အရာရာတိုင်းသည် အရင်အတိုင်းပင် ဖြစ်သည်။
Vol. 02 Ch. 89
ချူယီ၏မျက်ခုံးအစုံတို့ မြင့်တက်လျက် ထန်ရှုအား ကြည့်လိုက်သည်။
“မင်းနာမည်ကလည်း ထန်ရှုပဲလား။ ကြည့်ရတာ ဒီနာမည်က ကျော်ကြားနေတဲ့ပုံပဲ။ လူတော်တော်များများမှာ ရှိနေတယ်။ ကောင်းပြီလေ ဒီနာမည်ကို ထောက်ပြီး ငါ သူ့ကို အခွင့်အရေး ပေးလိုက်ပါမယ်။ မနက်ဖြန် ငါတို့ သုခဘုံအသင်းမှာ တွေ့ကြတာပေါ့”
“ကောင်းပြီ။ မနက်ဖြန် တွေ့ကြမယ်” ကျားလွေဒေါင်သည် စိတ်လှုပ်ရှားနေခြင်းအား ရှောင်ကြဉ်ရန်အလို့ငှာ ထန်ရှု ပြန်ဖြေသည်အား မစောင့်တော့ပဲ ပြန်ပြောလိုက်သည်။
ထို့နောက် ချူယီသည် ပခုံးတွန့်ပြလိုက်ပြီး ထာဝရခိုင်မြဲခန်းမဆီသို့ လျှောက်သွားတော့သည်။ ချန်းကိုင်သည် ကျားလွေဒေါင်အား လည်ပင်းအား လှီးဖြတ်သည့်ပုံစံ လှောင်သည့်အမူအရာ ပြလိုက်သည်။ ထို့နောက် အထင်သေးသည့် အမူအရာဖြင့် ထွက်ခွာသွားတော့သည်။
၁၀မိနစ်ကြာသော် …
ထာဝရခိုင်မြဲခန်းမ၏ ဒုတိယထပ် သီးသန့်ခန်းတွင် စားသောက်ဆိုင် မန်နေဂျာသည် ပြုံးလျက် ဝင်ရောက်လာပြီး ဝိုင်ပုလင်းများဖြင့် ဝင်ရောက်လာသည်။
“သခင်လေးချန်း ... အရင်ကဆို ဒီဘက်ကို ခဏခဏ ရောက်ပြီးတော့ ခုတလော အလာကျဲနေတယ်နော်။ ကျွန်တော်တို့ ဝန်ဆောင်မှုကို မကြိုက်တာများ ရှိနေရော့သလား”
ချန်းကိုင် ပြုံးလျက် ပြောလိုက်သည်။
“အာ ... မဟုတ်ပါဘူး။ ငါ ဒီတလော ငါးမျှားနေလို့ပါ။ ငါး အကြီးကြီးတစ်ကောင် တွေ့ထားတယ်လေ။ အဲဒါအတွက် အလုပ်ရှုပ်နေလို့။ အခုတောင် ပေကျင်းက လေးစားရတဲ့ ဧည့်သည်တွေလာလို့ ဒီကို ခေါ်လာခဲ့တာ။ အစ်ကိုကြီးချူယီ။ အစ်ကိုကြီးပိုင်ထောင်။ ဒါ ဒီထာဝရခိုင်မြဲ ခန်းမစားသောက်ဆိုင်ကို တာဝန်ယူနေတဲ့ မန်နေဂျာပါ”
ပိုင်ထောင်နှင့် ချူယီ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၂ယောက်သည် နှစ်များစွာ စီးပွားရေးပင်လယ်တွင် ကူးခပ်နေကြသည့် စမတ်ကျသောသူများ ဖြစ်သည့်အားလျော်စွာ ရင့်ကျက်နေကြသူများ ဖြစ်သည်။ ချန်းကိုင်သည် ပုံမှန်ဆို ယခုကဲ့သို့ စားသောက်ဆိုင် မန်နေဂျာလောက်နှင့် မိတ်ဆက်မပေးတတ်ချေ။ သို့သော် ထိုသူအား ကြည့်ရာတွင် မြင်သလောက် မရိုးရှင်းဟု ခံစားမိသောကြောင့် သူတို့နှစ်ဦးလုံး ချက်ချင်း ခေါင်းညိတ်ပြကာ ပြန်နှုတ်ဆက်လိုက်သည်။
