ခရမ်းရောင်ပန်းပွင့်လေးများ လေလံပွဲ
Vol. 02 Ch. 97
ထန်ရှုသည် အိမ်အပြင်ဘက် ထွက်လိုက်စဉ်တွင် သက်လတ်ပိုင်း လူတစ်ဦးအား ဝင်ပေါက်တွင် တွေ့လိုက်ရသည်။ ထိုသူသည် လေးထောင့်ကျကျ မျက်နှာ၊ ပုံစံကျသည့်ကိုယ်ဟန်၊ ၁.၈မီတာ မြင့်သောအရပ်နှင့် စိတ်ဝိညာဉ်တို့ ပြည့်နေသော ကြည်လင်တောက်ပသည့် မျက်ဝန်းများရှိသည်။
“ဘယ်သူကို ရှာပါသလဲ”
“ငါ ထန်ရှုကို လာရှာတာ”
“ကျွန်တော် ထန်ရှုပါ။ ဘယ်သူများပါလဲ” ထန်ရှု မျက်ခုံးများ မြင့်တက်သွားကာ ပြောလိုက်သည်။
“ငါ ထန်ဒေါင်။ မင်း ငါ့ကို တွေ့ချင်တယ်ကြားလို့”
ထန်ဒေါင်သည် ထန်ရှုအား မချိုမချဉ် မျက်နှာပေးဖြင့် အထင်သေးသလို ကြည့်နေသည်။ လွန်ခဲ့သည့်၂ရက်က ကျင်းမန်ကျွန်းတွင် နာမည်ကြီးလာသည့် အနှီလူငယ်လေးသည် သူ့အား မည်သည့် အကြောင်းကြောင့် တွေ့ချင်နေသည်ကို သူ နားမလည်ပါချေ။
ထန်ရှုသည် ခေါင်းကို ညိတ်ကာ ပြောလိုက်သည်။
“အမှန်တကယ်တော့ ကျွန်တော် စံအိမ်သခင်ဟောင်းကို တွေ့ချင်တာပါ။ ဒါပေမဲ့ သူ့ကို တွေ့ဖို့အရမ်းခက်တယ်လို့ ကြားလို့။ ကျွန်တော် ခင်ဗျားကို မေးချင်တာရှိလို့ စကားပြောလို့ အဆင်ပြေမဲ့နေရာ သွားကြမလား”
ထန်ဒေါင်သည် ထန်ရှု၏အိမ်အား ကြည့်လိုက်ပြီး ချာခနဲလှည့်ကာ ပြောလိုက်သည်။
“ငါနဲ့လိုက်ခဲ့ပါ။ ဒီနားမှာ လက်ဖက်ရည်စံအိမ်အဖြစ် သုံးတဲ့ အိမ်တစ်လုံးရှိတယ်။ ပုံမှန်တော့ အဲဒီအိမ်ကို အများပြည်သူအကြား မဖွင့်ဘူး”
သိပ်မကြာမီ …
သူတို့သည် စံအိမ်ထဲ ရောက်လာကြပြီး ဝန်ထမ်းများက လက်ဖက်ရည် တည်ခင်းကြသည်။ လက်ဘက်ရည်အရသာအား မြည်းစမ်းရင်း …
“ပြောပါ။ ငါ့ကို ဘာကြောင့် တွေ့ချင်ရတာလဲ”
“ကျွန်တော် ခင်ဗျားတို့ အဓိကဟင်းလျာမှာ သုံးတဲ့ အရာတွေကို စိတ်ဝင်စားလို့။ ဖြစ်နိုင်မယ်ဆိုရင် ခင်ဗျားတို့ သားရဲတွေကို အမဲလိုက်တဲ့နေရာကို ပြောပြပေးလို့ရမလား”
“အာ ... ဒါအတွက်လား။ ဒီမှာရှိတဲ့ လူတော်တော်များများက ငါတို့ အမဲလိုက်တဲ့နေရာကို သိကြပါတယ်။ ကျင်းမန်ကျွန်းနားက သေခြင်းရဲ့မျက်လုံးလို့ခေါ်တဲ့ ပင်လယ်ရေမြောင်း တစ်ခုကပါ။ အဲဒီမှာ ကြမ်းကြုတ်တဲ့ သားရဲတွေ ကျက်စားတယ်။ စိတ်ဝိညာဉ် တစ်ဆင့်တည်းတောင် အလွန်ရက်စက် ကြမ်းကြုတ်ကြတယ်”
“ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကို အမဲလိုက်ရတာ မလွယ်ဘူးမဟုတ်လား”
“ဒါပေါ့ ဘယ်လွယ်လိမ့်မလဲ။ ငါတို့ အဲဒီကို သွားတိုင်း ဝန်ထမ်းအချို့သေရင်သေ၊ မသေရင် ဒဏ်ရာပြင်းထန်စွာ ရကြတယ်။ အဲဒါကြောင့် ငါတို့ဟင်းလျာတွေက ဈေးကြီးနေရတာ”
ထန်ဒေါင် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့ စံအိမ်က လုံခြုံရေးတွေက သိုင်းပညာ အဆင့်မြင့်တယ်လို့ ကျွန်တော် ပြောနိုင်တယ်။ ခင်ဗျားတို့စံအိမ်က သားရဲတွေရဲ့ကိုယ်လုံးကို ရောင်းလား”
“မင်းက အဲဒါကို လိုတာလား”
“ဟုတ်တယ်”
“ငါတို့စံအိမ်မှာ အဲဒါတွေရှိပေမဲ့ ရောင်းဖို့မဟုတ်ဘူး။ သားရဲတွေကို အမဲလိုက်ရတာ အလွန်ခက်ခဲတဲ့အပြင် ဒီဟာက ငါတို့စံအိမ်ရဲ့ အထူးအရာ ဖြစ်သောကြောင့် သူတို့ထဲက အတွင်းအစိတ်အပိုင်းတွေ လိုအပ်သေးတယ်။ ငါ စိတ်မကောင်းပါဘူး”
“ကျွန်တော်က အသား လိုအပ်တာ မဟုတ်ဘဲ အရိုး၊ အသွေး၊ ခြေသည်းလက်သည်း၊ အရေခွံနဲ့ အခြားအရာတွေဆိုရင်ရော ရောင်းပေးမလား”
“မင်း ဘာအတွက် အဲဒါတွေ လိုတာလဲ”
“ကျွန်တော် အစီအရင်တစ်ခု လုပ်ဖို့ရှိတာ အဲဒါတွေ လိုအပ်လို့”
“မင်းက အစီအရင်တွေကို လုပ်နိုင်တယ်လား။ ရှေးကျတဲ့ အစီအရင်တွေကို ကိုယ်တိုင် လုပ်နိုင်တာလား” ထန်ဒေါင် အံ့အားသင့်စွာ မေးလိုက်သည်။
ထန်ရှုသည် ခေါင်းကိုညိတ်လျက် …
“ခင်ဗျားလည်း ကြားမိမှာပေ့ါ ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်ကို ကျွန်တော် ဆဋ္ဌမအလွှာထိ ရောက်ခဲ့တယ်ဆိုတာလေ။ ကျွန်တော့်မှာသာ ဒီလို အစီအရင်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတမရှိရင် ဘယ်လိုဖြစ်နိုင်လိမ့်မတုံး”
“အာ ... ငါ့အတွေးတွေ မှုန်မှိုင်းကုန်တယ်ကွာ။ မင်း အဲဒါတွေ လိုတယ်ဆိုရင် ငါ ရောင်းပေးပါမယ်။ ငါတို့က စီးပွားရေးသမားတွေ ဆိုတော့ မင်း ဈေး ဘယ်လောက်ပေးမှာတုန်း”
ထန်ရှု တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် ပြောတာတွေအကုန်ပါရင် တစ်ကောင်ကို ၅သန်းပေးမယ်ဗျာ။ ဘယ်လိုလဲ”
၅သန်းလား။
