← Chapters

တပည့်တစ်ယောက် စာရင်းရှင်းခြင်း

Vol. 03 Ch. 108

တပည့်တစ်ယောက် စာရင်းရှင်းခြင်း

Vol. 03 Ch. 108

ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ကျောက်ခဲ ပစ်ချလိုက်သကဲ့သို့ လူများသည် ဆူညံဂယက် ထလာကြသည်။ လူတိုင်းသည် သတိရလာသော ကလေးမလေးအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။

“သူမ သတိရလာပြီလား”

မုချင်းဖျင်၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် ပြူးကျယ်လာသည်ဟု ထင်ရသည်။ သူမသည် နာမည်ကျော် သမားတော်များဆီသို့ သွားရောက်ခဲ့သော်လည်း သတိရရန် မပြုလုပ်နိုင်ကြပေ။ သည်မြင်ကွင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ သူမ၏သမီးဖြစ်သူ နေပြန်ကောင်းလာမည့် မျှော်လင့်ချက်အား မြင်နေရပြီဖြစ်သည်။

လူအုပ်ထဲတွင် ...

သားရေရှူးဖိနပ် အရှည်နှင့် လေကာကုတ်အင်္ကျီ ဝတ်ဆင်ထားသော လှပသည့် အိုးရန်လူလူသည်  ရောက်ရှိလာပြီး ထန်ရှုအား ပန်းနုရောင် နေကာမျက်မှန်အောက်မှ စပ်စုသော အကြည့်များဖြင့် ကြည့်နေလေသည်။

“ဟယ်လို ...  ဒီနေရာမှာ ဘာတွေဖြစ်နေလဲ သိပါရစေ”

လူရွယ်သည် မျက်မှောင်ကြုတ်သွားပြီး စိတ်မရှည်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ အိုးရန်လူလူအား တွေ့သောအခါ သူမအကြောင်းအား ကောင်းစွာ ရင်းနှီးနေသောကြောင့် ထိုအမူအရာ ပျောက်ကွယ်သွားပြီး အကြောင်းစုံအား ပြောပြတော့သည်။

“ရောဂါ ကုသပေးတာလား”

အိုးရန်လူလူသည် ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ သူမသည် ထန်ရှုအား ကျင့်ကြံသူတစ်ယောက်အဖြစ်၊ လောင်းကစားမာစတာတစ်ယောက်အဖြစ် သိခဲ့သော်လည်း တရုတ်တိုင်းရင်း သမားတော်အဖြစ် တစ်ခါမှ တွေးမထင်ခဲ့ဖူးပါချေ။ ရုတ်တရက် သူမသည် ထန်ရှုအား သူမ ဉာဏ်မမီတော့သော နက်နက်ရှိုင်းရှိုင်းလူအဖြစ် ခံစားရလာသည်။ ထန်ရှုသည် ကလေးမလေးအား သေချာပေါက် ကုသနိုင်မည်ဟု သူမ ယုံကြည်နေပေသည်။ သူမ၏ ရင်တွင်း၌ ထန်ရှုအား ရုတ်တရက် ဘာကြောင့် ယုံကြည်လာသနည်း ဆိုသည်ကို  သူမကိုယ်တိုင်လည်း သေချာမသိပါပေ။

စင်မြင့်ပေါ်တွင် ...

ချူဂေါင်ရှုံးသည် ထန်ရှုအား တုန်လှုပ်စွာ ကြည့်နေမိသည်။ ကလေးမလေး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအား သူသည်  ရှင်းလင်းစွာ သိရှိထားသောကြောင့် ထိုကဲ့သို့ သတိလစ်နေသော အခြေအနေမှ  ပြန်လည် သတိရအောင် သူပင်လျှင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သိရှိနေပေသည်။ ထန်ရှုသာ ကလေးမလေးအား ကုသနိုင်ပါက သူသည် မျက်နှာပျက်ရရုံသာမက သူ၏မိသားစုတွင် အရှက်ရပေလိမ့််မည်။

