ပိုင်ရှင်
Vol. 03 Ch. 101
မြောင်ဝမ်တန်၏ အောက်နှုတ်ခမ်းသည် တွန့်သွားကာ တိတ်တဆိတ် သက်ပြင်း ချလိုက်သည်။ ထို့နောက် သူသည် ထန်ရှု၏ အပေါ်အင်္ကျီအား ဆွဲလိုက်ကာ တီးတိုး ပြောလိုက်သည်။
“ထန် ... ထန်ရှု ... ဒီပွဲကို သွားမရှုပ်နဲ့နော်။ မင်းမှာ ငွေအလုံအလောက် မရှိဘဲ လေလံဈေးအင်ကြီး သွားပေးလိုက်ရင် မင်း ပြစ်ဒဏ်ငွေ အများကြီး ပေးရရုံသာ မကဘဲ ဒီလေလံအိမ်ကပါ ပြဿနာ အကြီးအကျယ် ရှာလိမ့်မယ်။ ဒီလေလံပွဲရဲ့ နောက်ကွယ်က သူဌေးက အရမ်း စွမ်းအားကြီးတဲ့ သူတစ်ယောက်နော်”
ထန်ရှု၏ အပေါ်နှုတ်ခမ်းသည် တစ်ချက်တွန့်သွားပြီး သူ၏ဖုန်းထဲသို့ စာတိုတစ်စောင် ဝင်ရောက်လာသည်အား ကြည့်လိုက်သည်။ ထို့နောက် သူသည် ခပ်ဖွဖွ ပြုံးလိုက်ကာ ပြောလိုက်သည်။
“အေးဆေးနေပါ။ ကျွန်တော့် အကန့်အသတ်ကို ကျွန်တော် သိပါတယ်”
မြောင်ဝမ်တန်သည် ပင့်သက်ရှိုက်လိုက်ကာ ထန်ရှုအား ဖျောင်းဖျ ပြောဆိုနေခြင်းအား စွန့်လွှတ်လိုက်လေသည်။
ထန်ရှုထံတွင် ငွေအများကြီး ရှိလိမ့်မည်မဟုတ်ဟု သူ ခံစားနေရသည်။ ထန်ရှုသည် စွမ်းအားကြီးသည် ဆိုလျှင်တောင်မှ သူ၏ အသက်အရွယ်ကြောင့် ဖြစ်နိုင်ပါ့မလားဟု တွေးတောစရာပင် ဖြစ်သည်။ သူ၏အသက်သည် ၂၀အတွင်းတွင် ရှိသေးသည်။ သူ၏မိသားစုသည် အလွန်ချမ်းသာသည်ဟု ဆိုပါလျှင်တောင်မှ ထိုမျှလောက် ငွေပမာဏအား သူ့ဆီ လွှဲပေးရန် မဖြစ်နိုင်ပါချေ။
ရှေ့ဆုံးခုံတန်း ...
