သားရဲကောင်များအား အမဲလိုက်သတ်ဖြတ်ခြင်း
Vol. 03 Ch. 104
ထန်ရှုသည် သူ၏ပခုံးအား တွန့်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“တတ်နိုင်သလောက်ပဲ လုပ်ကြမယ်။ အဆင့်မြင့် သားရဲကောင်တွေက ကျွန်တော်တို့အတွက် အကျိုးကျေးဇူး ပိုပြီး ရနိုင်တယ်ဆိုရင်တောင်မှ အဲဒါကို အသုံးပြုဖို့ ကျွန်တော်တို့ အသက်ရှင်နေသေးမှ ဖြစ်မယ်”
“မှန်တာပေါ့”
တာအိုဘုန်းတော်ကြီး ဇီယီသည် သူ၏ဖုန်တံအား အသာယမ်းလိုက်ကာ ထောက်ခံလိုက်သည်။ သူသည် အသက်ရှင် နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီး လွန်စွာ အိုမင်းနေပြီလည်း ဖြစ်သည်။ သူတို့၏အသက်များကို ရင်းကာ ရတနာများအား ရှာဖွေနေကြသော လူများအား မရေမတွက်နိုင်အောင် မြင်ဖူးပေသည်။ ငွေသည် ကောင်းမွန်သော အရာဖြစ်သည်ဟု လူအများ ပြောနေကြသော်လည်း သေဆုံးပြီးမှ ရရှိခြင်းသည် ဝမ်းနည်းစရာ အကောင်းဆုံးအရာ ဖြစ်သည်။
တစ်ခဏ တိတ်ဆိတ် သွားပြန်ပြီးနောက် သူသည် ထန်ရှအား ကြည့်ကာ ပြောလိုက်သည်။
“ဒကာလေးထန် ... ဒီဆရာတော်က တစ်စုံတစ်ခုကို ရက်အနည်းငယ်လောက် အဖြေရှာမရ ဖြစ်နေလို့ ဒကာလေးကို မေးချင်တယ်။ မေးလို့ရနိုင်မလား”
“ကျေးဇူးပြုပြီး မေးပါ” ထန်ရှု ပြောလိုက်သည်။
တာအိုဘုန်းတော်ကြီး ဇီယီသည် မေးလိုက်သည်။
“ဒကာလေးထန်ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်သေးပေမဲ့ မနေ့ကလို ချောက်ချားစရာကောင်းတဲ့ သဘာဝဖြစ်စဉ်တွေကို ဘာကြောင့် ဖြစ်ပွားစေတာလဲ။ ဒီဆရာတော်က ကျင့်ကြံသူတွေအကြောင်း ရှေးစာအုပ်တွေ အများကြီး ဖတ်ဖူးပေမဲ့ အဲလိုဖြစ်စဉ်ကို ဖြစ်စေတဲ့ ကျင့်ကြံသူ တစ်ယောက်ကိုမှ မဖတ်ဖူးဘူး”
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော်လည်း မသိဘူး”
တာအိုဘုန်းတော်ကြီး ဇီယီသည် တိတ်ဆိတ်စွ စောင့်နေရင်း ထန်ရှုအား မိနစ်ဝက်မျှ အကဲခတ်နေသည်။ ထန်ရှု၏ မျက်နှာထက်တွင် မည်သည့်ခံစားမှုမှ မဖြစ်ပေါ်လာသည်ကို တွေ့ရသောအခါ စိတ်ထဲမှ သက်ပြင်းကြိတ်ကာ ချလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒကာလေးထန်က အဲဒီအကြောင်း မသိဘူးဆိုရင်လည်း ထားလိုက်ပါတော့။ ဒီဆရာတော်က ဒကာလေးကို ဆက်အနှောင့်အယှက် မပေးတော့ဘူး။ အရင် အနားသွားယူ လိုက်တော့မယ်”
“ဆရာတော် အခုအနားယူလို့ မရတော့ဘူး”
ထန်ရှု၏ အကြည့်တို့သည် ရုတ်ခြည်းပင် အကွာအဝေး ခပ်လှမ်းလှမ်းသို့ အာရုံစိုက်လျက် ဖျော့တော့စွာ ပြောလိုက်သည်။ တာအိုဘုန်းတော်ကြီး ဇီယီ၏ မျက်ခုံးတို့သည် တွန့်သွားကာ ပြောလိုက်သည်။
