← Chapters

လူတစ်ယောက်အား ကယ်တင်ခြင်း

Vol. 03 Ch. 106

လူတစ်ယောက်အား ကယ်တင်ခြင်း

Vol. 03 Ch. 106

တရုတ်တိုင်းရင်း ဆေးပညာသည် တိုင်းပြည်၏ အချုပ်နှင့် အသိပညာတို့၏အဆီအနှစ်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း၅ထောင်က မျိုးဆက်မျိုးစွာ စုဆောင်းလက်ဆင့် ကမ်းလာခဲ့သော အမွေတစ်ခုဖြစ်သည်။ မြို့တိုင်းတွင် ဆေးပင်ဈေးရှိပြီး တရုတ်တိုင်းရင်းဆေးသမားတော်သည် လူအများနှင့် ရောနှောနေလေ့မရှိဘဲ သီးသန့်နေရသည်ကို ကြိုက်နှစ်သက်သည်။

မုချင်းဖျင်သည် ထိုအချက်အား ခိုင်မာစွာ ယုံကြည်သည်။ နေရာတိုင်းမှ သမားတော်များသည်  ဈေးသို့ အလည်လာရောက်လေ့ရှိသဖြင့် သူမသည် မြို့များ၏ဆေးပင်ဈေးသို့ သမီးဖြစ်သူအား ခေါ်ဆောင်ကာ  စင်မြင့်တစ်ခု တည်ဆောက်ပြီး မရေမတွက်နိုင်သော လူများကြားမှ သမီးဖြစ်သူ၏ရောဂါဆန်းအား ကုသပေးနိုင်မည့် သမားတော် တစ်ယောက်အား တွေ့ရန် မျှော်လင့်မိပေသည်။

ဆိုရိုးရှိသည့်အတိုင်း ရောဂါကုသ ကြေးငွေသည် သမားတော်အား ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ ထင်မိပေသည်။ မုချင်းဖျင်သည် ဆေးပင်ဈေးသို့ လာရောက်သည့် အကြိမ်များတွင် ဈေးအုပ်ချုပ်ရေးပိုင်းသည် လူအနည်းငယ် စေလွှတ်ကာ စင်မြင့်ဆောက်ရန် စီစဉ်ပေးလိမ့်မည်။ လူအများသည် စင်မြင့်ပတ်လည်တွင် ဝန်းရံလာသည့်အခါ သူမ သမီးအတွက် ဆွေးနွေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်ပါလိမ့်မည်။

“ကျွန်တော် ကြိုးစားကြည့်မယ်”

ထန်ရှု ရောက်သည့်အခါ လူအုပ်ကြီးအား တိုးဝှေ့ကာ ရှေ့သို့သွားလိုက်ပြီး စင်မြင့်ပေါ်သို့ တက်ရန်ပြင်လိုက်သည်။

“ဟေ့ ... ငါ အရင်လာတာကွ။ ပြီးတော့ မင်းက ငယ်ပါသေးတယ်။ ဒီအဖြစ်အပျက်ကို အသုံးချပြီးတော့ နာမည်ရဖို့ မလုပ်ချင်စမ်းပါနဲ့။ မင်းရနိုင်တာ မရှိဘူး”

တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်သည် ထန်ရှုအား အေးစက်စွာ ကြည့်လိုက်ပြီး စင်မြင့်ထက်သို့ တက်လိုက်သည်။

ထန်ရှုသည် မျက်ခုံးအစုံသည် တွန့်ချိုးသွားပြီး သူသည် ဘာမျှ ပြန်မပြောဘဲ လူအုပ်ကြီးရှေ့တွင် ရပ်နေဆဲပင်ရှိသေးသည်။

စင်မြင့်ပေါ်တွင် ...

