လူတစ်ယောက်နှင့် သူ၏ရန်သူများအား တွေ့ဆုံရန် သေချာသည်
Vol. 02 Ch. 88
ထာဝရခိုင်မြဲခန်းမတွင် စုစုပေါင်း ၃ထပ်ရှိပြီး အထပ်တိုင်းသည် စိတ်ဝင်စားဖွယ် ကောင်းသော ဆွဲဆောင်မှုရှိသော ရှေးဟောင်း အတွင်းအပြင်အဆင်များဖြင့် ပြင်ဆင်ထားသည်။ ပထမထပ်သည် စားပွဲအလုံး၂၀၀ ခင်းကျင်းထားသော အခန်းဖွဲ့မထားသည့် ခန်းမပုံစံဖြစ်သည်။ ဒုတိယအလွှာသည် သီးသန့်အခန်း ၁၀၈ခန်းဖြင့် သက်သောင့်သက်သာရှိအောင် ဖွဲ့စည်းထားပေသည်။ တတိယအထပ်သည် ဂုဏ်ထူးဆောင် ဧည့်သည်များအတွက် ဖြစ်သည်။ ထိုအထပ်သို့ ဝင်ခွင့်ရသူမှာ လက်ဆစ်ဆုပ်စာခန့်သာ ရှိပေသည်။
စားသောက်ဆိုင် မန်နေဂျာသည် ထန်ရှုရောက်လာသည်ကို သတိပြုမိပြီး ဖြစ်သောကြောင့် နွေးထွေးစွာ နှုတ်ဆက်လေသည်။
“မစ္စတာထန် မဟုတ်လား။ ငါက ထာဝရခိုင်မြဲခန်းမရဲ့ မန်နေဂျာ ချူးရန်ကျင်းပါ။ သူဌေးလေး အကြောင်းကြားထားတဲ့ အတွက် တတိယထပ်က ဂုဏ်ထူးဆောင် ခန်းမကို အဆင်သင့် ပြင်ဆင်ထားပြီးပါပြီ။
မစ္စတာထန်နဲ့ သူငယ်ချင်းတွေ အခု အဲဒီနေရာမှာ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ လိုအပ်တာရှိလည်း ပြောပါဗျ။ အကုန်လုံးက အခမဲ့ပါ”
“ကျေးဇူးပြုပြီး လမ်းပြပါ” ထန်ရှု အေးဆေးစွာ ပြောလိုက်သည်။
ကျားလွေဒေါင်သည ထန်ရှုနောက်မှ စိတ်လှုပ်ရှားစွာဖြင့် လိုက်လာသည်။ ထို့နောက် သူသည် ပြုံးကာ ပြောလိုက်သည်။
“ညီလေးထန် … ငါတို့ပါ မင်းနဲ့အတူ ရှိနေလို့ ထင်ပေါ်လာတော့ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေသလိုပဲ။ မရေမတွက်နိုင်တဲ့ ရာထူး ဂုဏ်ထူးကြီးမြင့်သူတွေက ဒီတတိယအထပ်မှာ ညစာစားချင်ကြပေမဲ့ လုံခြုံရေးတွေ တားမြစ်တာ ခံရတယ်ဆိုတာကို မင်းသိလား။ ထာဝရခိုင်မြဲခန်းမရဲ့ ဂုဏ်ထူးဆောင်ခန်းမမှာ ဒီနေ့ ညစာ စားရလိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ဖူးဘူး”
ထန်ရှု ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“ဒါ သာမန် ဘဝပျော်ရွှင်မှုလေးပါပဲ။ ထူးခြားတဲ့ အဓိပ္ပာယ်မရှိပါဘူး”
ကျားလွေဒေါင်သည် ပြုံးလျက် မချိုမချဉ် ပြောလိုက်သည်။
