← Chapters

လမ်းညွှန်မှုအား နှိမ့်ချစွာ တောင်းဆိုခြင်း

Vol. 03 Ch. 102

လမ်းညွှန်မှုအား နှိမ့်ချစွာ တောင်းဆိုခြင်း

Vol. 03 Ch. 102

“ဒေါက် ... ဒေါက် ...  ဒေါက်”

တံခါးခေါက်သံသည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ စကားဝိုင်းအား ပြတ်တောက် သွားလေသည်။

တစ်ယောက်နှင့် တစ်ယောက် အဖြေရှာဟန်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ အချိန်မတော်ကြီး ဘယ်သူက တံခါးလာခေါက်တာပါလိမ့်။

“ထန်ရှု ...  ခုချိန်ထိ မနားရသေးဘူးလား”

မြောင်ဝမ်တန်သည် တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် မတ်တတ် ရပ်နေသော ထန်ရှုအား အံ့သြစွာ တွေ့လိုက်ရတော့သည်။ ထန်ရှုသည် ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို မေးချင်တာလေးတွေ ရှိနေလို့”

မြောင်ဝမ်တန်သည် ပြုံးကာ ပြောလိုက်သည်။

“ဝင်လာခဲ့ပါ … အထဲမှာ ပြောကြတာပေါ့”

မကြာမီ ထန်ရှုသည် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ ၂ယောက်အကြောင်း ကျွန်တော့်ကို ပြောလို့ရမလား။ မနက်ဖြန် ကျွန်တော်တို့ နတ်ဆိုး နဂါးဘက်သွားရင် တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းပြီး အတူ တိုက်ခိုက်ကြရတော့မှာ။ အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့၂ယောက်အကြောင်း ကျွန်တော် တစ်လုံးမှ မသိရသေးဘူး”

မြောင်ဝမ်တန်သည် ပြုံးကာ ပြောလိုက်သည်။

“ငါက ဟိုက်ချင်းက မြောင်မိသားစုရဲ့ မျိုးနွယ်စု စောင့်ရှောက်တဲ့သူ ဖြစ်တဲ့အပြင် မြောင်ဂရုရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ငါ့ဆရာက တာအိုမာစတာ အမ်ဟွေ့ဖြစ်ပီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ ကွယ်လွန်သွားခဲ့ပါပြီ။ အခု ငါက လေလွင့် ကျင့်ကြံသူ ဖြစ်နေပါတယ်” ရှောင်မင်ကျန်းမှ ဆက်ပြောလိုက်သည်။

“ငါကတော့ လွပ်လပ်သူ တစ်ယောက်ဖြစ်တယ်။ စွန့်စားကူးသန်း ရောင်းဝယ်တဲ့ လုပ်ငန်းကို လုပ်ကိုင်တယ်။ အရင်ကတည်းက သိုင်းပညာရှင် တစ်ယောက် ဖြစ်ပြီးတော့ တစ်နေ့မှာ ကျင့်ကြံခြင်းအကြောင်း ဖော်ပြထားတဲ့ စာအုပ်တစ်ပိုင်းကို ရခဲ့တယ်။ အဲဒီကစပြီး ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို ရောက်လာတော့တာပဲ”

ထန်ရှု ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။

“ကျွန်တော်က ကောလိပ်ဝင်ခွင့် ဖြေဖို့ ပြင်ဆင်နေတဲ့ ကျောင်းသား တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းနောက်ခံက ပြောရမယ်ဆိုရင် နည်းနည်း ရှုပ်ထွေးနေလို့ ကျွန်တော် နောက်မှ ခင်ဗျားတို့ကို ပြောပြပါမယ်”

ထန်ရှု၏စကားကို ကြားသော် နှစ်ယောက်သား အနည်းငယ် စိတ်ပျက်သွားကြသည်။ သို့သော်လည်း အတွေ့အကြုံ ရင့်ကျက်သူများပီပီ စောဒကမတက်ကြပေ။ ထို့နောက် ထန်ရှုသည် အချိန်မတော် သူလာရောက်ပြီး နှောင့်ယှက်သလို ဖြစ်ရသည့် အကြောင်းအား  ပြောပြလေသည်။

