ပထမပွဲ အနိုင်ရရှိခြင်း
Vol. 02 Ch. 91
ဘေးနားတွင် ရပ်နေသော ကျားလွေဒေါင်သည် ထိုစကားအား ကြားလိုက်ရသဖြင့် ရုတ်ခြည်းပင် သတိပေးလိုက်သည်။
“ညီလေးထန် … ငါ့ ကျောက်စိမ်းဆွဲသီး …”
ထန်ရှုသည် သူ့အား ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“စိတ်ရှည်ပါ။ သူ အခွင့်အရေး ပေးမယ်လို့ ပြောထားပြီးသားလေ။ သူတို့ ပြန်မယူဘူးလို့ ငါ ယုံတယ်”
“ကောင်းပြီ”
ကျားလွေဒေါင်သည် တွန့်ဆုတ်နေသောလည်း ထန်ရှုအား ပြန်လည် မချေပရဲပါပေ။
ထူးဆန်းသော အမူအရာသည် မြောင်ဝမ်တန်ထံတွင် ဖြစ်ပေါ်လာသည်။ သူသည် ပွဲကြည့် ပရိသတ်ကြားထဲတွင် ရှိနေပြီး ထန်ရှုသည် လောင်းကစားတစ်ဖက်မှ ပါဝင်လိမ့်မည်ဟု ထင်မထားသောကြောင့် အံ့အားသင့်နေသည်။ ထန်ရှုသည် ကျင့်ကြံသူနှင့် အစီအရင်မာစတာ တစ်ယောက်ဖြစ်မှန်း သူသိထားသည်။ သို့သော် လောင်းကစားသမား တစ်ယောက်ပါဖြစ်လိမ့်မည်ဟု ထင်မထားပါချေ။
အမှန်တကယ်အားဖြင့် ဒီကျင်းမန်ကျွန်းမှ စီးပွားရေး လုပ်ငန်းရှင်များမှ အတင်း ဆွဲခေါ်လာသဖြင့်သာ သူသည် စိတ်မပါစွာနှင့် သည်နေရာသို့ ပါလာခြင်းဖြစ်သည်။ သို့သော် ယခုမူ သူ၏စိတ်ဝင်စားမှုသည် နိုးထလာခဲ့ပြီဖြစ်သည်။
အစီအရင်အား ချိုးဖောက်နိုင်သော ထန်ရှု၏ ပြိုင်ဖက်ကင်း စွမ်းရည်အား သူ သိထားသောကြောင့် လောင်းကစားခြင်းတွင်လည်း သူမည်မျှ အစွမ်းထက်မည်ကို သူ တွေ့လိုမြင်လိုလှသည်။
သည်အချိန်တွင် …
လက်အိတ်အဖြူရောင် ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးနှင့်အတူ အိုးရန်လူလူသည် ချူယီနှင့် ပိုင်ထောင်တို့၏နောက်မှ လိုက်လာလျက် ဗွီအိုင်ပီသီးသန့်ခန်း၏ တံခါးဝတွင် ပေါ်လာခဲ့သည်။
“ဂုဏ်သရေရှိ အမျိုးသမီးနှင့် အမျိုးသားတို့ … ကျွန်မတို့ရဲ့ သုခဘုံအသင်းက ကြိုဆိုပါတယ်။ နာမည်နဲ့လိုက်ဖက်ညီစွာပဲ ဒီနေရာလေးက ကျွန်မတို့ဧည့်သည် အားလုံးအတွက် သုခဘုံလေးပါပဲ။ လူကြီးမင်းတို့ ဆန္ဒရှိတဲ့အတိုင်း ကစားနိုင်ကြ လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါမယ်။ ကျွန်မက အိုးရန်လူလူပါ။ ဒီသုခဘုံအသင်းရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ သည်ဘက်ကတော့ ကျွန်မတို့ သုခဘုံအသင်းရဲ့ အထူးချွန်ဆုံး ဖဲဝေသူ ဒိုင်ဖြစ်ပါတယ်။ သူမက လူကြီးမင်းတို့အတွက် ဘက်မလိုက်ဘဲ တရားမျှတစွာနဲ့ ဆောင်ရွက်ပေးလိမ့်မယ် ဆိုတာ အာမခံပါတယ်” အိုးရန်လူလူသည် စကားပြောနေစဉ်အတွင်း ထန်ရှုနှင့် ရီတိုက်ဖူအား ကြည့်ကာ ပြုံးပြလိုက်သည်။