“လူတစ်ယောက်စီရဲ့ ဘဝမှာ မတူညီတဲ့ မရ ရအောင် ကြိုးစားအားထုတ်ချင်မှု တစ်ခုတော့ ရှိကြစမြဲပါ။ မင်းအတွက်တော့ ဒီဟာက အရေးမပါတဲ့ သာမန်အကြောင်းအရာလေး သာလျင် ဖြစ်တယ်။ မင်းလိုလူမျိုးကလည်း ရှားပါတယ်”
ကျားလွေဒေါင်၏ စကားများသည် ကျိုးကြောင်း ဆီလျော်သည်ဟု ထန်ရှု တွေးလိုက်မိသည်။ လူတိုင်းတွင် မရရအောင် ကြိုးစားအားထုတ်ချင်သော အရာရှိပေသည်။ အချို့သည် ကျော်ကြားမှုနောက်သို့ လိုက်ကြသည်။ အချို့သည် စိတ်အေးချမ်းမှုနောက်သို့ လိုက်ကြသည်။ သူသည်လည်းပဲ အချက်၂ချက်ရှိပေသည်။ သူ၏မိခင်နှင့်အတူ နေထိုင်ကာ သူမအား ပျော်ရွှင်စေလိုခြင်းနှင့် ကျင့်ကြံအားထုတ်ခြင်းပင် ဖြစ်သည်။
တတိယထပ်တွင် သီးသန့်အခန်း၁၈ခန်း ရှိပြီး တစ်ခန်းစီသည် စတုရန်းမီတာ ၂၀၀ ကြီးမားသည်။ အတွင်းခန်း အပြင်အဆင်များသည် ရှေးဆန်သော လက်ရာများ ဖြစ်သော်လည်း တန်ဖိုးကြီးမားကာ လှပသောဒီဇိုင်းများ ဖြစ်သည်။ ထန်ရှုသည်ပင် ရှေးဟောင်းကျွမ်းကျင်သူ မဟုတ်သော်ငြား ထိုအရာများအတွင်းမှ ရှေးဆန်သော အချိန်များအား မြင်နိုင်ပေသည်။
“အာ … ပန်းချီလား” ကျားလွေဒေါင်သည် သီးသန့်ခန်းထဲ ဝင်လိုက်ချိန်တွင် နံရံတစ်ခုလုံးသည် အလှလက်ရေးများနှင့် ပန်းချီများဖြင့် ပြည့်နေသည်။ တစ်ခဏမျှ သူ ကြည့်လိုက်ပြီးချိန်တွင် ရုတ်တရက် ပြောလိုက်ခြင်းဖြစ်သည်။
စားသောက်ဆိုင် မန်နေဂျာသည် ပြုံးလိုက်ကာ …
“ငါတို့သူဌေးက ဆိပ်ကမ်းဧရိယာမှာ လုပ်တဲ့ လေလံပွဲမှာ တစ်ခါ သွားခဲ့ဖူးတယ်။ အဲဒါကြောင့် ဒီပန်းချီကို သူမ အဲဒီကနေ ဝယ်လာတာ။ ဒီဟာကို ဝယ်နိုင်ဖို့ သူမ ဂဏန်း၉လုံးအထိ သုံးခဲ့ရတယ်လို့ ငါ ကြားခဲ့တယ်”
ထန်ရှု၏အမူအရာ လှုပ်ရှားသွားပြီး မေးလိုက်သည်။
“ခင်ဗျားရဲ့သူဌေးကို မြင်ဖူးတာလား။ ကျွန်တော်ဆိုလိုတာက သူဌေးလေးကို ပြောတာ မဟုတ်ဘူးနော်”
စားသောက်ဆိုင် မန်နေဂျာက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မြင်ဖူးတာပေါ့။ ငါ လောင်းကစား စွဲလမ်းတာကြောင့် ဒေဝါလီ ခံလိုက်ရတဲ့ အချိန်တုန်းက သူမကို မြင်ဖူးခဲ့တာ။ ငါ့ရဲ့လုပ်ငန်းကို စာရင်းသွင်းလိုက်တာတောင် စီအီးအိုရာထူး ဆုံးရှုံးသွားခဲ့တယ်။ မိသားစုလည်း ပြိုကွဲပြီး တစ်နေ့လုံးနေလို့မှ ထမင်း၃နပ် မစားရတဲ့နေ့တွေတောင်မှ ရှိခဲ့တယ်။ အဲဒီတုန်းက