“ခင်ဗျားတို့ နှစ်ယောက်က လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြဆိုတော့ ခင်ဗျားတို့ ပုံရိပ်ကလည်း သာမန်မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဆိုတော့ ဒီကျွန်းကို ကျွန်တော် ဘယ်လို စီမံရမလဲ ဆိုတာကို ခင်ဗျားတို့ကို မေးချင်လို့ပါ”

“ဒါ”

သူတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့သည် သာမန်မဟုတ်သော ပုံရိပ်များအား ပိုင်ဆိုင်ထားသူများ ဖြစ်ကြသော်လည်း သူတို့တွင် ကိုယ်ပိုင်ကျွန်း တစ်ခုတောင်မှ မရှိခဲ့ဖူးသောကြောင့် ဒီလို ကိုယ်ပိုင်ကျွန်း စီမံခန့်ခွဲမှုအား မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ ထန်ရှုသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် မသိဘူးပေါ့”

“အဟွတ် ... ဟွတ် ...”

မြောင်ဝမ်တန်သည် ချောင်းခြောက် အနည်းငယ် ဆိုးလိုက်ပြီးနောက် အားယူပြုံးထားရသော အပြုံးဖြင့်  ပြောလိုက်သည်။

“ငါတို့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှ မသိပေမဲ့ ကိုယ်ပိုင်ကျွန်းကို စီမံခန့်ခွဲရတာ ခက်ခဲတဲ့ ပြဿနာ မဟုတ်ဘူးလို့တော့ ငါ ထင်တယ်။ အခုခေတ်မှာ အဲဒီလို စီမံခန့်ခွဲရတာ လွယ်ကူပါတယ်။ ကျွမ်းကျင် ဘဏ္ဍာထိန်းတစ်ယောက် ငှားပြီး ကျွန်းနဲ့ ပတ်သက်တာမှန်သမျှ သူ့ကို စီမံခန့်ခွဲ ခိုင်းလိုက်ရင် ရတယ်လေ”

“ဘဏ္ဍာထိန်း ... အာ ဟုတ်သားပဲ”

ထန်ရှု သူ့နဖူးသူ ရိုက်လိုက်ပြီး သက်ပြင်းတစ်ချက် ကြိတ်ချလိုက်သည်။ တစ်ခဏမျှ သူ့ဦးနှောက်သည် သုံးစားမရ ဖြစ်သွားခဲ့ဟန်တူသည်။ အင်မော်တယ် ကမ္ဘာတွင်ရှိစဉ်က သူ့တွင် အင်မတန်တော်သော ဘဏ္ဍာထိန်းတစ်ယောက် ရှိခဲ့ပြီး သူ၏နောက်မှ နှစ်ပေါင်း ၆၀၀၀ကျော် လိုက်ပါလျက် သူ၏ကိစ္စဝိစ္စများအား စီမံခန့်ခွဲပေးခဲ့သည်။ အလုပ်ခန့်ဖို့ လူရှာရန်သာ လိုတော့သည်။

ထန်ရှု ခေါင်းအတော် ကိုက်သွားသည်။ ဘဏ္ဍာထိန်းတစ်ယောက် ငှားရမ်းခြင်းသည် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သော်လည်း သစ္စာရှိပြီး အရည်အချင်းနှင့် ပြည့်စုံသော ဘဏ္ဍာထိန်း တစ်ယောက်အား မည်သည့်နေရာမှ သူ သွားရောက် ရှာဖွေရပါမည်နည်း။ ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင် သီးခြားတည်ရှိနေသော ကျွန်းလေးတွင် မည်သူကများ သွားရောက် နေနိုင်ပါမည်နည်း။

