အနိုင်အတွက် ဆုံးဖြတ်
Vol. 02 Ch. 98
ညနေခင်း ဖြစ်သည်။
ထန်ရှုသည် ဖြူလျော်သော မျက်နှာနှင့် မြောင်ဝမ်တန်၏နောက်မှ လိုက်ပါနေပြီး ခရမ်းရောင် ပန်းပွင့်လေးများ လေလံပွဲကျင်းပရာနေရာသို့ ရောက်လာကြသည်။ ထိုနေရာသည် ကျင်းမန်ကျွန်း၏ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ကွန်ဖရင့်စင်တာ အဆောက်အဦတွင် တည်ရှိသည်။
၁၈ထပ်တွင် …
လေလံပွဲကျင်းပမည့် နေရာသည် ကြီးမားသည်။ စားပွဲနှင့် ကုလားထိုင် တစ်ထောင်ကျော်ခန့် ခင်းကျင်းထားပြီး သုံးပုံတစ်ပုံသည် ရောက်ရှိနေပြီး ဖြစ်သည်။ ကျန်သူများမှာလည်း ပြင်ပမှ အပြေးလာနေကြသည်။
သူတို့လေးယောက် နေရာတကျ ဖြစ်သွားပြီးချိန်တွင် လေလံပွဲ စီစဉ်သူများသည် စာမျက်နှာ၃မျက်နှာ ပါဝင်သော လေလံပစ္စည်း စာရင်းအား လာရောက်ပေးပို့သဖြင့် ကြိုတင် ကြည့်ရှုထားနိုင်ပေသည်။
ထန်ရှုသည် နေရာတွင် ထိုင်ကာ အညွှန်းနှင့် ဓာတ်ပုံများပါ ပါဝင်သော စာရင်းအား ကြည့်ရှုနေသည်။ ပထမ၂မျက်နှာမှ လေလံပစ္စည်းများသည် ကောင်းမွန်သော်လည်း သူ့အတွက် အသုံးမဝင် လှသောကြောင့် စိတ်ပျက်ရလေသည်။
သို့သော် နောက်ဆုံး စာမျက်နှာတွင် ထန်ရှုသည် မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။
ဗလာအက်ကြောင်း ကျောက်တုံးတဲ့လား။ ဒီဟာက ဗလာအက်ကြောင်း ကျောက်တုံးတဲ့လား။
ဓာတ်ပုံသာမှန်မည် ဆိုပါက ထိုအရာသည် သိုလှောင်လက်စွပ် လုပ်ရာတွင် အဓိကဇာတ်ကောင် ဖြစ်သည့် ဗလာအက်ကြောင်း ကျောက်တုံး သေချာပေသည်။
ချက်ချင်းပင် ထန်ရှု၏ရင်ခုန်သံသည် မြန်ဆန်လာခဲ့ပြီး စိတ်ပိုင်းဖြတ်ပြီးသည့် အမူအရာအား သူ၏မျက်နှာထက်တွင် မြင်တွေ့နေရသည်။ ပထမတွင် သူသည် နတ်ဆိုးနဂါးပင်လယ် ဧရိယာသို့ သွားခြင်းအတွက် စိတ်ပူပန်မှုရှိခဲ့သည်။ သူတို့သာ သားရဲအများကြီး ရခဲ့ပါက မည်သို့ ပို့ဆောင်မည်နည်း။
သူသာ သိုလှောင်လက်စွပ် လုပ်နိုင်ခဲ့ပါက ပို့ဆောင်ခြင်းသည် ပြသနာ မဟုတ်တော့ချေ။
“ကြမ်းခင်းဈေးက ၅သန်း။ တစ်ခါတိုးရင် ၅သိန်း”