ငါ့ဘဝက အသူတရာ နက်တဲ့ချောက်ထဲ ရောက်သွားတဲ့ အတိုင်းလို့တောင် ဆိုနိုင်တယ်။ အဲဒီနောက်မှာ သူဌေးနဲ့တွေ့တာပဲ။ ငါ့အကြွေးတွေ ဆပ်ပေးတယ်။ သိုင်းပညာ သင်ပေးတယ်။ ပြီးတော့ ဒီထာဝရခိုင်မြဲခန်းမကို သူမကိုယ်စား စီမံစေတယ်။ အချိန်တွေက လျင်မြန်စွာ ကုန်သွားတာပဲ။ ဒီနေရာကို ငါရောက်တာ နှစ်၂၀တောင် ရှိခဲ့ပြီ”
ထန်ရှု မေးလိုက်သည်။ “သူဌေးနာမည်ကရော ဘယ်လိုခေါ်လဲ။ သူမ ဘယ်အရွယ် ရှိပြီလဲ”
စားသောက်ဆိုင် မန်နေဂျာက ဖြေလိုက်သည်။
“ငါတို့ သူဌေးနာမည်တော့ သေချာ မပြောနိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံး၁၀နှစ် အတွင်းမှာ ငါ သူမကို ၄ကြိမ် တွေ့ခဲ့တယ်။ ပထမအကြိမ် တွေ့တုန်းကလည်း သူမက အသက်၂၀အရွယ်ပဲ။ နောက်ဆုံး၁၀နှစ် အတွင်းမှာ တွေ့တော့လည်း သူမက အသက်၂၀အရွယ်ပဲ။ ဘယ်အချိန်တွေ့တွေ့ သူမက အသက်၂၀အရွယ်ပဲ ဖြစ်နေတာတော့ ထူးဆန်းတယ်။ အချိန်က သူမအပေါ် သက်ရောက်မှု မရှိဘူးထင်တယ်”
အသက်၂၀ပုံပဲရှိတဲ့ ရုပ်ရည်သွင်ပြင် ဟုတ်လား။ ဂူရှောင်ရွှဲ့နဲ့ တစ်ထေရာတည်း တူနေတာ မဖြစ်နိုင်ဘူးလား။
ထန်ရှု မျက်မှောင်ကြုတ်သွားသည်။ မိန်းမငယ်လေးတစ်ယောက်၏ သွင်ပြင်သည် သူ၏စိတ်ထဲတွင် ပေါ်လာသည်။ သူမ သူ့အား ခွဲခွာသွားစဉ်က ၁၈နှစ်သာ ရှိသေးသည်။
ထန်ရှု ရုတ်ခြည်းပင် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ဘောပင်တစ်ချောင်းနဲ့ စာရွက် ရှာပေးပါလား”
“ခဏလေး စောင့်ပေးပါ”
စားသောက်ဆိုင် မန်နေဂျာသည် ချက်ချင်းပင် ထန်ရှု၏ တောင်းဆိုချက်အား အခြား ဧည့်ကြိုတစ်ယောက်အား သူ၏စကားပြောစက်ဖြင့် အကြောင်းကြားလိုက်သည်။ ထို့နောက် သူသည် ဟင်းပွဲစာရင်းအား ထန်ရှုတို့ရှေ့တွင် တင်ပေးထားလိုက်သည်။ ထန်ရှုတို့ ဟင်းပွဲများ မှာယူပြီးသွားသောအခါ သူသည် ဘောပင်တစ်ချောင်းနှင့် စာရွက်အား ထန်ရှုသို့ ပေးလိုက်သည်။ ဟင်းပွဲများ လာမည်ကို စောင့်ဆိုင်းရင်း ထန်ရှုသည် စာရွက်ပေါ်တွင် တစ်စုံတစ်ယောက်၏ မျက်နှာအား စတင် ပုံဖော်လေတော့သည်။
