လေးပွဲဆက်တိုက် အနိုင်ရရှိခြင်း
Vol. 02 Ch. 92
ဒုတိယပွဲ …
ဖဲဝေသူဒိုင်သည် ဖဲချပ်များအား ကုလားဖန် ထိုးလိုက်သည်။ သူမ ပြီးစီးသွားသော အခါ သူမသည် ထန်ရှုအား ကြည့်ကာ ပြောလိုက်သည်။
“မစ္စတာထန်ရှုက ပထမပွဲမှာ နိုင်ခဲ့တာဆိုတော့ ပြောဖို့ ပထမအခွင့်အရေး ရှိပါတယ်”
သည်တစ်ကြိမ်တွင်တော့ ထန်ရှုသည် သူ၏ဖဲချပ်များအား အရင်မဖွင့်ကြည့်ပေ။ သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် လှမ်းကြည့် ထားပြီးသောကြောင့် ဖြစ်သည်။ ထို့အတူ ရီတိုက်ဖူ၏ ဖဲချပ်များကိုလည်း သူသည် လှမ်းကြည့်နိုင်သည်။ သည်ဟာသည် အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်သော လိမ်နည်းဖြစ်ပြီး လိမ်ခြင်းအတွက် လုံး၀ နတ်ဘုရား လက်နက်အလားပင် ဖြစ်သည်။
“၁၀သန်း”
ထန်ရှုသည် လောင်းကြေးအတွက် ၁၀သိန်း ဖွင့်လိုက်သည်။ သူသည် မျက်တောင်မခတ်ဘဲ ပြောလိုက်ခြင်းဖြစ်သည်။
ထန်ရှုသည် သူ၏ဖဲချပ်များအား ဖွင့်မကြည့်သည်ကို တွေ့ရသော ရီတိုက်ဖူသည် ဟိတ်ဟန်ပါပါဖြင့် ပြုမူလိုက်ပြီး သူသည်လည်း ဖဲချပ်များအား ဖွင့်မကြည့်တော့ပဲ ၁၀သန်း တန်းကာ လိုက်လောင်းလိုက်သည်။
“သန်း၂၀”
ထန်ရှုသည် မျက်တောင်တစ်ချက် မခတ်ဘဲ လောင်းကြေးများအား တွန်းလိုက်ပြန်သည်။
ရီတိုက်ဖူသည် မျက်မှောင် ကြုတ်သွားသော်လည်း သန်း၂၀အား ထပ်မံတွန်းလိုက်ပြီး ပြောလိုက်သည်။
“ငါရောပဲ”
“သန်း၅၀”
ထန်ရှုသည် အေးဆေးသော အမူအရာဖြင့် ပြောလိုက်သည်။
“ဘာ”
ရီတိုက်ဖူသည် မယုံနိုင်သော အကြည့်များဖြင့် ထန်ရှုအား စိုက်ကြည့်လိုက်သည်။ သူသည် ကျွမ်းကျင်အဆင့် လောင်းကစားခြင်းထဲသို့ ခြေစုံပစ် ဝင်ရောက်လာသည်မှာ နှစ်၂၀ကျော်ခဲ့ပြီ ဖြစ်သည်။ သည်အကြိမ်သည် ထန်ရှုကဲ့သို့သော ကစားသမားမျိုးနှင့် တွေ့ရသည် သူ၏ပထမဆုံးအကြိမ် ဖြစ်သည်။ သည်ဟာသည် ဒုတိယပွဲစဉ်မျှသာ ဖြစ်သော်လည်း ထန်ရှုသည် သူ၏ဖဲချပ်များအား ဖွင့်ပင် မကြည့်ဘဲ သိန်း၈၀တန် လောင်းပစ်လိုက်ခြင်းပင် ဖြစ်တော့သည်။
တစ်ခုသိရမည်မှာ သူတို့ကစားနေသည့် လောင်းကစားနည်းသည် ရွှေရောင်ပန်းပွင့် ချည်နှောင်ခြင်းဖြစ်သည်။ ထန်ရှုသည် ၃၄သန်း အနိုင်ရထားသည်။ သူ၏ ကနဦးမတည်ငွေနှင့် ထပ်ပေါင်းလိုက်ပါက သူ့ထံတွင် စုစုပေါင်း သန်း၉၀ရှိသည်။ တစ်နည်းအားဖြင့် ဆိုရသော် ရီတိုက်ဖူသည် သည်လောင်းကြေးနောက်သို့ လိုက်လောင်းပါက