လျှော်ဖိနပ်နှင့် အဘိုးအိုသည်လည်း ထန်ရှုအား အံ့အားသင့်စွာ ကြည့်နေလေသည်။ သူ့အနေဖြင့် ကလေးမလေးအား သတိရလာအောင် လုပ်နိုင်သော်လည်း များစွာသော အားစိုက်ထုတ်မှု ပြုရပေမည်ဖြစ်သည်။ ထန်ရှု ပြုလုပ်သကဲ့သို့ လွယ်ကူစွာ လုပ်နိုင်မည် မဟုတ်ချေ။

“ဒီကောင်လေးက စွမ်းရည် အတော်ရှိသားပဲ”

အဘိုးအိုသည် စိတ်တွင်းမှ ချီးကျူး လိုက်သော်လည်း သူသည် တိတ်ဆိတ်စွာ ပြောလိုက်သည်။

“ကောင်လေး ...  မင်းရဲ့ဆေးပညာနဲ့ တကယ် ကုပြီးပြီလား၊ မကုရသေးဘူးလား။ ငါ မယုံကြည်သေးဘူးနော်”

“ယုံတာ မယုံတာ ခင်ဗျားအလုပ်။ ကုနိုင်တာ မကုနိုင်တာ ကျွန်တော့်အလုပ်။ ဒါပေမဲ့ ခင်ဗျား အသက်ရှင်နေခဲ့တာဟာ ခွေးတစ်ကောင် အသက်ရှင်နေတာနဲ့ အလားတူပဲဆိုတာ ဒီနေ့ ကျွန်တော် ပြမယ်”

စကားဆုံးသည်နှင့် ထန်ရှုသည် ဆေးခွက်အား ညင်သာစွာ မှုတ်နေလိုက်သည်။ သူ၏ လက်မောင်းအတွင်းမှ ကလေးမလေးအား ငုံ့ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

“မင်းရဲ့အမေက တအား စိတ်ပူနေပေမဲ့ မင်းကို အရမ်းချစ်ပါတယ်။ သူမကို ဝမ်းမနည်း စေချင်ဘူးဆိုရင် ဒီဆေးကို သောက်လိုက်ပါ။ ဒီဆေးသောက်ပြီးတာနဲ့ မင်း နောက်တစ်ကြိမ် ထပ်မနာရတော့ဘူးလို့ ငါ ကတိပေးတယ်”

“အစ်ကိုကြီး ... တကယ်လား”

ကလေးမလေး၏ တောက်ပပြီး ဉာဏ်ကောင်းသည့်ဟန် ဖော်ကျူးနေသော မျက်လုံးတို့သည် အရောင်လက်သွားပြီး စိတ်ပြင်းပြစွာ မေးလိုက်သည်။

“တကယ်ပေါ့”

ကလေးမလေးသည် ထန်ရှုအား ကြည့်နေရင်းမှ သူမ၏ မိခင်အား မော့ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဆေးခွက်အား ဂရုတစိုက် ယူလိုက်ပြီး ညင်သာစွာ မှုတ်လိုက်သည်။ ဆေးမပူတော့ကြောင်း သိရသောအခါ သူမသည် ထိုဆေးအား သူမ၏အစာအိမ် ပြည့်သွားသည်အထိ သောက်ချလိုက်သည်။

“အဲဒါ ပူတယ်”

သူမ ဆေးအကုန်သောက်ပြီး ၁၀စက္ကန့် ကြာသောအခါ သူမ၏ မျက်နှာလေးသည် အလွန်နီရဲလာသည်။ သူမ၏ဗိုက်အား လက်မောင်းများဖြင့်ကာကာ အသံထွက် ညည်းမိသည်။ သူမ၏ အစာအိမ်ထဲတွင် မီးတောက်လောင်ပြီး အတွင်းကလီစာများအား လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။ မုချင်းဖျင်သည် ချစ်လှစွာသော သမီးဖြစ်သူ၏လက်အား ကိုင်ကာ ထန်ရှုအား ကြည့်ကာ အမြန်မေးလိုက်သည်။