သူ ရေးဆွဲနေသော ပုံသည် အင်မော်တယ်ကမ္ဘာမှ ပထမတပည့်၏ရုပ်သွင် ဖြစ်ပြီး ၁၈နှစ်အရွယ် ဖူးပွင့်စ သွင်ပြင်ဖြစ်သည်။ ထန်ရှု၏ဆွဲချက်နှင့်အတူ ကြွကြွရွရွဟန်ဖြင့် မိန်းကလေးတစ်ဦး၏ ပုံတူပန်းချီသည် တဖြည်းဖြည်း ရုပ်လုံးကြွလာခဲ့သည်။ ပုံတူပန်းချီသည် အသက်ဝင်နေသည့်အလား မိန်းကလေးသည် အလွန်တရာမှ လှပချောမောနေပြီး သူမ၏အပြုံးသည် တိုင်းပြည်နှင့်လူများအား စွဲညှို့စိုးမိုးနေမည့်ဟန် ရှိသည်။
“ဘယ်လောက်တောင် လှလိုက်တဲ့ ပန်းချီလေးလဲ” ကျားလွေဒေါင်၊ သူ၏တပည့်၃ယောက်တို့ အပြင် စားသောက်ဆိုင်မန်နေဂျာပါ ထန်ရှု ရေးဆွဲသော မိန်းကလေးပုံတွင် နက်နက်ရှိုင်းရှိုင်း ပျော်ဝင်သွားကြသည်။ သူတို့အရှေ့တွင် မတ်တတ်ရပ်ကာ ပြုံးနေသော ထို ချောမောလှပသည့် မိန်းကလေးအား ကြည့်ရင်း မိန်းမောတွေဝေ နေကြသည်။
“တစ်ချက် ကြည့်ပေးပါ။ သူမက ဒီပုံထဲကနဲ့တူလား” ထန်ရှုသည် စားသောက်ဆိုင် မန်နေဂျာဘက်သို့ လှည့်ကာ လေးလေးနက်နက် မေးလိုက်သည်။
စားသောက်ဆိုင် မန်နေဂျာသည် မိန်းမောတွေဝေနေရာမှ အမြန်နိုးထလာခဲ့ပြီး သူ၏အကြည့်တို့သည် ပန်းချီမှ ရွေ့လျားသွားကာ ခေါင်းကို ယမ်းလျက် ပြောလိုက်သည်။
“မင်းရဲ့ပန်းချီက နတ်သမီးပုံလေးနဲ့ တူတယ်။ ငါတို့ရဲ့သူဌေးက အရမ်းလှပပေမဲ့ မင်းပုံနဲ့တော့ လုံး၀ မတူပါဘူး”
“သူမ မဟုတ်ဘူးလား” မျှော်လင့်ချက်ကင်းမဲ့မှုနှင့် စိတ်ပျက်သွားသည့် ခံစားမှုတို့သည် ထန်ရှု၏ရင်ထဲတွင် မြင့်တက်လာခဲ့သော်လည်း စိတ်သက်သာဟန်လည်း ဖြစ်ပေါ်လာခဲ့သည်။ သူ မြေတောင်မြှောက်ကာ ဂရုစိုက်ပေးခဲ့သော သူ၏ပထမတပည့်အား အမှန်တကယ်ပင် မြင်ချင်လှသော်လည်း သူ့အား သစ္စာဖောက်သည့် အဖွဲ့ထဲတွင် ပါဝင်နေမည်ကိုလည်း သူ စိုးထိတ်လှပေသည်။
“ထားလိုက်ပါတော့။ ကျေးဇူးတင်ပါတယ်။ ခင်ဗျားလည်း လုပ်စရာရှိတာ သွားလုပ်လို့ရပါတယ်”
“ကောင်းပါပြီ”
စားသောက်ဆိုင် မန်နေဂျာသည် လိုက်နာစွာဖြင့် ခန်းမထဲမှ ထွက်ခွာသွားတော့သည်။
အရသာရှိပြီး ကောင်းမွန်လှသော အစားအစာများနှင့် ကောင်းမွန်သော ဝိုင်များသည် သူတို့ ညစာစားသည့် စားပွဲပေါ်သို့ တောက်လျှောက် ရောက်လာကြတော့သည်။ ငယ်ရွယ်လှပသော မိန်းကလေး၂ယောက်သည် ခန်းမထဲမှ ထွက်ခွာမသွားသေးပဲ ဝန်ဆောင်မှု ပေးနေကြသည်။ သူမတို့သည် ထန်ရှု၊ ကျားလွေဒေါင်နှင့် အခြားသူများအတွက် ဝိုင်များအား ဖြည့်ပေးနေကြသည်။
“ဒီဝိုင်က မဆိုးဘူးပဲ”
