← Chapters

ကျင့်ကြံသူ နောက်လိုက်များ

Vol. 02 Ch. 96

ကျင့်ကြံသူ နောက်လိုက်များ

Vol. 02 Ch. 96

ရောက်ရှိလာသူသည် တာအိုဝတ်ရုံ ဝတ်ဆင်ထားပြီး တာအိုအင်မော်တယ်များ ထုံးလေ့ရှိသော နောက်တွဲဆံထုံးဖြင့် လက်တွင် ဖုန်တံအား ကိုင်ဆောင်လျက် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုသည် သူ၏ပိန်ပါးကာ ငြိမ်းချမ်းသော မျက်နှာထက်တွင် တွဲလဲခိုနေသည်။

“ခင်ဗျားက”

ရေလက်ကြား ကမ်းခြေစံအိမ်က ကြိုဆိုရေးမန်နေဂျာသည် ဟူရှင်းယုဖြစ်သောကြောင့် တာအိုဘုန်းတော်ကြီး တစ်ပါးသည် မဖိတ်ခေါ်ပဲ ရောက်လာသည်ကို ကြည့်ကာ မေးလိုက်သည်။ ကျားလွေဒေါင်နှင့် ထန်ရှုသာ မတွေ့မမြင်ချင်ဖူးဆိုပါက သူသည် သည်တာအို ဘုန်းတော်ကြီးအား နှင်ထုတ်ရန်အတွက် တာဝန်ရှိလေသည်။

တာအိုဘုန်းတော်ကြီးသည် တစ်ယောက်ချင်းစီအား ဂရုတစိုက် ကြည့်လိုက်ပြီးနောက် ထန်ရှုထံတွင် ရပ်သွားကာ ပြုံးလျက်ပြောလိုက်သည်။

“သည်တာအိုဘုန်းတော်ကြီးက ရှီးပေက ဇီယန်ဘုန်းတော်ကြီးကျောင်းက လာတာပါ။ ငါ့ရဲ့တာအိုနာမည်က တာအိုမာစတာ ဇီယီဖြစ်ပြီးတော့ တစ်စုံတစ်ယောက်က ကျင်းမန်ကျွန်းရဲ့ ဧည့်သည်အဖြစ် ဖိတ်ကြားထားခဲ့ပါတယ်။ အဲဒီတစ်ယောက်ဆီက မနေ့က ထာဝရခိုင်မြဲခန်းမက အကြောင်းကို မတော်တဆ ကြားသိပြီး ဒကာလေးထန်ကို အလည် လာရောက်ဖိတ်ခေါ်တာပါ”

ကျားလွေဒေါင်သည် လေးနက်သောအသံဖြင့် မေးလိုက်သည်။

“ညီလေးထန်က အဲဒီလူဆိုတာ ခင်ဗျား ဘယ်လိုသိလဲ”

တာအိုဘုန်းတော်ကြီးက ပြုံးလျက် …

“ဒီက မိတ်ဆွေက သေချာပေါက် ဒကာကြီးကျား ဖြစ်ရမယ်။ တစ်စုံတစ်ယောက်က ခင်ဗျားမှန်း အသိအမှတ်ပြုခဲ့ပြီး ခင်ဗျားနဲ့ ဒကာကြီးထန်က အတူလာတယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့် ဒီဘုန်းတော်ကြီးက သည်လူက ဒကာလေးထန်လို့ ပြောနိုင်တာဖြစ်တယ်”

ထန်ရှုသည် ခေါင်းညိတ်လျက် …

“ကျွန်တော်က ထန်ရှုပါ။ ဘာများ ကူညီပေးရမလဲမသိဘူး”

တာအိုဘုန်းတော်ကြီးက ပြုံးလျက် ပြောလိုက်သည်။

“သည်တာအိုဘုန်းတော်ကြီးအိုက ဒကာလေးကို နတ်ဆိုးနဂါးပင်လယ် ဧရိယာကို ချိုးဖောက်တဲ့နေရာမှာ ပူးပေါင်းဖို့ ဖိတ်ချင်ပါတယ်။ ဒကာလေးထန် စိတ်ဝင်စားပါရဲ့လား”

“နတ်ဆိုးနဂါးပင်လယ် ဧရိယာလား”

ထန်ရှုသည် သည်အမည်အား တစ်ခါမျှ သူမကြားဖူးသောကြောင့် ချက်ချင်း မေးလိုက်သည်။

“နတ်ဆိုးနဂါးပင်လယ် ဧရိယာက ဘယ်နေရာမှာရှိတာလဲ။ အဲဒါကို ချိုးဖောက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

