← Chapters

နွေးထွေး ဂရုစိုက်သော အမေတစ်ယောက်

Vol. 03 Ch. 105

နွေးထွေး ဂရုစိုက်သော အမေတစ်ယောက်

Vol. 03 Ch. 105

“ဒကာလေးထန် ...  ငါတို့ အတော် ကံကောင်းတာပဲ။ ဒီနေရာကို ရောက်လာရုံ ရှိသေးတယ်။ အဆင့်၂ သားရဲတွေ ရလိုက်တယ်။ ဒီဟာ လုံလောက်ပြီ ထင်တယ်။ ငါတို့ ပြန်ကြမလား”

တာအိုဘုန်းတော်ကြီး ဇီယီသည် နှုတ်ခမ်းထောင့်မှ သွေးများအား သုတ်ကာ ထန်ရှု၏ အရှေ့သို့ သွားလျက် အပြုံးဖြင့် မေးလိုက်သည်။ ထန်ရှု မေးလိုက်သည်။

“ဆရာတော် တန်ဖိုးရှိတဲ့ သားရဲအမြုတေတွေ ရှာဦးမယ် မဟုတ်လား”

ဆရာတော်သည် မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“ငါတို့ တန်ဖိုးရှိတဲ့ သားရဲအမြုတေတွေ ရှာချင်တယ်ဆိုရင် ကျွန်းရဲ့ အနက်ပိုင်းထိ ဝင်ရလိမ့်မယ်။ ဒကာလေးထန် ကျွန်းပေါ်က ဘေးရန်တွေကို ရင်ဆိုင်ရမှာ မကြောက်ဘူးလား”

“ဒါ”

ထန်ရှုသည် တစ်ချက် တွေဝေနေပြီးနောက် တန်ဖိုးရှိတဲ့ သားရဲ အစိတ်အပိုင်းတွေ ရှာရန်ရည်ရွယ်ချက်အား စွန့်လွှတ်လိုက်သည်။ ကျားပေါက် တစ်ကောင်အား ဖမ်းလိုပါက ကျားရဲတွင်းသို့ ဝင်ရမည်ဟူသော ဆိုရိုးစကားပင် ရှိသည် မဟုတ်ပါလော။ လူတစ်ယောက်သည် သေရမည်ကို သိသိကြီးနှင့် ထိုအရာကို ရရန် စိတ်မရှည်နိုင် ဖြစ်နေပါက ထိုသူသည် ဦးနှောက်မရှိသောသူ သို့မဟုတ် အိပ်နေရင်း လမ်းထလျှောက်သော သူသာ ဖြစ်ပေလိမ့်မည်။ ထန်ရှုသည် ဦးနှောက် မရှိသောသူ သို့မဟုတ် အိပ်နေရင်း လမ်းထလျှောက်သော သူတစ်ယောက် မဟုတ်သောကြောင့် သူတတ်နိုင်သော စွမ်းအားထက် ကျော်လွန်နေသော အရာအား ကိုက်ယူစားသုံးခြင်း ပြုလုပ်လိမ့်မည် မဟုတ်ပါချေ။

အနည်းဆုံး ...  သူ ထိုအရာအား ယခုချိန်တွင် ပြုလုပ်လိမ့်မည် မဟုတ်ပါချေ။ တစ်ခဏမျှ တိတ်ဆိတ်နေသော ထန်ရှုသည် အလေးအနက် ပြောလိုက်သည်။

“အဲဒီလို ဆိုမှဖြင့် ကျွန်တော်တို့ အိမ်ပဲ ပြန်ကြတာပေါ့။ အရင်ဆုံး ကျွန်တော်တို့ ဒီမိကျောင်း ၂၄ကောင်ကို သင်္ဘောပေါ် တင်ကြရအောင်”

မြောင်ဝမ်တန်သည် ဒဏ်ရာအနည်းငယ် ရထားသော်လည်း သူသည် စိတ်အားတက်ကြွနေဆဲ ရှိနေသောကြောင့် ထန်ရှုနှင့် ဆရာတော်တို့ စကားများအား ကြားသောအခါ သူသည် အလျင်စလို ပြောလိုက်သည်။