“ဒကာလေးထန် ... ဘာကြောင့် ဒီလိုပြောရတာလဲ”
ထန်ရှုသည် ခပ်လှမ်းလှမ်းရှိ ပင်လယ်ပြင်အား ညွှန်ပြကာ ပြောလိုက်သည်။
“၁၀ကောင်ထက် မနည်းတဲ့ သားရဲကောင်တွေ တစ်ကီလိုမီတာအကွာ ပင်လယ်ပြင်ကနေ ကျွန်တော်တို့ဆီ လာနေပြီ။ ကျွန်တော်တို့ သင်္ဘောက ကမ်းခြေနားမှာ ကျောက်ချထားတော့ မီးရောင်တွေက သူတို့ကို ဆွဲဆောင်နေသလို ဖြစ်နေတာ။ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ကို ခေါ်လိုက်ပါ။ ကျွန်တော်တို့ ဒီသားရဲတွေကို အဝေးကို ခေါ်ထုတ်သွားရမယ်” ဆရာတော်ဇီယီ မေးလိုက်သည်။
“ဘာကြောင့် သူတို့ကို အဝေးကို ခေါ်ထုတ်သွားရမှာလဲ”
ထန်ရှုသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဆရာတော့်ပုံရိပ်ကို ကျင့်ကြံသူတစ်ယောက်အဖြစ် ဂယက် ထစေချင်တယ်ဆိုရင် အဲသားရဲတွေ အနီးနား ထိလာတာကို စောင့်ပြီး လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်တယ်”
သသင်္ဘောသားတွေလား။
ထိုစကား ကြားတော့မှ ဆရာတော်ဇီယီ ရုတ်ခြည်း သဘောပေါက်သွား တော့သည်။ ထန်ရှုသည် ထွက်ခွာသွားသော ဆရာတော်ဇီယီ၏ နောက်ကျောအား ကြည့်လိုက်ပြီးနောက် သူ၏အခန်းထဲသို့ အလျင်အမြန် ပြန်သွားကာ လိုအပ်သော အရာများအား ယူကာ ပြတင်းပေါက်မှ ခုန်ချလိုက်သည်။ သူ၏ခြေမဖြင့် ပင်လယ်ရေ မျက်နှာပြင်ပေါ်သို့ ရှပ်ထိကာ သွားလိုက်ပြီး အသက်၂ရှိုက်စာအတွင်း ကမ်းခြေသို့ ရောက်သွားသည်။ သူသည် ကမ်းရိုးတန်း တစ်လျှောက် မီတာ တစ်သောင်းအတွင်း လှုပ်ရှားကာ အစီအရင်များ စတင်ဆွဲလိုက်သည်။
အစီအရင် စာရွက်များအား ရေးဆွဲပြီး အစီအရင်၏ အခြေခံ အုတ်မြစ်အဖြစ် ကျောက်စိမ်းများစွာအား အသုံးပြုလိုက်သည်။ ဒီနေရာသို့ မရောက်မီကပင် ရေးဆွဲမည့် အစီအရင်များအား ကြိုတင် တွေးတောထားပြီး ဖြစ်သည်။
“ကာကွယ်မှု အစီအရင်”
“မှော်အစီအရင်”
“သတ်ဖြတ်ခြင်း အစီအရင်”
ထို၃မျိုးအား ပေါင်းစပ်ကာ စွမ်းအားကြီးသော အစီအရင်အဖြစ် စီရင်လိုက်ပြီး ထိုအရာသည် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး သတ်ဖြတ်ခြင်း မှော်အစီအရင်ပင် ဖြစ်တော့သည်။
ဒီအစီအရင်မျိုးသည် စိတ်ဝိညာဉ် စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့် မလိုသော အစီအရင်ဖြစ်သည်။ သူသည် အင်မော်တယ် ကမ္ဘာတွင် အထွဋ်အထိပ်သို့ ရောက်ခဲ့စဉ်က မည်သည့်အရာမျှ မလိုအပ်ဘဲ သူ၏လက်ဖြင့် တစ်ချက်ဝှေ့လိုက်ရုံဖြင့် လေဟာနယ်ထဲတွင်ပင် ပုံစံတစ်ခုအား ရေးဆွဲနိုင်ပြီး စွမ်းအားကြီး အစီအရင်အား လျှပ်တစ်ပြက်အတွင်း ရေးဆွဲနိုင်ခဲ့သည်။
၂မိနစ်ကြာပြီးနောက် ...
