ်က ခြေလှမ်း၂၀ထက်ပိုသွားရန် နာရီဝက်ကြာခဲ့သည်ကို လူတိုင်းသည် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
မြောင်ဝမ်တန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ မယုံကြည်နိုင်ဟန်ဖြင့် သူ၏မျက်လုံးများသည် ပြူးကျယ်နေသည်။ ပုံရိပ်ယောင်အား မမြင်ရသော်လည်း သူသည် မျက်လုံးများကို ပွတ်ကာ ကွက်လပ်ထဲမှ ထန်ရှုအား တစ်ဖန် လှမ်းကြည့်လိုက်သည်။
“သောက်ကျိုးနည်း ... ငါလည်း သွေးလေချောက်ချားတာ မဟုတ်ပါဘူး။ သူ ... သူ ဘယ်လိုများ လုပ်ခဲ့တာလဲ”
ထိုခဏတွင် ရှောင်မင်ကျန်း၏ နှလုံးသားသည်လည်း တဒုတ်ဒုတ်ခုန်နေကာ လှုပ်ရှားနေခဲ့သည်။ အံ့သြမှုကြောင့် သူ၏နှုတ်ခမ်းများသည် မဲ့ရွဲ့ကာ တဆတ်ဆတ် တုန်ယင်လျက်ရှိသည်။ ထို့နောက် သူသည် ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။
“၁၀စက္ကန့် … သူ ဒုတိယအလွှာအထိကို ချိုးဖြတ်ဖို့ ၁၀စက္ကန့်ပဲ ကြာခဲ့ပြီး တတိယအလွှာကို အပြေးရောက်သွားပြီ။ ဒီ ... ဒီဟာ လူမှဟုတ်ရဲ့လား။ သူ ဘာနည်းလမ်းကို သုံးလိုက်တာလဲ”
ဟုတ်သည် … သူ မည်သည့် နည်းလမ်းကို သုံးလိုက်တာပါနည်း။
ဘေးတွင် ရှိနေသော ဂူရှောင်ရွှဲ့သည် ပါးစပ်အာစေးမိနေသည့်ပမာ မည်သည့်စကားမျှ မဆိုနိုင်ပဲ ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေသည်။ သူမ၏ရင်ထဲတွင် မုန်တိုင်းထန်နေသည့်ပမာ လှုပ်ခတ်နေသည်။ သူမ၏ဆရာဖြစ်သူ ပြောပြဖူးသည့်စကားအား ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေသေးသည်။ လူတစ်ယောက်မှလွဲပြီး အခြားကမ္ဘာမှ စွမ်းအားအကြီးဆုံး ကျွမ်းကျင်ပညာရှင်များ အဖွဲ့ပင်လျှင်မဆိုထားဘိ မည်သူ တစ်ဦးတစ်ယောက်မျှ အလွယ်တကူ ချိုးဖောက်နိုင်မည် မဟုတ်ချေ။
“သူမပင်လျှင် ဒီအဆင့်အား ခက်ခက်ခဲခဲ ရောက်ခဲ့ရတယ် မဟုတ်လား။ သူက ဘယ်သူလဲ။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်၏ လျှို့ဝျက်ချက်ကို သူ ဘယ်လိုများ သိမြင်နိုင်တာပါလိမ့်။ အချိန်အနည်းငယ်နဲ့ အလွှာရဲ့အူတိုင်ကို သူ ရှာနိုင်လေမလား”