သည်အကြိမ်သည် ထန်ရှုတစ်ယောက် အင်မော်တယ်ကမ္ဘာမှ ယခုခေတ်သို့ ပြန်ရောက်ရှိပြီး ပထမဆုံးအကြိမ်အဖြစ် ဝိုင်သောက်သုံးခြင်း ဖြစ်သည်။ သူသည် ဝိုင်အား စုပ်ယူကာ ဖြည်းဖြည်းချင်း အရသာခံလိုက်ပြီး ခေါင်းညိတ်ကာ ချီးကျူးလိုက်ခြင်း ဖြစ်သည်။ သူသည် မရေအတွက်နိုင်သော ဝိုင်အမျိုးမျိုးအား သောက်သုံးဖူးကာ ဝိုင်ပြုလုပ်ရာတွင်လည်း ဆရာတစ်ဆူ ဖြစ်ခဲ့ပေသည်။ ထာဝရခိုင်မြဲခန်းမမှ ဝိုင်များသည် သူ့အတွက် မဆိုးလှသော ဝိုင်ကောင်းအဖြစ် လက်သင့်ခံနိုင်ပါသေးသည်။
မဆိုးပါဘူးဟုတ်လား။ ကောင်းတယ်လို့ပဲ ပြောလို့ရရုံပဲလား …။
ဝိုင်တစ်ခွက်အား အားပါးတရ သောက်သုံးနေသော ကျားလွေဒေါင်သည် တစ်စုံတစ်ခုက ရိုက်ခတ်သည့်ပမာ ထန်ရှု၏ မှတ်ချက်အား ကြားလိုက်ရသောအခါ ရုတ်ခြည်းပင် မျက်မှောင်ကြုတ်သွားရသည်။ သူသည် အသက်၆၀ကျော်ပြီ ဖြစ်သော်လည်း ယခုကဲ့သို့ အရသာ ထူးကဲ ကောင်းမွန်လှသည့် ဝိုင်မျိုးအား ပထမဆုံးအကြိမ်အဖြစ် သောက်သုံးဖူးခြင်း ဖြစ်သည်။ သို့သော် ထန်ရှုသည် မည်သည့်အတွက်ကြောင့် ကောင်းသည်ဟု ဆိုနိုင်ရုံလေးပင်နည်း။
ထန်ရှု၏မှတ်ချက်သည် ကျားလွေဒေါင်၏ တပည့်၃ယောက်ကိုလည်း ခေါင်းတညိတ်ညိတ် ဖြစ်သွားစေသည်။ သူတို့သည်လည်း ဝိုင်နှစ်သက်သူများ ဖြစ်သော်လည်း ထိုကဲ့သို့ အရသာ ထူးကဲ ကောင်းမွန်လှသည့် ဝိုင်မျိုးအား ယခုမှ သောက်သုံးဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထန်ရှု၏ မှတ်ချက်အား ကြိတ်ကာ လှောင်ပြောင်နေပေသည်။
“ညီလေးထန် … ဒီဟာက မင်းရဲ့ သာမန်ဝိုင်လို မဟုတ်ဘူးလို့ ငါ ပြောနိုင်တယ်။ ဒုတိယအထပ်က သီးသန့်ခန်းမှာတောင် ဒီလိုဝိုင်မျိုး မရဘူးလို့ ငါ ပြောရဲတယ်။ အဲဒီအထပ်က ဝိုင်တွေ ကောင်းတယ် ဆိုတာတောင်မှ ဒီဝိုင်နဲ့ ယှဉ်ရင် နေ့နဲ့ညလိုပဲ”
ကျားလွေဒေါင်သည် ပြန်လည်ချေပကာ ရယ်မောလိုက်သည်။
ထန်ရှုသည် ပေါင်မုန့်ကင်တစ်ခု ပေးလိုက်ကာ ပြောလိုက်သည်။
“ပေါင်မုန့်ကင်စားပြီး ပိုသောက်ကြစို့”
ညသန်းခေါင်ယံ …