တာအိုဘုန်းတော်ကြီး ဇီယီသည် အံ့အားသင့်စွာ ပြောလိုက်သည်။

“ဒကာလေးထန်က အဲဒါကို မကြားဖူးဘူးလား။ နတ်ဆိုးနဂါးပင်လယ် ဧရိယာက ကျင်းမန်ကျွန်းနဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတယ်။ အဲဒါက တောင်တရုတ် ပင်လယ်ထဲက ကျဉ်းမြောင်းတဲ့  ရေလက်ကြားတစ်ခု ဖြစ်တယ်။ ငါတို့ဘုန်းကြီးကျောင်းက လက်နက်တွေကို အဆင့်မြှင့်တဲ့နေရာမှာ အကောင်းဆုံး စွမ်းရည်ရှိတာကြောင့်မို့လို့ သားရဲကောင်တွေကို လိုက်ဖမ်းပြီး သူတို့ရဲ့တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတွေကို စုဆောင်းဖို့ ပြင်ဆင်ထားတယ်။ ဒါပေမဲ့ ဒီတာအိုဘုန်းတော်ကြီးက အားနည်းလှတဲ့ ခွန်အားသာရှိတာမို့ ဒကာလေးထန်ရဲ့ အောင်မြင်တဲ့သတင်းကို ကြားပြီး အတူသွားဖို့ လာရောက်ဖိတ်ခေါ်တာ ဖြစ်တယ်”

နတ်ဆိုးနဂါး ပင်လယ်ဧရိယာလား။ သားရဲကောင်တွေကို လိုက်ဖမ်းပြီး သူတို့ရဲ့တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေတာလား။

ထန်ရှု၏စိတ်ထဲတွင်  တုန်လှုပ်သွားပြီး ချက်ချင်း မေးလိုက်သည်။

“ကျွန်တော်တို့ ဘယ်တော့လောက် စတင်မလဲ။ နှစ်ယောက်တည်းလား”

တာအိုဘုန်းတော်ကြီး ဇီယီသည် ပြုံးကာ ပြောလိုက်သည်။

“ကြည့်ရတာ ဒကာလေးထန် သဘောတူလိုက်ပြီ ထင်တယ်။ ဟုတ်တယ်။ ငါတို့၂ယောက်တည်းပါ။ ဒီဆင်းရဲတဲ့ဘုန်းကြီးက လူအနည်းငယ် ဖိတ်ချင်ပေမဲ့ သိတဲ့သူ မရှိသလို ကျင်းမန်ကျွန်းက အခြား တာအိုကျင့်ကြံသူတွေကို ဖိတ်ဖို့ နည်းလမ်းလည်း မရှိပါဘူး”

ထန်ရှုသည် တစ်ခဏမျှ ငြိမ်သက်သွားပြီး သူ၏စိတ်ထဲတွင် လူ၂ယောက်၏မျက်နှာ ပေါ်ပေါက်လာခဲ့သည်။ သူတို့သည် ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့ဖြစ်ပြီး သူတို့နှင့် အတူသွားသင့် မသွားသင့် စဉ်းစားနေသည်။

သူ၏ကျင့်ကြံခြင်းမှာ အရိုးပြောင်းလဲခြင်းတွင် အမြင့်ဆုံးအဆင့်နှင့် အရေပြား ပြောင်းလဲခြင်းတွင် ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုလူနှစ်ယောက်အား ကောင်းစွာ တိုက်ခိုက် သတ်ဖြတ်နိုင်ပေသည်။

ကူညီမည့်သူများလေ အသက်ရှင်နိုင်ဖို့ အခွင့်အရေးပိုရှိလေ ဖြစ်မည်။

ထန်ရှုသည် ဆုံးဖြတ်ချက် လျင်မြန်စွာချလိုက်ကာ ပြောလိုက်သည်။

“ဆရာတော်က မဖိတ်နိုင်ဘူးဆိုမှတော့ ကျွန်တော် လူ၂ယောက်ကို ဖိတ်လိုက်မယ်။ အရိုးသားဆုံး ပြောရရင် ကျွန်တော်လည်း သားရဲကောင်တွေရဲ့ အစိတ်အပိုင်းတွေကို အမှန် လိုအပ်နေပါတယ်။ ကျွန်တော် သူတို့ကို ဖိတ်ပြီးသည့်အထိ စောင့်ပေးပါ။ ကျွန်တော်တို့ ဝေစုအတွက်က ညီတူညီမျှ ခွဲယူကြရင်ရော ဘယ်လိုသဘောရလဲ”