“ဖြောင်း … ဖြောင်း … ဖြောင်း …”
နွေးထွေးသော အားပေး လက်ခုပ်သံများသည် ဗွီအိုင်ပီ သီးသန့်ခန်းထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။ အလှလေးတစ်ယောက်၏ လွှမ်းမိုးနိုင်မှုသည် အမြဲလိုပင် ကြီးမားသည်။ ထိုအလှအပလေးထဲတွင် လေးစားစရာ အခြေအနေ ထပ်ပေါင်းလိုက်သောအခါ ပိုလို့ပင် ကောင်းမွန်သွားတော့သည်။ အိုးရန်လူလူသည် အားလုံးပြည့်စုံနေသော ကမ္ဘာ့အဆင့်မီ အလှလေးတစ်ယောက် ဖြစ်သောကြောင့် သူမထံမှ စကားအနည်းငယ် ထွက်လာရုံဖြင့် ခန်းမတစ်ခုလုံးသည် အားပေးသံများ ပြည့်သွားတော့သည်။
ကျက်သရေနှင့် ပြည့်စုံသော အမျိုးသမီး ဖဲဝေသူဒိုင်သည် လောင်းကစား စားပွဲသို့ လာရောက်ကာ ပြုံးလျက် မေးလိုက်သည်။
“မင်းတို့၂ယောက် ကစားချင်တဲ့ လောင်းကစားနည်းကို ရွေးပြီးပြီလား”
ရီတိုက်ဖူ ပြန်ပြောလိုက်သည်။ “ရွှေရောင်ပန်းပွင့် ချည်နှောင်ခြင်း”
ဖဲဝေသူဒိုင်သည် မျက်မှောင်တစ်ခဏ ကြုတ်သွားပြီးနောက် ပြုံးလိုက်သည်။ သူသည် သုခဘုံအသင်း၏ အကောင်းဆုံး ဖဲဝေသူဖြစ်သောကြောင့် အရေးကြီးသော လောင်းကစားပွဲများတွင် များစွာ အတွေ့အကြုံရှိသူလည်း ဖြစ်သည်။ သို့သော် လူအနည်းငယ်သာလျှင် ရွှေရောင်ပန်းပွင့် ချည်နှောင်ခြင်း ကစားနည်းအား လောင်းကစား စံအိမ်ကြီးများတွင် ကစားလိမ့်မည်။ ယခုမူ ကစားသမား၂ယောက်သာ ရှိသည်။ သူမသည် ထန်ရှုအား ကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။
“မင်း စည်းမျဉ်းတွေ သတ်မှတ်ပြီးပြီလား။ အာမခံငွေ ဘယ်လောက်ထားမယ်လို့ စဉ်းစားထားလဲ။ လောင်းကြေးတိုးတိုင်း ထပ်တိုးမှာလား။ အမြင့်ဆုံးကန့်သတ်ချက် ဘယ်လောက်ထားမလဲ”
ရီတိုက်ဖူသည် လောင်းကစား စားပွဲပေါ်တွင် လက်ဖြင့်ထောက်ကာ မတ်တတ် ရပ်လိုက်သည်။ သူသည် အသံများထွက်အောင် ရယ်မောလျက် …