ဂူရှောင်ရွှဲ့၏မျက်လုံးများသည် ထန်ရှုအား ကြည့်နေရာမှ ဘေးဘီဝဲယာအား လှမ်းကြည့်လိုက်ရာ လူတိုင်းသည် အံ့အားသင့်နေဟန်များဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။ ၁၀စက္ကန့်အတွင်း ပထမအလွှာ၃ခုအား တစ်စုံတစ်ယောက်မှ ချိုးဖြတ်သွားခြင်းသည် အိပ်မက်မဟုတ်ဟု သူမ နားလည်လိုက်လေသည်။ သူသည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်၏ တတိယအလွှာဖြစ်သော ဆောင်းဦးသတ်ဖြတ်ခြင်းဆီသို့ အပြေးအလွှားဆက်သွားနေပေသည်။
ထန်ရှုသည် အပြင်ဘက်မှလူများသည် အံ့သြတုန်လှုပ်မှု ရိုက်ခတ်ခံနေရသည်ကို မသိချေ။ ဆောင်းဦး သတ်ဖြတ်ခြင်း၏ အသီးများ ပြွတ်သိပ်အောင် သီးနေသော စိမ်းစိမ်းစိုစို အပင်များ၏ မြင်ကွင်းသည် သူ၏မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။ စားချင်စဖွယ် မွှေးပျံ့နေသော သစ်သီးရနံ့များဖြင့် အဝါရောင်သစ်သီးများ၊ နီနီရဲရဲသစ်သီးများ ပြွတ်သိပ်စွာ သီးနေသော အပင်များစွာ ရှိသည့် သစ်သီးဥယျာဉ်တစ်ခု ဖြစ်ပြီး ငန်းရိုင်းတစ်အုပ်သည် ဆူညံစွာ အော်မြည်လျက် ထိုသစ်သီးဥယျာဉ်အပေါ်မှ ဖြတ်ပျံသွားကြသည်။
“ဒီရိုးရှင်းသောအမြင်က တကယ်ကို အမှန်မရှိဘူးပဲ”
သည်တစ်ကြိမ်တွင်တော့ ထန်ရှုသည် အလျင်စလို မလှုပ်ရှားပေ။ သူသည် မတ်တတ်ရပ်နေဆဲရှိပြီး တစ်နေရာအား စိုက်ကြည့်လျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
“ဒီအစီအရင်ကို ကျူးကျော်လာသူမှန်သမျှ သေရမယ်”
သစ်သီးဥယျာဉ်ထဲမှ အော်သံပျံ့လွင့်လို့ လာသည်။ ရက်စက် ကြမ်းကြုတ်ဟန်ရှိသော လူထွားကြီးတစ်ဦးသည် သူ၏ကိုယ်ပေါ်တွင် သံကြိုးများအား ရစ်ပတ်လျက် ဥယျာဉ်အတွင်းမှ ဟန့်တားထားသည်။ သူ၏လက်သည် ချွန်မြသော ဆူးချွန်အား ဝှေ့ယမ်းနေသောကြောင့် အရောင်ဖျော့ဖျော့ထွက်လျက် အေးစက်ချောက်ချားစရာ ခံစားမှုအား ပေးစွမ်းနေပေသည်။
ထန်ရှုသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ မြေပြင်ပေါ်မှာ ကျောက်တုံး တစ်တုံးအား သာမန်ကာလျှံကာ ကောက်ယူပြီး ပေါ့ပါးစွာ ပြုံးလိုက်သည်။
“ငါ ဒီအစီအရင်ကို ဖန်တီးခဲ့တဲ့ ပထမအကြိမ်မှာ ငါ့ခွန်အားကို သည်အတွက် အားထုတ်ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ ငါက အလွှာတိုင်းမှာ လျှို့ဝှက်ဂိတ်တစ်ခုစီလည်း ချန်ထားခဲ့တယ်။ ငါ မင်းကို ဒီကျောက်တုံးနဲ့ တိုက်နိုင်တယ်ဆိုတာ မင်း ယုံလား”
“ဟာသပဲ”
ရက်စက် ကြမ်းကြုတ်ဟန်ရှိသော လူထွားကြီးသည် စိတ်ဝိညာဉ် အသိဉာဏ်ရှိသောကြောင့် သူ၏ဆူးချွန်အား ဝှေ့ယမ်းကာ ထန်ရှု၏ဦးခေါင်းဆီသို့ တိုက်ခိုက်လာခဲ့သည်။