လူဝကြီး၏ မျက်နှာထက်မှ ဝံံ့ကြွားနေသော အပြုံးသည် လျှပ်တစ်ပြက်အတွင်း အေးခဲသွားခဲ့သည်။ ခက်ခက်ခဲခဲ သူ လှည့်ကြည့်လိုက်ရာ ထန်ရှုအား တွေ့လိုက်သည့် ခဏဝယ် သူ၏ထိုင်ခုံမှ ခုန်ထွက်လာကာ အေးစက်သော အသံဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“အဓိပ္ပာယ် မရှိဘူး။ သူက ရည်ရွယ်ချက်ရှိရှိ ဒီလေလံပွဲကို နှောင့်ယှက်နေတာပဲ ဖြစ်ရမယ်။ ဒီကျွန်းကိုဝယ်ဖို့ သူ့မှာ ၂.၅ဘီလီယံ ရှိတယ်ဆိုတာ ငါ မယုံဘူး”
သူ၏စကားအား လေလံပွဲအတွင်းရှိ လူများစုမှ သက်သေပြုကာ သဘောတူကြပြီး အသံများ ထွက်ပေါ် လာလေသည်။
“ဟ ... သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ။ အတော် ငယ်သေးတာပဲ။ သူ့ဆီမှာ ဒီကျွန်းဝယ်ဖို့ ၂.၅ဘီလီယံ ရှိနိုင်ပါ့မလား။ လေလံပွဲက နောက်စရာ မဟုတ်ဘူးကွ။ ဒီဈေးပေးလိုက်ခြင်းရဲ့ ဖြစ်ပေါ်လာမဲ့ အကျိုးဆက်တွေကို သူ မသိလို့လား”
“အိုက်ယား ... ဒီနေ့ခေတ် လူငယ်တွေက တကယ်ကို အကြောက်အလန့် မရှိတာပဲ။ ဒီဟာက ယွမ်၂သောင်းခွဲ မဟုတ်သလို သိန်း၂၅၀လည်း မဟုတ်ဘူးနော်။ ဒီဟာက ၂.၅ဘီလီယံကြီး။ အခုလက်ရှိ လူတွေထဲတောင်မှ ဒီပမာဏကို လိုက်နိုင်တဲ့သူ ရှိမှာ မဟုတ်လောက်ဘူး”
“ဒီကလေးရဲ့ခေါင်းကို မြည်းတစ်ကောင်များ ကန်သွားတာလားကွာ။ ဒီမတိုင်ခင်ကတောင် လူဝကြီးက သူ့ဆီကနေ နှစ်၁၀၀၀ဂျင်ဆင်းကို ဖြတ်လုထားသေးတာ။ သူက လက်စားချေတဲ့ အနေနဲ့ ဒီဟာကို ရည်ရွယ်ချက်ရှိရှိ ဈေးကို မြှင့်လိုက်တာ ဖြစ်နိုင်မလား။ သူ မသိဘူးလား လူဝကြီးက သူ့အကန့်အသတ်ကို ရောက်နေပြီ ဆိုတာကိုလေ”
“မိုက်တဲ့ ကောင်ပဲကွာ။ သူ ဘာတွေ စဉ်းစားနေလဲဆိုတာ ငါ တကယ်ကို မသိဘူး”
“အရူးပဲ”
သူ၏ ထက်လှစွာသော အကြားအာရုံဖြင့် ထန်ရှုသည် ဘေးပတ်လည်မှ ပြောနေကြသည်များအား ရှင်းလင်းစွာ ကြားသော်လည်း ဘာမျှ ပြန်မပြောဘဲ သူ၏မျက်နှာထက်မှ အပြုံးသည်သာ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။
လေလံပစ်သူ ရှောင်အိ၏ရင်ထဲတွင် ယခုအချိန်တွင် စိုးရိမ်မှုများ ပြည့်နေလေသည်။ သူမ ရှင်းရှင်းလင်းလင်း သိနေသည်မှာ တစ်ချက်တည်း ရှိသည်။ ထန်ရှုသည် နဂါးကိုးကောင် ကျွန်းအား ဝယ်ခွင့် ရသွားပြီးနောက် ထိုများပြားလှသော ငွေကြေးအား မပေးနိုင်သည်ဆိုပါလျှင် ဒီလေလံသည် အထမြောက်တော့မည် မဟုတ်ချေ။ သူမ လေလံတင်ကာ ရောင်းချထားမှုများအတွက် ရာခိုင်နှုန်း မရတော့မည်သာမက သူမ၏ ဂုဏ်သတင်းသည်လည်း ဒီလေလံလောကတွင် အပြစ်ပြောစရာ ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း သူမ သေသေချာချာ သိနေသည့် အချက်တစ်ခုသည် လေလံပွဲ ဆက်လက် လုပ်နေစဉ်အတွင်း သူမသည် ထန်ရှတွင် ရှိနေသော ငွေကြေးပမာဏအား စစ်ဆေးရန်အတွက် အခွင့်အာဏာမရှိချေ။ သူမ ယခု မည်ကဲ့သို့ လုပ်ရပါမည်နည်း။ ကူကယ်ရာမဲ့သော အမူအရာဖြင့် လေလံပစ်သူ ရှောင်အိသည် ထန်ရှုအား မကြည့်မီ သက်လတ်ပိုင်း လူဝကြီးအား ကြည့်လိုက်မိသည်။ လူဝကြီးသည် ထန်ရှုအား စိုက်ကြည့်ကာ ထပ်မံအော်ပြော လိုက်ပြန်သည်။
“လေလံပစ်တဲ့ မိန်းကလေး ... ဒီကောင်လေးမှာ ပိုက်ဆံ လုံလုံလောက်လောက် ပါရဲ့လားလို့ စစ်ကြည့်ဖို့အတွက် ငါ အကြံပေးချင်တယ်။ နို့မဟုတ်ရင် နင်တို့ လေလံစံအိမ်လည်း အရှက်ရမဲ့အပြင် နင့်ကိုလည်း လေလံပွဲလာတဲ့ ဧည့်သည်တွေက စိတ်ပျက်သွားလိမ့်မယ်”
လေလံပစ်သူသည် ထန်ရှုအား စူးစူးနစ်နစ် ကြည့်လျက် နောက်ဆုံးတွင် လူဝကြီးအား ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။
“လူကြီးမင်း ဝမ်းနည်းပါတယ်။ ကျွန်မမှာ အဲဒီလိုလုပ်ဖို့ အခွင့်အာဏာ မရှိပါဘူးရှင်”
ထန်ရှုသည် လူဝကြီးအား သိသိသာသာပင် လစ်လျူရှုကာ လေလံတင်သူ မိန်းကလေးအား ပြောလိုက်သည်။
“အခု ကျွန်တော် မေးချင်တာက တစ်စုံတစ်ယောက် လေလံစံအိမ်ထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြဿနာ ရှာနေတယ်ဆိုရင် ခင်ဗျားတို့ လေလံစံအိမ်က ဘာတွေ လုပ်တတ်လဲ။ ဥပမာ တစ်စုံတစ်ယောက်က မရှုမလှ ရှုံးပြီးတော့ အကြီးအကျယ် အရှုံးသမား ဖြစ်လာတယ်။ ဒီလူဝကြီးလိုပဲ မရဲဘဲ နံရံပေါ် ခုန်တက်တဲ့ ခွေးတစ်ကောင်လိုပေ့ါ”
“ဘောပဲ ... ဟေ့ကောင်။ မင်းတော့ သေချင်နေပြီနဲ့ တူတယ်”
လူဝကြီးသည် အမျက်ခြောင်းခြောင်း ထွက်ကာ ထန်ရှုအား ကြည့်ပြီး ဟိန်းဟောက် လိုက်သည်။ လေလံတင်သူ ရှောင်အိသည် လွန်စွာမှ ထိတ်လန့်နေပြီဖြစ်ရာ သူမသည် ရှေ့သို့ အလျင်စလို တက်လိုက်ပြီး ပြောလိုက်သည်။
“လူကြီးမင်းရှင့် ... အခြားလူကြီးမင်းက ဝယ်နိုင်သည်ဖြစ်စေ၊ မဝယ်နိုင်သည်ဖြစ်စေ သူက လေလံဈေး ပေးထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ လေလံစံအိမ်က ဒီလေလံပစ္စည်းနဲ့ ပတ်သက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် လေလံစံအိမ်နဲ့ ဒီလူကြီးမင်းကြားက ကိစ္စရပ်ကိုတော့ ဝင်နှောင့်ယှက်ခွင့် မရှိပါဘူး။ ကျေးဇူးပြုပြီး နေရာမှာ ပြန်ထိုင်ပေးပါရှင်။ ကျွန်မတို့ လေလံပွဲလေး ဆက်လုပ်ပါမယ်။ ကျွန်မ လူကြီးမင်းကို မေးချင်တာက ဈေးနှုန်း တိုးမြှင့် ချင်ပါသေးလားရှင်။