“အိမ်ကို ဒီလိုပဲ ပြန်ကြတော့မှာလား။ ငါတို့ သားရဲ၂၄ကောင် ရထားပေမဲ့လည်း ရောက်ရုံပဲ ရှိသေးတာလေ။ အခုပြန်သွားလိုက်ရင် အတော်ဖြုန်းတီးရာ ကျသွားလိမ့်မယ်။ အစ်ကိုရှောင်နဲ့တောင် ပြောထားသေးတယ်။ ငါတို့ ဒီမှာ ရက်အနည်းငယ်လောက် နေပြီး ထပ်ရှာဦးမလားလို့။ ငါတို့တွေ သတ်နိုင်ပါသေးတယ်” တာအိုဘုန်းတော်ကြီး ဇီယီသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“ဒီမိကျောင်းဖြူတွေကို ရင်ဆိုင်နိုင်တာကိုက ငါတို့ကံကောင်းမှုပဲ။ ဒီနတ်ဆိုး နဂါးပင်လယ်ဧရိယာက အခြားသားရဲတွေ ရှိကောင်းရှိနိုင်ပေမဲ့ အကောင်ရေက အဲလောက် မများဘူး။ ဒီမိကျောင်းဖြူအုပ်စုက အတော်ကြီးကို သန်မာတဲ့ သားရဲတွေ ဖြစ်တာမို့လို့ ဆရာတော် ထင်တာမမှားရင် အခြားသားရဲတွေက ဒီအဖွဲ့ရဲ့သတ်ဖြတ်ခြင်း ဒါမှမဟုတ် မောင်းထုတ်ခြင်းကို ခံရလောက်ပြီးပြီ”

“ဒါ” မြောင်ဝမ်တန် ပြောစရာစကား မဲ့သွားသည်။

ထန်ရှုသာ ထိုသို့ပြောခဲ့ပါက သူ လက်ခံချင်မှ လက်ခံနိုင်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထန်ရှုသည် အရမ်းငယ်သေးကာ အတွေ့အကြုံ နည်းသေးသောကြောင့် ဖြစ်သည်။ သို့သော် တာအိုဘုန်းတော်ကြီး ဇီယီသည် သူ့ထက် အသက်အရွယ် ကြီးသည့်အပြင် များစွာ အတွေ့အကြုံ ရှိသောကြောင့် သူ လေးစားရသော တစ်ယောက် ဖြစ်ပေသည်။ ရှောင်မင်ကျန်းသည် ရယ်မောကာ ပြောလိုက်သည်။

“ဆရာတော် ပြောနေပြီဆိုတော့ ငါတို့ ပြန်ကြတာပေါ့။ ၂၄ကောင် ရထားပြီးဖြစ်လို့ တစ်ယောက်ကို ၆ကောင်ရမယ်။ ဒါကျေနပ်လောက်စရာပါပဲ” မြောင်ဝမ်တန်သည် မပြန်ချင်သေးသောကြောင့် စောဒက တက်လိုက်သည်။

“ဒါပေမဲ့ ငါတို့ အဖိုးတန် အမြုတေ မရသေးဘူးလေ။ ဆရာတော် ပြောတော့ ကျွန်းတွေရဲ့ အနီးနားတစ်ဝိုက်မှာ ရှိနေတယ်ဆို”

တာအိုဘုန်းတော်ကြီး ဇီယီမှ ပြန်ဖြေလိုက်သည်။

“သူတို့ အမှန်တကယ် ရှိပါတယ်။ ဒါပေမဲ့ ဒကာလေးထန်က ဒီကျွန်း၃ကျွန်းပေါ်မှာ နိမိတ်မကောင်းတဲ့ တည်ရှိမှုတစ်ခု ရှိနေတယ်လို့ ခန့်မှန်းမိတယ်။ အဲဒါကြောင့် ဆရာတော် သူ့ရဲ့စကားကို ယုံဖို့ ရွေးချယ်လိုက်တယ်။ ငါတို့ လောဘကြီးလို့ မရဘူး။ လောဘကြီးသူ တစ်ယောက်က လောဘကြောင့် ဘယ်တော့မှ တင်းတိမ်ရောင့်ရဲမှာ မဟုတ်ဘူး”

“အဲဒါဆိုလည်း ပြန်ကြစို့”