စားသောက်ဆိုင် မန်နေဂျာသည် ပြုံးကာ ပြောလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ စားသောက်ဆိုင်အတွက် ဝမ်းသာစရာတွေပဲ ကြုံနေရတာပဲ။ သခင်လေးတို့ ဒီနေ့လာတာ နောက်ကျသွားလို့ ဒီညရဲ့ အကြီးမားဆုံးပွဲတောင် မကြည့်လိုက်ရဘူးပေါ့။ ဒီပွဲက ၁နှစ် ၂နှစ်နေလို့တောင် ကြုံကြိုက်တာ မဟုတ်ဘူးလေ”
ချန်းကိုင် ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည် “ဘာပွဲအမျိုးအစားမို့လို့လဲ”
မန်နေဂျာက ပြန်ဖြေသည်။
“သခင်လေးချန်း ... သခင်လေးက ကျွန်တော်တို့ဆိုင်ရဲ့ ပုံမှန်ဖောက်သည် ဖြစ်နေတော့ ကျွန်တော်တို့ဆိုင်ရဲ့ ထုံးစံကို သိတယ်မဟုတ်လား။ ပြီးခဲ့တဲ့ နာရီပိုင်းလောက်က ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်ကို စိန်ခေါ်တဲ့သူ ၃ယောက်တောင် ရှိခဲ့တယ်။ အဲဒီထဲက ၂ယောက်က ဒုတိယအလွှာကို အောင်အောင်မြင်မြင် ချိုးဖောက်ပြီး တတိယအလွှာထိ ရောက်ခဲ့လို့ ဂုဏ်ထူးဆောင် ဧည့်သည်တွေ ဖြစ်လာကြတယ်။ နောက်တစ်ယောက်က ... .”
မန်နေဂျာသည် စကားအရှိန်ပိုမြင့်စေရန် ရည်ရွယ်ချက်ရှိရှိ ရပ်ထားခဲ့သည်။
ချန်းကိုင်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး တအံ့တသြ မေးလိုက်သည်။
“တကယ်ကြီး။ တစ်စုံတစ်ယောက်က အဲဒီအစီအရင်ကို ချိုးဖောက်ခဲ့တယ်။ ၂ယောက်စလုံးလား။ ဘုရားရေ အံ့သြရာကြီးဗျာ။ အဲဒီ ဂုဏ်ထူးဆောင် ဧည့်သည်၂ယောက် ရှိသေးလား။ ကျွန်တော် သူတို့ဆီ ကိုယ်တိုင် သွားရောက်ရအောင်လို့”
“မရှိတော့ဘူး သခင်လေး။ ထွက်သွားကြပြီ” မန်နေဂျာသည် စိတ်မကောင်းစွာ ပြောလိုက်သည်။
ချူယီသည် ချန်းကိုင်အား ပြောလိုက်သည်။
“ဟေး … ချန်းကိုင် … သူများ စကားပြောနေတာကို ဖြတ်မပြောနဲ့လေ။ ဟိုမှာ စကားမဆုံးသေးဘူး”
မန်နေဂျာသည် ပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။
“ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်ကို ချိုးဖြတ်ခဲ့တဲ့ နောက်တစ်ယောက်က တော်တော် ငယ်သေးတယ်။ ဒါပေမဲ့ သူက ပဉ္စမအလွှာကို အောင်အောင်မြင်မြင် ချိုးဖောက်နိုင်ခဲ့ပြီး ဆဋ္ဌမအလွှာထိ ရောက်ခဲ့တယ်။ ပြီးတော့ ဆဋ္ဌမအလွှာအထိ အောင်အောင်မြင်မြင်ရောက်ခဲ့ပြီး သူ ထွက်လာခဲ့တယ်။ သူက အသက်ငယ်ဆုံးနဲ့ ဘယ်သူမှ မရောက်သေးတဲ့ အမြင့်ဆုံးအလွှာအထိကို ရောက်ခဲ့တဲ့ ထာဝရခိုင်မြဲခန်းမရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်ပဲ။ သူဌေးလေးဆို အံ့သြသွားတာ”
