← Chapters

ဈေးပြိုင်ပေးကြခြင်း

Vol. 02 Ch. 99

ဈေးပြိုင်ပေးကြခြင်း

Vol. 02 Ch. 99

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လေလံပွဲအတွင်းရှိ လူများသည် အံ့သြတုန်လှုပ် သွားကြသည်။ ဗလာအက်ကြောင်း ကျောက်တုံးအား ဒီခေတ် လူများသည် သိရှိနားမလည် ကြသော်လည်း မမျှော်လင့်စွာ တစ်စုံတစ်ယောက်သည် ဈေးအများကြီး ပေးချင်နေလေသည်။

ထန်ရှုသည် အသံလာရာဘက်အား လှမ်းကြည့်လိုက်သော် အနက်ရောင် တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်အဖြူရောင်၊ ဖော်ရွေသော မျက်နှာဖြင့် အများအကျိုး ဆောင်တတ်သည့် ဟန်ရှိသော အဘိုးအို တစ်ယောက်အား တွေ့လိုက်ရသည်။ သို့သော် အဘိုးအိုသည် လူအများမှ ဝိုင်းကြည့်သည်ကို သိလိုက်သောအခါ သူ၏သွင်ပြင်သည် ဂုဏ်ဆာနေသည့်အသွင် ဖြစ်သွားသည်။ အထူးသဖြင့် ထန်ရှုမှ သူ့အား ကြည့်နေသည်ကို ရိပ်စားမိလိုက်သဖြင့် မျက်နှာကို ပင့်ထားလျက် ထန်ရှုအား သရော်တော်တော် ကြည့်နေလေသည်။

“စိတ်ပျက်စရာပဲ”

ထန်ရှုသည် သက်ပြင်းတစ်ချက် ကြိတ်ရှိုက်လိုက်ကာ ထပ်မံ လေလံဆွဲလိုက်သည်။

“သန်း၆၀”

“ဘုရားရေ”

လေလံခန်းမတစ်ခုလုံး ဆူပွက်လာသည့်နှယ် ဖြစ်ပြီး မျက်လုံးအစုံတို့သည် ထန်ရှုနှင့် အဘိုးအိုထံတွင် လူးလာခေါက်တုံ့ ဖြစ်နေတော့သည်။ မူမမှန်သည့် အဖြစ်အပျက်တို့ နောက်ကွယ်တွင် အကြောင်းအကျိုး ရှိသည်ဟု ဆိုရိုးစကား ရှိသောကြောင့် ဒီရှားပါးသော ကျောက်တုံးလေးသည် တကယ်ပင် ရတနာတစ်ခု ဖြစ်နိုင်သည်ဟုပင် အချို့လူများသည် တိတ်တဆိတ် တွေးလာကြပြီ ဖြစ်သည်။

သို့သော်လည်း ထိုအတွေးသည် ခန့်မှန်းရုံ သက်သက်သာ ရှိသောကြောင့် မည်သူမျှ လေလံအပြိုင် ဝင်မဆွဲကြချေ။ အကြောင်းပြချက်သည် လွန်စွာ ရိုးရှင်းလှသည်။ အဆိုပါ ကျောက်တုံးသည် တန်ဖိုးရှိသည်ပင် ဆိုစေဦးတော့ ထိုကျောက်တုံးနှင့် ပတ်သက်သည့် ဗဟုသုတများအား သူတို့မသိချေ။ ထို့ကြောင့် သူတို့အနေဖြင့် တန်ဖိုးမရှိသည့် အရာအား ဝယ်မိသည့်နှယ် ဖြစ်နိုင်ပြီး တကယ်ပင် အရူးမိုက်ဆုံး လူများ ဖြစ်သွားပေလိမ့်မည်။