ထန်ရှုသည် အောင်မြင်စွာဖြင့် သတ်ဖြတ်ခြင်း မှော်အစီအရင်အား ပြုလုပ်နိုင်ခဲ့ပြီး သူတို့တွင်ပါလာသော ကျောက်စိမ်းနှင့် အဆောင်စာရွက် တစ်ဝက်ခန့်အား သုံးလိုက်ရလေသည်။ ထန်ရှု၏ ပုံရိပ်သည် လျှပ်တစ်ပြင်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် သင်္ဘောပေါ် ပြန်တော့မည့် ဆဲဆဲတွင် ဆရာတော်ဇီယီ၊ မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့အား ကမ်းရိုးတန်းတွင် တွေ့လိုက်ရလေသည်။ ဆရာတော်ဇီယီသည် သူ၏ဖုန်တံအား ကိုင်ဆောင်လျက် ရဲရင့်သော အမူအရာဖြင့် ရှိနေပြီး မြောင်ဝမ်တန်သည် သူ၏ လက်စွဲတော် ဓားနှင့်အတူ ထိုက်တောင်တန်းကြီးသဖွယ် တည်ကြည်ခိုင်မာစွာ ရှိနေကာ ရှောင်မင်ကျန်းသည် ဓားရှည်တစ်ချောင်းနှင့်အတူ သတ်ဖြတ်လိုစိတ်များ ပြင်းပြလျက် ရှိနေသည်။
“လူကြီးမင်းတို့ သားရဲတွေက ဘယ်မှာလဲ”
ထန်ရှုသည် ပင်လယ်ပြင် ဧရိယာအား စောင့်ကြည့်နေသော်လည်း သားရဲတို့၏ အရိပ်အခြည်အား မတွေ့ရသောကြောင့် မေးလိုက်သည်။ မြောင်ဝမ်တန်သည် ရှေ့မှ ပင်လယ်ရေအား ညွန်ပြလျက် ပြောလိုက်သည်။
“သူတို့ ရေငုပ်သွားပြီးတော့ မတိုက်လာကြသေးဘူး။ သင်္ဘောသား အားလုံးက အိပ်နေတယ်။ သင်္ဘောရဲ့မီးတွေ အကုန်လုံး ငါ ပိတ်ခဲ့တယ်။ အဲဒီသားရဲတွေက သင်္ဘောရဲ့ သင့်တော်တဲ့ပုံကိုပဲ ခန့်မှန်းနိုင်တာဆိုတော့ မတိုက်ကြသေးဘူး” ထန်ရှု မေးလိုက်သည်။
“အဲဒီ သားရဲတွေက ဘာကောင်တွေလဲ”
မြောင်ဝမ်တန်သည် အားယူ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
“မိကျောင်းဖြူ။ အုပ်စုလိုက် သွားလာတတ်တဲ့ မိကျောင်းဖြူတွေလေ”
မိကျောင်းဖြူတွေတဲ့လား။ ထန်ရှုသည် မြောင်ဝမ်တန်အား အဖြေရှာဟန်ဖြင့် ကြည့်လိုက်ကာ မေးလိုက်သည်။
“အဲဒီ မိကျောင်းဖြူတွေက စွမ်းအားကြီးလို့လား။ အဆင့်မြင့်လို့လား”
အင်မော်တယ် ကမ္ဘာမှ သားရဲကောင်များ၏ အဆင့်ခွဲခြားမှုအား သူသိသော်လည်း ကမ္ဘာမြေ၏ သားရဲကောင်များနှင့် ပတ်သက်ပြီး သူသည် ၎င်းတို့၏ အဆင့်ခွဲခြားမှုအား နကန်းတစ်လုံးမျှပင် မသိပါချေ။ မြောင်ဝမ်တန်သည် ပြောလိုက်သည်။
