ရောဂါအား ကုသခြင်း
Vol. 03 Ch. 107
ထန်ရှုသည် သူ့အား လေးလေးစားစား ဆက်ဆံပါက သူက ပိုမိုလေးစားစွာ ဆက်ဆံတတ်သော သူမျိုးဖြစ်သည်။ သူ့အား ရည်ရွယ်ချက်ရှိရှိဖြင့် ရန်လာစပါက ပြန်လည် တုံ့နှင်းတတ်သော သူမျိုးဖြစ်သည်။ ချူဂေါင်ချုံး ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် သူ့ဘာသာသူ ပြိုင်ဖက်ကင်း သမားတော်၏ တပည့်မကလို့ ကောင်းကင်ဘုံ၏ သားတော် သို့မဟုတ် တိုင်းပြည်ဘုရင်ပင် ဖြစ်စေကာမူ သူသည် ဂရုမစိုက်ချေ။ ချူဂေါင်ချုံးအား အားဖြင့် တွန်းဖယ်ကာ အိပ်ရာဘေးတွင် ထိုင်ချလိုက်သည်။
“လူငယ်လေး ... မရူးမိုက်ချင်စမ်းပါနဲ့”
အဘိုးအိုသည် ရုပ်ဆိုးသော အမူအရာဖြင့် ထန်ရှုအား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ သူသည် လူရှေ့တွင် ပြောခဲ့သည် - ဟွားထိုနှင့် ပြန့်ချွယ်တို့ အသက်ပြန်ရှင် လာရင်တောင်မှ ထိုကလေးမ၏ ရောဂါအား ကုသနိုင်မည် မဟုတ်ဟုပင်။ ထန်ရှုသည် အလွန်အသက်ငယ်ပြီး သူ၏စကားအား မယုံကြည်သောကြောင့် သူ၏မျက်နှာသည် မကျေမနပ်ဖြစ်နေသည်။
ထန်ရှုသည် လှည့်ပင်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
“ကျွန်တော်က ဟွားထိုနှင့် ပြန့်ချွယ်တို့ကို မယှဉ်နိုင်ပါဘူး။ ကြီးကြီးကျယ်ကျယ် ပြောတဲ့သူတွေရဲ့ စကားကို ကျွန်တော် ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိနေသေးတယ်။ ဒါပေမဲ့ ရလဒ်က အတူတူပါပဲ ခင်ဗျားလည်း သူမကို ကုဖို့ နည်းမရှိဘူး မဟုတ်လား”
“မင်း”
အဘိုးအို ဒေါသတကြီး ဖြစ်သွားသည်။ သို့သော် ထန်ရှုသည် မိန်းကလေး၏ သွေးခုန်နှုန်းအား စမ်းသပ်ရန် လက်ဆန့်တန်း လိုက်သည်ကို မြင်ပြီးနောက် ဒေါသအား မျိုသိပ်ကာ အောင့်သက်သက် အသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ … မင်းကိုယ်မင်း အရှက်ကွဲတာ ဖြစ်စေချင်မှတော့ ငါလည်း စောင့်ပဲ ကြည့်နေတော့မယ်”
ထိုခဏတွင် မုချင်းဖျင်သည် ဝမ်းနည်းပူဆွေးမှုသို့ ကျရောက်ခဲ့ပြီး ဖြစ်သည်။ သူမသည် စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိပြီး ယခုအခါတွင် သူမ၏ စိတ်ခံစားမှုမှ လွတ်မြောက်ရန် တစ်စုံတစ်ခုအား ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ သူမ၏စိတ်အား ချက်ချင်း ပြောင်းလိုက်သည်။ သို့သော် ထန်ရှု၏ ငယ်ရွယ်လှသော ရုပ်ရည်အား ကြည့်ကာ အများကြီး မျှော်လင့်မထားချေ။ ချူဂေါင်ချုံးနှင့် အဘိုးအိုတို့မှ ထန်ရှုအား ပြောဆိုနေသည်ကို ကြားခဲ့ရပြီး ဖြစ်သော်လည်း သူမသည် ကြင်နာတတ်သော နှလုံးသား ရှိသောကြောင့် ခါးသီးသော လေသံဖြင့် ချီတံချီတုံဖြစ်ကာ ပြောလိုက်သည်။
“မောင်ငယ်လေး ... နင့်ရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါယူဆတာက နင် ... ”