ထန်ဒေါင်သည် အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူတို့စံအိမ်သည် အသားမှလွဲပြီး ကျန်သည့်အစိတ်အပိုင်းများ အသုံးမပြုသောကြောင့် ထန်ရှုပေးသောငွေသည် ပမာဏများသည်ဟု ဆိုနိုင်သည်။ အသားများကို ရောင်းရင်တောင်မှ ၁၀သိန်းဖြင့်သာ ရောင်းချပြီး ကျန်သည့်အပိုင်းများအား အလွန်နည်းသည့်ဈေးဖြင့် ရောင်းချရသည် ဖြစ်သည်။
“ဘာလို့လဲ။ နည်းနေသေးလို့လား” ထန်ရှု ထပ်မေးလိုက်သည်။
“မဟုတ်ပါဘူး။ ဒါ လုံလောက်တဲ့ ပမာဏပါ။ အခြားလိုအပ်တာရော ရှိသေးလား”
“အဲဒါတွေ ခင်ဗျားဆီမှာ ရှိနေရင် ကျွန်တော် ချက်ချင်း ယူချင်ပါတယ်”
“ငါတို့မှာ အဲဒါတွေ ရှိပါတယ်။ ငါ မင်းကို ကြည့်ဖို့ ခေါ်သွားပေးမယ်”
“ကောင်းပြီ” ထန်ရှုသည် ချက်ချင်း ထရပ်လိုက်သည်။
သို့သော် သူသည် ထန်ဒေါင်နောက် ၁၀လှမ်းသာ လိုက်ရသေးသည်။ အဆောင်စာရွက် ဝယ်ရမည်ကို သတိရသွားသဖြင့် မေးလိုက်သည်။
“ကျွန်တော့်ကို အခြား မျက်နှာသာပေးဖို့ တစ်ခု တောင်းဆိုလို့ရမလား”
ထန်ဒေါင်သည် ရင်းရင်းနှီးနှီး ပြောလိုက်သည်။
“ပြောကြည့်ပါ”
“ကျွန်တော် တခြားဟာတွေ ဝယ်ဖို့ရှိနေတယ်။ တစ်ယောက်ယောက်ကို လွှတ်ပြီး ကျွန်တော့်အတွက် ဝယ်ခိုင်းပေးလို့ရမလား။ ရှာရတာ မလွယ်ပေမဲ့ ဈေးမကြီးပါဘူး။ အနီးအနားမှာ မေးလိုက်ရင် ရှာဝယ်နိုင်မယ်လို့ ယုံကြည်တယ်”
“ကောင်းပြီ။ မင်းလိုတာတွေ ချရေးလိုက်ပါ။ ငါ ချက်ချင်း လွှတ်ပေးမယ်။ သူပြန်လာမှ မင်း ပိုက်ဆံပေးလိုက်ပါ”
ထန်ဒေါင် ပြုံးကာ ပြောလိုက်သည်။
“အဲဒါ အဆင်ပြေတယ်”
၁၀မိနစ်ကြာသော် …
ထန်ရှုနှင့် ထန်ဒေါင်တို့သည် စံအိမ်အတွင်းပိုင်းရှိ စားဖိုဆောင်သို့ ဝင်ရောက်လာခဲ့ပြီး ထိုမှတစ်ဆင့် အနောက်ဘက်ရှိ ကြီးမားသော ဂိုဒေါင်ဆီသို့ သွားခဲ့သည်။ ကြီးမားသော ရေခဲသိုလှောင်ခန်းသည် ဂိုဒေါင်၏ဘေးတွင် တည်ရှိပြီး အထဲတွင် ခဲထားသော သားရဲကောင်၂ကောင် ရှိလေသည်။ အခြား သားရဲကောင်များမှာမူ ဖြတ်တောက်ထားပြီး ဖြစ်သောကြောင့် အစုအပုံလိုက် တည်ရှိနေသည်။
“ဒီဟာတွေက သားရဲ၄ကောင်က ကျန်နေတဲ့ဟာတွေပဲ။ ငါတို့ အသုံးပြုဖို့ မရှိတော့ဘူး။ မင်း သဘောကျတယ်ဆိုရင် အဲဒါတွေကို မင်းပြောတဲ့ဈေးနဲ့ ငါ ရောင်းပေးမယ်”