ထန်ရှု၏ အမူအရာကို ကြည့်ပြီး မြောင်ဝမ်တန်သည် သူ၏အတွေးများအား နားလည်သွားသဖြင့်  ပြောလိုက်သည်။

“ဒါမှမဟုတ် ငါ မင်းကို တစ်ယောက် ရှာပေးနိုင်တယ်။ အင်္ဂလန်က ဘဏ္ဍာထိန်းတွေက အကောင်းဆုံးပဲ။ မင်းမှာ ပိုက်ဆံအလုံအလောက်ရှိရင် ကမ္ဘာ့အကျော်ကြားဆုံး ဘဏ္ဍာထိန်းကိုတောင် ငှားရမ်းလို့ရနိုင်တယ်”

ထန်ရှုသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“ထားလိုက်တော့။ လောလောဆယ် ဒါကို ခဏမေ့ထားလိုက်ဦးမယ်။ နောက်မှ ပြောကြတာပေါ့”

နောက်နေ့ ...

ကုန်သင်္ဘောတစ်စင်းသည် ကျင်းမန်သဘောၤဆိပ်တွင် ဆိုက်ကပ် ကျောက်ချပြီးနောက် ရွက်လွှင့်ရန် ပြုလုပ်ထားသည်။ မြောင်ဝမ်တန်သည် သူ၏အဆက်အသွယ်ဖြင့် ထိုသင်္ဘောအား သားရဲကောင်များ သယ်ရာတွင် အသုံးပြုရန် စီစဉ်ခဲ့သည်။ ထန်ရှုတို့ ၄ယောက်အား ထည့်မတွက်ပါက သင်္ဘောပေါ်တွင် တစ်ဒါဇင်ထက် မနည်းသော သင်္ဘောသားများနှင့် စားဖိုမှူး ၂ယောက်ပါရှိသည်။

ကောင်းကင်သည် ပြာလဲ့ကြည်လင်နေပြီး လေပြည်သည် ညှင်းသွဲ့သွဲ့ တိုက်ခတ်နေပေသည်။ ထန်ရှုသည် ကုန်းပတ်ပေါ်တွင် တစ်ယောက်တည်း ခြေချိတ်ထိုင်လျက် မဆုတ်မနစ် ကြိုးစား အားထုတ်နေသည်။ သူသည် တိတ်ဆိတ်စွာ ကောင်းကင်စကြဝဠာ ကျင့်စဉ်အား ကျင့်ကြံနေခြင်း ဖြစ်သည်။ နေ့အချိန် ဖြစ်သော်လည်း သူသည် ကြယ်များ၏ အလင်းရောင် ခပ်ဖျော့ဖျော့အား စုပ်ယူရရှိနိုင်သေးသည်။ ထိုသို့ စုပ်ယူနေစဉ်အတွင်း သူ၏ကိုယ်တွင်းမှ ကြယ်၉လုံးသည် တိတ်ဆိတ်စွာ လည်ပတ်လျက် တောက်ပသော အလင်းတန်းများ ထုတ်လွှင့်လျက်ရှိသည်။

“ဟင်”

ကျင့်ကြံခြင်းအလယ်သို့ အရောက်တွင် ထန်ရှု၏အမူအရာသည် ရုတ်တရက် ပြောင်းသွားသည်။ ယခင် သူစုပ်ယူထားသော ကြယ်များ၏ စွမ်းအားတွင် မီးစွမ်းအား မပါဝင်ချေ။ သည်နေ့တွင် နေရောင်ခြည်သည် ထွန်းလင်း တောက်ပနေပြီး သူစုပ်ယူနေသော ကြယ်များ၏ စွမ်းအားသည် နေ၏အလင်းရောင်မှ အဓိကလာသည် ဖြစ်သောကြောင့် မီးစွမ်းအားများပါ ပါဝင်လာခြင်းဖြစ်သည်။

