ဘယ်သူ့ကို အလေးအမြတ်ထားတာလဲ
Vol. 02 Ch. 90
ဘေးပတ်လည်ရှိ ဧည့်သည်များ၏အသံသည် မကျယ်သော်လည်း ကျားလွေဒေါင်နှင့် တပည့်၃ယောက်တို့သည် ရှင်းရှင်းလင်းလင်း ကြားနေရသေးသည်။ တူညီသော ခံစားမှုသည် သူတို့၏မျက်နှာထက်တွင် ဖြစ်ပေါ်နေသည်ကို တွေ့မြင်နိုင်သည်။ အထူးသဖြင့် တည်ကြည်ချောမောသော ကျားယီလဲ့၏မျက်နှာသည် ဒေါသနှင့်အတူ နီရဲနေပြီဖြစ်သည်။
ထန်ရှုသည် ကျားယီလဲ့ဆီသို့ လျှောက်သွားကာ ခပ်ဖွဖွ ပြောလိုက်သည်။
“ဒီလိုအနိုင်ကျင့်မှုနဲ့ အရှက်ရမှုတွေကို သည်းမခံနိုင်သေးဘူးဆိုရင် မင်းဘဝထဲမှာ အဝေးကြီးကို လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ငါတို့ရဲ့အရှုံးတွေကို လက်ခံနိုင်ရမှာဖြစ်သလို ဒီနေ့ လောင်းကစားစံအိမ်မှာ လက်လွှတ်လိုက်ရလိမ့်မယ်”
“ …”
ကျားယီလဲ့၏စိတ်တွင်း တောက်လောင်နေသော ဒေါသသည် ရေခဲရေဖြင့် ငြှိမ်းသက်လိုက်သကဲ့သို့ ငြိမ်သက်သွားရသည်။ ယခုအချိန်တွင် ထန်ရှုသည် အရာရာတိုင်းအား ပြန်ယူလာပြီး သူတို့၏ဒေါသများအား ငြှိမ်းသက်ပေးစေဖို့ ဟူသည့် မျှော်လင့်ချက်တစ်ခုသာ သူ့မှာရှိတော့သည်။ ထန်ရှုသာ ဒီနေ့ လောင်းကစားစံအိမ်တွင် လက်လွှတ်လိုက်ပါက သူတို့၏ မျှော်လင့်ချက်များ ဆုံးရှုံးရပေလိမ့်မည်။
“မာစတာထန် … စိတ်မပူပါနဲ့။ ခင်ဗျားပြောတဲ့အတိုင်း ကျွန်တော် လုပ်ပါမယ်” ကျားယီလဲ့ ပြန်ပြောကာ ဦးညွှတ်ကာ အရိုအသေပြုလိုက်သည်။
ထန်ရှုသည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ကျောက်ချထားသော ဇိမ်ခံ အပျော်စီးသင်္ဘောကြီး၏ လှေကားပေါ်သို့ လှမ်းတက်လိုက်သည်။ ခရီးသည်တင် အပျော်စီးသင်္ဘောကြီးသည် အလျား ၁၃၅ မီတာခန့်၊ အကျယ် ၁၆.၅မီတာခန့်နှင့် တန်ချိန် ၂၄၃၂၀ တင်ဆောင်နိုင်ကာ ရေပြင်မှ အဓိက ကုန်းပတ်အထိ ၁၀.၃မီတာခန့်မြင့်သည်။ ခရီးသည်နှင့် ဝန်ထမ်းစုစုပေါင်း ၂၀၀၀ သယ်ဆောင်နိုင်သည်။ ကုန်းပတ်၄ဆင့်ပါရှိပြီး အောက်ဆုံးအဆင့်သည် အင်ဂျင်စက်ခန်း ဖြစ်သည်။ ဒုတိယအဆင့်သည် ခရီးသည်များအခန်း ဖြစ်သည်။ တတိယအဆင့်သည် အစားအစာခန်းမ၊ ကပွဲခန်းမ၊ ကာရာအိုကေ၊ အားကစားခန်းမ၊ အခြား စိတ်ကျေနပ်စရာ ဖျော်ဖြေမှုများစသော ဖျော်ဖြေရေးနှင့် အပန်းဖြေရေးတို့ ပါဝင်သည့်နေရာဖြစ်သည်။ လောင်းကစားခန်းမမှာမူ သင်္ဘောကြီး၏ ထိပ်ဆုံးအဆင့်ဖြစ်သည်။