တာအိုဘုန်းတော်ကြီး ဇီယီသည် ချီတုံချတုံ တစ်ခဏ ဖြစ်သွားပြီးနောက် ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ သည်တာအို ဘုန်းတော်ကြီးအိုက ဒကာလေးထန်ရဲ့ စကားအတိုင်း ဆောင်ရွက်ပါမယ်”

ထန်ရှုသည် ဖုန်းအား ထုတ်လိုက်ကာ မြောင်ဝမ်တန်ပေးခဲ့သော လိပ်စာကတ်မှ ဖုန်းနံပါတ်အား ဆက်လိုက်သည်။

ထိုအချိန်တွင် …

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် ကြယ်၅ပွင့်ဟိုတယ်တွင် တည်းခိုကာ သုခဘုံအသင်းမှ အကြောင်းအား ပြောနေကြသည်။ ရှောင်မင်ကျန်းသည် မြောင်ဝမ်တန် ပြောပြသည်အား စိတ်ဝင်တစား နားထောင်ကာ ထိုနေ့က လိုက်မသွားမိသည်ကို နောင်တရနေမိသည်။

“ရီတိုက်ဖူ ရှုံးတာက အမှန်တော့ သူ့အမှားမဟုတ်ဘူးကွ။ ကျင့်ကြံတဲ့ သူတစ်ယောက်နဲ့ ယှဉ်မယ်ဆိုရင်တော့ သူ အခက်အခဲဖြစ်မှာပဲ။ ဒါပေမဲ့ ထန်ရှုရဲ့လှုပ်ရှားမှုနဲ့ ပုံစံက မခန့်မှန်းနိုင်လောက်အောင်ပဲ။ သည်လိုကျင့်ကြံတဲ့သူက တစ်စုံတစ်ယောက်ကို လောင်းကစားအတွက် လာကူညီပေးတယ်။ ဘယ်လိုတောင် စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်လဲ”

ရှောင်မင်ကျန်း ရယ်မောကာ ပြောလိုက်သည်။

မြောင်ဝမ်တန်လည်း ပြုံးလျက် …

“မှန်တယ်။ ကျင့်ကြံသူတွေက ကျင့်ကြံမှုမှာပဲ အာရုံစိုက်ကြတာ။ ကျင့်ကြံခြင်းကနေ လောင်းကစားလောကကို သွားတာ ငါ ပထမဆုံး မြင်ဖူးတာပဲ။ ငါ ထန်ရှုကို ငါ့အမှားအတွက် တောင်းပန်ပြီးပြီ။ သူ ခွင့်မလွှတ်ရင်တော့ ငါလည်း မတတ်နိုင်တော့ဘူးကွာ”

“ငါတော့ အဲဒီလို မထင်ပါဘူး။ ထန်ရှုက သဘောထားသေးသိမ်တဲ့ လူစားမျိုး မဟုတ်လောက်ပါဘူး။ မင်းလည်း တောင်းပန်ပြီးဖြစ်တာမို့ သူ အဲဒီလောက် အရာသေးသေးလေးတွေကို စိတ်ထဲ မထည့်ထားလောက်ဘူး”

“ငါလည်း  တကယ် မျှော်လင့်ပါတယ်”

ထို့နောက် သူတို့၂ယောက် ပြောနေသော အကြောင်းအရာသည် ခေါင်းစဉ်ပြောင်းသွားကာ …

“အစ်ကိုမြောင် ... ဒီနေ့ညမှာ ကျင်းပမဲ့ ခရမ်းရောင် ပန်းပွင့်လေးများ နှစ်ပတ်လည် လေလံပွဲအတွက် လက်မှတ်ရနိုင်လား။ ငါ ဒီကျင်းမန်ကျွန်းကို အပြေးလာရတဲ့ ရည်ရွယ်ချက်က ၂ချက်ပဲရှိတယ်။ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်ကို စိန်ခေါ်ဖို့ရယ်၊  ဒီလေလံပွဲရယ်အတွက်ပဲ”

“ငါရောပဲ။ မနေ့က ကျင်းမန်ကျွန်းရဲ့ စီးပွားရေးလုပ်ငန်းရှင် သူငယ်ချင်းတွေက ငါ့ကို လက်မှတ်အနည်းငယ် ပေးထားတယ်။ ငါတို့ ညနေကျရင် အတူတူ သွားကြတာပေါ့။ ဒါပေမဲ့ ငါ မင်းကို ကြိုတင် သတိပေးထားမယ်။ ငါ လိုတာတွေ ဝယ်ဖို့ ငွေအများကြီး ပြင်ဆင်လာတယ်နော်”