“ကောင်းကင်နဲ့ မြေကြီးက ယင်နဲ့ယန် ၂ပိုင်းခွဲခြားသလိုပဲ စကြဝဠာကြီးကလည်း ဝင်ရိုးစွန်း၂ခု ခွဲခြားထားတယ်”

“ယင်နဲ့ယန်တို့ရဲ့ သဟဇာတဖြစ်စွာ ရောနှော အချိုးကျနေမှုက ကျောက်ရိုင်းတစ်တုံးကို ပြည့်စုံမှုတစ်ခု ဖြစ်အောင် ပုံသွင်းထုဆစ် ပေးလိမ့်မယ်”

ထိုအတွေးသည် ထန်ရှု၏စိတ်ထဲတွင် ပေါ်လာလေသည်။ သူ၏ကိုယ်အတွင်းရှိ စုပ်ယူထားသော ကြယ်စွမ်းအားများသည် တောက်လောင်နေသော မီးတောက်ကဲ့သို့၊ ဆူပွက်နေသော ရေကဲ့သို့ ဖြစ်လာပြီး လှိုင်းလုံးကြီးများသဖွယ် ပြင်းပြင်းထန်ထန် တက်လာလေသည်။ တစ်ခဏ အတွင်းတွင် ကြယ်၉လုံးတို့၏ စွမ်းအားသည် ပြောင်းလဲလာပြီး ယင်ယန်ဖွဲ့စည်းမှု ပုံစံအဖြစ် ဖွဲ့တည်လာကာ ကြယ်စွမ်းအားများသည် ဆူပွက်လျက် အခြေခံပြောင်းလဲမှုတစ်ခု တောင့်ခံလာခဲ့သည်။

ကြယ်ကိုးလုံးသည် တစ်ချိန်တည်းတွင် မျိုလိုက်သောကြောင့် ကြယ်စွမ်းအားသည် မြူထုတစ်ခုအလား ဖြစ်နေပြီး မည်းမှောင်နေသော ချီလမ်းကြောင်းများသည် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာခဲ့သည်။ ထန်ရှုသည် ချီလမ်းကြောင်းများအား လွယ်ကူစွာ ထိန်းချုပ်လျက် သူ၏ မရီဒျာန် လမ်းကြောင်းများဆီသို့ သွားရောက်စေရန် လုပ်ဆောင် ပေးနေသည်။ ကောင်းကင်စကြဝဠာ ကျင့်စဉ်အရ ထိုအရာသည် လမ်းကြောင်းများအတွင်းတွင် စတင်လည်ပတ်လာပြီး အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာခဲ့သည်။

“အွတ်”

ထန်ရှု၏ ခန္ဓာကိုယ်သည် သူ၏မရီဒျာန်မှ ရုတ်တရက် စီးထွက်လာသော ထိုးဖောက်လာသည့် နာကျင်မှုများကြောင့် ပြင်းပြင်းထန်ထန် တဆတ်ဆတ် တုန်ရီလျက် ရှိနေသည်။ သူ၏မရီဒျာန် လမ်းကြောင်းများသည် ပါးလွှာသော တစ်ရှူးများ ဖြစ်သောကြောင့် အလွယ်တကူ ပျက်စီးလွယ်ပြီး လမ်းကြောင်းအတွင်းတွင် ပွင့်နေသော အပေါက်တစ်ခုအား ဖန်တီးနေခဲ့သည်။ မည်းမှောင်နေသော ချီသည် ထိုအရာအား ဖြည့်တင်းခြင်း၊ အားဖြည့်ခြင်းနှင့် ပြင်ဆင်ခြင်းတို့အား အလွယ်တကူ လုပ်ဆောင်နေလေသည်။ ထိုသို့ လုပ်ဆောင်ပေးနေမှုကြောင့် အသစ်သစ်သော ပြင်ဆင်ပြီးသော မရီဒျာန်လမ်းကြောင်းများသည် ကျယ်ပြန့်လာခြင်း၊ စုတ်ပြဲလာခြင်း၊ ထို့နောက် တစ်ဖန် ပြန်လည် ပြင်ဆင်ခြင်းတို့ ဖြစ်ပေါ်နေကြသည်။

