ဘာနည်းလမ်းပဲသုံးသုံး ဘယ်လောက်ကုန်ကုန် တွေဝေခြင်းအလျဉ်းမရှိ
Vol. 02 Ch. 100
ဧည့်ပရိသတ်များ၏ အကြည့်တို့သည် ပရော်ဂျက်တာ ပြစက်ဖြင့် ပြသလာသော ပုံပန်းချီများပေါ်တွင် စူးစိုက် ကြည့်နေကြသည်။
အကန့်အသတ် မရှိသော ပင်လယ်ပြင်မှ အရှိန်အဟုန်ပြင်းစွာ ရိုက်ပုတ်လျက် ဖြစ်ပေါ်လာသော လှိုင်းလုံးများသည် ထီးထီးကြီး တည်ရှိနေသော ကျွန်း၏ ကုန်းမြေပေါ်သို့ ရောက်ရှိပျံ့နှံ့လျက် စိန်ပွင့်လေးများ စီခြယ်ထားသည့်နှယ် ဖြစ်သည်။ သေသေချာချာ ကြည့်မည်ဆိုပါက ထိုကျွန်းသည် စတုန်းကီလိုမီတာ ကျယ်ဝန်းသောကြောင့် အလွန်ကြီးမားပြီး တောင်တန်း တောင်ကုန်းများ၊ စိမ်းစိုနေသော သစ်တောသစ်ပင်များ ကျွန်းပေါ်တွင် တည်ရှိပြီး သာယာ ဆိုကြွေးနေသော ငှက်သံလေးများ၊ လှပသော ပန်းပွင့်များ အကြားတွင် ပျံဝဲနေသော လိပ်ပြာများဖြင့် အင်မတန် သာယာလှပသော ကျွန်းကြီးတစ်ကျွန်းဟု ဆိုနိုင်ပေသည်။
ဥရောပဆန်ဆန် ဆောက်လုပ်ထားသော ရဲတိုက်ကြီးသည် ကျွန်း၏အလယ်ဗဟိုတွင် တည်ရှိပြီး
တောင်ထိပ်တွင် ပြေပြစ်သော လူသွားလမ်းလေးသည် ၃နေရာဆီသို့ ဦးတည်ဖောက်လုပ် ထားလေသည်။ တစ်လမ်းသည် ရဲတိုက်ဆီသို့ ၊ တစ်လမ်းသည် ကားရပ်နားရာ နေရာဆီသို့နှင့် နောက်တစ်လမ်းသည် လေယာဉ် ဆင်းသက်သည့် နေရာဆီသို့ သွားရောက်နိုင်ရန် ဖြစ်သည်။
ကျွန်း၏ တည်ရှိပုံအား နှံ့နှံ့စပ်စပ် ကြည့်မည်ဆိုပါက တောင်များ၏ ဖုံးကွယ်မထားသော ထူးဆန်းဖွယ် ရှုခင်း ၉နေရာသည် ပင်လယ်ဘက်ဆီသို့ ပျံ့နှံ့ရောက်ရှိ နေမည်ကို တွေ့ရမည်ဖြစ်သည်။ ဥရောပစတိုင် တည်ဆောက်ထားသော တဲလေးတစ်လုံးဆီသည် ထိုတောင်တစ်ခုစီတွင် တည်ရှိနေပြီး ခရီးသည်တင် သင်္ဘောအနည်းငယ် ဆိုက်ကပ်သော သီးသန့်သင်္ဘောကျင်း တစ်ခုသို့ ဆက်သွယ်ထားသော လမ်းတစ်ခုစီသည်လည်း အသီးသီး တည်ရှိနေပေသည်။
“နဂါးကိုးကောင် ပုတီးလား”
“ဘယ်လို ဖြစ်နိုင်မှာလဲ”
ထန်ရှု၏ မျက်ဝန်း အစုံတို့သည် မယုံကြည်နိုင်ဟန်ဖြင့် ဝိုင်းစက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်လှုပ်သွားရပြီး ရင်တွင်းတွင်လည်း လေမုန်တိုင်း တိုက်သည့်နှယ် တုန်ခါလျက် ရှိပေသည်။
