← Chapters

အမှန်နှင့်အမှား

Vol. 38 Ch. 536

အမှန်နှင့်အမှား

Vol. 38 Ch. 536

အခန်း (၅၃၆) အမှန်နှင့်အမှား

“မင်းရဲ့ ကျောက်စိမ်းဓား ငါ့ကိုပေး...”

ရန်ကျောက်ကဲက ရှီကျွင်းထံမှ ကျောက်စိမ်းဓား လှမ်းယူလိုက်သည်။

ဓားကိုယူပြီးသည်နှင့် ရန်ကျောက်ကဲက ကျောက်စိမ်းဓားရှည်နှစ်ချောင်း၏ထိပ်ဖျားကို အသာထိလိုက်ရာ တောက်ပသောအလင်းတန်းများ ထွက်ပေါ်လာ၏။

“ဂိုဏ်းတူအစ်ကို’ရွှီ’ မှာလည်း ဒီလို ကျောက်စိမ်းဓားတစ်လက် ရှိနေသေးတယ် ၊ အခု အချက်ပြတာကို သူ သိမယ်ထင်တာပဲ ၊ ကြယ်စင်လှည့်ပြောင်းပင်လယ်မှာ သူနဲ့ သွားတွေ့ရအောင်”

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှီကျွင်းနှင့် ရှန်ယင်းတို့ကို ခေါ်ဆောင်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။

ရန်ကျောက်ကဲနှင့်အတူ လိုက်ပါသွားရင်း ရှန်ယင်းမျက်နှာက စိတ်ရှုတ်ထွေးစွာဖြင့် မသာမယာ ဖြစ်နေသည်။

ရှီကျွင်းက သူမကို ဂရုတစိုက်ကြည့်ရင်း အဆင်ပြေကြောင်း ပြုံးပြနှစ်သိမ့်သည့်တိုင် သူမကိုကြည့်ရသည်မှာ စိတ်တင်းကျပ်နေဟန်ပင်။

ရန်ကျောက်ကဲ၏ အစောပိုင်းစကားများကိုတွေးတောရင်း ရှန်ယင်း မကြည်မသာဖြစ်ရခြင်းကို သဘောပေါက်သွားသည်။

အကယ်၍ ရှန်ယင်းကသာ ထိုနေ့ကဖြစ်ပျက်သမျှကို အကြောင်းစုံ ဖော်ထုတ်လိုက်မည်ဆိုလျှင် ရှီကျွင်း အပြစ်မရှိကြောင်း သက်သေပြနိုင်ပေမည်။

မည်သို့ပင်ဖြစ်စေ ရှီကျွင်းက နျန်ဝေကို သတ်လိုက်သဖြင့် နျန်ချန်ကတော့ သေချာပေါက် လက်စားချေမည်ပင်။ သို့သော် ရှီကျွင်း အပြစ်ကင်းစင်သည်မှန်လျှင် ချန်လီတောင်က ရှီကျွင်းဘက်မှ မားမားမတ်မတ် ရပ်တည်ပေးပေလိမ့်မည်။

ချန်လီတောင်က သွေးနီနဂါးဂိုဏ်းထက် အားနည်းသော်လည်း လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်သဖြင့် သွေးနီနဂါးဂိုဏ်းကို ခေါင်းငုံ့ရန် မလိုအပ်ပေ။

နျန်ချန်က ရှီကျွင်းကို အချိန်ပြည့်စောင့်ကြည့်နေမည်ဆိုပါက ရှီကျွင်းအနေဖြင့် တောင်ပေါ်မှဆင်းမည်ဆိုလျှင် အလွန်အန္တရယ်များသည်။ သို့သော် ချန်လီတောင်တည်ရှိရာ ၊ တည်ရာမဲ့ကျွန်းတွင်နေထိုင်သရွေ့ နျန်ချန်က ရှီကျွင်းကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ချန်လီတောင်ကို တိုက်ခိုက်မည်ဆိုပါ နျန်ချန်ဘက်တွင် ရှင်းလင်းသည့် အားသာချက်မရှိပေ။ တိုက်ပွဲဖြစ်ပွားလျှင် ချန်လီတောင်ရော သွေးနီနဂါးဂိုဏ်းပါ ဆုံးရှုံးမှုများစွာ ကြုံတွေ့ရမည့်အပြင် ရေသလင်းနန်းတော်နှင့် အခြားလမ်းမှန်ဂိုဏ်းများက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမည်မဟုတ်လေရာ နျန်ချန်အနေဖြင့် သူလုပ်ချင်တိုင်း ထင်တိုင်းကျဲနိုင်မည် မဟုတ်ပေ။