ဖြစ်စဉ်တစ်ခုသည် တစ်ဖန် ဆက်လက် ဖြစ်ပေါ်နေပြီး အဆုံးမရှိသော လည်ပတ်မှုဖြင့် လုပ်ဆောင်နေကြသည်။ ထန်ရှုသည် အချိန်ကိုလည်း မသိတော့၊ ကမ္ဘာ့အကြောင်းလည်း မသိတော့ အရာရာကို မေ့လျော့လျက် ရှိနေပေသည်။

အဆုံးမရှိသော နာကျင်မှုများ ...

ထိုကဲ့သို့ ဆိုးရွားလှသည့် နာကျင်မှုအား တစ်ခါဖူးမျှ နဖူးတွေ့ဒူးတွေ့ မရင်ဆိုင်ဖူးပါဟု သူ ပြောရဲပေသည်။ ကနဦး နာကျင်မှုသည် သူ၏ မရီဒျာန် လမ်းကြောင်းများမှ စတင်လာပြီး အသွေးအသားများထဲတွင် ဆက်လက် ဖြစ်ပေါ်သည်။ အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုသည် သူ့အား နေရာအနှံ့မှ ထိုးနှက်နေပြီး စိတ်ကူးနှင့်ပင် ခံစားမရသော နာကျင်မှုများသည် သူ၏ စိတ်ဝိညာဉ်အတွင်းမှပင် တလိမ့်လိမ့် တက်လာတော့သည်။

အကန့်အသတ်မရှိသော စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာရှိ ထောင်ပေါင်းများစွာသော ကြယ်များသည် အတူတကွ တုန်ခါလာကြသည်။ မှိန်ဖျော့နေပြီး တောက်ပခြင်းမရှိသော ဂြိုလ်များသည်ပင် သူတို့၏ မျက်နှာပြင်ပေါ်တွင် အရောင်များ တောက်ပလာကြသည်။ တစ်လွှာပြီးတစ်လွှာ ထုတ်လွှတ်ခြင်းဖြင့် ဧရာမ ကွန်ယက်ကြီးသဖွယ် ဖြစ်ပေါ်လာကာ မရေမတွက်နိုင်သော စွမ်းအားများသည် ကမ္ဘာမြေဆီသို့ လျင်မြန်သော အရှိန်ဖြင့် ဖြန့်ကျက်လာသည်။

“ဘန်း”

ထိုခဏတွင် ကမ္ဘာမြေပေါ်မှ နေ၏အလင်းတောက်ပမှုသည် အသက် ၇ရှိုက် ၈ရှိုက်စာအတွင်း ၁၀ဒီဂရီအထိ မြင့်တက်လာခဲ့သည်။

“ဘာတွေလဲ”

“ဘာတွေ ဖြစ်နေတာလဲ”

ကမ္ဘာမြေ၏ နေရာတိုင်းမှ သန်းပေါင်းရာပေါင်းများစွာရှိသော လူများသည် မိုးကောင်းကင်အား အဖြေရှာမရသော၊ စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် မော့ကြည့်နေကြသည်။ အရှေ့တောင် တရုတ်ရေပြင် အတွင်းတွင် ...

ထန်ရှုသည် ကုန်တင်သင်္ဘောပေါ်တွင် ထိုင်နေဆဲရှိနေသည်။ သင်္ဘောသားများနှင့် စားဖိုမှူးများသည် စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် ရှိနေကြသည်။ အပူလှိုင်းများ တလိမ့်လိမ့် မြင့်တက်လာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်တွင် ချွေးသီးချွေးပေါက်ကြီးများ စတင် ကျဆင်းလာတော့သည်။ သူတို့ ဘေးပတ်ဝန်းကျင်တွင် တဖြည်းဖြည်း အပူချိန် ပိုမို မြင့်တက်လာသည်ကို သူတို့ ရှင်းရှင်းလင်းလင်းကြီး ခံစားမိနေသည်။