သူ၏ဖဲချပ်များသည် ထန်ရှု၏ဖဲချပ်များမှ အန္တရာယ်ပေးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး သည်ဟာသည် ယခုကစားပွဲစဉ်၏ နောက်ဆုံးလောင်းကြေး ဖြစ်သွားမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ချီတုံချတုံ ဖြစ်စွာဖြင့် ရီတိုက်ဖူသည် လက်လှမ်းကာ သူ၏ ဖဲချပ်များအား ကြည့်လိုက်သည်။
ဟတ် ၇၊ စပိတ် ၇၊ ညှင်း ၅
သူ၏ အကြီးဆုံးကတ်များသည် ၇ တစ်စုံသာလျှင်ပဲလား။
ရီတိုက်ဖူ တစ်ခဏမျှ ငြိမ်သက်သွားသည်။ သူသည် သန်း၁၀၀အား တွန်းကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ငါ လောင်းတယ်။ မင်းရဲ့ဖဲချပ်တွေကို ဖွင့်လိုက်ပါ”
ထန်ရှုသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ဖဲချပ်များအား ဖွင့်လိုက်သည်။
ဟတ်ဂျက်၊ စပိတ်ဂျက်၊ ဒေါင် ၃ ။ ဂျက်တစ်စုံ ပါဝင်နေပေသည်။
ထိုခဏမှာပင် ရီတိုက်ဖူ၏မျက်နှာသည် ဖြူဖျော့သွားတော့သည်။ ဒုတိယပွဲစဉ်သည် ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု သူ ယောင်လို့တောင်ပင် မတွေးကြည့်ခဲ့ဖူးပါပေ။ ပြောဖို့ မလိုတော့အောင်ပင် သူ ရှုံးနေပြီဖြစ်ပြီး စုစုပေါင်း ၁၃၁သန်း ရှုံးနိမ့်ခြင်းပင် ဖြစ်သည်။ ပထမပွဲစဉ်မှ ၃၄သန်း ပေါင်းလိုက်ပါက သူသည် ၁၆၅သန်း ရှုံးနိမ့်နေပြီ ဖြစ်သည်။
ရီတိုက်ဖူသည် မော့ကာ ချန်းကိုင်ရှိသောဘက်သို့ ကြည့်လိုက်ရာ သူ၏ မြင်မကောင်းအောင် ရှုံ့တွနေသော အမူအရာအား တွေ့လိုက်ရသဖြင့် စိုးရိမ်ကြောင့်ကြမှုသည် သူ၏ရင်ထဲတွင် ဖျော့တော့စွာ ပေါ်ပေါက်လာလေသည်။ သို့သော်လည်း သည်ဟာသည် ထန်ရှု၏ ကံကောင်းလှသောကြောင့် ဖြစ်သည်ဟု သူ ယုံကြည်နေဆဲပင် ဖြစ်ပြီး သူ၏အစစ်အမှန် လောင်းကစား စွမ်းရည်ကိုလည်း အသုံးမပြုရ သေးသောကြောင့် ဖြစ်သည်။
ဘေးတွင် ကြည့်နေသော ပွဲကြည့်ပရိသတ်များထံမှ မှတ်ချက်ချသော အသံများ ထွက်ပေါ်လာသည်။
“အံ့သြစရာပဲ။ ဒါ မိနစ်ပိုင်းလေးပဲ ရှိသေးတာ မဟုတ်လား။ အမည်မသိ လူငယ်လေးက ၁၆၅သန်းတောင် နိုင်သွားတယ်။ ငါပြောရဲတယ်။ ဒီဟာက ကမ္ဘာပေါ်မှာရှိတဲ့ အမြန်ဆုံး ငွေစက္ကူ ပုံနှိပ်စက်ထက်တောင် ပိုမြန်နေသေးတယ်”