“ဘာ ... သူဌေးလေးလည်း ဒါကို ကြည့်ဖို့ သွားခဲ့တာလား”
ချန်းကိုင်သည် ထိုင်ရုံရှိသေးသည်။ တစ်ဖန် ပြန်မတ်တတ်ရပ်လာပြန်ရာ သူ၏ဟန်ပန်သည် မီးခဲ ဖင်ခုထိုင်နေရသည့် နှယ်ပင်။
“ဟုတ်တယ်” မန်နေဂျာသည် ဖြေလိုက်သည်။
ချန်းကိုင်၏မျက်နှာတွင် တစ်ခုခုအား ဆုံးရှုံးသွားသည့်ဟန်ဖြင့် နောင်တရမှုများ ဖြစ်ပေါ်လာပြီး ပြောလိုက်သည်။
“တောက် ... နာသကွာ။ ငါ အစောကတည်းက အစ်ကိုကြီးတို့ကို ဒီအရင် ခေါ်လာလိုက်ရမှာ”
ချူယီသည် ချန်းကိုင်အား စိတ်ဆိုးစွာနှင့် ကြည့်လိုက်ပြီးနောက် စားသောက်ဆိုင်ပိုင်ရှင်အား မေးလိုက်သည်။
“ခင်ဗျားပြောတာနောက် ကျွမ်းကျင်သူက အသက်ငယ်ငယ်လေးနော်။ အံ့သြစရာပဲ။ သူ့နာမည်က ဘယ်သူတဲ့တုံး”
“သူ့နာမည်က ထန်ရှုတဲ့” စားသောက်ဆိုင် မန်နေဂျာက အပြုံးဖြင့် ပြောလိုက်သည်။
“ဘာ ...”
“သူ့နာမည်က ဘယ်လိုခေါ်တာ” ချူယီနှင့် ပိုင်ထောင်တို့ တစ်ပြိုင်နက်လိုလို အမြန် မေးလိုက်ကြသည်။
စားသောက်ဆိုင် မန်နေဂျာ၏ မျက်နှာတွင် ဇဝေဇဝါဖြစ်ဟန်များ ပေါ်လာပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ်။ သူ့နာမည်က ထန်ရှုပါ။ ကျွန်တော်က စာရင်းသွင်းရတဲ့သူလေ။ ဒါကြောင့် သူ့နာမည်နဲ့ သူ့အသက်ကို သိတာပါ။ လွဲစရာအကြောင်း မရှိပါဘူး”
ချူယီသည် မျက်လုံးမှိတ်လိုက် ပြီးနောက် ခဏအကြာတွင် ပြန်ဖွင့်လိုက်သည်။ သူသည် ဖုန်းအား ထုတ်လိုက်ကာ နံပါတ်တစ်ခုအား ဖုန်းဆက်လိုက်သည်။
အိပ်ချင်မူးတူး အသံဖြင့် လူတစ်ယောက် ဖုန်းကိုင်လာခဲ့သည်။
“ဘယ်သူလဲဟ။ ဒီအချိန်ကြီး ဖုန်းဆက်တာ။ ဘယ်လိုတောင် အရေးကြီးလို့လဲ”
ချူယီသည် အလျင်စလို ပြောလိုက်သည်။
“သခင်လေးလုံ ... ငါပါ ချူယီပါ။ မအိပ်လိုက်ပါနဲ့ဦး။ ငါ တစ်ခုလောက် မေးချင်လို့ပါ”
“ဘာဖြစ်လို့လဲ”
“မင်း လေးစားပြီး ထန်ရှုလို့ ခေါ် ခေါ်နေတဲ့ သူငယ်ချင်း တစ်ယောက်လေ အခုဘယ်မှာ ရှိနေတာလဲ”
“ထန်ရှုလား။ ကျင်းမန်ကျွန်းကို သွားတယ်နဲ့တူတယ်။ ညနေက ငါ့ညီက ထမင်းစားရင်းနဲ့ ပြောပြလို့ ငါသိနေတာ။ ဘာဖြစ်လို့လဲ ဒီအချိန်ကြီးမှာ မေးတာ”
ချူယီသည် မချိပြုံးပြုံးလျက် ပိုင်ထောင်အား ကြည့်လိုက်ကာ စိတ်ပျက်သော လေသံဖြင့် ပြောလိုက်သည်။
“ငါ ထင်တာ မှန်တယ်ဆိုရင် ထန်ရှုနဲ့ ဒီညမှာ ထိပ်တိုက်တွေ့ခဲ့ပြီး ပြဿနာနည်းနည်း ဖြစ်ခဲ့တယ်”
“ဟေ ... ဘာတွေ ဖြစ်ကြတာလဲ” လုံကျန့်ယု အံ့အားသင့်သွားရပြီး အမြန် မေးလိုက်သည်။