ထန်ရှုသည် ဗလာအက်ကြောင်း ကျောက်တုံးအား အောင်မြင်စွာ လေလံဆွဲနိုင်ရန် အတွက် သူလက်ထဲတွင် ရှိသော ပိုက်ဆံများအား တွက်ချက် စဉ်းစားနေသည်။ ရီတိုက်ဖူနှင့် လောင်းကစားပွဲပြီးနောက် သူသည် သန်း၂၅၀ ရခဲ့သည်။ သားရဲ၄ကောင် အစိတ်အပိုင်း ဝယ်ယူမှုသည် သန်း၂၀ဖြစ်သောကြောင့် သူ့တွင် သန်း၂၃၀ ကျန်နေသေးသည်။ တကယ်လို့ မလောက်ခဲ့ပါကလည်း ကျားလွေဒေါင်ဆီမှ ခဏချေးကာ နောက်မှ ပြန်ပေးမည်ဟု တွေးထားလိုက်သည်။
ထန်ရှု၏ မျက်လုံးများသည် စာရင်းမှ နောက်ထပ် အသုံးဝင်သော အရာအား တွေ့သောအခါ ရင်ခုန်သံ ထပ်မြန်လာခဲ့လေသည်။ ထိုအရာသည် နှစ်တစ်ထောင်ဂျင်ဆင်း ဖြစ်သည်။
အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်က သူ့တွင် နှစ်တစ်ထောင်ဂျင်ဆင်း မဆိုထားဘိ နှစ်တစ်သောင်း ဂျင်ဆင်းပင် မရှားလှပေ။ ထိုနှစ်တစ်ထောင် ဂျင်ဆင်းများအား သူသည် စိတ်ဝိညာဉ်သားရဲများအား အစာကျွေးရာတွင် အသုံးပြုခဲ့သည်။ သို့သော် မျက်မှောက်ကာလ သူ့မှာမူ သည်အရာသည် အလွန် တန်ဖိုးကြီးလှသည်။ သည်နှစ်တစ်ထောင် ဂျင်ဆင်း သူ ဝယ်ပါက ရွှေခေါင်းလောင်း ဆေးရည်အတွက် အဓိကအရာအား သူရရှိမည်ဖြစ်ပြီး အကျိုးသက်ရောက်မှုသည် လုံး၀ အလွန်ကောင်းမွန်မည် ဖြစ်သည်။
“ဝယ်မယ်။ ငါ ဝယ်ရမယ်”
ထန်ရှုသည် ကြမ်းခင်းဈေးအား ကြည့်လိုက်သောအခါ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးသွားလေသည်။
“သန်း၅၀လား”
နှစ်တစ်ထောင် ဂျင်ဆင်း၏ ကြမ်းခင်းဈေးသည် သန်း၅၀ဖြစ်ပြီး တစ်ကြိမ်တိုးတိုင်း ၂သန်းအောက် မလျော့ရပေ။
ထန်ရှု၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်လာလေသည်။
“အင်မော်တယ် ကမ္ဘာက ငါ့ဆေးခင်းထဲက နှစ်တစ်ထောင် ဂျင်ဆင်းတွေကို ငါ ရွှေ့လာလိုက်ရင် ငါ ဂြိုလ်၁၀လုံးမက ဝယ်နိုင်လေမလား။ ဒီဈေးနှုန်းက တကယ်ကို ဆိုးရွားလွန်းတယ်။ ချီးပဲကွာ”
သူသည် အောက်ဘက်သို့ လိုက်ဖတ်လိုက်သောအခါ ကျင့်ကြံသူများ အတွက် အသုံးဝင်သော အရာအနည်းငယ်အား တွေ့လိုက်သော်လည်း သူ့အတွက်တော့ အများကြီး အသုံးမဝင်လှပေ။
ထို့ကြောင့် သူ၏ပစ်မှတ်သည် နှစ်တစ်ထောင် ဂျင်ဆင်းနှင့် ဗလာအက်ကြောင်း ကျောက်တုံးဟု နောက်ဆုံးတွင် သူ သတ်မှတ် လိုက်လေသည်။ သူ ပေးချေရမည့် နောက်ဆုံး ကုန်ကျငွေအား စိတ်ထဲတွင် တွက်ချက်နေမိသည်။
“မစ္စတာထန် … ဘာအကြိုက် တွေ့တာရှိလဲ”