“နေရာတိုင်းက မျိုးဆက်သစ်တွေထဲမှာ ပါရမီရှင်အသစ်ကတော့ ပေါ်လာစမြဲပဲဟေ့။ ဆယ်စုနှစ်တစ်ခုမှာ တစ်ယောက်သာလျှင် ပေါ်နိုင်တာမျိုးပေါ့။ ရီတိုက်ဖူရဲ့ နာမည်ဂုဏ်သတင်းက ကျွမ်းကျင်တဲ့ လောင်းကစားပညာရှင် တစ်ယောက်အဖြစ် ကမ္ဘာပေါ်မှာ အတော်အတန် ကျော်ကြားတာ။ မမျှော်လင့်ပဲ သူက အမည်မသိတဲ့ လူငယ်လေးဆီမှာ ၂ကြိမ်တောင် ရှုံးသွားတယ်။ ဒီဟာက ငယ်ရွယ်တဲ့မျိုးဆက်က လူကြီးတွေကို ကျော်ဖြတ်သွားလိမ့်မယ် ဆိုတာ အမှန်တကယ်ပါပဲလား”
“သောက်ကျိုးနည်း။ လူတွေက လောင်းကစားတာကို ကြိုက်ကြတာ မထူးဆန်းတော့ဘူးပဲ။ ငွေရှာရတာ လွယ်တာကိုးဟ။ ငါ့ကို ကြည့်ပါဦး။ ငါ အနည်းငယ်လောက် မကစားရရင် မနေနိုင်တော့ဘူး”
“ကံကောင်းတာ ဟုတ်လား။ ဒါကို ကံကောင်းတာလို့ ဆိုနိုင်လို့လား။ လူငယ်ရဲ့စွမ်းရည်က အံ့အားသင့်စရာကောင်းနေတာကြီးကို။ သူ့ဖဲချပ်တွေကို ဖွင့်တောင်မကြည့်ပဲ သန်း၈၀ကို တန်းလောင်းပစ်တာ”
“နောက်ဆုံးတော့ ငါ ဒီနေ့ အတွေ့အကြုံ ရခဲ့တာပဲ။ အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ စွမ်းအားကြီးတဲ့ စိတ်နဲ့ စိတ်ဝိညာဉ် ရှိရမယ်”
“ဒီနေ့ ကစားပွဲကို ကြည့်ရတာ မထိုက်တန်ဘူးလို့ ငါ ထင်ခဲ့မိတယ်။ ခုတော့ ငါ့အထင်တွေ မှားနေပါလားလို့ သိလိုက်ပြီ။ ဒီလူငယ်လေးက သူ့ရဲ့စွမ်းရည်တွေကိုပြပြီး မထင်မှတ်တာတွေကို ဖန်တီးပြလိမ့်မယ်လို့ ငါ မျှော်လင့်နေတယ်”
“ …”
ထန်ရှုဘက်မှ ကျားလွေဒေါင်နှင့် သူ၏တပည့်များသည် ဖရဏပီတိ ဂွမ်းဆီထိ ဖြစ်နေကြသည်။ လူအုပ်ထဲမှ မြောင်ဝမ်တန်သည် ထန်ရှုအား လေးစားစွာ ကြည့်နေသကဲ့သို့ ချူယီနှင့် ပိုင်ထောင်တို့သည်လည်း စိတ်ဝင်စားမှုများ တောက်ပနေသည်။ လူအုပ်ထဲတွင် စိတ်ဝင်စားမှု အနည်းဆုံးသူမှာ တစ်ယောက်တည်းသာ ရှိပြီး သုခဘုံအသင်း၏ ပိုင်ရှင်ဖြစ်သူ အိုးရန်လူလူ ဖြစ်သည်။ သူမသည် ထန်ရှု ၂ကြိမ်တိုင်တိုင် အနိုင်ရခဲ့ခြင်းမှာ ကံကောင်းသောကြောင့်ဟု ယုံကြည်နေဆဲပင် ဖြစ်သည်။
တတိယပွဲ …
ဒိုင်သည် ဖဲချပ်များအား ကုလားဖန် ထပ်ထိုးလိုက်ပြန်ပြီး ပြီးဆုံးသွားသည့်အခါ သူမသည် ထန်ရှုအား ကြည့်လိုက်ပြန်သည်။
“မစ္စတာထန် … ရှင့်အလှည့်ပါ။ ကျေးဇူးပြုပြီး ပြောပါ”
သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ထန်ရှုသည် နှစ်ယောက်စလုံး၏ဖဲချပ်များအား ကြည့်ပြီးဖြစ်သည်။ သူ၏ဖဲချပ်သည် စပိတ်ဂျက်၊ ဟတ် ၈နှင့် ၂တို့ဖြစ်ပြီး ရီတိုက်ဖူတွင် ဟတ်ကင်း၊ ညှင်း ၉နှင့် ၅တို့ ရှိသည်။ သူ၏ဖဲချပ်များသည် ရီတိုက်ဖူထက် နိမ့်နေပေးသည်။
“၁၀သန်း”
ထန်ရှုသည် တည်ငြိမ်သောအမူအရာဖြင့် ၁၀သန်း တန်းဖွင့်ပစ်လိုက်သည်။