သူသည် အင်မော်တယ် ကမ္ဘာတွင် ရှိစဉ်အခါက ထိုကဲ့သို့ အလွန်ကောင်းမွန်လှသော ဖုန်းရွှေအစီအရင်နှင့် ရတနာကျွန်းတစ်ခု တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုနေရာသည် ခိုင်မာသိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားတို့ ပါဝင်သော ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီတို့ ပေါကြွယ်ဝစွာ ရှိပေသည်။ ထိုနေရာသည် ကြိုးစားအားထုတ်မှု တစ်ဝက်၏ ၂ဆ အကျိုးကျေးဇူးအား သေချာပေါက် ရရှိစေလိမ့်မည်။ ထိုကဲ့သို့ နေရာမျိုးအား ယခု သည်နေရာတွင် တွေ့ရှိနေရပြီး ထိုနေရာသည် နဂါးကိုးကောင် ပုတီး လျှို့ဝှက်နယ်မြေဟု အမည်တွင်လေသည်။ ပြသနေမှု ပြီးဆုံးသွားပြီ ဖြစ်သည်။
လေလံခန်းမမှ မီးများ ပြန်လည် လင်းလက်လာပြီး လေလံပစ်သူ၏ အသံသည် နောက်မှ ကပ်ပါလာလေသည်။ ရှောင်အိသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး …
“ကျွန်မတို့အားလုံး ဒီဗွီဒီယိုလေး အတူကြည့်ပြီး ကြပြီဆိုတော့ ဒီထဲမှာ ပြသသွားတဲ့ ကျွန်းလေးက ဒီနေ့ လေလံပွဲအတွက် နောက်ဆုံး လေလံပစ်မဲ့ ပစ္စည်းလေးပါပဲ။ နဂါးကိုးကောင်ကျွန်းက ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိပြီးတော့ အနားမှာ တောင်ငှက်ကျွန်း ရှိတယ်။ ကျွန်းတစ်ကျွန်းနဲ တစ်ကျွန်း အကွာအဝေးက မိုင် ၂၀၀၀စီ ကွာဝေးပါတယ်”
“ဒီကျွန်းလေးက ပုဂ္ဂလိက ပိုင်ဆိုင်တာ ဖြစ်ပြီးတော့ မူရင်းပိုင်ရှင်က ဥရောပ ငွေကြေးအဖွဲ့ပိုင်ရှင် ဖြစ်တယ်။ ၂နှစ်ခွဲလောက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီးတဲ့ နောက်မှာတော့ ဒီပိုင်ရှင်က ရှောင်လွှဲမရတဲ့ အခြေအနေတွေ ရှိလာတာကြောင့် ဒီကျွန်းကို ရောင်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီလေလံပွဲပိုင်ရှင် သူဋ္ဌေးကြီးနဲ့ ကျွန်းပိုင်ရှင်က ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကြောင့်မို့ ပိုင်ရှင်က လေလံပစ်ဖို့ အာဏာကို ကျွန်မတို့ကို ပေးထားတာ ဖြစ်ပါတယ်”
“ဒီခရမ်းရောင်လေလံပွဲကို လာရောက်ကြတဲ့ ဧည့်သည်တော်တွေထဲက ကျွန်မတို့နိုင်ငံက အချမ်းသာဆုံးနဲ့ စွမ်းအားအကြီးဆုံး သူတွေထဲက လာရောက်ကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ လူတိုင်းက ဒီဖုန်းရွှေကျွန်းကို စိတ်ဝင်စားကြလိမ့်ယ်လို့ ကျွန်မ ထင်တယ်။ အဲဒါကြောင့်မို့ ဒီကျွန်းလေးအတွက် လေလံပွဲကို စကြရအောင်”
