ပြန်ဆုံကြပြီ
Vol. 38 Ch. 535
အခန်း (၅၃၅) ပြန်ဆုံကြပြီ
အမတအင်းသင်္ကေတများက ရန်ကျောက်ကဲဦးခေါင်းထက်တွင် အဆက်မပြတ် စုဝေးကာ ကြီးမားသော ဝိညာဉ်အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။
ထို ဝိညာဉ်အစီအရင်က “အမတလက်ဖွဲ့ အလယ်ဆင့်” ဖြစ်သော သိုင်းဆရာသခင် အဋ္ဌမအဆင့်ကို အတိအကျ ဖော်ပြခြင်း ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီး ဆုံတွေ့မှုမှ ဖြစ်ပေါ်လာသော ထူးခြားသည့်စွမ်းအားနယ်ပယ်က ရန်ကျောက်ကဲကို ကြီးမားသောအကျိုးကျေးဇူးများ ရရှိစေသည်။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းလမ်းကြောင်းတွင် သူအလိုအပ်ဆုံးအရာကို ရရှိခဲ့သည်။
ထိုအရာက “အချိန်” ပင် ဖြစ်၏။
ယခင်က ရေခဲနဂါးရုပ်အလောင်းကြီးမှ သူ စုပ်ယူထားခဲ့သော သွေးစွမ်းအားနှင့် ချီစွမ်းအားအနှစ်သာရများ အားလုံးကို သန့်စင်ရခြင်း မရှိသေးပေ။
ရန်တိပြောခဲ့သည့်အတိုင်း သူ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်ရောက်သည်အထိ ထိုချီစွမ်းအားများက သူ့အတွက် လုံလောက်နေမည် ဖြစ်သည်။ သိုင်းသူတော်စင်အဆင့်တက်ရောက်သည်အထိပင် တည်တံ့နေနိုင်ပေသည်။
သူ့အတွက် လိုအပ်သောအရာမှာ ထို ကြီးမားလှသောစွမ်းအားကို သူ့ကိုယ်ပိုင်အဖြစ်အသုံးချရန်အတွက် မှန်ကန်စွာ ပြောင်းလဲကျင့်ကြံနိုင်ရန် ဖြစ်သည်။
ဥပမာဆိုရသော် ရန်ကျောက်ကဲသည် စည်းစိမ်ဥစ္စာချို့တဲ့သူမဟုတ်သဖြင့် ငွေကြေးချမ်းသာမှုကို မှန်ကန်စွာ သုံးစွဲရန်သာ လိုအပ်သည်။
ယခု ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ကောင်းကင်ဘုံနန်းတော်ထုတ်တန်းတို့ ဆုံတွေ့မှုမှ မျှော်လင့်မထားသော တုံ့ပြန်မှုကြောင့် ရန်ကျောက်ကဲသည် ကျင့်ကြံခြင်းတစ်ဆို့မှုကို ကျော်ဖြတ်ကာ အမတလက်ဖွဲ့ အလယ်ဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
အမတလက်ဖွဲ့ ကနဦးအဆင့်ရောက်ပြီး အချိန်ကြာမြင့်ခြင်းမရှိသေးဘဲ ထပ်မံအဆင့်တက်နိုင်ခဲ့သည်။
သူ အမတလက်ဖွဲ့ ကနဦးအဆင့် တက်ရောက်သည်ကို တွေ့မြင်ခဲ့ကြသော သမုဒ္ဒရာကမ္ဘာမှ သိုင်းသမားများသာ ဤအကြောင်းကို ကြားသိရပါက တုန်လှုပ်ချောက်ချားသွားမည်ပင်။
ဤဖြစ်စဉ်များအားလုံး ပြီးဆုံးသွားသည်နှင့် ဗလာနယ်ကျော်ြဖတ်ခြင်း အစီအရင်စွမ်းအားကြောင့် ရန်ကျောက်ကဲနှင့် မြောက်ပိုင်သမုဒ္ဒရာကိုယ်ပွားသည်လည်း ကျောက်သားနန်းတော်ထဲတွင် မဟုတ်တော့ဘဲ အခြားနေရာတစ်ခုသို့ ရောက်ရှိသွားသည်။
ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထုတ်တန်းကြီးကို ချက်ချင်းမသန့်စင်သေးဘဲ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို အသုံးပြုကာ ခဏမျှ ငြိမ်သက်အောင် ထိန်းထားလိုက်သည်။