မျှော်လင့်ချက်များဖြင့် ထန်ဒေါင်သည် ထန်ရှုအား ကြည့်ကာ ပြောလိုက်သည်။
ထန်ရှုသည် ထိုအရာများအား မိနစ်အနည်းကြာအောင် စစ်ဆေးလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော် ဒါတွေ ယူမယ်။ ခင်ဗျားကို အခုချက်ချင်း ငွေလွှဲပေးမယ်။ ဒါပေမဲ့ ကျွန်တော် နောက်ထပ်တောင်းဆိုစရာ ရှိသေးလို့ လုပ်ပေးနိုင်မလားဗျ”
“ပြောပါ” ထန်ဒေါင်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။
“ကျွန်တော်က ကြယ်တာရာမြို့က လာတာပါ။ ကျွန်တော် အချိန်မရတာမို့လို့ ဒီဟာတွေကို ကြယ်တာရာမြို့ကို ပို့ပေးလို့ရမလား။ ကျွန်တော့်လိပ်စာ ပေးထားခဲ့မယ်။ ခင်ဗျား ပို့ပြီးတာနဲ့ လူတချို့ကို လက်ခံဖို့ ကျွန်တော် စီစဉ်ထားပါ့မယ်”
“ပြသနာ မရှိဘူး”
သားရဲ၄ကောင်၏ကျန်ရှိသောအပိုင်းများအတွက် သန်း၂၀အား မိုဘိုင်းဘဏ်စနစ်အား ထန်ရှုသည် လေ့လာသင်ယူလိုက်ပြီး ထန်ဒေါင်အား လွှဲပေးလိုက်သည်။
“၆လတစ်ကြိမ် ခင်ဗျားတို့ အသားယူပြီးသွားတဲ့ သားရဲရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကို ကြယ်တာရာက ကျွန်တော့်ဆီ ပို့ပေးပါ။ ကျွန်တော့်ဖုန်းနံပါတ် မှတ်ထားလိုက်ဦး။ ခင်ဗျား ပို့ပြီးတာနဲ့ ကျွန်တော် ချက်ချင်း ငွေလွှဲပေးမယ်”
ငွေလွှဲမှုပြီးဆုံးချိန်တွင် ထန်ရှုသည် ထပ်လောင်း ပြောကြားလိုက်သည်။
“၆လတစ်ကြိမ်လား” ထန်ဒေါင်သည် အံ့အားသင့်စွာ မေးလိုက်သည်။
“ဟုတ်တယ်။ ၆လတစ်ကြိမ်ပဲ။ ခင်ဗျားတို့ အမဲလိုက်ထားတဲ့သားရဲက အဆင့်နိမ့်တော့ ကျွန်တော့်အတွက် ၆လပဲ အသုံးဝင်တယ်။ ၆လကျော်သွားရင် ကျွန်တော့်အတွက် အသုံးမဝင်တော့ဘူး”
ထန်ဒေါင် သဘောပေါက်သွားကာ ပြုံးလိုက်သည်။
“သေချာပေါက် ၆လတစ်ကြိမ်ပဲ။ ငါ သေမင်းမျက်လုံးဆီ အဲဒီအချိန်ဆို သားရဲအများကြီးဖမ်းဖို့ စီစဉ်မယ်”
“ကျွန်တော် နေ့လည်စာစားခဲ့တဲ့ ဧည့်စံအိမ် ပြန်လိုက်ဦးမယ်။ ကျွန်တော် စားခဲ့တာတွေနဲ့ ကျွန်တော်လိုအပ်တာ ဝယ်ခိုင်းလိုက်တဲ့ လူဆီက ပစ္စည်းဖိုးတွေ ကျွန်တော် ပေးပါမယ်”
ထန်ဒေါင်သည် လက်ကိုယမ်းလိုက်ကာ ပြောလိုက်သည်။
“မင်း ဝယ်ခိုင်းလိုက်တာတွေ ငါ သိပြီးပါပြီ။ မင်းပေးတဲ့ပိုက်ဆံက လုံလောက်နေတဲ့ အတွက် ထပ်မပေးနဲ့တော့”