“ ... ”
လူဝကြီး၏ အမူအရာသည် ရှက်စိတ်ကြောင့် နီရဲလာသည်။ သူသည် ဒေါသ ထွက်နေသော်လည်း သူ၏ဒေါသအတွက် ထွက်ပေါက်မရှိ ဖြစ်နေသည်။ သူ့တွင် နောက်ခံနှင့် စွမ်းအားအချို့ ရှိသော်လည်း ဒီလေလံစံအိမ်အား ဆန့်ကျင်ပြီး မလုပ်ဝံ့ပါချေ။ သူ၏ဒေါသအား မျိုသိပ်ကာ နေရာတွင် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။
လေလံပစ်သူ ရှောင်အိ စိတ်သက်သာရာ ရသွားသည်။ သို့သော်လည်း လူဝကြီးသည် ထပ်မံလေလံဆွဲခြင်း မပြုတော့သောကြောင့် သူမ စိတ်အနည်းငယ် ပျက်သွားသော်လည်း ပြောလိုက်သည်။
“နဂါးကိုးကောင် ကျွန်းအတွက် လက်ရှိပေးဈေးကတော့ ၂.၅ဘီလီယံ ဖြစ်ပါတယ်။ အခြား လေလံဆွဲလိုသူများ ရှိပါသေးလားရှင်။ မရှိခဲ့ရင်တော့ ဒီက လူကြီးမင်းငယ်လေးကိုပဲ ရောင်းလိုက်မှာ ဖြစ်ပါတယ်ရှင်”
မည်သူမျှ အသံမထွက်ကြ။ လူတိုင်းသည် ထန်ရှုအား ကြည့်နေပြီး သူတို့သည် နောက်ဆုံးရလဒ်အား စောင့်ကြည့် နေချင်ကြသည်။
“ဒါဆိုရင်တော့ နဂါးကိုးကောင် ကျွန်းအတွက် ပိုင်ရှင် အခွင့်အာဏာကို နောက်ဆုံး လေလံဈေးပေးခဲ့တဲ့ လူကြီးမင်းငယ်လေးကို ရောင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါရစေရှင်။ လူကြီးမင်းရှင့် ... ကျေးဇူးပြုပြီး နိုင်ငံသားကတ်ယူပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့အတွက် စင်မြင့်နောက်ကိုသွားဖို့ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါရှင်”
လေလံပစ်သူသည် ထန်ရှုအား စိုက်ကြည့်လျက် မျှော်လင့်ချက် များစွာဖြင့် ပြောလိုက်သည်။ ထန်ရှုသည် မတ်တတ်ရပ်ကာ စင်မြင့်နောက်သို့ လျှောက်သွား လိုက်သည်။ လူဝကြီးသည် ရုတ်ခြည်းပင် မတ်တတ်ရပ်လိုက်ပြီး ထန်ရှုအား ခါးခါးသီးသီး မုန်းတီးနေသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။
“လူတိုင်း ... အရင် မပြန်ကြနဲ့ဦး။ စင်နောက်ဘက်သွားပြီး တစ်ချက် ကြည့်ရအောင်။ ဆံပင်တောင် ကောင်းကောင်း မပေါက်သေးတဲ့ ဒီကောင်စုတ်လေးမှာ ၂.၅ဘီလီယံ ရှိလားလို့ ငါ ကြည့်ချင်သေးတယ်”
“ဟုတ်တယ် … သွားပြီး ကြည့်ကြစို့”
“ကောင်းပြီ … ရလဒ် ဘာဖြစ်မလဲဆိုတာ ကြည့်ကြရအောင်”
“အိုကေ ... သွားကြစို့”
မည်သူမျှ ထွက်မသွားကြဘဲ စင်နောက်ဘက်ဆီသို့ အုပ်စုအလိုက် ချီတက်လာကြသည်။ ထန်ရှုသည် ထိုမျှလောက် များပြားလှသည့် ငွေကြေးအား ပေးနိုင်မည်လားဟု အမှန်တကယ်ပင် သူတို့ သိလိုကြသည်။ သူ ပေးနိုင်သည်ဆိုပါက ထိုများပြားလှသည့် ငွေပေးချေမှုအတွက် သူတို့သည် သက်သေအဖြစ်လည်း ရှိပေးနိုင်မည် ဖြစ်သည်။