ချူယီသည် ကူကယ်ရာမဲ့စွာဖြင့် အဖြစ်အပျက် တစ်ခုလုံးအား ပြောပြလိုက်သည်။
“သခင်လေးလုံ … မင်း ဘာသိသေးလဲ။ မင်းရဲ့စံပြလူက ကျင်းမန်ကျွန်းကို လာပြီး အံ့သြဖို့ကောင်းတဲ့ အရာတွေ လုပ်ပြခဲ့ပြီးပြီ”
သူ ပြောသည်အား နားထောင်ပြီး လုံကျန့်ယုသည် ပြောလိုက်သည်။
“မင်းစကားအရဆိုရင် ထန်ရှုဖြစ်နိုင်တယ်။ ထန်ရှုက ကျားလွေဒေါင်ကို သိတယ်။ ထန်ရှု ငါ့ကို တစ်ခါကူညီဖူးတယ် ပြောတာ မှတ်မိလား။ အဲဒီတုန်းက ထန်ရှုက ကျားလွေဒေါင်ကို အနိုင်ပိုင်းခဲ့တာ။ ငါ မမျှော်လင့်ထားတာ သူတို့ချင်း အဆက်အသွယ် ရှိနေလိမ့်မယ် ဆိုတာကိုပဲ။ ကောင်းပြီ။ ငါ သူ့ဆီ ဖုန်းဆက်ပြီး မင်းအကြောင်း ပြောပြလိုက်ပါမယ်။ ဒါပေမဲ့ ကျောက်စိမ်းဆွဲသီးကို ဘယ်လိုလုပ် …”
ချူယီ ကြားဖြတ် ပြောလိုက်သည်။ “ကျောက်စိမ်းဆွဲသီးကို ပြန်ပေးလိုက်မယ်”
လုံကျန့်ယု လျင်မြန်စွာ ပြောလိုက်သည်။
“အာ ... အဲဒီလို မလုပ်နဲ့။ ထန်ရှုရဲ့ဟန်က နူးညံ့သိမ်မွေ့ပြီး ခင်မင်တတ်တဲ့ဟန် ရှိပေမဲ့ အရိုးထဲကနေ မာန်ရှိတဲ့သူပဲ။ မင်းသူ့ကို ဒီအတိုင်း ပြန်ပေးလိုက်ရင် မင်းကိုပါ တစ်မျိုးမြင်သွားလိမ့်မယ်။ ငါ အကြံပေးချင်တာက ကစားပွဲမှာ ရည်ရွယ်ချက်ရှိရှိ အရှုံးမပေးလိုက်နဲ့။ သူက အရမ်းကို စမတ်ကျလွန်းတော့ အလွယ်သိနိုင်တယ်။ သူ သိသွားတာနဲ့ သူ အနိုင်ရတာဟာ လုပ်ကစားတာကြောင့်ဆိုပြီး မင်းအပေါ်မှာ စိတ်ပျက်သွားလိမ့်မယ်”
“ဒါ …” ရုတ်ခြည်းပင် ချူယီသည် ကျောက်စိမ်းဆွဲသီးမှာ အာလူးပူတစ်လုံး ကိုင်ထားရသကဲ့သို့ ခံစားမိလာသည်။ သူသည် ချန်းကိုင်အား စိတ်ဆိုးစွာ ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ကောင်းပြီ။ ငါ ဘာလုပ်ရမယ်ဆိုတာကို သိပြီ။ ကျေးဇူးပဲကွာ။ ငါ ဖုန်းချလိုက်တော့မယ်”
ချူယီသည် ဖုန်းချလိုက်ပြီးနောက် စားသောက်ဆိုင် မန်နေဂျာအား ပြန်လွှတ်လိုက်သည်။ သူသည် ပိုင်ထောင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ငါတို့တော့ ဒီညမှာ လူမှားပြီး ပြသနာရှာမိပြီ။ သူက တကယ်ကို သူပဲ”
စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပိုင်ထောင်သည် မချိပြုံးပြုံးကာ ပြောလိုက်သည်။
“ဒီထန်ရှုက သူ ရောက်ရာအရပ်မှာ ပွဲဆူစေခဲ့တာပဲ။ ငါတို့ အခု ဘာလုပ်သင့်တာလဲ”
ချူယီက ပြောလိုက်သည်။