ရီတိုက်ဖူသည် သည်တစ်ကြိမ်တော့ အမှောင်ဖဲချပ်များကို မထားတော့ပဲ ချက်ချင်း ကောက်ယူလိုက်သည်။ သူ၏ ဖဲချပ်များအား မြင်သောအခါ သူသည် တိတ်တဆိတ် ခေါင်းယမ်းလိုက်ပြီး ဖြတ်ကျော်ခွင့်ပြုသည့်သင်္ကေတအား ပြကာ ပြောလိုက်သည်။
ထန်ရှုသည် ခပ်ဖွဖွပြုံးကာ ဒိုင်မှ သူ့ဆီတွန်းပေးလိုက်သည့် လောင်းကြေးများကို ကြည့်ပြီး ပြောလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို တတိယအကြိမ် အနိုင်ပေးလိုက်တာပဲ။ နောက်တစ်ကြိမ် နိုင်ခွင့် ထပ်မပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ရီတိုက်ဖူသည် အေးစက်စက် နှာတစ်ချက် မှုတ်လိုက်သည်။
“မင်း ထည့်သွင်းနိုင်တယ်။ ငါ မင်းကို ငိုပြီး ပြန်ရအောင် လုပ်ပြမယ်”
ထန်ရှုသည် ထူးမခြားနားဟန်ဖြင့် ပြန်တုံ့ပြန်လိုက်သည်။
“ကစားပွဲက မဆုံးသေးဘူး။ လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့”
စတုတ္ထပွဲ …
ဒိုင်သည် ဖဲချပ်များအား ကုလားဖန်ထိုးလိုက်ပြီး သူတို့အား ဝေကာ ပြောလိုက်သည်။
“မစ္စတာထန် … ရှင့်အလှည့်ပါ။ ကျေးဇူးပြုပြီး အရင်ပြောပါ”
သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ထန်ရှုသည် နှစ်ယောက်စလုံး၏ဖဲချပ်များအား ကြည့်လိုက်ပြီး စိတ်ထဲမှ ကြိတ်ကာ ရယ်မောလိုက်သည်။ ထို့နောက် သူသည် လောင်းကြေး ၁၀သန်းဖြင့် တန်းဖွင့်လိုက်သည်။
“၁၀ သန်း”
ရီတိုက်ဖူသည် တစ်ခဏမျှ ငြိမ်သက်သွားသည်။ သူလည်း ဖဲချပ်မဖွင့်တော့ပဲ ၁၀သန်း လောင်းကြေးလိုက် လိုက်သည်။
ထန်ရှုသည် သူ၏ဖဲချပ်များအား မကြည့်တော့ပဲ သန်း၅၀အထိ လောင်းကြေးတင်လိုက်သည်။
ထိုခဏတွင် ရီတိုက်ဖူသည် စိတ်ဟာလာဟင်းလင်းဖြစ်လျက် ကြည့်လိုက်သည်။ ဆိုးရွားသော ကြိုတင်သတိပေးမှုသည် သူ၏ရင်ထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ သူသည် သူ၏လောင်းကစားစွမ်းရည်အား ခိုင်မာစွာ ယုံကြည်သည်။ ဒိုင်မှ သူ့အား ဖဲချပ်အသေးများ ဝေခဲ့မိရင်တောင်မှ ဒီဟာအား လှည့်ပြောင်းနိုင်ဖို့ သူ့တွင် နည်းလမ်းများ ရှိသည်။ သူသည် သန်း၅၀အား တွန်းပေးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ငါ လိုက်တယ်”