ထန်ရှုသည် ဘာမျှ ပြန်မပြောချေ။ သူ၏အာရုံသည် မိန်းကလေး အပေါ်တွင် အပြည့်စူးစိုက်နေသည်။ သူမသည် ယခု သတိလစ် နေသော်လည်း ထန်ရှုသည် သူမ၏ မရီဒျာန်နှင့် သွေးကြောများအား ဖြတ်သန်းလျက် သူမ၏ ကိုယ်တွင်းပိုင်းအား မြင်နိုင်စွမ်းရှိလေသည်။
“ငါ ခန့်မှန်းတာ မှန်နေတာပဲ”
ထို့နောက် သူသည် မုချင်းဖျင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို ယုံကြည်ရင် ၁၀မိနစ်အတွင်း ဆေးဝယ်ပေးပါ”
မုချင်းဖျင်သည် ကြောင်စီစီ ပြန်ကြည့်လိုက်ပြီး ဇဝေဇဝါဟန်ဖြင့် မေးလိုက်သည်။
“နင် ငါ့ကို ဘာအတွက် ဆေးဝယ်ခိုင်းတာလဲ”
“သူမကို ကယ်ဖို့” ထန်ရှု ပြောလိုက်သည်။
မုချင်းဖျင် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“နင် ငါ့သမီးလေးကို တကယ် ကုနိုင်တာလား”
“ခင်ဗျား ဒီမေးခွန်းကို သူများတွေ သွားမေးရင် သူတို့အဖြေက စွမ်းအားမရှိဘူး။ ကံကောင်းစွာနဲ့ ကျွန်တော်က ကုနိုင်တယ်။ အခု ကျွန်တော် သိချင်တာက ကျွန်တော့်ကို ယုံလား မယုံဘူးလား။
“ငါ နင့်ကို ယုံတယ်”
မုချင်းဖျင် သူမ၏စိတ်ထဲတွင် သံသယ ရှိနေရင်တောင်မှ သူမ သေချာပေါက် တုံ့ပြန်ခဲ့သည်။ ထန်ရှုသည် သူမအတွက် နောက်ဆုံး မျှော်လင့်ချက် တစ်ခုပင် ဖြစ်တော့သည်။ ထန်ရှု ဘာပြောပြော သူခိုင်းသည့်အတိုင်း လုပ်ပေးချင်စိတ် ရှိလေသည်။
မကြာမီ ...
ထန်ရှုသည် စာရွက် တစ်ရွက်ပေါ်တွင် ဆေး၄မျိုး၏ အမည်အား ရေးပေးလိုက်သည်။ ထိုဆေးများသည် အသုံးများသော ရှာရလွယ်သည့်ဆေး ဖြစ်သော်လည်း သက်တမ်း နှစ်ရာများစွာ ရှိရမည်ဖြစ်ပြီး သဘာဝအတိုင်း ပေါက်ရောက်သည့်ဟာ ဖြစ်ရမည်။ သူသည် ဆေးညွှန်းနှင့်အတူ သူ၏ ဘဏ်ကတ်အား ထုတ်ပေးကာ ပြောလိုက်သည်။
“ဒီဆေးပင်တွေရဲ့ ဈေးနှုန်းက အလွန်ကြီးတယ်။ ခင်ဗျားရဲ့ ယွမ်၃သိန်းနဲ့ လောက်မှာ မဟုတ်ဘူး။ ကျွန်တော့်ကတ်ထဲမှာ ပိုက်ဆံအများကြီး ရှိတော့ ဒါတွေ ဝယ်ဖို့ လုံလောက်လိမ့်မယ်။ ပင်နံပါတ်က နောက်ကျောမှာ။ ကျွန်တော် ဒီကနေ စောင့်နေမယ်”
“ဒါ”
မုချင်းဖျင်သည် တွေဝေနေသည်။ သူမသည် အခြားသူ၏ ပေးစာကမ်းစာအား မည်သည့်အခါမျှ မနှစ်သက်ပေ။ သူမရှေ့ရှိ ထန်ရှုသည် သမီးဖြစ်သူအား ကယ်တင်ရန်စိတ် ရှိသည်သာ မကဘဲ ဆေးဝယ်ရန် အတွက်ပါ ပိုက်ဆံ ထုတ်ပေးနေခြင်းသည် သူမအား အနေရခက်စေပြီး မည်ကဲ့သို့ လုပ်ရမည်မသိ ဖြစ်နေသည်။
“ယူလိုက်ပါ”
ထန်ရှုသည် ကြည်လင်စွာဖြင့် အသံကိုနှိမ့်ကာ ပြောလိုက်သည်။ မုချင်းဖျင်၏ ကိုယ်လုံးသည် တုန်ရီသွားသည်။ သူမသည် ထန်ရှုအား အလေးအနက်ထားကာ ကြည့်လိုက်ပြီး ဘဏ်ကတ်ယူရန် စိတ်ပိုင်းဖြတ်လိုက်ကာ ပြောလိုက်သည်။
“သမီးလေးကို ကုနိုင်သည်ဖြစ်စေ မကုနိုင်သည်ဖြစ်စေ ငါ ဒီကြင်နာမှုကို အမြဲ အမှတ်ရနေမှာပါ”
ပြောပြီးသည်နှင့် သူမသည် ဆေးပင်ဝယ်ရန် အမြန်သွားတော့သည်။ စင်မြင့်အောက်တွင် ...