သို့သော် ရှီကျွင်း အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်ပါက ရှီကျွင်းအနေဖြင့် အခြားသိုင်းဂိုဏ်းတစ်ခုမှ မိန်းကလေးတပည့်တစ်ယောက်ကို ဖမ်းခေါ်သွားသည်ဆိုသော နာမည်ပျက် ထင်ကျန်ရစ်ပေမည်။ ထိုသို့ဆိုလျှင် လမ်းမှန်ဂိုဏ်းများက ဝိုင်းဝန်းရှုတ်ချခြင်းခ့ရပြီး နျန်ချန်က သူ့ကို သတ်ဖြတ်ချင်သည်ဆိုလျှင် အားလုံးက ထောက်ခံကြပေမည်။

အမှန်တရားကို ထုတ်ဖော်နိုင်လျှင်တော့ သွေးနီနဂါးဂိုဏ်းသည် မိုးအောက်မြေပြင်မှ လူတိုင်းအတွက် ဟာသတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။ နျန်ဝေ သေဆုံးသွားသည့်တိုင် ခံသင့်လို့ခံရသည်ဟု စာနာစိတ်မဲ့စွာ အပြစ်တင်ကြပေလိမ့်မည်။

သို့သော် ရှန်ယင်းအနေဖြင့် နျန်ဝေက သူမကို မတရားကျင့်ရန်ကြိုးစားသည်ဆိုဦးတော့ သူမတို့ သွေးနီနဂါးဂိုဏ်း၏ ဂုဏ်ပုဒ်ကို လျစ်လျူရှုနိုင်မည် မထင်ပေ။

သူမ၏ဖခင်က သွေးနီနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို ထိုနေရာက သူမကြီးပြင်းလာရာနေရာဖြစ်သည်။ ယခု အဖြစ်အပျက်က ဂိုဏ်းကိုထိခိုက်စေမည်ဆိုလျှင် ရှန်ယင်းအနေဖြင့် အမှန်ကို ဝန်မခံဘဲ လက်ရှောင်လိုက်နိုင်သည်။

နောက်တစ်ခုမှာ နျန်ဝေ သေဆုံးသွားပြီဖြစ်သဖြင့် ရှန်ယင်း၏ ဒေါသနှင့် အမုန်းတရားများလည်း လျော့ပါးကောင်း လျော့ပါးသွားနိုင်သည်။ ပြီးတော့ ရှီကျွင်းဓားချက်ဖြင့် သေဆုံးခဲ့ရသော သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများက သူမနှင့် ခင်မင်သော ဂိုဏ်းတူမောင်နှမများ ဖြစ်ကြသည်။ ထိုသူများက သူမနှင့် လုံးဝ ရန်ငြိုးဖွဲ့ခြင်း မရှိပေ။

သို့သော် သူမကို ကယ်တင်ရင်း ရှီကျွင်း နာမည်ပျက်ရသည်ကို ရှန်ယင်း မတုန်မလှုပ်ဖြင့် လက်ခံနိုင်ပါမည်လား။

ထိုသို့သောအကြောင်းအရာများ ဒွိဟဖြစ်နေသဖြင့် သူမ၏မျက်နှာ မကြည်မသာ ဖြစ်နေခြင်း ဖြစ်နိုင်၏။

သွေးနီနဂါးဂိုဏ်းက ရှီကျွင်းကို အရင်ဆုံးသတ်ဖြတ်ပြီး ရှန်ယင်းကိုလည်း အမှန်တရားမပြောစေရန် ပိတ်ပင်ထားမည်ဆိုပါက ယခုကိစ္စ အမှန်တရား ပေါ်ပေါက်လာတော့မည် မဟုတ်ပေ။

ရှန်ယင်းကို ရှီကျွင်း ကယ်တင်သွားစဉ်က သွေးနီနဂါးဂိုဏ်းမှမဟုတ်သော အခြားသိုင်းသမားများလည်း ကျွန်းပေါ်တွင် ရှိနေလေရာ ဤကိစ္စက သမုဒ္ဒရာကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။

နျန်ချန်ဘေးတွင်ရှိသည့် ရှန်စစ်ချန်က အမှန်တရားကို သိရှိဦးတော့ သမီးဖြစ်သူကို အန္တရယ်ကင်းအောင်ထားမည်ဖြစ်သော်လည်း ရှီကျွင်းကိုတော့အ လွတ်ပေးမည် မဟုတ်ပေ။ လှည့်ဖြားသည့် အလိမ်အညာ သတင်းစကားများကိုသာ ပျံ့နှံ့စေမည် ဖြစ်၏။