ထန်ရှုသည် သူ၏အရှေ့မှ လောင်းကစားငွေကြေးများအားလုံးအား တွန်းလိုက်ကာ ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ စုစုပေါင်း ၂၂၂သန်း ရှိတယ်။ အကုန်လောင်းတယ်ဗျာ။ ခင်ဗျား ဒီပွဲကို နိုင်ရင် ကျွန်တော် ချက်ချင်း ထွက်သွားမယ်။ ခင်ဗျား ရှုံးရင်တော့ ခင်ဗျားရဲ့စိတ်ကြီးဝင်နေတဲ့မျက်နှာကို ရိုက်နိုင်တယ်။ ခင်ဗျား လိုက်လောင်းမယ် မလောင်းဘူးဆိုတာတော့ ခင်ဗျား ဆုံးဖြတ်ချက်ပဲ”
ရီတိုက်ဖူ မျက်လုံးလှန်ကြည့်လိုက်သည်။ ဆိုးရွားသော ခံစားချက်အား သူ ပိုမို ရရှိနေပြီဖြစ်သည်။ ထန်ရှုသည် သူ၏လောင်းကြေးများအား အကုန်တင်လိုက်ပြီဖြစ်သည်။ သူသည် ဖဲချပ်မဖွင့်ပဲထားပါက ထန်ရှုလောင်းထားသည့်အတိုင်း လောင်းရမည်ဖြစ်သည်။ သို့သော် သူသည် ဖဲချပ်ဖွင့်လိုက်ပါက သူ ရှုံးလျှင် ၂ဆ ပေးရပါလိမ့်မည်။
အခု ဘာလုပ်ရမလဲ။
လောင်းကြေး လိုက်သင့်သလား။
သို့မဟုတ် ကျော်ဖြတ်ရမှာလား။
ရီတိုက်ဖူ တစ်ခဏမျှ စဉ်းစားနေသည်။ နောက်ဆုံးတွင် သူသည် ဖဲချပ်များအား ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဒေါင့်တစ်၊ ဒေါင့်၈။ ဒေါင့်၅။
ရွှေရောင်ပန်းလား။ ဒါမှမဟုတ် ရွှေပဲလား။
ရီတိုက်ဖူသည် နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။ သူ၏အရှေ့မှ ၂၂၂သန်းအား ယူလိုက်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
“ဆက်လိုက်တယ်။ မင်းရဲ့ဖဲချပ်တွေကို ဖွင့်လိုက်တော့”
ထန်ရှုသည် စိတ်တွင်းမှ ရယ်မောကာ သူ၏ဖဲ၃ချပ်အနက်မှ ဒုတိယဖဲချပ်အား လက်ချောင်းလေးများဖြင့် အသာပုတ်လိုက်ရာ ချက်ချင်းပင် ဒိုင်၏အရှေ့မှ ဖဲချပ်ပုံအား ထိမှန်ပြီး ထိုဒုတိယဖဲချပ်သည် အခြားဖဲချပ်အား တွန်းထုတ်လိုက်ပြီး ဖဲချပ်ပုံတွင် ကျန်နေခဲ့သည်။ ထိုတွန်းထုတ်ခြင်း ခံလိုက်ရသောဖဲချပ်သည် ထောင့်တစ်ဖက်မှ သူ့ဆီ ရောက်လာသည်။
အလင်းတစ်ချက်အတွင်းတွင် သူသည် ဖဲချပ်လဲပြီး ဖြစ်သွားသည်။ ရေးပြနေသည်မှာ ကြာရှည်နေသော်လည်း တကယ်ဖြစ်ပျက်သွားသည်မှာ စက္ကန့်ပိုင်းလောက်ပင် မကြာမြင့်လိုက်ပါချေ။
သာမန်မျက်စိဖြင့် မြင်ရန် မဆိုထားဘိ ကျွမ်းကျင်ပညာရှင်များဖြစ်သော ရီတိုက်ဖူနှင့် ကျားလွေဒေါင်တို့ကဲ့သို့ အမြင်အာရုံ ထက်မြက်ရန် လေ့ကျင့်ထားသူများပင် မသိလိုက်ကြပေ။
သို့သော် ကြည့်နေကြသူများထဲမှ တစ်ယောက်သည် မြင်ခဲ့သည်။ သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သော မြောင်ဝမ်တန် ဖြစ်သည်။ မည်သူမျှ မသိလိုက်သော ထိုအဖြစ်အပျက်အား မြောင်ဝမ်တန် သိပြီး ပြုံးလိုက်သည်။