မြောင်ဝမ်တန် ပြုံးကာ ပြောလိုက်သည်။

ရှောင်မင်ကျန်းသည် ရယ်မောကာ …

“မင်းရဲ့နတ်ဆိုးလို ရည်ရွယ်ချက်နောက်တော့ ငါ မလိုက်ဘူးနော်။ ငါလည်း လိုတာတွေရှိတယ်။ ဒါပေမဲ့ လေလံပွဲမှာ ငါတို့လို ကျင့်ကြံသူတွေအတွက် အသုံးဝင်မဲ့ဟာက နည်းမှာပါ”

“ ငါ သိတယ်”

ဖုန်းမြည်သံ …

ဖုန်းမြည်သံကြောင့် သူတို့၂ယောက်၏ စကားစ ပြတ်သွားခဲ့သည်။

မြောင်ဝမ်တန်သည် သူ၏ဖုန်းအား ယူကာကြည့်လိုက်ရာ မရင်းနှီးသော နံပါတ်ဖြစ်နေသည်ကို တွေ့ရသည်။ သူ၏အကျင့်အရ ဖုန်းချ ပစ်လိုက်ချင်သော်လည်း ထန်ရှု၏မျက်နှာသည် သူ၏စိတ်ထဲတွင် ပေါ်လာသောကြောင့် သူ၏အကျင့်အား ချက်ချင်းပြောင်းကာ ဖြေသည့်ခလုပ်အားနှိပ်ပြီး ထူးလိုက်သည်။

“မြောင်ဝမ်တန် ပြောနေပါတယ်။ ဘယ်သူများပါလဲ”

“ကျွန်တော် ထန်ရှု” ထန်ရှု၏အသံသည် ဖုန်းထဲတွင် ပေါ်လာခဲ့သည်။

မြောင်ဝမ်တန်၏ မျက်လုံးများသည် ဝိုင်းစက်သွားကာ သူ၏မျက်နှာသည် ပျော်ရွှင်သွားဟန်ရပြီး အမြန်ပြောလိုက်သည်။

“မစ္စတာထန် … ငါ မင်းကို ကူညီဖို့ လိုအပ်တာ တစ်ခုခုများ ရှိသလား”

“ဟုတ်တယ်။ ဇီယီလို့အမည်ရှိတဲ့ တာအိုဘုန်းတော်ကြီး တစ်ပါးက နတ်ဆိုးနဂါး ပင်လယ်ဧရိယာကို သွားပြီး သားရဲကောင်တွေကို လိုက်ဖမ်းဖို့ ကျွန်တော့်ကို ဖိတ်တယ်။ ခင်ဗျား ကျွန်တော်တို့နဲ့အတူ လိုက်ဖို့ စိတ်ဝင်စားလား”

မြောင်ဝမ်တန်သည် ရှောင်မင်ကျန်း၏ မျက်လုံးများအား လျင်မြန်စွာ ကြည့်လိုက်ပြီး လေးနက်စွာဖြင့်

“ငါ တာအိုဘုန်းတော်ကြီးဇီယီကို သိတယ်။ သူနဲ့ သူငယ်ချင်းဖြစ်နေတာ ဆယ်စုနှစ်၂စုမကတော့ဘူး။ ငါ လိုက်ချင်ပါတယ်။ ဒါပေမဲ့ ငါ နောက်တစ်ယောက် ခေါ်ခဲ့လို့ရမလား။ ရှောင်မင်ကျန်းက ငါနဲ့အတူ ရှိနေတယ်”

“အဆင်ပြေတယ်” ထန်ရှု ပြောလိုက်သည်။

“ငါတို့ ဘယ်အချိန် သွားမလဲ။ ဘယ်နေရာမှာ ဆုံကြမလဲ”

“ခင်ဗျားတို့ အဆင်ပြေရင် ရေလက်ကြား ကမ်းခြေစံအိမ်ကို အခု လာခဲ့ပါလား။ ရောက်ရင် မန်နေဂျာ ဟူရှင်းယုကို ရှာလိုက်ပါ။ သူက ကျွန်တော်တို့ဆီကို ပို့ပေးလိမ့်မယ်”

“ကောင်းပြီ။ ငါတို့ ချက်ချင်း လာခဲ့မယ်”