“သူတို့က အဆင့်၂သားရဲတွေ ဖြစ်ပြီးတော့ အလွန်သန်မာကြတယ်။ သူတို့ထဲက တစ်ကောင်ကို ငါယှဉ်နိုင်ပေမဲ့ ၂ကောင် ၃ကောင် ဆိုရင်တော့ အဝေးကို ထွက်ပြေးတာက အကောင်းဆုံး ဖြစ်မယ်လို့ ငါ ထင်ခဲ့တယ်”
“ကမ္ဘာမြေရဲ့ သားရဲကောင် အဆင့်ကို ကျွန်တော့်ကို ရှင်းပြပေးပါလား”
“မင်းမသိဘူးပေါ့” မြောင်ဝမ်တန်သည် အံ့အားသင့်စွာ ပြောလေသည်။ ထန်ရှု ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“ကျွန်တော် ရှင်းရှင်းလင်းလင်း မသိပါဘူး”
မြောင်ဝမ်တန်မှ ပြောလိုက်သည်။
“ကမ္ဘာမြေရဲ့ သားရဲကောင်တွေကို ၃မျိုးခွဲထားတယ်။ သူတို့ရဲ့အမြန်နှုန်း၊ ခွန်အားနဲ့ ဉာဏ်ပညာတို့အပေါ် မူတည်ပြီး ခွဲခြားတယ်။ ခွန်အားနဲ့ အမြန်နှုန်း ကြီးမားပေမဲ့ စိတ်ဝိညာဉ်အသိ ပွင့်ရုံလေးပဲ ရှိသေးရင် အဆင့်၁သားရဲ။ ကလေးတစ်ယောက်ရဲ့ ၇နှစ် ၈နှစ်အရွယ် ဉာဏ်ရည်မျိုးရှိပြီး အဆင့်၁သားရဲ ၁၀ကောင်ကို လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ရင် အဆင့်၁သားရဲ။ အဆင့်၃ သားရဲတွေကတော့ ရင့်ကျက်တဲ့ စိတ်ဝိညာဉ် အသိဉာဏ်မျိုး ရှိပြီး ချောက်ချားစရာ ကောင်းလောက်အောင် တိုက်ခိုက်နိုင်စွမ်းနဲ့ အလွန့်အလွန် သန်မာတဲ့ ခွန်အားတွေ ရှိပြီးတော့ အလွန်ရှားပါးတဲ့ တည်ရှိမှုမျိုးပဲ။ ငါနဲ့ အစ်ကိုရှောင် အတူတကွ တိုက်ခိုက်ရင်တောင်မှ အဆင့်၃သားရဲကို မတိုက်နိုင်ဘူး။ ငါ တစ်ခါမှတော့ အဆင့်၃ သားရဲနဲ့တော့ မကြုံဖူးသေးဘူး။ အဆင့်၂ သားရဲနဲ့တော့ ၂ကြိမ် နဖူးတွေ့ဒူးတွေ့ ကြုံဖူးတယ်။ ငါ့ကျင့်ကြံခြင်းက မမြင့်သေးတော့ အဲလို အခြေအနေမျိုး ၂ခုနဲ့သာ ကြုံတွေ့ရင် ပြေးဖို့ပဲ တတ်နိုင်တယ်”
တာအိုဘုန်းကြီး ဇီယီသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“အဆင့်၄ သားရဲတွေလည်း ရှိတယ်။ ရှေးစာအုပ်တွေထဲမှာ ရေးထားတာ ငါဖတ်ဖူးတယ်။ သူတို့ကိုတော့ မကောင်းဆိုးဝါး သားရဲကောင်တွေလို့ ခေါ်ကြတယ်။ သူတို့ရဲ့ခွန်အားနဲ့ အမြန်နှုန်းတင် ကြောက်စရာကောင်းတာ မဟုတ်ဘူး။ သူတို့က သဘာဝစွမ်းအားကို ထိန်းချုပ်နိုင်ပြီး မှော်စွမ်းအားတွေ ကျိန်စာတွေ ပြုလုပ်နိုင်ကြတယ်”
“အဲဒါ တကယ်ရှိတာလား”
