← Chapters

မောင်းထုတ်ခြင်း

Vol. 02 Ch. 94

မောင်းထုတ်ခြင်း

Vol. 02 Ch. 94

ထိုအချိန်တွင် ချူယီနှင့် ပိုင်ထောင်သည် ချန်းကိုင်အား စက်ဆုပ်သော အမူအရာဖြင့် ကြည့်နေကြသည်။ ကျင်းမန်ကျွန်း၏ ညိုမှိုင်းပြီး ရွှံ့ရေများဖြစ်သွားသော သည်ခရီးအား လာရောက်မိခြင်းအတွက် ကြိတ်ကာ နောင်တရနေကြပြီးနောက် လောင်းကစားအိမ်မှ တိတ်ဆိတ်စွာ ထွက်ခွာသွားတော့သည်။

သုခဘုံအသင်း၏ ပိုင်ရှင်အိုးရန်လူလူသည် မည်သည့်စကားမျှ မဆိုဘဲ ချန်းကိုင်အား အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ထန်ရှုအား အကြည့်နက်နက်များဖြင့် ကြည့်ကာ ချူယီနှင့် ပိုင်ထောင်နောက်သို့ လိုက်သွားတော့သည်။ သူမသည် ထန်ရှုအား ထွင်းဖောက် မမြင်နိုင်သောကြောင့် ထန်ရှုအကြောင်းအား သူတို့ထံမှ ပိုမို ကြားသိလိုသေးသည်။

ဇနီးဖြစ်သူ၏ နဂါးနှင့်ဖီးနစ်ပုံ ထွင်းထုထားသော ကျောက်စိမ်းဆွဲသီးလေးအား လက်ခံရရှိသောအခါ ကျားလွေဒေါင်၏ မျက်ဝန်းထက်မှ ကြည်လင်သော မျက်ရည်များသည် တစ်လိမ့်လိမ့် ကျဆင်းလာခဲ့သည်။

သူ၏ဘဝသည် ပြီးဆုံးသွားပြီဟု သူ တွေးထင်ခဲ့သည်။ သူ၏အနာဂတ်ကိုသာမက အပြင်ဘက်မှ အကြွေးများနှင့် ဇနီးဖြစ်သူ၏အမှတ်တရပါ ဆုံးရှုံးသွားခဲ့ပြီးဖြစ်သည်။ သို့သော် ထန်ရှုသည် သူ့အား ငရဲပြည်မှ ကောင်းကင်ဘုံသို့ ပြန်ခေါ်လာသည့် ခံစားမှုအား ပေးစွမ်းနိုင်ခဲ့သည်။

“ညီလေး ထန် ... ကျေးဇူး ... ကျေးဇူးတင်ပါတယ်”

ကျားလွေဒေါင်၏အသံသည် ငိုသံများဖြင့် တုန်ရီနေသော်လည်း ကျေးဇူးတရားအား လေးလေးနက်နက် ဖော်ပြနေသည်ကို သူ၏စကားလုံးများထဲတွင် ခံစားသိရှိနိုင်လေသည်။

ထန်ရှုသည် သူ့အား အခြားသူများက ကျေးဇူးတင်နေခြင်းအား ခံနိုင်ရည်မရှိသည်လည်း မဟုတ်၊ အကျင့်မရှိသည်လည်း မဟုတ်ဘဲ သည်လိုနည်းလမ်းဖြင့် လူများအား အဆက်အဆံမပြုသည်သာ ဖြစ်သောကြောင့် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“လာပါ။ ဟိုတယ်ကို ပြန်ကြရအောင်ပါဗျ။ နောက်ပြီး ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ကို ဒီနေ့ညဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် လေယာဉ်လက်မှတ် စီစဉ်ပေးဗျာ။ ကြယ်တာရာမြို့ကို ပြန်တော့မယ်”

ကျားလွေဒေါင်သည် အလျင်စလို ပြောလိုက်သည်။

“ညီလေး ထန် ... လုံအာက ပြောတယ် အားလပ်ရက်တစ်ပတ် သူလုပ်ပေးထားတယ်တဲ့။ အခုမှ ၂ရက်ပဲ ကုန်သေးတာ။ အလျင်စလို မပြန်ပါနဲ့ဦး။ နောက်ပြီး အနိုင်ရတဲ့ပိုက်ဆံတွေကို ပြောင်းပြီး မင်းရဲ့ဘဏ်အကောင့်ထဲကို လွှဲပေးဖို့လိုသေးတယ်။ နောက်ပြီး ငါ့ရဲ့ကျေးဇူးတင်မှုကို ဖော်ပြရဦးမယ်။ ကျင်းမန်ကျွန်းရဲ့ နေရာကောင်းတွေကို လိုက်ပြဦးမယ်လေ။ အဲဒီနေရာတွေကို ညီလေး သဘောကျသွားလိမ့်မယ် ဆိုတာ ငါ ကတိပေးနိုင်တယ်”