အသက်၅၀ကျော် လူတစ်ယောက်သည် ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
“လူငယ်လေးက ကြင်နာတတ်တဲ့သူပဲ။ စိတ်ထားကောင်းတယ်။ ဒီအဘိုးကြီးက လေးစားမိပါတယ်။ ငါ့ရဲ့ ဆေးမျိုးတစ်ရာခန်းမှာ ဆေးပင်မျိုးစုံရှိတယ်။ ငါ့ကို ယုံရင် ဆေးညွန်းပေးပါ။ ငါ မင်းကို အဲဒီဆေးပင်၄မျိုး အလကား ပေးလိုက်မယ်”
ထန်ရှုသည် အံ့အားသင့်စွာဖြင့် ထိုအဘိုးအိုအား ကြည့်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“လောကမှာ အကျိုးကျေးဇူးနဲ့ ရလဒ်တွေက အမြဲရှိပါတယ်။ ဒီအမေရဲ့ နှလုံးသားကို ငါ ခံစားမိတယ်။ အဲဒါကြောင့် ကူညီဖို့ ဆုံးဖြတ်လိုက်တာ။ ခင်ဗျားက စီးပွားရေးသမားပါ။ အကျိုးအမြတ်ရဖို့ ရှာနေရမှာပဲ။ ပြောပါ။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘယ်လို အခြေအနေကို လိုချင်တာလဲ”
“ဖြောင်း ... ဖြောင်း ... ဖြောင်း”
အဘိုးအိုသည် လက်ခုပ်တီးကာ ပြောလိုက်သည်။
“အစစ်အမှန် သူရဲကောင်းက အမြဲကို လူငယ်တွေထဲက ထွက်လာတယ်။ မင်းက တကယ် တော်ပါပေတယ်။ ဒီအဘိုးအိုက လေးစားပါတယ်။ မင်းပြောတာ မှန်ပါတယ်။ ဒီအဘိုးကြီးက စီးပွားရေးသမားပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အကျိုးအမြတ်ကိုသာမက နာမည်ဂုဏ် သတင်းကိုပါ လိုချင်တာပါ။ ဒီလူနာကို မင်း ကုသနိုင်ရင် ငါတို့ ဆေးမျိုးတစ်ရာ ခန်းမအကြောင်းကို တစ်လောကလုံးကို သိခွင့်ပေးလိုက်ပါ။ မင်းပြောတဲ့ အခြေအနေကို ငါ ထပ်ထည့်ရရင် မင်းကုသနိုင်ရင် ဆေးပင်တွေကို အလကား ပေးမယ်။ မကုသနိုင်ရင် ဒီဆေးပင်တွေရဲ့တန်ဖိုးကို မင်း ပေးချေရမယ်။ ဘယ်လိုလဲ”
ထန်ရှုသည် အဘိုးအိုအား စူးနစ်စွာ ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။
“အတွေ့အကြုံရှိပြီး အသက်ကြီးတဲ့သူတွေက သရဲတစ်ကောင် အတိုင်းပဲဆိုတာ တကယ်မှန်တာပဲ။ ကောင်းပြီ။ ဒီနေ့အခြေအနေကို အသုံးပြုပြီး ခင်ဗျားရဲ့ ဆေးမျိုးတစ်ရာ ခန်းမကို ကျွန်တော် ကြေညာပေးမယ်။ ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိတယ်”
အဘိုးအိုသည် ဇဝေဇဝါဟန်ဖြင့် …
“မင်းလည်း ရှိတာပဲလား။ ပြောပါ”
ထန်ရှုက ပြောလိုက်သည်။