ရှောင်မင်ကျန်းသည် စာရင်းအား ဖတ်ရှုပြီးနောက် ထန်ရှုအား တိုးတိုး ကပ်မေးလိုက်သည်။ ထန်ရှုသည် နှစ်တစ်ထောင် ဂျင်ဆင်းနှင့် ဗလာအက်ကြောင်း ကျောက်တုံးအား လက်ညှိုးထိုးပြလိုက်သည်။
“ဒီ၂ခုက ကျွန်တော်လိုနေတဲ့ အရာတွေ။ ၂ခုလုံး ရအောင် ဝယ်ရမယ်”
ရှောင်မင်ကျန်းသည် ဗလာအက်ကြောင်း ကျောက်တုံးအား ကြည့်ကာ အံ့အားသင့်သွားသည်။ သူသည် ထိုအရာအား မသိချေ။ လေလံစာရင်းတွင် ရှားပါးသည်၊ မာကျောသည်၊ အခြားဂြိုဟ်မှ လာသည်ဟု ထင်ရသည်ဟုသာ ဖော်ပြထားသည်။ နှစ်တစ်ထောင်ဂျင်ဆင်းမှာမူ သူဝယ်ယူရန် ပစ်မှတ်ထားသည့်အရာ ဖြစ်နေသောကြောင့် ငိုချင်သွားမိသည်။
ယနေ့ခေတ် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင် ဂျင်ဆင်းသည် အလွန့်အလွန် ရှားပါးပြီး ဈေးကွက်ပေါက်ဈေး အတိအကျ မရှိပါပေ။ ငွေကြေး အမြောက်အမြားသုံးကာ လူများသည် ဝယ်ယူလိုကြပါသော်လည်း နှစ်တစ်ရာ ဂျင်ဆင်းပင်လျှင် ရောင်းချရန် မကြားဖူးခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ နှစ်တစ်ထောင်ဂျင်ဆင်း မဆိုထားဘိ နှစ်၅ရာဂျင်ဆင်းသည်ပင် အလွန်ရှားပါးလှပြီး တွေ့ခွင့်ရရှိရန် အင်မတန် နည်းပါးပေသည်။
“အာ ... ငါ မေ့သင့်ပါတယ် စွန့်လွှတ်လိုက်ပါမယ်”
ရှောင်မင်ကျန်းသည် တိတ်တဆိတ် သက်ပြင်းချကာ မြောင်ဝမ်တန်အား အသာတို့လျက် ထန်ရှုဝယ်ယူမည့် လေလံပစ္စည်းများ အကြောင်းအား ပြောပြလိုက်သည်။
မြောင်ဝမ်တန်သည်လည်း နှစ်တစ်ထောင် ဂျင်ဆင်းအား ပစ်မှတ်ထားသော်လည်း ရှောင်မင်ကျန်းနည်းတူ ထန်ရှုလိုချင်မှန်း သိသောအခါ စွန့်လွှတ်လိုက်ရန် ရည်ရွယ်ထားလေသည်။
တာအိုဘုန်းတော်ကြီး ဇီယီအတွက်ကတော့ သည်နေရာသို့ လာရောက်ခြင်းသည် သူနှင့် လားလားမျှမဆိုင်ဟု သဘောထားကာ နေလေသည်။ သူကြိုက်သည့်အရာ ရှိခဲ့လျှင်တောင်မှ လေလံမဆွဲနိုင်ချေ။ သူ့တွင် မူးစေ့ပိုက်ဆံလောက်သာ ရှိသော ဆင်းရဲသူတစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။
၈နာရီတိတိ …
လေလံပွဲ ဖွင့်လှစ်ခြင်းနှင့်အတူ ငယ်ရွယ်လှပသော မိန်းမငယ်လေး တစ်ဦးသည် စင်မြင့်ပေါ်တွင် ကြွကြွရွရွ လမ်းလျှောက်လာလေသည်။ ဆူညံနေသော အသံများသည် ရုတ်ခြည်းပင် တိတ်ဆိတ်သွားကာ လူတိုင်း၏အကြည့်များသည် ထိုမိန်းမပျိုလေးဆီသို့သာ ရောက်ရှိနေပေသည်။