ကျားလွေဒေါင်သည် သင်္ဘော၏ ပုံစံချထားမှုနှင့် ရင်းနှီးနေသည့် အားလျော်စွာ သူတို့၅ယောက်သည် ဒုတိယထပ်ရှိ အခန်းတစ်ခန်းစီသို့ ဝင်ကာ နေရာယူလိုက်သည်။ ထို့နောက် သူတို့သည် ပင်လယ်ဘက်သို့ သင်္ဘောခုတ်မောင်းမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ လောင်းကစားခြင်းသည် ဥပဒေအရ တရားမဝင်သောကြောင့် အပျော်စီး သင်္ဘောကြီးသည် လောင်းကစား ကျင်းပနိုင်သည့် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်သို့ ခုတ်မောင်းပေလိမ့်မည်။
“သိပ္ပံနဲ့ နည်းပညာ စွမ်းအားကတော့ တကယ်ကို မခန့်မှန်းနိုင် လောက်အောင်ပါပဲ”
ထို့နောက် ထန်ရှုသည် အခန်းထဲတွင် တစ်ယောက်တည်း နေရသည်မှာ ပျင်းစရာ ကောင်းလှသဖြင့် အပြင်ကုန်းပတ်သို့ လျှောက်လာခဲ့လိုက်သည်။ သင်္ဘောကြီးသည် ရွက်လွှင့် ခုတ်မောင်းနေသည်ဖြစ်ပြီး လေဒဏ်၊ လှိုင်းဒဏ်ကို အန်တုကာ ဖြည်းဖြည်းသာ ရွေ့လျားနေပေသည်။ မောင်းလာရာတစ်လျှောက် ဘေးပတ်လည်တွင် မဆုံးနိုင်သော ပင်လယ်ကြီးသာလျှင် ရှိပေသည်။ ခရီးသည် အများအပြားသည် အပြင်ကုန်းပတ်တွင် ရောက်ရှိနေကြပြီး ဖြစ်ပြီး ပင်လယ်ရှုခင်းအား ခံစားနေကြသဖြင့် ပတ်ဝန်းကျင်သည် ဆူညံနေသည်။ အေးချမ်းသော ရှုခင်းအား လိုချင်သော ထန်ရှုသည် မျက်မှောင်ကြုတ်သွားသည်။ သူသည် ဘေးပတ်လည်အား ကြည့်လိုက်ရာ အပေါ်ဆုံးအဆင့်၄လွှာ၏ မှန်ပြတင်းပေါက်တွင် သူ၏အကြည့်တို့ ရပ်တန့်သွားသည်။
အပေါ်ဆုံးအဆင့်၄လွှာ ကုန်းပတ် …
ထန်ရှုသည် သဘာဝရှုခင်းအား မြင်ရသော အခန်းတွင်းသို့ ဝင်လာခဲ့ပြီး ပြတင်းပေါက်အနီးတွင် ထိုင်လိုက်သည်။ သည်နေရာတွင် လူအနည်းငယ်သာရှိပြီး လေသံတိုးတိုးဖြင့် စကားပြောနေကြသည်။
“ဟာ ...”
မိနစ်အနည်းငယ်ကြာသော် လူများဝိုင်းနေသော အဖွဲ့မှ အောင်မြင်သော လူတစ်ယောက်ပုံစံရှိသည့် သက်လတ်ပိုင်းလူသည် ကျယ်လောင်သော အသံပြုလိုက်ကာ ထန်ရှုဆီသို့ လျှောက်လာကာ ရှေ့တွင် ရပ်လိုက်သည်။
“ဟယ်လို မစ္စတာထန် ...”
