← Chapters

ကြီးမားသော အံ့အားသင့်မှုတစ်ခု

Vol. 03 Ch. 103

ကြီးမားသော အံ့အားသင့်မှုတစ်ခု

Vol. 03 Ch. 103

ပေကျင်း ...

မိုးမျှော်တိုက်ကြီးများသည် မိုးထိအောင် မြင့်မားနေကြကာ ၎င်းတို့၏ ထိပ်ဖျားများသည် ကောင်းကင်ပြာထဲတွင် ထိုးတက်နေကြသည်။ ထိုကဲ့သို့သော အဆောက်အဦများ အနက်မှ တစ်ခု၏ အတွင်းတွင် အင်ဒီသည် ဒေါက်မြင့်ဖိနပ်ဖြင့် လမ်းလျှောက်လာပြီး ရုံးခန်းတစ်ခုအား ဖွင့်ကာဝင်လိုက်သည်။ သူမ၏အရပ်သည် ၁.၅မီတာသာ ရှည်သော်လည်း အနောက်တိုင်းဆန်သော အရုပ်မမျက်နှာလေးဖြင့် နှစ်လိုချစ်ခင်ဖွယ်ဟန်ရှိပြီး လှပသော ရင်အုံအား ချီထားသည်။

ချစ်စရာကောင်းသော မျက်နှာ.. ထိုထက်ဆိုရလျှင် ဝင့်ကြွားကာ ချစ်စရာကောင်းသော မျက်နှာ ... အင်ဒီသည် ဖိုင်တွဲတစ်စုအား သူမ၏ရင်ဘတ်တွင် ပိုက်ကာ စားပွဲဆီသို့လာခဲ့ပြီး စားပွဲစွန်းအား ခေါက်ကာ ပြောလိုက်သည်။

“ဘော့စ် ... ဓာတ်ခွဲခန်းအဖြေ ထွက်လာပြီ”

ခန်းရှသည် စားပွဲနောက်မှ ရုတ်တရက် ထလိုက်ကာ အင်ဒီ့လက်ထဲမှ ဖိုင်တွဲများအား ယူကာ လေးနက်သော အသံဖြင့် မေးလိုက်သည်။

“ရလဒ်က ဘာတဲ့လဲ”

“ထိခိုက်မဲ့ဟာ ဘာမှ မရှိဘူး။ အလွန်ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ ပါဝင်တဲ့ တရုတ်ဆေးပဲ ပါတယ်” အင်ဒီ ပြောလိုက်သည်။

“တကယ်လား” ခန်းရှသည် ပျော်ရွှင်စွာဖြင့် ဖိုင်တွဲအား ဖွင့်လိုက်သည်။

အင်ဒီသည် စားပွဲရှေ့ရှိ ကုလားထိုင်တွင် ထိုင်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“ဒါပေါ့ … တကယ်။ စစ်ဆေးမှုရလဒ် အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း အဲဒါကို ဖော်ပြထားတယ်။ ပြီးတော့ ခိုင်းထားတဲ့အတိုင်း ကုန်သွယ်နဲ့ စက်မှုလုပ်ငန်းဋ္ဌာနမှာ ကုမ္ပဏီမှတ်ပုံ တင်ခဲ့လိုက်ပြီ။ ဥပဒေအရ ပိုင်ရှင်နာမည်က ထန်ရှု ပြီးတော့  ရှယ်ယာ သဘောတူညီချက်မှာ ဘော့စ် ... နင် သီးသန့်လက်မှတ် ထိုးဖို့ လိုလိမ့်မယ်”

ပညာရှိဆန်သော အရိပ်အယောင်တစ်ခု ခန်းရှ၏ မျက်ဝန်းများထဲတွင် ရိပ်ကနဲ ဖြတ်သန်းသွားခဲ့သည်။ သူမသည် စာရွက်စာတမ်းများအား ဖတ်ရှုပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။