“ဟီးဟီး ... ဒီညီငယ်လေးက အတော် မာနကြီးတယ်လို့ ငါ ထင်တယ်။ အဲဒါကြောင့် အာမခံငွေတစ်သန်း အဖြစ်နဲ့ရော လောင်းကြေးကို အနည်းဆုံး ယွမ်၁သန်းထားဖို့ ငါ အကြံပေးထားတယ်။ အမြင့်ဆုံး ကန့်သတ်ချက်တော့ မရှိဘူး”
ဖဲဝေသူဒိုင်သည် ထန်ရှုအား ကြည့်လိုက်သည်။
ထန်ရှုသည် ထူးမခြားနားစွာ ပြောလိုက်သည်။
“ကျွန်တော့်အတွက် အဆင်ပြေပါတယ်”
“နှစ်ယောက်စလုံးက ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့ ဒီစည်းမျဉ်းတွေကို လေးစား လိုက်နာရလိမ့်မယ်။ အခု မင်းတို့ရဲ့ လောင်းကစား ငွေကြေးပြားတွေ ငါ့ကို ပြပါ”
ကျားလွေဒေါင်သည် သူ၏သားထံမှ လောင်းကစား ငွေကြေးပြားများအား လျင်မြန်စွာ ယူလိုက်ကာ ထန်ရှုအရှေ့တွင် ထားလိုက်သည်။ ထို့နောက် မချိပြုံးဖြင့် ပြောလိုက်သည်။
“ညီလေးထန် … ငါ အရင်က ရှုံးထားတွေ ရှိတော့ ချေးလို့ရတဲ့ပိုက်ဆံ ၅၆သန်းပဲ ကျန်တော့တယ်။ တစ်ချက်ကြည့်ပါ”
“ဒါ လုံလောက်ပါတယ်” ထန်ရှုသည် ပေါ့ပါးစွာ ပြောလိုက်သည်။
မီတာအနည်းငယ်ခြားသော စားပွဲတစ်ဖက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရီတိုက်ဖူသည် ကျားလွေဒေါင်၏ စကားအား ကြားလိုက်ရသဖြင့် ဟက်ဟက်ပက်ပက် ရယ်မောကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“ဒီနေ့ လောင်းကစားပွဲက ကြီးကျယ်လိမ့်မယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမဲ့ မင်းမှာ ၅၆သန်းပဲ ရှိတော့တာလား။ ဘယ်လောက်တောင် ပျင်းစရာ ကောင်းလိုက်လဲကွာ။ ဟေး ကျားလွေဒေါင် ... အနည်းနဲ့အများဆိုသလို မင်းလည်း ကျော်ကြားတဲ့ ကျွမ်းကျင် လောင်းကစားပညာရှင် တစ်ယောက်ပဲ။ ဘာလို့ တခြားသူတွေဆီက မချေးတာလဲ။ ဒါမှမဟုတ် မင်း မချေးနိုင်တော့တာလား။ ဟား ... ဟား ... ဟား ...”
ပွဲကြည့်ပရိသတ်များ ကြားထဲတွင် ရီတိုက်ဖူနှင့် ကျားလွေဒေါင်တို့ကြားမှ လောင်းကစားပွဲအား ကြည့်ဖူးကြသော သူများ ရှိနေသောကြောင့် သူတို့သည် ကျားလွေဒေါင် အမြောက်အမြား ရှုံးထားသည်ကို သိကြသည်။ သို့ဖြစ်ရာ အနိုင်ရသူသည် ဘုရင်ပမာ ကြိုဆိုခံရသူဖြစ်ပြီး ရှုံးနိမ့်သူသည် သူခိုးဓားပြသဖွယ် ဆက်ဆံခံရသည်မှာ ထုံးစံဖြစ်သောကြောင့် ငွေများ ရှုံးနိမ့်သူသည် မည်သည့်အခါမျှ လေးစားမှုကို ရရှလိမ့်မည် မဟုတ်ချေ။ စကားပြောသံများ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