သူသည် အရူးတစ်ယောက် မဟုတ်သောကြောင့် သားရဲကောင်များ၏ ကျန်သော အစိတ်အပိုင်းရောင်းချခြင်းမှ ငွေအများကြီး ရထားပြီဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ငွေပမာဏ အနည်းငယ်အား ဂရုမစိုက်တော့ချေ။ ထို့ပြင် ထန်ရှုထံမှ အနာဂတ်အတွက် သားရဲအစိတ်အပိုင်းများ ရောင်းချရန် သဘောတူညီမှု ရထားပြီးဖြစ်ရာ အနည်းငယ် လျှော့ပေးလိုက်ခြင်းဖြင့် မျက်နှာသာ ပေးလိုက်လေသည်။
“အာ ... အဲဒါဆို ကောင်းပါပြီ”
ထန်ရှုလည်း ရိုးရှင်းစွာ လိုက်နာလျက် ပြန်လာခဲ့တော့သည်။
ထန်ဒေါင်သည် ထန်ရှု၏ နောက်ကျောအား ကြည့်ကာ စဉ်းစားနေရင်း အမျိုးအမည်မသိသော ခံစားချက်သည် သူ၏ရင်တွင်းတွင် ဖြစ်ပေါ်နေသည်။ ထန်ရှုသည် သိသာထင်ရှားစွာပင် အသက်၂၀၀န်းကျင်ပင် ရှိလိမ့်ဦးမည်။ သို့သော် သူ၏ စိတ်နေသဘောထားနှင့် အပြုအမူတို့သည် လူငယ်တစ်ယောက်နှင့် မတူဘဲ အတွေ့အကြုံ ရင့်ကျက်နေသော ယောက်ျားတစ်ယောက်နှင့် ပိုတူနေသည်ဟု သူ တွေးနေမိသည်မှာ ရယ်စရာ ကောင်းလှပေသည်ဟု သူ့ကိုယ်သူ ခံစားမိလေသည်။
ထန်ရှုသည် ဧည့်စံအိမ်သို့ ပြန်လာရာ ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် ရောက်နေကြပြီဖြစ်ပြီး တာအိုဘုန်းတော်ကြီး ဇီယီနှင့် စကားလက်ဆုံ ကျနေကြသည်။
“မစ္စတာထန်”
“မစ္စတာထန်”
ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်ကြသည်။
ထန်ရှုသည် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ခင်ဗျားတို့ ခဏစောင့်ဖို့ လိုလိမ့်မယ်။ ကျွန်တော် အစီအရင်ရေးဆွဲဖို့ လိုအပ်တဲ့ အဆောင်စာရွက်တွေ သွားဝယ်ခိုင်းထားတယ်။ မကြာခင် သူတို့ ပို့လာလိမ့်မယ်။ ကျွန်တော်ဆွဲတာ ခဏစောင့်ပြီး သွားကြတာပေါ့”
ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး မည်သည့်စကားမျှ မဆိုကြပေ။
တာအိုဘုန်းတော်ကြီး ဇီယီသည် ပြုံးကာ ပြောလိုက်သည်။
“ဒကာလေးထန် … ဒီတာအိုဘုန်းတော်ကြီးက ဒကာလေးဖိတ်ခဲ့တာ ဒကာကြီးမြောင်နဲ့ ရှောင်ဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ သူတို့နဲ့ သိတာ ကြာပြီဖြစ်ပေမဲ့ ဒီကို အလည်ရောက်နေတာကို မသိခဲ့မိဘူး။ သူတို့နဲ့စကားပြောတော့ ခရမ်းရောင်ပန်းပွင့်လေးများ လေလံပွဲအကြောင်း ကြားခဲ့တယ်။ ဖြစ်နိုင်မယ်ဆိုရင် ငါတို့ နတ်ဆိုးနဂါး ပင်လယ်ဧရိယာကို မနက်ဖြန်မှ သွားဖို့ စီစဉ်ကြမလား”