“ကုမ္ပဏီအသစ်ရဲ့ ရုံးချုပ်က ကြယ်တာရာမြို့မှာ အခြေစိုက်မှာဆိုတော့ ငါတို့ ဒီနေရာကနေ ရွှေ့ရလိမ့်မယ်။ ငါတို့ရဲ့ ပထမအဆင့်မှာ အလှကုန် သုတေသနသမားတွေ၊ သိပ္ပံပညာရှင်တွေကို အလုပ်ခန့်ဖို့ရယ်၊ စက်ရုံတွေ ငှားဖို့ရယ်၊ ကုန်ပစ္စည်းအမှတ်တံဆိပ် မှတ်ပုံတင်ဖို့ရယ်နဲ့ အလှကုန်၂ခု ထုတ်ပိုးမှုတွေကို လုပ်ရမယ်။ ကုမ္ပဏီနဲ့ ဒီပထမအဆင့် ပြင်ဆင်ခြင်းကို ၂လအတွင်း အခြေချရလိမ့်မယ်”

“အိုခေ”  အင်ဒီသည် အေးဆေးပါဟူသော လက်အမူအရာ လုပ်ပြလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ဘာမှ လုပ်စရာမရှိလို့ လအနည်းငယ်လောက် ပျင်းနေတာမို့ ကျွန်မတို့ ပထမအဆင့်ကို စနိုင်တယ်။ ကျွန်မထင်တယ်၊ ဂျက်နဲ့ ခရုစ်တို့၂ယောက်ကတော့ ခုန်ပေါက်ပြီး လာကြလိမ့်မယ်။ သူတို့ ဘုရားသခင်နဲ့ ကျွန်မတို့ရဲ့ အနာဂတ် သူဋ္ဌေးကို ကျယ်ကျယ်လောင်လောင် ဆုတောင်းနေတာ ဖြစ်ရမယ်”

ခန်းရှသည် စိတ်လှုပ်ရှားမှုအား မျှဝေခံစားလျက် မြူးကြွသော အသံဖြင့် ပြောလိုက်သည်။

“သူဋ္ဌေးက စိတ်ဝင်စားစရာကောင်းတယ် သာမန် မဟုတ်ဘူးလို့တော့ ငါ ပြောနိုင်တယ်။ အဲဒါအပြင်ကို အလုပ်သစ်ကို စိတ်လှုပ်ရှား စိတ်အားထက်သန်မှု အပြည့်နဲ့ဝင်တာ ဒါ ပထမဆုံးအကြိမ်ပဲ။ ငါ ဒီလိုခံစားမှုမျိုးကို မခံစားနိုင်တာ ကြာခဲ့ပြီ။ အခု တစ်ဖန် ပြန်လာခဲ့ပြီ”

သူမ၏ သူဌေးဖြစ်လာမည့် ယောက်ျားတစ်ယောက် အကြောင်းအား အင်ဒီသည် စပ်စုလိုစိတ် အပြည့်နှင့်ဖြစ်သည်။ ခန်းရှ၏ စိတ်အား ထက်သန်နေမှုအား ကြည့်ကာ သူမ ပြောလိုက်သည်။

“ဘော့စ် ...  နင် သူဌေးကို မဆက်သွယ်ဘူးလား။ နင် သူ့ကို တိကျတဲ့အဖြေ မပေးရသေးဘူး မဟုတ်လား”

“အာ ...” ခန်းရှသည် မျက်မှောင် တစ်ခဏ ကြုပ်သွားကာ သူမ၏ဖုန်းအား ဆွဲထုတ်လျက် ပြုံးကာ  ပြောလိုက်သည်။

“စွကျိုးနည်း ...  ငါ ဘယ်လိုများ မေ့နိုင်ရတာလဲဟယ်။ အခုချက်ချင်း သူ့ဆီ ဆက်လိုက်မယ်”

တစ်ခဏ ကြာပြီးနောက် ဒေါသရိပ် အနည်းငယ် စွန်းထင်လျက် ခန်းရှသည် သူမ၏ဖုန်းအား စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ပြောလိုက်သည်။

“ဖုန်းက ဆက်သွယ်မှု မပြဘူး။ ငါ သူ့ကို ဒီည ခေါ်လိုက်မယ်။ ပေကျင်းက ငါတို့ပစ္စည်းတွေကို ပြင်ဆင်ထားလိုက်တော့။ ငါတို့ ကြယ်တာရာကို ၂ရက်အတွင်း သွားမယ်”

“ပြီးပြီလို့သာ မှတ်ထား လိုက်ပေတော့” အင်ဒီသည် သူမ၏ကုလားထိုင်မှ ခုန်ထွက်ကာ လေးမှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အပြင်ဘက်သို့ တစ်ဟုန်ထိုး ပြေးသွားလေတော့သည်။

တောင်တရုတ် ပင်လယ်ပြင် ...