သူ ပထမ ထန်ရှုကို တွေ့လိုက်စဉ်က မြောင်ဝမ်တန်သည် ထိုနေရာမှ အမြန် ထွက်ခွာသွားချင်ခဲ့သည်။ ထန်ရှုကို မြင်နေရခြင်းသည် မနေ့ညက အရှက်ကွဲသည့် အဖြစ်အပျက်အား သတိရကာ သူ့ကိုယ်သူ အရှက်ရစေမိသည်။ သို့သော်လည်း ထန်ရှုသည် တကယ်စွမ်းအားကြီးသည် ကိုတော့ သူ အသိအမှတ်ပြုသည်။ တစ်ညလုံး သူ့ကိုယ်သူ ဝေဖန်သုံးသပ်ကာ အထင်သေးပြီးနောက် သူသည် မှားယွင်းနေခဲ့သည်ဟု ဝန်ခံသည်။ သူသည် မသင့်လျော်သည့် စကားများအား ပြောပြီး နောက်ဆုံး ပြောသည်များနှင့် ပြုလုပ်သည်များလည်း မှားယွင်းခဲ့သည်။ သူ့ကိုယ်သူ ဝန်ခံပြီးနောက် ထန်ရှုအား လေးစားမှုသည် သူ၏ရင်တွင်းတွင် ပေါက်ဖွားလာခဲ့တော့သည်။
“အာ ... ခင်ဗျားလား” ထန်ရှု၏မျက်ခုံးအစုံတို့ တွန့်ချိုးသွားရသည်။ အေးစက်ကာ တသီးတခြားနေလိုသော ဟန်ပန်သည် သူ၏မျက်နှာထက်တွင် ပေါ်ထွက်လာခဲ့သည်။
မြောင်ဝမ်တန်သည် ထန်ရှု၏ သဘောထားအား ရိပ်မိသောကြောင့် ရှက်ကိုးရှက်ကန်းနှင့် စိတ်ကသိကအောက် နိုင်သော ခံစားချက်တို့သည် သူ၏ရင်တွင်းမှ ရုတ်ခြည်း မြင့်တက်လာခဲ့သည်။ သူသည် မျက်နှာပြောင်တိုက်လျက် သူနှင့် ထန်ရှုကြားမှ ဆက်သွယ်မှုအား ပြောင်းလဲလိုပြီး ထန်ရှုအကြောင်းလည်း ပိုမို သိချင်ခဲ့သည်။ ထို့နောက် သူ ချက်ချင်း ပြောလိုက်သည်။
“ဟယ်လို မစ္စတာထန် ... ငါ မနေ့ညက အိပ်မပျော်ဘူး။ တစ်ညလုံး ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်တယ်။ မနေ့ညက ပြောခဲ့မိတဲ့စကားတွေနဲ့ ငါ့အပြုအမူတွေအတွက် တောင်းပန်ပါရစေ။ ငါ့ကို ခွင့်လွှတ်ပေးပါ”
ထန်ရှုသည် ခပ်မတ်မတ် ထိုင်နေသည်မှာ တောင်တန်းကြီးအလားပင် ဖြစ်သည်။ သူသည် ထူးမခြားနားစွာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ အပြုအမူက ချီးကျူးထိုက်စရာပဲ”
မြောင်ဝမ်တန်သည် အလျင်စလို ပြောလိုက်သည်။
“အဲဒါ ငါ့အမှားတွေပါ။ အဲဒါကြောင့် ငါ ပြင်ဆင်ရမှာဖြစ်တယ်။ မစ္စတာထန် ... မနေ့ကအမှားအတွက် ပြင်ဆင်ချင်ပါတယ်။ ငါ့ကို ဒီနေ့ မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်။ သုခဘုံအသင်းကို ဖိတ်ချင်ပါတယ်။ အဲဒါဆို မင်းကို တရားဝင် တောင်းပန်လို့ရနိုင်တယ်”