“လဲလိုက်တော့”
ထန်ရှုသည် ကျောက်တုံးအား တောက်လွှတ်လိုက်ရာ ရက်စက် ကြမ်းကြုတ်ဟန်ရှိသော လူထွားကြီး၏ လည်ပင်းသို့ ထိမှန်သွားလေသည်။ တစ်ချိန်တည်းနီးပါးပင် ထန်ရှု၏ခေါင်းထက် တစ်ပေအလိုတွင် သူ၏ဆူးချွန်သည် ရပ်တန့်သွားပြီး ရက်စက် ကြမ်းကြုတ်ဟန်ရှိသော လူထွားကြီးသည် မလှုပ်ရှားတော့ပဲ ရပ်တန့်သွားတော့သည်။ ဆောင်းဦးလေပြည် တိုက်ခတ်လာသော အချိန်တွင် ရက်စက် ကြမ်းကြုတ်ဟန်ရှိသော လူထွားကြီးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လေပြည်နှင့်အတူ လွင့်မြောသွားလေတော့သည်။
“ဘန်း”
လောကမြင်ကွင်းသည် ပြောင်းလဲသွားပြန်သည်။ အေးမြသော ဆောင်းဦး လေပြည်မှသည် ခိုက်ခိုက်တုန်အောင် ချမ်းအေးသော ဆောင်းလေကြမ်း ဖြစ်သွားသည်။ သစ်သီးများ ပြည့်နှက်နေသည့် သစ်သီးဥယျာဉ်မရှိတော့ပဲ ရေခဲများနှင့် နှင်းများဖြင့်ပြည့်နေသော လောကကြီး ဖြစ်သွားသည်။ ကြည့်လေရာ အရပ်တိုင်း နှင်းများဖြင့်သာ ဖွေးဖွေးလှုပ်နေတော့သည်။
“ဆောင်းသတ်ဖြတ်ခြင်းတဲ့လား”
ထန်ရှုသည် ခြေချိတ်ထိုင်လိုက်ကာ စစ်သုံး ဓားဖြင့် သူ၏ဘယ်ဘက်ရှိ နှင်းထုတွင် ထိုးစိုက်လိုက်သည်။
“အာ … ဝူး”
အူသံပေးနေသော ဝံပုလွေများ၏ လှိုင်းလုံးသဖွယ် အသံများသည် အဝေး မိုးကုပ်စက်ဝိုင်း တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။ မကြာမီ မရေမတွက်နိုင်သော နှင်းဝံပုလွေများသည် နှင်းများ တဖွဲဖွဲကျနေသော ကောင်းကင်မှ ပြေးထွက်လာကြပြီး အူနေကြတော့သည်။
အစီအရင်၏ အပြင်ဘက်တွင် …
မြောင်ဝမ်တန်၏ ကိုယ်လုံးသည် အလွန် တုန်လှုပ်နေပေသည်။ သူ၏ သွေးနှင့် ချီလည်ပတ်မှုနှင့်အတူ သူ၏ရင်တွင် အံ့သြမှုတို့ ရိုက်ခတ်နေသောကြောင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ရသည်။ သူ၏ ပူလောင်သောကနှင့် စိတ်ကသိကအောက် ဖြစ်နေမှုကြောင့် ထိုအရာအား သူသည် သတိမပြုမိချေ။ သူသည် ၆လှမ်း သို့မဟုတ် ၇လှမ်းလျှောက်နေသော ထန်ရှုအား တစ်ဖန်ကြည့်လိုက်ပြန်ရာ သူ၏ရင်တွင်းတွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဒိန်းခနဲ ဖြစ်သွားရသည်။
စတုတ္ထအလွှာ … ဒီဟာ ဧကန်မုချ စတုတ္ထအလွှာပဲ။
