မျက်နှာမပြဝံ့လောက်အောင် အရှက်ရခြင်း
Vol. 03 Ch. 109
“ဖူး ... ဖူး ...”
အဘိုးအိုသည် တုန်ခါသွားပြီး ပါးစပ်အပြည့် သွေးနှစ်လုပ် အန်လိုက်ရသည်။ ထန်ရှု၏စကားသည် သူ၏ အားနည်းချက် အရှိဆုံးအား ထိမှန်လိုက်သကဲ့သို့ ဖြစ်သည်။ ဖြစ်နိုင်ပါက သူသည် တွင်းတစ်ခုရှာကာ သူ့ကိုယ်သူ မြှုပ်နှံလိုက်ပြီး မည်သည့်အခါမျှ ထွက်မလာချင်တော့ပေ။
နောက်ဆုံးတွင် အဘိုးအိုသည် ထန်ရှု၏မေးခွန်းအား ပြန်မဖြေဘဲ လူအများ၏ ရှေ့မှောက်တွင် လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။
ဘေးပတ်လည်မှ ကြည့်နေသော သူများသည် ထန်ရှုအား အံ့အားသင့်စွာ ကြည့်နေမိကြသည်။ အားလုံးပြီးသွားသည့် နောက်တွင် မရေမတွက်နိုင်သော ကျော်ကြားသော သမားတော်များနှင့် ပြိုင်ဖက်ကင်း သမားတော်၏ တပည့်ပင်လျှင် မကုသနိုင်သည့် ရောဂါဆန်းအား ထန်ရှုသည် သူ၏အစွမ်းဖြင့် အောင်မြင်စွာ ကုသနိုင်ခဲ့ပြီ ဖြစ်သည်။
“အံ့သြစရာပဲ။ တကယ်ကို အံ့သြစရာပဲ။ ဒီညီလေးရဲ့ ဆေးပညာစွမ်းရည်က ငါ့ကို မျက်စိပွင့်စေတယ်။ ဒီလို အံ့သြစရာ အရည်အချင်းရှိတဲ့ သမားတော်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး”
“သူက ဟွားထို ဝင်စားတာလား။ မုချင်းဖျင်နဲ့ သူမရဲ့သမီးက ငါတို့ ဆေးလောကမှာ ကျော်ကြားတယ်။ ဘယ်သူမှ မကုနိုင်ဘူး။ အခု ဒီလူငယ်လေးက ကုပေးနိုင်ခဲ့တယ်။ ရှေ့လှိုင်းလုံးကို အနောက်က လှိုင်းလုံးက တွန်းထုတ်လိုက်သလိုပဲ လူငယ်တွေက လူကြီးတွေ နေရာမှာ အစားထိုးလိမ့်မယ်”
“အံ့သြစရာပဲ။ တကယ်ကို အံ့သြစရာပဲ။ ဒီနေ့ ငါက တကယ်ကို မမြင်နိုင်ခဲ့တာပဲ။ ဘယ်လိုများ တစ်ဖက်သားကို အထင်သေးခဲ့မိပါလိမ့်။ ဒီနေ့ သင်ခန်းစာကို ငါ မျှဝေရမယ်။ တစ်ဖက်သားရဲ့ သွင်ပြင်ကို ကြည့်ပြီး ကောက်ချက်မချမိဖို့”
“ဒီလူငယ်လေးက ပြိုင်ဖက်ကင်း ပါရမီရှင် သမားတော်ပဲ”
“ဟေး ... ပြိုင်ဖက်ကင်း သမားတော်ရဲ့ တပည့်နာမည်က ဘာ ... ချူ ... အာ ... ဘာ..ရှုံး ... တကယ်ကို အရည်အချင်း မရှိတာပဲ။ ဟိုအဘိုးကြီးရော စိတ်ကြီးဝင်၊ အနိုင်ကျင့်တဲ့သူလေ ... ရလဒ်ကရော။ ဆိုးရွားချက်”
“ ... ”
လူအုပ်ထဲတွင် ...