မြောင်ဝမ်တန်သည် တကယ်တမ်းအားဖြင့် သဘောမတူညီ ချင်သော်လည်း သူသည် သဘောကြီးသူ တစ်ယောက်အဖြစ် မသတ်မှတ်စေ ချင်သောကြောင့် ပြောလိုက်ရသည်။ သူ၏ရင်ထဲတွင်တော့ သဘောမကျပါချေ။ ငှက်များသည် အစာအတွက် သေရသကဲ့သို့ လူတို့သည်လည်း ချမ်းသာ ကြွယ်ဝမှုအတွက် သေရလိမ့်မည် ဖြစ်သည်။ ကံဆိုးမှုနှင့် အခွင့်အရေးသည် အတူတကွ ယှဉ်တွဲနေသကဲ့သို့ အန္တရာယ်နှင့် ချမ်းသာ ကြွယ်ဝမှုသည်လည်း ထို့အတူပင် ဖြစ်ပေသည်။

၂နာရီကြာပြီးနောက် မိကျောင်းဖြူ ၂၄ကောင်လုံး ကုန်တင်သင်္ဘောပေါ်သို့ တင်ပြီး ဖြစ်တော့သည်။ ထိုမိကျောင်းများအား မြင်ပြီး သင်္ဘောသားအားလုံး အံံ့သြတုန်လှုပ်လျက် ရှိသည်။ သို့သော် မြောင်ဝမ်တန်သည် ထိုသူများနှင့် တံဆိပ်ခေါင်း စာချုပ်ချုပ်ဆိုပြီး ဆုကြေးငွေများ ပေးအပ်ဦးမည်ဟု ပြောထားသောကြောင့် ထိုသူများသည် မည်သည့်အရာကိုမျှ မမြင်မတွေ့ လိုက်သကဲ့သို့ နေကြသည်။

တောင်တရုတ်ပင်လယ်မှ ကျင်းမန်ကျွန်းသို့ အပြန်လမ်းတွင် ထန်ရှုသည် မြောင်ဝမ်တန်နှင့် အခြားသူများအား ကျင်းမန်ကျွန်း၏ ဆေးပင် ဈေးကွက် အခြေအနေအား မေးမြန်းခဲ့ရာ ရရှိလာသော အဖြေသည် သူ့အား အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့် ကျင်းမန်ကျွန်းသို့ ပြန်အရောက်တွင် သူ၏ မိကျောင်းများအား ကြယ်တာရာသို့ တင်ပို့ရန်အတွက် မြောင်ဝမ်တန်အား တောင်းဆိုပြီးနောက် သူသည် ကျင်းမန်ကျွန်း၏ ဆေးပင်ဈေးသို့ လာရောက်ခဲ့သည်။

တောင်တန်းများ၊ မြစ်ချောင်းများနှင့် များပြားလှသော သဘာဝ နေရာများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကမြေကြီးအဖြစ် ဖွံ့ဖြိုး တိုးတက်ရသောကြောင့် မြောက်မြားလှစွာသော ဆေးပင်များသည် မျိုးတုံးပျောက်ကွယ် လာကြသည်။ သို့ပေသော်လည်း ကျင်းမန်ကျွန်းသည် ကွဲပြားခြားနားပြီး ၎င်းသည် ကျွန်းအမြောက်အမြား ရှိသော တောင်တရုတ်ပင်လယ် အနီးတွင် တည်ရှိသည့်အပြင် နှစ်ပေါင်းများစွာ လူသားတို့စီမံချက်နှင့် မထိတွေ့ရသေးသောကြောင့် ပျက်စီးပျောက်ကွယ်မှု မရှိသေးချေ။ ထို့ကြောင့် ထိုနေရာတွင် ဆေးပင် အမြောက်အမြား စိုက်ပျိုးဖြစ်ထွန်းလျက် ရှိနေပါသေးသည်။ စိုက်ပျိုးသူများသည် ရိတ်သိမ်းချိန် တန်သည်နှင့် ထိုဆေးပင်များသည် ကျင်းမန်ကျွန်း၏ ဆေးပင်ဈေးသို့ ဦးစွာ တင်ပို့ကြပေလိမ့်မည်။