“သူမရဲ့ဖျားနာမှုက ကုဖို့ခက်တယ်။ ဆေးပင်၄မျိုးက အပြည့်အ၀ ကုနိုင်မှာ မဟုတ်ဘူး။ နှစ်၅ရာ ဂျင်ဆင်းကို ခင်ဗျား တတ်နိုင်ရင် လုံးဝပျောက်ကင်းအောင် ကုပေးဖို့ ငါ ယုံကြည်ချက်ရှိတယ်။ ခင်ဗျား ပြောတဲ့အတိုင်း ကုနိုင်ရင် အဲဒါကို အခမဲ့ ပေးရမယ်။ မကုနိုင်ရင် အဲဒီဂျင်ဆင်းကို ၁၀ဆပေးပြီး ဝယ်မယ်”
အဘိုးအို ချီတုံချတုံဖြစ်သွားသည်။ နှစ်၅၀၀ဂျင်ဆင်းသည် ဂဏန်း၈လုံး တန်ဖိုးရှိပေသည်။ ထန်ရှုသာ အမှန်တကယ် ကုနိုင်ပါလျှင် တန်ဖိုးအများကြီး သူ ပေးလိုက်ရမည် မဟုတ်ပါလော။
သူ ဘာလုပ်သင့်လဲ။
တစ်ဖက်တွင် ရပ်နေသော လျှော်ဖိနပ်စီးထားသည့် အဘိုးအိုသည် လှောင်ပြောင်လိုက်သည်။ သူသည် ဆေးမျိုးတစ်ရာ ခန်းမပိုင်ရှင်အား ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျား မဆုံးဖြတ်နိုင်မှတော့ ငါ ကူညီပါ့မယ်။ သူ လူနာကို ကုနိုင်ရင် နှစ်၅၀၀ဂျင်ဆင်း တန်ဖိုးကို ငါ ပေးမယ်။ သူ မကုနိုင်ရင် ဂျင်ဆင်းတန်ဖိုး ၁၀ဆရဲ့ တစ်ဝက်ကို ငါ့ကို ခွဲပေးရမယ်”
“ကောင်းပြီ”
ဆေးခန်းပိုင်ရှင် အဘိုးအိုသည် ပျော်ရွှင်စွာ လိုက်လျောလိုက်သည်။ ထန်ရှုသည် လျှော်ဖိနပ်စီးထားသည့် အဘိုးအိုအား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး စိတ်တွင်းမှ လှောင်ပြောင်လိုက်သည်။ အခြားသူများအတွက် သည်မိန်းကလေး၏ ရောဂါသည် ထူးဆန်းနေမည် ဖြစ်သော်လည်း သူ့အတွက်တော့ အဖိုးတန်ရတနာ ဖြစ်သည်။ ကလေးမလေး၏ သွေးခုန်နှုန်းအား စစ်ဆေး ကြည့်လိုက်သောအခါ အမြွာသွေးခုန်နှုန်း ပါဝင်သော ရေခဲဖီးနစ်၏ ရှားပါးခန္ဓာကိုယ် အခြေအနေဖြစ်သည်။
ထိုကဲ့သို့သော ကလေးမျိုးသာ အင်မော်တယ် ကမ္ဘာတွင် ပေါ်ပေါက်ခဲ့ပါက များစွာသော အဆင့်မြင့် ပညာရှင်တို့သည် ထိုကလေးမလေးအား ရရှိရန်အတွက် သူတို့၏ တပည့်အဖြစ် ခေါ်ဆောင်ရန်အတွက် အပြင်းအထန် ယှဉ်ပြိုင် တိုက်ခိုက်ကြမည် ဖြစ်သည်။
အင်မော်တယ်ကမ္ဘာတွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဒဏ္ဍာရီတစ်ခု ရှိခဲ့ပြီး အမြွာသွေးခုန်နှုန်း ပါဝင်သော ရေခဲဖီးနစ်၏ ရှားပါးခန္ဓာကိုယ်နှင့် အမျိုးသမီးတစ်ဦး ပေါ်ပေါက်ခဲ့သည်။ သူမ၏ ပြိုင်ဖက်ကင်း ဖွဲ့စည်းပုံ အခြေအနေအရ သူမသည် အင်မော်တယ် ကမ္ဘာတွင် ပြိုင်ဖက်ကင်း အရှင်သခင် ဖြစ်လာခဲ့သည်။ သူမသည် အင်မော်တယ်ကမ္ဘာ၏ အကန့်အသတ်အား ချိုးဖောက်နိုင်ရုံသာမက နတ်ဘုရား နယ်မြေအထိပါ တက်လှမ်းနိုင်ခဲ့သည်။