ထို့နောက် ကျောက်စိမ်းဓားကိုထုတ်ယူပြီး အပြောင်းအလဲများကို ဂရုတစိုက် အာရုံခံလိုက်ရာ ဓား၏တုံ့ပြန်မှုက အရင်ကထက်ပိုမိုပြင်းထန်လာကြောင်း ခံစားရသည်။
ကျောက်စိမ်းဓား ညွှန်ပြသည့်လမ်းကြောင်းအတိုင် ရန်ကျောက်ကဲ အလျှင်အမြန် ပျံသန်းထွက်ခွာသွား၏။
သူ၏အရှိန်အဟုန်က ရှီကျွင်းနှင့် ရှန်ယင်းတို့ထက် များစွာလျှင်မြန်သလို အခြားသောအတားအဆီးများလည်းမရှိသဖြင့် ခဏအတွင်း ထိုနှစ်ယောက်ကို ရှာတွေ့သွားသည်။
ကြယ်စင်လှည့်ပြောင်းပင်လယ်ထက်တွင် ပြေးလွှားနေသော လူငယ်နှစ်ယောက်ကိုတွေ့သည့်အခါ ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။
ရှီကျွင်းက လက်ထဲတွင်ကိုင်ထားသော ကျောက်စိမ်းဓား၏အပြောင်းအလဲကို အာရုံခံမိသည်အခါ မျက်နှာထက် ပျော်ရွှင်မှုများ လွှမ်းခြုံသွားသည်။
“ကျွင်းအာ...”
ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။
ရန်ကျောက်ကဲကိုတွေ့တော့ ရှီကျွင်း အလွန်ဝမ်းသာသွားပြီး...
“ဆရာဦးလေး’ရန်’...”
ရန်ကျောက်ကဲမှာလည်း ယခုမှ စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်ရင်း...
“ကောင်လေး... မင်း ကောင်းကောင်း ကြီးပြင်းလာတာတာပဲ”
ရန်ကျောက်ကဲ၏ ငယ်ရွယ်နေဆဲ အသွင်သဏ္ဌန်ကိုတွေ့တော့ ရှီကျွင်းက အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။
“ဆရာဦးလေး’ရန်’ က အရင်အတိုင်းပဲ လုံးဝ ပြောင်းလဲမသွားဘူး”
ရန်ကျောက်ကဲက ပြုံးရင်း...
“ငါတို့ကမ္ဘာမှာ အချိန်တစ်နှစ်ကျော်လေးပဲ ကုန်သေးတာလေ”
ရှီကျွင်း သဘောပေါက်သွားပြီး သူ့ဘေးနားမှ ရှန်ယင်းကို လှည့်ကြည့်ရင်း...
“’ရှန်’ မိန်းကလေး ၊ ဒါက ငါ့ရဲ့ဆရာဦးလေး ‘ရန်ကျောက်ကဲ’ ပါ ၊ သူ့နာမည်ကို မင်း အရင်က ကြားဖူးပြီးသား ဖြစ်မှာပါ”
ရန်ကျောက်ကဲက သူ့ကို ပေါ်ပေါ်ထင်ထင်ပင် စကားပြောဆိုသည်ကို တွေ့သဖြင့် ရှီကျွင်းက ဖုံးကွယ်ထားရန် မလိုအပ်ကြောင်း သိလိုက်သည်။
ရှန်ယင်းက ရန်ကျောက်ကဲကို ထိတ်လန့်စွာဖြင့် စူးစမ်းသလို ကြည့်နေသော်လည်း ယဉ်ကျေးစွာပင် နှုတ်ဆက်စကားဆိုသည်။
“သွေးနီနဂါးဂိုဏ်းက တပည့် ရှန်ယင်း ‘ရန်’ သခင်လေးကို နှုတ်ဆက်ပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“အရမ်း ယဉ်ကျေးနေစရာမလိုပါဘူး"
ထို့နောက် ရန်ကျောက်ကဲက တည်ကြည်လေးနက်စွာဖြင့် ရှီကျွင်းကို ကြည့်ရင်း...
“ဘာတွေဖြစ်ခဲ့တာလဲ... ကျွင်းအာ”
ရှန်ယင်းမျက်နှာက မှိန်ဖျော့သွားပြီး ရှီကျွင်းကတော့ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
သူက...
“ဆရာဦလေး... အဖြစ်အပျက်တွေက...”