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဖျစ်ညှစ်ပြုံးလိုက်ပြီး စင်မြင့်နောက်ကို သွားသော လူအုပ်ကြီးနောက်သို့ လိုက်ကာ သွားတော့သည်။ ထိုဟာသည် ၁.၈ ဘီလီယံသာဆိုပါက ထန်ရှုအား ကူညီကာ သူတို့ ပေးနိုင်သေးသည်။ သို့သော် ၂.၅ဘီလီယံသည် အလွန်များပြားလှသော ငွေကြေးပမာဏ ဖြစ်သောကြောင့် သူတို့ ကူညီပေးချင်သည့် တိုင်အောင် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။
လေလံစင်မြင့်၏ နောက်ဘက်တွင် ...
မန်နေဂျာသည် အဖြစ်အပျက် တစ်ခုလုံးအား သိရှိပြီးဖြစ်သည်။ သူ၏ အကြည့်တို့သည် လူအုပ်ကြီးအား သိမ်းကျုံး ကြည့်လိုက်ပြီးနောက် ထန်ရှုအား စိုက်ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
“မစ္စတာထန် ... ဂုဏ်ယူပါတယ်”
“အွန်း”
ထန်ရှုသည် ခေါင်းညိတ်လိုက်ကာ ဘဏ်ကတ်အား လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ငွေလွှဲယူလိုက်ပါ”
မန်နေဂျာသည် ဘဏ်ကတ်အား ယူလိုက်ပြီး အကူ လက်ထောက်များအား ခေါ်ကာ ငွေလွှဲသည့် လုပ်ငန်းစဉ်အား လုပ်ဆောင်လိုက်သည်။ ၂.၅ဘီလီယံ လွှဲပြီးသွားသည့်အခါ ထန်ရှုနှင့် စာချုပ်များ၊ စာရွက်စာတမ်းများနှင့် အခြား တရားဝင်ဖြစ်အောင် ဆောင်ရွက်ရသည်များအား ဆက်လက် လုပ်ဆောင် လိုက်လေသည်။
“တကယ်ကြီးလား … သူက တကယ်ကြီး ဝယ်လိုက်တာလား”
လူဝကြီး ကြက်သေ သေသွားတော့သည်။ ထန်ရှုအား တိတ်တဆိတ် လှောင်ပြောင်နေခဲ့ ကြသူများသည်လည်း တုန်လှုပ်ကုန်ကြသည်။ လေလံအိမ်မှ ဝန်ထမ်းနှင့်အတူ ပိုင်ဆိုင်မှု စာရွက်စာတမ်းများအား လက်လွှဲယူရန် လုပ်ဆောင်နေသော ထန်ရှုအား ကြောင်အအဖြင့် ကြည့်နေကြသည်။ ထို့နောက် သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ရှက်အမ်းအမ်း ဖြစ်ကုန်သည်။
ဘယ်သူက သူတို့ကို လူပုံအလယ်မှာ ရူးမိုက်တယ်လို့ ပြောခဲ့တာလဲ။ ယနေ့ညတွင် လေလံပွဲမှ မည်သည့်အရာသည် ရူးမိုက်သည်ဟု ခေါ်ဆိုကြောင်း ပြသသွားခဲ့လေပြီ။
လူဝကြီးသည် ရှက်လွန်းလှသဖြင့် နေရာမှာတင် တွင်းတူးကာ သူ့ကိုယ်သူ မြှုပ်နှံ လိုက်ချင်တော့သည်။ အခြားသူများသည်လည်း သူတို့အား မမြင်ရသော လက်တစ်စုံမှ စာမာမှုကင်းမဲ့စွာဖြင့် ရိုက်နေသကဲ့သို့ ခံစားနေရသည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ပင်လျှင် တိတ်တဆိတ် လျှာကို ကိုက်ကာ ပထမဆုံးအကြိမ် အရှက်ရမိကြလေသည်။ မည်သို့ပင် ဆိုစေကာမူ ခရမ်းရောင် ပန်းပွင့်လေးများ လေလံပွဲသည် နောက်ဆုံးတွင် ကျေနပ်ဖွယ်အတိ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