အဘိုးအိုသည် ပထမတွင် ထန်ရှု့အား ပြုံးပြုံးကြီး စိုက်ကြည့်နေရာမှ လင်ယောက်ျား သေသွားသဖြင့် အသက်ကြီးကြီးသူနှင့် အတင်းပေးစား ခံနေရသော မုဆိုးမ တစ်ယောက်ကဲ့သို့ အဘိုးအို၏ အမူအရာသည် ရုပ်ဆိုးသွားပြီး  ဈေးပြိုင်ခေါ်ရန် နှုတ်တရွရွ ဖြစ်နေပါသော်လည်း သူ့စိတ်သူ ထိန်းချုပ်သွားနိုင်သည့်အလား နောက်ထပ် ဈေးပြိုင် မခေါ်တော့ချေ။

“အာ ...  ဘယ်လိုဖြစ် သွားတာတုန်း”

ထန်ရှု၏ တွက်ချက်မှုအရ သူသည် ငွေအများကြီး သုံးနိုင်သေးသော်လည်း အဘိုးအိုသည် ဒီနေရာတွင် ရပ်တန့် သွားလိမ့်မည်ဟု မထင်ထားမိပါချေ။ လေလံပစ်သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ပြောလိုက်သည်။

“ဆိုရိုးစကားတစ်ခု ရှိတယ်။ လူတွေရဲ့မျက်လုံးများဟာ နှင်းပွင့်လေးတွေအလား တောက်ပနေကြသတဲ့။ ကျွန်မအနေကတော့ မော်ဒန်စာချိုးတစ်ခု ပြောချင်တယ်။ အနားမှာ ဖြတ်သွားတဲ့ ဘယ်အခွင့်အရေးမဆို လက်မလွတ်ပါစေနဲ့လို့။ ဒီကျောက်တုံးလေးသာ တန်ဖိုး မထိုက်တန်ဘူးဆိုရင် လေလံပွဲမှာ ဒီလို ဘယ်ဈေးရပါ့မလဲ။ ကျွန်မကတော့ တကယ့်ကို ကံကောင်းတယ် ပျော်တယ်လို့ ခံစားရတယ်။ အမြင်စူးရှပြီး ပစ္စည်းကောင်းကို သိတဲ့ လူကြီးမင်းတွေ ပါဝင်တဲ့ ဒီရတနာ ရောင်းချမှုမှာ သက်သေအဖြစ် ပါဝင်ခွင့်ရတဲ့ အတွက်ပေါ့”

“ဒီရုပ်ချောချော လူကြီးမင်းက သန်း၆၀နဲ့ လေလံဆွဲထားတယ်။ ဘယ်သူကများ ထပ်ပြီး ဈေးပို ပေးချင်ပါသေးလဲ။ ဘယ်သူမှ မရှိတော့ရင် ဒီလူကြီးမင်းကို ကျောက်တုံး ပေးလိုက်တော့မယ်”

“ဘယ်သူ ရှိပါသေးလဲ”

ပုံမှန်အားဖြင့် လေလံပွဲနေရာသည် ဈေးအပြိုင် ပေးမှုများဖြင့် ဆူညံလေ့ ရှိသော်လည်း  လေလံပစ်သူ၏ စကားအဆုံးတွင် တိတ်ဆိတ် ငြိမ်သက်သွားကာ ထန်ရှုနှင့် အဘိုးအိုအား ကြည့်နေကြသည်။ အဘိုးအို ဈေးထပ်ပေးလိမ့်မည်လားဟု လူတိုင်း သိလိုကြသည်။ အချို့သူများသည် အဘိုးအို လေလံပြိုင်ဆွဲရန် လက်မြှောက်လိုက်ပါက ချက်ချင်း ဈေးပြိုင်ရန်ပင် ပြင်ဆင်ထားကြပြီး ဖြစ်သည်။

