← Chapters

စိတ်မပါသော

Vol. 02 Ch. 87

စိတ်မပါသော

Vol. 02 Ch. 87

ဂူရှောင်ရွှဲ့သည် ရှောင်မင်ကျန်းမှ ရုတ်တရက် သူမအား ခေါ်လိုက်သောကြောင့် အံ့အားသင့်သွားသည်။ သူမသည် မချိပြုံးပြုံးကာ ပြောလိုက်သည်။

“ရှင်ခန့်မှန်းတာ မှန်တယ်။ ဘာဖြစ်လို့ ကျွန်မကို မေးရတာလဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျင့်ကြံမှုအဆင့်ဆိုရင် သူက ကျွန်မထက် အတော်နိမ့်တယ်။ ဒါပေမဲ့ ဘယ်သူထင်မှာလဲ သူက စတုတ္ထအလွှာကိုရော ရောက်ရှိ ချိုးဖြတ်နိုင်လိမ့်မယ်လို့”

“အဲဒါ တကယ် စတုတ္ထအလွှာလား”

ရှောင်မင်ကျန်း အံ့အားသင့်သွားသည်။ သူသည် ခန့်မှန်းရုံသာ မှန်းခဲ့သော်လည်း သေချာသွားသောအခါ တုန်လှုပ်သွားရသည်။ သူသည် လူများအား အကဲခတ်ရာတွင် ကောင်းမွန်သောသူ မဟုတ်သောကြောင့် သူသည် အမှားလုပ်ခဲ့မိပြီဟု နားလည်လိုက်သည်။ ပင်လယ်၏ အနက်အား မတိုင်းတာနိုင်သကဲ့သို့ လူတစ်ယောက်အား သွင်ပြင်ရုပ်ရည်နှင့် အကဲခတ်မသင့်ပါချေ။

ဂူရှောင်ရွှဲ့သည် ထပ်ပြောလိုက်သည်။

“ကျွန်မ ဝန်မခံချင်ပေမဲ့ ရှင့်မျက်လုံးနဲ့ မြင်နေရတာတွေက အမှန်ပါပဲ”

ရှောင်မင်ကျန်းသည် တံတွေးအား မျိုချလိုက်မိပြီး အခိုက်အတန့်ခဏ စကားမပြောနိုင် ဖြစ်သွားရလေသည်။ သူသည် သည့်မတိုင်ခင်က ဉာဏ်ကြီးရှင် ကျင့်ကြံသူအား မြင်ဖူးပါသည်။ သို့သော် ထန်ရှုကဲ့သို့ မကောင်းဆိုးဝါးမျိုး မဟုတ်ပေ။

“ငါက သူ့ကို အစီအရင် ကျွမ်းကျင်သူ ဆရာကြီးတစ်ယောက်လို့ ထင်ခဲ့မိတာ”

“ဘာတွေဖြစ်ကုန်တာလဲ။ ဟာသပဲ”

မြောင်ဝမ်တန်သည် မြေပြင်မှ အားယူထလိုက်ကာ အသံပြာဖြင့် ပြောလိုက်သည်။

ဂူထန်ရွှဲ့သည် အေးစက်စွာ စိုက်ကြည့်လိုက်ရင်း ပြောလိုက်သည်။

“ဟမ့် … သူသာ အစီအရင် ကျွမ်းကျင်သူ ဆရာကြီးတစ်ယောက် မဟုတ်ရင် ပထမအလွှာ၃လွှာကို အလွယ်ချိုးဖောက်နိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်တာ ကျွန်မ မြင်နိုင်တယ်။ အဲဒါ ရာနှုန်းပြည့်သေချာတယ်။ ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ထက် ပိုမြင့်တာဆိုတော့ ရှင်ရော စတုတ္ထအလွှာကို ချိုးဖောက်နိုင်လား”

“ဒီ ... ဒီဟာ ...”