“ဒါ” ထန်ရှု ချီတုံချတုံ ဖြစ်သွားသည်။

ထန်ရှုသည် ကျင်းမန်ကျွန်း၏ ပျော်ပွဲရွှင်ပွဲနေရာများအား စိတ်မဝင်စားသော်လည်း ငွေအများအပြား ရှာနိုင်ခြင်းကိုတော့ စိတ်ဝင်စားပေသည်။ သူနှင့် ကျားလွေဒေါင်တို့ သဘောတူညီချက်အရ သန်း၅၀၀၏တစ်ဝက်အား သူ ရရှိမည်ဖြစ်သည်။

ထန်ရှု တွေဝေနေသည်ကို မြင်သော ကုန်းတာလုံသည် အမြန် ဝင်ပြောလိုက်သည်။

“မာစတာထန် … ငါ့ဆရာ ပြောတာ မှန်တယ်။ အနိုင်ရတဲ့ပိုက်ဆံတွေကို ပြောင်းပြီး ဘဏ်အကောင့်ထဲကို လွှဲပေးဖို့ အချိန်ယူရတယ်။ ငါလည်း သီးသန့်စံအိမ်တစ်ခုကို သိထားတယ်။ အဲဒီစံအိမ်က လှပတဲ့ ရှုခင်းအပြင် တန်ဖိုးကြီးတဲ့ သားရဲကောင်တွေလည်း ရှိတယ်။ ငါကြားတာတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က စံအိမ်က အဆင့်မြင့် သိုင်းပညာရှင် ၁၀ယောက်ထက်မနည်း ငှားပြီးတော့ ပင်လယ်ဝိညာဉ်လွှမ်းမိုးနဂါးကို ကျွန်းအနီးမှာ လိုက်ဖမ်းနေတယ်လို့ ကြားတယ်။ သူက ဒီစံအိမ်ကို ထောင်ခဲ့တာ နှစ်အနည်းငယ်လောက်ပဲရှိဦးမယ်။ ဒါပါနဲ့ဆို သူတို့ ဒီလိုနဂါးကို ရတာ ဒုတိယအကြိမ်ပဲ။ ပထမအကြိမ် ရတုန်းက လူအများကြီး အဲဒီနဂါးအသားကို စားကြပြီး အရမ်း အရသာရှိတယ်လို့ ကြားဖူးတယ်”

ပင်လယ်ဝိညာဉ် လွှမ်းမိုးနဂါးတဲ့လား။

ထန်ရှု၏မျက်လုံးများ အရောင်လက်သွားပြီး နှလုံးခုန်နှုန်းပင် မြန်လာခဲ့သည်။

သူ၏ကျင့်ကြံခြင်းအတွက် ဆေးရည်ဖော်စပ်ရန် များပြားလှစွာသော သားရဲကောင်များ အစိတ်အပိုင်းများ အမှန်ပင် လိုအပ်နေသောကြောင့် သည်အရာကိုတော့ သူ စိတ်ဝင်စားပေသည်။

“အဲဒီအိမ် ဘယ်နားမှာ ရှိလဲ”

ကုန်းတာလုံ ပြုံးကာ ပြောလိုက်သည်။

“ပင်လယ်ရေလက်ကြားကမ်းခြေမှာပါ”

“ကျွန်တော်တို့ ဘယ်အချိန်သွားကြမလဲ”

“အချိန်ရရင် မနက်ဖြန် သင်္ဘောကပ်တာကို  စောင့်ပြီး အဲဒီကို ချက်ချင်း သွားနိုင်တယ်”

ထန်ရှုသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ ကျွန်တော် ကျင်းမန်ကျွန်းမှာ ၂ရက်ထက် ပိုနေလိုက်မယ်။ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်းအနားယူဖို့ ခရီးသည်အခန်း လိုတယ်။ ဘယ်သူမှ ကျွန်တော့်ကို နှောင့်ယှက်တာ မလိုချင်ဘူး”