ထန်ရှု၊ ကျားလွေဒေါင်နှင့် သူ၏ တပည့်၃ယောက်တို့သည် ဗိုက်ပြည့်သည့်အထိ စားသောက်ကြပြီးနောက် စားသောက်ဆိုင်မှ ထွက်လာခဲ့ကြသည်။ သူတို့စားသောက်သမျှအား တစ်ပြားတစ်ချပ်မျှ မပေးရသောကြောင့် ကျားလွေဒေါင် အနေဖြင့် ငွေကုန် အတော်သက်သာ သွားသည်ဟု ဆိုရမည်။ တစ်ခုသိရမည်မှာ ကြိုတင် စာရင်းပေးထားသော ဒုတိယထပ်မှ သီးသန့်ခန်းသည် အနိမ့်ဆုံး ယွမ်၁သိန်းကုန်ကျသည်။ ၎င်းသည် ဈေးအနည်းဆုံးအခန်းနှင့် ဝန်ဆောင်မှု ဖြစ်သည်။ သူတို့စားသောက်လာခဲ့သော ယခုကဲ့သို့ အလွန်တရာ ကောင်းမွန်လှသော စားကောင်းသောက်ဖွယ်များ ဆိုပါက ကျားလွေဒေါင်၏ တိတ်တဆိတ် ခန့်မှန်းခြေအရဆိုလျှင် ယွမ်၁သန်းကျော် ပေးရလိမ့်မည် ဖြစ်သည်။
ညမီးရောင် မှိန်မှိန်အောက်တွင် …
လူ၅ယောက်သည် သစ်တောလမ်းလေး အတိုင်း လျှောက်လာနေကြသည်။ ပုစဉ်းရင်ကွဲများနှင့် အခြား အင်းဆက်ငယ်လေးများသည် လျှောက်လမ်း၏ မီးရောင်မှိန်မှိန် တစ်ဝိုက်တွင် ရစ်ဝဲနေကြသည်။ ကားရပ်ထားသောနေရာသို့ ရောက်လုဆဲဆဲတွင် လူသွားလမ်းလေးသည် လှောင်ပြောင် ရယ်မောနေကြသော လူတစ်စု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရတော့သည်။
“ဟာဟ ... ဒီဟာ ဆရာကျားလွေဒေါင် မဟုတ်လား။ နေ့ဘက်မှာ ရှုံးနိမ့်နေသူကြီးက ထာဝဂရခိုင်မြဲခန်းမမှာ ညစာလာစားဖို့ စိတ်ရှိသေးသားပဲ။ ဝမ်းနည်းမှုတွေကို အရက်နဲ့ မျှောချနှစ်သိမ့်တာ အကောင်းဆုံး နည်းလမ်းလို့ ထင်တာနေမှာပေါ့ မဟုတ်ဘူးလား”
သူတို့ရှေ့မှ လူအုပ်သည် ၁၂ယောက်ခန့် ရှိသည်။ စကားပြောလိုက်သူမှာ လူငယ်၃ယောက်အနက်မှ တစ်ယောက်ဖြစ်သည်။ ထန်ရှုသည် ထိုလူအား မသိသော်လည်း ကျားလွေဒေါင်နှင့် တပည့်များသည် ကောင်းကောင်း သိသည်။ ထိုသူမှာ သူတို့ ပြိုင်ဖက်ဖြစ်သူ ချန်းကိုင်ဖြစ်ပြီး ကျင်းမန်ကျွန်းမှ နာမည်ကြီး အပျော်အပါး လိုက်စားသူတစ်ယောက် ဖြစ်သည်။
ကျားလွေဒေါင်သည် ရှေ့သိုထွက်ကာ အေးစက်စွာ ပြောလိုက်သည်။
“ချန်းကိုင် … ဒီလိုရိုင်းပျတဲ့ စိတ်သဘောထားက တကယ်မလိုအပ်ဘူး။ မင်း ငါ့ကို အနိုင်ကျင့်သမျှ မင်း အဆ၁၀၀ ပြန်ပေးရလိမ့်မယ်”
ချန်းကိုင်သည် အားရပါးရ ရယ်မောကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“ခင်ဗျား ဘာပြောလိုက်တာ။ ငါများ နားလည်မှု လွဲနေရော့လား။ မနက်ဖြန် နိုင်ဖို့အခွင့်အရေး ရှိဦးမယ်လို့ ခင်ဗျားက ထင်နေသေးတာပေ့ါ။ မနက်ဖြန်ကျရင် အနီရောင် ပန်းပွင့်တွေ ဘာကြောင့် အရောင်ချွတ်ခံရတယ် ဆိုတာ ခင်ဗျား သိလိမ့်မယ်။ ဟား …ဟား ... ဟား”