အစီအစဉ် ပြန်ဆွဲပြီး အချိန်တွေ နှောင့်နှေး ကြန့်ကြာဦးမလို့လား။
ထန်ရှု မျက်ခုံးများ တွန့်သွားသည်။ သူ၏စိတ်ထဲတွင် စိတ်ညစ်သွားသော်လည်း မျက်နှာထက်တွင် မပြပဲ မေးလိုက်သည်။
“အဲဒီလေလံပွဲက ဘာလဲ”
မြောင်ဝမ်တန်သည် အမြန် ဝင်ရှင်းပြလိုက်သည်။
“ခရမ်းရောင် ပန်းပွင့်လေးများ လေလံပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နှစ်စဉ်ကျင်းပတဲ့ လေလံပွဲပါ။ အဲဒီမှာဆိုရင် ကျင့်ကြံသူတွေ အတွက် အသုံးဝင်တာတွေ တွေ့ရတတ်တယ်။ လေလံလည်း တင်ပါတယ်။ ငါ အဲဒီပွဲကို နှစ်စဉ်တက်ပြီး ကောင်းမွန်တဲ့အရာတွေ ရဖူးတယ်။ ပိုက်ဆံတွေအများကြီး ကုန်ပေမဲ့လည်း ထိုက်တန်တယ်။ သည်တစ်ကြိမ် လွဲသွားရင်တော့ နောက်တစ်နှစ် ထပ်စောင့်ရလိမ့်မယ်”
“ကျင့်ကြံသူတွေအတွက် အသုံးဝင်တာတွေလား။ အဲ့လိုဆိုရင်လည်း ဟိုကို မနက်ဖြန်မှ ထွက်ကြတာပေါ့။ လေလံပွဲက ဘယ်အချိန်စမှာလဲ။ ကျွန်တော်ရော ပါလို့ရတာလား”
ထန်ရှုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
ထန်ရှု သဘောမတူမည်ကို စိုးထိတ်နေခဲ့သဖြင့် မြောင်ဝမ်တန်သည် ကြိတ်ပြီး စိတ်သက်သာရာ ရသွားသည်။
ထန်ရှု မေးသည်ကို ကြားကြားချင်း သူသည် ချက်ချင်း ဝင်ပြောလိုက်သည်။
“လွန်ခဲ့တဲ့၂ရက်လောက်က ကျင်းမန်ကျွန်းက သူငယ်ချင်းတွေက လက်မှတ်၄စောင် ပေးထားခဲ့တယ်။ ငါတို့၄ယောက် အတွက် လုံလောက်ပါတယ်”
“အဲဒါဆို တော်သေးတာပေါ့။ ကံကောင်းလို့ ကျွန်တော့်မှာ ပိုက်ဆံနည်းနည်း အပိုပါလာလို့။ ကျွန်တော် လိုအပ်တာလည်း တွေ့ရင်လည်း ဝယ်ရတာပေါ့လေ”
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စိတ်ထဲတွင် ကြိတ်ပြုံး လိုက်ကြပေသည်။ သူတို့သည် ထန်ရှုနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက် ချင်သောကြောင့် ထန်ရှု သဘောကျသည့် အရာအား အကြိုက်တူခဲ့ရင်တောင်မှ ထန်ရှုနှင့် ယှဉ်ပြီး မလုရန် တွေးထားပြီး ဖြစ်လေသည်။
*****