ကုန်းတာလုံသည် လေးစားစွာဖြင့် ပြန်ပြောလိုက်သည်။

“မာစတာထန် ကောင်းကောင်း အနားယူနိုင်ပါတယ်။ ငါတို့ ဘယ်သူမှ လာမနှောင့်ယှက်စေရပါဘူး။ ဒါပေမဲ့ ငါတို့ကို ဘဏ်အကောင့်နံပါတ် ပြောဖို့လိုတယ်။ ပိုက်ဆံလွှဲထည့်ရအောင်လို့ပါ”

“ကောင်းပြီ”

ထန်ရှုသည် သူ၏ဘဏ်နံပါတ်အား ဖုန်းထဲမှ ပေးပို့လိုက်ပြီးနောက် လူအများကြည့်နေသည့်ကြားထဲမှ သူသည် လောင်းကစားအခန်းထဲမှ ထွက်ခွာသွားသည်။ သူသည် သူ၏အခန်းသို့ မပြန်သေးပဲ ပဲ့ပိုင်းရှိ ဧည့်သည်များနေရာသို့ လာခဲ့သည်။ လှိုင်းလုံးကြီးများ မြင့်တက်လာသည်ကို အပေါ်စီးမှ ကြည့်ကာ လေညှင်းများတိုက်သည်ကို ခံစားရင်း သက်သောင့်သက်သာ ခံစားမှုကို ခံစားနေလိုက်သည်။

သူသည် အခုတလော အလုပ်များနေခဲ့ပြီး သူ၏အနားတစ်ဝိုက်တွင် များပြားလှသော အဖြစ်အပျက်များ  ဖြစ်ပျက်ခဲ့သောကြောင့် သူ၏ နောက်ခြေလှမ်းများအတွက် စဉ်းစားချိန်ပင် မရှိဖြစ်ခဲ့သည်။ ထို့ပြင် မမြင်နိုင်သော လက်တစ်စုံသည် သူ့အား ကိုင်ကာ တရွတ်တိုက် ဆွဲခေါ်နေသကဲ့သို့ မသက်မသာ ခံစားနေရသည်။ ထိုကဲ့သို့ အဖြစ်အပျက်များအပေါ် အထိန်းအချုပ်မရှိသည့် ခံစားမှုမျိုးအား သူ မနှစ်သက်လှပေ။

“ငါသာ အမြင့်ဆုံးကို ပြန်ရောက်ခဲ့ရင် ဒီလောကရဲ့ ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ အဆင်မပြေတဲ့ ဥပဒေကို ပြောင်းပစ်မယ်”

အေးစက်မှုနှင့် အလင်းဖျော့ဖျော့တို့သည် ထန်ရှု၏မျက်လုံးများတွင် ရိပ်ကနဲ ပေါ်ပေါက်လာပြီးနောက် ကူကယ်ရာမဲ့သော ခံစားချက်အချို့အား သူ၏ရင်ထဲတွင် ခံစားနေရသည်။

“ဒီနေရာက အထီးကျန် တိတ်ဆိတ်နေတာပါလား”

ကြည်လင်ပြတ်သားသော အသံသည် ထန်ရှု၏အနောက်မှ ထွက်ပေါ်လာခဲ့သည်။

ထန်ရှု လှည့်ကြည့်လိုက်ရာ သုခဘုံအသင်း၏ ပိုင်ရှင်ဖြစ်သူ အိုးရန်လူလူအား တွေ့လိုက်ရသည်။ သူမ၏သွင်ပြင်ကို ကြည့်ခြင်းဖြင့် သူမသည် ထန်ရှုထက် နှစ်အနည်းငယ်သာ ကြီးမည်ဖြစ်ပြီး တင့်တယ်လှပသော အပြုံး အကြည့်တို့ဖြင့် ရှိနေသည်။ ထန်ရှုသည် ထူးမခြားနားသော အသံဖြင့်  ပြန်ပြောလိုက်သည်။

“ဒီနေရာက အမှန်တကယ် ကောင်းပါတယ်”

အိုးရန်လူလူသည် ထန်ရှုအား ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“လောင်းကစားပွဲမှာ အနိုင်ရတဲ့အတွက် ဂုဏ်ယူပါတယ်”