အံ့သြထိတ်လန့် တုန်လှုပ်စွာဖြင့် မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့ မေးလိုက်ကြသည်။
တာအိုဘုန်းကြီးဇီယီ ပြောလိုက်သည်။
“ရှိတယ်”
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော် နားလည်ပြီ။ ကျွန်တော်တို့ သတိကြီးစွာ ထားပြီး ဘေးကင်းဖို့ကို အဓိက ထားရမယ်။ မိကျောင်းဖြူ ပေါ်လာတာနဲ့ မီတာတစ်သောင်း ကမ်းရိုးတန်းတစ်လျှောက် ဘယ်ဘက်ကို ချက်ချင်း ဦးဆောင် ခေါ်သွားရမယ်။ အဲဒီမှာ ကျွန်တော် အစီအရင်တစ်ခု လုပ်ထားပြီးပြီဆိုတော့ သူ့ကို အမဲလိုက်ပြီး သတ်ဖြတ်ရတာ ပိုလွယ်လိမ့်မယ်”
“ဒါ ကောင်းတယ်” သုံးယောက်သား ပျော်သွားကြသည်။
၁၀မိနစ်ကြာသော် ထန်ရှုနှင့် ကျန်သော ၃ယောက်တို့၏ အမူအရာသည် ပြောင်းသွားကြသည်။ သူတို့ဆီ ဦးတည်ကာ ပင်လယ်ပြင်မှ လာနေသော မိကျောင်းဖြူ အရေအတွက်သည် အကောင်၂၀ မကသောကြောင့် ဖြစ်သည်။ ထိုမိကျောင်းဖြူများသည် နှင်းကဲ့သို့ ဖြူဖွေးနေသော ကိုယ်လုံးအရောင်ရှိပြီး သာမန်မိကျောင်းများထက် အဆအနည်းငယ် ကြီးမားသည်။
“သားရဲကောင် အရေအတွက်က အရမ်းများလွန်းတယ်။ ငါတို့ အချိန်ဆွဲပြီး သူတို့ကို အခက်တွေ့အောင် မလုပ်နိုင်ဘူး။ ထန်ရှု စီစဉ်ထားတဲ့ အစီအရင်ဆီကို သူတို့ အမြန်ရောက်အောင် ထောင်ချောက်ဆင်ရမယ်”
တာအိုဘုန်းကြီးဇီယီ အလေးအနက် ပြောလိုက်သည်။ ရှောင်မင်ကျန်းသည် လေးမှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ တရှိန်ထိုးပြေးသွားကာ မိကျောင်းဖြူများအရှေ့ ၁၀မီတာအကွာတွင် ရပ်လိုက်သည်။ သူ၏လက်ထဲမှ ဓားရှည်သည် လျင်မြန်စွာ လှုပ်ရှားသွားကာ ရှေ့ဆုံးမှ မိကျောင်းဖြူအား ခုတ်ပိုင်းလိုက်သည်။
“ဘန်း”
ထိုမိကျောင်းသည် ရှောင်မင်ကျန်းအာ သတိထားမိနေပြီ ဖြစ်သောကြောင့် ရေအောက်သို့ လျင်မြန်စွာ ငုတ်လျှိုးကာ ဓားချက်အား ရှောင်ရန် ကြိုးစားလိုက်သည်။ သို့သော် ရှောင်မင်ကျန်း၏ ဓားချက်သည် လွန်စွာမြန်ဆန် လှသောကြောင့် ပင်လယ်ရေ မျက်နှာပြင်အား ပိုင်းဖြတ်သွားကာ ထိုမိကျောင်း၏ကျောသို့ ထိသွားလေတော့သည်။ ရှောင်မင်ကျန်းသည် သူ၏ အကောင်းဆုံး ဓားချက်အား ထုတ်သုံးသည့်တိုင် သူ၏ လက်ကောက်ဝတ်သည် ထုံကျင်သွားပြီး မိကျောင်းဖြူ၏ အကြေးခွံများကိုသာ ထိမှန်ခဲ့သဖြင့် ဒဏ်ရာအနည်းငယ်သာ ရ၍ မသတ်နိုင်ခဲ့ချေ။ တစ်ချိန်တည်းမှာပင် အကောင်၂၀ထက်ပိုသော မိကျောင်းများသည် ရှောင်မင်ကျန်းဆီ ဦးတည်ကာ ရောက်လာပြီး သူ့အား ဝိုင်းလိုက်ကြသည်။
