နောက်ဆုံးတိုက်ပွဲ
Vol. 02 Ch. 93
ပရိသတ်များအကြားမှ ချူယီသည် ထန်ရှုအား လေးစားစွာ ကြည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
“လုံကျန့်ယု မှန်တယ်။ ထန်ရှုက တကယ်ကို နက်ရှိုင်းပြီး မခန့်မှန်းနိုင်လောက်အောင်ပဲ”
ပိုင်ထောင် ခေါင်းတညိတ်ညိတ် လုပ်နေပြီး ပြောလိုက်သည်။
“မှန်တယ်။ သူက ရောက်ရာအရပ်မှာ ပွဲစည်အောင် လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို ငါ အခု ရသွားပြီ။ ဘယ်နေရာမှာဖြစ်ဖြစ် အတူတူပဲ။ သူ့ကိုသိဖို့ ငါတို့ အခွင့်အရေး ရှာရမယ်”
တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ချူယီသည် ရင့်ကျက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် ထက်မြက်သူဖြစ်သောကြောင့် တိုးတိုးပြောလိုက်သည်။
“ငါတို့ အခုချိန်သွားရင် သူက လျစ်လျူရှု ထားလိမ့်မယ်။ ငါတို့ သူ့ကိုသိချင်ရင် သူ ဘာလိုအပ်လဲ ဘာကြိုက်တတ်လဲ သိအောင် အရင်လုပ်ရမယ်”
“ဒါ အကြံကောင်းပဲ” ပိုင်ထောင်လည်း သဘောတူသည်။
သူတို့ရှေ့တွင် ရှိနေသော အိုးရန်လူလူသည် အံ့အားသင့်စွာဖြင့် သူတို့၂ယောက်အား ကြည့်နေသည်။ သူမသည် အနိုင်ရရှိသူ ထန်ရှုအား ကြည့်နေရင်း တစ်စုံတစ်ခုအား သတိရသွားသည်။ သူမသည် ချက်ချင်းနောက်သို့ လှည့်ကာ သူမ၏နောက်တွင် ရှိနေသော ချူယီနှင့် ပိုင်ထောင်တို့အား မေးလိုက်သည်။
“အာ ... ငါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားလို့။ နင်တို့ ငါ့ကို ထန်ရှုလို့ခေါ်တဲ့ လူငယ်လေး တစ်ယောက်အကြောင်း မပြောခဲ့ဘူးလား။ သူ့နာမည်နဲ့ ဒီလောင်းကစား သမားလေးရဲ့ နာမည်က အတူတူပဲနော်”
ပိုင်ထောင် ပြုံးလိုက်သည်။ “သူတို့၂ယောက်က တစ်ယောက်တည်းပဲလေ”
“ဘာပြောတယ်”
အိုးရန်လူလူ ကြက်သေ သေသွားသည်။ ယခု ရှေ့တွင်ရှိနေသော လူငယ်လေးသည် ချူယီနှင့် ပိုင်ထောင်တို့ ချီးကျူးနေသည့် လူငယ်လေး ဖြစ်လိမ့်မည်ဟု သူမ မတွေးခဲ့မိပေ။ နာမည်ကျော် မန်နေဂျာ ခန်းရှအား ပေကျင်းမှ ကြယ်တာရာသို့ လာရောက်စေသူ၊ လုံကျန့်ယု၏ လေးစားရသောသူ ထိုသူသည် သူမ ရှေ့တွင် မြင်နေရသော အနှီကောင်လေးပင် ဖြစ်ချေတကား။
သူက ဘယ်သူလဲ။ ဘယ်လိုဖြစ်ပြီး အံ့အားသင့်စရာ ကောင်းနေတာလဲ။
အိုးရန်လူလူသည် ရုတ်တရက်ပင် သူမအရှေ့မှ ခပ်ချောချော အထက်တန်း ကျောင်းသားလေးသည် လျှို့ဝှက်ဆန်းကြယ်သော အရာများ ဖုံးလွှမ်းနေပြီး မြူထူ အုံ့ဆိုင်းနေသကဲ့သို့ သူ့အား မြင်ရန် အလွန်ခက်ခဲသည်ဟု ခံစားမိလာသည်။
****
“တော်ပြီလား။ ကစားချင်သေးလား”