ရပ်ထားသော ကုန်တင်သင်္ဘောအား အပူလှိုင်းများသည် ဖုံးအုပ်လျက်ရှိသည်။ များပြားလှစွာသော ငါးများသည် ၁၀ကီလိုမီတာ ပါရာမီတာထက်မက ဝေးသော အရပ်များဆီသို့ ကူးခတ်သွားကြသည်။

ထိုအချိန်တွင် ထန်ရှု၏စိတ်သည် ကြည်လင် တောက်ပလျက်ရှိသည်။ သူသည်  ကောင်းကင်စကြဝဠာ ကျင့်စဉ်အတိုင်း  ဆက်လက် ကျင့်ကြံ အားထုတ်နေဆဲ ဖြစ်သည်။ သူ၏ကိုယ်တွင်းမှ ကြယ်ကိုးလုံးသည် လှုပ်ရှားမှု မရှိသောလည်း ကြယ်များနှင့် စကြဝဠာမှ လာသော ကြယ်စွမ်းအားနှင့် နေရာအသီးသီးမှ စိတ်ဝိညာဉ်ချီများအား အဆက်မပြတ် စုပ်ယူနေဆဲဖြစ်သည်။

စုပ်ယူခြင်း ...  လှည့်ပတ်ခြင်း ...  အသွင်ပြောင်းခြင်း ...

မီးခိုးရောင်နှင့် မည်းမှောင်နေသော အရာတို့သည် နောက်ဆုံးတွင် ပြောင်းလဲ သွားခဲ့သည်။ ထန်ရှုမှ ကြယ်စွမ်းအားဟု အမည်ပေးထားသော ထိုအရာသည် အခြားကျင့်ကြံသူများ ကျင့်ကြံသည့် အစစ်အမှန်ချီ သို့မဟုတ် အစစ်အမှန် စွမ်းအားနှင့် အလားသဏ္ဌာန် တူလေသည်။ ထိုအရာသည် ကျင့်ကြံသူများအတွက် အခြေခံ အုတ်မြစ်နှင့် စွမ်းအားလည်း ဖြစ်ပေသည်။

ထန်ရှု၏ မရီဒျာန်အတွင်းမှ ကြယ်စွမ်းအားသည် လှိုင်းလုံးကြီးများ တက်လာသည့်နှယ် တလိမ့်လိမ့် တက်လာနေပြီး သူ၏ မရီဒျာန် လမ်းကြောင်းများအား ချဲ့ထွင်ကျယ်ပြန့် ခိုင်မာလာစေသည်။ ၎င်းသည် နာကျင်သော ဖြစ်စဉ် ဖြစ်သော်လည်း အကျိုးရလဒ်သည် ထန်ရှုအား အလွန်ပျော်ရွှင်စေခဲ့သည်။

ထန်ရှုနှင့် ၁၀မီတာအကွာတွင် တာအိုဘုန်းတော်ကြီး ဇီယီ၊ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည်လည်း  ခြေချိတ်ထိုင်ကာ အရပ်မျက်နှာအနှံ့မှ လာသော ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီများအား စုပ်ယူကျင့်ကြံ နေကြသည်။ သူတို့စုပ်ယူမှုသည် အလွန်မြန်သည်ဟု ဆိုသော်လည်း  ဖော်ပြခြင်းငှာ မထိုက်တန်သေးချေ။ မိနစ်တိုင်းတွင် ဘေးပတ်လည်မှ သိပ်သည်းကြွယ်ဝသော စိတ်ဝိညာဉ်ချီအတွက် ရေပေါက်လေး တစ်ပေါက်မျှသာ ဖြစ်ခဲ့သည်။