အဆုံးသတ်မှာတော့ နျန်ဝေကို သတ်ဖြတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး ရှီကျွင်းကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။

မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်သော်လည်း ရှန်ယင်းတစ်ယောက် အဘယ့်ကြောင့် မျက်နှာမကောင်းရသည်ကို ရှီကျွင်း တဖြည်းဖြည်း နားလည်လာသည်။

ရန်ကျောက်ကဲက ရှီကျွင်းကို ပြုံးပြရင်း...

“တခြားသူတွေ မင်းကိုမယုံရင်တောင် ငါယုံတယ် ၊ ဟက်... နျန်ချန်က မင်းကို ဘာလုပ်ချင်သလဲ စောင့်ကြည့်တာပေါ့”

ပြောပြီးသည်နှင့် သူ့ဘေးမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ထဲတွင်ဆုပ်ကိုင်ထားသည့်အရာက သွေးနီရောင်အလင်းတန်းများတောက်ပလျှက် တုန်ခါသွားသည်။

ရှီကျွင်းရော ရှန်ယင်းပါ အံ့သြမှင်တက်သွားကြပြီး မိန်းကလေးက ခပ်တိုးတိုးရေရွတ်လိုက်သည်။

“နဂါးကိုးကောင်လက်သည်း...”

ရန်ကျောက်ကဲက...

“ဟုတ်တယ်... ဒါက ကိုးချောင်းမှာတစ်ချောင်းပဲ ရှိသေးတယ်”

တုန်လှုပ်ခြောက်ခြားနေကြသည့် ရှီကျွင်းနှင့် ရှန်ရင်းကို စေ့စေ့ကြည့်ရင်း ရန်ကျောက်ကဲက ရှင်းပြသည်။

“ဟို သီးခြားနယ်မြေချိုင့်ဝှမ်းထဲက မင်းတို့ထွက်သွားပြီး သိပ်မကြဘူး ငါလည်း အဲဒီကို ရောက်သွားတယ် ၊ ငါရောက်လာပြီး နျန်ချန်လည်း ရောက်လာတယ်လေ ၊ နျန်ဝေရဲ့အလောင်းကိုတွေ့တော့ အဲဒီအဘိုးကြီး အတော်လေး ဒေါသထွက်သွားတာ ၊ ငါတို့ နည်းနည်းပါးပါးတိုက်ခိုက်ပြီး သူ့လက်တစ်ချောင်းကို ချိုးပစ်လိုက်တယ်”

“နောက်တော့ မင်းကိုလိုက်ရှာရမှာမို့လို့ သူနဲ့ ဆက်မတိုက်တော့ဘူး”

ရှီကျွင်းနှင့် ရှန်ယင်းတို့မှာ အချိန်အတန်ကြာ စကားမပြောနိုင် ဖြစ်သွားကြသည်။

ရန်ကျောက်ကဲက ကြံ့ဝိညာဉ်ကျွန်းသခင် ဖန်းခန်းကို သတ်ဖြတ်ခဲ့ကြောင်း အစောပိုင်းက သတင်းကြားခဲ့သော်ငြား သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်နှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ကိုင်ဆောင်ထားသော သိုင်းဆရာသခင်တစ်ယောက် ဆိုသည်က မတူညီသော အခြေအနေဖြစ်၏။

ထို့ပြင် အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ‘မျောလွင့်ဓား’ ကို ကိုင်‌ဆောင်ထားသည့် ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ‘ယန်ကန်း’ နှင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော မိစ္ဆာသူတော်စင်ဂိုဏ်းချုပ် လင်ချန်းချန်တို့သည်ပင် ရန်ကျောက်ကဲကို ဘာမှ မလုပ်နိုင်ခဲ့ကြပေ။

နောက်တစ်ချက်မှာ သိုင်းသူတော်စင်အဆင့် တိုက်ပွဲတစ်ပွဲ အနိုင်ရသည်ကိုအသာထား ၊ နဂါးကိုးကောင်လက်ချောင်းတစ်ချောင်းကို ရယူနိုင်ခြင်းက အမှန်တကယ်ပင် တုနှိုင်းမရသော ကိစ္စတစ်ခု ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အားလုံးထင်ထားသည်ထက် ပိုမိုစွမ်းအားမြင့်မားပြီး နဂါးကိုးကောင်လက်သည်းကို ကိုင်ဆောင်ထားသည့် ထိပ်တန်းသိုင်းသမား ‘နျန်ချန်’ ထက်ပင် တန်ခိုးစွမ်းအား သာလွန်နေခြင်း ဖြစ်၏။