“မနက်ဖြန်တော့ ပုံမှန်အတိုင်းပဲ ထားလိုက်မယ်။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ငါတို့ သူ့ဆီသွားပြီးတော့ ငါတို့ရဲ့စိတ်ရင်းကို ပြရမယ်”
“အိုကေ” ပိုင်ထောင်သည် ခေါင်းညိတ်လိုက်သည်။ ထန်ရှုသည် ခန်းရှအား အောင်မြင်စွာ ဖိတ်ခေါ်နိုင်သည်၊ မနိုင်သည်ကို သေချာ မသိသေးသော်လည်း သူတို့၏အဖြစ်သည် နောင်တွင် ဒုက္ခများကို ရှောင်ခြင်း ပိုမိုကောင်းမွန်စေရန် ဗုဒ္ဓအား တစ်ခါမှ မမြင်ဖူးသော်လည်း အချိန်ပေးပြီး စိတ်ရောကိုယ်ပါ မြှုပ်နှံထားသော ဘုန်းကြီးတစ်ယောက်ကဲ့သို့အလား သဏ္ဌာန်တူနေသည်။ ထို့အပြင် ထန်ရှုသည် လုံကျန့်ယုနှင့် ဆက်ဆံရေး ကောင်းမွန်သည့်နည်းတူ သူတို့သည် လုံကျန့်ယု၏ သူငယ်ချင်းများ ဖြစ်သောကြောင့် ကျောက်စိမ်းအပိုင်းလေး တစ်ခုအတွက်နှင့် သူငယ်ချင်း ဆက်ဆံရေးအား ဖြတ်တောက်ပါက ထိုက်တန်မည် မဟုတ်ပါချေ။
ချန်းကိုင်သည် အံ့အားသင့်စွာဖြင့် ချူယီနှင့် ပိုင်တောင်အား ကြည့်လိုက်သည်။ သည်လူ၂ယောက်သည် ကျားလွေဒေါင်၏ သူငယ်ချင်းအား သိလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ပါချေ။ အပူပန်ရဆုံးအချက်မှာ မမျှော်လင့်စွာဖြင့် သူတို့၏စိတ်ရင်းအား ထိုသူထံသို့ ပြသချင်နေကြခြင်း ဖြစ်သည်။ ထိုသူ၂ယောက်အား မျက်နှာချိုသွေးနေရသော သူ၏အဖြစ်သည် သူ့ကိုယ်သူ မြင်းခွာအောက် ထားနေရသကဲ့သို့ ရုတ်ခြည်းပင် ခံစားမိလာသည်။
“အစ်ကိုကြီးချူ … ကျွန်တော် နိုင်ထားတဲ့ ပိုက်ဆံတွေနဲ့ ကျောက်စိမ်းဆွဲသီးကို သူတို့ကို ပြန်ပေးလိုက်ရမလား”
ချန်းကိုင်သည် စိတ်လှုပ်ရှားကာ နာကျင်နေသော်လည်း သေချာအောင် မေးလိုက်သည်။
ချူယီသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“မလုပ်နဲ့။ မနက်ဖြန် လောင်းကစားစံအိမ်မှာ ပုံမှန်အတိုင်း ဆက်လုပ်ပါ။ သတိရပါ - ရီတိုက်ဖူကို ဒီညအကြောင်း မသိပါစေနဲ့။ သူ့ကို အရင်အတိုင်းပဲ ရှိပါစေ”
“ဒါ ...” ချန်းကိုင်သည် စိတ်တွင်းမှ ရယ်မောနေသော်လည်း သူ၏မျက်နှာထက်တွင် ချီတုံချတုံ အမူအရာအား ဖော်ပြထားသည်။
“ငါ ပြောတဲ့အတိုင်း လုပ်ပါ” ချူယီသည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ဂျားဗစ်ဟိုတယ်၏ စူပါအခန်းတွင် ထန်ရှုသည် ကျားလွေဒေါင် သင်ပေးလိုက်သော လောင်းကစားနည်းများအား ပြန်လည် လေ့ကျင့်နေသည်။ ၃နာရီ - ၄နာရီကြာအောင် သူ၏ အံ့မခန်းခွန်အား ထိန်းချုပ်မှုနှင့်အတူ အထပ်ထပ်အခါခါ လေ့ကျင့်ပြီး သူ့အား သင်ကြားပေးခဲ့သော လောင်းကစား ပညာရပ်များတွင် ဆရာတစ်ဆူနှယ် ကျွမ်းကျင်လာခဲ့သည်။