“ကြမ်းခင်းဈေးက သန်း၅၀၀ ဖြစ်ပြီးတော့ တစ်ကြိမ် လေလံဈေးခေါ်တိုင်း ၁၀သန်းထက် မနည်းစေရပါဘူး။ အခု လေလံပွဲကို တရားဝင် စတင်လိုက်ပါပြီ”
လေလံပစ်သူ၏ စကားအဆုံးတွင် စင်မြင့်အောက်မှ ကြည့်ရှုနေကြသော ရာပေါင်းများစွာသော လူများသည် တီးတိုး ပြောဆိုနေကြသည်။ ဒီတစ်ကြိမ်သည် ယွမ်သန်း၅၀၀ ပေးချေရမည့် စီးပွားရေးလုပ်ငန်းစဉ် ဖြစ်နေသောကြောင့် လာရောက်ကြသူတို့သည် ချမ်းသာကြွယ်ဝသူများ ဖြစ်ကြသော်လည်း ထိုယွမ်သန်း ၅၀၀ဟူသည့် ပမာဏသည် သူတို့အတွက်ပင် နည်းသည့် ငွေပမာဏ မဟုတ်ချေ။
“ဒီ ပုဂ္ဂလိကကျွန်းလေးက တကယ် ကောင်းတာပဲ”
မြောင်ဝမ်တန်၏ မျက်နှာထက်တွင် အပြုံးများ ပေါ်ပေါက် လာသော်လည်း ယှဉ်ပြိုင်ရန် အတွက်မူ ဆန္ဒမရှိချေ။
သူ့အနားတွင် ထိုင်နေသော ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်အား တစ်ဖက်သို့ ရွှေ့ကာ ရှောင်မင်ကျန်းအား ကြည့်လိုက်သည်။ ထို့နောက် သူသည် ပြုံးလျက် ပြောသည်။
“ငါမှတ်မိသလောက် ပြောရမယ်ဆိုရင် မင်း နိုင်ငံခြားမှာ ရဲတိုက်တစ်ခု ဝယ်ဖို့ အစီအစဉ် ရှိနေတာ မဟုတ်လား။ ဒီဟာကို ဘယ်လို သဘောရလဲ။ စိတ်မဝင်စားဘူးလား”
ရှောင်မင်ကျန်းသည် တစ်ခဏမျှ ငြိမ်သက် သွားပြီးနောက် သူသည် ခေါင်းကို ဖြည်းညှင်းစွာ ယမ်းကာ ပြောလိုက်သည်။
“ဒီကျွန်းလေးရဲ့ ကြမ်းခင်းဈေးက အမှန်တကယ်တော့ မမြင့်ပါဘူး။ ဒီဟာကို သန်း၅၀၀နဲ့ ဝယ်ပြီးသွားရင် ငွေပြန်ရှာနိုင်တယ်။ ဒီဟာကို လူတိုင်း သိကြတယ်။ ဒါကြောင့်မို့လို့ တကယ်လို့သာ ဒီဟာကို ၁ဘီလီယံနဲ့ ရောင်းမယ်ဆိုရင် ငါ မတတ်နိုင်တော့ဘူး။ ငါက ဒေသတွင်း သူဋ္ဌေးတစ်ယောက် မဟုတ်တော့ ငါ မင်းကို မယှဉ်နိုင်လောက်ဘူး။ အဲဒီတော့ ငါ အပျော်ထိုင်ကြည့် နေတော့မယ်” မြောင်ဝမ်တန်သည် ပြုံးကာ ပြောလိုက်ပြန်သည်။
“ကောင်းပြီ … မင်း အဲဒါကို တကယ် ဝယ်ချင်တယ်ဆိုရင် ငါ မင်းကို ပိုက်ဆံချေးပါမယ်။ ဒါပေမဲ့ ၁ဘီလီယံထက်တော့ ငါလည်း မချေးနိုင်လောက်ဘူး”
ရှောင်မင်ကျန်းသည် ပေါ့ပါးစွာ ရယ်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ။ ငါ အရင် ကြည့်လိုက်ပါဦးမယ်”
ထန်ရှုသည် မတ်တတ် ရပ်လိုက်ပြီး လေလံခန်းမ၏ နောက်ဘက် ထောင့်တစ်နေရာဆီသို့ သွားကာ ဖုန်းနံပါတ် တစ်ခုအား ခေါ်လိုက်လေသည်။
***
ကြယ်တာရာမြို့ ...