မုချင်းဖျင်သည် မျှော်လင့်ချက်များ ပါဝင်သော အကြည့်တို့နှင့်အတူ တလေးတစား မေးလိုက်သည်။

“နာမည် ဘယ်လိုခေါ်ပါသလဲ”

“ချူဂေါင်ရှုံး”

“ဟယ်လို ဒေါက်တာချူ။ ကျွန်မသမီးလေးကို လာရောက် ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဟာလေး တစ်ချက်လောက် ကြည့်မလားရှင့်။ ဒီဟာတွေက ရောဂါအကြောင်းဖော်ပြချက်တွေအပါအဝင် နှစ်အားလုံးအတွက် စမ်းသပ်ချက် အစီရင်ခံစာတွေ ဖြစ်ပါတယ်”

“ငါ့ကို ပြပါ”

ချူဂေါင်ရှုံးသည် ခေါင်းညိတ်လိုက်သည်။ သူသည် ရောဂါစမ်းသပ်ထားသော ဖိုင်တစ်ထပ်ကြီးအား ယူကာ ဂရုတစိုက် မိနစ်အနည်းငယ် ကြာအောင် ဖတ်လိုက်ပြီးနောက် သူ၏ မျက်ခုံးတို့သည် တွန့်ချိုးသွားတော့သည်။ ထို့နောက် သူသည် လျှောက်လာက အိပ်ရာဘေးတွင် ထိုင်ချလိုက်ပြီး မိန်းကလေး၏ လက်ကောက်ဝတ်အား ယူလိုက်သည်။

သည်ဟာသည် လူနာတစ်ယောက်၏ အခြေအနေအား စစ်ဆေးသော တရုတ်တိုင်းရင်း ဆေးပညာနည်း ဖြစ်သည်။

ချူဂေါင်ရှုံးသည် မိန်းကလေး၏ သွေးခုန်နှုန်းအား တစ်မိနစ်ကျော် ကြာအောင် စမ်းသပ်လိုက်ပြီးနောက် သူ၏ခေါင်းအား ယမ်းလိုက်ပြီး အားယူပြုံးကာ သက်ပြင်းများလည်း ချလျက် …

“ငါ ဆေးလောကမှာ ကျင်လည်ခဲ့တာ ၁၀နှစ်ကျော်ခဲ့ပြီး မရေတွက်နိုင်တဲ့ ဖြစ်ရပ်တွေလည်း မြင်ဖူးခဲ့ပြီ။ ဒါပေမဲ့ ဒီလို အခြေအနေမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ကလေးမရဲ့ ကိုယ်တွင်းက ရှည်လျားပြီး ပရမ်းပတာ ဖြစ်နေတဲ့ မရီဒျာန်တွေနဲ့ အရမ်းအေးစက်နေလို့ သာမန်လူနဲ့ အနည်းငယ် ကွဲပြားတယ်။ အရေးကြီးဆုံး အချက်က သူမရဲ့ သွေးကြောတွေပဲ။ ကလေးမရဲ့ သွေးခုန်နှုန်းနဲ့ လက်မောင်းကို ငါ စစ်ဆေးကြည့်တဲ့အခါ ဘေးပတ်လည်မှာ သွေးကြောအများကြီး ဝန်းရံနေတဲ့ အဓိက သွေးကြောမကြီးမှာ အဖုအပိမ့် ၅ခု ရှိနေတာ  သိရှိရတယ်။ ဒီဟာကပဲ သူမကို ပြင်းပြင်းထန်ထန် နာကျင်အောင် ပြုလုပ်နေတယ်လို့ ငါထင်တယ်။ အဲဒါကြောင့် အဓိက ပြသနာက သူမရဲ့မရီဒျာန်နဲ့ သွေးကြောတွေမှာ ဖြစ်နေတာပဲ။ ဘယ်နေရာကို စကုသင့်သလဲဆိုတာ မသိဘဲ သူမကို ကုသဖို့ ငါ့မှာနည်းလမ်း မရှိပါဘူး”

“အိုက်ယား”

မုချင်းဖျင် သက်ပြင်းကိုသာ လေးလေးကြီး ချနေမိတော့သည်။ ထိတ်လန့်ခါးသီးသော ခံစားမှုသည် သူမ၏ ရင်တွင်းထဲတွင် ပိုမို ပြင်းထန်လာခဲ့သည်။ သူမသည် အမြဲတမ်း စိတ်မပျက်ဘဲ ထပ်ကာထပ်ကာ မျှော်လင့်ကြိုးစားခဲ့သည်။ ယခုမူ သူမ၏ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ရာပေါင်းများစွာသော လာရောက် ကြည့်နေသူများသည်လည်း စိတ်ပျက်သွားသော အမူအရာဖြင့် ခေါင်းကို ယမ်းလိုက်သည်။ ဒီလူအုပ်ထဲမှ တစ်ဝက်ခန့်သည် ထိုမြင်ကွင်းအား အနည်းဆုံး တစ်ကြိမ်ခန့် မြင်ဖူးပြီးဖြစ်ပြီး မုချင်းဖျင် စင်မြင့်အား စီစဉ်သည်အား ၁၀ကြိမ်ထက်မက သူတို့တွေ့မြင်ပြီး ဖြစ်သည်။