“မောင်ငယ်လေး.. သမီးလေးက ဘယ်လိုဖြစ်တာလဲ။ ဒီဆေးက ... ”

ထန်ရှုသည် အေးဆေးစွာ တုံ့ပြန်လိုက်သည်။

“ဆေးက ပြဿနာ မရှိပါဘူး။ ဒီဆေးက ယန်အစွမ်းသတ္တိရှိတာမို့ သောက်နေတဲ့အချိန် မသိရပေမဲ့ အစာအိမ်ထဲ ရောက်သွားတဲ့အခါ မီးတောက်လိုပူတာ ခံစားလာရလိမ့်မယ်။ ဒါပေမဲ့ သက်သာခြင်းကိုလည်း ခံစားရလိမ့်မယ်။ ဒီဟာက သူမအတွက် အရမ်းကောင်းပြီး မထိခိုက်စေဘူး။ နောက်မိနစ်  အနည်းငယ်ကြာရင် သူမ နာကျင်မှုတွေ မခံစားရတော့ဘူးလို့ ကျွန်တော် အာမခံတယ်”

မုချင်းဖျင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမ၏ သမီးဖြစ်သူအား အားပေးရန် ထန်ရှု၏ စကားအတိုင်း လိုက်ကာ ပြောလိုက်သည်။

“ဟန်နီ ...  ဒီပြိုင်ဖက်ကင်း သမားတော်က သမီးရဲ့ရောဂါ ပျောက်တော့မှာလို့ ပြောတယ်။ နောက်ထပ် မနာကျင်တော့ဘူးတဲ့။ သမီး သာမန်လူတွေလို ကျောင်းမသွားချင်ဘူးလား။ ရောဂါ ပျောက်သွားတာနဲ့ အမေ ကျောင်း ပြန်ပို့ပေးမယ်နော်”

“ ... ”

ကလေးမလေး၏ မျက်ဝန်းအစုံမှ မျက်ရည်ပေါက်ကြီးများ ကျဆင်းလာခဲ့သည်။ နေ့တိုင်း သူမသည် ပြင်းထန်သော နာကျင်မှုအား ခံစားနေရသော်လည်း ယခု အစာအိမ်ထဲတွင် မီးတောက်လို ပြင်းထန်စွာ ပူလောင်နေခြင်းအား မခံနိုင်ဖြစ်နေရသည်။ ထိုအရာသည် သူမအား ချက်ချင်း သေသွားနိုင်သည်ဟု ခံစားနေရသည်။ သို့သော် သူမ တွန်းလှန်ရန်အတွက် သူမကိုယ်သူမ အားပေးလိုက်သည်။ သူမ သေလို့ မဖြစ်သေးပါ။ ဖခင်ဖြစ်သူ သေဆုံးပြီး သူမပါ သေဆုံးခဲ့ရင် သူမ၏ မိခင်သည် အလွန် အထီးကျန်စွာနှင့် လောကအလယ်တွင် တစ်ယောက်တည်း ပူဆွေးသောကများဖြင့် သနားဖွယ်ရာ ရှင်သန်နေရလိမ့်မည်။  သူမ ခံနိုင်ရည်ရှိရမည်။ သူမ ပြန်လည် ကောင်းမွန်လာရမည်။ ကလေးမလေးသည် စိတ်တွင်းမှ သူမကိုယ်သူမ အားပေးလိုက်သည်။

၂မိနစ်ကြာပြီးနောက် ...