ထိုကြောင့် သည်မိန်းကလေးသည် ထူးဆန်းသော ဖျားနာမှု မဟုတ်ချေ။ သူမအား တစ်စုံတစ်ယောက်က သင့်တော်သော ကျင့်ကြံခြင်းနည်းအား ပေးလိုက်ပြီး ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ တင်ပေးလိုက်ရုံသာ ဖြစ်သည်။ လွယ်ကူရိုးရှင်းစွာ မိန်းကလေး၏ ပြသနာအား ကုသပေးနိုင်သည်။ သူသည် ဆေးပင်၄မျိုးအား ဝယ်ယူရခြင်းသည် လူအများ၏ မျက်စိရှေ့မှောက်တွင် ကျင့်ကြံခြင်းနည်းအား မပြချင်သောကြောင့်နှင့် မိန်းကလေးငယ်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကြံ့ခိုင်စေရန်အတွက် ဖြစ်သည်။
နှစ်၅၀၀ဂျင်ဆင်း အတွက်ကမူ သူသည် ပွင့်ပွင့်လင်းလင်း ဓားပြတိုက်လိုက်သည့် သဘောပင်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအတွက် သက်တမ်းရင့်သော ဂျင်ဆင်းအား လိုအပ်နေသည့်အတွက် သူ၏ရှေ့မှောက်သို ရောက်ရှိလာသော ကောင်းမွန်သည့် အခွင့်အရေးအား လက်လွှတ်မခံချင်၊ မဖြုန်းတီးချင်ပါပေ။
၁၀မိနစ်ကြာသော် … ဆေးမျိုးတစ်ရာ ခန်းမမှ ဆေးပင်၅မျိုးအား လာရောက်ပေးပို့ပြီး ဆေးပင်များ ကျိုရန်အတွက် လိုအပ်သော ပစ္စည်းများပါ ယူဆောင်လာခဲ့သည်။
“ခင်ဗျားက ဒီမှာ ဆေးကျိုချင်တာလား”
ထန်ရှုသည် မုချင်းဖျင်အား ကြည့်ကာ မေးလိုက်သည်။ မုချင်းဖျင် ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်။ ငါ တရုတ်တိုင်းရင်းဆေး ကျိုလာတာ ငါ့သမီးလေး ရောဂါစဖြစ် ကတည်းက ဆိုတော့ ၂နှစ်အတွင်း အကြိမ်များစွာ ရှိခဲ့ပါပြီ” ထန်ရှု ပြောလိုက်သည်။
“လူတစ်ယောက်၏အသက်ကို ကယ်ရတာ မီးနဲ့ တိုက်ခိုက်နေရသလိုပဲ။ ခင်ဗျား ဒီမှာ ဆေးကျိုချင်တယ်ဆိုရင် ရေ၃ခွက် ယူခဲ့ပါ။ ဂျင်ဆင်းကလွဲပြီး ကျန်တဲ့ ဆေးအားလုံးကို ကျွန်တော် ပြောတဲ့အတိုင်း အိုးထဲကို ထည့်ပါ”
“ဟုတ်ကဲ့ပါ”
မုချင်းဖျင်သည် မြန်ဆန်စွာ လိုက်နာလိုက်သည်။ လူအုပ်ကြီးသည် တဖြည်းဖြည်း များများလာခဲ့ပြီး လူ၅၀၀နီးပါး ရှိလာသည်။ သူတို့သည် မုချင်းဖျင်အား ထန်ရှုမှ ဆေးကျိုခိုင်း နေသည်ကို မမှိတ်မသုန်ကြည့်ကာ လျှို့ဝှက်စွာ ပြောဆိုနေကြသည်။
“သူက တကယ်လား အတုအယောင်လား။ ဒီလူငယ်လေးက ဘယ်လိုတောင် ရဲရင့်နေတာတုန်း။ ကလေးမိခင်ကိုတောင် လူရှေ့မှာ ဆေးကျိုခွင့် ပြုရဲတယ်ပေါ့။ သူ့ရဲ့ဆေးက ကလေးမကို အကျိုးမသက်ရောက်စေရင် လူကြားထဲမှာ သူ အရှက်ကွဲမှာကို မသိလို့လား”