သူတို့သည် သနားစရာ မိန်းကလေးအတွက် စိတ်မကောင်း ဖြစ်နေကြသည်။ မုချင်းဖျင်ကဲ့သို့ပင် နတ်ဘုရားနှင့်တူသော သမားတော် ရောက်လာပြီး ကုသပေးကာ ထိုမိန်းကလေး၏ နာကျင်မှုအား  ဖြေရှင်းပေးရန် မျှော်လင့်နေကြသည်။ ချူဂေါင်ရှုံးသည် မုချင်းဖျင်အား စိတ်ပျက်သော အမူအရာဖြင့် ကြည့်လိုက်ပြီး တစ်ခဏမျှ တိတ်ဆိတ် နေပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ခင်ဗျားသမီးရဲ့ ထူးဆန်းတဲ့ ရောဂါကို တိကျတဲ့ စမ်းသပ်ချက် လုပ်နိုင်တဲ့ တစ်ယောက်တော့ရှိတယ်။ သူက ကလေးမကို ကုသဖို့  ကြီးကျယ်တဲ့ စွမ်းရည်လည်း ရှိတယ်”

မုချင်းဖျင်၏မျက်လုံးများ အရောင်လက်သွားကာ အလျင်အမြန် မေးလိုက်သည်။

“အဲဒီပြိုင်ဖက်ကင်း သမားတော်က ဘယ်သူလဲ”

ချူဂေါင်ရှုံးသည် ပြောလိုက်သည်။

“သူက ငါ့ဆရာ ကွေ့ကျန်ချုံ”

ထက်ဝက်မျှသော လူများထံမှ ဆူညံသံများ ထွက်ပေါ်လာကာ သူတို့သည် ချူဂေါင်ရှုံးအား မယုံကြည်နိုင်ဟန်ဖြင့် တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။ ပြိုင်ဖက်ကင်း သမားတော် ကွေ့ကျန်ချုံအား  တစ်နိုင်ငံလုံးတွင် မသိသူရှိပါချေ။ ချူဂေါင်ရှုံးဟုခေါ်သော သူတို့ရှေ့တွင် ရပ်နေသော သက်လတ်ပိုင်းလူသည်  ကွေ့ကျန်ချုံ၏ တပည့် ဖြစ်နေသည်တကား။

“နာမည်ကြီး ဆရာတစ်ယောက်မှာ အမြဲတမ်း ထူးချွန်တဲ့ တပည့်တစ်ယောက် ရှိတတ်ကြတယ်။ ဒီချူဂေါင်ရှုံးက ကလေးမလေးကို ကုသဖို့ နည်းမရှိဘူး ဆိုရင်တောင်မှ သူ့ရဲ့ ဆေးပညာစွမ်းရည်က အလွန်ကောင်းရမယ်”

“ပြိုင်ဖက်ကင်း သမားတော်ရဲ့ တပည့်တစ်ယောက် ဟုတ်လား။ ဒီနေ့တော့ ငါ တကယ် ကံကောင်းတာပဲ။ ပြိုင်ဖက်ကင်း သမားတော်ရဲ့ တပည့် တစ်ယောက်ကို ဒီမှာ တွေ့ခွင့်ရခဲ့ပြီ”

“ပြိုင်ဖက်ကင်း သမားတော်ကို မမြင်ရတာ ဆယ်စုနှစ်၂စုစာ ရှိသွားပြီ။ အခုဆို ဘယ်နေရာ ရောက်နေပြီလဲ မသိဘူး”

“ဒါဆို ကလေးမမှာ မျှော်လင့်ချက် မရှိတာ မဟုတ်ဘူးပေါ့”