လေလံပစ်သူမှ အနားမှ ဖြတ်သွားသည့် မည်သည့် အခွင့်အရေးမဆို လက်မလွတ်ပါစေနှင့်ဟု ပြောသွားသည် မဟုတ်ပါလော။ ကျောက်တုံးသည် အမှန်တကယ် အဖိုးထိုက်တန်နေပါက ယခုအချိန် သူတို့သည် ထိုအရာအား မသိနိုင်သေးဘူး ဆိုလျှင်တောင်မှ ဖြည်းဖြည်းချင်း လေ့လာနိုင်မည်ဖြစ်ပြီး ၎င်းအရာသည် ကြီးစွာသော အံ့အားသင့်စေမှုအား တစ်ချိန်တွင် ပေးနိုင်လိမ့်မည်။

သို့သော်လည်း အဘိုးအိုသည် လေလံ ထပ်မပြိုင်သောကြောင့် လူအများအပြား စိတ်ပျက် သွားကြသကဲ့သို့ လေလံပစ်သူသည်လည်း ထိုနည်းတူပင်။ သို့သော်လည်း ကျောက်တုံးသည် ဈေးအမြင့်ဖြင့် ရရှိခဲ့သည်ဟု သူမ ထင်သောကြောင့် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ လေလံပစ္စည်းများ ရောင်းရသည့်အခါတိုင်း သူမအတွက် ဝန်ဆောင်ခအား ရာခိုင်နှုန်းဖြင့် ရရှိသောကြောင့် ကျောက်တုံးဈေးမြင့် ရလိုက်ခြင်းသည် မထင်မှတ်ဘဲ အလွယ်တကူ ငွေရှာနိုင်ခဲ့သည် ဖြစ်သည်။

“အဲလိုဆိုမှဖြင့် ဒီအဖိုးတန် ကျောက်တုံးကို နောက်ဆုံး လူကြီးမင်းကို  ရောင်းချလိုက်ပြီ ဆိုတဲ့အကြောင်း  ကြေညာပါရစေရှင့်။ လူကြီးမင်းက ပစ္စည်းယူမယ်ဆိုရင် စင်နောက်ကို သွားလို့ ငွေချေပြီး တစ်ခါတည်း ယူလို့ရပါတယ်။ ဒါမှမဟုတ် လေလံပွဲပြီးတဲ့အထိ စောင့်ပြီးမှ စင်နောက်ကို သွားရောက် နိုင်ပါတယ်”

ထန်ရှုသည် တုံ့ဆိုင်းမနေဘဲ စင်နောက်သို့ ချက်ချင်း သွားလိုက်သည်။ ဗလာအက်ကြောင်း ကျောက်တုံးသည် သူ ယခုချက်ချင်း လိုအပ်နေသော  အရေးကြီးသည့်အရာ ဖြစ်သောကြောင့် ဖြစ်နိုင်လျှင် ချက်ချင်းရရန် လိုအပ်သည်။

ကျောက်တုံးအား စစ်ဆေးကာ လက်ခံပြီးနောက် ငွေပေးချေလိုက်ပြီး ထန်ရှုသည် သူ၏ထိုင်ခုံနေရာသို့ ဗလာအက်ကြောင်း ကျောက်တုံးနှင့် အတူ ပြန်လာခဲ့သည်။ မြောင်ဝမ်တန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ တွဲလွဲခိုလျက်နေသည်။ ထန်ရှုသည် မည်သည့် အကြောင်းကြောင့် ထိုကျောက်တုံးအား ဝယ်ရသည်ကို သူ မသိသော်လည်း မမေးခဲ့ဘဲ လေသံနှိမ့်ကာ ပြောလိုက်သည်။

“လိုချင်တာ ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် မစ္စတာထန်”

“ကျေးဇူးပါ”

ထန်ရှု ခေါင်းညိတ်ကာ ပြောလိုက်သည်။ တဒင်္ဂမျှ ချီတုံချတုံ ဖြစ်သွားပြီးနောက် သူ ပြောလိုက်သည်။

“ကျွန်တော်တို့ အခေါ်အဝေါ်တွေ ပြောင်းရအောင်။ နောင်ဆို ကျွန်တော့်ကို ထန်ရှုလို့ပဲ တိုက်ရိုက်ခေါ်ပါ။ ကျွန်တာ်လည်း ခင်ဗျားကို နာမည်အတိုင်းပဲ ခေါ်မယ်”

“ဒါ ကောင်းတယ်”

မြောင်ဝမ်တန်သည် ထန်ရှု၏ ထူးမခြားဟန် ဖြစ်ပုံရသော အမူအရာအား ကြည့်ကာ စိတ်ထဲတွင် ပြုံးလိုက်တော့သည်။ နောက်ထပ် လေလံပစ္စည်းများ ရောင်းချမှုသည် လျင်လျင်မြန်မြန် ပြီးဆုံးသွားသည်။ ထန်ရှုသည် လေလံပစ်သူ၏ စကားပြောစွမ်းရည်အား အမှန်ပင် လေးစားမိသည်။ ပစ္စည်းအများစု၏ မူလတန်ဖိုးသည် မမြင့်မားသော်လည်း သူမ၏ အဆက်မပြတ် ပြောဆိုနိုင်စွမ်းကြောင့် လူအများ၏ စိတ်ဝင်စားမှုအား နှိုးဆွနိုင်ခဲ့ပြီး ငွေကြေးသုံးချင်စိတ်များ ဖြစ်ပေါ်လာသဖြင့် လေလံတန်ဖိုးသည် မြင့်တက်လာရပေသည်။

“သူမက ပါရမီ ပါတာပဲ” ထိုစကားလုံးသည် ထန်ရှု၏ စိတ်ထဲတွင် ရုတ်ခြည်း ပေါ်ပေါက် လာလေသည်။ နာရီများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။ လေလံပွဲသည် မကြာမီ အဆုံးသတ်တော့မည်ဟု ထင်ရပြီး နောက်ဆုံး အထွတ်အထိပ်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။

“နောက်ပစ္စည်းကတော့ လူအများ စိတ်ဝင်စားနေကြတဲ့ နှစ်၁၀၀၀ ဂျင်ဆင်း ဖြစ်ပါတယ်။ လူအများ သိကြတဲ့အတိုင်း ယနေ့ခေတ်မှာ နည်းပညာ တိုးတက်လာတာနဲ့အမျှ  တောတောင် ရေမြေတွေဟာလည်း များစွာ ပျက်စီးနေခဲ့ပြီ ဖြစ်တယ်။ အဲဒါကြောင့်မို့ ဂျင်ဆင်း ရှာဖွေရတာလည်း ခက်ခဲလာပါတယ်။ ဒီလို နှစ်၁၀၀၀ဂျင်ဆင်း ရဖို့ ခက်ခဲမှု ဆိုတာတော့ ပြောမနေပါနဲ့တော့။ ဖီးနစ်ငှက်မွှေး၊ ချိုတစ်ချောင်းမြင်းတို့လို ရှားပါးတဲ့ အရာတွေကို ရှာရတာ ခက်သလိုမျိုး ဒီလောက် သက်တမ်းရှိတဲ့ ဂျင်ဆင်းကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲလှပါတယ်”

“ဒီနေ့ညမှာ ဒီလိုအဖိုးတန်လှတဲ့ ရတနာလေးကို ဘယ်သူများ ပိုင်သွားလေမလဲ”

“ကဲ ...  အခုက စပြီး နှစ်၁၀၀၀ ဂျင်ဆင်းအတွက် လေလံပွဲ စတင် လိုက်ပါကြောင်း ကြေညာလိုက်ပါပြီ”

လေလံပစ်သူ ရှောင်အိ ပြောပြီးသည်နှင့် နောက်ကို ဆုတ်လိုက်သည့် ခဏတွင် လေလံခန်းမသည် ဧည့်သည်များ၏ လေလံကြေး ခေါ်သံများဖြင့် ပွက်ပွက်ဆူ လာပြန်လေသည်။

“သန်း ၆၀”

“သန်း ၇၀”

“၇၅ သန်း”

“သန်း ၈၀”

“ ... ”