“တစ်သုံးချပ်” ထန်ရှုသည် သူ၏ဖဲချပ်များအား ဖွင့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သိသာထင်ရှားစွာပင် ရီတိုက်ဖူ ရှုံးနေပြီဖြစ်သည်။ ထို့ပြင် သူသည် မူလစည်းမျဉ်းတွေနှင့်အတူ ရှုံးခဲ့ပြီး ဖဲချပ်လဲရန် သူ၏စွမ်းရည်အား အသုံးချခွင့်ပင် မရှိတော့ပါချေ။
“မဖြစ်နိုင်ဘူး”
ထန်ရှု၏ဖဲချပ်များအား ကြည့်ပြီး ရီတိုက်ဖူသည် သူ၏ကုလားထိုင်မှ ခုန်ထလာခဲ့သည်။ သူ၏မျက်လုံးအစုံတို့တွင် မယုံကြည်နိုင်ဟန်များ စွန်းထင်းနေသည်။ သူသည် အရာရာကို တွက်ချက်ပြီးဖြစ်သည်။ သူ၏ဖဲလိမ်ခြင်းစွမ်းရည်ကိုပင် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ထန်ရှု၏ဖဲချပ်များသည် တစ်သုံးချပ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါချေ။
သူ၏ဖဲချပ်များကို မည်ကဲ့သို့ ပြောင်းလဲရလိမ့်မလဲ။
အငယ်ဆုံးဖဲချပ်တွေဖြစ်တဲ့ ၂၊ ၃၊ ၅ တွေနဲ့အစားထိုးခြင်းလား။
ထို၃ချပ်မှလွဲကာ မည်သည့်ဖဲချပ်အစုံမှ ထန်ရှု၏ဖဲချပ်အား နိုင်လိမ့်မည်မဟုတ်ပါချေ။ သို့သော် သူသည်လည်း ထိုအငယ်ဆုံး၃ချပ်အား လဲလှယ်ရန် မပြင်ဆင်ရသေးပါချေ။
ထန်ရှုသည် ရီတိုက်ဖူ၏ တည်ငြိမ်မှုများ ပျောက်ဆုံးကာ စိတ်ရှုုပ်နေသောဟန်အား ကြည့်ပြီး ခပ်ဖွဖွ ပြောလိုက်သည်။
“ဘာလို့လဲ။ မင်းမှာ နိုင်ဖို့ အခွင့်အရေးရှိနိုင်တာပဲ။ မင်းရဲ့ဖဲချပ်တွေကို ဖွင့်လိုက်ပါ”
ရီတိုက်ဖူ၏အမူအရာသည် မီးငြိမ်းသေသွားသော မီးခဲတစ်ခုအလားဖြစ်နေပြီး မိန်းမောတွေဝေနေသောအမူအရာဖြင့် ချန်းကိုင်အား လှမ်းကြည့်လိုက်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။
“ငါ တောင်းပန်ပါတယ်။ ငါ ရှုံးသွားပြီ။ ဒီဖဲချပ်တွေကို လှန်ဖို့ ငါ့မှာ စွမ်းအားမဲ့နေတယ်”
သည်အခြေအနေကို လှန်ဖို့ စွမ်းအားမဲ့နေတယ်ဟုတ်လား …။
သည်စကားလုံးများသည် လေးလံသောတူနှင့် သူ့အား အကြိမ်ကြိမ် ထုနှက်နေသည့်အလား ချန်းကိုင် ခံစားနေရသည်။ ရီတိုက်ဖူသည် သည်ပွဲစဉ်တစ်ခုတည်းနှင့် ၃၃၃သန်း ရှုံးခဲ့သည်။ ရှေ့ပွဲစဉ်တွေများတွင် ၁၆၆သန်း ရှုံးထားရာ သူသည် စုစုပေါင်း ၄၉၉သန်း ရှုံးခြင်းဖြစ်သည်။
သူသည် သည်လောင်းကစားပွဲအတွက် သန်း၅၀၀ ထုတ်ခဲ့သည်။ သို့သော် ကစားပွဲအတို၄ခုအတွင်းတွင် ၁သန်းသာ ကျန်တော့သည်။ သည်ဟာသည် သူ မခံစားနိုင်သော စိတ်ပျက်ဖွယ် ဆိုးရွားသည့် ရလဒ်ပင်ဖြစ်သည်။