“မလိုအပ်ဘူး” ထန်ရှုသည် မဆိုင်းမတွ ငြင်းလိုက်သည်။
မြောင်ဝမ်တန်၏ ဘေးတွင် ရှိသောသူများသည် ထူးချွန်သော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည်။ ထိုသူများ၏ အခြေအနေနှင့် ဂုဏ်သိက္ခာအရ အခြားသူများကပင် သူတို့အား လေးစားရလေသည်။ ထန်ရှု၏ သဘောထားသည် သူတို့အား အောက်ခြေအထိ ရိုက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြောင်ဝမ်တန်သည် သူတို့၏ ဂုဏ်သရေရှိ ဧည့်သည်ဖြစ်ပြီး ထန်ရှုသည် မျက်နှာသာမပေးဘဲ ငြင်းဆိုလိုက်ခြင်းသည် သူတို့အား အနိုင်ကျင့်ခြင်းပင် ဖြစ်သည်။
“အစ်ကိုကြီးမြောင် …ဒီလူက” သက်လတ်ပိုင်း လူတစ်ယောက်သည် ထန်ရှု၏ အပြုအမူအား လက်မခံနိုင်သည့်ဟန်ဖြင့် ပြောလိုက်သည်။
မြောင်ဝမ်တန်သည် ထန်ရှုအား ရှက်ကိုးရှက်ကန်းနှင့် စိတ်ကသိကအောက် နိုင်သော ခံစားချက်တို့ဖြင့် ကြည့်နေဆဲ ဖြစ်သော်လည်း သက်လတ်ပိုင်းလူထံမှ မေးခွန်းထွက်လာသော အခါ ထိုလူအား ဆွဲခေါ်ခြင်းဖြင့် ထိုခံစားချက် အခြေအနေတို့မှ လွတ်မြောက်သွားလေသည်။ သူသည် ကျွမ်းကျင်သော စီးပွားရေးသမား ဖြစ်သည့်အားလျော်စွာ မရေမတွက်နိုင်သော လူအများအပြားအား တွေ့ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ထန်ရှု မကြိုက်သော နှောင့်ယှက်မှုမျိုး မဖြစ်စေပဲ ရိုးရှင်းစွာ မိတ်ဆက်ပေးလိုက်သည်။
“ဒါက မစ္စတာထန်ပါ”
ချက်ချင်းပင် မြောင်ဝမ်တန်သည် သူ၏လိပ်စာကတ်အား ထုတ်ကာ ထန်ရှုစားပွဲပေါ်သို့ တင်ပေးပြီး ပြောလိုက်သည်။
“မစ္စတာထန် … ဒီဟာက ငါ့ရဲ့လိပ်စာကတ်ပါ။ မင်း အချိန်ရရင် ငါကို အချိန်မရွေး ဆက်သွယ်ပါ။ တောင်းပန်တဲ့အနေနဲ့ စားသောက်ပွဲ လုပ်ပေးချင်လို့ပါ”
ပြောပြီးသည်နှင့် ထန်ရှု၏ လိပ်စာကတ်အား မတောင်းတော့ပဲ သူ့ဘေးနားမှ လူများအား အချက်ပြကာ အခြားအခန်းသို့ သွားကြလေသည်။ သူ၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်များသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နှလုံးခုန်နှုန်း မြန်လာသည်။
သူ ဘယ်သူလဲ … သူ အလေးစား ခံနေရတာလား။