များပြားလှသော ဆောင်ရွက်မှု အစီအစဉ်များ ပြီးဆုံးပြီးနောက် ဧည့်သည်တော်များသည် ထန်ရှုဆီ လာရောက်ကာ သူတို့၏ စိတ်ရင်း စေတနာအား ထုတ်ဖော်ပြသ ကြလေသည်။ ထိုလူများသည် နိုင်ငံအတွင်းတွင် လွှမ်းမိုးနိုင်သော ဂုဏ်များ ရှိကြသောကြောင့် ထန်ရှုသည် ထိုသူများ လွယ်လင့်တကူ မငြင်းဆန်ချင်ဘဲ အလိုက်အထိုက် ပြန်လည် ဆက်ဆံရလေသည်။ ထို့နောက် သူသည် မြောင်ဝမ်တန်၊ ရှောင်မင်ကျန်းနှင့် တာအိုဘုန်းတော်ကြီး ဇီယီတို့နှင့်အတူ လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။
နာရီဝက်ကြာသော် ...
ကြယ်ငါးပွင့် အဆင့်ရှိ ဂျာဗစ်ဟိုတယ်၏ အပေါ်ဆုံးထပ်တွင် ထန်ရှုသည် ကျားလွေဒေါင်အား သန်း၈၀ ပြန်ပေးလိုက်သည်။ ထို့နောက် သူသည် ချန်းကျီကျုံးအား ဖုန်းခေါ်ကာ သူ၏ ဘဏ်အကောင့်အား တောင်းလိုက်ပြီး သန်း ၅၀၀ ပြန်လွှဲပေးလိုက်သဖြင့် သူ့တွင် အခု သန်း၉၀သာ ကျန်တော့သည်ဖြစ်သည်။
“၂.၅ ဘီလီယံ အကြွေးတင်နေပြီ”
ကိစ္စဝိစ္စအားလုံး ဆောင်ရွက်ပြီးသော် ထန်ရှုသည် အထက်ပါအတိုင်း တွေးမိကာ နှုတ်ခမ်း ကိုက်လိုက်မိသည်။
ဆိုရိုးစကားတစ်ခု ရှိသည်။ လူများသည် သန်းထူမည်ကို ကြောက်ရွံ့ ကြသော်လည်း အကြွေးထူသည်ကိုမူ မကြောက်ဟုပင်။ သို့သော် ထိုစကားသည် ထန်ရှုနှင့် လားလားမျှ မဆိုင်ပေ။ သူသည် အမြဲတမ်း ကျေးဇူးတရားနှင့် အာဃာတအား ခွဲခြားထားသကဲ့သို့ ကိုယ်ရေးကိုယ်တာနှင့် အခြားသူများ လုပ်ပိုင်ခွင့်ကိုလည်း စည်းခြားထားသည်။ ချန်းကျီကျုံးသည် သူ၏ တရားမဝင်တပည့် ဖြစ်သော်လည်း သူတို့၏ ဆက်နွယ်မှုသည် သူတို့၏ ကိုယ်ပိုင်ပစ္စည်း ဥစ္စာနှင့် မရောနှောပေ။
“ပိုက်ဆံရှာဖို့ အစီအစဉ်ကို အရှိန်အဟုန်မြှင့်ဖို့ တကယ်ကို အရေးကြီးနေပြီ”
ထန်ရှုသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ည၏ရှုခင်းအား ကြည့်နေရင်း အတွေးများစွာတို့သည် သူ၏စိတ်တွင်းသို့ ကဆုန်ပေါက်ကာ ဝင်လာ လေတော့သည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်စွာ နေရင်း တစ်စုံတစ်ခုအား သတိရမိ သွားသောကြောင့် သူ၏အခန်းထဲမှ ထွက်ကာ ကပ်လျက်အခန်းသို့ တံခါးခေါက်ရန် သွားလိုက်လေသည်။
ကပ်လျက် အခန်းအတွင်းတွင် ...