ချွေးသီးချွေးပေါက်ကြီးများသည်  သူမ၏မျက်နှာအား ဖုံးအုပ်နေပြီး အဖြူရောင် အခိုးအငွေ့များသည် သူမ၏ နက်မှောင်သော ဆံပင်များမှ ထွက်လာကြကာ သူမတစ်ကိုယ်လုံး တုန်ရီနေသည်။ ထန်ရှုသည် ကလေးမလေး၏ မျက်နှာထက်မှ ခိုင်မာသော ကြံ့ကြံ့ခံနိုင်မှုအား ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိလေသည်။ ထိုကဲ့သို့ တရုတ်တိုင်းရင်းဆေး၏ နာကျင်မှုအား သူသိသည်။

သူ အင်မော်တယ် ကမ္ဘာတွင် ရှိစဉ်ကလည်း သူ၏စီနီယာ ပြုလုပ်ပေးသော ဆေးရည်အား သောက်ဖူးသည်။ သို့သော် အသုံးပြုထားသော ဆေးပင်များ၏ သက်တမ်းသည် များစွာ ကြီးရင့်နေသောကြောင့် အကျိုးရလဒ်သည် သူ ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်သွားခဲ့သည်။

“အချိန် ရောက်တော့မှာပဲ”

ထန်ရှုသည် ကလေးမလေးအား မလိုက်ကာ အိပ်ရာပေါ်တွင် ခြေဆင်း ထိုင်တင်လိုက်သည်။ သူ၏လက်နှစ်ဖက်အား အသုံးပြုလျက် သူမ၏ပခုံးအား ကိုင်လိုက်ကာ ထူးဆန်းသောနည်းဖြင့် ပခုံးများ၊ လက်မောင်းများ၊ ရင်ဘတ်၊ နောက်ကျော၊ ခါး၊ ခြေထောက်များနှင့် ခြေဖဝါးအား အဆက်မပြတ် နှိပ်တော့သည်။

သူ နှိပ်လိုက်တိုင်း ကလေးမလေးသည် သနားစဖွယ် အော်ဟစ်နေရသည်။ ထန်ရှု၏လက်များသည် မြန် မြန်လာပြီး ကလေးမလေး၏ အကြောဆုံများ၊ အရိုးဆက်များနှင့်  မရီဒျာန်တစ်ခုစီအား နှိပ်ပြီးသောအခါ သူသည် ဖျော့တော့စွာ ပြုံးလျက် သူ၏လက်များအား ညင်သာစွာ ရပ်တန့်လိုက်တော့သည်။

“အာ”

မိန်းကလေးသည် အံ့သြမှုတို့ဖြင့် သူမဘာသာ ထရပ်လိုက်သည်။ နောက်ဆုံး နာကျင်မှု ပြီးသွားပြီးနောက် သူမသည် နာကျင်မှုအား မခံစားရတော့ကြောင်း အံ့သြဖွယ်ရာ တွေ့ရှိရသည့်အပြင် သက်တောင့်သက်သာ ဖြစ်သော ခံစားမှုအား ရရှိနေသည်။ ထိုကဲ့သို့ ခံစားမှုအား ၂နှစ်ကျော် ကြာခဲ့သည့်အတွင်း သူမ တစ်ခါမှ မရရှိခဲ့ဖူးပါချေ။

မုချင်းဖျင်သည် အိပ်ရာထက်တွင် မတ်တတ် ရပ်လိုက်သော သမီးဖြစ်သူအား ကြည့်ကာ မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။

“သမီး ဘယ်လိုနေသေးလဲ။ နာကျင်မှုတွေ ခံစားရသေးလား”

ကလေးမလေးသည် ထန်ရှုအား ကျေးဇူးတင်သော အကြည့်တို့ဖြင့် ကြည့်လိုက်ပြီး အားယူကာ သူမကိုယ်အား မိခင်ဖြစ်သူ၏ လက်မောင်းအတွင်းသို့ ခုန်ဝင်လိုက်သည်။ မျက်ရည်များ တစ်ဖန်ကျလာပြီး

“အမေ ... သမီး ထပ်မနာတော့ဘူး။ အရမ်း သက်တောင့်သက်သာ ရှိတာပဲ”