ရှန်ယင်းသည် ရန်ကျောက်ကဲကို မှင်တက်စွာကြည့်ကာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း မဝံ့မရဲ ဖြစ်နေပုံရသည်။

ရှီကျွင်းကတော့ ရန်ကျောက်ကဲကိုကြည့်ရင်း ဝမ်းမြောက်ဝမ်းသာဖြင့် သက်ပြင်းချရင်း...

“ဆရာဦးလေး’ရန်’ ကတော့ ဆရာဦးလေး’ရန်’ ပါပဲဗျာ ၊ တခြားဘယ်သူက ဒီလောက် အဆင့်မြင့်မားနိုင်မှာလဲ”

ရန်ကျောက်ကဲက ရယ်မောရင်း ရှီကျွင်းကို တစ်ချက်အကဲခတ်လိုက်သည်။

“ငါ့အကြောင်း အသာထားစမ်းပါ ၊ မင်းကလည်း သက်တူရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်နေတာပဲ ၊ ကောင်လေး... တော်တယ် ၊ အရမ်းတော်တယ်”

ရှီကျွင်းက အသက် (၂၀) သာ ရှိသေးသော်လည်း အပြင်ပိုင်းကြယ်တာရာချီစွမ်းအား ကနဦးအဆင့်သို့ ရောက်ရှိနေပြီး အပြင်ပိုင်းကြယ်တာရာချီစွမ်းအား အလယ်ဆင့်သို့တက်လှမ်းပြီး ရိုးတွင်းခြင်ဆီ ဒုတိယအကြိမ် သန့်စင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

တိုက်ခိုက်ရ ၊ ပြေးရလွှားရဖြင့် နေ့ရက်များတစ်လျှောက် အလုပ်များနေခဲ့သည့်တိုင် ရှီကျွင်းတစ်ယော်က အတွေ့အကြုံလည်း အတော်ရခဲ့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံ တည်ငြိမ်စေရန် အချိန်အနည်းငယ်ပေးကာ ကျင့်ကြံလိုက်မည်ဆိုပါက သေချာပေါက် အပြင်ပိုင်ကြယ်တာရာချီစွမ်းအား အလယ်ဆင့်သို့ တက်လှမ်းနိုင်ပေတော့မည်။

ထိုသို့ ကျင့်ကြံခြင်းအဆင့်လျှင်မြန်ခြင်းက သမုဒ္ဒရာကမ္ဘာတွင် အလွန်ထူးခြားသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ဆိုလျှင် သက်တူရွယ်တူများထဲတွင် ထူးခြားသောပါရမီရှင်အဖြစ် သတ်မှတ်ခံရပေမည်။ ထို့ပြင် ယခု သူ၏ကျင့်ကြံခြင်းအရှိန်အဟုန်က ဆရာဖြစ်သူ ‘ရွှီဖေး’ ကိုပင် ကျော်လွန်သွားပြီး ဝါဒတောင်မှ ပင်မတိုက်ရိုက်တပည့်များစွာထက်လည်း သာလွန်သည်။

ကျင့်ကြံသူလူငယ်များထဲတွင် ရန်ကျောက်ကဲနှင့် ခင်မင်ရင်းနှီးသော ယင်လုန်ထူ ၊ စစ်ခုန်ချင်း ၊ ဖန်းယွင်ရှန်းနှင့် ရှီကျွင်းတို့ထက် ပိုမိုမြန်ဆန်သူ အနည်းငယ်မျှသာ ရှိ၏။ ထိုသူများအားလုံးက တစ်နည်းနည်းဖြင့် ထူးခြားသူများ ဖြစ်ကြ၏။

ထို့ပြင် ရှီကျွင်းက ချန်လီတောင်တွင် နေထိုင်သည်ဆိုသော်လည်း ချန်လီတောင်မှ တပည့်တစ်ယောက်မဟုတ်ပေ။ ရွှီဖေးနှင့်အတူနေထိုင်သည့် ဧည့်သည်မျှသာ ဖြစ်သည်။ ထို့ကြောင့် သူ ရရှိသည့် ရင်းမြစ်ပစ္စည်းများက အခြားပင်မတပည့်များထက် လျော့နည်းမည် အမှန်ပင်။