“ဝှူး”

မြောင်ဝမ်တန်သည် ပထမဦးဆုံး မျက်လုံးဖွင့်လာခဲ့ပြီး သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအား အထင်းသား တွေ့မြင်နိုင်ပေသည်။ သူသည် ထန်ရှုအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

ချိုးဖောက်ခြင်း ...  သူသည် ပြီးခဲ့သည့်အဆင့်မှ မတက်လှမ်းနိုင်ခဲ့သည်မှာ ၂နှစ်နီးပါးပင် ရှိတော့မည်။ ယခင်က ကျင့်ကြံခြင်း မည်မျှခက်ခဲသနည်းဆိုပါလျှင် သူသည် နောက်တစ်ဆင့်တက်ရန်အတွက် အတားအဆီးနံရံတစ်ခုအား အမြဲချိုးဖျက်ရသည်။

“ဒီနေရာက စိတ်ဝိညာဉ်ချီက နတ်ဘုရားဘုံက ဒဏ္ဍာရီလာ အင်မော်တယ် လိုဏ်ဂူနဲ့ နှိုင်းယှဉ်နိုင်လောက်တယ်”

မြောင်ဝမ်တန်၏ ရင်ထဲတွင် ကျေနပ်နှစ်သိမ့်ခြင်းများ ဖြစ်နေကာ သူသည် တိတ်တဆိတ်ပင် ချီးကျူး လေးစားလိုက်သည်။

နာရီဝက်ကြာသော် ...

ရှောင်မင်ကျန်းသည်လည်း သူ၏ ကျင့်ကြံအားထုတ်မှုမှ နိုးထလာသည်။ သူသည်လည်း ကျင့်ကြံမှု အဆင့်အား ချိုးဖြတ်နိုင်သောကြောင့် ကျေနပ်မှုအပြည့်နှင့် ဖြစ်နေပြီး ထန်ရှုအား လေးလေးနက်နက်  ကျေးဇူးတင်လိုက်သည်။

“မင်းလည်း အဆင့် တက်နိုင်ခဲ့တာလား”

မြောင်ဝမ်တန်၏ အမူအရာသည် လှုပ်ရှားသွားကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ ရှောင်မင်ကျန်းသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“မင်းရောပဲလား”

မြောင်ဝမ်တန် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဒီလိုများပြားလှတဲ့ စိတ်ဝိညာဉ်ချီ ရှိတဲ့နေရာမှာ ကျင့်ကြံရတာ ၂ဆအကျိုးကျေးဇူး ရှိတယ်။ ၂နှစ်ကြာ တန့်နေခဲ့တာ ...  နောက်ဆုံးတော့ ချိုးဖြတ်တက်နိုင်ခဲ့ပြီ”

ရှောင်မင်ကျန်းသည် ထန်ရှုအား ကြည့်ရန် ဘေးသို့ လှည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ငါတို့ အခု ထန်ရှုဆီမှာ အကြွေးအကြီးကြီး တင်သွားပြီ။ သူ့ကြောင့်သာ မဟုတ်ရင် ဘယ်အချိန်ကျမှ အဆင့်တက်နိုင်မယ်ဆိုတာ မသိနိုင်ဘူး”

“ဟုတ်တယ်ကွ”

မြောင်ဝမ်တန်သည် ထောက်ခံလိုက်ကာ …

“အရင်က အဲဒါကို နှစ်အနည်းငယ် ကြာအောင် အချိန်ယူရလိမ့်မယ်လို့ ထင်ခဲ့တာ။ အခုလို ချက်ချင်း ချိုးတက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး”

မကြာမီ တာအိုဘုန်းတော်ကြီး ဇီယီသည်လည်း ထန်ရှုအား ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ကျင့်ကြံခြင်းမှ ထလာခဲ့သည်။ ထို့နောက် သူတို့၂ယောက်အား ကြည့်ကာ ရယ်မောလျက် ပြောလိုက်သည်။

“ဂုဏ်ပြုပါတယ် ဒကာတို့”