“ ... ”

မုချင်းဖျင်သည် ကျော်ကြားသော ပြိုင်ဖက်ကင်း သမားတော် အကြောင်းအား ကြားနေရသဖြင့် သူမ၏ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် ထွန်းလင်းလာခဲ့သည်။ ထို့နောက် သူသည် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

“ဒေါက်တာချူ ...  ရှင့်ဆရာက အခု ဘယ်နေရာမှာ ရှိနေပါသလဲရှင်”

ချူဂေါင်ရှုံးသည် မချိပြုံး ပြုံးလျက် ပြောလိုက်သည်။

“အမှန်တော့ လေးစားရတဲ့ ဆရာသခင် ဘယ်မှာရှိနေလဲ ငါလည်း မသိပါဘူး။ သူက တစ်နေရာပြီး တစ်နေရာ ပြောင်းနေတာမို့ မတွေ့ရတာ ၄နှစ်လောက်ရှိပြီ။ ဒါပေမဲ့ ၅နှစ်တစ်ကြိမ် ဆရာက ငါနဲ့တစ်ကြိမ် တွေ့တတ်တယ်။ ဆရာနဲ့တွေ့ရင် မင်းရဲ့အခြေအနေကို ငါ ပြောပြလိုက်ပါမယ်။ သူက ဆောင်ရွက် ပေးမယ်ဆိုရင် ငါ မင်းကို ဆက်သွယ်ပေးမယ်”

မုချင်းဖျင်သည် လျင်မြန်စွာ သူမ၏ ဆက်သွယ်ရမည့် အချက်အလက် အသေးစိတ်အား ချူဂေါင်ရှုံးသို့ ပေးလိုက်ပြီး သူမသည် သူ့အား ကျေးဇူးတင်ပြီးရင်း တင်နေတော့သည်။ ထန်ရှုသည် လူအုပ်ကြီး၏ရှေ့တွင် ရပ်နေဆဲဖြစ်သည်။ ချူဂေါင်ရှုံး၏ စမ်းသပ်ချက်ရလဒ်အား ကြည့်ပြီး သူ၏စိတ်သည် အနည်းငယ် လှုပ်ရှားသွားကာ စင်မြင့်ပေါ်သို့ တက်ရန်အသင့် ဖြစ်နေသည်။ သူသည် မိန်းကလေးအား စမ်းသပ်ရန် စတင်စဉ်မှာပင် လှောင်ပြောင်လိုက်သော အသံတစ်သံသည် လူအုပ်ကြီးဆီမှ ထွက်ပေါ်လာခဲ့သည်။

“ဟမ့် ...  ဘာပြိုင်ဖက်ကင်း သမားတော်ရဲ့ တပည့်လဲ။ ငါ မြင်သလောက်တော့ သူက ပြိုင်ဖက်ကင်း သမားတော်ရဲ့ တပည့်အဖြစ် အရေးမပါ လိမ်လည်ကြွားဝါနေတာပဲ။ ကွေ့ကျန်ချုံကတော့ စိတ်နေစိတ်ထားရော သူ့ရဲ့ ဆေးပညာအရရော အမှန်တကယ်ကို လေးစားထိုက်တဲ့  ပြိုင်ဖက်ကင်း သမားတော်ပါ။ ဒါပေမဲ့ ဒီတပည့်ကျတော့ ကလေး တစ်ယောက်တောင် မကုနိုင်ပါလား။ ဟာသပဲ”

ချက်ချင်းပင် အကြည့်အားလုံးတို့သည် ပြောနေသောသူဆီ ရောက်သွားသည်။ ထိုသူသည် ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်မွေးတို့ဖြင့် အသက် ၅၀-၆၀ အရွယ်သွင်ပြင်ရှိပြီး သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်ရိပ်များ စွန်းထင်လျက်ရှိသည်။ ထူထဲသော ချည်ထည်ဝတ်စုံအား ဝတ်ဆင်လျက် လည်ပင်းတွင်လည်း ပုဝါပတ်ထားသည်။ အထူးခြားဆုံးမှာ လျှော်ကြိုးဖြင့် ရက်လုပ်ထားသော ဖိနပ်အား စီးထားခြင်းပင်ဖြစ်သည်။