ထို့ကြောင့် ကျင်းမန်ကျွန်း၏ ဆေးပင်ဈေးကွက် အရွယ်အစားသည် ပေကျင်းနှင့် ရှန်ဟိုင်းဈေးကွက်ဖြင့် နှိုင်းယှဉ်နိုင်ပေသည်။ ရံဖန်ရံခါ အလွန်အဖိုးတန်သော ဆေးပင်များ ရှိတတ်သောကြောင့် မရေမတွက်နိုင်သော အဝယ်တော်ကြီးများနှင့် ဆေးပင် ကုန်သည်များသည် ဈေးသို့ ရောက်လာတတ်ကြပေသည်။ သန့်ရှင်းသည်။ သပ်ရပ်သည်။

ကျင်းမန်ဆေးပင်ဈေးသို့ ထန်ရှုရောက်သည့် အချိန်တွင် ပထမဆုံး ခံစားရမှုဖြစ်သည်။ စင်ငယ်လေးများသည် ကျယ်ဝန်းသော လမ်း၏ ဘေးတစ်ဖက် တစ်ချက်တွင် တည်ရှိပြီး ပိုင်ရှင်များသည် ဆေးစင်ငယ်လေးများ၏ အနောက်တွင် ရပ်လျက်ရှိကာ ဧည့်သည်တော်များအား နှုတ်ဆက်နေပေသည်။ ထန်ရှုသည် ဆေးပင်ဈေးကွက်၏ အကွက်ချထားပုံအား မြင်တွေ့နိုင်ပြီး အေ၊ ဘီ၊ စီ နှင့် ဒီတို့အဖြစ် ၄ပိုင်း ခွဲခြားထားသည်။

နေရာ အေနှင့် ဘီတို့သည် စင်ငယ်လေးများဖြင့် ရောင်းချသော နေရာဖြစ်ပြီး ဆိုင်ပေါင်း ၁ထောင်ကျော်ခန့်ရှိသည်။ နေရာ စီနှင့် ဒီတို့သည် ဆိုင်ခန်းများဖြင့် ရောင်းချသော နေရာဖြစ်ပြီး ဆိုင်ခန်း ၅၀၀ခန့်သာ ရှိလေသည်။

ထန်ရှု၏ ဘဏ်စာရင်းတွင် ယွမ်သန်း၉၀ ရှိသေးသောကြောင့် များပြားလှသော ပမာဏဖြစ်သော်လည်း သူသည် အဖိုးတန်သော ဆေးပင် အများအပြားအား ဝယ်ချင်လိုသေးသောကြောင့် ထိုပမာဏသည် အမှန်တကယ်အားဖြင့် နည်းသည်ဟု ဆိုနိုင်ပေသေးသည်။ နှစ်၁ထောင်ဂျင်ဆင်းသည် အလွန်ဈေးကြီးသည်ကို သူ တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ အခြားအဖိုးတန် ဆေးပင်များသည်လည်း ထိုနည်းတူစွာ  ဈေးသိပ်ကွာခြားလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ထန်ရှုသည် စင်ငယ်လေးများဖြင့် ရောင်းချသော နေရာဆီသို့ လျှောက်လာခဲ့သည်။ ကြယ်တာရာဆေးပင် ဈေးတွင် သူ လျှောက်ကြည့်ခဲ့စဉ်က သွေးခရုခွံပန်းကဲ့သို့သော အလွန်တန်ဖိုးကြီးသည့် ဆေးပင်အား ထိုနေရာမျိုးမှ ရရှိခဲ့သည် မဟုတ်ပေလား။

သည်တစ်ကြိမ်တွင် ဆေးပင် အများအပြားအား သူ ဝယ်ယူချင်လှသည်။  ရွှေခေါင်းလောင်းဆေးရည်  ဖော်စပ်ရန်အတွက် သာမက စိတ်ဝိညာဉ် စုစည်းခြင်းဆေးလုံး ဖော်စပ်ရန်အတွက် ဆေးပင်များအား စုဆောင်းထားရှိလိုသည်။ ရွှေခေါင်းလောင်း ဆေးရည် သို့မဟုတ် စိတ်ဝိညာဉ် စုစည်းခြင်း ဆေးအတွက် လိုအပ်သော ဆေးပင်များ အားလုံးအား စုဆောင်းရန် ခက်ခဲသည်ကို ထန်ရှု သိသည်။ သို့သော် သူသည် တူညီသော အစွမ်းရှိသည့် ကမ္ဘာမြေရှိ ဆေးပင်များနှင့် အစားထိုးနိုင်သည်။