ထန်ရှုသည် သူ၏အရှေ့မှ လောင်းကြေးငွေ အားလုံးအား ဒိုင်ဆီသို့ ပို့လိုက်ပြီး ရီတိုက်ဖူအား ပြုံးပြကာ မေးလိုက်သည်။
“ကစားကြစို့”
ကြောက်စရာ အသံသည် ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ရီတိုက်ဖူထံမှ မဟုတ်ဘဲ ဒေါသထွက်နေသော ချန်းကိုင်မှ ပြောလိုက်ခြင်း ဖြစ်သည်။
ထန်ရှုသည် ပခုံး၂ဖက်အား တွန့်လိုက်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းမှာ ပိုက်ဆံမှ မရှိတာ။ ၁သန်းက အာမခံငွေအတွက်ပဲ လောက်မှာလေ။ မင်း တကယ် ကစားနိုင်မယ်လို့ ထင်တာလား”
ချန်းကိုင်သည် နဂါးနှင့် ဖီးနစ်ငှက်ပုံ ထွင်းထုထားသော ကျောက်စိမ်းအား ထုတ်လိုက်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“ပိုက်ဆံမရှိဘူး ဆိုပေမဲ့ ကစားလို့မရဘူးလို့ မပြောနိုင်ဘူး။ ဒီကျောက်စိမ်းက ကျားလွေဒေါင်ရဲ့ဟာ။ နောက်ကစားပွဲမှာ အနိုင်အရှုံးကို ဆုံးဖြတ်ပေးလိမ့်မယ်။ မင်းနိုင်ရင် ဒီကျောက်စိမ်းက မင်းရဲ့ဟာ။ ငါနိုင်ရင် ဒီပိုက်ဆံတွေအားလုံးက ငါ့ဟာ”
သူ၏ထက်ရှသော အာရုံဖြင့် ကျောက်စိမ်း ပေါ်လာချိန်တွင် ကျားလွေဒေါင်၏ အသက်ရှူသံသည် မြန်လာသည်ကို သိရပြီး မျှော်လင့်ချက် အရိပ်အယောင်များလည်း ထွက်ပေါ်လာသည်ကို တွေ့ရသည်။
“ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က ဘာလဲ”
ထန်ရှုသည် ကျားလွေဒေါင်အား ကြည့်ကာ မေးလိုက်သည်။
ကျားလွေဒေါင်သည် အံကို တင်းတင်းကြိတ်ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။
“လုပ်ပါ”
ထန်ရှုသည် ခေါင်းကို ညိတ်လိုက်ပြီး ချန်းကိုင်အား ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ။ ငါ မင်းနဲ့အတူ ကစားပေးမယ်။ ဒါပေမဲ့ ဘာတွေ ဖြစ်လာဖြစ်လာ ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး အရာအားလုံး ဒီမှာပဲ အဆုံးသတ်မယ်။ ငါတို့ကြားမှာ အကြွေးတွေ၊ မနာလို မုန်းတီးတာတွေ မရှိစေရဘူး”
“သဘောတူတယ်”
ချန်းကိုင်သည် ထန်ရှုသည် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်ကို သိရှိနေသောကြောင့် ထိုစကားကြားသော အခါ ဝမ်းမြောက်ဝမ်းသာ လိုက်လျောလိုက်သည်။ ထန်ရှု ထိုသို့မပြောရင် တောင်မှ သူသည် ထန်ရှုအား လွယ်လွယ် မတုံံ့ပြန်ရဲပါချေ။
ထန်ရှုသည် ဒိုင်အား ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“အခုရော မင်း ဘာကို ကစားချင်လဲ”
သူ၏ စိတ်အခြေအနေအား ပြန်လည် စုစည်ပြီးနောက် ယုံကြည်မှုတို့ ပြန်လည် တိုးပွားလာသော ရီတိုက်ဖူသည် လေးနက်စွာ ပြောလိုက်သည်။
“မင်းက အရင်ပွဲတွေတုန်းက နိုင်ထားတဲ့အတွက် မင်းပဲ ရွေးပါ”