“ဒါ လုံး၀ စိန်ခေါ်မှုတစ်ခုတောင်မှ မဟုတ်ဘူး” ထန်ရှုသည် ကတ်ပုံထဲမှ ကတ်ခိုးယူမှုအား လွယ်ကူအောင် ကြိုးစားအားထုတ်ခဲ့သည်။ သူ၏လက်အလျင်သည် တိကျသော ခွန်အားထိန်းချုပ်မှုနှင့် အတူ အလွန်လျင်မြန်လေသည်။ သူသည် အခြားသူများနှင့် လောင်းကစားရုံထဲတွင် လောင်းကစားနေရင်တောင်မှ မည်သူမှ သူ၏လှုပ်ရှားမှုအား သိနိုင်မည်မဟုတ်ချေ။
သူသည် သိုလှောင်လက်စွပ်ရှိစဉ်က နေ့ရက်များအကြောင်းပင် အမှတ်ရမိလိုက်သည်။ သူ့တွင် သိုလှောင်လက်စွပ်သာ ရှိမည်ဆိုပါက မည်သည့်လောင်းကစား ပစ္စည်းကိုမဆို ထိုအထဲတွင် လွယ်ကူစွာ ထားနိုင်ပြီး သူ လိမ်ခဲ့ရင်တောင်မှ မည်သူ တစ်ဦးတစ်ယောက်ကမျှ သဲလွန်စ ရှာနိုင်မည်မဟုတ်ပါချေ။
နောက်တစ်နေ့ …
ထန်ရှု အိပ်ရာမှ နောက်ကျစွာ ထလာခဲ့သည်။ လောင်းကစားပွဲစမည့် အချိန်သည် နေ့လယ်၂နာရီမှ ဖြစ်သောကြောင့် တမင်ပင် သူသည် မနက်၁၀နာရီမှ ထခဲ့ခြင်းဖြစ်သည်။ သူ၏စိတ်နှင့် စိတ်ဝိညာဉ်အား လုံလောက်စွာ အနားယူခဲ့ပြီး ဖြစ်သည်။ ရေမိုးချိုးပြီးနောက် သူသည် ကျားလွေဒေါင်အား ခေါ်ကာ ၅ယောက်အတူ အစားအစာ စားသည်။ ထို့နောက် သူတို့သည် ကျင်းမန်ကျွန်း၏ သုခဘုံအသင်းဆီသို့ ကားဖြင့် ထွက်လာခဲ့ကြသည်။
သည်ရက်များအတွင်း ကျင်းမန်ကျွန်းရှိ ဂိမ်းကို စွဲလန်းသူ လူအမြောက်အမြားသည် သုခဘုံအသင်းမှ လောင်းကစားစံအိမ် အကြောင်းအား ကြားခဲ့ကြသည်။ မနေ့က ကျားလွေဒေါင်သည် ကစားနေရင်း တစ်ဝက်တစ်ပျက် ရပ်တန့်ကာ လောင်းကစားစံအိမ်မှ ပြန်သွားခဲ့သဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့သည်ပြီး လူအများအပြားသည် သည်နေ့ကျင်းပမည့် နောက်ဆုံးပွဲအကြောင်းအား ပြောဆိုနေကြသည်။
ကောလာဟလများနှင့် ဖြစ်ပေါ်နေခြင်းကြောင့် ထန်ရှု၊ ကျားလွေဒေါင်နှင့် တပည့်၃ယောက်သည် သုခဘုံအသင်းသို့ ရောက်လာကြချိန်တွင် ဧည့်သည် အများအပြားသည် သုခဘုံအသင်းသို့ ရောက်နေကြပြီးဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြကာ လူစုလူဝေးအသွင်ပင် ဖြစ်နေသည်။