“ခင်ဗျား ဘယ်သူလဲ”

ချူဂေါင်ရှုံးသည် နဖူးရေတွန့်လျက် အဘိုးအိုအား ရန်လိုစွာကြည့်ကာ ပြောလိုက်သည်။

အဘိုးအိုသည် လှောင်ပြောင်သည့် ဟန်ဖြင့် …

“ဒီအဘိုးကြီး ဘယ်သူလဲဆိုတာကို သိဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး။ အဘိုးကြီး ကွေ့ကျန်ကျုံ လာရင်တော့ သူက င့ါကို သိဖို့ အရည်အချင်း မီသူတစ်ယောက်ပဲ”

ချူဂေါင်ရှုံး တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် လက်သီးစုကာ အရိုအသေပြုလျက် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ လေးစားရတဲ့ ဆရာသခင်အကြောင်း ထပ်ရှင်းပြဖို့ မလိုပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို အထင်သေးမှတော့ ဘာလို့ ကလေးမလေးကို ကိုယ်တိုင်သွားပြီး မစစ်ဆေးသေးတာလဲ။ ခင်ဗျား သူမကို ကုသနိုင်ခဲ့ရင် ဒါ ကြီးမားကောင်းမွန်တဲ့ ကုသိုလ်တစ်ခု လုပ်လိုက်တာနဲ့ အတူတူပဲ”

အဘိုးအိုသည် မာနကြီးစွာဖြင့် ပြန်ပြောလိုက်သည်။

“ဒီအဘိုးကြီး ရပ်နေကတည်းက ငါ သူမကို ကုသနိုင်လောက်မယ်”

ပြောပြီးသည်နှင့် စင်မြင့်ဘက်သို့ လျှောက်လာကာ အိပ်ရာဘေးတွင် ထိုင်ချလိုက်သည်။ ဆေးမှတ်တမ်းများ ဖတ်ခြင်း၊ မိန်းကလေး၏ အခြေအနေအား စစ်ဆေးခြင်းနှင့် သွေးခုန်နှုန်း စစ်ဆေးခြင်း ...

အဘိုးအိုသည် ကျွမ်းကျင်စွာဖြင့် တရုတ်တိုင်းရင်း ဆေးပညာ လုပ်ဆောင်ချက်အား အစဉ်လိုက် လုပ်ဆောင်နေရင်း သူ၏မျက်နှာထက်မှ မာနကြီးသော ပုံရိပ် တဖြည်းဖြည်း ကွယ်ပျောက်လာခဲ့သည်။

“ရေခဲနက် သွေးကြောများ၊ ထောင်ပေါင်းများစွာ အပ်ခန္ဓာ”

အဘိုးအိုသည် ထိုစကားလုံးများအား ရွတ်ဆိုကာ တိတ်ဆိတ်စွာ ရပ်လိုက်သည်။ မုချင်းဖျင်၏ ရင်ခုန်သံများ ပိုမိုမြန်ဆန်လာခဲ့သည်။ အဘိုးအို၏ စကားလုံးများအား သူမ နားမလည် ပါသော်လည်း သူမအတွက် မျှော်လင့်ချက်အချို့တို့ ရှိလာဟန် တူသောကြောင့် အလျင်စလို မေးလိုက်မိသည်။

“လူကြီးမင်း ...  ကျွန်မသမီးလေးရဲ့ ရောဂါကို ကယ်တင်နိုင်တာပါလား”

အဘိုးအိုသည် ခေါင်းကို ယမ်းကာ သနားသော မျက်ဝန်းအစုံဖြင့် ကြည့်လျက် ပြောလိုက်သည်။

“အသုံးမဝင်တော့ဘူး။ သူမက ရေခဲနက် သွေးကြောတွေ ပါတဲ့ ထောင်ပေါင်းများစွာ အပ်ခန္ဓာနဲ့ မွေးဖွားလာတာ။ ငါ သူမကို မကုနိုင်ဘူး။ ပြီးတော့ အချိန်လည်း သိပ်မကျန်တော့ဘူး”

မုချင်းဖျင်သည် မပျော်မရွှင် ဖြစ်သွားရကာ အလျင်အမြန် မေးလိုက်သည်။

“လူကြီးမင်း ...  ဘာပြောတာလဲ။ ကျွန်မရဲ့သမီးလေး ... သူ ...”