မြောင်ဝမ်တန်သည် ကွမ်ကျိုးမှ မြောင်ဂရု၏စီအိးအိုဖြစ်ပြီး သူ သည် အလွန်ကျော်ကြားပြီး စွမ်းအားရှိသော ပုံရိပ်တစ်ခုဖြစ်သည်။ ထို့ပြင် သူသည် သိုင်းပညာအား အဆင့်တစ်ခုစီအထိ တတ်မြောက်ထားသည်။
သူ၏ လုံခြုံရေးဝန်ဆောင်မှုသည် တစ်နိုင်ငံလုံးတွင် ထိပ်ဆုံး၁၀ခုတွင် ပါဝင်သည်။ ထိုကဲ့သို့ စွမ်းအားကြီးသည့်လူမျိုးက ထိုသူငယ်လေးအား မည်သည့်အတွက်ကြောင့် ကြောက်နေပါသနည်း။
ကျင်းမန်စီးပွားရေး လုပ်ငန်းရှင်များသည် တစ်ယေက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့၏ စီးပွားရေး လိပ်စာကတ်များအား ထန်ရှုရှေ့စားပွဲပေါ်သို့ တင်လိုက်ကြပြီး မြောင်ဝမ်တန်နောက်သို့ လိုက်ပါသွားကြသည်။
“ဒီလိုလူမျိုးတွေက သိပ်ပျင်းစရာ ကောင်းတာပဲ” ထန်ရှုသည် ခပ်တိုးတိုး ရွတ်လိုက်သည်။ သူသည် လိပ်စာကတ်များအား စုလိုက်သော်လည်း သူ၏အိတ်ထဲသို့ ကောက်မထည့်သေးချေ။ လူအများနှင့် မိတ်ဖွဲ့ခြင်းသည် သူ ကျွမ်းကျင်သောအရာ မဟုတ်ချေ။ ကျားလွေဒေါင်၏ အဖြစ်ကြောင့် သူသည် ရက်အနည်းငယ် အချိန်ဖြုန်းမိနေသလို ခံစားရကာ သူ့အား လာရောက်ခြင်း အတွက် နောင်တရစေရန် တွေးနေသကဲ့သို့ ရှိသည်။ နိုင်နိုင်ရှုံးရှုံး ဒီနေ့ ဒီကိစ္စအား သူ လက်စသတ်တော့မည် ဖြစ်သည်။ ကျင့်ကြံမှုအတွက် ဆေးမြစ်တွေ၊ ရင်းမြစ်တွေနှင့် လိုအပ်သည်များ အတွက် အချိန်ပေးပြီး ရှာဖွေတော့ရန်အတွက် စဉ်းစားထားသည်။
အခြားအခန်းတွင် …
သက်လတ်ပိုင်းလူသည် ခေါင်းစောင်းကာ မေးလိုက်သည်။
“အစ်ကိုကြီး … အဲဒီထန်ရှုက ဘယ်ကလာတာလဲ။ ဘာကြောင့် သူ့ကို လေးစားနေရတာလဲ”
“ဒါမှန်တယ်။ အဲဒီချာတိတ်က စိတ်ကြီးဝင်နေသလိုပဲ”
မြောင်ဝမ်တန် အားယူပြုံးလိုက်ပြီး မချိစွာ ပြောလိုက်သည်။
“မင်းတို့ မနေ့ညက ထာဝရခိုင်မြဲခန်းမက အဖြစ်အပျက်ကို ကြားလိုက်တယ် မဟုတ်လား။ ရှောင်မင်ကျန်းနဲ့ ငါက ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်ကို တတိယအလွှာထိ ရောက်အောင် အောင်မြင်စွာ ချိုးဖောက်နိုင်လို့ ဂုဏ်ထူးဆောင် ဧည့်သည်တွေ ဖြစ်လာကြတယ်။ ဒါပေမဲ့ သူက အံ့သြဖို့ ကောင်းလောက်အောင်ကို ဆဋ္ဌမအလွှာထိ ရောက်အောင် ချိုးဖောက်နိုင်ခဲ့တယ်”
“ဘာ”
“ဘယ်လိုဖြစ်နိုင်မှာတုံး”
“ဘုရားရေ ...”