ဘေးမှ ကြည့်နေကြသူများသည် ရုတ်ခြည်းပင် ပွက်ပွက်ဆူလာကြပြီး စိတ်လှုပ်ရှားမှုအား အံကြိတ်နေကြသည်။ လူတိုင်းသည် ထန်ရှုအား မယုံကြည်နိုင်လောက်စွာ ကြည့်နေကြပြီး သူတို့ရင်ထဲတွင် ရူးသွပ်မှုများ မြင့်တက်လာကြသည်။ အာမေဋိတ်သံများသည်လည်း ယခင်ကထက် ပိုမို ဆူလောင်လာကြသည်။
“ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်တဲ့ပွဲလဲ။ သူက စင်မြင့်ပေါ်လျှောက်လာပြီး ၄ကြိမ်ဆက်တိုက်နိုင်သွားတယ်။ တစ်ဖက်လူကို တစ်သိန်းပဲချန်ထားခဲ့တယ်။ ဒါ ပြိုင်ဖက်ကင်းနည်းပဲဖြစ်ရမယ်”
“သူက လောင်းကစားနတ်ဘုရားပဲ။ ရီတိုက်ဖူက အရင်ကတည်းက အစွမ်းရှိပြီးသား။ ဒါပေမဲ့ ဒီလူငယ်လေးက ပစ်လိုက်တာ ရီတိုက်ဖူ လုံးဝကို အကြိတ်ခံလိုက်ရတာပဲ။ ဒီလူငယ်လေး ထန်ရှုက လောင်းကစားလောကမှာ အလွန် နာမည်ကြီးလာတော့မှာပဲ”
“လေးကြိမ်ကစားပြီး သန်း၅၀၀နီးပါး ရခဲ့တယ်။ ဒီနှစ်တွေထဲမှာ အရူးသွပ်ဆုံး လောင်းကစားပွဲပဲဖြစ်ရမယ်”
“ဒါတွေက ပင်လယ်လှိုင်းတွေလိုပါပဲလား။ နောက်ဆုံးလှိုင်းက ရှေ့ကအရင်လှိုင်းကို တွန်းပစ်လိမ့်မယ်။ အရင်လှိုင်းတွေက ကမ်းခြေကသဲတွေဆီရောက်ပြီး သေကုန်ကြရော”
“ …”
ရီတိုက်ဖူသည် သူ၏ကုလားထိုင်သို့သွားကာ ထိုင်ချလိုက်ပြီး နာကျင်စွာဖြင့် သူ၏မျက်လုံးတို့အား မှိတ်ထားလိုက်သည်။ တစ်ချိန်က သူသည် မရေမတွက်နိုင်သော လူအများလေးစားမှုကို ခံရသော အနိုင်ရရှိသူဖြစ်သည်။ သို့သော် ဒီနေ့ သူသည် အမြင့်မိုးတိမ်မှ ပြုတ်ကျလာသူဖြစ်ခဲ့သည်။
သူ ပြီးဆုံးခဲ့သည်။ ကစားပွဲတစ်ခု ပြီးဆုံးခဲ့သည်။
သူ၏နာမည်ဂုဏ်သတင်းကျဆင်းခဲ့ပြီကို ရီတိုက်ဖူ ကောင်းစွာ သိသည်။ သူသည် မကာအိုသို့ ပြန်သွားခဲ့လျှင်လည်း သည်အဖြစ်အပျက်သည် သူ့အား ပြုတ်ကျအောင် လုပ်ဆောင်ပေလိမ့်ဦးမည်။
လူအုပ်ထဲမှ ချူယီနှင့် ပိုင်ထောင်သည် အံ့သြသည့်အမူအရာများဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ရီတိုက်ဖူသည် နောက်ပြန်မလှည့်သကဲ့သို့ ချန်းကိုင်သည် သည်လိုနည်းဖြင့် ထန်ရှုအား ယွမ်သန်း၅၀၀ ပြန်ပေးလိမ့်မည်မဟုတ်ဆိုသည်ကို သူတို့ကောင်းစွာ သိသည်။
သို့သော် ထန်ရှုသည် မည်ကဲ့သို့ လွယ်လွယ်ကူကူနိုင်ခဲ့ပါသနည်း။ သူသည် ၄ကြိမ်ဆက်တိုက် အေးဆေးစွာ အနိုင်ယူခဲ့သည်။
ရီတိုက်ဖူကရော မည်သူနည်း။ သူတို့၂ယောက်သည် လောင်းကစားမလုပ်သော်လည်း နာမည်ကြီး ရီတိုက်ဖူအား သူတို့ကောင်းစွာ သိကြသည်။
*****