သမီးဖြစ်သူ၏ စကားကြားရသော မုချင်းဖျင်သည် အေးခဲသွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။ သူမကိုယ်သူမ အိပ်မက်ထဲတွင် ရောက်နေသည်ဟု ခံစားနေရသည်။ သူမ မနာကျင်တော့ဘူးလား။ သူမ၏သမီးဖြစ်သူ ထိုသို့မပြောသည်မှာ ၂နှစ်ကျော် ကြာခဲ့ပြီ။ ချူဂေါင်ရှုံးသည် ရှေ့သို့ထွက်လာပြီး ကလေးမလေးအား စူးရဲစွာ ကြည့်လျက် ပြောလိုက်သည်။

“ကလေး ...  မင်း မနာကျင်တာ့ဘူးလို့ ပြောခဲ့တာ မင်းအမေ စိတ်သက်သာရာ ရအောင်လို့လား”

ကလေးမလေးသည် ခေါင်းကို လှည့်ကာ ချူဂေါင်ရှံးအား ပြန်ဖြေလိုက်သည်။

“ဦးလေး.. သမီး တကယ်ကို မနာကျင်တော့တာပါ။ အမေက ငယ်ငယ်ကတည်းက သင်ထားတယ် ...  ကောင်းမွန်တဲ့ ကလေးက လိမ်မပြောရဘူးတဲ့”

ချူဂေါင်ရှံးသည် ထန်ရှုအား မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး တံတွေး မျိုချလိုက်မိကာ ထပ်ပြောလိုက်သည်။

“ကလေး ... ဦးလေးက တရုတ် သမားတော်ပါ။ တစ်ချက်လောက် သမီးကို စစ်ကြည့်လို့ ရမလား”

“အိုကေ” ကလေးမလေးသည် သူမ၏ လက်အား မလိုက်သည်။

ချူဂေါင်ရှံး၏ လက်ချောင်းများသည် ကလေးမလေး၏ သွေးခုန်နှုန်းအား စမ်းသပ်နေပြီး မျက်လုံးမှိတ်ထားသည်။ ၂မိနစ်အကြာတွင် မျက်လုံးများ ပြန်ဖွင့်ကာ စမ်းသပ်နေသည်အား လွှတ်ပေးလိုက်ပြီး သူ၏ မျက်နှာထက်တွင် အံ့သြတုန်လှုပ်နေသော အမူအရာ ဖြစ်ပေါ်လာသည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

ချူဂေါင်ရှံးသည် သတိလက်လွတ် တီးတိုးရေရွတ်မိသည်။ ထွက်လာသော ရလဒ်အား သူ့အနေဖြင့် မယုံကြည်နိုင်အောင် ဖြစ်ရသည်။ သူ ပြန်လည် စမ်းသပ်ချိန်တွင် ကလေးမလေး၏ အခြေအနေသည် ယခင်နှင့် လုံးဝမတူတော့ကြောင်း တွေ့ရှိရသည်။ အရာအားလုံးသည် ရှင်းလင်းတည်ငြိမ်နေပြီး သူမ၏ကိုယ်တွင်းမှ နွေးထွေးသော စွမ်းအင် စီးကြောင်းကိုပင် သူခံစားမိနေသည်။ တရုတ်တိုင်းရင်းဆေး ခွက်တစ်ဝက်က ဒီလိုရလဒ်ကို ထုတ်ပေးနိုင်တာလား ...

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး ပါးအချက် ဒါဇင်များစွာခန့် သူ့အား ရိုက်နှက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ ပြောခဲ့သော စကားများကြောင့် သည်နေ့ အရှက်ရမှုသည် သူ့ကိုသာလျှင်မက သူ၏ဆရာ ကွေ့ကျန်ကျုံ အပေါ်တွင်ပါ သက်ရောက်မှု ရှိတော့မည်ကို သူ ကောင်းစွာ သတိပြုမိလိုက် လေသောကြောင့် နောင်တ အကြီးအကျယ် ရသွားခဲ့သည်။