သို့သော်လည်း ထန်ရှု ထိုအထဲတွင် ပါဝင်ရန်အတွက် အလျင်မလိုသေးချေ။ သူသည် နောက်ဆုံးဈေးအပြိုင် ပေးကြမည့် အချိန်အား စောင့်နေပေသည်။ သို့သော် ၂မိနစ်အတွင်း ဂျင်ဆင်း၏ ဈေးနှုန်းသည် သန်း၁၈၀သို့ ခုန်တက်သွားခဲ့ပြီး ထိုဈေးနှုန်းသည် သူ့တွင် လက်ဝယ်ရှိနေသော ပိုက်ဆံဖြင့်ဆိုပါက လိုက်မီနိုင်သေးသည် ဆိုသော်လည်း သူ တွေးနေရသေးသည်။

“လက်ထဲက ပိုက်ဆံနဲ့ လေလံကြေးက အခုဆို ၁၀သန်းပဲ ကွာတော့တယ်။ သိပ်မကြာခင် သူ့ပမာဏက  ပြောင်းသွား နိုင်လိမ့်မယ်။ ကျားလွေဒေါင်ကို ပိုက်ဆံချေးဖို့ လှမ်းပြော လိုက်ရတော့မလား။ ကျားလွေဒေါင်လည်း သန်း၂၅၀ ရထားတာဆိုတော့ သူ့မှာရှိတဲ့ အရင်းနဲ့ ထပ်ပေါင်းလိုက်ရင် သန်း၃၀၀၀န်းကျင်တော့ ရှိနိုင်မှာပါ။ ဒါပေမဲ့ သူ့မှာ အကြွေးတွေကလည်း ရှိသေးတယ်။ အကြွေး ဆပ်လိုက်ရင်တော့ သူ့လက်ထဲ နည်းနည်းပါးပါးလောက်ပဲ ကျန်နိုင်တယ်”

သူသည် ကျားလွေဒေါင်ထံမှ ပိုက်ဆံအချို့ချေးရန် တွေးလိုက်မိသောကြောင့် ထန်ရှု၏ အတွေးများသည် အလျင်အမြန် တွေးတောဆန်းစစ် နေလေသည်။ ပိုက်ဆံချေးခြင်းသည် လွယ်ကူသော်လည်း  ပြန်ပေးရန်အတွက်မူ အလွန်ခက်ခဲပေသည် မဟုတ်ပါလော။ ချေးငွေသည် အနည်းဆုံး သန်း၁၀၀ ဖြစ်နိုင်သည်။ သူ့တွင် ရှိသည့် ယခင် ပိုက်ဆံများသည်လည်း ခန်းရှအား လုပ်ငန်းတည်ထောင်ရန်၊ စီးပွားရေး စတင်ရန်နှင့် ငွေရှာရန်အတွက် အသုံးပြုထားလေရာ ကျားလွေဒေါင်အား ချေးငွေပြန်ပေးရန် အချိန်မည်မျှ ယူရလိမ့်မည်နည်း။

မိနစ်ဝက်မျှ ကြာသော် ...

ထန်ရှုသည် ပိုက်ဆံချေးရန်အတွက် စိတ်ပိုင်းဖြတ် လိုက်သည်။ သူ၏စွမ်းရည်အား သူ ယုံကြည်သည်။ ထို့ပြင် နှစ်၁၀၀၀ဂျင်ဆင်းအား သူသည် လက်လွှတ်မခံချင်ပေ။ ထန်ရှုသည် ထိုင်ခုံမှ ထကာ လေလံပွဲ၏ ထောင့်တစ်နေရာသို့ သွားပြီး ကျားလွေဒေါင်အား ဖုန်းခေါ်ဆိုလိုက်ရာ ကျားလွေဒေါင်ထံတွင် အကြွေးသန်း၂၂၀ ရှိကြောင်းနှင့် ပြန်ဆပ်ပြီး ယခုကျန်ငွေ သန်း၈၀သာလျှင် ရှိတော့ကြောင်း သိလိုက်ရလေသည်။ ထန်ရှုသည် ထိုသန်း၈၀အား တုံ့ဆိုင်း မနှေးတော့ဘဲ ချေးယူလိုက်သည်။