“သောက်ကျိုးနည်း.. ဘာဖြစ်လို့ သေလောက်အောင် ပူနေရတာတုန်းဟ”

“ဘုရားရေ ... ဒါ အတော်ကြီးကို ထူးဆန်းနေပြီ။ ဘာတွေ ဖြစ်ဦးမှာလဲဟ”

“အပူချိန်တိုင်း ကိရိယာက ၃၇ဒီဂရီကို ပြနေတယ်။ သောက်ကျိုးနည်း ... အပူချိန်က ထပ်မြင့်နေတုန်းပဲကွ ... ၃၈ ဒီဂရီ ...  ၃၉ ဒီဂရီ.. ဘာတွေ ဖြစ်နေပြီလဲဟေ့။ ဒါ ကမ္ဘာကြီးရဲ့ အဆုံးသတ် ဖြစ်နိုင်လား။ အပူချိန်က ၄၀ဒီဂရီထိ တက်နေတုန်းပဲ”

“ငါတို့ ဘာလုပ်သင့်လဲ။ ပင်လယ်နက်ထိ ဆက်လွှင့်သွားရမလား”

“အရင် စောင့်ကြည့်ရအောင်”

“ ... ”

ကုန်တင်သင်္ဘော အခန်းအတွင်းရှိ တာအိုဘုန်းတော်ကြီး ဇီယီ၊ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်တို့သည် အလျင်အမြန်ပင် အပြင်သို့ ထွက်လာကြပြီး ကုန်းပတ်ပေါ်သို့ ရောက်စဉ်တွင်  ကောင်းကင်ပြာမှ နေအား မော့ကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်သော အမူအရာသည် သူတို့၏ မျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့သည်။

နေလုံးသည် ကြီးမားနေကာ မူမမှန်သည်ဟု ခံစားရခြင်းသည် သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။  ပြင်းထန်သော အပူလှိုင်းများသည် ကောင်းကင်မှ ကျဆင်းလာသဖြင့် ပင်လယ်ပြင် အထက်မှ လေထုသည် ပိုမို ပူလာရခြင်းဖြစ်သည်။

“စိတ်ဝိညာဉ်ချီ မတည်မငြိမ် ဖြစ်နေတာလား”

ထိုခဏချက်ချင်း သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့အားလုံးသည် ကျင့်ကြံသူများ ဖြစ်သောကြောင့် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်ချီအား ရှင်းရှင်းလင်းလင်း သိနိုင်ကြသကဲ့သို့ ထုထည်ကြီးမားသော စိတ်ဝိညာဉ်ချီသည် လှိုင်းလုံးများပမာ တလိမ့်လိမ့်တက်ကာ သင်္ဘော၏ အနောက်ဘက်ဆီသို့ စုစည်းကာ သွားနေသည်ကိုလည်း ခံစားမိနေကြသည်။

“သွားကြည့်ရအောင်”

မြောင်ဝမ်တန်သည် အော်ပြောလိုက်ကာ အလင်းတန်းသဖွယ် ချက်ချင်း ပြေးသွားတော့သည်။  သင်္ဘော၏ ပဲ့ပိုင်းသို့ ရောက်သောအခါ သူတို့၏ မျက်ဝန်းများမှ မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြာထွက်လာကာ ထန်ရှုအား ချောက်ချားစွာဖြင့် စိုက်ကြည့် နေမိကြသည်။

“အဲ ... အဲဒါ ... သူလား”

မြောင်ဝမ်တန်၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလျက် ထန်ရှုအား မြင်နေရသည်မှာ သရဲတစ်ကောင် တွေ့နေရသည့်အလား ဖြစ်နေသည်။ အခြားသူ တစ်ယောက်သာ ဆိုပါက သူ လက်ခံကောင်း လက်ခံမိနိုင်ပေလိမ့်မည်။ သို့သော် ကမ္ဘာတစ်ဝန်း သဘာဝဖြစ်စဉ် များများအား ဖန်တီးဖြစ်ပေါ်နေသူမှာ ထန်ရှုဖြစ်နေသည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ နေရသော်လည်း လက်မခံနိုင်သေးဆဲ ရှိနေသည်။