“ညီငယ်လေး ...  ဆေးပင် ဝယ်ယူဖို့ ဒီနေရာကို လာတာလား”

မုတ်ဆိတ်နှင့် သက်လတ်ပိုင်း လူသည် တွန်းလှည်းတစ်စီးဖြင့် အနားရောက်လာကာ ထန်ရှုအား မေးလိုက်သည်။ ထန်ရှု ပြောလိုက်သည်။

“ဟုတ်ပါတယ်”

မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူသည် ရယ်မောကာ ပြောလိုက်သည်။

“ညီငယ်လေးက ဆေးပင်အများအပြား ဝယ်မှာ မဟုတ်လား။ အဲဒါဆို ငါ့ရဲ့ လှည်းဝန်ဆောင်မှုကို ငှားရင်ရော။ အခကြေးငွေက အလွန်သက်သာပါတယ်”

လှည်း ဟုတ်လား။ ထန်ရှုသည် စိတ်တွင်းမှ ပဟေဠိအချို့ဖြင့် မေးလိုက်မိသည်။ မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူ၏ ရှင်းပြချက်အား နားထောင်ပြီးနောက် လှည်းဝန်ဆောင်မှု ဆိုသည်မှာ ဆေးပင်အများကြီး လာရောက်ဝယ်ယူသော ဧည့်သည်၏နောက်သို့ လှည်းဖြင့် တကောက်ကောက်လိုက်ကာ ဆေးပင်များ သယ်ကာ လှည်းဖြင့် သယ်ဆောင် ပေးခြင်းတို့အား လုပ်ပေးခြင်းဖြစ်သည်။ သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဘယ်လောက်လဲ”

ပျော်ရွှင်သော အမူအရာဖြင့် မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူသည် အမြန် ပြောလိုက်သည်။

“ဆေးပင်လှည်းတစ်စီးစာ ဝယ်မည်ဆိုရင်၂နာရီကို ယွမ်၁၀၀ပါ။ ၅နာရီကို ယွမ်၂၀၀ပါ။ တစ်စီးမက ဝယ်မယ်ဆိုရင်တော့ တစ်နေ့လုံးစာ အထူးဝန်ဆောင်မှုကို ယွမ်၅၀၀နဲ့ ယူဖို့ အစ်ကို အကြံပေးချင်တယ်”

ထန်ရှု ခဏမျှ အံ့သြသွားပြီးနောက် မေးလိုက်သည်။

“ခင်ဗျား ဒီဆေးပင်ဈေးကို အကျွမ်းတဝင် ရှိတယ် မဟုတ်လား”

မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူသည် ရယ်ကာ ပြောလိုက်သည်။

“ဒါပေါ့ … ငါ ဒီဈေးကို အရမ်း ကျွမ်းတယ်။ ဒီမှာ လှည်းဝန်ဆောင်မှု လုပ်ခဲ့တာ ၈နှစ်ကျော်ပြီပေါ့။ အဲဒါကြောင့် ဘယ်ဆေးဆိုင်မှာ ဆေးပင်ကောင်းတွေ ရှိပြီး ဘယ်ဆိုင်မှာ မရှိဘူးဆိုတာ ကောင်းကောင်းကြီး သိတယ်။ နောက်ပြီး ဘယ်ဆိုင်မှာ ရှားပါးဆေးပင်တွေ ရှိတယ်ဆိုတာကိုပါ သိတော့  ဆေးပင် ဈေးကွက်အကြောင်း ရှင်းပြပြီး လမ်းညွှန်တာပါ လုပ်ပေးဦးမယ်” ထန်ရှု ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ယွမ်၁၀၀၀ ပေးမယ်။ ဒီနေ့တစ်နေ့စာ ကျွန်တော့်ရဲ့ လှည်းအဖြစ် ဝန်ဆောင်မှု ပေးပါ”