ထန်ရှုသည် ထူးဆန်းသော အသံဖြင့် မေးလိုက်သည်။
“ခင်ဗျား တကယ် သေချာလား”
ရီတိုက်ဖူသည် ခိုင်မာသော အသံဖြင့် …
“ဟုတ်တယ်”
ထန်ရှုသည် သူ၏အကြည့်တို့အား ဒိုင်ဆီသို့ ရွှေ့လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဖဲအသစ်တွေ ပြင်ဆင်ဖို့ ခင်ဗျားကို အလုပ်ရှုပ်ခိုင်း ရတော့မှာပဲ”
ဒိုင်သည် ခေါင်းညိတ်ပြကာ ဖဲထုပ်အသစ် ထုပ်လိုက်သည်။ ထန်ရှုအား ပေးလိုက်ပြီး …
“မင်းက ဘယ်လို ကစားချင်တာလဲ”
ထန်ရှုသည် ရီတိုက်ဖူအား ကြည့်ကာ ပြောလိုက်သည်။
“လောင်းကစားတယ် ဆိုတာ ထက်မြက်တဲ့ မျက်လုံးတွေ၊ အကြားအာရုံတွေ၊ လက်မြန်မှုတွေ မရှိရင် ဘာမှ မဟုတ်တဲ့အရာပါ။ ကျွန်တော်တို့က လောင်းကစား နတ်ဘုရားဆိုတဲ့ လမ်းကို လျှောက်နေကြသူများ ပီပီ ဒိုင်ကို လေထဲ ဖဲချပ်တွေပစ်ဖို့ ပြောလိုက်မယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ဖဲချပ်တစ်ချပ်စီကို ရွေးယူပြီး အကြီးဆုံးက အနိုင်၊ အငယ်ဆုံးက အရှုံးလို့ သတ်မှတ်မယ်။ ခင်ဗျားရော ဘယ်လိုသဘောရလဲ”
ရီတိုက်ဖူ အတော် အံ့သြသွားသည်။ ထန်ရှုသည် ထိုကဲ့သိုသော ကစားနည်းမျိုးအား ရွေးချယ်ခဲ့လျှင် တောင်မှ ထုံးစံမဟုတ်သော နည်းလမ်းအား ရွေးလိမ့်မည် သူ မထင်ထားသောကြောင့် ဖြစ်သည်။ သူ့အား လျင်မြန်သော လက်များနှင့် မျက်လုံးများဖြင့် ကစားတတ်သော လောင်းကစားသမား တစ်ဦးဟု လူသိများသည်။ ပြောစရာ မလိုလောက်အောင် သူ၏ မျက်လုံးများသည် လင်းယုန်ငှက် တစ်ကောင်၏ မျက်လုံးများသဖွယ် စူးရှ ထက်မြက်လေသည်။
“ငါ သဘောတူတယ်”
ထန်ရှုသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“အဲဒါဆိုရင် စကြရအောင်”
ဒိုင်သည် ထန်ရှုနှင့် ရီတိုက်ဖူအား ကြည့်ကာ ပြောလိုက်သည်။
“ရှင်တို့၂ယောက် ကျေးဇူးပြုပြီး ကျွန်မနဲ့ ဟင်းလင်းပြင်နေရာကို လိုက်ခဲ့ပါ။ လူတိုင်းကို တောင်းဆိုချင်တာက မျဉ်းတွေနဲ့ ၃မီတာအကွာမှာ နေပေးဖို့ပါပဲ။ ရှင်တို့ ၂ယောက်ကတော့ မျဉ်းပေါ်မှာ ရပ်ရလိမ့်မယ်။ ကျွန်မက ဒီဖဲချပ်တွေကို အပေါ်ကို ပစ်မြှောက်လိုက်မယ်။ ရှင်တို့၂ယောက်က တစ်ချိန်တည်းမှာ ဖဲချပ်တစ်ချပ် တစ်ခုစီကို ဆွဲယူရမှာ ဖြစ်ပြီးတော့ အကြီးဆုံး ဖဲချပ်တန်ဖိုးကို ရတဲ့သူက အနိုင်ရသူပဲ”
“ကောင်းပြီ”
“သဘောတူတယ်”
ထန်ရှုနှင့် ရီတိုက်ဖူ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်သည်။