အဘိုးအိုသည် သက်ပြင်းများ ချကာ ပြောလိုက်သည်။

“ငါ ဒီလိုရောဂါမျိုးကို ရှေးဆေး ပညာကျမ်းတွေထဲမှာပဲ တွေ့ဖူးတယ်။ သူမ ဒီရောဂါဖြစ်တာ ၂နှစ် ၃နှစ် ရှိပြီ မဟုတ်လား”

မုချင်းဖျင်၏ မျက်လံးများ ဝိုင်းစက်သွားကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်အကျော်က သမီးလေးက နေကောင်းပါတယ်။ သူ့အဖေ အက်ဆီးဒင့်ဖြစ်ပြီး ကလေးက သတင်းကြားတော့ အပြင်းအထန်ဖျားတာ ၇ရက်လောက် ရှိတယ်။ ပြီးတော့ ဒီလို ဖြစ်သွားတော့တာပဲ” အဘိုးအိုသည် မျှော်လင့်ချက် မရှိသော လေသံဖြင့် ပြောလိုက်သည်။

“အဲဒီ၇ရက်တုန်းက ကုလိုက်ရင် မျှော်လင့်ချက် ရှိနိုင်သေးတယ်။ အခုက အရမ်း နောက်ကျနေပြီ။ ဒီလောက် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားနေရတာ ၂နှစ်လောက် ရှိနေပြီဆိုတော့ ကလေးရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကြောင့်မို့သာ တခြားလူဆိုရင် ခံနိုင်မှာတောင် မဟုတ်ဘူး”

မုချင်းဖျင်၏ မျက်ဝန်းအစုံမှ မျက်ရည်များ တလိမ့်လိမ့်နှင့် စီးကျလာခဲ့ပြီ ဖြစ်သည်။ သူမ၏ သမီးဖြစ်သူသည် တစ်နေ့လျှင် ၁၀ကြိမ်မက သေလုမတတ်နာကျင်သော ခံစားမှုမျိုးအား နေ့တိုင်း ခံစားနေရသည်။ သို့သော် ၂နာရီ ၃နာရီတိုင်း ပြန်လာနိုးထကာ ထိုနာကျင်မှုအား ကြံ့ကြံ့ခံ ရင်ဆိုင်နေပြန်သည်။

“ဒုန်း”

သူမ၏ နှုတ်ခမ်းများအား သွေးထွက်အောင် ကိုက်လျက် မုချင်းဖျင်သည် အဘိုးအိုရှေ့တွင် ဒူးထောက်လိုက်ကာ ငိုသံများဖြင့် တောင်းပန်လိုက်သည်။

“လူကြီးမင်း ...  သူမကို ကယ်တင်ပေးဖို့ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မသမီးလေး အသက်ရှင်မယ်ဆိုရင် ကျွန်မ ဘဝကို ပေးရမယ် ဆိုရင်တောင် အရာအားလုံးကို လုပ်ပါမယ်”

အဘိုးအိုသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“ဒါ ဒီအဘိုးကြီး လုပ်နိုင်တာ အကုန်ပါပဲ။ ကွေ့ကျန်ကျုံတောင်မှ ကုနိုင်မှာ မဟုတ်ဘူး။ ဟွားထိုနှင့် ပြန့်ချွယ်တို့ အသက်ပြန်ရှင် လာရင်တောင်မှ ထိုကလေးမ၏ ရောဂါအား ကုသနိုင်မှာ မဟုတ်ပေဘူး။ ငါ ပြောတာ နားထောင်ပါ မိန်းကလေး။ ကလေးက နေ့တိုင်း သေလုမျောပါး နာကျင်မှုဒဏ် ခံနေရတာကို ကြည့်နေမဲ့အစား သူ့ကို စောစောစီးစီး ထွက်ခွာခွင့် ပေးလိုက်တာ ပိုကောင်းတယ်”

“မဖြစ်နိုင်ဘူး”