မြောင်ဝမ်တန်သည် ရယ်မောလျက် …

“ကျွန်တော်တို့ အတူတူ ပြောသင့်တယ်”

တာအိုဘုန်းတော်ကြီး ဇီယီသည် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

“ဟုတ်ပါ့။ ဒကာလေးထန်ကြောင့်သာ မဟုတ်ရင် ဒီဆင်းရဲတဲ့ ဘုန်းကြီးက အချိန်တိုအတွင်း အဆင့်တက်နိုင်မယ် မထင်ဘူး။ ဒကာလေးထန်က ဘယ်လို ကျင့်စဉ်ကျင့်လို့ အခုလို သဘာဝဖြစ်စဉ် အကြီးကြီး ပေါ်လာတာလဲ မသိဘူး”

ညနေခင်းတွင် ...

နေလုံးကြီးသည် အနောက်ဂေါယာကျွန်းသို့ ငုပ်လျှိုးသွားပြီ ဖြစ်သည်။ ကောင်းကင်မှ ပုဇွန်ဆီရောင် သန်းနေသော နေဝင်ချိန်သည်   ပင်လယ်ရေ မျက်နှာပြင်အား ရောင်ပြန်ဟပ်လျက် ရှိသည်။ တစ်နေ့လုံး အလွန်ပူပြင်းခဲ့သော အပူချိန်သည်လည်း တဖြည်းဖြည်း လျော့ကျလာလျက် ရှိနေသည်။ ကျင့်ကြံနေဆဲဖြစ်သော ထန်ရှုသည် သူ၏ မျက်တောင်များအား ပုတ်ခတ်ပုတ်ခတ် လုပ်ကာ နိုးလာပြီဖြစ်သည်။

“ခင်ဗျားတို့ ၃ယောက်”

ထန်ရှုသည် သူ့အနားတွင် ရှိနေသော ထို၃ယောက်အား ကြည့်ကာ ဇဝေဇဝါဖြစ်သွားသည်။ ထန်ရှု၏ရှေ့တွင် ရှိနေသော မြောင်ဝမ်တန်၏ ဟန်ပန်သည် တောက်ပနေပြီး မျက်နှာထက်တွင်လည်း တောက်ပသော အပြုံးအား ပြုံးလျက် ထန်ရှုအား ပြောလိုက်သည်။

“ငါတို့ ကျင့်ကြံခြင်းပြီးနေတာ ကြာပေါ့။ မင်းကို စောင့်နေကြတာ။ ပထမတော့ မင်း ကျင့်ကြံမှုပြီးဖို့ ရက်အနည်းငယ် လိုနေဦးမယ် မှတ်တာ။ အခု ပြီးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး” ထန်ရှုသည် မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“အာ ...  အဲဒါ ကျွန်တော် ကျင့်ကြံခြင်းထဲ ဈာန်ဝင်သွားလို့ အချိန်အကြာကြီး ဖြစ်သွားတာ။ ကျွန်တော်တို့ နတ်ဆိုးနဂါး ပင်လယ်ဧရိယာကို ရောက်နေပြီလား”

“ငါတို့ မရောက်သေးဘူး” မြောင်ဝမ်တန်သည် ခေါင်းကို ခါယမ်းကာ ရယ်ကျဲကျဲ လုပ်နေသည်။

ထန်ရှုသည် ဇဝေဇဝါ ဖြစ်သွားကာ ပြန်ပြောလိုက်သည်။

“ကျွန်တော် ကျင့်ကြံနေတာ ဘယ်လောက် ကြာသွားတာလဲ။ အခု ညနေတောင် ရောက်နေပြီ ကျွန်တော်တို့ အဲဒီကို ခုထိ မရောက်သေးဘူးလား။ အဲဒါက ရေမိုင် ၁၀၀၀ပဲ ဝေးတာ မဟုတ်လား”

မြောင်ဝမ်တန်သည် ပင်လယ်ပြင်အား ညွှန်ပြကာ မည်သို့ ပြောရမည်မသိ ဖြစ်နေသည်။

“ကုန်တင်သင်္ဘော ရပ်ထားတာ သတိမထားမိဘူးနဲ့ တူတယ်။ မင်း ကျင့်ကြံနေတုန်းက ငါတို့၃ယောက်က သင်္ဘောသားတွေကို သယ်ပြီး သင်္ဘောနဲ့ အဝေးကို ပြန်ပို့ထားရတယ်”

“ဘာတွေ ဖြစ်ခဲ့လို့လဲ”

ထန်ရှုသည် သူ ကျင့်ကြံနေသော အချိန်အတွင်း မည်သည့်အခြေအနေ ဖြစ်ပျက်ခဲ့သည်ကို မသိသောကြောင့် ချက်ချင်းပင် သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

သိပ်မကြာမီ ...

မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ ပြန်ပြောသည်အား နားထောင်ပြီးသော် ထန်ရှု၏ စိတ်ခံစားမှုတို့သည် မငြိမ်မသက်ဖြစ်ကာ ကြက်သေ သေကာ အာစေးမိလျက် ရှိသည်။ ထိုကဲ့သို့ ကမ္ဘာတဝန်း သဘာဝဖြစ်စဉ်ကြီး ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမျှ တွေးမကြည့်ခဲ့မိဖူးပါပေ။

“အာ ...  ငါ့ရဲ့ကျင့်ကြံမှု”

ထန်ရှုသည် သူ၏စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုကာ သူ့ခန္ဓာကိုယ်၏ အခြေအနေအား စစ်ဆေးလိုက်သည်။ သူ၏ ဒန်တျာန် အတွင်းတွင် ကြယ်၉လုံးသည် ပိုမိုတောက်ပနေကာ အံ့သြလောက်ဖွယ် ရောင်ခြည်တန်းများ  ပေါ်ထွက်နေသည်ကို တွေ့ရသည်။ မီးခိုးရောင်နှင့် မည်းမှောင်နေသော များပြားလှသော ကြယ်စွမ်းအားသည် တိုးပွားနေပြီး ပွင့်နေသော မရီဒျာန် လမ်းကြောင်းများနှင့် ချိတ်ဆက်နေသည်။

ထို့ပြင် အရိုးများ၊ သွေးပြန်ကြောများ၊ အတွင်းအင်္ဂါများနှင့် ကြွက်သားများ အားလုံးတို့သည် ကျေနပ်ဖွယ်အတိ ဖြစ်နေခဲ့သည်။ ကျုံ့နိုင်ဆန့်နိုင်မှု သို့မဟုတ် ခွန်အား အားလုံးတို့သည် တိုးမြင့်လာခဲ့ပြီး အရည်အချင်းဆိုင်ရာ တိုးတက်လာခဲ့သည်။ သူ၏ အစိတ်အပိုင်းတိုင်းသည် ဖောက်ခွဲစေနိုင်သော အစွမ်းများ ပြည့်ဝနေခဲ့သည်။ တစ်ချိန်တုန်းက သူသည် အင်မော်တယ် ကမ္ဘာတွင် အဆင့်မြင့်ပညာရှင် တစ်ယောက်ဖြစ်ခဲ့ပြီး အကဲဖြတ်နိုင်သော ခွန်အားတို့ ရှိခဲ့ဖူးသည်။ သူ၏လက်သီးအား  ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး သူ လက်ရှိ ပိုင်ဆိုင်နေသော ခွန်အားပမာဏအား ခံစားမိနိုင်သည်။

ပေါင် ၆၀၀၀။ သူ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ပေါင်၆၀၀၀ ခွန်အားသည် ယခင်ထက် ၂ဆ မြင့်တက်သွားသည်ဟု ဆိုလိုရင်းပင် ဖြစ်သည်။ သူ၏ခွန်အားသည် ပေါင်၆၀၀၀အထိ မတိုးမီက  သူသည် မူလက အရေပြားသန်မာခြင်း၏ နှောင်းပိုင်းအဆင့် အထွဋ်အထိပ်အထိ  အောင်မြင်ရမည် ဖြစ်သည်။ သို့သော် ယခု သူသည် အရေပြားသန်မာခြင်း အဆင့်အား  မချိုးဖျက်နိုင် သေးသော်လည်း ထိုလောက်နီးနီး ရှိသော ခွန်အားအား ရရှိနေခဲ့ပြီ ဖြစ်သည်။