“စာတို ဝင်သံ”

မိနစ်အနည်းငယ် ကြာသော် သန်း၈၀အား သူ့ဘဏ်အကောင့်သို့ လွှဲလိုက်သည့် စာတိုတစ်စောင် သူ၏ဖုန်းတွင် ဝင်လာသည်။

“၂၁၈သန်း ...  ပိုပေးမည့်သူ ရှိပါသေးလား။ မရှိတော့ဘူး ဆိုရင်တော့ ဒီနှစ်၁၀၀၀ဂျင်ဆင်းက ဟောဒီက လူကြီးမင်း အပိုင် ဖြစ်သွားပါမယ်” လေလံပစ်သူသည် စိတ်လှုပ်ရှားနေဟန်ဖြင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

ထန်ရှုသည် ဘေးပတ်ပတ်လည်မှ တိတ်ဆိတ်နေသော ဧည့်သည်များအား ကြည့်လိုက်ပြီးနောက် သူ၏ဆိုင်းဘုတ်အား ဖြည်းညှင်းစွာ မြှောက်ကာ ဆိုလိုက်သည်။

“သန်း၂၂၀”

လေလံပစ်သူ ရှောင်အိ၏မျက်လုံးများသည် လင်းလက်သွားကာ အပြုံးဖြင့် ပြောလိုက်သည်။

“သူရဲကောင်းကတော့ အမှန်တကယ်ကို လူငယ်တွေထဲက ပေါ်ထွက်လို့ လာပါပြီ။ ဒီကလူကြီးမင်းက သန်း၂၂၀ ပေးထားပါပြီ။ တကယ့်ကို အံ့သြစရာကောင်းတဲ့ ငွေပမာဏပါပဲ။ ဒီနေ့မြင်ကွင်းက ကြီးမြတ်တဲ့သူက လူငယ်တွေကြားကပဲ ပေါ်ထွက် လေသလားဆိုပြီး ကျွန်မကို အတွေး ရောက်စေတယ်ရှင့်။ ဒါပေမဲ့လည်း ရင့်မာတဲ့ဂျင်းက ဂျင်းနုထက် မပူဘူး မစပ်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလားရှင်။ ဘာပဲဖြစ်ဖြစ်လေ ... ဒီလူကြီးမင်း ချောချောလေးထက် ပိုပေးနိုင်တဲ့ တစ်စုံတစ်ယောက်များ ပေါ်ထွက်လာလေ ဦးမလား။ ဒီလူကြီးမင်းကပဲ နှစ်၁၀၀၀ဂျင်ဆင်းရဲ့ ပိုင်ရှင် ဖြစ်လေမလား ဆိုတာကို ... ”

“ ... ”

လေလံခန်းမ အတွင်းရှိ လူအများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများအား မြင်တွေ့ရမည် ဖြစ်သည်။ သူရဲကောင်းသည် လူငယ်များမှ လာသည် ဟူသော ကားအား သူတို့ လက်ခံသော်လည်း ရင့်မာတဲ့ဂျင်းက ဂျင်းနုထက် မပူတော့ မစပ်တော့ ဟူသော စကားအား ကြားရခြင်းသည် သူတို့၏ ဒေါသများအား နှိုးဆွနေသကဲ့သို့ ဖြစ်ကာ စိတ်တွင်းတွင် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားလိုစိတ်များ ဖြစ်ပေါ်နေကြသည်။

ရှေ့ဆုံးတန်းရှိ ငယ်ရွယ် ချောမောသော မိန်းမပျိုလေး အနားတွင် ထိုင်နေပြီး ရွှေဆွဲကြိုးကြီးနှင့် ယွမ်သန်းအနည်းငယ် တန်သည့် နာရီအား ပတ်ထားသော ဝဖြိုးသည့် သက်လတ်ပိုင်းလူသည် အသံအက်အက်ဖြင့် ဈေးပေးလိုက်သည်။