ဒါတောင်မှ ဒီကောင်လေးသည် သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းဖြစ်နေလေရာ အလွန်ပင် ချီးကျူးထိုက်သည်ဟု ရန်ကျောက်ကဲ ခံစားရသည်။ ရှီကျွင်းလေးက ဤနှစ်များတစ်လျှောက် မည်မျှ လုံ့လဝီရိယ စိုက်ထုတ်ကျင့်ကြံခဲ့ကြောင်း မေးခွန်းထုတ်စရာပင် မလိုပေ။

သူက မိခင်ဖြစ်သူကို ကာကွယ်ပေးရန် လုံလောက်သောစွမ်းအားကို ပိုင်ဆိုင်ချင်သလို သူ့ကိုယ်သူ သက်သေပြရန်လည်း စိတ်ဆန္ဒပြင်းထန်လေရာ ဤအရာများက သူ၏ကျင့်ကြံခြင်းတွင် ကြီးမားသောအရင်းအမြစ်များအဖြစ် မရပ်မနား ရှေ့သို့ တွန်းပို့နေခြင်းပင်။

ရန်ကျောက်ကဲ ချီးကျူးသည်ကိုကြားရသည့်အခါ ကြည်လင်သော ရှီကျွင်းမျက်နှာက ရှက်အမ်းအမ်းဖြစ်သွား၏။

“ဆရာဦးလေး... ကျွန်တော့်ကို မလှောင်ပါနဲ့ဗျာ ၊ တခြားသူတွေ ချီးမွမ်းရင်တောင် အရေထူထူနဲ့ ခံနိုင်ရည်ရှိဦးမယ် ၊ ဒါပေမဲ့ ဆရာဦးလေးကတော့ မဟုတ်သေးဘူးနော် ၊ ကျွန်တော် လန့်တယ်...”

သူ့အရှေ့မှ ဆရာဦးလေး’ရန်ကျောက်ကဲ’ က မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း ရှီကျွင်း သိရှိသည်။

ကမ္ဘာနှစ်ခု အချိန်ကာလ မတူညီမှုကြောင့် သူတို့နှစ်ယောက် အသက်အရွယ်က မတိမ်းမယိမ်းဖြစ်နေသော်လည်း ရန်ကျောက်ကဲ၏အောင်မြင်မှုက ရှီကျွင်းရှေ့တွင် မြင့်မားသောတောင်တန်းကြီးတစ်ခုပမာ ဖြစ်သည်။ ပြီးတော့ ရန်ကျောက်ကဲရှေ့တွင် ယခင်တစ်ချိန် ငယ်ရွယ်သော ကလေးတစ်ယောက်ပမာသာ ခံစားရသည်။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ ချီးကျူးသည်ကိုခံရတော့ ရှီကျွင်း ပျော်ရွှင်မိသည် အမှန်ပင်။ သို့သော် ပျော်ရွှင်မှုအဆုံးသတ်သွားပြီးနောက် ရှီကျွင်းမျက်နှာထက်မှ အပြုံးရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက ရှီကျွင်း အသက်အန္တရယ်မရှိအောင် ကာကွယ်ပေးနိုင်သော်လည်း အပြစ်မရှိကြောင်း သက်သေမပြနိုင်ခဲ့လျှင် အရာအားလုံး အလကားဖြစ်မည်ပင်။ သမုဒ္ဒရာကမ္ဘာမှ လူအားလုံး၏ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရမည်ဖြစ်ပြီး တစ်လျှောက်လုံး ပြစ်တင်ကျိန်ဆဲသည်ကိုလည်း ခံနေရပေမည်။

ထိုအကြောင်းများကို ရန်ကျောက်ကဲလည်း သိရှိထားသည်။

“ငါတို့ အခု ကြယ်စင်လှည့်ပြောင်းပင်လယ် အစပ်မှာ ရောက်နေတယ် ၊ ကြယ်စင်စမ်းချောင်းတွေ ရှိတဲ့နေရာကို ဖြတ်ကျော်ပြီးရင် ဂိုဏ်းတူအစ်ကို’ရွှီ’ နဲ့ တခြားလူတွေဆီကို ရောက်တော့မှာပါ”

ရန်ကျောက်ကဲက စကားဆက်မပြောတော့ဘဲ ရှီကျွင်းကို လှမ်းကြည့်လိုက်သည်။

ကြယ်စင်ရောင်များအောက်တွင် ပျံသန်းခရီးနှင်လာစဉ် ရှန်ယင်းကတော့ တစ်လျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။

All Chapters