မြောင်ဝမ်တန် ပြောစရာစကား မဲ့သွားရသည်။ သူ၏မျက်နှာအား မမြင်ရသော လက်များဖြင့် ရိုက်လိုက်သည့်နှယ် စပ်ဖျင်းဖျင်းဖြစ်လာပြီး ရှက်စိတ်ကြောင့် ပူလောင်လာသည့်နှယ် ခံစားရသည်။

မီတာ အနည်းငယ်ကွာဝေးသော အပြင်ဘက် …

ကျားလွေဒေါင်သည် ထန်ရှု၏ပုံရိပ်အား အံ့သြတုန်လှုပ်စွာ ကြည့်နေသည်။ ပဲဥတစ်လုံးပင် မျိုနိုင်လောက်သည့်အတိုင်း  သူသည် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ တစ်ဖက်တွင် ရှိနေသော ပထမတပည့်ကြီး ကုန်းတာလုံသည် ခပ်တိုးတိုး ပြောလိုက်သည်။

“ဆရာ … မာစတာထန်ကို ကြည့်ရတာ စွမ်းအားရှိတဲ့ပုံပဲ။ ဟိုလူ၂ယောက်နဲ့စာရင် ကွက်လပ်အလယ်ကို ပိုသွားနိုင်တာကို တွေ့ရတယ်”

ကျားလွေဒေါင်သည် ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး ခါးသီးသော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ … သူ့ကို ဒီထက်မြင့်တဲ့အဆင့်ထိ အပြေးအလွှား မသွားစေချင်တော့ဘူး။ သူ အပြေးအလွှား ဆက်သွားနေရင် ဒဏ်ရာရနိုင်ချေကလည်း ပိုများလာလိမ့်မယ်”

ကုန်းတာလုံလည်း အေးခဲသွားပြီး တိတ်ဆိတ်သွားတော့သည်။ သူ၏ဆရာ စိုးရိမ်မည်ဆိုလည်း စိုးရိမ်လောက်သည်။ ထန်ရှုသာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့ပါက မနက်ဖြန် လောင်းကစားပွဲကြီးသည် ပြီးဆုံးသွားမည်ဖြစ်ပြီး သူတို့အားလုံးသည် လုံးဝ အဆုံးသတ်သွားမည်ဖြစ်သည်။

ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်အတွင်း …

နှင်းဝံပုလွေများ ပိုမိုရောက်ရှိလာသည်ကို ထန်ရှုသည် သေချာစွာ ကြည့်ရှုနေပြီး သူ၏မျက်နှာသည်လည်း ပိုပို ပြုံးရွှင်လာသယောင် ရှိသည်။ အခြားသူများသာ ဆိုပါက ထိတ်လန့် ကြောက်ရွံ့နေကြမည် ဖြစ်သော်လည်း သူသည်မှာ အခြားသူများနှင့်မတူဘဲ သည်ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်အား ဖန်တီးခဲ့သူ တစ်ယောက်ပီပီ သည်အစီအရင်အား ချိုးဖြတ်ရမည့် အရာရာအား သိရှိနေသည်။

“အာ …ဝူး …”

ဝံပုလွေများ၏အူသံမှာ အသံလှိုင်းများအဖြစ်သို့ ပြောင်းသွားကာ ကောင်းကင်တစ်ခုလုံးအား ပျံ့နှံ့သွားစေပြီးနောက် ထူးခြားသောအရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ အရပ်မျက်နှာ အမျိုးမျိုးမှ လာကြသော ဝံပုလွေအုပ်စုသည် ထန်ရှုနှင့် ၁၀မီတာအကွာတွင် ရပ်တန့်လိုက်ကြပြီး ၎င်းတို့၏စိမ်းဖန့်နေသော မျက်ဝန်းများသည် ထန်ရှုထက်စာပါက တစ်စုံတစ်ခုပေါ်တွင် စူးစူးရဲရဲ ကြည့်နေကြသည်။ အဆိုပါ တစ်စုံတစ်ခုသည် နှင်းထုထဲတွင် ထန်ရှုထိုးစိုက်ထားသော မစ်ဆူဘီရှီ စစ်သုံးဓား ဖြစ်ပေသည်။