၂ဆတောင်လား။ မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူသည် ပိုမိုပျော်ရွှင်သွားကာ ပိုမိုလေးစားသည့် ဟန်အသွင် ဖြစ်သွားပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ညီငယ်လေးက လူကောင်းလေး တစ်ဦးပဲ။ ငါ ကျောက်တာကျွမ်း သေချာပေါက် ညီငယ်လေး ကုန်ကျတာနဲ့ တန်အောင် လုပ်ပေးမယ်။ ဘယ်ဆေးပင်တွေ လိုချင်တာလဲ။ ညီငယ်လေး ပြောတာနဲ့ အဲဒါရှိတဲ့ နေရာကို အချိန်မကုန်စေရဘဲ ခေါ်သွားပေးမယ်” ထန်ရှုသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“ခင်ဗျား အရင် ကျွန်တော်နဲ့ အဖော်လိုက်ပေးပါ။ ကျွန်တော် လိုချင်တဲ့ဆေးပင် ရှာမတွေ့တော့မှ ခင်ဗျား ကျွန်တော့်ကို လမ်းပြပါ”

“အိုကေ” မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူသည် ပျော်ရွှင်စွာ နာခံလိုက်သည်။

၂နာရီကြာပြီးနောက် ထန်ရှုသည် ရွှေခေါင်းလောင်း ဆေးဖော်စပ်ရန်အတွက် လိုအပ်သော ဆေးပင်များအား ဝယ်ယူပြီးဖြစ်ပြီး တစ်ခုစီအား ၁၀ဆမက ဝယ်ယူလာခြင်း ဖြစ်သည်။ လှည်းလေးပေါ်တွင်  ဆေးပင်များသည် ပြည့်လုပြည့်ခင်ပင် ဖြစ်နေတော့သည်။

“ဟင်”

ထန်ရှုသည် နောက်ဆုံး ဝယ်ယူမှုအား လက်စသတ်လိုက်ပြီး စိတ်ဝိညာဉ် စုစည်းခြင်း ဆေးလုံးအတွက် ဝယ်ယူရန် ဟန်ပြင်လိုက်စဉ်တွင် သူသည် စင်ငယ်လေးများ နေရာနှင့် ဆိုင်ခန်းများ၏ အလယ်ကွက်လပ်တွင် လူများ ဝိုင်းအုံနေသည်ကို တွေ့လိုက်ရလေသည်။ မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူသည် ထန်ရှု ကြည့်နေရာဘက်သို့ လိုက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ယမ်းကာ မချိပြုံး ပြုံးလျက် ပြောလိုက်သည်။

“အသက်၁၀၀ရှိတဲ့ မိခင်က သားသမီး အယောက်၈၀ကို ကြီးပြင်းလာအောင် အမြဲ လုပ်နိုင်တယ်။ အမေဆိုတာ သေချာပေါက် ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး လူသား တစ်ယောက်ပါပဲ။ ဒီတစ်ခေါက်နဲ့ဆို ဘယ်နှကြိမ်ရှိပြီလဲ။ ၁၆ကြိမ်များလား” ထန်ရှု မေးလိုက်သည်။

“အဲဒါ ဘာကို ဆိုလိုတာလဲ”

မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူမှ ပြောပြသည်။

“လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သားအမိ၂ယောက်က ဒီဈေးကို လာခဲ့တယ်။ အမေက အသက်၄၀ရှိပြီး သမီးဖြစ်သူက အရမ်းငယ်ပြီး အတော် သနားစရာလည်း ကောင်းတယ်။ ကလေးမလေးက အလွန်ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားနေရပြီး အမြဲ နာကျင်နေရတယ်။ သမီးဖြစ်သူရဲ့ ရောဂါကို ကုသဖို့ အမေဖြစ်သူက နိုင်ငံရဲ့ မြို့တော်တော်များများကို သွားပြီး ကျော်ကြားတဲ့ သမားတော်တွေကို နေရာအနှံ့ ရှာဖွေခဲ့တယ်။ အနောက်တိုင်း ဆရာဝန် အရှေ့တိုင်း သမားတော်တွေ စုံနေခဲ့ပေမဲ့လည်း ဘယ်သူမှ ကလေးမလေးရဲ့ ရောဂါကို မကုနိုင်ကြဘူး”

“အဲဒီ၂နှစ်အတွင်း သူမက ဒီနေရာလေးကို လာပြီးတော့ ရောဂါကုသဖို့ သမားတော်တွေနဲ့ ဆွေးနွေးတယ်။ သူ့သမီးရောဂါကို ကုသနိုင်ရင် မိသားစုပိုင်ဆိုင်သမျှ ပေးမယ်လို့လည်း ကြေညာခဲ့တယ်”