“ဟ ... ကျားလွေဒေါင်က အပြင်ပန်းကြည့်ရင် သန်မာသလိုလိုနဲ့ အတွင်းက အားနည်းတဲ့သူပဲ။ သူ ဘယ်လောက် ရှုံးသွားလို့လဲ။ သန်းရာဂဏန်းလောက်ကို သူ ထပ်ပြီး မချေးနိုင်တော့ဘူး တဲ့လား။ သူက မယုံကြည်ရတဲ့သူမို့လို့လား။ ဒါမှမဟုတ် သူ့မှာ သူငယ်ချင်းကောင်းတွေ မရှိတော့လို့လား”
“သူ့လုပ်ရပ်အတွက် သူ ရတာပဲ။ ဒီလောက် ပိုက်ဆံလေးပဲ ရှိတာကို သူများနဲ့ ဆက်လောင်းရဲနေသေးတယ်။ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာကို တကယ်မသိတဲ့သူ။ ဟိုးရှေ့ရက်က သူ တော်တော် ရှုံးနေတာ ငါတွေ့ဖူးတယ်။ သွားလေသူ ဇနီးရဲ့ကျောက်စိမ်းဆွဲသီးတောင် လောင်းကြေးထပ်တာနော် ငါ့လူရေ။ အဲဒါလည်း ရှုံးတာပါပဲ”
“သောက်ကျိုးနည်း။ ဒီလောက်ငွေလေးနဲ့ ကစားနေသေးတယ်။ ဒါ တခြားကစားသမားကို ငါ့ပိုက်ဆံတွေ ယူသွားပါတော့လို့ ပေးနေတာနဲ့ အတူတူပဲ မဟုတ်လား။ ငါ တွေ့ဖူးသမျှ မိုက်မဲမှုတွေထဲမှာ ဒါလောက် မိုက်မဲတာမျိုး မတွေ့ဖူးဘူးဟေ့”
“ဒီကို လာကြည့်မိတာတောင် နောင်တရတယ်”
“ …”
ကျားလွေဒေါင်သည် ပြောင်မြောက်သော လောင်းကစားနည်းများ ရှိသည့် ကျွမ်းကျင်အဆင့် လောင်းကစားသမား တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူ၏ အကြားစွမ်းရည်သည် အလွန်ထက်မြက်သည်။ ပွဲကြည့်ပရိသတ်များထံမှ ထိုသို့သော မှတ်ချက်ပြုသံများအား ရှင်းလင်းစွာ ကြားလိုက်ရသည့် ခဏတွင် သူသည် အလွန်တရာ ရှက်လှသောကြောင့် သူ၏အိုမင်းသော မျက်နှာသည် နီရဲလာပြီး သူ၏မျက်ဝန်းထဲတွင် စိတ်မချမ်းမြေ့မှုများ ပြည့်လျက်ရှိနေသည်။ သူ၏ တပည့်၃ယောက် မျက်ဝန်းများထဲတွင်လည်း ဒေါသမီးများ တောက်လောင်လျက် ရီတိုက်ဖူအား စိုက်ကြည့်နေကြပြီး အရိုးများချိုး၊ အသက်ရှင်လျက် အရေခွံဆုတ်ကာ ပူပြင်း တောက်လောင်သော နေမင်းအောက်တွင် သူ့အား ထားရှိလိုကြသည်။
ထန်ရှုသည် ရီတိုက်ဖူအား ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကြည့်လိုက်ပြီး စိတ်ထဲမှ ကြိတ်ကာ လှောင်ပြောင်လိုက်သည်။ အမြင့်တစ်နေရာတွင် ရှိနေသောသူသည် မြင့်မားဝေးလံနေသည့်ဟန် ရှိသော်လည်း ထိုသူ ပြိုလဲပါက အရှိန်ပြင်းပြင်းဖြင့် အထိနာလိမ့်မည် ဖြစ်သည်။ လူတစ်ယောက်သည် လောင်းကစားပြိုင်ပွဲတွင် ရှုံးနိမ့်ဖို့ ဖြစ်လာပါက ထိုအရာသည် အဆင်ပြေသေးသည်ဟု ဆိုနိုင်သည်။ သို့သော် လူတစ်ယောက်သည် လောင်းကစား ယှဉ်ပြိုင်မှုတိုက်ပွဲတွင် အနိုင်ရလိုပြီး တိုက်ပွဲ၏ အလင်းတန်း ပြုလုပ်လိုပါက အင်မတန် သေးငယ်သော သတိမပြုမိလေးက ပင်လျှင် သူ့အား အရာရာကို ဆုံးရှုံးစေနိုင်လိမ့်မည်။ အချိန်ရောက်လာပါက သူ၏စိတ်ကြီးဝင်မှုသည် သူ့အား နောင်တကြီးစွာ ရအောင် ပြုလုပ်ပေလိမ့်မည် ဖြစ်သည်။
“အရေးမပါတဲ့ စကားတွေ မလိုဘူး။ စကြရအောင်”
ရီတိုက်ဖူသည် လှောင်ရိပ်များ စွန်းထင်းနေသော အကြည့်တို့ဖြင့် ထန်ရှုအား စိတ်ကြီးဝင်စွာ ကြည့်လိုက်ပြီးနောက် သူ၏ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ ထို့နောက် အေးစက်သောအသံဖြင့် ပြောလိုက်သည်။
“စပါ”
“ဒေါင် ...”
ဖဲဝေသူဒိုင်သည် ခေါင်းညိတ်လိုက်ကာ ခေါင်းလောင်းတီး လိုက်သည်။ ရုတ်ခြည်းပင် ဗွီအိုင်ပီသီးသန့်ခန်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။
သူမသည် အကူထံမှ ဖဲ၈ချပ်အား ယူလိုက်ကာ စားပွဲပေါ်သို့ တင်လိုက်ပြီး ဖဲချပ်အသစ်တစ်ချပ် ဆွဲလိုက်သည်။ အံ့သြဖွယ် ကောင်းလောက်အောင် ဖဲချိုးပြီးနောက် သူမသည် ပြောလိုက်သည်။
“နှစ်ဖက်စလုံး ကျေးဇူးပြုပြီး ကတ်တွေကို စစ်ဆေးပါ”
“မလိုတော့ဘူး”
ရီတိုက်ဖူသည် သုခဘုံအသင်း၏ တရားမျှတမှုကို ယုံကြည်သောကြောင့် တန်း ငြင်းဆိုလိုက်သည်။
ထန်ရှုလည်း ခေါင်းယမ်းပြလိုက်သည်။ သူသည် ရီတိုက်ဖူထံတွင် ရှိသည့် မည်သည့် လှည့်စားချက်မဆို မကြောက်ချေ။ ထို့ပြင် ရီတိုက်ဖူသည် သူ၏ လှည့်စားချက်များအား တကယ်ကိုပင် ပြသချင်ပါက ဖဲချပ်များကို သူ စစ်ဆေးခဲ့ပါကလည်း မည်သည့် မရိုးသားမှုကိုမျှ ရှာတွေ့လိမ့်မည် မဟုတ်ပါချေ။
ဖဲဝေသူဒိုင်သည် ခေါင်းကို အသာညိတ်လိုက်သည်။ သူမသည် ဖဲအား ပိုင်းလိုက်ပြီးနောက် ကစားသမား တစ်ယောက်စီအား ဖဲ၃ချပ်စီ ဝေပေးလိုက်ပြီး ကျန်သည့်ဖဲချပ်များအား စားပွဲပေါ်မှ သူမ၏ရှေ့တွင် ပုံချထားလိုက်သည်။