ရှောင်မင်ကျန်း၏ ခန္ဓာကိုယ်သည်လည်း တုန်ရီနေသဖြင့် သူ၏တုန်ရီနေသော လက်အား ကြိုးစားမလိုက်ပြီး ထန်ရှု၏ နောက်ကျောအား ညွှန်ပြလျက် ဖျစ်ညစ် အော်ပြောလိုက်သည်။

“သူ ... သူ ဘယ်လို လုပ်ခဲ့တာလဲ။ ဒီမြင်ကွင်းက အရမ်းကို ကြောက်စရာ ကောင်းနေတယ်။ အပူချိန်က မြင့်တက်နေတုန်းပဲ။ မကောင်းတော့ဘူး။ ငါတို့က ခံနိုင်သေးပေမဲ့ သင်္ဘောသားတွေက ခံနိုင်မှာ မဟုတ်ဘူး”

မြောင်ဝမ်တန်သည် အိပ်မက်ထဲ ရောက်နေသော သူကဲ့သို့ ဖြစ်နေပြီး သူ၏ အမူအရာသည် အလွန်ဝမ်းနည်းဖွယ် ကောင်းသော အဖြစ်အပျက်အား ခံစားနေရသူ ဖြစ်နေခဲ့သည်။ သူသည် ထန်ရှုဆီ ပြေးကာ တားဆီးရမည်ဟု တွေးနေခဲ့သည်။

“မလုပ်နဲ့”

တာအိုဘုန်းတော်ကြီး ဇီယီ၏ မျက်ဝန်းများသည် အရောင်လက်သွားပြီး ချက်ချင်း မြောင်ဝမ်တန်အား ထန်ရှုဆီ မသွားရန် တားလိုက်ပြီး လေသံနှိမ့်ကာ ပြောလိုက်သည်။

“သူ့ကို သွားမနှောင့်ယှက်နဲ့။ ဒီဟာ သူ့အတွက် အခွင့်အရေးကြီးတစ်ခု ဖြစ်နိုင်တယ်။ သင်္ဘောသားတွေကို ဒီကနေ အရင်ထွက်ခွာဖို့ လိုက်ပို့လိုက်ပြီးရင် ပြန်လာကြမယ်”

“ဒါ”

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် လျင်မြန်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ သင်္ဘော အခန်းဘက်သို့ အမြန် ပြေးသွားလိုက်သည်။ သင်္ဘောတွင် အပိုလှေများ ပါသည်ကို သိရှိပြီးနောက် သူတို့သည် ချက်ချင်းပင် သင်္ဘောသားများအား တင်ဆောင်ကာ သင်္ဘောနှင့်အဝေးသို့ ခေါ်ဆောင်သွားကြသည်။

နာရီဝက်ကြာသော် ...

အသက်ကယ် အင်္ကျီများကို အသုံးပြုလျက် သူတို့၃ယောက်သည် ကုန်တင်သင်္ဘောဆီသို့ ပြန်လာခဲ့ကြသည်။

“ဆရာတော် ...  ကျွန်တော်တို့ အခု ဘာလုပ်သင့်သလဲ။ ရေမိုင် ၁၀မိုင်ကျော်လောက် ဝေးတော့ ဒီနေရာက အပူချိန်က သိပ်တော့မမြင့်ဘူး။ ဒါတောင် ၄၀ ဒီဂရီနားကပ်နေပြီ။ သူ့အနားမှာဆိုရင် အနည်းဆုံး ၅၀ဒီဂရီလောက် ရှိမယ်။ အဲဒီတိုင်းသာ ဆက်သွားနေရင် ကျွန်တော်တို့ မခံနိုင်မှာ စိုးရတယ်”