“၂နှစ်ကျော်သွားပြီးတော့ သမီးရောဂါကို ကုနိုင်တဲ့ ဆရာဝန်ကို မရှာနိုင်ရုံသာ မကဘူး … ရှိတဲ့ပိုက်ဆံတွေလည်း တတိတိနဲ့ ကုန်လာလိုက်တာ ငွေတစ်သန်းတောင် ရှိသွားရော့မယ်။ ပြီးခဲ့တဲ့၂လက ဒီနေရာလေးမှာ ဖွင့်နေခဲ့တယ်။ အခုလောက်ဆိုရင် သူမမှာ ပိုက်ဆံ သိပ်မရှိလောက်တော့ဘူး”

ထန်ရှုသည် မုတ်ဆိတ်နှင့် သက်လတ်ပိုင်းလူ၏ စကားအား နားထောင်ပြီးနောက် တွေဝေ မိန်းမောသွားခဲ့ပြီး သူ၏ရင်ထဲတွင်လည်း စိတ်မကောင်းမှု၊ ဝမ်းနည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဂရုတစိုက် ချစ်ခင်တတ်သော မိခင်တစ်ယောက်၏ လက်များသည် သူ၏ ဂျာကင် အနားသားတစ်လျှောက် ရွေ့လျား ဆွဲဆန့်ပေးနေပြီး သူ မထွက်ခွာခင် ကြယ်သီးများ တပ်ပေးကာ အိမ်ပြန် နောက်မကျစေရန် သတိပေးနေမှုများအား  မြင်ယောင်လာသည်။ အမေများသည် အမှန်ပင် ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး လူသားများ ဖြစ်ကြပေသည်။

အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းတစ်သောင်း နေခဲ့စဉ်က သူ အလွမ်းဆွတ်ရဆုံး သူသည် သူ၏မိခင် ဖြစ်သည်။ သူ၏နှုတ်ဖျားမှ အမေဟုပင် မပြောနိုင်သကဲ့သို့ သူ၏လက်ဝါးထဲတွင် ဆုပ်ကိုင်ထားခဲ့ရသော အရာဖြစ်ခဲ့သည်။ ချက်ချင်းပင် သူ၏သွင်ပြင်သည် လှုပ်ရှားလာသည်။

“အဲဒီကို သွားပြီး တစ်ချက် ကြည့်ရအောင်”

ထန်ရှုသည် စကားဆုံးသည်နှင့် ထိုနေရာသို့ အပြေးသွားလိုက်သည်။ စတုန်ရန်းကျကျ အလယ်ဗဟိုတွင် မီတာဝက်ခန့်မြင့်သော စင်မြင့်တစ်ခုအား တည်ဆောက်ထားပြီး အနည်းငယ်သော ဈေး၏လုံခြုံရေး အစောင့်များသည် ထိုနေရာအား ထိန်းသိန်းပေးနေကြသည်။ စင်မြင့်၏ အလယ်ရှိ တစ်ယောက် အိပ်ရာလေးပေါ်တွင် မိန်းကလေးငယ်လေး တစ်ဦးသည် တွန့်လိန်ကာ ဆတ်ဆတ်တုန်နေသည်။

ကျက်သရေရှိလှသော သက်လတ်ပိုင်း အမျိုးသမီးသည် အိပ်ရာဘေးတွင် ရှိကာ ဝမ်းနည်းကြေကွဲနေသော မျက်နှာဖြင့် ရှိနေပြီး လူအုပ်ကြီးဘက်သို့ မျှော်လင့်ချက် အကြည့်ဖြင့် လှမ်း လှမ်း ကြည့်နေသည်။

“လူကြီးမင်းတို့ ...  ကျွန်မမှာ ယွမ်၃သိန်း ကျန်ပါတယ်။ ကျွန်မသမီးလေးကို ကုသပေးနိုင်တဲ့ မည်သူမဆို  တောင်းပန်ပါတယ်။ ကျွန်မမှာ ရှိတဲ့ ပိုင်ဆိုင်သမျှတွေ ပေးပါမယ်။ သမီးလေးက ငယ်ပါသေးတယ်ရှင်။ ကျင်းမန်ဆေးပင် ဈေးမှာရှိတဲ့ သမားတော်တွေကို ကျေးဇူးပြုပြီး ကျွန်မ တောင်းဆိုပါရစေရှင်”

***

All Chapters