ဖုန်းပြောမှု ပြီးဆုံးသွားပြီဖြစ်သည်။

မြောင်ဝမ်တန်သည် ရှောင်မင်ကျန်းအား ကြည့်ကာ ပြုံးလိုက်သည်။

“အစ်ကိုရှောင် … ထန်ရှုက စိတ်သဘောထား ကျယ်ပြန့်တဲ့ပုံပဲ။ ငါတို့ကို နတ်ဆိုးနဂါးပင်လယ် ဧရိယာမှာ သားရဲကောင်တွေကို အမဲလိုက်ဖို့ ခေါ်နေတယ်။ ဒါ သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ”

“ဒါ အမှန်တကယ်ကို ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ နတ်ဆိုးနဂါးပင်လယ် ဧရိယာက အလွန် အန္တရာယ်များလို့ ငါတို့ ဒီခရီးမှာ သတိထားနိုင်မှ တော်ရုံကျလိမ့်မယ်”

“အိုကေ”

****

ရေလက်ကြားကမ်းခြေ စံအိမ်အတွင်းတွင် ထန်ရှုသည် ဖုန်းအား ပြန်သိမ်းလိုက်ကာ တာအိုဘုန်းတော်ကြီး ဇီယီအား ကြည့်လျက် ပြောလိုက်သည်။

“ဒီမှာပဲ နေပြီး နေ့လယ်စာ သုံးဆောင်ပါ။ ကျွန်တော်ဖိတ်ထားတဲ့ လူ၂ယောက်က နေ့လယ်စာ စားပြီးချိန် ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ ကျွန်တော့်မှာ အချိန်သိပ်မရှိလို့ သူတို့ရောက်လာပြီးရင် ချက်ချင်း သွားကြတာပေါ့”

“အာ … ဒီတာအိုဘုန်းတော်ကြီးက ဒကာလေးထန် ဒီလိုချက်ချင်း ဆောင်ရွက်တတ်မှန်း မမျှော်လင့်ခဲ့မိဘူး။ လေးစားမိပါတယ်။ ဒကာလေး အစီအစဉ်တိုင်း လိုက်ပါပါမယ်”

ကျားလွေဒေါင်သည် တာအိုဘုန်းတော်ကြီးဇီယီနှင့် ထန်ရှုအား ကြည့်လိုက်သည်။ သူသည် ထူးခြားသော အသိုင်းအဝိုင်းတစ်ခုကို မြင်နေရကြောင်း နားလည်လာသည်။ သူ့တွင် နားလည်ရခက်ခဲပြီး ကိုင်တွယ်ရန် မလွယ်ကူသော တစ်စုံတစ်ယောက် ရှိနေသောကြောင့် သူသည် တာအိုဘုန်းတော်ကြီး ဇီယီအား နွေးထွေးစွာ ကြိုဆိုလိုက်ပြီး ထိုင်ရန် နေရာချပေးလိုက်သည်။

နေ့လယ်စာသည် အလွန် ခမ်းနားခဲ့ပြီး ထန်ရှု ဒီနေ့အထိ စားဖူးသမျှထဲတွင် အခမ်းနားဆုံးဖြစ်သည်။ တန်ဖိုးကြီးလွန်းသည့်အပြင် အချည်းနှီးဖြစ်လွန်းသည် ဟုလည်း သူ ခံစားနေရသည်။ အဓိကဟင်းလျာ၂ပွဲတွင် သားရဲကောင်များ၏ အလွန်ကောင်းမွန်သော အစိတ်အပိုင်းများ ပါဝင်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ့ကိုသာ ထိုအစိတ်အပိုင်းများ ပေးပါက သူသည် ရွှေခေါင်းလောင်း ဆေးရည်အဆင့်မြှင့်ရာတွင် အဓိကအရာများအဖြစ် အသုံးပြုလိုက်မည်ဖြစ်သည်။

“ကံမကောင်းစွာနဲ့ပဲ အသားထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက သန့်ရှင်းစွာ အသုံးပြုပြီးဖြစ်နေပြီ။ ဒါကြောင့် သူ့မှာ ခန္ဓာကိုယ် ကောင်းမွန်ဖို့ အကျိုးကျေးဇူးတွေ မရှိတော့ဘူး”