အိုးရန်လူလူသည် တောက်ပသော အပြုံးဖြင့် ထန်ရှုအား လှပစွာ ကြည့်နေခဲ့ပြီး သူမ၏မြင်ကွင်းမှ ပျောက်ကွယ် မသွားစေချင်သေးပေ။ သူမ၏ရင်တွင်းမှ အမည်မဖော်နိုင်သော ခံစားမှုသည် နက်ရှိုင်းစွာ ပြန်လည် ခံစားလာရပြန်သည်။ သူမသည် ထန်ရှု၏ ဖုံးကွယ်ထားသော လိုက်ကာအား ဖွင့်ကာ သူ့အကြောင်းအား ရှင်းရှင်းလင်းလင်း သိလိုလှသည်။ သူမသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ စင်မြင့်ဆီသို့ ရှေးရှူသွားကာ ထန်ရှုအရှေ့ ၇မီတာ ၈မီတာအကွာတွင် ရပ်ကာ မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ထန်ရှု ... ဒီနေ့ည ညစာစားဖို့ အချိန်ရလား”
ထန်ရှုသည် ဘေးဘီဝဲယာ ကြည့်လိုက်ပြီး အိုးရန်လူလူအား တွေ့သော် အံ့အားသင့် သွားခဲ့သည်။ သူမအား သည်ဆေးပင် ဈေးတွင် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားမိပါချေ။ သို့သော်လည်း သူသည် ဒီနေ့ညတွင် ကြယ်တာရာသို့ ပြန်ရန် စီစဉ်ထားပြီး ဖြစ်သောကြောင့် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“ဟင့်အင်း ... ငါ့မှာ အချိန်မရှိဘူး”
ဘေးပတ်လည်မှ ယောက်ျားများစွာသည် အိုးရန်လူလူ၏ လှပသော ပုံရိပ်အား ချစ်မြတ်နိုးနေကြပြီး သူမမှ ထန်ရှုအား ပြောလိုက်သည့် စကားကြောင့် အသည်းကွဲကုန်ကြသော်လည်း ထန်ရှု၏ ငြင်းဆိုမှုကြောင့် သူတို့သည် အံ့အားသင့်ကာ ကြက်သေ သေကုန်ကြသည်။
“ဘုရားရေ ... ငါများ နားလည်မှု လွဲတာလား။ ဒီလို နတ်သမီးလေးက ဖိတ်တာကို ငြင်းဆန်တယ်ပေါ့လေ။ ဒီကောင် ယောက်ျားရော ဟုတ်ရဲ့လား”
“ပါရမီရှင်က မိန်းမလှလေးနဲ့ လိုက်ဖက်တာကို ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ ဒီကောင်က သောက်ကျိုးနည်းကို ဘဝင်မြင့်လွန်းတယ်”
“ဟမ့် ... ဒီကောင် ယောက်ျား မဟုတ်ပါဘူးကွာ”
“ ... ”
ထန်ရှု ထိုပြောနေကြသော ယောကျာ်းသားများ၏ စကားအား နားမလည်နိုင်တော့ပေ။ မိန်းမလှ တစ်ယောက်က ဘာကြောင့်များ အလွန် အရေးကြီး နေရပါသနည်း။ အမျိုးသမီး တစ်ယောက်သည် လှပနေပါက ထိုကဲ့သို့ အခွင့်အရေးများ ရနေရပါသနည်း”
သူသည် လူမှုရေး ကျွမ်းကျင်မှု နည်းသောကြောင့် ခေါင်းကိုသာ တိတ်တဆိတ် ယမ်းလိုက်ပြီး နှစ်၅၀၀ဂျင်ဆင်းကို ယူလိုက်ကာ မုချင်းဖျင်အား ပြောလိုက်သည်။
“ကျွန်တော်တို့ သီးသန့်စကား ပြောကြမလား”
ထိုခဏတွင် မုချင်းဖျင်သည် မတ်တတ်ရပ်အောင်ပင် မစောင့်နိုင်တော့ဘဲ ထန်ရှု၏ စကားအား ကြားသော် တွေဝေမှုမရှိဘဲ လျင်မြန်စွာ ပြန်ပြောလိုက်သည်။
“အင်း ... နင် ပြောချင်တာ ဘာအကြောင်းများလဲ”
ထန်ရှုသည် ရယ်မောကာ ပြောလိုက်သည်။
“ကျွန်တော်က ခင်ဗျားသမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အကြောင်း ပြောဖို့ပါ”
မုချင်းဖျင်သည် ထိုစကားကြားသော် နားလည်မှုလွဲကာ အလျင်စလို မေးလိုက်သည်။
“ပြိုင်ဖက်ကင်း သမားတော်လေး ... ငါ့သမီးရဲ့ ဖျားနာတာက အရှင်းမပျောက်သေးဘူးလား”
ထန်ရှုသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“ခင်ဗျားမှာ တခြား စီစဉ်စရာမရှိရင် ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ကျွန်တော်နဲ့ ရှိနေသမျှ ကာလပတ်လုံး ခင်ဗျားသမီး ကောင်းစေရမယ်လို့ ကျွန်တော် ကတိပေးတယ်”
“အာ ... ကောင်းပြီ”