ချန်းကျီကျုံးသည် တောင်တံခါးအိမ်ရာရှိ ဂကျီဘို ဘုရင်အိမ်အနီးတွင် အိမ်တစ်လုံး ဝယ်ယူလိုက်ပြီ ဖြစ်သည်။ သူ၏ စာဖတ်ခန်းထဲတွင် ခြေချိတ်ထိုင်ကာ ထန်ရှု သင်ပေးထားသော ကျင့်ကြံခြင်းကျင့်စဉ်နှင့် နည်းအား သေသေချာချာ လေ့ကျင့်လျက်ရှိသည်။ သူသည် သိုင်းပညာရှင် တစ်ယောက် ဖြစ်သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းနည်းနှင့် ကျင့်စဉ်ထက် အလွန်ခက်ခဲသော အစစ်အမှန်ချီကိုသာ လေ့ကျင့်ခဲ့ဖူးသည်။
သို့သော်လည်း ကြီးမြတ်သော တာအိုတွင် လှမ်းလျှောက်ရာ လမ်းတို့သည် မရေမတွက်နိုင်အောင် ရှိသောကြောင့် လမ်းကြောင်း တစ်ခုစီသည် ထူးခြားမှုကိုယ်စီဖြင့် မတူညီကြသော်လည်း သွားရောက်သော် မူလရင်းမြစ်သည် တူညီလေသည်။
သူ၏ မူလအခြေခံကြောင့် သူ၏ အစစ်အမှန်ချီအား မူလချီသို့ ပြောင်းလဲရန် အပြင်းအထန် ကြိုးစားနေခြင်း ဖြစ်သည်။
“ဖုန်းမြည်သံ”
ဖုန်း၏ ရုတ်တရက် မြည်သံသည် ချန်းကျီကျုံးအား သူ၏ကျင့်ကြံခြင်းမှ အလန့်တကြား နိုးထလာစေသည်။ သူ၏ မျက်နှာထက်တွင် ဒေါသရိပ် အနည်းငယ် ဖြစ်ပေါ်လာပြီး ဖုန်းအား လျင်မြန်စွာ ကောက်ယူလိုက်ကာ ခေါ်သည့်နံပါတ်အား ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်နှာထက်မှ ဒေါသရိပ်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ထိုအစား ရိုသေလေးစားမှုတို့ ဖြစ်ပေါ်လာကာ ဖုန်းကိုဖွင့်လျက် တလေးတစား ဖြေလိုက်သည်။
“ဆရာ ... ကျွန်တော့်ကို ရှာတာလား”
“ကျွန်တော် ငွေ အရေးတကြီး လိုနေလို့။ များလေ ကောင်းလေပဲ။ ၁၀မိနစ်အတွင်း ခင်ဗျား ဘယ်လောက် လွှဲနိုင်မလဲ”
“ ... ”
မိနစ်ဝက်ခန့် ချန်းကျီကျုံး တိတ်ဆိတ်သွားသည်။ သူ၏ အတွေးများသည် လျင်မြန်စွာဖြင့် နက်နက်ရှိုင်းရှိုင်း တွေးတော နေပေသည်။ ထို့နောက် သူသည် ပြန်ဖြေလိုက်သည်။
“ယွမ် ၃ဘီလီယံ။ အချိန်က အရမ်းကျပ်နေလို့။ နေ့တစ်ဝက်သာ အချိန်ပေးနိုင်ရင် ၅ ဘီလီယံ ဒါမှမဟုတ် အဲဒီထက်တောင် ပိုနိုင်သေးတယ်”
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ဘဏ်နံပါတ်ကို ခင်ဗျားဆီ ပို့ပေးလိုက်မယ်။ ၁၀မိနစ်အတွင်း ကျွန်တော့်ကို ၃ဘီလီယံ လွှဲပေးလိုက်ပါ”
“လုပ်လိုက်မယ် ဆရာ”
ချန်းကျီကျုံး လျင်မြန်စွာ လိုက်နာလိုက်ပြီး ကျင့်ကြံမှု ဆက်လုပ်ရန် အတွေးမရှိတော့ဘဲ ဖုန်းတစ်ခုအား ခေါ်ဆိုလိုက်သည်။
***
ကျင်းမန်ကျွန်းရှိ လေလံပွဲခန်းမ ...
ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် သီးသန့်စကား ပြောနေရင်း ထန်ရှု ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူတို့သည် ချက်ချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။ နှစ်၁၀၀၀ဂျင်ဆင်း လေလံပစ်သည့် အချိန်တုန်းက ထန်ရှုသည် ယခုလိုပင် နေရာမှ ထသွားကာ ဖုန်းပြောပြီးနောက် ပြန်လာပြီး လေလံဝင်ဆွဲသည်ကို သတိရသွားကြသည်။
“အစ်ကိုမြောင် ... ထန်ရှုက ဒီလေလံပစ်တဲ့ ဟာကို ဝင်ပါချင်တာလား မသိဘူး။ သူ ဒီကျွန်းကို လိုချင်နေတာများလား”
ရှောင်မင်ကျန်းသည် အံ့အားသင့်စွာဖြင့် တီးတိုး မေးလိုက်သည်။ မြောင်ဝမ်တန်လည်း တီးတိုး ပြန်ပြောလိုက်သည်။
“ဒါ ဖြစ်နိုင်ချေများတယ်။ သူ့ရဲ့ အသည်းအသန် ဖြစ်နေတဲ့ပုံကို မင်းလည်း မြင်သားပဲ။ ဒါသေချာတယ်လို့ ငါပြောနိုင်တယ်။ ဒါပေမဲ့ သူက ငယ်သေးတယ်။ ဘာဖြစ်လို့ ပစိဖိတ် သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်း ဝယ်ပြီး သွားနေချင်တာလည်း မသိဘူး။ ဒါပေမဲ့ ငါ သူ့ကို တကယ် နားမလည်တော့ဘူး။ သူက တစ်ယောက်တည်း သီးသန့်နေချင်ပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ချင်နေတာလား”
ရှောင်မန်ကျန်းသည် မပြုံးချင် ပြုံးချင်နှင့် ပြုံးကာ ပြောလိုက်သည်။
“ငါ သူ့ကို နည်းနည်းလေးမှ နားမလည်တော့ဘူး။ အမှန်အတိုင်း ပြောရရင် ထန်ရှုရဲ့ အသက်အရွယ်နဲ့ သွင်ပြင်ကို ကြည့်ပြီး ဝိရောဓိ ဖြစ်နေတယ်။ ဒါပေမဲ့ ဘာဖြစ်နေသလဲ ဆိုတာကိုလည်း အဖြေရှာမရဘူး။ သူက အရမ်းငယ်ရွယ်တဲ့ ယောက်ျားသား တစ်ယောက်ပဲ။ ဒါပေမဲ့ သူ ပြောပုံဆိုပုံ လှုပ်ရှားပုံတွေက ငယ်ရွယ်တဲ့ ယောကျာ်းနဲ့ မတူပြန်ဘူး ဖြစ်နေတယ်။ ဆန့်ကျင်ဘက် အနေနဲ့ သူက နက်ရှိုင်းပြီး ပညာရှိတဲ့ လူတစ်ယောက်နဲ့ ပိုတူနေတယ်”
“သူက ပါရမီတစ်ယောက် ဒါမှမဟုတ် မကောင်းဆိုးဝါး တစ်ယောက်လား” မြောင်ဝမ်တန်သည် နောက်ဆုံး သုံးသပ်ချက်အား ပြောလိုက်သည်။
ထန်ရှုသည် သူ၏ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး သူ၏ ဘဏ်စာရင်းထဲသို့ ငွေလွှဲ ရောက်ရှိမည်ကို တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။ သူသည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့၏ ထူးခြားသည့် အမူအရာအား မြင်တွေ့သော်လည်း မည်သည့်စကားမျှ မဆိုပေ။