အစီအရင်တစ်ခု၏ အချက်အချာကျသော အမှတ်သည် ပုံစံဖော်ထားမှု၏ ဖြေရှင်းရန်ခက်သော အချက်အား ဗဟုသုတရှိရန် ဖြစ်သည်။

ထန်ရှုသည် ဖြေရှင်းခက်သော အချက်အား သိရှိထားသည့်အပြင်  ပုံစံဖော်ထားမှု၏ အပြင်အဆင်ကိုလည်း သိရှိသည်။ သူ၏ မစ်ဆူဘီရှီ စစ်သုံးဓား ထိုးစိုက်ထားသော နေရာသည် အတိအကျပင် ပုံစံဖော်ထားမှု၏ ဖြေရှင်းရန်ခက်သော အချက်သို့ ဆက်သွယ်မှုအမှတ်ပင် ဖြစ်သည်။ ဓားအား သူ ဆွဲမထုတ်မချင်း နှင်းဝံပုလွေများသည် သူ့အား ရန်မူတိုက်ခိုက်ကြမည် မဟုတ်ချေ။ စတုတ္ထအလွှာ၏ ဆောင်းသတ်ဖြတ်ခြင်း အစီအစဉ်အား ချိုးဖောက်ရန် အဓိကအမှတ်သည် အချိန်နှင့်အပြိုင် သည်းခံရန် ဖြစ်သည်။ အမွှေးတိုင်တစ်တိုင်စာ အချိန်အား သည်းခံလိုက်ပါက စတုတ္ထအလွှာသည်  နောက်တုံးတွင် ၎င်းဘာသာပင် အလိုအလျောက် ပြိုပျက်သွားမည် ဖြစ်သည်။

သိပ်မကြာမီ အမွှေးတိုင်တစ်တိုင်စာ အချိန်သည်  ကုန်ဆုံးသွားခဲ့သည်။

“ဘန်း ...”

ရေခဲများနှင့် နှင်းများ အပြည့်ဖြစ်နေသော လောကမြင်ကွင်းသည် ပြောင်းလဲသွားပြီး အဝါရောင်သဲများဖြင့် လူသွားလမ်းပေါ် ထွက်လာသည်။ ထိုလမ်းအတိုင်း လျှောက်သွားလိုက်ပါက လှိုင်းများထနေသော မြစ်တစ်စင်းအား တွေ့ရမည်ဖြစ်သည်။

မိုးကာစေရန် ဝတ်ဆင်ထားသော လူတစ်ဦးသည် မြစ်ထဲရှိ လှေငယ်တစ်စင်းထဲတွင် ထိုင်ကာ ငါးမျှားတံအို တစ်ချောင်းအား ကိုင်ထားလျက်ရှိသည်။ သူရောက်ရှိလာသည်နှင့် လှေသည် ပြန်ကွေ့လာကာ ထန်ရှုဆီသို့ ချဉ်းကပ်လာသည်။

“လှေသမားအဘိုး ...”

ထန်ရှုသည် တည်ငြိမ်စွာ ပြောလိုက်သည်။

အဘိုးအိုသည် ပြုံးကာ ပြောလိုက်သည်။

“ရောက်လာတာ ကြိုဆိုပါတယ်။ ငါ မင်းကို လိုက်ပို့ပေးပါမယ်”

ထန်ရှုသည် လှေပေါ်ခုန်တက်ကာ အေးဆေးစွာ ပြောလိုက်သည်။

“ကျွန်တော် မြစ်တစ်ဖက်ကမ်း သွားချင်ပါတယ်”