“ပြေး”
ရှောင်မင်ကျန်းသည် ဆက်လက် မတိုက်ခိုက်တော့ဘဲ ချက်ချင်း နောက်သို့ပြန်လှည့်ကာ လျင်မြန်စွာ ပြေးတော့သည်။ ထန်ရှုသည် အဆောင်စာရွက် တစ်ရွက်အား သူ၏လက်ထဲတွင် ကိုင်ဆောင်ထားကာ မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ပြေးလိုက်သည်။ ရှောင်မင်ကျန်း ကမ်းခြေဘက် ပြန်လှည့်ပြေးသော အချိန်တွင် သူ၏ လက်မောင်းမှတဆင့် ကြယ်စွမ်းအားအား အဆောင်စာရွက်တွင် ပေါင်းထည့်လိုက်ပြီး ချက်ချင်း လွှတ်လိုက်သည်။ ကန့်သတ်ထားသော အလင်းတန်းသည် ရုတ်ခြည်းပင် ၁၀မီတာအကွာတွင် ပေါ်လာပြီး လျင်မြန်စွာပင် ပျံ့နှံ့သွားကာ နောက်မှ လိုက်လာသော မိကျောင်းဖြူ အနည်းငယ်အား ထိမှန်သွားလေသည်။
“ဖောက် ... ဖောက် ... ဖောက်”
ထိုမိကျောင်းဖြူများ၏ အကြေးခွံများသည် အလင်းတန်းကြောင့် စုတ်ပြဲသွားကာ နာကျင်မှုကြောင့် သနားဖွယ်ရာ အော်မြည်သံများပင် ထွက်ပေါ်လာရသည်။ တစ်ချိန်တည်းမှာပင် အလင်းတန်း အချို့သည် ပင်လယ်ရေ မျက်နှာပြင်အား ရိုက်ခတ်သွားပြီး မိကျောင်းဖြူ အနည်းငယ်အား တောင့်တင်းသွားစေကာ ၎င်းတို့၏ အရှိန်များအား လျော့ကျသွားစေသည်။
“အလင်းတန်း သင်္ကေတလား”
ရှောင်မင်ကျန်းနှင့် ကျန်သည့်၂ယောက်သည် ထန်ရှုအား ကြည့်ကာ ကြက်သေ သေသွားကြသည်။ သူတို့သည် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် လျှောက်နေကြသူများ ဖြစ်သော်လည်း ထိုကဲ့သို့ မှော်သင်္ကေတများအား မဆွဲနိုင်ရုံသာမက ဒဏ္ဍာရီလာ အလင်းတန်း သင်္ကေတကိုလည်း မထုတ်လွှတ်နိုင်ကြပေ။
“ငေးမနေကြနဲ့တော့။ အဲဒီမိကျောင်းဖြူတွေ ဒေါသထွက်နေကြပြီ။ သူတို့ကို ကျွန်တော် စီရင်ထားတဲ့ အစီအရင်ထဲ အမြန်ခေါ်သွားကြတော့”
ထန်ရှသည် အလျင်စလို နောက်ပြန်ဆုတ်လာပြီး ကမ်းရိုးတန်း၏ ဘယ်ဘက်ဆီသို့ ပြေးတော့သည်။
၁၀မိနစ်အတွင်း ...