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တန်း အနားမယူကြသေးဘဲ အခန်းထဲရှိ ဧည့်ခန်းတွင် ထိုင်ကာ စီးကရက်များ သောက်လျက် စကားပြောနေကြသည်။
“အစ်ကိုရှောင် ... ကျွန်တော် တကယ့်ကို ထန်ရှုရဲ့ ပုံရိပ်အမှန်ကို သိချင်စိတ် ပြင်းပြမိတယ်။ ကျွန်တော် သူ့အကြောင်း ပိုသိရလာလေ ကျွန်တော် ဉာဏ်မမီနိုင် လောက်အောင် သူက လျှို့ဝှက် ဆန်းကြယ်တယ်လို့ ခံစားရလေ ဖြစ်နေတယ်”
မြောင်ဝမ်တန်၏ မျက်လုံးတို့သည် ပြူးကျယ်လျက် အံ့သြသော လေသံဖြင့် ပြောလိုက်သည်။ ရှောင်မင်ကျန်းသည် ပြုံးလိုက်သည်။
“မင်းတစ်ယောက်တည်း ဒီလိုခံစားနေရတာ မဟုတ်ပါဘူး။ ငါလည်း သူ့အကြောင်း တချို့ သတင်းတွေရတယ်။ ထန်ရှုက သာမန် မိသားစုကနေ လာတယ်။ အမေတစ်ခု သားတစ်ခု ဘဝဖြစ်ပြီး နောက်ခံအကြီးကြီး ရှိတာမဟုတ်ဘူး။ သူက ကားအက်ဆီးဒင့် ဖြစ်ပြီးနောက် အရူးအပေါလို တစ်ယောက်လို တစ်နှစ်လောက် ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်က ငါ မယုံနိုင်တဲ့ အချက်ပဲ။ မင်း ပြောကြည့် အဲလို အရူးအပေါ တစ်ယောက်က ဒီလို ကြီးမားတဲ့ အဖြစ်အပျက်တွေ ဖန်တီးနိုင်ပါ့မလား”
မြောင်ဝမ်တန်သည် ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။
“ခုလတ်တလော အရောင်အချို့ ခြယ်မှုန်းခဲ့ပေမဲ့လည်း သူ့ရဲ့ဘဝက ရိုးရှင်းလွန်းလို့ အဖြူရောင် ကင်းဗတ်စလေး အတိုင်းပဲ။ အဲဒါ အရောင်ကလည်း ကြယ်တာရာက လုံမိသားစုနဲ့ ပတ်သက်တာကြောင့်ပဲ ရှိတာပါ။ ငါ အသိချင်ဆုံးက ဘယ်သူက သူ့ဆရာရဲ့ ကျောင်းနောက်ခံလဲ။ ငါ စုံစမ်းခဲ့ပေမဲ့ အဲဒါအတွက် လုံး၀ သဲလွန်စ မရခဲ့ဘူး”
ရှောင်မင်ကျန်းလည်း ခေါင်းကို ညိတ်ကာ သက်ပြင်းများချလျက် ပြောလိုက်သည်။