သူသည် နှစ်၁၀၀၀ ဂျင်ဆင်းအား အလွန် လိုချင်ခဲ့သည်။ သို့သော် ဒီသီးသန့် ကျွန်းလေးကိုမူ သူသည် ရှိသမျှ ပုံပေးကာ ရယူရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူ့အတွက် လက်လွှတ်လိုက်ရလျှင် ဆိုရင်တောင်မှ ပြန်လုယူမည် ဖြစ်သည်။
“သန်း၅၁၀” သက်လတ်ပိုင်း လူတစ်ယောက်က ဈေးစတင် ပေးလိုက်သည်။
“သန်း၅၂၀”
“သန်း၅၃၀”
“ ... ”
ဒီအကြိမ်သည် နောက်ဆုံးအကြိမ် ဖြစ်သောကြောင့် လူနည်းစုသာလျှင် ဝင်ရောက်ပြိုင်ဆိုင် နိုင်ကြတော့သည်။ သို့သော်လည်း လေလံဈေးသည် တိုးမြှင့်နေဆဲ ဖြစ်သည်။ အကြိမ်အများဆုံး ပေးနေသူမှာ ရွှေဆွဲကြိုး ဝတ်ထားသော လူဝကြီးဖြစ်သည်။ ၇မိနစ် ၈မိနစ်ကြာသော် ဈေးသည် ၁.၄၈ ဘီလီယံသို့ ခုန်တက်သွားတော့သည်။
“၁.၅ ဘီလီယံ”
ထိုသက်လတ်ပိုင်း လူဝကြီး၏နဖူးထက်တွင် ပုတီးစေ့ခန့် ချွေးသီးများ ကျလာပြီး သူ လေလံဈေး ပေးလိုက်သည်။
“၂ ဘီလီယံ”
အခြား အဘိုးအိုတစ်ယောက်မှ ထပ်မြှင့် ပေးလိုက်ပြန်သည်။
သက်လတ်ပိုင်း လူဝကြီးသည် ရုတ်ခြည်းပင် သူ၏ခေါင်းအား လှည့်ကာ ထိုအဘိုးအား ဒေါသဖြင့် ကြည့်လိုက်သည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ထပ်အော်လိုက်ပြန်သည်။
“၂.၁ ဘီလီယံ”
ဒီဈေးအရဆိုပါက အဘိုးအိုနှင့် လူဝကြီးသာလျှင် ပြိုင်ရန်ရှိတော့သည်။ အဘိုးအိုသည် ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ဒေါသထွက်နေသော လူဝကြီးအား ကြည့်ကာ သူ၏ လေလံပေးဈေးအား ထပ်အော်လိုက်သည်။
“၂.၂ ဘီလီယံ”
“၂.၃ ဘီလီယံ”
လူဝကြီး၏ အသံသည် ပြာနေပြီ ဖြစ်သော်လည်း သူသည် လေလံဈေး ပေးနေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ဒေါသသည် ပျော်ရွှင်မှု အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အဘိုးအိုသည် ခေါင်းကိုယမ်းကာ ထပ်ပြီး လေလံမဆွဲ တော့သောကြောင့် ဖြစ်သည်။
“ဟူး”