ထန်ရှု၏သက်ပြင်းချမှုနှင့် အတူ သူတို့၏နေ့လယ်စာ ပြီးဆုံးခဲ့သည်။

ကျားလွေဒေါင်သည် ပထမတွင် ထန်ရှုအား အဖော်လုပ်ပေးရန် ရည်ရွယ်ထားသော်လည်း ထန်ရှုတွင် လုပ်စရာရှိနေသည်ကို သိနေသောကြောင့် သူ၏တပည့်များအား ထရန် အချက်ပြလိုက်ပြီး ထွက်ခွာသွားတော့သည်။ ထန်ရှုသည် သူတို့အား မတားမြစ်ခဲ့သလို လောကဝတ်စကား အနည်းငယ်မျှပင် မဆိုမိပဲ ထိုသူများ ထွက်ခွာသွားသည်အား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

“ဒကာလေးထန် ... ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်းအစီအရင်ကို ဒကာလေး စိန်ခေါ်တာကို ဆရာတော် ကြားတယ်။ တကယ့်ကို အံ့အားသင့်စရာပါပဲ။ အမှန်အတိုင်း ပြောရရင် ဆရာတော်လည်း တစ်ကြိမ် စိန်ခေါ်ဖူးတယ်။ တတိယအလွှာအထိပဲ ရောက်ခဲ့တယ်”

“ကျွန်တော့်ရဲ့ကျင့်ကြံခြင်းက နိမ့်ပြီး ခွန်အားလည်း နည်းပါတယ်။ အစီအရင် ချိုးဖောက်ခြင်းမှာ ဗဟုသုတ ရှိနေလို့သာ သူများထက် ပိုစွမ်းအားကြီးသလို ဖြစ်နေတာပါ။ နတ်ဆိုးနဂါး ပင်လယ်ဧရိယာမှာ အဆင့်မြင့်သားရဲတွေကို အမဲလိုက်တဲ့အခါ အများကြီး အထောက်အကူမပြုနိုင်မှာ စိုးကြောက်မိပါတယ်”

“ဒကာလေးထန် … ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့ မလိုပါဘူး။ အစီအရင် မာစတာတွေက စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေထက် ပိုပြီးသန်မာပါတယ်။ ငါတို့ခရီးစဉ်မှာ ဒကာလေးထန်က သတ်ဖြတ်ခြင်းအစီအရင်ကို ပြုလုပ်ပေးဖို့လိုပြီးတော့ ငါတို့က သားရဲတွေကို အဲဒီအစီအရင်ထဲကို ဝင်အောင် လုပ်ကြမယ်။ အဲဒါဆို ငါတို့ အမဲလိုက်ရတာ ပိုလွယ်သွားပြီ”

ထန်ရှုသည် တာအိုဘုန်းတော်ကြီးဇီယီ၏ ဆိုလိုရင်းအား လျင်မြန်စွာ နားလည်သွားသည့် အလျောက် ခေါင်းညိတ်ပြလိုက်သည်။

“ဒီအစီအရင်ကို ခင်းကျင်းရတာ ပြသနာ သိပ်မရှိပေမဲ့ ကျွန်တော် ကိရိယာအနည်းငယ် လိုလိမ့်မယ်”

“ဘယ်လို ကိရိယာမျိုးလဲ”

“ကျောက်စိမ်း ... ။ အရည်အသွေး ပိုကောင်းလေ အစီအရင်ကို ပိုကောင်းအောင် လုပ်နိုင်လေပဲ။ အဆောင်စာရွက်အချို့လည်း ဆွဲဖို့လိုလိမ့်မယ်”

“ကျောက်စိမ်းက ပြဿနာမရှိဘူး။ ကျင်းမန်မှာ ကျောက်စိမ်းလုပ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတော့ သူ့ကို ဆက်သွယ်ပြီး လာပို့ခိုင်းလို့ရတယ်။ အဆောင်စာရွက် အတွက်တော့ ငါ့မှာ အခက်အခဲရှိတယ် ဒကာလေးထန်”

“ကောင်းပြီ”

“အဆောင်စာရွက်တွေ ဆွဲဖို့ ကျွန်တော် တချို့အရာတွေ ဝယ်ရလိမ့်မယ်။ ဆရာတော် ဒီမှာ ဖိတ်ထားတဲ့၂ယောက်ကို စောင့်နေတုန်း ကျွန်တော် လိုတာတွေ သွားဝယ်လိုက်မယ်။ ကျွန်တော်တို့ ခရီးမထွက်ခင် အဆောင်စာရွက်တွေ ပြီးအောင်ဆွဲဖို့ ကျွန်တော့်ကို စောင့်ပါ”

“ကောင်းပြီ”

All Chapters