မြောင်ဝမ်တန်သည် ထန်ရှုနှင့် မိုင်၂၀အကွာ ကုန်းပတ်တွင် ရပ်နေကာ မချိပြုံး ပြုံးလျက် ပြောလိုက်သည်။

“လေ့ကျင့်ပြီး ကျင့်ကြံပါ”

တာအိုဘုန်းတော်ကြီး ဇီယီသည် ထူးဆန်းသော အမူအရာ ဖော်ပြလျက် သူ၏ လက်ချောင်းများသည်  လေထုအား ညွှန်ပြကာ ခြေချိတ်ထိုင်လိုက်သည်။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် မျက်မှောင်ကြုတ် သွားကြသည်။

ကျင့်ကြံရမယ်တဲ့လား။ အားထုတ်ရမယ်တဲ့လား။ ဒီလို အင်မတန် ပူပြင်းနေတဲ့ အချိန်ကြီးမှာလေ။ ဆရာတော်ဘုရား ...  ဒီလိုမျိုးတော့ မနောက်သင့်ကြောင်းပါ ဘုရား။ တာအိုဘုန်းတော်ကြီး ဇီယီသည် ခြေချိတ်ထိုင်ကာ လေသံနှိမ့်ကာ ကြည်လင်သော အသံဖြင့် …

“မင်းတို့နှစ်ယောက်က တကယ်ကို ကျပ်မပြည့်တဲ့ ကောင်တွေပဲ။ အားထုတ်ဖို့နဲ့ ကျင့်ကြံဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ရှိနေတာကို ဖြုန်းတီးပစ်မလို့လား။ အပူချိန်က အလွန်မြင့်တယ် ဆိုပေမဲ့လည်း ငါတို့ ခံနိုင်ပါသေးတယ်။ မင်းတို့ ကျွမ်းကျင်သူ နှစ်ယောက်စလုံး ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့ကြတာ မဟုတ်လား။  လေထုထဲမှာ စိတ်ဝိညာဉ်ချီတွေ စုစည်းနေတာ ကြုံဖူးလို့လား”

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ချက်တုန်သွားကြပြီး သူတို့၏ မျက်နှာထက်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်ထွက်လာကြသည်။ ဟုတ်သည်။ တစ်လိမ့်လိမ့် တက်နေသော များပြားလှသည့် စိတ်ဝိညာဉ်ချီအား သူတို့ ခံစားမိနေသည်။ သည်နေရာမှ ချီစုစည်းမှုသည် အခြား နေရာများထက်စာပါက ၁၀ဆ ပိုမိုများပြားပေသည်။ သည်လို အခြေအနေအောက်တွင် ကျင့်ကြံခြင်းသည် ပုံမှန်လေ့ကျင့်သည်ထက် ပိုမို မြန်ဆန်ပေလိမ့်မည်။

“လေ့ကျင့်”

သူတို့သည် ချက်ချင်းပင် ခြေချိတ် ထိုင်လိုက်ကာ အားထုတ်မှုနှင့် ကျင့်ကြံမှုတို့အား စတင်လိုက်လေသည်။ မိုးကောင်းကင်မှ ပေးလာသော ထိုကဲ့သို့ အခွင့်အရေးမျိုးမှ တစ်စုံတစ်ခုမှ မလွဲချော်စေရပါ။ သူတို့သည် ကျင့်ကြံခြင်း ပါရမီရှင်များအဖြစ် စတင်လာခဲ့ကြသည်။ ထောင်ပေါင်းများစွာ ချိုးဖြတ်ခြင်း အစီအရင်အား စိန်ခေါ်ပြီးသည့်နောက် သူတို့၏စိတ်အား တည်ငြိမ်လိုပြီး ငြိမ်းချမ်းစွာ ကျင့်ကြံကာ သူတို့၏ ကျင့်ကြံမှုအဆင့်အား ချိုးဖောက်လိုကြသည်။

***

All Chapters