ထန်ရှုသည် ခေါင်းကိုယမ်းပြလိုက်ကာ ထပ်မပြောတော့ချေ။ ယခုအချိန်တွင် သူ့အား မည်သူတစ်ဦးတစ်ယောက်မျှ မနှောင့်ယှက် စေချင်သော်လည်း သူမ ရောက်လာပြီး ကဖျက်ကယက် ဖြစ်စေသည်။ အိုးရန်လူလူ၏ ဂုဏ်သတင်းကြောင့်သာ မဟုတ်ပါက သူသည် သူမအား ချက်ချင်း မောင်းထုတ်ပစ်လိုက်နိုင်သည်။

“ငါလာတာ အနှောင့်အယှက် ဖြစ်နေသလား”

အိုးရန်လူလူသည် ဆတ်ဆတ်အထိမခံသော လူစားဖြစ်ရာ ထန်ရှု၏သဘောထားအား သိလိုက်သောကြောင့် ချက်ချင်း မေးလိုက်သည်။

ထန်ရှုသည် ထူးမခြားနားစွာ ပြောလိုက်သည်။

“ကျွန်တော် တစ်ယောက်တည်း နေချင်ပြီး တိတ်ဆိတ်တဲ့အချိန် လိုအပ်တယ်”

အိုးရန်လူလူသည် စိတ်အနှောင့်အယှက်ဖြစ်ကာ ဒေါသထွက်သွားသည်။ သူမ ကလေးဘဝကတည်းကပင် မရေမတွက်နိုင်သော လူများသည် သူမအား ချဉ်းကပ်လာကြပြီး သူမ၏ အမျိုးသားတစ်ယောက်  ဖြစ်ချင်လိုကြသည်။ သူမ ငြင်းဆန်ခဲ့သည်ချည်း ဖြစ်သည်။ သို့သော် ထန်ရှုသည်  သူမအား ငြင်းဆန်နေခဲ့သည်။ သူမ ရှိသည်ကိုပင် မလိုလားသည့်ဟန်ရှိပြီး စိတ်ဝင်စားမှု နည်းနည်းမျှပင် မပြခဲ့ချေ။

“ဟေး … နင်ယောက်ျားရော ဟုတ်ရဲ့လား”

သူမ၏ဒေါသအလျောက် အိုးရန်လူလူသည် ထိုမေးခွန်းအား မေးလိုက်ပြီးမှ သူမ၏အပြုအမူ လွတ်သွားသည်ကို သိလိုက်ရပြီး နောင်တ ကြိတ်ကာ ရသွားတော့သည်။

ထန်ရှုသည် အိုးရန်လူလူအား အေးစက်သော အကြည့်တို့ဖြင့် ကြည့်လိုက်ပြီးမှ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ကျွန်တော် ယောက်ျား ဟုတ်လား မဟုတ်လား ခင်ဗျား တကယ် မစမ်းကြည့်ချင်ဘူးလား။ တစ်ညလောက် ခင်ဗျားနဲ့အတူ နေပေးရလည်း ကျွန်တော် စိတ်မဆိုးတတ်ပါဘူး”

“နင်”

အိုးရန်လူလူ ဒေါသထွက်စွာဖြင့် ထန်ရှုအား အေးစက်စွာ ကြည့်လိုက်သည်။ သူမ၏ခြေထောက်အား မကာ ထန်ရှု၏မျက်နှာသို့ ကန်လုနီးပါးပင် ဖြစ်သွားရသည်။ သို့သော်လည်း သူမ၏ တိုက်ခိုက်ရေး စွမ်းရည်အား ပြန်သတိရလိုက်သောကြောင့် အသက်ပြင်းပြင်း ရှူလိုက်ကာ ချာခနဲ လှည့်ထွက်သွားတော့သည်။

နာရီအနည်းငယ် ကြာပြီးနောက်

သူ၏အခန်းထဲသို့ ပြန်ရောက်လာချိန်တွင် သူ၏ ဘဏ်အကောင့်ထဲသို့ သန်း၂၅၀ လွှဲပြီးဖြစ်ကြောင်း စာတိုတစ်စောင် ဝင်ရောက်လာသည်။

“ကျားလွေဒေါင်နဲ့ သူ့တပည့်တွေက တကယ်ကို ကတိတည်တာပဲ”