“သန်း၂၃၀”

“သန်း၂၅၀”

ထန်ရှု၏ မျက်ဝန်းများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားကာ အသံနက်နက်ဖြင့် အော်ပေးလိုက်သည်။ ထိုလူဝကြီးသည် သူ့ဘေးတွင် ရှိသော မိန်းမလှလေးအား တွန်းလိုက်ပြီး ထန်ရှုဖက်သို့ ခေါင်းလှည့်ကာ စိုက်ကြည့်လိုက်သည်။ ထို့နောက် လက်ခလယ် ထောင်ပြလိုက်ကာ အော်လိုက်သည်။

“သန်း၃၀၀”

“ဝိုး”

လူဝကြီး၏ လေလံပေးဈေးကြောင့် လေလံခန်းမထဲရှိ လူတိုင်း တုန်လှုပ် အံ့သြရသည်။

သန်း၃၀၀တဲ့လား။ နှစ်၁၀၀၀ဂျင်ဆင်းကို သန်း၃၀၀နဲ့ လေလံဆွဲပစ် လိုက်တာလား။ လူတိုင်း အချင်းချင်း တီးတိုးစကား ဆိုကြကုန်သည်။

“ဒီငပေါ ဖက်တီးက ဘယ်က လာတာလဲ မသိဘူး။ နှစ်၁၀၀၀ဂျင်ဆင်းကို သန်း၃၀၀ကို ခုန်ပေးပစ်လိုက်တယ်။ သူစားသမျှက ဦးနှောက်ဆီ မသွားဘဲ သူ့ကိုယ်ထဲမှာ အဆီတွေ ဖြစ်သွားတာ နေမှာလို့ ငါ သေချာပေါက် ပြောနိုင်တယ်။ နှစ်၁၀၀၀ ဂျင်ဆင်းက အလွန်ဆုံးရှိမှ သန်း၁၅၀လောက်ပဲ ဟာကို။ အလွန်အကျွံ သုံးပစ်လိုက်တာပဲ”

“အရူးပဲ … နှစ်၁၀၀၀ဂျင်ဆင်းက အဖိုးတန်တယ် ဆိုပေမဲ့ သန်း၃၀၀တော့ မတန်ဘူးလေ။ သေချာပေါက် ဟိုလူငယ်လေးကို ဒေါသနဲ့ ရိုက်ချိုးမယ်ဆိုပြီး ရည်ရွယ်တာပဲ”

“ဘယ်လောက်တောင် ရူးမိုက်လိုက်တဲ့ ကောင်လဲကွာ။ ဒီနေ့ခေတ်မှာ အဲလိုအရူးတွေ များလာတယ် ဒီနှစ်က အဆိုးဆုံးပဲ”

“ပိုက်ဆံထားစရာ မရှိလို့ ဒီမှာ လာဖြုန်းတာနေမယ်”

“ ... ”

ထန်ရှုသည် လှောင်ပြောင်ရိပ်များ စွန်းထင်နေသော လူဝကြီးအား မျက်လုံးစွေကာ ကြည့်လိုက်ပြီး စိတ်ထဲကြိတ်ကာ သက်ပြင်းချလိုက်သည်။ သူ ဒီအရာကို မတတ်နိုင်တော့ပါ။ သူ့တွင် ရှိသည့် ငွေကြေးပမာဏမှာ သန်း၂၅၀သည်သာ အမြင့်ဆုံးရှိသည့် ငွေကြေး ဖြစ်သောကြောင့် သူ ဈေးပြိုင် လိုက်မပေးနိုင်တော့ပါချေ။

“ဘဝမှာ လူတစ်ယောက်ဟာ အဆုံးသတ်မှာ ဘာဖြစ်မလဲ ဆိုတာကို တစ်ခါတစ်ရံ စောင့်ရတယ်။ တစ်ခုခုဟာ ကံစီမံရာ မဟုတ်ဘူးဆိုရင် အတင်း တွန်းအားပေးဖို့ မလိုအပ်ဘူး”