လူဝကြီးသည် သူ၏နဖူးမှ ချွေးများအား သုတ်လိုက်ကာ တိတ်တဆိတ် စိတ်သက်သာရာ ရသွားလေသည်။ သည်ဟာသည် အမှန်တကယ်ပင် သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဈေးသာ ထပ်မြှင့်တက်ပါက သူ နှုတ်ထွက်ရလိမ့်မည် ဖြစ်သည်။
လေလံပစ်သူ၏ နှုတ်ခမ်းထောင့်သည် ကော့တက်သွားလျက် တောက်ပသော မျက်ဝန်းများဖြင့် ပြုံးကာ ပြောလိုက်သည်။
“နဂါးကိုးကောင်ကျွန်းက ၂.၃ဘီလီယံအထိ မြင့်တက် သွားခဲ့ပါပြီ။ ဒါဟာ တကယ့်ကို ကြောက်စရာကောင်းလွန်းတဲ့ ငွေပမာဏပါပဲ။ ဒါပေမဲ့ တချို့လူတွေ လေလံဝင် မဆွဲသေးဘူးလို့ ကျွန်မ ထင်နေသေးတယ်ရှင့်။ စတုရန်း ၁၀ကီလိုမီတာ အနည်းငယ်လောက်ကို သေချာမွမ်းမံ ပြင်ဆင်ထားလိုက်ရင် ဒီကျွန်းက သေချာပေါက်ကို ကမ္ဘာပေါ်မှာ သုခဘုံတစ်ခု ဖြစ်လာပြီး တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်လာပါလိမ့်မယ်”
“ဒီကျွန်းပေါ်မှာ တရားဥပဒေ မစိုးမိုးတဲ့ အတွက်ကြောင့်မို့ ကျွန်းပိုင်ရှင်သာလျှင် ဘုရင်ပါပဲ။ တကယ်လို့ ကျွန်းပိုင်ရှင်ကသာ ဆန္ဒ ရှိတယ်ဆိုရင်ဖြင့် နိုင်ငံတကာ ဥပဒေအရ တိုင်းပြည်အသစ် တစ်ခုအဖြစ် တင်သွင်းလို့ရမှာ ဖြစ်ပါတယ်”
“ဒီကျွန်းဟာ အိပ်မက်ထဲက သုခဘုံလေး ဖြစ်ပါတယ်။ အခု ကျွန်မ လူကြီးမင်းတို့ကို နောက်တစ်ကြိမ် ထပ်မေးချင်ပါသေးတယ်။ ဈေးထပ်မြှင့်ပေးမဲ့သူ ရှိပါသေးသလား။ မည်သူ တစ်ဦးတစ်ယောက်ကမျှ နဂါးကိုးကောင် ကျွန်းပိုင်ရှင် မဖြစ်ချင်ကြဘူးလားရှင်”
လေလံခန်းမ တစ်ခုလုံး ချောက်ချားစရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။
လူတိုင်းသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ လေလံပစ်သူ၏ စကားများသည် သူတို့အား တက်ကြွစေပြီး စိတ်လှုပ်ရှားမှုနှင့် လိုအင်များအား နှိုးဆွနေလေသည်။ သို့သော်လည်း သူတို့တွင် ငွေအများကြီး မရှိကြတော့သောကြောင့် ဝယ်ယူလိုက်ပါက သူတို့လုပ်ငန်းများအား အကျိုးသက်ရောက်မှုသည် ပြင်းစွာ ရိုက်ခတ် လာလိမ့်မည်ဖြစ်ပြီး လုပ်ငန်း ထိခိုက်နိုင်သည်အထိ ဖြစ်သွားနိုင်ပေသည်။