“ဂုဏ်သရေရှိ လူကြီးမင်းတို့ကို ကျွန်မတို့ရဲ့ ခရမ်းရောင် ပန်းပွင့်လေးများ နှစ်ပတ်လည် လေလံပွဲကနေ ကြိုဆိုလိုက်ပါတယ်ရှင်။ လေလံပွဲမှာ ရောင်းချမဲ့ လေလံပစ္စည်းများ အကြောင်းကိုတော့ စာရင်းမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ကျွန်မကတော့ ရှောင်အိပါ။ ဒီနှစ်ရဲ့ လေလံပစ်သူအဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”
“၂၁ကြိမ်မြောက် ခရမ်းရောင် ပန်းပွင့်လေးများ လေလံပွဲကို ဖွင့်လှစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။
ပထမဆုံး စတင်မဲ့ လေလံပစ္စည်းကတော့ တန်ဖိုးရှိတဲ့ ရှေးဟောင်းတစ်ခုဖြစ်တဲ့ နှောင်းပိုင်း မင်မင်းဆက်နဲ့ ချင်မင်းဆက် အစောပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ ဖြူပြာကြွေပန်းအိုးတစ်လုံး ဖြစ်ပါတယ်။ ဒီပန်းအိုးကို အထင်မသေးသင့်ပါဘူး။ ဒီပန်းအိုးအပေါ်မှာ တော်ဝင်အိမ်တော်ထိန်းရဲ့အမှတ်အသား ပါနေတဲ့အတွက် ဘုရင်မင်းမြတ် အသုံးပြုဖို့သာလျှင် ဖြစ်ပါတယ်။ သူ့ကို ကြီးမြတ်တဲ့ ချင်မင်းဆက်နန်းတော်မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်”
ထန်ရှုသည် စင်အောက်မှ နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေရင်း လေလံပစ်သူ ပြောနေသည်များအား နားထောင်နေသည်။ လေလံပွဲစတင်သည်ဟု ကြေညာလိုက်သည်နှင့် ရာပေါင်းများစွာသော လူများသည် ထိုလေလံပစ္စည်းများ အတွက် ယှဉ်ပြိုင်ကာ ဈေးပေးနေကြသည်အား ကြည့်ကာ သူ့ရင်ထဲတွင် အမျိုးအမည်မသိသော ခံစားချက် ဖြစ်ပေါ်လာလေသည်။
ဆိုရိုးရှိသည်။ ကမ္ဘာကြီး မငြိမ်မသက်ဖြစ်သော အခါ အခွင့်အရေးတွေ မြင့်တက်လာလိမ့်မည်။ ကမ္ဘာကြီး ရွှေခေတ်သို့ ရောက်သောအခါ စုဆောင်းထားသည် များသည် ကြီးပွား တိုးတက်လာလိမ့်မည်။
ထန်ရှုသည် ထိုစာကြောင်း၏ အစစ်အမှန် ဆိုလိုရင်းအား လှိုက်လှိုက်လှဲလှဲ ချီးကျူးမိသည်။