ရှီကျွင်းက ရန်ကျောက်ကဲကို ဖြစ်ကြောင်းကုန်စင် ရှင်းပြ၏။
ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာ နားထောင်နေခဲ့ပြီး အဖြစ်အပျက်များက စောစောက သူ တွေးထားသည်များနှင့် အကြမ်းဖျင်း တူညီသည်။
ချန်လီတောင်မှထွက်ခွာလာသော ရှီကျွင်းက ကြယ်စင်လှည့်ပြောင်းပင်လယ်သို့ ရောက်ရှိလာသည်။ ကျွန်းတစ်ကျွန်းပေါ် အရောက်တွင် သွေးနီနဂါးဂိုဏ်းမှ တပည့်အုပ်စုနှင့် တွေ့ဆုံခဲ့သည်။ ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းတို့က ဆက်ဆံရေးဆိုးရွားသော်လည်း ရှီကျွင်းနှင့် သွေးနီနဂါးဂိုဏ်းသားများကြား ပဋိပက္ခ မဖြစ်ခဲ့ကြပေ။
သို့သော် နောက်ပိုင်းတွင် ရှီကျွင်းက ထိပ်တန်းအဆင့်ဆေးဝါးတစ်မျိုးဖြစ်သော ‘ရှေးဟောင်းသစ်ရွက်စက်ဝန်း’ ကို ကျွန်းပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။
ရှီကျွင်းက ထိုဆေးဝါးကို သိမ်းဆည်းတော့မည့်အချိန်ရောက်မှ သွေးနီနဂါးဂိုဏ်းမှလူများရောက်လာပြီး လုယူရန် ဟန်ပြင်ကြသည်။ နှစ်ဖက်ထိပ်တိုက်တွေ့ပြီး ပေါက်ကွဲထွက်မည့်အခြေအနေရောက်လာစဉ် ရှန်ယင်းက ဝင်ရောက်ဖြန်ဖြေပေးသည်။
ကျွန်းပေါ်တွင် မိစ္ဆာဂိုဏ်းသားများလည်းရှိသဖြင့် လမ်းမှန်ဂိုဏ်းအချင်းချင်း ပြဿနာဖြစ်ခြင်းက ရန်သူများအတွက် ဟာသတစ်ပုဒ်ဖြစ်စေမည်ဟု ရှန်ယင်းကဆိုသဖြင့် သွေးနီနဂါးဂိုဏ်းမှလူများက အလျှော့ပေးကာ လူစုခွဲလိုက်ကြသည်။
ထို့နောက်မှာတော့ မုန်တိုင်းကျလာသဖြင့် ကျွန်းပေါ်မှ မထွက်ခွာနိုင်ကြဘဲ သူတို့အားလုံး ထိုနေရာတွင် စခန်းချရန် ဆုံးဖြတ်ခဲ့ကြသည်။
ရှီကျွင်းက သန္တာကျောက်တန်းတစ်ခုထက်တွင် ကျင့်ကြံနေစဉ် တစ်စုံတစ်ယောက် အော်ဟစ်အကူအညီတောင်းသံကို ရုတ်တရက် ကြားလိုက်ရသည်။
သူ အမြန်ပြေးလာတော့ ကျောက်ဂူတစ်ခုရှေ့တွင် ဘာလုပ်ရမှန်းမသိ ချီတုံချတုံဖြင့် မတ်တတ်ရပ်နေကြသော သွေးနီနဂါးဂိုဏ်းမှ တပည့်နှစ်ယောက်ကို တွေ့ရသည်။
ရှီကျွင်းက သံသယဖြင့် သူတို့နှစ်ယောက်ကို အကဲခတ်ရင်း ကျောက်ဂူထဲဝင်သွားတော့ ရှန်ယင်းကို မတော်မတရားကြံနေသည့် နျန်ဝေကို တွေ့ရသည်။
ရှီကျွင်းလက်ချက်ဖြင့် နျန်ဝေ ဒဏ်ရာရသွားပြီး ရှန်ယင်းကို ကျောက်ဂူအတွင်းမှ ကယ်ထုတ်နိုင်ခဲ့သည်။ ထိုအချိန် နျန်ဝေနှင့် သူ့လူနှစ်ယောက်က ရှီကျွင်းနောက်သို့ လိုက်ဖမ်းကြ၏။
အစပိုင်းတွင် ရှီကျွင်းက သတ်ဖြတ်ရန် မစဉ်းစားဘဲ ခုခံရုံသာ တိုက်ခိုက်ခဲ့သည်။
သို့သော် မကြာမီ သွေးနီနဂါးဂိုဏ်းမှ အခြားသိုင်းသမားများသာမက အခြားဂိုဏ်းမှ ကျင့်ကြံသူများလည်း ဝိုင်းဝန်းရောက်ရှိလာကြ၏။