လျှော်ဖိနပ်စီးထားသော အဘိုးအိုသည် အရှက်ရနေဟန်တူသော ချူဂေါင်ရှံးအား ကြည့်ပြီး သူ၏ရင်ထဲတွင် မကောင်းသော ခံစားမှု ဖြစ်ပေါ်လာလေသည်။ သူသည် ရှေ့သို့သွားလိုက်ပြီး ပျော်နေသော ကလေးမလေးအား လစ်လျူရှုကာ သူမ၏ လက်ကောက်ဝတ်အား ကိုင်လျက် စမ်းသပ်လိုက်ပြီး သူ၏မျက်နှာသည် ချက်ချင်းနီရဲသွားသည်။

“မင်း ... မင်း ...  ဘယ် ... ဘယ်လို လုပ်လိုက်တာလဲ”

အဘိုးအိုသည် တုန်တုန်ရီရီဖြင့် မေးလိုက်သည်။ ထန်ရှုသည် ပုံမှန်အတိုင်း ဖြေလိုက်သည်။

“ဒါက ရောဂါ အသေးအဖွဲလေးပါ။ ကျွန်တော့်အတွက် အလွန် လွယ်ပါတယ်”

“ဖူး ...”

အဘိုးအိုသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။ အနာကျင်ရဆုံး ဒဏ်ရာသည် ချွန်ထက်သော ဓားကြောင့် မဟုတ်ဘဲ စွမ်းဆောင်ရည် ရှိသည့် လူတစ်ယောက်၏ နှုတ်ဖျားမှ သာမန်အမူအရာဖြင့် ပြောလိုက်သောကြောင့် ဖြစ်ပြီး ရင်ထဲတွင် ဖြစ်ပေါ်ရခြင်းကြောင့် ဖြစ်သည်။

ရုတ်ခြည်းပင် အဘိုးအိုသည် အသက်များစွာ ကြီးသွားသကဲ့သို့ပင် ဖြစ်သည်။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပါးစပ်ထောင့်မှ သွေးများအား သုတ်ကာ ခါးသီးသော ခံစားမှုဖြင့် ဆေးမျိုးတစ်ရာ ခန်းမပိုင်ရှင်အား  ပြောလိုက်သည်။

“ငါ ဂျင်ဆင်းဖိုး ပေးမယ်။ မင်းဆိုင်ကို ပို့ခိုင်းလိုက်မယ်”

ပြောပြီးသည်နှင့် မပျော်ရွှင်သော အမူအရာဖြင့် လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။ သည်နေရာတွင် ကြာကြာနေပါက တန်ဖိုးမဲ့သော သမားတော်အဖြစ် ပြောလာကြမည်ကို သူ ကြောက်မိပေသည်။ သည်နေ့တွင် သူသည် မျက်နှာပျက်ခဲ့ရပြီး ဖြစ်သည်။ တော်သေးသည်က သူ၏နာမည်အား ထုတ်မပြောခဲ့သောကြောင့် အရှက်မရ နာမည် မပျက်တော့ချေ။ သို့မဟုတ်ပါက ဒီနေ့သတင်းသာ ပျံ့နှံ့သွားပါက တရုတ်တိုင်းရင်းဆေး လောကတွင် သူသည် လှောင်ပြောင်စရာ ဖြစ်သွားပေးလိမ့်မည်။ သူ့သူငယ်ချင်းများမှအစ နောက်ကွယ်တွင် ရယ်မောနေကြပေမည်။

“စီနီယာ ...  စင်ပေါ် တက်လာကတည်းက ခင်ဗျားနာမည် မပြောရသေးဘူးလေ။ ကျွန်တော်က စီနီယာနာမည်ကို သိဖို့ ထိုက်တန်တဲ့ အရည်အချင်း ရှိတယ် မဟုတ်လား” ထန်ရှုသည် အဘိုးအို၏ နောက်ကျောအား ကြည့်ကာ ပြောလိုက်လေသည်။

***

All Chapters