“ဒီဟာ ဟိုခွေးကောင် ချန်းကိုင်ကြောင့်ပဲနေမှာ။ သူ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းတွေ လျှောက်ဖြန့်ထားပြီး ကျွန်တော်တို့ကို အရှက်ကွဲစေချင်နေတယ်” ကျားယီလဲ့သည် ပွင့်လင်းသူတစ်ယောက် မဟုတ်သောကြောင့် ထိုမြင်ကွင်းအား တွေ့မြင်ရသောအခါ သူ့အား အဆိုးဘက်မှနေ သံသယဖြစ်စေသည်။ သူသည် သွားများကို တင်းတင်းစေ့ကာ ထိုစကားများကို ပြောလိုက်သည်။
“ပါးစပ်ပိတ်ထား” ကျားလွေဒေါင်သည် သူ၏စိတ်တွင်းမှ ထိုကဲ့သို့ သံသယ ရှိနေခဲ့သော်လည်း ထန်ရှု ရှိနေခြင်းကြောင့် သားအဖ နှစ်ယောက်စလုံးသည် စိတ်သဘောထား ကျဉ်းမြောင်းကာ သူများနောက်ကွယ်တွင် အတင်းပြောသည်ဟု ထန်ရှုအား အထင်မရောက်စေလိုပေ။ ထန်ရှုရှိနေသော သည်ရက်များတွင် သူတို့၏ လှုပ်ရှားမှုများအား ထန်ရှုနှင့်ပတ်သက်သမျှ အထူး သတိထားသည်။ သူတို့၏ဆောင်ရွက်ပုံ ဆိုးရွားပါက ထန်ရှုသည် စိတ်ပျက်ကာ စိတ်မကျေမနပ် ဖြစ်ပေလိမ့်မည်။
ဧည့်သည်များသည် ကျားလွေဒေါင်နှင့် တပည့်များ ဝင်ရောက်လာသည်ကို တွေ့သောအခါ လက်ညှိုးများ ညွှန်လျက် တီးတိုးဆိုနေကြသည်။
“မင်းတွေ့လား။ အဲဒါ ကျားလွေဒေါင်ပေါ့။ ဘေးက ၃ယောက်က သူ့တပည့်တွေလေ။ ညာဘက်က လူက ဒီပြသနာကို စခဲ့တဲ့ သူ့ရဲ့သား။ မိသားစုရဲ့ အသုံးအဖြုန်းကြီးတဲ့ သိုးမည်းသားလေ”
“ဘယ်လောက်တောင် ကံမကောင်းလိုက်တဲ့ အဘိုးကြီး ကျားလွေဒေါင်။ ဒီတစ်ကြိမ်တော့ သူ့ရဲ့မာလှတဲ့ အရိုးတွေတောင် တစ်စစီကိုက်ခံနေရပြီ။ သူ့သွားတွေတော့ အကောင်းတိုင်း ရှိပါစေလို့ မျှော်လင့်ပါတယ်။ အခြားလူငယ်လေးက ဘယ်သူပါလိမ့်။ သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး”
“အဖေက သူ့အင်ပါယာကို တည်ဆောက်ဖို့ တိုက်ခိုက်တယ်။ ပြီးတော့ သူ့သားက သူ့အင်ပါယာကို ဖျက်ဆီးတာကို မြင်နေရတယ်။ ကျားလွေဒေါင်ရဲ့ သားမျိုးက တကယ်ကို မိသားစုရဲ့သွေးစုပ်သူ တစ်ယောက်ပဲ။ ငါ့မှာသာ မိသားစုကိုပျက်စီးစေမဲ့ အဲဒီလိုအသုံးကြီးတဲ့သား ရှိခဲ့ရင် အစောကြီးကတည်းက လည်ပင်းညှစ်သတ်လိုက်မှာ”
“ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲလို့။ လူတွေ ခန့်မှန်းတာကတော့ အချိန်တိုအတွင်းမှာ ကျားလွေဒေါင်နဲ့ သူ့လူတွေ ရှုံးတာ အနည်းဆုံး ယွမ်သန်း၅၀၀ ကနေ ၆၀၀လောက်ရှိမယ်။ သွားလေသူ ဇနီးဖြစ်သူ ချန်ခဲ့တဲ့ ကျောက်စိမ်းဆွဲသီးလေးတောင်မှ ရှုံးသွားတာတဲ့”
“နိုင်နိုင် ၊ ရှုံးရှုံး။ ကျွမ်းကျင်လောင်းကစားပညာရှင်တွေလည်း အနှေးနဲ့အမြန်ဆိုသလို ဂိမ်းထဲမှာ ရှုံးတဲ့အချိန် ရောက်လာမှာပဲ”
“ …”
*****