အံ့သြတုန်လှုပ်သည့် အမူအရာများသည် ကျင်းမန်ကျွန်း၏ စီးပွားရေး လုပ်ငန်းရှင်များတွင် ဖြစ်ပေါ်လာခဲ့ပြီး ချက်ချင်းပင် အာမေဋိတ်အသံများ ထွက်ပေါ်လာကြသည်။
“မင်းတို့ အံ့အားသင့်ကြသလိုပဲ ငါလည်း အံ့အားသင့်တာပဲ။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ငါတွေးခဲ့တယ်။ ဒါပေမဲ့ ငါကိုယ်တိုင်ပဲ သက်သေအဖြစ် ရှိနေလို့ရတယ်။ ငါ ဘယ်လိုအမှားမျိုး လုပ်ခဲ့လဲဆိုတာ သိလား။ ငါ သူ့ကို ဘာကြောင့် တောင်းပန်နေရလဲဆိုတော့ သူ အဲဒီအစီအရင်ကို စိန်မခေါ်ခင်က ငါ သူ့ကို အထင်အမြင်သေးပြီး လှောင်ပြောင်ခဲ့မိတယ်။ ပြီးတော့ ငါ့မျက်နှာတောင် မပြဝံ့လောက်အောင် ရှက်ခဲ့ရတာ”
“အစ်ကိုကြီးမြောင် …သူက အရမ်းငယ်လွန်းတယ်။ သူ အသက်၂၀အောက်ပဲ ရှိသေးတယ်လို့ ကျွန်တော် ပြောနိုင်တယ်။ သူ ဘယ်လို စွမ်းအားကြီးတာ ဖြစ်နိုင်မှာလဲ”
မြောင်ဝမ်တန် ပြုံးလိုက်သည်။
“မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူကို ပြန်မေးရမှာလဲ။ အတိုချုံးပြောရရင် စွမ်းရည်ရှိမှုနဲ့ ဉာဏ်ပညာတို့ကို အသုံးပြုပြီး ဒီကလေးကို အထင်အမြင် မသေးတာ ပိုကောင်းလိမ့်မယ်။ ဒီကမ ာကြီးမှာ မိတ်ဆွေအများအပြား ရှိတာဟာ ရန်သူအများကြီး ရှိတာထက် ပိုကောင်းတဲ့နည်းပဲ”
“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်”
နေ့လယ် ၁နာရီ၅၀မိနစ် …
ထန်ရှုသည် လေးလွှာမှ လောင်းကစားရုံသို့ လာခဲ့သည်။ ထိုခဏတွင် လူအများအပြားသည် လောင်းကစားရုံသို့ လာနေကြသည်။ လောင်းကစားရုံသည် လောင်းကစားစက်များ၊ ဝန်ထမ်းများနှင့် ပစ္စည်းကိရိယာများဖြင့် ပြည့်နှက်နေပြီး မိမိတို့စွမ်းရည်အား စမ်းသပ်လိုကြသည့် လောင်းကစားသမားများသည် ဝိုင်းအုံလျက်ရှိနေသည်။ သုခဘုံအသင်းသည် လောင်းကစားနေရာအား ပံ့ပိုးပေးထားသော်လည်း သူတို့ကိုယ်တိုင်မှမူ ဝင်ရောက်ကစားခြင်း မပြုပေ။ သို့သော် လောင်းကစားပွဲတစ်ခု ကျင်းပတိုင်း သူတို့သည် စားပွဲပေါ်တွင် တင်ထားသော စုစုပေါင်း ငွေပမာဏ၏ ၁%အား ဝေစုအဖြစ်ရရှိလေသည်။ ထို့ကြောင့် ၁%ဆိုစေကာမူ လာရောက်ကစားကြသော လူအရေအတွက်နှင့် ရက်အရေအတွက်အား စဉ်းစားမိပါက အမြတ်ပမာဏသည် အတော်ကြီးမားသည်ဟု ဆိုနိုင်သည်။
“မာစတာထန် … လောင်းကစားပွဲက ဗွီအိုင်ပီသီးသန့်ခန်းမှာ ကျင်းပလိမ့်မယ်။ ငါ့ဆရာက အဲဒီအခန်းမှာ မာစတာကို စောင့်နေပါတယ်” ကုန်းတာလုံသည် လောင်းကစားခန်းမတွင် စောင့်နေပြီး ထန်ရှုအားမြင်သည်နှင့် ချက်ချင်း အနားရောက်လာကာ လေးစားစွာ နှုတ်ဆက်လိုက်သည်။