ချန်းကိုင်သည် ကြည့်နေကြသူများကြားထဲတွင် သူ၏ဒေါသအား ကြိုးစားထိန်းချုပ်နေရဆဲ ဖြစ်သည်။ ထန်ရှုနှင့် ရီတိုက်ဖူတို့ ကစားမည့် ကစားနည်းအကြောင်း ကြားရသောအခါ သူသည် မည်သည့်အရာကို စိုးရိမ်ပူပန်ကြောင့်ကြနေမှန်းမသိ ဖြစ်နေသည်။ တစ်ခုခု မူမမှန်သည်ကို ခံစားမိသော်လည်း မည်သည့်အရာကို ညွှန်ပြရမည်မသိ ဖြစ်နေသည်။ ထိုခဏတွင် သူသည် မည်သည့်အရာကိုမျှ မပြောနိုင်ပဲ တပည့်များနှင့် ပျော်ရွှင်နေသည့်ဟန်ရသော ကျားလွေဒေါင်အား ကြည့်ရဆိုးသောအကြည့်ဖြင့် ကြည့်နေခြင်းသာ တတ်နိုင်တော့သည်။
“ဒီဟာက ပစ္စည်းပြန်ရွေးယူခြင်း နည်းပဲလား”
အခြားဖက်တွင် မြောင်ဝမ်တန်သည် ငိုရမည်၊ ရယ်ရမည်မသိသော ခံစားချက်ဖြင့် ရီတိုက်ဖူအား ဂရုဏာသက်စွာ ကြည့်နေမိတော့သည်။ အခြားသူများသည် ထန်ရှု မည်သည်ဖြစ်သည်ကို သတိထားမိချင်မှ ထားမိလိမ့်မည် ဖြစ်သော်လည်း ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်းအစီအရင်အား ဆဋ္ဌမအလွှာထိရောက်အောင် ချိုးဖောက်နိုင်ခဲ့သူသည် သေချာပေါက် အလွန်သန်မာပေလိမ့်မည့် အပြင် သူ၏ မျက်စိအကြည့်နှင့် လက်လှုပ်ရှားမှု အမြန်နှုန်းတို့သည် ဧကန်မုချပင် မြင့်မားပေလိမ့်မည်။
မိနစ်အနည်းငယ်ကြာသော် …
ဒိုင်သည် ထန်ရှုနှင့် ရီတိုက်ဖူကြား အလယ်တွင် မတ်တတ်ရပ်လိုက်သည်။ သူမသည် ထိုသူ၂ယောက်အား ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မ ဖဲချပ်တွေကို ပစ်ဖို့ အဆင်သင့် ဖြစ်နေပြီနော်။ ရှင်တို့၂ယောက်စလုံး ဒီပွဲရဲ့ အဓိက အမှတ်တွေကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အခု နံပါတ်တွေကို နောက်ကနေ စပြီး ရေပါမယ်။ နောက်ဆုံးနံပါတ်ရေပြီးတာနဲ့ လေထဲကို ဖဲချပ်တွေ မြှောက်ပစ်လိုက်မှာ ဖြစ်တယ်”
“သရီး …တူး …ဝမ်း …ဇီးရိုး”
ဒိုင်သည် သူမ၏ခေါင်း အထက်သို့ လက်များပင့်မြှောက်ကာ ဖဲချပ်များအား အကောင်းဆုံး ပစ်တင်လိုက်သည်။
“ဟမ့်”
ဒိုင် ဖဲချပ်များအား မပစ်မီကပင် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် “ကင်း” ဖဲချပ်ပေါ်တွင် အမှတ်အသားလုပ်လိုက်ပြီ ဖြစ်သည်။ ဖဲချပ်များ ပစ်မြှောက်လိုက်သောအခါ ထို”ကင်း” ဖဲချပ်သည် အမြင့်ဆုံးသို့ မရောက်ရှိသေးမီ သူသည် အလင်း၏အလျင်နှုန်းဖြင့် ရွေ့လျားကာ ထိုဖဲချပ်အား ခုန်ကာ ဖမ်းယူလိုက်သည်။
တစ်ဖက်တွင် …
ရီတိုက်ဖူ၏လှုပ်ရှားမှုသည် ထန်ရှုထက် စက္ကန့်ပိုင်းမျှ နောက်ကျနေလေသည်။ သူ၏မျက်လုံးများသည် ကင်း ဖဲချပ်အား ရှာဖွေနေစဉ် ထန်ရှု လှုပ်ရှားသည်ကို မြင်လိုက်ရသဖြင့် သူ၏အမူအရာ ပြောင်းသွားပြီး တွေဝေနေစေသည်။ သူသည် ကင်း ဖဲချပ်အား မတွေ့လိုက်သော်လည်း မြောက်တက်နေသော ဖဲချပ်များအား ဆက်လက်ရှာဖွေနေစဉ် ဂျက် ဖဲချပ်အား တွေ့လိုက်သောကြောင့် ချက်ချင်းပင် လေထဲသို့ ခုန်တက်ကာ ထိုဖဲချပ်အား ဖမ်းယူလိုက်သည်။