ထန်ရှုသည် သူ၏ဖဲချပ်များအား ကောက်လိုက်ပြီး တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဖဲဝေသူဒိုင် ဖဲချိုးနေစဉ်က ထန်ရှုသည် သူမအား သေသေချာချာ ကြည့်ရှုပြီးဖြစ်သည်။ အခြားသူများအတွက် သူမ၏ အံ့မခန်း ဖဲချိုးလှုပ်ရှားမှုအား လိုက်မီနိုင်မည် မဟုတ်သော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလျက် သူသည် ထိုအရာအား ရှင်းရှင်းလင်းလင်း မြင်နိုင်ရုံသာမက ကျန်ရှိသည့် ဖဲပုံထဲတွင် ရှိသော ဖဲချပ်များ၏ နံပါတ်များနှင့် ပုံစံကိုပင် သူ သိလေသည်။
“၂ တစ်စုံ၊ ဟက် ၅”
ထန်ရှသည် သူ၏ဖဲချပ်များအား ကြည့်နေရင်းဖြင့်ပင် ရီတိုက်ဖူအား စိတ်ဝိညာဉ်အာရုံဖြင့် လေ့လာလိုက်သည်။ သူ၏ဖဲချပ်သည် ရီတိုက်ဖူထက် ပိုကြီးနေသောကြောင့် စိတ်ကျေနပ်လျက် ရှိသည်။ ရီတိုက်ဖူတွင် စပိတ်တစ်၊ ဟက် ၅နှင့် ဟက် ၃တို့သာ ရှိသည်။
“တစ်သန်း”
ရီတိုက်ဖူတွင် အပြုံးတစ်စ ပေါ်ထွက်လာခဲ့သည်။ သူ၏အရှေ့မှ လောင်းကြေးအား ကျုံးလိုက်ကာ စားပွဲအလယ်ရှိ လောင်းကြေးတင်သည့် နေရာသို့ တွန်းလိုက်သည်။
ထန်ရှုသည် တွေဝေနေသည့် ဟန်ဆောင်လိုက်သည်။ ထို့နောက် သူလည်း အရှေ့မှ လောင်းကြေးအား ယူလိုက်ပြီး လောင်းကြေး တင်လိုက်သည်။ သို့သော် စောင့်ကြည့်နေသော ရီတိုက်ဖူသည် ထန်ရှု၏တွေဝေနေဟန် ရှိသည့် အမူအရာအား စက္ကန့်ပိုင်းအတွင်း တွေ့လိုက်သောကြောင့် သူသည် လောင်းကြေးငွေအား ထပ်မံယူလိုက်ကာ တွန်းပို့လိုက်ပြီး ပြောလိုက်သည်။
“၂ သန်း”
ထန်ရှုလည်း ထပ်မံထည့်လိုက်ကာ ပြောလိုက်သည်။
“ကျွန်တော်ရောပဲ”
ရီတိုက်ဖူသည် စိတ်တွင်းမှ လှောင်ပြောင်နေသည်။ သူသည် ထန်ရှု၏မျက်လုံးအား နက်နက်ရှိုင်းရှိုင်း ကြည့်ကာ ၂သန်း ထပ်ထည့်လိုက်သည်။
“ဆက်လုပ်ပါ”
သူ့ဖဲချပ်များနှင့် ပတ်သက်ပြီး ရီတိုက်ဖူသည် ဖဲချပ်အသေးများသာ ရထားသည်ကို သိရှိပြီးဖြစ်သည်။ သို့သော် သူသည် ကျော်ဖြတ်ပေးလိုက်ရသည့် ပထမဆုံးတစ်ယောက် မဖြစ်ချင်ပေ။ သူသည် ထန်ရှု၏ တွေဝေနေဟန်ရှိသည့် အမူအရာအား စက္ကန့်ပိုင်းအတွင်း သတိထားမိထားသဖြင့် ထန်ရှု၏ဖဲချပ်သည် သေချာပေါက် ငယ်ရမည်ဟု ခန့်မှန်းထားသည်။ ထို့ပြင် သည်အချိန်အပိုင်းသည် ပဏာမကစားခြင်း တစ်ခုသာ ဖြစ်သည်။ သူ ရှုံးခဲ့ရင်တောင်မှ ပမာဏ အနည်းငယ်သာ ဖြစ်သည်။ ဒီနေ့ကစားရန် အတွက် လောင်းကြေး သန်း၅၀၀ ရမည်ဟု ချန်းကိုင်မှ သူ့အား ကတိပေးထားသည်။