“မှန်တယ် … ငါလည်း သူ့ဆရာ ဘယ်က လာတာလဲဆိုတာ တကယ်ကို သိချင်နေမိတယ်။ စွမ်းအားရှိတဲ့ ဆရာမျိုးကသာ စွမ်းအားကောင်းတဲ့ လူငယ်ပါရမီရှင်ကို သင်ပေးနိုင်လိမ့်မယ်။ ပြီးတော့ ဒီည သူ သုံးခဲ့တဲ့ ၂.၆ ဘီလီယံဆိုရင် ငါတို့အတွက်တောင် ပမာဏများတဲ့ ငွေပမာဏပဲ။ ဒါပေမဲ့ သူက အလွယ်တကူပဲ ရလာခဲ့တယ်။ သူ ဘယ်နေရာကနေ ပိုက်ဆံတွေရလဲ ဆိုတာ ငါ သိချင်မိတယ်” မြောင်ဝမ်တန်၏ အမူအရာသည် လှုပ်ရှားသွားပြီး သူ မေးလိုက်သည်။
“အင်း ... ငါတို့ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းသင့်လား။ သူ ပိုက်ဆံတွေ ဘယ်ကရလာလဲ ဆိုတာတော့ ရှာနိုင်လိမ့်မယ်လို့ ငါ ယုံတယ်”
ရှောင်မင်ကျန်း ခေါင်းကိုယမ်းကာ အလေးအနက်ထားပြီး ပြောလိုက်သည်။
“မလုပ်နဲ့ … ထန်ရှုက ဒီလောက် ပမာဏများတဲ့ ငွေကို ရနိုင်တယ်ဆိုတာ ဘာကို ပြနေသလဲဆိုရင် သူ့အနောက်မှာ စွမ်းအားကြီးတဲ့သူ ဘယ်သူ ရှိနေလဲဆိုတာ ငါတို့ မသိနိုင်ဘူးလေ။ ငါတို့ စုံစမ်းခိုင်းတာ သူ သိသွားရင် ဒေါသထွက်လိမ့်မယ်။ ငါတို့က သူ့ကို အပေါ်ယံပဲ သိသေးတာ။ မဖျက်ဆီးလိုက်နဲ့ဦး”
“အာ ... အဲဒါ ဟုတ်တယ်” မြောင်ဝမ်တန် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
ရှောင်မင်ကျန်းသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါတို့ ထန်ရှုအကြောင်းကို အတွင်းကျကျ စုံစမ်းဖို့ မလိုဘူး။ အရေးကြီးဆုံးက ငါတို့ သူနဲ့ဆက်ဆံရေး ကောင်းကောင်း တည်ဆောက်ထားနိုင်ဖို့ဘဲ။ အဲဒါက ဆိုးကျိုးထက် ကောင်းကျိုးကို ပိုပြီး သယ်ဆောင် လာလိမ့်မယ်။ မနက်ဖြန်ကျရင် ငါတို့ နတ်ဆိုးနဂါး ပင်လယ်ဧရိယာကို သွားကြရမယ်။ အဲဒီအခါကျရင် သူရောကိုယ်ရော အပြိုင်ကြဲရမဲ့ အချိန်ဆိုတော့ အဲဒီကနေ နက်ရှိုင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ အခွင့်အရေး ရနိုင်တာမို့လို့ ငါတို့ အဲဒါကို အမိအရ ဆုပ်ကိုင်ဖို့တော့ လိုမယ်။
“ဟုတ်တယ် … အခွင့်အရေးကောင်း တစ်ခုက အနာဂတ်ကို တည်ဆောက်နိုင်တယ်”
မြောင်ဝမ်တန်သည် ရယ်မောပြုံးရွှင်ကာ ပြောလိုက်သည်။
***