“မင်း …” ကျားလွေဒေါင် ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားသည်။
“ချန်းကိုင် … သူက နာမည်ကြီး လောင်းကစားပညာရှင် ကျားလွေဒေါင်လား” အခြား လူရွယ်တစ်ယောက်က မေးလိုက်သည်။
ချန်းကိုင်သည် ကျားလွေဒေါင်အား ရန်စသော အမူအရာဖြင့် စိုက်ကြည့်နေသည်။ သို့သော် ထိုလူရွယ်အား သူသည် မျက်နှာချိုသွေးသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“အစ်ကိုကြီး ချူ … သူက အမှန်တကယ် ကျားလွေဒေါင်ပါ။ ကျွန်တော်တို့ဆီမှာ ရှုံးပြီး သူ့ရဲ့ဘောင်းဘီကိုတောင် ရောင်းလုနီးနီး ဖြစ်ခဲ့ရတဲ့ အရှုံးသမားပါ။ သူ့အနောက်မှာ မတ်တတ်ရပ်နေတဲ့သူတွေက သူ့တပည့်၃ယောက်လေ။ အာ ... အငယ်ဆုံးတစ်ယောက်က သူ့သားဖြစ်ပြီးတော့ သူ့မိသားစုကို မွှေခဲ့တဲ့ကောင်လေးပေါ့”
လူရွယ်သည် ကျားလွေဒေါင်အား ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ချန်းကိုင် … ကိုယ့်အပြုအမူကို အမြဲသတိရပါ။ ငါတို့ သူတို့နဲ့ နောင်အခါလည်း တွေ့ရင် တွေ့ရနိုင်တယ်။ သူတို့ပါဝင်နေတဲ့ အဖြစ်အပျက်ထဲမှတော့ ဒီကိစ္စကို ဒီတင်ပဲရပ်ပါ။ ကျောက်စိမ်းဆွဲသီးကိုပဲ ငါလိုချင်တာ တခြားပြသနာတွေ မလိုချင်ဘူး”
“အာ ... ကောင်းပါပြီ။ ကျွန်တော် ဒီဆွဲသီးကို လက်ဆောင်အဖြစ် ပေးမယ်လို့ သိထားပေးပါ။ အစ်ကိုကြီးချူ”
ချန်းကိုင်သည် ပျော်ရွှင်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ကျားလွေဒေါင်သည် ထိတ်လန့် တုန်လှုပ်သွားသည်။ သူ၏အကြည့်တို့သည် ချန်းကိုင်နှင့် ထိုလူရွယ်အပေါ်သို့ ရောက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“ခွေးမသား ချန်းကိုင် ... ဒီကျောက်စိမ်းဆွဲသီးက ငါ့မိန်းမချန်ထားခဲ့တဲ့ နောက်ဆုံးအမှတ်တရလေးကွ။ ငါ ဒီဟာကို ပြန်ယူဖို့ ပြင်ဆင်ပြီးပြီ။ မင်းက တခြားလူလက်ထဲ ထည့်ရဲရင်တော့ ဒီလူအိုကြီးက ဘာပဲဖြစ်ဖြစ် မင်းကို အားကုန်လုပ်မှာမို့ အဲဒီတော့မှ ငါ့ကို အပြစ်မတင်နဲ့”
ချန်းကိုင်သည် အထင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