ထိုစာကြောင်းသည် ထန်ရှု၏ အတွေးထဲသို့ ဝင်ရောက်လာပြီး သူသည် မပြုံးချင် ပြုံးချင် ပြုံးလိုက်သည်။ တစ်ချိန်တုန်းက သူသည် အင်မတန် ချမ်းသာပြီး သူ ကြိုက်နှစ်သက်သော အရာမှန်သမျှ ရအောင် ယူခဲ့ချည်းဖြစ်သည်။ ထို့ကြောင့် သူသည် ငွေကြေး၏ စွမ်းအားအကြောင်း ကောင်းကောင်းကြီး နားလည် သဘောပေါက်သည်။ ယခုမူ သူသည် နည်းပါးသော ငွေကြေးမတည်ငွေဖြင့် အစမှ ပြန်လည် စတင်နေရလေသည်။

နောက်ဆုံးတွင် နှစ်၁၀၀၀ဂျင်ဆင်းအား သက်လတ်ပိုင်း လူဝကြီးမှ လက်ဝယ်ရရှိ သွားလေတော့သည်။

“အခန်းကောင်းလေးတွေ မကြာမီ လာတော့မယ်”

စိတ်လှုပ်ရှားနေသော ခပ်ဖွဖွ စကားသံအား ဘေးတွင် ထိုင်နေသာ မြောင်ဝမ်တန်ဆီမှ ထန်ရှု ကြားလိုက်ရသည်။

ထန်ရှုသည် အံ့အားသင့်စွာ မေးလိုက်သည်။

“နှစ်၁၀၀၀ဂျင်ဆင်းက လေလံပွဲမှာ ဈေးအကြီးဆုံး မဟုတ်ဘူးလား။ အဲဒါက နောက်ဆုံးလေလံပစ်တဲ့အရာလို့ထင်နေခဲ့တာ။ စာရင်းထဲမပါတာတွေ ရှိသေးတာလား”

မြောင်ဝမ်တန် တိုးတိုး ပြောလိုက်သည်။

“မစ္စတာထန်..အာ ...  ထန်ရှု မင်းက အယင်နှစ်တွေက ကျင်းပတဲ့ ခရမ်းရောင် ပန်းပွင့်လေးများ လေလံပွဲတွေ မသွားဖူးလို့ပါ။ အဲဒါကြောင့် ဒီကထုံးစံ သိမှာ မဟုတ်လောက်ဘူး။ ကျင်းပခဲ့တဲ့ လေလံပွဲ တစ်ခုစီအတွက် စာရင်းထဲမှာ မပါတဲ့ အရာတွေကို ပွဲရဲ့ နောက်ဆုံးအဖြစ် ကျင်းပလေ့ ရှိတယ်”

“အာ ... ဒီလိုကိုး၊ သဘောပေါက်ပြီ”

ထန်ရှု ရုတ်ခြည်းပင် နားလည် သွားလေသည်။ ထိုနောက်ဆုံး လေလံပစ်မည့် အရာတွေအတွက် သူ အတော် မျှော်လင့်နေလေသည်။ နှစ်၁၀၀၀ဂျင်ဆင်းအား မဝယ်လိုက် ရသောကြောင့်  နောက်ဆုံး လေလံပစ်မည့် အရာသည် သူ လိုအပ်နေသည့်အရာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ရုတ်တရက် လေလံပွဲရှိ မီးများအားလုံး မှိန်ကျသွားပြီး အဖြူရော င်မီးမှိန်မှိန် အစုလေးသည် လေလံပစ်သူ၏ အပေါ်ပိုင်းသို့ ကွက်ကာ ကျလာလေသည်။ နောက်ဆုံးတွင် လေလံပစ်သူ၏ အနောက်ရှိ နံရံပေါ်၌ ပရော်ဂျက်တာ ပြစက်ဖြင့် ပြသလာသော ပုံပန်းချီများ ထွက်ပေါ် လာပါတော့သည်။

***

All Chapters