“လောင်းကစားပွဲစတင်ဖို့ မိနစ်ပိုင်းသာ လိုတော့တယ်နဲ့တူတယ်။ ရှေ့က ဦးဆောင်သွားပါ။ ကစားပွဲကို အဆုံးသတ်ကြစို့။ ကျွန်တော့်မှာ တခြား ဂရုစိုက်ရမဲ့အရာတွေ ရှိသေးတယ်” ထန်ရှုသည် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကောင်းပါပြီ” ကုန်းတာလုံသည် လေးစားစွာ လိုက်နာလိုက်သည်။
ဗွီအိုင်ပီသီးသန့်ခန်းသည် စတုရန်းမီတာရာ အနည်းငယ်ကျယ်ဝန်းပြီး လောင်းကစားအမျိုးမျိုး ပြင်ဆင်ပြီးဖြစ်သည်။ ကျားလွေဒေါင်နှင့် သူတပည့်များ၊ ချန်းကိုင်နှင့် သူ၏ ဈေးကြီးကြီးပေးကာ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်အဆင့် လောင်းကစားသမား ရီတိုက်ဖူတို့အပြင် ရာဂဏန်းခန့်ရှိသော လူများသည် ကြည့်ရှုရန်အတွက် ရောက်နေကြပြီဖြစ်သည်။ ထိုလူများသည် သည်သီးသန့်ခန်းသို့ ဝင်ရောက်နိုင်ခွင့်ရှိသည့် သာမန်ထက် သာလွန်သည့် လူများဖြစ်ပြီး ထိုသို့ဝင်ခွင့်ရရှိရန် အတွက် အခြားမှ ထောက်ခံချက် အနည်းဆုံး ရှိရမည်ဖြစ်သည်။ မြောင်ဝမ်တန်အား ကြည့်ရှုသူများကြားတွင် တွေ့ရပြီး ကျင်းမန်ကျွန်း၏ ထူးချွန်သော စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ လူများလည်း ရှိနေကြသည်။
မြောင်ဝမ်တန်သည် ထန်ရှု ရောက်လာသည်ကို တွေ့မြင်သည်။ မည်သူ၏ဘက်မှ လောင်းကစားမည်ကို ထန်ရှုသည် သိနေပုံရသောကြောင့် မြောင်ဝမ်တန်၏ မျက်နှာတွင် အမျိုးအမည်မသိသော အရိပ်အယောင် ပေါ်ထွက်လာခဲ့သည်။ အခြားသော သူများသည်လည်း အဖြေရှာဟန်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
သီးသန့်ခန်းထဲတွင် လူများစွာ ရှိနေသောကြောင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လုံခြုံရေးအယောက်၂၀သည် လောင်းကစားပွဲတွင် မည်သည့် အနှောင့်အယှက်မျှ မဖြစ်စေရန်အတွက် စောင့်ကြပ်နေကြသည်။
“အာ ... နောက်ဆုံးတော့ မင်းရောက်လာပြီ ညီလေးထန်။ လောင်းကစားပွဲတောင် စတော့မယ်” ကျားလွေဒေါင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားမှုနှင့် စိတ်မရှည်မှုများ တောက်လောင်နေရာမှ လျင်မြန်စွာ ထန်ရှုအား နှုတ်ဆက်ကြသည်။
ထန်ရှု ပြောလိုက်သည်။ “အေးဆေးသာနေပါ။ ကျွန်တော်လုပ်ရမဲ့ဟာ ကျွန်တော် သိပါတယ်”