“ကောင်းပြီ” အဘိုးအိုသည် ခေါင်းကို ညိတ်ကာ ပြုံးလိုက်သည်။

လှေသည် လှော်ခတ်လာရာ တဖြည်းဖြည်းနှင့် မြစ်လယ်ကောင်သို့ပင် ရောက်ရှိလာခဲ့သည်။ သို့သော် အဘိုးအိုသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး သိသာထင်ရှားစွာ လေပြင်းမုန်တိုင်းက အစားထိုးလာခဲ့သည်။ လှေငယ်သည် ပြင်းပြင်းထန်ထန် လှုပ်ယမ်းနေပြီး ဓားငါးများသည် ဘေးပတ်လည်မှ မြစ်ရေအထက်သို့ ခုန်တက်ကာ ထန်ရှုဆီ ဦးတည်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟင်္သာငှက်အုပ်ကြီးသည် ရဲရဲတောက်နေသော မီးများအတွင်း ကောင်းကင်ယံထက်မှ ဝဲပျံကာ ထန်ရှုအား ၎င်းတို့၏ ချွန်ထက်သော နှုတ်သီးများနှင့် ခြေသည်းများဖြင့် တိုက်ခိုက်ကြတော့သည်။

“ရှုအာ … အမေ သားကို လွမ်းနေတာ”

ပုံရိပ်ယောင်တစ်ခုသည် ထန်ရှု၏မျက်လုံးထဲတွင် ပေါ်လာသည်။ သူသည် အိမ်တွင် ရှိနေပြီး မိခင်ဖြစ်သူသည် မျက်ရည်တသွင်သွင် စီးကျကာ သူ့ဆီ ပြေးလာနေသည်။

“ဟမ့် ...”

ထန်ရှုသည် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏အော်ရာအား ရုတ်တရက် ပေါက်ကွဲစေလျက် ဘေးပတ်လည်မှ မြင်ကွင်းအား ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ မရေမတွက်နိုင်သော အချိန်များ၏ အိပ်မက်နယ်မြေထဲရှိ ပုံရိပ်ယောင်အား သူ့တွင် အတွေ့အကြုံရှိနေပြီး ဖြစ်သည်။ သူ၏မိခင်သည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်ဟု သူ ရှင်းရှင်းလင်းလင်း သိထားသော်လည်း သူ၏မိခင်အား လွမ်းဆွတ်မှုကြောင့် ယခင်အချိန်တုန်းက သူသည် အိပ်မက် နယ်မြေထဲတွင် အချိန်ကာလရှည်ကြာစွာ မကြာခဏ နစ်မြှုပ်ဖူးသည်။ ယခုအချိန်သည် သူသည် အင်မော်တယ်ကမ္ဘာမှ ပြန်လည်ရောက်ရှိလာပြီး မိခင်ဖြစ်သူအား လျှပ်တစ်ပြက်အတွင်း သွားရောက်ကြည့်ရှုနိုင်ပြီ ဖြစ်သောကြောင့် သူသည် ထပ်မံခံစားရန် မလိုတော့သဖြင့် နည်းနည်းလေးမှပင် သူ့အပေါ် သက်ရောက်မှုမရှိပါချေ။

“ပျက်စီးစမ်း”

သူသည် သူ၏ စစ်သုံးဓားမြှောင်အား တစ်ဖန်ဝှေ့ယမ်းကာ လျင်မြန်စွာ ရွေ့လိုက်သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် နိမ့်ကျသောကြောင့် သူ့တွင် ပေါင်၃ထောင်ခွန်အားသာ ရှိသည်။ သို့ဖြစ်ရာ သူ့အတွက် ဓားငါးများနှင့် အရှိန်ညီးညီး တောက်လောင်နေသော ဟင်္သာငှက်များအား သတ်ဖြတ်ရန် လွန်စွာ ခက်ခဲပေလိမ့်မည်။ အနည်းငယ်မျှ သတိလွတ်သွားပါက သူ့အား ဒဏ်ရာပြင်းထန်စွာ ရစေမည် သို့မဟုတ် အသက်သေစေသည် အထိပင် ဖြစ်သွားစေလိမ့်မည်။ သို့သော် သူ၏ များပြားလှသော တိုက်ပွဲ အတွေ့အကြုံများဖြင့် ဒီမြင်ကွင်းအား ဖြေရှင်းရန် သူ့အတွက် လွယ်ကူနိုင်ပေမည်။ ထို့ပြင် သည်အလွှာ၏ အဓိကအချက်သည် ထိုဓားငါးများနှင့် အရှိန်ညီးညီး တောက်လောင်နေသော ဟင်္သာငှက်များအား သတ်ဖြတ်ရန် မဟုတ်ပဲ မြစ်အား ဖြတ်ပြီး တစ်ဖက်ကမ်းသို့ လျင်မြန်စွာ ရောက်ရှိရန် ဖြစ်သည်။

ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်၏ အပြင်ဘက်တွင် …

အစီအရင်အား ချိုးဖြတ်သွားသော ထန်ရှု၏ ကြောက်မက်ဖွယ်ရာ အလျင်သည် ဂူရှောင်ရွှဲ့အား စကားမပြောနိုင် မလှုပ်ရှားနိုင်သည်အထိ ဖြစ်စေသည်။ ပထမ သူမ တွေးထင်ထားခဲ့သည်မှာ စတုတ္ထအလွှာသည် ထန်ရှု၏ အကန့်အသတ် ဖြစ်ပေလိမ့်မည်ဟုပင်။ သို့သော် လက်ရှိမြင်ကွင်းသည် သူမအား လုံး၀ အံ့အားသင့်ရအောင် ပြုလုပ်နေပေသည်။

သူမသည် ထန်ရှုအား လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်သည်အထိ အလွန် ခွန်အားကြီးသော်လည်း သူမကိုယ်သူမ ပြန်မေးကြည့်မည်ဆိုပါက ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်တွင် ထန်ရှု ရောက်သည့်အဆင့်ထိ သူမ ရောက်ရှိနိုင်မည် မဟုတ်ပါချေ။ သူမသည် အသက်၁၀နှစ်အရွယ်မှ စတင်ကာ  ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်အား အကြိမ်ထောင်ပေါင်းမက စိန်ခေါ်ခဲ့ဖူးသည်။ သို့သော် သူမသည်ပင် ပဉ္စမအလွှာသို့ မချိုးဖောက်နိုင်ပေ။

ပဉ္စမအလွှာသည် မည်သည့် လောကမြင်ကွင်း အမျိုးအစား ဖြစ်လေမလဲ။

သူမ ကြားရုံသာ ကြားဖူးပြီး တစ်ခါမျှ မမြင်ဖူးပါချေ။

“တစ်စုံတစ်ယောက်သည် အစီအရင်ဆရာကြီး ဖြစ်ရင်တောင်မှ သူ့ကဲ့သို့ မဟုတ်ပေဘူး မဟုတ်လား”

ထန်ရှုအား အထင်အမြင်သေးခဲ့ခြင်းနှင့် ပမာမခန့် လုပ်ခဲ့ခြင်းတို့ကြောင့် ဂူရှောင်ရွှဲ့၏ရင်ထဲတွင် နောင်တတရားများ ပြည့်လျှံလာခဲ့သည်။ ကောင်းကင်အား စိန်ခေါ်နိုင်စွမ်းရှိသည့် စွမ်းရည်မျိုးအား ထန်ရှု ပြသသွားခြင်းသည် သူမ၏ ပုံမှန်အတွေးအား ချိုးဖျက်သွားစေသည်။

ထိုအချိန်တွင် မြောင်ဝမ်တန်၏ မျက်နှာသည်လည်း စာရွက်တစ်ရွက်အလား ဖြူလျော်နေပေသည်။ သူသည် ရှောင်မင်ကျန်းအား ကြည့်လိုက်ပြီး ရှောင်မင်ကျန်းအား ဆွဲရန် ဆန္ဒမရှိတော့သည့် အလား သူ၏ရှက်စိတ်ကြောင့် အဝေးသို့သာ ပြေးထွက်သွားချင် မိတော့သည်။ သည်အရှက်ရမှုသည် သူ့အတွက် နောက်ဆုံးတွင် ဆေးထက်ပင် ပိုမိုခါးသီးသော ခံစားမှုမျိုးအား ခံစားရခြင်းပင် ဖြစ်တော့သည်။