“သောက်ကျိုးနည်း ... ဘယ်လိုတောင် မသင့်တော်တဲ့ အပြုအမူလဲ။ ပြိုင်ဖက်ကင်း သမားတော်ရဲ့ တပည့်နဲ့ ဆန်းကြယ်တဲ့ အဘိုးအိုကတောင် မကုနိုင်တဲ့ဟာကို သူက ဘယ်လို ကုနိုင်မှာတဲ့လဲ။ တရုတ်တိုင်းရင်း ဆေးပညာမှာက အသက်ကြီးလေ ပိုမိုတော်လေပဲလေ။ သူက ဆံပင်တောင် စုံအောင်ပေါက်ဦးမှာ မဟုတ်ဘူး”
“ဒီလူငယ်လေးက အတော် စဉ်းစားဉာဏ် မရှိတာပဲ။ သူသာ မအောင်မြင်ရင် ပိုက်ဆံတွေ အများကြီး ပေးရတော့မယ်။ ကျန်တဲ့ ဆေးပင်တန်ဖိုး မသိပေမဲ့ နှစ်၅၀၀ ဂျင်ဆင်းကတော့ ၁၅သန်းရှိတယ်။ ၁၀ဆဆိုတော့ သန်း၁၅၀ပဲ”
“ဟန်ဆောင်နေတာတွေက အကျိုးမရှိဘူး။ ဒီမိုက်မဲတဲ့ ပြပွဲကို ကြည့်ကြစို့”
“ ... ”
ထန်ရှုသည် ထိုစကားများအား လုံးဝလစ်လျူ ရှုထားလေသည်။ သည်လူများသည် လူတစ်ယောက်၏ သွင်ပြင်ကို ကြည့်ကာ ကောက်ချက် ချတတ်သော လူစားများသာ ဖြစ်သည်။ သူတို့သည် သူ့အား အထင်အမြင်သေးစွာ ကြည့်နေကြသည်။ သူတို့ မှားယွင်းကြောင်း သိလာပါက မည်သို့ ဖြစ်ပျက်မည်ကို သူ လုပ်ပြမည် ဖြစ်သည်။
အချိန်များ ကုန်ဆုံးလာပြီ ဖြစ်သည်။ ဆေးပင်လေးမျိုးအား ညွှန်ကြားချက်အတိုင်း သုံးခွက်တစ်ခွက်တင် ကျိုပြီးဖြစ်သည်။ အချိန်အား တွက်ချက်ပြီး မုချင်းဖျင်အား ဆေးအိုးကို ထုတ်ယူခိုင်းလိုက်သည်။
“မောင်ငယ်လေး ... ငါ့သမီးလေးက ခုထိ သတိမရသေးတာ သူ ဘယ်လို ဆေးသောက်မလဲ”
မုချင်းဖျင်သည် ထန်ရှုအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ချူဂေါင်ရှုံး၊ လျှော်ဖိနပ်နှင့် အဘိုးအို၊ ဝိုင်းကြည့်နေသော လူများသည် လှောင်ပြောင်လိုသည့် အမူအရာများ ပြနေကြသည်။ လူနာသည် သတိလစ်နေရာ ဆေးမည်သို့ သောက်မည်နည်း။ သူတို့ မြင်လိုကြသည်။ ထန်ရှု မည်သို့ လုပ်မည်နည်း။
“ဒါ လွယ်ပါတယ်”
ထန်ရှုသည် အိပ်ရာခေါင်းရင်းတွင် ထိုင်လိုက်သည်။ သူ မိန်းကလေးငယ်အား မလိုက်ပြီး သူ၏ လက်မောင်းပေါ်သို့ တင်လိုက်သည်။ သူ၏ လက်ချောင်းများဖြင့် ကလေးမလေး၏ အကြောအမှတ်များအား ညင်သာစွာ ဖိပေးလိုက်သည်။
“အိုး”
လူအများ ကြည့်နေစဉ်မှာပင် ကလေးမလေး၏ မျက်တောင်များ တဖျတ်ဖျတ် ခတ်လာပြီး မျက်လုံးဖွင့်လာသည်။ နာကျင်မှုကြောင့် သတိလစ်နေစဉ်က သူမ၏ တွန့်နေသော နဖူးသည်လည်း တဖြည်းဖြည်း ပြေပြစ်လာခဲ့သည်။
***