၁၀စက္ကန့်ကြာပြီးနောက် …
ကျန်ရှိသော ဖဲချပ်များသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာကြပြီး အချို့သည် ပွင့်လျက် အချို့သည်
မှောက်လျက် ဖြစ်နေသည်။
ဒိုင်သည် သူတို့၂ယောက်ထံ လျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။
“ရှင်တို့၂ယောက် အလိုရှိတဲ့ဖဲချပ်တွေ ရယူထားပြီးဖြစ်ပြီဆိုတော့ ယူထားတဲ့ဖဲချပ်ကို ပြဖို့ မျှော်လင့်ပါတယ်”
ရီတိုက်ဖူသည် ကြမ်းပေါ်ရှိ ပွင့်နေသော ဖဲချပ်များတွင် ကင်း ဖဲချပ်အား ရှာမတွေ့သေးချေ။ သူ၏ရင်ထဲတွင် စိုးရိမ်ကြောင့်ကြမှုများ ဖျော့တော့စွာ ဖြစ်လာပြီးလျှင် ထန်ရှုအား အမူအရာကင်းမဲ့စွာဖြင့် ကြည့်နေသည်။ သူ၏ရင်ထဲတွင် ထန်ရှုသည် ကင်း ဖဲချပ်အား ရှာမတွေ့စေရန် ကြိတ်ကာ ဆုတောင်းနေမိသည်။ သို့မဟုတ်ပါက သူသည် လုံး၀ အမှုန့်ဖြစ်တော့သည့်အထိ ရှုံးတော့မည်ဖြစ်သည်။
“ဂျက်”
“ကင်း”
၂ဦးစလုံး တစ်ပြိုင်နက်တည်းလိုလိုပင် ဖဲချပ်အား ပြကာ အော်လိုက်ကြသည်။
ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ရီတိုက်ဖူသည် သူ၏နှလုံးသားသည် ရေခဲလိုဏ်ဂူထဲ ရောက်သွားသည့်ပမာ အေးစက်သွားရပြီး တစ်ကိုယ်လုံးသည် ကျောက်တုံးအလား တောင့်တင်းသွားရသည်။ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်သော နာကျင်သော အမူအရာများ ဖြစ်ပေါ်လျက်နေတော့သည်။
သည်ဟာသည် နောက်ဆုံးပွဲစဉ်ဖြစ်သည်။ သူ့ဘဝအတွက် နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်သည်။ ယခုမူ ထိုနောက်ဆုံး မျှော်လင့်ချက်သည် သူ့အား မကူညီနိုင်တော့ပဲ ထိုအစား အစိတ်စိတ် အပိုင်းပိုင်းသာ ဖြစ်သွားခဲ့ရသည်။ လောင်နေတဲ့မီးထဲကို လောင်စာ ထပ်ထည့်ခြင်း သဘောတရားနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ကံဆိုးမှုများက အဆက်မပြတ်ကို တစ်ခုပြီး တစ်ခု ကျရောက်နေတာပဲလား။ သည်နောက်ဆုံးပွဲစဉ်စည် ထိုစကားများအား သိသာစွာ မီးမောင်းထိုးပြနေသကဲ့သို့ ရှိသည်။
“ဝိုး”
လေထုသည် ရုတ်ခြည်းပင် ဆူပွက်လာသည့်နှယ်ဖြစ်ပြီး လူတိုင်း၏မျက်နှာများနှင့် မျက်လုံးများသည် ပြင်းပြစွာ တောက်လောင်နေကြပြီး ထန်ရှုအား ကြည့်ရှုနေကြသည်။
မျက်စိအကြည့်နှင့် လျင်မြန်သော လက် …
သည်ဟာသည် လောင်းကစားမာစတာများ အတွက် အရေးကြီးဆုံး အခြေခံကျသည့် စွမ်းဆောင်ရည်များဖြစ်သည်။
ယခု ထန်ရှုသည် သူ၏အနိုင်ရရှိခြင်းများမှာ ကံကောင်းမှု သို့မဟုတ် အခွင့်အရေးပေါ်တွင် မူတည်နေခြင်းမဟုတ်ဘဲ သူ၏ စွမ်းရည်များကြောင့်သာ ဖြစ်ကြောင်း ပြသသွားခဲ့ပြီဖြစ်သည်။