“အံ့သြစရာပဲ”

ငေးငိုင်နေသော မျက်ဝန်းတို့ဖြင့် ရှောင်မင်ကျန်းသည် ခပ်တိုးတိုး ရေရွတ်မိသည်။

သူ၏စကားသံသည် မြောင်ဝမ်တန်၏ အသည်းနှလုံးအား ဓားထက်ထက်ဖြင့် ထိုးစိုက်သည့်နှယ် ဖြစ်ပြီး နာကျင်မှုကြောင့် မျက်ရည်ကျလုလုပင် ဖြစ်သွားရသည်။

ကြည့်ရှုနေသူများအနက်မှ အနည်းငယ်သည် ထွက်ခွာသွားကြသော်လည်း အများစုသည် စောင့်နေကြဆဲ ဖြစ်သည်။ သူတို့သည် ထန်ရှု မည်သည့်အလွှာအား ချိုးဖောက်နေသည်ကို မသိကြသော်လည်း ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့ထက် အတော် ခရီးပေါက်နေသည်ကို မြင်ရသောကြောင့် ထန်ရှုသည် ထိုသူ၂ဦးထက် ပိုမိုသန်မာသည်ကို သူတို့ သိကြသည်။

“မဖြစ်နိုင်ဘူး ...”

ဂူရှောင်ရွှဲ့ထံမှ ကျယ်လောင်သော အော်ဟစ်သံ  ထွက်ပေါ်လာသည်။

နောက်ခဏတွင် ထန်ရှုသည် ကွက်လပ်၏ အလယ်ဆီသို့ ထန်ရှုသည် ၇လှမ်း သို့မဟုတ် ၈လှမ်း လျှောက်လှမ်းသွားသည်ကို လူတိုင်း တွေ့မြင်ကြရတော့သည်။

ရှောင်မင်ကျန်းသည် ဂူရှောင်ရွှဲ့ဘက်သို့ လှည့်ကာ တုန်လှုပ်နေသော အမူအရာဖြင့် လျင်မြန်စွာ မေးလိုက်သည်။

“မစ္စဂူ … ထန်ရှု ... သူ ... သူ ထပ်ပြီး အောင်မြင်သွားတာလား”

“ဟုတ်တယ်”

အံ့သြတုန်လှုပ်လျက် ရှိနေသော ဂူရှောင်ရွှဲ့သည် ခေါင်းညိတ်ကာ ပြန်ဖြေပေးလိုက်သည်။

ရှောင်မင်ကျန်းသည် ဟာလာဟင်းလင်း ဖြစ်နေသောစိတ်ဖြင့် တိုးတိုးရွတ်လိုက်သည်။

“ပဉ္စမအလွှာ … သူ ပဉ္စမအလွှာကို ချိုးဖောက်ပြီး ဆဋ္ဌမအလွှာဆီကို ရောက်သွားပြီလား။ ဒီနည်းလမ်းက မယုံကြည်နိုင်စရာ ကောင်းလွန်းလှချည်လား”

“သောက်ကျိုးနည်း လောက်အောင်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းနေတယ်”

ဂူရှောင်ရွှဲ့၏ မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးနေမှုများအား အထင်းသား တွေ့မြင်ရမည်ဖြစ်ပြီး ထန်ရှု၏ပုံရိပ်အား ကြည့်ကာ သူမ၏ရင်ထဲတွင် မတွေးတတ်လောက်အောင်ပင် ဖြစ်နေရသည်။ သူမ ထန်ရှုအား တွေ့ခဲ့သည်မှ ယခုအချိန်ထိ သူ့အား ထွင်းဖောက် မမြင်နိုင်ကြောင်း သူမ သတိထားခဲ့မိသည်ကို ပြန်လည် အမှတ်ရသွားသည်။ သူသည် ရေပြင်ပေါ်မှ ရောင်ပြန်ဟပ်နေသော လမင်းကြီးနှင့် တူပြီး  ပုံရိပ်ယောင်များစွာသည် သူ့အား လွှမ်းခြုံထားသည်။