“ကျွန်တော်လည်း တိုးတယ်” ထန်ရှု ထပ်ပြောလိုက်သည်။
ရီတိုက်ဖူသည် လှောင်ပြောင်လိုက်ပြီး လောင်းကြေးငွေပြား အပုံတစ်ခုအား ထန်ရှုအား ခြောက်လှန့်ရန်အတွက် တွန်းလိုက်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“၁၀ သန်း”
သည်တစ်ကြိမ်တွင် ထန်ရှုသည် အမှန်တကယ် ထိတ်လန့်သွားသည်။ ရီတိုက်ဖူသည် ရုတ်တရက် ၁၀သိန်းလောင်းရန် မည်သည့်နေရာမှ ယုံကြည်မှု ရရှိနေသည်ကို သူ နားမလည်နိုင် ဖြစ်ရသည်။ စားပွဲပေါ်ရှိ ယခင်လောင်းကြေးများနှင့် ပေါင်းပါက သူသည် ၁၄သန်း ယူပြီးဖြစ်သည်။ သို့သော်လည်း သူ့တွင်ရှိသော မည်သည့် ရည်ရွယ်ချက်ကိုမျှ ထည့်သွင်းမစဉ်းစားလျှင် သူ၏ဖဲချပ်များသည် ရီတိုက်ဖူထက် ကြီးသောကြောင့် သူ နောက်မတွန့်ပါချေ။
“သန်း၂၀” ထန်ရှုသည် သူ၏ လောင်းကြေးပြားများအား တွန်းကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
ရီတိုက်ဖူ၏မျက်ခုံးများ တွန့်သွားသည်။ သူသည် ထန်ရှု၏ အမူအရာအား ကြည့်လိုက်သည်။ ထန်ရှုသည် တည်ငြိမ်ချင် ဟန်ဆောင်နေပြီး သူ၏လှုပ်ရှားမှုအား ဟန့်တားရန် ခြောက်လှန့်ခြင်း သက်သက်ဟုသာ သူတွေးလိုက်သည်။ သူသည် သန်း၂၀အား ထပ်မံတွန်းလိုက်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
“ဒီဟာက ပဏာမ ကစားပွဲလေးတစ်ခုပါကွ။ ငါတို့ အဲဒီလောက် အများကြီး ကစားဖို့ မလိုပါဘူး။ ကောင်းပြီ။ ငါလည်း သန်း၂၀ ပေးမယ်။ မင်းရဲ့ကတ်တွေကို ဖွင့်လိုက်တော့”
“ခင်ဗျား သေချာပြီလား” ထန်ရှုသည် အေးဆေးစွာ မေးလိုက်သည်။
ရီတိုက်ဖူသည် လှောင်ပြောင်ကာ …
“သေချာတာပေါ့။ မင်းရဲ့ဖဲချပ်တွေကို ဘာလို့ မဖွင့်သေးတာလဲ”
ထန်ရှုသည် ဘာမျှ မပြောတော့ပဲ သူ၏ဖဲချပ်များကိုသာ တိုက်ရိုက် ဖွင့်ပြလိုက်သည်။
စက္ကန့်ပိုင်းအတွင်း ရီတိုက်ဖူ၏ မျက်နှာသည် နီရဲသွားကာ မလိုလားသော အမူအရာသည် သူ၏ မျက်ဝန်းမှတစ်ဆင့် မြင်နိုင်ပေသည်။ ထန်ရှု၏ ကတ်များသည် အသေးများဖြစ်မည်ဟု သူ တကယ် မှန်ကန်စွာ ခန့်မှန်းခဲ့သည်ဟု ထင်ခဲ့သော်လည်း ထန်ရှု၏ ကတ်များသည် ကြီးနေကာ သူ၏ကတ်များအား ရိုက်ချရန် လုံလောက်သည်ကို တွေ့နိုင်ပေသည်။ သို့သော်လည်း သူသည် ထန်ရှုအား အဟုန်ဖြင့်နိုင်ခြင်းအား ခွင့်မပြုလိုသောကြောင့် သူ၏လက်ထဲမှ ကတ်များအား ဟန်ဆောင်ကာ ပစ်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