ရင်ခုန်သံတွေ မြန်နေကြသည်။ သို့သော် ကူကယ်ရာလည်း မဲ့နေကြသည်။ ဒီဟာသည် အနက်ရှိုင်းဆုံးနှင့် အစစ်မှန်ဆုံး ပုံရိပ်သဖွယ် သူတို့ရင်ထဲတွင် ထင်ဟပ်နေသည်။ စိတ်ပျက်သွားသော အမူအရာသည် ငယ်ရွယ်သော လေလံပစ်သူ ရှောင်အိ၏ လှပသည့် မျက်နှာလေးတွင် ထင်ဟပ်လျက်ရှိသည်။ ၂.၃ ဘီလီယံဈေးနှုန်းသည် သူမ မျှော်မှန်းထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သော်လည်း ကျွန်းအား ပိုမြင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် လူဝကြီး၏ မျက်နှာထက်တွင် ဝင့်ကြွားသော အပြုံးအား မြင်တွေ့နိုင်ပေသည်။ သူ၏အကြည့်များသည် နောက်ဆုံး လေလံပြိုင်သူဖြစ်သော အဘိုးအိုနှင့် ထို့နောက် ထန်ရှုထံသို့ အမှတ်တမဲ့ ရောက်ရှိလေသည်။
“၂.၅ ဘီလီယံ”
ထန်ရှု၏ အသံသည် နောက်ဆုံးတွင် ခန်းမတစ်ခုအား ဖုံးလွှမ်း သွားလေတော့သည်။ စက္ကန့်ပိုင်း အတွင်းတွင် ခန်းမတစ်ခုလုံးရှိ လူတိုင်းသည် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ် သွားတော့သည်။ ထန်ရှုသည် နှစ်၁၀၀၀ဂျင်ဆင်းပင် မဝယ်နိုင်ဟု လူတိုင်းက တွေးထင် ထားသောသူသည် ဒီကျွန်းလေလံပွဲတွင် ပါဝင်နေပြန်လေသည်။ သူသည် အံ့အားသင့်စရာ ကောင်းသည့် ဈေးနှုန်းအား ပေးကာ လေလံ ဆွဲပစ်လိုက်ခြင်းပင် ဖြစ်တော့သည်။
သူ့တွင် ထိုမျှလောက်များတဲ့ငွေ ရှိပါ၏လော။ ဒီလောက်များတဲ့ ငွေများအား သူ မည်သည့်နေရာက ရလာပါသနည်း။
ထို့အပြင် ... သူက မည်သူဖြစ်ပါသနည်း။ လူတိုင်းစိတ်ထဲတွင် ရှိနေသော မေးခွန်းများ ဖြစ်တော့သည်။
မြောင်ဝမ်တန်၊ ရှောင်မင်ကျန်းနှင့် အင်မော်တယ် အပြုအမူနှင် တူညီသော ထန်ရှု၏ဘေးတွင် ထိုင်နေသော တာအိုဘုန်းတော်ကြီး ဇီယီပင်လျှင် ထန်ရှုပေးလိုက်သော ဈေးနှုန်းကြောင့် တုန်လှုပ်သွားရသည်။ သူတို့သည် ထန်ရှုအား မယုံကြည်နိုင်သော အကြည့်တို့ဖြင့် ကြည့်နေမိကြသည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထန်ရှုသည် ထိုမျှလောက် များပြားသည့် ငွေပမာဏအား တတ်နိုင်လိမ့်မည်ဟု မထင်ကြချေ။ ရှောင်မင်ကျန်းသည် မြောင်ဝမ်တန်အား အသာတို့ကာ တီးတိုး ပြောလိုက်သည်။
“မင်း သူ့ကို ဒီနေရာကို မစဉ်းစားမဆင်ခြင်ဘဲ မလုပ်ဖို့ ဖျောင်းဖျ ကြည့်ပါလား။ ဒီလေလံပွဲရဲ့ နောက်ကွယ်က သူဋ္ဌေးက အရမ်း စွမ်းအားကြီးတယ်။ သူနဲ့ ထိပ်တိုက် မတွေ့ဖို့ ရှောင်ကြဉ်ရမယ်”
***