နျန်ဝေနှင့် အခြားဂိုဏ်းသားနှစ်ယောက်က ရှီကျွင်းက နျန်ဝေကို ဒဏ်ရာရအောင်တိုက်ခိုက်ကာ ရှန်ယင်းကို ဖမ်းခေါ်သွားသည်ဟု ဆိုကြသည်။ ရှန်ယင်းမှာ တိုက်ပွဲအကြား ထိတ်လန့်တခြားဖြင့် သတိလစ်သွားသဖြင့် အဖြစ်မှန်ကို မဖြေရှင်းပေးနိုင်ခဲ့ပေ။
ရှန်ယင်း၏အဝတ်အစားများက ဖရိုဖရဲ ပုံပျက်နေသည်ဖြစ်ရာ ရှီကျွင်းမှာ လူအများရှေ့တွင် အဖြစ်မှန်ကိုရှင်းပြရန် မဖြစ်နိုင်ခဲ့ပေ။
ရှန်ယင်း သတိပြန်ရလာပြီး အဖြစ်မှန်ရှင်းပြနိုင်ချိန်အထိ စောင့်ဆိုင်းချင်ခဲ့သော်လည်း နျန်ဝေနှင့် သွေးနီနဂါးဂိုဏ်းမှသိုင်းသမားများက သူ့ကို အရှိန်အဟုန်ဖြင့် တိုက်ခိုက်ကြသည်။
ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းတို့၏ ဆက်ဆံရေးက ဘယ်သောအခါမှ အဆင်မပြေသဖြင့် ရှီကျွင်းက နျန်ဝေကို တိုက်ခိက်ကာ ရှန်ယင်းကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုကြလေရာ သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများက ရှီကျွင်းကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်လိုကြသည်။
စွပ်စွဲခံရသဖြင့် ရှီကျွင်းမှာလည်း ဒေါသထွက်လာပြီး တိုက်ခိုက်ရင်း လူ (၂)ယောက်ကို သတ်ဖြတ်ပစ်လိုက်သည်။
ထို့နောက် ရန်သူများ များပြားလာလေရာ သူက ရှန်ယင်းကိုခေါ်ဆောင်ပြီး ပင်လယ်ရေဝဲဂယက်အတွင်းသို့ ခုန်ချရန်သာ ရွေးချယ်ခဲ့ရ၏။
ထို့နောက် ရေဝဲဂယက်မှတစ်ဆင့် ကြယ်စင်စမ်းချောင်းတစ်ခုကို ဖြတ်ကျော်ထွက်ပြေးလာခဲ့သည်။ သူက ချန်လီတောင်သို့ပြန်သွားပြီး တရားမျှတမှု ရှာဖွေပေးရန် အကူအညီတောင်းခံလိုခဲ့သည်။
သို့သော် သွေးနီနဂါးဂိုဏ်းမှလူများက ကြယ်စင်လှည့်ပတ်စမ်းချောင်းတွင် သူတို့နှစ်ယောက်ကို ပိုက်စိတ်တိုက် ရှာဖွေလာကြသည်။ နျန်ဝေက ရှီကျွင်းနှင့် ရှန်ယင်းကို နောက်တစ်ကြိမ် ခြေရာခံမိသွားသဖြင့် ရှီကျွင်းက ပုန်းကွယ်ရန်အတွက် သီးခြားနယ်မြေချိုင့်ဝှမ်းကြီးအတွင်း ဝင်ရောက်လာခဲ့သည်။
ချိုင့်ဝှမ်းထဲတွင် ကြယ်စင်စမ်းချောင်းမှ ဒီရေတက်လာစေရန် ပြုလုပ်ထားသော ယန္တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန် နျန်ဝေတို့က ရှီကျွင်းတည်ရှိရာနေရာကို ခြေရာခံမိသွားပြီး နှစ်ဦးနှစ်ဖက် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။ ရှီကျွင်း လျှို့ဝှက်ယန္တရားကို အသက်မသွင်းနိုင်ခင်မှာပင် နျန်ဝေကို သတ်ဖြတ်ပစ်လိုက်သည်။ ကျန်ရှိသော သွေးနီနဂါးဂိုဏ်းသားများကတော့ ယန္တရားကြောင့်ဖြစ်ပေါ်လာသော ကြယ်စင်စမ်းချောင်းရေလျှံခြင်းတွင် အသက်ဆုံးခဲ့ကြရ၏။
နောက်ပိုင်းအဖြစ်အပျက်များကတော့ ရန်ကျောက်ကဲ သိရှိလေသည်။
ရန်ကျောက်ကဲက အဖြစ်အပျက်များကို နားထောင်နေစဉ် ရှီကျွင်းက မချိပြုံး ပြုံးလိုက်ရင်း...