ထန်ရှုသည် စားပွဲတစ်ဖက်ရှိ ချန်းကိုင်အား ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိတ်သဘောထားမမှန်သော အရိပ်အယောင်များ တွေ့ရသည်။ ဆန့်ကျင်ဘက် အနေဖြင့် သက်လတ်ပိုင်းအရွယ် ကတုံးနှင့်လူသည် အလွန် စိတ်အားထက်နေဟန်ဖြင့် သူ၏လက်များအား ပွတ်နေသည်။ ထန်ရှုသည် ရှေ့သို့လှမ်းလိုက်သည်။ ပွဲကြည့်ပရိသတ်များ အားလုံး၏ အကြည့်အောက်တွင် ထန်ရှုသည် သက်လတ်ပိုင်းလူအား ကြည့်လိုက်ကာ လေးနက်သော အသံဖြင့် …
“ခင်ဗျားက ရီတိုက်ဖူလား။ မကာအိုက ရွှေလက်ချောင်းလို့ အမည်တွင်တဲ့ ကျွမ်းကျင် လောင်းကစားပညာရှင် မဟုတ်လား”
သက်လတ်ပိုင်းလူသည် သူ၏မေးစေ့အား ပင့်တင်လျက် ထန်ရှုအား မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။
“အဲဒါ ငါပဲ။ မင်းက ဘယ်သူလဲ။ ကျားလွေဒေါင်က လောင်းကစားရှုံးထားလို့ မကစားရဲတော့ဘူး။ အခုမင်းက သူ့ကိုယ်စား ကစားပေးဖို့လား”
ထန်ရှုသည် ကုလားထိုင် တစ်လုံးအား ဆွဲယူကာ ရီတိုက်ဖူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ခံစားချက်မရှိသော လေသံဖြင့် …
“ဟုတ်တယ်။ ကျွန်တော်က ခင်ဗျားနဲ့ ကစားမည့်သူပဲ။ ဒါပေမဲ့ လူတွေက ခက်ခဲတဲ့ဟာနဲ့ ရှုပ်ထွေးတဲ့ လောင်းကစားတွေကို မကြိုက်ကြတော့ ကျွန်တော် ဝန်လေးနေတယ်။ ခင်ဗျားကရော ဘယ်လိုသဘောရလဲ”
ရီတိုက်ဖူ မေးလိုက်သည်။ “ရိုးရှင်းတဲ့ဟာဆိုရင်ရော”
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော်တို့ ရွှေရောင်ပန်းပွင့် ချည်နှောင်တာ ကစားပြီး နံပါတ်ချင်း ပြိုင်ကြရင်ရော”
ရွှေရောင်ပန်းပွင့် ချည်နှောင်တာ ကစားပြီး နံပါတ်ချင်း ပြိုင်ကြမှာတဲ့လား …။
ရီတိုက်ဖူသည် ထူးဆန်းသော အမူအရာဖြင့် ထန်ရှုအား အထင်သေးသွားသည်။ သူသည် အသံများထွက်အောင် ရယ်မောလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“မင်း ကတ်တွေကို ယှဉ်မဲ့ကစားနည်းကို ပြုလုပ်ချင်တာ သေချာလား။ ဒါပေမဲ့ ငါ မင်းကို မကစားခင် ပြောလိုက်ဦးမယ်။ ငါက နည်းနည်းပါးပါး လောင်းတာလောက်တော့ မလုပ်ချင်ဘူး။ အာမခံငွေတစ်သိန်းနဲ့ အနိမ့်ဆုံး လောင်းကြေးက ယွမ်တစ်သိန်းလောက် ဆိုရင်ရော။ မင်းကစားရဲလား”
“ကျွန်တော်က ဘာကြောင့် ကြောက်နေရမှာလဲ။ သဘောတူတယ်” အေးစက်စက် အရိပ်အယောင်သည် ထန်ရှု၏မျက်လုံးထဲတွင် ရိပ်ခနဲ ပေါ်လာပြီးလျှင် ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
******