ဒိုင်သည် စာနာသော အမူအရာများဖြင့် ရီတိုက်ဖူအား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“မစ္စတာထန်က ကင်း ဖဲချပ်ကို ယူနိုင်ပြီးတော့ မစ္စတာရီက ဂျက်ကို ဆွဲနိုင်ခဲ့တယ်။ ဒါကြောင့် ဒီပွဲရဲ့အနိုင်ရရှိသူက မစ္စတာထန် ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်”
“ဝေါ့”
စိတ်လှုပ်ရှားမှုနှင့် အလွန်အမင်း ဒေါသထွက်မှုတို့သည် ရီတိုက်ဖူ၏ စိတ်ပိုင်းဆိုင်ရာအား ကြီးစွာ တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသောကြောင့် ပါးစပ်အပြည့် သွေးတစ်လုပ်အန်ကာ တောင့်တင်းသောကိုယ်နှင့် နောက်ပြန်လဲကျ သွားလေသည်။
“ဘောလို ဖြုန်းတီးမှုပဲ”
ချန်းကိုင်၏အမူအရာသည် မြင်မကောင်းအောင် ရုပ်ဆိုးနေပြီဖြစ်သည်။ သူသည် ခွေးရိုင်းတစ်ကောင်နှင့် တူသောကြောင့် ရီတိုက်ဖူအား အထင်သေးသွားသည်။ သူသည် စာနာစိတ်မရှိရုံမျှသာမက အပြေးသွားကာ လဲကျသွားသော ရီတိုက်ဖူအား ရက်စက်စွာ အဆက်မပြတ် ကန်ကျောက်လိုက်သည်။ ဒီလောင်းကစားပွဲတွင် ကျားလွေဒေါင်ထံမှ နိုင်ထားသည်များသာမက သူ၏ ကနဦးမတည်ငွေများပါ ရှုံးသွားခြင်းကြောင့် သူသည် လွန်မင်းစွာ ဒေါသထွက်နေတော့သည်။
“ဘယ်လို ငရဲလဲ။ ဒီချန်းကိုင်က အရှက်မဲ့လှချည်လား။ အနိုင်ကိုပဲ လက်ခံနိုင်ပြီး အရှုံးကိုတော့ လက်မခံနိုင်ဘူးလား။ ရီတိုက်ဖူက ဒီနေ့ ရှုံးခဲ့တယ်ဆိုပေမဲ့ အရင်တုန်းက သူ့ကို နိုင်အောင် လုပ်ပေးခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလိုဆက်ဆံရတာလဲ”
“ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့အပြုအမူလဲ။ ချန်းမိသားစုက တကယ်ကို အရေထူတာပဲ။ သူတို့အတွက် အသုံးဝင်တဲ့သူတွေကိုပဲ အသုံးပြုပြီးတော့ အသုံးမကျတာနဲ့ ကန်ထုတ်လိုက်တယ်ပေါ့။ ဘယ်လောက်တောင် $ရှက်မရှိတဲ့ ကောင်လဲကွာ”
“ဒါပဲ။ ငါတော့ ချန်းမိသားစုနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းဆက်နွှယ်မှုတွေ ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီလိုစိတ်ဓာတ် ဒီလိုသဘောထားက ချန်းမိသားစုက တခြားလူတွေကိုလည်း အတူတူပဲ ဆက်ဆံလိမ့်မယ်။ ရီတိုက်ဖူအတွက်တော့ စိတ်မကောင်းပါဘူး”
“ငါ ဒီချန်းကိုင်ကို တကယ်ကို ကန်ထုတ်ပစ်ချင်ပြီ။ ဘာပဲဖြစ်ဖြစ် သူက ကျင်းမန်ကျွန်းရဲ့ ကျော်ကြားတဲ့အထဲမှာ ပါနေသေးတာမဟုတ်လား။ ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ”
“အရှက်မရှိတဲ့ ကောင်”
“ …”
*****