လေလံပစ္စည်းများသည် ဈေးအမြင့်နှင့် လေလံတင်ထားပြီး မိုးလောက်မြင့်သော ဈေးများဖြင့် ဝယ်ယူကြလိမ့်မည်။ သူသည် သက်ပြင်းသာ ချလိုက်မိသည်။ ယနေ့ခေတ်သည် ချမ်းသာသောသူ အများအပြား ရှိကြပြီး သူတို့သည် စုဆောင်းကြသည်ကို ချစ်မြတ်နိုးကြကာ ပိုမို ချမ်းသာလာကြသည်။ သူ့တွင် အခြားအတွေးတစ်ခု ရှိသွားသည်။ သည်လူများသည် ရူးမိုက်သူများ ဖြစ်ကြသည်။ သေနေသော ပစ္စည်းများအား ဝယ်ယူကာ အိမ်သို့ သယ်ဆောင်သွားခြင်းသည် အဓိပ္ပာယ်မရှိသော ရည်ရွယ်ချက်ဖြစ်သည်။
၂နာရီသာ ကုန်ဆုံးသွားသော်လည်း ထန်ရှုသည် လေလံတစ်ကြိမ်မျှ မဆွဲရသေးချေ။ ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် တစ်ကြိမ်စီ ဆွဲပြီးကာ သူတို့ လိုအပ်သည်များကို ဝယ်ပြီးဖြစ်သည်။
“နောက်ပစ္စည်းကတော့ ရှားပါးတဲ့ ကျောက်တုံးတစ်တုံးပါ။ သူက အလွန်မာကျောပြီး အခြားဂြိုဟ်က လာတယ်လို့ ကျွန်မတို့ ထင်မြင်ယူဆပါတယ်။ သူဟာ ပွတ်တိုက် ပြုတ်ကျလာပြီး ကမ္ဘာပေါ်ကို ဥက္ကာခဲအဖြစ် ကျလာတာဖြစ်ပါတယ်။ သူ့မှာ အလွန်တန်ဖိုးရှိတဲ့ သတ္တုရိုင်းအစု ရှိလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ တစ်ချိန်မှာ ဒီ့ထက် တန်ဖိုး ရှိလာပါလိမ့်မယ်။ ကြမ်းခင်းဈေးက ၅သန်း။ တစ်ခါတိုးရင် ၅သိန်းပါ။ ကဲ စလိုက်ကြရအောင်”
လေလံပစ်သူသည် ဗလာအက်ကြောင်း ကျောက်တုံးအား လက်ထဲတွင် ထည့်ကာ ရှင်းပြပြီး လေလံစလိုက်သည်။
“သူ လာပြီ”
ထန်ရှု၏အာရုံသည် လှုပ်ခတ်သွားကာ ထိုကျောက်တုံးအား စိုက်ကြည့်နေသည်။ သူသည် အလျင်စလို လေလံမဆွဲပေ။ ရှေ့၂နာရီ ကြည့်ရှုထားမှုအရ ပထမစတင်သော လေလံဆွဲသူမှစကာ လူအနည်းငယ်သာ အမှန်တကယ် ဝယ်လိုခြင်းဖြစ်သည်။ အချို့မှာ ဈေးလိုက်ပြိုင်ပေးကာ ဈေးအများကြီး ဖြစ်လာသောအခါမှ မဝယ်ဘဲ ဖြုတ်ချသူများလည်း ရှိသည်။ ဘယ်သူမှ လေလံစမဆွဲပါက ဈေးသက်သက်သာသာဖြင့် ရနိုင်ပေသည်။
“၆သန်း”
အသံတစ်သံ ထွက်လာသည်။ လူတစ်ယောက်သည် သူ၏အလံအား မြှောက်ပြလိုက်သည်။
“၆သန်းခွဲ”
“၇သန်း”
“၇သန်းခွဲ”
“ …”
မကြာမီတွင် ဗလာအက်ကြောင်း ကျောက်တုံး၏တန်ဖိုးသည် ၉သန်းခွဲ ဖြစ်သွားသည်။ သို့သော် နောက်ဆုံးလူပြောပြီး ၁၀စက္ကန့်ကြာသည် အထိ မည်သူမျှ တိုးမပေးသေးချေ။
“သည်လူကြီးမင်းက ၉သန်းခွဲအထိ ပေးထားပါတယ်။ ဒီ့ထက်ပေးလိုတာ ရှိပါသေးလား။ မတန်ဘူး မထင်ပါနဲ့နော်။ သည်ဟာက အနာဂတ်မှာ ၁၀ဆ တန်ဖိုး တက်သွားနိုင်ပါတယ်”