“အရေပြား သန်မာခြင်းရဲ့ နှောင်းပိုင်းအဆင့်ကို ငါ ရောက်ခဲ့ရင် ငါ့ခွန်အားတွေ ဘယ်လောက်ထိ  တိုးသွားမှာလဲ”

ထန်ရှုသည် ရှေ့ရေးအား သူ၏စိတ်ထဲ၌ တိတ်တဆိတ် မျှော်တွေးလိုက်မိသည်။ တစ်နာရီကျော် ကြာပြီးနောက် ထန်ရှုတို့ ၄ယောက်သည် တည်နေရာ ဖော်ပြပေးသော ကိရိယာများအား အသုံးပြုကာ တစ်နေ့လုံး ဆာလောင်နေသော သင်္ဘောသားများနှင့် စားဖိုမှူများအား ရှာတွေ့ခဲ့ကြသဖြင့် သင်္ဘောဆီသို့ ခေါ်ဆောင်လာခဲ့ကြသည်။ ဒီနေ့ဖြစ်ခဲ့သော သဘာဝဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုသူများအား မရှင်းပြခဲ့ကြပဲ အလုပ်ပြီးပါက လုပ်ခ ၂ဆရမည်ဟုသာ ပြောခဲ့ကြလေသည်။

နောက်တစ်နေ့ ညနေခင်း ...

ကုန်တင်သင်္ဘောသည် နတ်ဆိုးနဂါး ပင်လယ်ဧရိယာသို့ ခုတ်မောင်းနေခဲ့ပြီး ကျွန်း၃ကျွန်း၏ အလယ်တွင် ရှိသော ရေမြောင်းငယ် တစ်ခုအား တွေ့သောအချိန်သည် ညဘက်ဖြစ်နေပြီ ဖြစ်သောကြောင့် ထန်ရှုတို့သည် သားရဲကောင်များအား ဖမ်းရန် ချက်ချင်း အလျင်စလို မလှုပ်ရှားဘဲ အားအင် ပြည့်စေရန်အတွက် စားသောက်ကာ သူတို့လှုပ်ရှားမည့် နောက်တစ်နေ့ အာရုဏ်ဦးထိ စောင့်ဆိုင်းလျက် ရှိနေကြသည်။

အေးစိမ့်သော လေသည် ပင်လယ်ရေ မျက်နှာပြင်အား ဖြတ်သန်းကာ တိုက်ခတ်လျက် ရှိနေသောကြောင့် လသော်တာ၏ အရိပ်သည်လည်း ရေမျက်နှာပြင်ပေါ်တွင် လှည့်ပတ်ကာ ကခုန်နေသည့်နှယ် ဖြစ်သည်။

ထန်ရှုသည် ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်ကာ အနီးနားရှိ ကျွန်းများအား ကြည့်နေသည်။ သူ့အနေဖြင့် ဘေးရန်ရှိနေသည့် အာရုံအား ခံစားနေမိသော်လည်း မည်သည့် ဘေးရန် အမျိုးအစားအား ခံစားနေရမှန်း ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ပါချေ။ သို့သော် ထိုအရာသည် အမှန်တကယ် ရှိနေသည်။ ကျွန်း၃ကျွန်းပေါ်တွင် ကြောက်စရာကောင်းပြီး နမိတ် မကောင်းသော တည်ရှိမှုတစ်ခု ရှိနေသည်ဟုတော့ သူပြောနိုင်ပေသည်။ အခုချိန်တွင် လက်ရှိ သူ့အနေအထားဖြင့် ရင်မဆိုင်နိုင်သေးသော ခက်ထန် ကြမ်းကြုတ်သည့် တည်ရှိမှုမျိုး ဖြစ်သည်။

ထို့ပြင် အခြားသူများမှ သတိမပြုမိ ကြသော်လည်း ဒီနေရာတွင် အခြားနေရာများထက် ပြင်းထန်သော သေခြင်းချီများ ရှိနေသည်ကို သူ အာရုံခံစားမိသည်။ ဆိုလိုသည်မှာ ဒီနေရာ၌ မြောက်မြားလှစွာသော လူသားများ သို့တည်းမဟုတ် သားရဲများ သေခဲ့ဖူးသည့် အဓိပ္ပာယ်ပင်  ဖြစ်တော့သည်။