“ကျွန်းပေါ်မှာ ဝိုင်းပြီးအတိုက်ခိုက်ခံရတုန်းက ‘ရှန်’ မိန်းကလေးကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးလို့ရပေမယ့် ကျွန်တော် မထားခဲ့ရက်ဘူးလေ ၊ သူက သတိမေ့နေတော့ နျန်ဝေက တစ်ခုခုလုပ်ဖို့ကြိုးစားရင် ခုခံနိုင်မှာ မဟုတ်ဘူး”
ရှန်ယင်းက သွေးနီနဂါးဂိုဏ်းချုပ် ရှန်စစ်ချန်၏ သမီးဖြစ်ပြီး နျန်ဝေက သွေးနီနဂါးဂိုဏ်း၏ အဓိပတိအကြီးအကဲ နျန်ချန်၏ မြေးဖြစ်၏။
ထို့ကြောင့် ကျွန်းပေါ်တွင်ရှိနေကြသော သိုင်းသမားများမှာ နျန်ဝေနှင့် ရှန်ယင်းတို့စကားကို နားထောင်ကြသည်။ ရှန်ယင်း အဖမ်းခံလိုက်ရသည့်အခါ အားလုံးက နျန်ဝေ၏အမိန့်ကို နာခံကြသည်။
သို့သော် ရှန်ယင်းကို ထားခဲ့ပါက နျန်ဝေက သတိလစ်နေသည့် ရှန်ယင်းကို တစ်ခုခု လုပ်လိုက်နိုင်သည်။
ရှီကျွင်းဆိုလိုသည့်အဓိပ္ပါယ်ကို ရန်ကျောက်ကဲ နားလည်သည်။
သူက နျန်ဝေတွင် ရမ္မက်စိတ်များရှိနေပြီး ရှန်ယင်းကို ထပ်မံ မတော်မတရားလုပ်မည်ကို စိုးရိမ်ခြင်း မဟုတ်ပေ။ သူမကို နှုတ်ပိတ်ရန်အတွက် နျန်ဝေက သတ်ဖြတ်လိုက်မည်ကို စိုးရိမ်ခြင်း ဖြစ်၏။
သို့သော် အခြေအနေများကြားမှာပင် ရှီကျွင်းက မှင်နက်အဆိုးခံရပြီး နာမည်ပျက်သွားကာ သူ အပြစ်မရှိကြောင်း သက်သေပြနိုင်သူမှာ ရှန်ယင်းတစ်ယောက်သာလျှင် ရှိတော့၏။
ရှီကျွင်းက စိတ်ပျက်လက်ပျက်ဖြင့်...
“သီးခြားနယ်မြေချိုင့်ဝှမ်းထဲမှာတိုက်ခိုက်တော့ သွေးနီနဂါးဂိုဏ်းကလူတွေက ‘ရှန်’ မိန်းကလေး ရှင်းပြတာကိုတောင် နားမထောင်ကြဘူး”
ရန်ကျောက်ကဲက ရှီကျွင်းပခုံးကို အသာပုတ်ရင်း...
“ဘာလို့လဲဆိုတော့... မင်း နျန်ဝေကို မသတ်ခင်မှာပဲ ပြဿနာတွေက ပြောင်းလဲကုန်ပြီလေ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကိစ္စမရှိဘူး ၊ အခု မင်းရဲ့ဆရာလည်း ကြယ်စင်လှည့်ပြောင်းပင်လယ်ကို ရောက်နေပြီ ၊ တခြားအလုပ်တွေမလုပ်ခင် သူနဲ့အရင် ဆုံကြရအောင်...”