သိပ်မကြာမီ …

ထန်ရှုသည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်မှ ထွက်လာသည်။ သူ၏သွင်ပြင်သည် အနည်းငယ် ဖြူဖျော့နေသည့်ဟန် ရှိသော်လည်း သူထွက်လာချိန်တွင် အားလုံးက ဝိုင်းကြည့်နေသည့်အပေါ် စိတ်ကသိကအောက် ဖြစ်နေဟန်မျိုး မရှိချေ။

“အခု … ငါက ထာဝရခိုင်မြဲခန်းမရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်မဟုတ်လား”

ထန်ရှုသည် ဂူရှောင်ရွှဲ့ရှေ့သို့လာကာ အေးဆေးစွာ မေးလိုက်သည်။

ဂူရှောင်ရွှဲ့သည် အယောင်ယောင် အမှားမှားဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ချက်ချင်းပင် သူမသည် ပြန်လည် တည်ငြိမ်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။

“ထန်ရှု … နင့်ရဲ့ ကျင့်ကြံခြင်းက သိသိသာသာကို နိမ့်နေသေးတာကို နင် ဘယ်လိုများ ၆လွှာအထိ ချိုးဖောက်နိုင်ခဲ့တာလဲ။ ငါ့ဆရာတစ်ယောက်က ဆယ်စုနှစ်များစွာက ဒီထောင်ပေါင်းများစွာ အစီအရင်ကို ပြုလုပ်ခဲ့တယ်။ လူအချို့က ဒီအစီအရင်ကို စိန်ခေါ်ကြပေမဲ့ သူတို့ထဲက စွမ်းအားအကောင်းဆုံး လူတွေတောင်မှ ပဉ္စမအလွှာကို ရောက်ဖို့ပဲ ချိုးဖောက်နိုင်ကြတယ်။ ဘယ်သူမှ ဆဋ္ဌမအလွှာကို ရောက်ဖို့အထိ မချိုးဖောက်နိုင်ခဲ့ကြဘူး။ နင် အဲဒါကို ဘယ်လိုများ လုပ်ခဲ့လဲ”

ထန်ရှု ပြောလိုက်သည်။

“မှတ်ချက်ချရန် ဘာမှမရှိ”

“နင် ...”

သူမ၏ရင်ထဲတွင် ကြောင်တစ်ကောင် ဖမ်းမိထားသည့်အလား တည်ငြိမ်အောင် ပြုလုပ်နိုင်စွမ်းမရှိ ဖြစ်နေသည်။ ထန်ရှုဆီမှ စိတ်မပါသော အပြုအမူအား ရရှိသည့်အတွက် ဒေါသထွက်နေသော်လည်း သူမ ဘာမျှ မတတ်နိုင် ဖြစ်နေပေသည်။

ထန်ရှုသည် သူမအား မကြည့်တော့ပဲ ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်ဘက်သို့ လှည့်လိုက်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့ကို နောက်တော့ ဆေးညွှန်းပေးမယ်။ ခင်ဗျားတို့ ကတိပေးထားတာ ပြန်သတိရပါ”