“ကောင်းကင်ဘုံရဲ့ ကောင်းချီးက အတိုင်းအဆ မရှိပါပဲလား။ ဒကာလေးထန် ကျွန်းကို ကြည့်ချင်နေတာလား”

ထန်ရှုသည် ခေါင်းယမ်းကာ ပြောလိုက်သည်။

“နောက်အနည်းငယ် ကြာရင်တော့ ကျွန်တော် အဲဒီ ကျွန်း၃ကျွန်းကို သွားနိုင်လိမ့်မယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော် မသွားချင်တာ မဟုတ်ဘူး။ အဲဒီကို မသွားရဲသေးဘူး”

“ဘာကြောင့် အဲဒီလို ပြောတာပါလဲ” ဘုန်းတော်ကြီး ဇီယီသည် ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။ ထန်ရှုသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ဒီကျွန်း၃ကျွန်းပေါ်မှာ ဖုန်းရွှေ အစီအရင်ကြီးတစ်ခု ရှိတယ်။ ဒီအစီအရင် အလွန်ခက်ခဲနက်နဲပြီးတော့ အံ့သြဖို့ ကောင်းလောက်အောင်ကို ဖြန့်ကျက်ထားတယ်။ တစ်စုံတစ်ယောက်က ကျွန်းပေါ်ကို တက်မိတဲ့အခါ အစွန်အဖျား လောက်မှာပဲ လှုပ်ရှားရင် အဆင်ပြေနိုင်သေးတယ်။ ဒါပေမဲ့ သူ တောနက်ထဲကို  ရောက်သွားတာနဲ့ ပြန်မလာနိုင်တော့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်”

“ဒါ တကယ်လား”

တာအိုဘုန်းတော်ကြီး ဇီယီသည် မူလက ကျွန်းပေါ်သွားကာ အမဲလိုက်ရန် စီစဉ်ထားသည်။ သို့သော်လည်း ထန်ရှု၏ စကားကြားပြီး နောက်တွင် အန္တရာယ်ရှိသော အသိသည် ရုတ်ခြည်းပင် သူ၏ရင်ထဲတွင် ပျံ့နှံ့သွားလေသည်။ ထန်ရှုသည် ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်အား ဆဋ္ဌမအလွှာထိ ရောက်အောင် ချိုးဖောက်နိုင်ခဲ့သောသူ ဖြစ်သောကြောင့် သူ၏ အစီအရင်များအပေါ် ကျွမ်းကျင်မှုသည် သေချာပေါက် တုန်လှုပ်စရာ ကောင်းလောက်အောင် ကျွမ်းကျင်ပိုင်နိုင် ပေလိမ့်မည်။ ထန်ရှု ပြောသည့်စကားသာ အမှန်ဖြစ်ပါလျှင် သူ့အနေဖြင့် ထိုကျွန်း၃ကျွန်း၏ အနက်ပိုင်းသို့ မသွားနိုင်တော့ပါပေ။

“ဟုတ်ပါတယ်” ထန်ရှု အေးဆေးစွာ ပြန်ဖြေလိုက်သည်။

တာအိုဘုန်းတော်ကြီး ဇီယီသည် အချိန်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက် သွားပြီးနောက် မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“ဒီလိုဆိုမှဖြင့် ငါတို့ အစွန်အဖျားလောက်ပဲ လှုပ်ရှားကြတာပေါ့။ ဒီဆရာတော် ဖတ်ဖူးတဲ့ ရှေးစာအုပ်ထဲမှာ  ဖော်ပြထားတာတော့ ဒီကျွန်း၃ကျွန်းပေါ်မှာ ရှိတဲ့ သားရဲကောင်တွေရဲ့ အဆင့်က ဒီရေမြောင်းထဲမှာ ကျက်စားတဲ့ အကောင်ထက် မြင့်တယ်ဆိုပဲ”

***

All Chapters