ထိုသို့ ငွေအများကြီး ရလာသော်လည်း ထန်ရှုစိတ်ထဲတွင် နည်းနည်းမျှ တုန်လှုပ်မှုမရှိပါချေ။ ချမ်းသာကြွယ်ဝမှုသည် ကျင့်ကြံခြင်းအတွက် အထောက်အကူပြုသော အရာတစ်ခုသာ ဖြစ်သည်။ ကျင့်ကြံခြင်းအတွက် သူ ဝယ်ယူရမည့်အရာများစွာ ရှိနေသောကြောင့်သာ သူ လိုအပ်နေခြင်းဖြစ်သည်။

နို့မဟုတ်ပါက တောင်လောက်ကြီး ရွှေငွေ ရှိစေကာမူ သူ ဂရုစိုက်မည် မဟုတ်ပါချေ။

သုခဘုံအသင်း ၊ အထွေထွေမန်နေဂျာ၏ ရုံးခန်းအတွင်းတွင် …

အိုးရန်လူလူသည် သူဌေးထိုင်ခုံတွင် ထိုင်နေပြီး ဒေါသထွက်သော အမူအရာဖြင့် ရှိနေသည်။ သူမ၏ ခြေဖဝါးအောက်တွင် သူမ ရိုက်ခွဲထားသော ဖန်ကွဲစများအား တွေ့မြင်နိုင်ပေသည်။ ထန်ရှုသည် သူမအား လျစ်လျူရှုလိမ့်မည်ဟု ယောင်လို့ပင် မတွေးခဲ့ဖူးပါချေ။ စောင့်ကြည့်ကင်မရာမှ တစ်ဆင့် ထန်ရှုအား ခြေရာခံကာ လိုက်ခဲ့ပြီးနောက် သူနှင့် ရင်းနှီးရန် သူ၏အကြောင်းအား သိရှိရန် စိတ်အားထက်သန်ခဲ့သည်။

သူက … သူက ငယ်ရွယ်သူတစ်ယောက် ဖြစ်ပေမဲ့ ဒီလို ရွံစရာကောင်းတာတွေ တွေးနေရော့သလား။

“ယောက်ျားတွေက တကယ် စိတ်ပျက်ဖို့ကောင်းတယ်။ အချိန်ကြာလာတာနဲ့ လူတွေရဲ့ စိတ်ဓာတ်အမှန်ကို သိလာရတာပဲ” အိုးရန်လူလူ စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

“ဒေါက် …ဒေါက် …ဒေါက် ...”

တံခါးခေါက်သံ ကြားရသည်။

“ဝင်လာခဲ့ပါ”

အိုးရန်လူလူသည် သူမ၏ စိတ်ခံစားချက်အား အမြန်ပြင်လိုက်ပြီး ပြောလိုက်သည်။

တံခါးအား တွန်းဖွင့်ကာ ချူယီနှင့် ပိုင်ထောင်တို့သည် ရုံးခန်းအတွင်းသို့ ဝင်လာခဲ့သည်။ သူတို့သည် ရုံးခန်းထောင့်မှ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး အိုးရန်လူလူသည် သူတို့အတွက်  လက်ဖက်ရည် ထည့်ပေးနေသည်အား ကြည့်နေသည်။ ထို့နောက် ပိုင်ထောင်က ပြောလိုက်သည်။

“ဒီနေ့ ငါတို့နောက်ကို နင်လိုက်လာတာ အတွေ့အကြုံရသွားတယ် မဟုတ်လား။ ငါတို့ပြောပါတယ် ထန်ရှုက မခန့်မှန်းနိုင်လောက်အောင်ကို နက်ရှိုင်းပါတယ်ဆို။ ဒါပေမဲ့ လောင်းကစားပွဲမှာ သူ ဒီလို လွယ်လွယ် နိုင်သွားလိမ့်မယ်လို့တော့ ငါတို့လည်း မထင်ထားမိဘူး”

“သူ့မှာ စွမ်းရည်အချို့ ရှိတာမှန်ပေမဲ့ သူက စိတ်ကြီးဝင်လွန်းတယ်။ ငါတော့ သူ့ကို သဘောမကျလှဘူး”