“၁၀သန်း”
လေလံပစ်သူအသံ တိတ်သွားသည်နှင့် အသံတစ်သံ ထွက်ပေါ်လာသည်။
ထန်ရှုသည် အသက်ပြင်းပြင်း ရှူလိုက်ကာ သူ၏အလံအား ပြလျက် ပြောလိုက်သည်။
“၁၀သန်းခွဲ”
“၁၅သန်း”
အသံထွက်လာပြန်သည်။
ထန်ရှုသည် အလံအား မကာ ထပ်မံပြောလိုက်သည်။
“ သန်း၂၀”
“ဝိုး”
လေလံပွဲမှ လူများသည် ဘေးဘီအားကြည့်ကာ ထန်ရှုအား မြင်သော် အာမေဋိတ်သံများ ထွက်လာကြသည်။
“ပိုက်ဆံတွေ လွှင့်ပစ်နေတာလား မသိဘူး။ ဒီလိုမိုက်မဲသူလည်း ရှိသေးသားပဲ။ ဘယ်လောက်တောင် ရှားတယ် ဆိုပေမဲ့လည်း သန်း၂၀မှ မတန်တာရီး”
“ကမ္ဘာ့ဟာသပဲ။ ကျောက်တုံးတစ်တုံးကို သန်း၂၀ ပေးဝယ်သတဲ့လား။ ၁၀သန်းတောင် အတော်များလှပြီကို။ လူချမ်းသာတွေက ပိုက်ဆံကို တကယ် တန်ဖိုးမထားတာပဲ”
“လေလံပစ်သူစကား ယုံစားပြီး မောင်မင်းကြီးသားတော့ မိုက်မှားတော့မှာပဲ။ သူ ချမ်းသာတာကို ကောင်မလေးရှေ့ ပြချင်နေတာနဲ့တူတယ်”
“ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ”
“ …”
သူ၏ထက်မြက်သော အကြားအာရုံဖြင့် လူအများ၏ မှတ်ချက်ချသံအား ထန်ရှု ရှင်းလင်းစွာ ကြားနေရသည်။ သည်လူများသည် အမှန်တကယ် တန်ဖိုးကြီးသော အရာကို မသိရှိသူများဖြစ်သည် အတွက် ထန်ရှုသည် ဂရုမစိုက်ချေ။ သူ့အတွက်တော့ သည်ဗလာအက်ကြောင်း ကျောက်တုံးသည် ရတနာတစ်ပါး ဖြစ်သော်လည်း သိုလှောင်လက်စွပ်အဖြစ် မသန့်စင်နိုင်သော လူများအတွက် ထိုကျောက်တုံးသည် လမ်းဘေးကျောက်ရိုင်းတုံး သာသာပင် ဖြစ်လိမ့်မည်။
လေလံပစ်သူသည် ထန်ရှုအား စူးနစ်စွာ ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။
“ဒီရုပ်ချောချော လူငယ်လေးက သန်း၂၀ပေးထားပါတယ်။ ထပ်တိုးလိုသူများ ရှိပါသေးသလား။ မရှိခဲ့ရင်တော့
သည်ရှားပါး ကျောက်တုံးလေးကို ဒီရုပ်ချောချော လူငယ်လေးအား ရောင်းပါတော့မယ်”
လေလံကျင်းပရာ နေရာသည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
လေလံပစ်သူသည် သည်ဗလာအက်ကြောင်း ကျောက်တုံးအား ထန်ရှုအား ရောင်းလိုက်ပါသည်ဟု နောက်ဆုံးကြေညာတော့မည့် ဆဲဆဲတွင် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာတော့သည်။
“သန်း၅၀”
*****