မုချင်းဖျင်သည် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်မှ ထလိုက်သည်။ သူမ၏ မျက်လုံးတို့သည် ဆာလောင်နေသော ဝံပုလွေကဲ့သို့ အဘိုးအိုအား စူးစူးဝါးဝါး ကြည့်ကာ အော်ဟစ်လိုက်ပြန်သည်။

“မဖြစ်နိုင်ဘူး … ကျွန်မသမီးလေးက သေချာပေါက် ကုသနိုင်မှာ။ သေချာပေါက်ပဲ။ ရှင်က လူလိမ် တစ်ယောက်ပဲ။

ကျွန်မရှေ့က ထွက်သွား”

သူမ ငိုသည်။ သူမ၏အသံနှင့် မျက်ရည်တို့သည် သွေးစိမ်းရှင်ရှင်များ ကျနေသကဲ့သို့ပင်။ ကြည့်နေကြသူများထဲမှ စိတ်သဘောထား နူးညံ့သူများသည် မျက်ရည်များအား အသာသုတ်လျက် ကလေးမလေးအတွက် ဝမ်းနည်းနေကြသည်။ မုချင်းဖျင်၏ နင့်နင့်သီးသီး ငိုကြွေးသံသည် လူများ၏ အသည်းနှလုံးအား ရိုက်ခတ်ကာ ကြည့်နေကြသူများလည်း ငိုနေမိကြသည်။

“အခု ကျွန်တော့်အလှည့် ရောက်ပြီလား”

ထန်ရှုသည် စင်မြင့်ပေါ်သို့ တက်လိုက်ကာ ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်ပြီး ချူဂေါင်ရှုံးနှင့် အဘိုးအိုအား အေးစက်စက် ကြည့်လိုက်သည်။

ချူဂေါင်ရှုံးသည် မူလက မာနကြီးသော အဘိုးအိုအား လှောင်ပြောင် လိုသော်လည်း မုချင်းဖျင်၏ ပူဆွေးသောကရောက်နေသော မျက်နှာအား မြင်ရသောအခါ သူပါ ဝမ်းနည်းလာသဖြင့် ထိုအကြံအား စွန့်လွှတ်လိုက်သည်။

သို့သော် ထန်ရှုအား တစ်ဖန် ထပ်မြင်ရသောအခါ ယခင်ပြောခဲ့သော စကားများ ပြန်သတိရလာသဖြင့် သူသည် ရုတ်တရက် ဒေါသထွက်လာပြီး ဆူပူကြိမ်းမောင်း လိုက်သည်။

“ဟေ့ကောင်လေး ... မင်းကို ငါပြောတာ နားမလည်ဘူးလား။ ပိုက်ဆံဆိုတာ ဒီကလေးအသက်ကို ကယ်ဖို့ကွ မင်းလိမ်ဖို့ မဟုတ်ဘူး။ မင်းက ငယ်ပါသေးတယ်။ ဘယ်လို လောဘကြီးနိုင်ရတာလဲ။ ဒီကလေးကို မကုနိုင်ရင် မင်းဘာသာမင်း အရှက်ကွဲမှာကို မင်းမကြောက်ဘူးလား”

“ခင်ဗျားပြောတဲ့ အတိုင်းဆို ကျွန်တော် ကုနိုင်ခဲ့ရင် အရှက်ကွဲမှာက ခင်ဗျားပေါ့” ထန်ရှုသည် ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။

ချူဂေါင်ရှူံးသည် တစ်ချက်ကြောင်သွားပြီး ချက်ချင်း လှောင်ပြောင်လိုက်သည်။

“မင်းက ကလေးမလေးကို ကုနိုင်မယ်။ ဟာသပဲဟေ့။ မင်းသာ ကုနိုင်ရင် ငါ့မျိုးရိုး နာမည်ကို မင်းမျိုးရိုးနာမည် ပြောင်းပြီး ငါ မင်းကို အရိုအသေပေးလို့ ဆရာတင်မယ်”

“ကျွန်တော်က အရှက်မဲ့တဲ့သား ဒါမှမဟုတ် အရှက်မရှိတဲ့ တပည့်ကိုရော မလိုချင်ဘူး။ အဲဒါက စိတ်ပျက်စရာပဲ”

***

All Chapters