“$အဘိုးကြီး နားလိုက်တော့။ ငါ နိုင်သမျှက ငါပိုင်ပဲ။ ငါပိုင်တဲ့အရာ ငါ လုပ်ချင်သလို လုပ်မယ်။ ဘာကြောင့် အရုးလို ခင်ဗျားပြောသမျှ နားထောင်ရမှာလဲ။ ခင်ဗျားမှာ အစွမ်းအစရှိရင် လုပ်လိုက်လေ။ ဒီသခင်လေးက ဘယ်တော့မှ နောက်မတွန့်ဘူး”
“ချန်းကိုင် ...” စကားပြောခဲ့သော လူရွယ်သည် လေသံနိမ့်ဖြင့် အော်ခေါ်လိုက်သည်။
ချန်းကိုင် နောက်သို့ မဲ့ကာလှည့်လာပြီး အသံခြောက်ကပ်ကပ်ဖြင့် ရယ်မောလိုက်သည်။
“အစ်ကိုကြီးချူ … ဒီခေတ်နောက်ပြန်ဆွဲတဲ့ အဘိုးကြီးက စခဲ့တာလေ”
ကျားလွေဒေါင်၏ မျက်လုံးတို့သည် ဒေါသကြောင့် သွေးရောင်လွှမ်းသွားပြီး သူ၏နားထင်မှ သွေးကြောများကိုပင် မြင်နေရသည်။ ဖြစ်နိုင်ပါက ထိုလူငယ်ချန်းကိုင်အား စားပစ်ကာ မျိုချလိုက်ချင်သည်။ သူသည် သားကောင်ပမာ ချန်းကိုင်အား ကြည့်ကာ ပြောလိုက်သည်။
“ငါ ရှုံးခဲ့သမျှ ငါ့ဘာသာ မနက်ဖြန် အကုန်ပြန်ယူမယ်။ မနက်ဖြန်ကျရင် မင်းရဲ့ဘ၀ ပိုလှပလာဖို့ ရှိတယ်”
ချူဟု အမည်ရသောသူသည် ကျားလွေဒေါင် ဒေါသထွက်လာသည်ကို မြင်ရသောအခါ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ကျွန်တော် ရပြီးသာအရာတွေက ဘယ်တော့မှ ကျွန်တော့်ဆီက မပျောက်ဖူးဘူး။ ခင်ဗျား အဲဒီ ကျောက်စိမ်းဆွဲသီးလေးကို ပြန်လိုချင်ရင် ကျွန်တော့်ကို ရှာနိုင်တယ်။ အာ ... ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ဖို့ မေ့နေတယ်။ ပေကျင်းက ချူယီပါ”
ထန်ရှုသည် ခြေတစ်လှမ်းတက်ကာ ချူယီအား ကြည့်ပြီး ပြောလိုက်သည်။
“ခင်ဗျား ခုနက ပြောခဲ့တယ် မဟုတ်လား ကိုယ့်အပြုအမူတွေကို သတိထားပါ နောင်လည်း ပြန်တွေ့ရနိုင်တယ် ဆိုပြီးတော့လေ။ ဒီကျောက်စိမ်း ဆွဲသီးလေးက သူ့မိန်းမရဲ့ နောက်ဆုံးထားခဲ့တဲ့ အရာလေးမို့ ခင်ဗျား သူ့ကို ပထမ အခွင့်အရေး ပေးသင့်ပါတယ်။ သူ မနက်ဖြန် နိုင်လို့ရှိရင် ပြန်ပေးလိုက်ပါ။ သူ ရှုံးခဲ့ရင်တော့ ကျွန်တော်တို့ ဒီကျောက်စိမ်း ဆွဲသီးလေးအကြောင်း လေသံတောင် မဟတော့ဘူး။ မနက်ဖြန် လောင်းကစားစံအိမ်မှာ အရာရာဟာ ပြီးဆုံးသွားလိမ့်မယ်။ ဘယ်လိုသဘောရလဲ”
ချူယီသည် မျက်လုံးစွေကာ ထန်ရှုအား ကြည့်လိုက်ပြီး စိတ်မပါသော အပြုံးဖြင့် မေးလိုက်သည်။
“မင်းက ဘယ်သူလဲ”
“ထန်ရှု …”
*****