ပြောပြီးသည်နှင့် အံ့အားသင့်စွာ ကြည့်နေသော ကျားလွေဒေါင်နှင့် သူ၏ တပည့်၃ယောက်အား လှမ်းကြည့်လိုက်ပြီး တောအုပ်ထဲမှ ရိုးရိုးရှင်းရှင်းနှင့် တင့်တယ်သော ဘုရားရှိခိုးကျောင်းဆီသို့  လျှောက်သွားလိုက်သည်။ ဂူရှောင်ရွှဲ့၏ဆရာသည် သူ၏ တပည့်ဖြစ်သည်ဟူသော ဖြစ်တန်စွမ်းအား အတည်ပြုရန် သူ ဝန်လေးသော်လည်း သူတို့သည် ရင်းနှီးသော ပတ်သက်မှုရှိသည်ဟူသော အချက်အား လုံးဝပင် သူ သေချာလေသည်။ သူ၏အချစ်ခင်ဆုံး တပည့်အကြောင်းအား သူ ကြားခဲ့စဉ်က သူသည် စိတ်လှုပ်ရှားခဲ့ရသည်။ သို့သော် ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်အား စိန်ခေါ်ကျော်ဖြတ်ပြီးချိန်တွင် သူ၏စိတ်သည် တည်ငြိမ်သွားခဲ့သည်။ သူ၏ချစ်သူနှင့် ယုံကြည်ရသော သူငယ်ချင်းများ၏ သစ္စာဖောက်ခဲ့မှုအား ပြန်လည် သတိရသွားသည့် အချိန်တွင်တော့ …

သူသည် နောက်ထပ် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရမည်ကို ဝန်လေးလာခဲ့သည်။  ထိုကဲ့သို့ စိတ်ကို ထိခိုက်စေသည့် အဖြစ်မျိုးအား ထပ်မံ မခံစားနိုင်တော့သောကြောင့် ထိုအကြောင်းအား စွန့်လွှတ်ရန်အတွက် သူ ရွေးချယ်လိုက်ခြင်းပင် ဖြစ်တော့သည်။

သူ့အတွက် ခုချိန် အရေးကြီးဆုံးအရာသည် သူ့အတွက်သူ ကျင့်ကြံရန်ဖြစ်သည်။ သူတစ်ချိန်က ရောက်ရှိခဲ့သော သာလွန်သည့်အဆင့်သို့ ရောက်ရှိပြီး ပြန်လည်သွားရောက်ရန် အတွက်  ဖြစ်သည်။ ထိုအချိန်က သစ္စာဖောက်ခဲ့သော လူများအတွက် ပြင်းပြသော နာကျင်ခါးသီးမှုတို့အား ပြန်လည်ခံစားစေရမည် ဖြစ်သည်။

သူ၏အသည်းနှလုံးသည် သံမဏလည်းမဟုတ် ကျောက်တုံးလည်း မဟုတ်ပါပေ။ သို့သော် သူသည် ကြင်နာသနားတတ်သော စိတ်နှလုံးရှိသူ တစ်ယောက်လည်း မဟုတ်ခဲ့ပေ။ သူတစ်ဖက်သားအား မည်သည့်အခါမျှ သူ့ဘက်မှ စတင်ကာ လှောင်ပြောင်စော်ကားခြင်း မပြုလုပ်၊ သို့သော်  သူ့အား အခြားသူများမှ စတင်ကာ လှောင်ပြောင် စော်ကားလာပါကလည်း ထိုသူများသည် ၁၀ဆ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

သူ ဆုတောင်းခဲ့သည်။ ကောင်းကင်ဘုံအားလုံးမှ နတ်ဘုရားများနှင့် ဗုဒ္ဓအားလုံးတို့အား တိုင်တည်ကာ သူ ဆုတောင်းခဲ့သည်။ သူ့အား သစ္စာဖောက်ကာ ဒဏ်ရာရအောင်ထိ ပြုလုပ်ခဲ့ကြသော သူများအား  ဘေးရန်ကင်းရှင်းစေရန် အတွက် စောင့်ရှောက်ပေးပါရန် ဆုတောင်းခြင်းဖြစ်သည်။ အချိန်ကျပါက ထိုသူများထံ ကိုယ်တိုင်သွားရောက်ကာ သူ့အတွက် လက်တုံ့ပြန် လက်စားချေမှုအား သူကိုယ်တိုင် ပြုလုပ်မည်ဖြစ်သည်။

*****

All Chapters