“မင်းက ငယ်ရွယ်သူ တစ်ယောက်မို့ ငါက ကျွမ်းကျင်သူတစ်ယောက် အနေနဲ့ သုံးပွဲကစားမဲ့အထဲက မင်းကို ပထမပွဲကို အနိုင်ပေးလိုက်တာ။ မင်း အနိုင်ရတဲ့ခံစားမှုကို ခံစားနိုင်အောင်လို့။ ပြီးရင် မင်းရဲ့ စိတ်ဓာတ်ပိုင်းကို ကြိုတင် ပြင်ဆင်ထားပေတော့”
ထန်ရှုသည် စားပွဲအလယ်ရှိ လောင်းကြေးပုံအား ကြည့်လိုက်သည်။ လောင်းကြေးငွေ တစ်သိန်းသာ ချန်ထားလျက် ကျန်ငွေများအား သူ့ဘက်သို့ တွန်းယူလိုက်သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အာ ... ကျွန်တော့်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူး အများကြီးတင်တယ်။ နောက်ပိုင်းအတွက် ကျွန်တော်လည်း စောင့်ကြည့်နေပါမယ်”
ပထမပွဲ အနိုင်ရရှိခြင်း။ စုစုပေါင်း ၃၄သန်း သူ နိုင်ခဲ့သည်။
သည်အခြေအနေမျိုးအား ကြည့်ကာ သူ သက်ပြင်းတစ်ချက် ချမိသည်။ လောင်းကစားပွဲတွင် အနိုင်ရဖို့ သေချာခြင်းသည် လွယ်ကူပေသည်။ သည်ဟာကို ကြည့်ခြင်းအားဖြင့် လူအများသည် လောင်းကစားပွဲအား ချစ်မြတ်နိုးကြသည်မှာ အဆန်း မဟုတ်တော့ပါချေ။ တစ်ညတည်းဖြင့် ချမ်းသာခြင်းသည် လူတိုင်း၏ အိပ်မက်ဖြစ်ပြီး မည်သူမျှ သည်ဟာအား ငြင်းဆိုကြလိမ့်မည် မဟုတ်ချေ။
ထန်ရှု၏ဘေးတွင် မတ်တတ်ရပ်နေသော ကျားလွေဒေါင်၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ ကောင်းမွန်သောကံဖြင့် ထန်ရှုအတွက် ပွဲဦးထွက် ကောင်းပေသည်။ ပထမပွဲစဉ်တွင် ထန်ရှု အနိုင်ရလိုက်သည်ကို မြင်ရသောကြောင့် သူ၏ တပည့်၃ယောက် သည်လည်း ပြုံးရွှင်နေကြသည်။
အံ့အားသင့်သော အကြည့်၊ အံ့အားသင့်သော အမူအရာတို့သည် လောင်းကစား ယှဉ်ပြိုင်ပွဲအား စောင့်ကြည့်နေသော ပွဲကြည့်ပရိသတ်များ အားလုံးတွင် ဖြစ်ပေါ်နေပေသည်။ အမည်မသိ လူငယ်လေးတစ်ဦးမှ နာမည်ကြီး ရီတိုက်ဖူအား အနိုင်ရရှိလိမ့်မည်ဟု သူတို့သည် မထင်ထားကြပေ။ ရီတိုက်ဖူသည် ထန်ရှုအား အနိုင်ပေးလိုက်သည်ဟု ပြောသောငြားလည်း ထိုဟာသည် သူ၏ အစစ်အမှန် ရည်ရွယ်ချက် မဟုတ်သည်ကို လူတိုင်း တွေ့မြင်နိုင်ကြပေသည်။
****