အိုးရန်လူလူ လက်ဖက်ရည်တည်ခင်းကာ ပေါ့ပါးစွာ ပြောလိုက်သည်။

“ဟီးဟီး ... ငါ ပြောပါတယ် လူလူက ဒီလို လှပတဲ့ အမျိုးသမီးပဲလို့။ နင် သူ့ကို သဘောမကျတာ အဆင်ပြေပါတယ်။ မိန်းကလေး အများစုကတော့ သူ့ကို သဘောကျလိမ့်မယ်လို့ ငါထင်တယ်။ နင် ဒီနေ့တွေ့တယ် မဟုတ်လား။ သူ့ကို စိတ်လှုပ်ရှားပြီး ကြည့်နေကြတဲ့ အမျိုးသမီးတွေရဲ့ အကြည့်တွေကိုလေ”

“ဒီလိုအမျိုးသမီးတွေနဲ့ ငါ့ကို ယှဉ်စရာလားဟယ်” လူလူသည် အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်ပြီး ပြောလိုက်သည်။

ချူယီသည် တစ်ခဏတာ တိတ်ဆိတ်သွားလျက် ရယ်မောကာ ပြောလိုက်သည်။

“မြက်ပင်နဲ့ ပန်းပင် ယှဉ်လို့မရသလိုပဲ သူတို့နဲ့ နင့်ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ နင့်လေသံ နားထောင်ရတာတော့ ထန်ရှုနဲ့ တွေ့ပြီးပြီမဟုတ်လား”

“ဟုတ်တယ်။ တွေ့ပြီးပြီ။ အရှက်မရှိတဲ့ ယောက်ျားတွေ တွေ့ဖူးပေမဲ့ ထန်ရှုလောက် အရှက်မရှိတဲ့လူ တစ်ခါမှ မတွေ့ဖူးဘူး”

ချူယီနှင့် ပိုင်ထောင်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရင်း သိချင်စိတ်များ ပြင်းပြလာခဲ့သည်။

“သူငယ်ချင်း … ထန်ရှုက နင့်ကို ဘယ်လို လုပ်လိုက်လို့တုံး”

“ထန်ရှု ရဲရင့်တာ ငါသိတယ်။ ဘယ်လိုမျိုး နင့်ကို ပြုမူလိုက်တာလဲ”

အိုးရန်လူလူသည် သူတို့အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်ပြီး  ထန်ရှုနှင့် တွေ့ခဲ့သည်အား အစမှ အဆုံးထိ စိတ်ဆိုးနေသော အသံဖြင့် ပြောပြလိုက်သည်။

“ကဲ နင်တို့ပဲ ပြောလေ။ သူက ယောက်ျားတစ်ယောက် ဟုတ်သေးရဲ့လား။ ဒီလို အဆင့်အတန်းရှိပြီး လှပထူးချွန်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အပြင် ယောက်ျားအများစုက နှစ်သက်လိုချင်ကြတဲ့ ငါ့ကို သူက လျစ်လျူရှုတဲ့အပြင် အနှောင့်အယှက် ဖြစ်နေတဲ့ပုံနဲ့။ ငါသာ သိုင်းပညာ အသင့်အတင့် တတ်လို့ကတော့ ဒင်းကို သင်ခန်းစာ ပေးလိုက်ဦးမှာ”

“မလုပ်နဲ့”

“နင် သူ့ကို သင်ခန်းစာ ပေးမယ်ဆိုတဲ့အတွေး စွန့်လွှတ်လိုက်ပါဟာ။ ထန်ရှု ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတာ နင် မသိဘူးမဟုတ်လား”

“သူ ဘယ်လိုပဲ စွမ်းအားကြီးကြီး သူ့မှာ လက်၂ဖက် ခြေထောက်၂ဖက်ပဲ ပါတာလေ။ နင်တို့က ဘာတွေ ဖြစ်နေကြတာလဲ”

“သူက ခေါင်း၃လုံး ခြေလက်၆ချောင်း ပါတာထက် စွမ်းအားကြီးလို့ပေါ့ဟ။ နင်သာ ကျင်းမန်ကျွန်းက သူဌေးတစ်ယောက်ဆိုရင် ထာဝရခိုင်မြဲခန်းမက ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်ကို နင် ကြားဖူးမှာပေါ့”

“ကြားဖူးတာပေါ့။ အဲဒီက သူဌေးလေးနဲ့တောင် သိသေးတယ်။ သူမနဲ့ ငါ တစ်နေ့လုံး အတူ စားသောက် စကားတွေ ပြောဖူးတယ်။ ဒါနဲ့ နင်တို့က ငါ့ကို ဘာကို ပြောချင်နေတာလဲ”

****

All Chapters