မြောင်ဝမ်တန်သည် ထန်ရှု အစီအရင် မဝင်ခင်အချိန်က သူပြောခဲ့မိသော သရော်သံများအား ရုတ်တရက် ပြန်လည် ကြားယောင်မိလာသည်။ သူသည် ထန်ရှုအား ပထမအလွှာပင် ချိုးဖောက်နိုင်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ သို့သော် ထန်ရှုသည် ပထမအလွှာအား ချိုးဖောက်နိုင်ရုံသာမက ဒုတိယ၊ တတိယနှင့် အခု စတုတ္ထအလွှာသို့ပင် တစ်ဆက်တည်း တောက်လျှောက် ရောက်ရှိသွားမည်ဆိုတာကို မြောင်ဝမ်တန်သည် အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
အခုခဏတွင် သူ၏ရှေ့တွင် ကျင်းတစ်ကျင်း ပေါ်လာစေရန်အတွက် သူ အမှန် ဆုတောင်းမိသည်။ ထိုကျင်းထဲ ဝင်နေလိုက်ကာ သိက္ခာကျမည့် ဒီအဖြစ်ထဲသို့ ထွက်မလာချင်တော့ပေ။
ရှောင်မင်ကျန်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ သူ၏ဘေးတွင် ရှိနေသော ဂူရှောင်ရွှဲ့ကိုပင် လှည့်ကြည့်မိသည်။
သို့သော် ဂူရှောင်ရွှဲ့သည်လည်း အံ့သြ တုန်လှုပ်လျက်ရှိနေပြီး သူမသည် ထန်ရှုအား ကြောင်တောင်တောင် ငေးကြည့်နေသည်။ သူမသည် ထန်ရှု၏ ကျင့်ကြံမှုအဆင့်အား ရှင်းလင်းစွာ သိသောကြောင့် ကိုယ့်မျက်နှာကိုယ်ပင် ရိုက်မိလုနီးပါး ဖြစ်ရသည်။ ထန်ရှုသည် စတုတ္ထအလွှာသို့ပင် ချိုးဖောက်ရောက်ရှိသွားသည်။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်သည် သာမန်အစီအရင်မျိုး မဟုတ်သောကြောင့် ကျင့်ကြံသူများ၏ စွမ်းအားသည် သူမထက်မြင့်နေစေကာမူ စတုတ္ထအလွှာသို့ တစ်ရှိန်ထိုး ရောက်ရှိနိုင်မည် မဟုတ်ပေ။
သို့သော် ထန်ရှုသည် မည်သို့များ လုပ်နိုင်ပါသနည်း။
စတုတ္ထအလွှာကိုရော ချိုးဖောက်ရန် ဘယ်လိုဖြစ်နိုင်ဦးမှာလဲ။
ဂူရှောင်ရွှဲ့သည် ထန်ရှုအား ပြောခဲ့သော သူမ၏စကားများအား ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး နောင်တလှိုင်းတံပိုးများသည် သူမ၏ရင်တွင်းတွင် တလိမ့်လိမ့်တက်လို့ လာချေသည်။ ထန်ရှုသည် စတုတ္ထအလွှာအား ချိုးဖောက်ခဲ့ပါက သူမ …။
သူမ၏ဖြစ်အင်သည် ရေတွင်းနက်ထဲမှ ဖားတစ်ကောင်အလားပင် မိမိကျင်လည်ရာအား ကမ္ဘာကြီးသဖွယ် မှတ်ယူထားသည့်နှယ်။
ထိုစကားသည် ဂူရှောင်ရွှဲ့၏စိတ်ထဲတွင် မိုးခြိမ်းသံသဖွယ် ထစ်ချုန်းနေပြီး သူမအား ထိုကဲ့သို့ ဖြစ်နေသည်ဟု သတိပေးနေသည့် အလားပင်။
“မစ္စဂူ … ထန်ရှု … သ ... သူ … သူ”
*****