လေးယောက်စလုံးသည် အားစိုက်ထုတ်ကာ အလျင်အမြန် ပြေးလိုက်ရသည်။ မီတာ၁သောင်း သတ်ဖြတ်ခြင်း မှော်အစီအရင် အတွင်းသို့ မိကျောင်းဖြူ ၂၄ကောင် ချဉ်းကပ်လာစဉ်မှာတော့ ထန်ရှုသည် အစီအရင်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်ရင်း လေးနက်သော အသံဖြင့် အော်ပြောလိုက်သည်။
“ခင်ဗျားတို့၃ယောက် ကျွန်တော်လှမ်းသွားတဲ့ ခြေလှမ်းပုံစံအတိုင်း ဂရုစိုက်ပြီး အမြန်လိုက်ခဲ့ကြပါ”
“ အိုကေ”
သူတို့၃ယောက်သည် ထန်ရှုစီရင်ထားသော အစီအရင်အား မသိကြသော်လည်း သူတို့သည် လစ်လျူမရဲဘဲ ထန်ရှု ညွှန်ကြားသည့်အတိုင်း နောက်မှ လိုက်လာကာ သတ်ဖြတ်ခြင်း မှော်အစီအရင်ထဲသို့ ဝင်လာကြသည်။
မိကျောင်းဖြူ ၂၄ကောင်သည် ပင်လယ်ပြင်မှ အလွန်လျင်မြန်စွာဖြင့် တွားသွား လိုက်လာကြသည်။ ထိုအမြန်နှုန်းသည် သာမန်လူ တစ်ယောက်ထက် အဆပေါင်းများစွာ မြန်ဆန်လေသည်။ အသက်ရှူချိန် အနည်းငယ်အတွင်း ၎င်းတို့သည် အစီအရင်အတွင်းသို့ ရောက်ရှိလာကြသည်။
သတ်ဖြတ်ခြင်း မှော်အစီအရင် အတွင်းတွင် ထန်ရှုသည် ကျန်၃ယောက်အား အစီအရင်အတွင်း၌ ရွေ့လျားရမည့် အခြေခံကျဆုံး လမ်းကြောင်းများအား ရှင်းပြပြီးနောက် အစီအရင်၏ အူတိုင်နေရာသို့ တစ်ယောက်တည်း ဝင်သွားကာ ပုန်းနေလိုက်သည်။ သူ၏ခွန်အားသည် ၂ဆခန့် တိုးပွားလာသော်လည်း အဆင့်၂သားရဲများနှင့် မတိုက်ခိုက်နိုင်သေးချေ။ သူ၏အလင်းတန်း အစီအရင်အား အသုံးမပြုဘဲ တိုက်ခိုက်ပါလျှင် သူ၏အသက်အား ပေးရလိမ့်မည် ဖြစ်သည်။
ထန်ရှာသည် အူတိုင်နေရာတွင် ရှိနေသောကြောင့် မိကျောင်းဖြူများသည် ဦးဆောင်သူ မရှိဘဲ နေရာအနှံ့သို့ ဖြန့်ကျက်သွားသည်ကို ကြည့်ကာ နှုတ်ခမ်းတစ်ချက် တွန့်လိုက်သည်။ သူ၏နေရာမှ ကြည့်ပါက အစီအရင်အတွင်းရှိ အရာအားလုံးအား ရှင်းလင်းစွာ မြင်နေရသော်လည်း အခြားသူများမှာမူ မမြင်နိုင်ကြချေ။
ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့၏ တိုက်ခိုက်ရေး စွမ်းရည်သည် အလွန်အံံ့သြစရာ ကောင်းသော်လည်း ထန်ရှု၏ မျက်လုံးအတွင်းတွင် သူတို့၏ လှုပ်ရှားမှုများသည် အကြမ်းဆန်ကာ မည်သည့် တိုက်ခိုက် နည်းစနစ်ကိုမျှ မသိဘဲ တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။ သို့သော် သူတို့၏ ကျင့်ကြံမှုအရ ခွန်အားသည် အလွန်တိုးမြင့် လာခဲ့သည်။ သူတို့နှစ်ယောက်သည် သတ်ဖြတ်ခြင်း မှော်အစီအရင်၏ သဘောသဘာဝအား သိပြီး ထန်ရှု ညွှန်ကြားထားသည့်အတိုင်း လှုပ်ရှားမှုများ ပြုလုပ်လျက် မိကျောင်းဖြူ တစ်ကောင်အား အတူတကွ ပူူးပေါင်းကာ အဆက်မပြတ် တိုက်ခိုက်နေသည်။ ထို့ကြောင့် သူတို့သည် သတ်ဖြတ်ခြင်း မှော်အစီအရင်၏ သတ်ဖြတ်မှုများအား ကံမကောင်းသော မိကျောင်းဖြူများကဲ့သို့ အထိမခံရပေ။
သတ်ဖြတ်ခြင်း မှော်အစီအရင် အတွင်းတွင် အလင်းတန်းဓားချက်များသည် လေထုထဲတွင် ပေါ်ပေါက်လျက် မိကျောင်းဖြူများအား ဒဏ်ရာများ ဖြစ်ပေါ်စေသည်။
ဘန်း ... ဘန်း ... ဘန်း ...
တာအိုဘုန်းတော်ကြီး ဇီယီသည် သူ၏ဖုန်တံအား အဆက်မပြတ် ဝှေ့ယမ်းလျက် ရှိပြီး သူ၏ ရိုက်ချက်တိုင်းသည် မိကျောင်းဖြူအား ထိမှန်သဖြင့် တဘန်းဘန်း အသံများပင် ကြားနေရသည်။ သိသာထင်ရှားစွာပင် ဆရာတော်၏ ရိုက်ချက်သည် စွမ်းအားပြင်းထန်လှသည်။
တစ်နာရီကြာသော် ...
မိကျောင်းဖြူ ၂၄ကောင်စလုံး သေနေပြီဖြစ်သကဲ့သို့ ရှောင်မင်ကျန်း၊ မြောင်ဝမ်တန်နှင့် ဆရာတော်တို့တွင်လည်း မပြင်းထန်သော ဒဏ်ရာအနည်းငယ်စီ ရသွားကြသည်။ မိကျောင်းများ၏ သေနေပုံအား ကြည့်ပြီး ထန်ရှုသည် သတ်ဖြတ်ခြင်း မှော်အစီအရင်အား ရုတ်သိမ်းလိုက်သည်။ သူတို့၏ သဘောတူညီချက် ရှိထားသောကြောင့် ကျေနပ်နှစ်သိမ့်သော အပြုံးသည် သူ၏မျက်နှာထက်တွင် ပေါ်ပေါက်လာလေသည်။ သားရဲ၂၄ကောင်အား အညီအမျှ ခွဲဝေယူပါက သူသည် အဆင့်၂သားရဲ ၆ကောင် ရရှိမည်ဖြစ်ပြီး အဆင့်၂ သားရဲတစ်ကောင်သည် အရေပြား သန်မာခြင်း နှောင်းပိုင်းအဆင့် ချိုးဖောက်ရန် အကူအညီ ပေးပေလိမ့်မည်။ ကျန်၅ကောင်သည် အရေပြားနှင့် အရိုးပြောင်းလဲခြင်းသို့ သွားရောက်နိုင်ရန် လုံလောက်ပေလိမ့်မည်။
***