မုချင်းဖျင်သည် မြေပြင်ပေါ်မှ သမီးဖြစ်သူအား ထူလိုက်ကာ သူမ၏လက်ကို ဆွဲလျက် စင်မြင့်ထက်မှ ဆင်းကာ ထန်ရှုနှင့် လျှောက်လာခဲ့သည်။ လွန်ခဲ့သော ၂နှစ် ၃နှစ်က ဒီလိုမျိုး သူမ မပျော်ရွှင်ခဲ့ရပေ။ သမီးဖြစ်သူ၏လက်အား ကိုင်ဆွဲကာ အတူလျှောက်လှမ်း ရသောကြောင့် အခု သူမ တကယ်ကို ပျော်ရွှင်နေလေသည်။
အိုးရန်လူလူ၏ ရင်ထဲတွင် အချည်းနှီးဖြစ်သည်ဟု ခံစားနေရကာ သူမ၏ လွန်ကဲသော စိတ်လိုက်မာန်ပါ ပြုလုပ်မှုအတွက် နောင်တရနေမိသည်။ သူ၏ အကျင့်စရိုက်အား ကောင်းစွာ သိပါလျက်နှင့် လူရှေ့တွင် သူမ မည်သည့် အတွက်ကြောင့် ဖိတ်ခေါ်မိပါသနည်း။
သို့သော် သူမသည် အငြင်းခံလိုက် ရသော်လည်း ယခင်ကဲ့သို့ အားမလျှော့ချေ။ ထန်ရှုသည် ခံတပ်တစ်ခုနှင့် တူသော်လည်း သူမတွင်လည်း ထိုအရာအား တိုက်ခိုက်ရန် ယုံကြည်ချက် ရှိသည်။ ညစာအတူတူ စားခြင်းကလား။ ထိုအရာသည် သူနှင့် သူငယ်ချင်းဖြစ်ရန် သူမ၏ မရေမတွက်နိုင်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
လူစုကွဲသွားသောအခါ အိုးရန်လူလူသည် ထန်ရှု၏နောက်မှ လိုက်လာခဲ့သည်။ အခြားသော မျက်ဝန်းတစ်စုံသည် သူတို့အား ခြားနားသော အမူအရာဖြင့် ကြည့်နေသည်။ ထိုသူမှာ လှည်းအား တွန်းလာသော မုတ်ဆိတ်နှင့်လူပင် ဖြစ်သည်။
“ညီငယ်ကြီး ... မင်း ဆေးဝယ်နေတာ မပြီးသေးဘူး မဟုတ်လား”
ထန်ရှုသည် ဈေးပေါက်ဝသို့ သွားနေသည်ကို တွေ့သော ထိုမုတ်ဆိတ်နှင့်လူသည် လှည်းကို တွန်းနေရင်း မေးလိုက်သည်။ ထန်ရှုသည် ရပ်လိုက်ကာ ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“အဲဒီလှည်း ကျွန်တော့်ကို ရောင်းလိုက်ပါ။ ခင်ဗျားကို တစ်နေ့လုံးစာ လုပ်ခလည်း ပေးမယ်”
မုတ်ဆိတ်နှင့်လူသည် အံ့အားသင့်သွားပြီး ပြုံးကာ ပြောလိုက်သည်။
“ညီငယ်ကြီး ... မင်းက ငါ့ကို နေ့ဝက်ပဲ သုံးရသေးတာလေ။ ငါ ... ”
“အဲဒါ အဆင်ပြေတယ်” ထန်ရှုသည် လက်ကို ယမ်းကာ ပြောလိုက်သည်။
မုတ်ဆိတ်နှင့်လူသည် ခဏမျှ စဉ်းစားနေပြီး ပြောလိုက်သည်။
“ယွမ်၂သောင်းပဲ ပေးပါ ဒီလှည်းအတွက်”
“ကောင်းပြီ”
ထန်ရှုသည် ပိုက်ဆံအိတ်ထဲမှ ယွမ်၂သောင်းအား ထုတ်ကာ မုတ်ဆိတ်နှင့်လူအား ပေးလိုက်သည်။ ထို့နောက် အိုးရန်လူလူအား ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျား ကျွန်တော့်နောက်ကို လိုက်ချင်သေးတယ်ဆိုရင် ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ဒီလှည်းကို တွန်းလာခဲ့ပေးပါ။ အာ ... ပြီးတော့ ခင်ဗျားက ဒီဒေသက သူဌေးဆိုတော့ ဒီည ကျွန်တော်တို့နေဖို့ စားဖို့အတွက်ရော သွားလာဖို့ရော ကားတစ်စီး လွှတ်ပေးပါ”
“နင် ဘာပြောတာလဲ”
အိုးရန်လူလူသည် အံ့အားသင့်စွာဖြင့် သူမ၏လက်အား မြှောက်လိုက်ပြီး သွယ်လျဖြူဝင်းသော လက်ချောင်းလေးဖြင့် သူမ၏နှာတံစင်းစင်းလေးအား ညွှန်ပြကာ ပြောလိုက်သည်။
“ငါက လှည်းတွန်းရမယ် ဟုတ်လား။ ဒါပေမဲ့ ငါက လေးစားခံရတဲ့သူလေ ...”
ထန်ရှုသည် စိတ်မရှည်သည့်ဟန်ဖြင့် စကားဖြတ်ပြောလိုက်သည်။
“အပိုတွေ ပြောမနေဘဲ လှည်းကို မြန်မြန်တွန်းပါ။ ဒါမှမဟုတ်ရင် လာရာလမ်းအတိုင်း ပြန်ပေတော့။ အမှိက်တစ်စလို ကျွန်တော့်နောက်ကို လိုက်နေတာ မလိုဘူး”
“အမှိုက် ဟုတ်လား။ နင်သာ အမှိုက်”
အိုးရန်လူလူသည် ဒေါသ ထွက်သွားသည်။ ထန်ရှု၏ စိတ်မရှည်သော အမူအရာအား ကြည့်ကာ သူမ၏အသံသည် တဖြည်းဖြည်းနှင့် တိုးသွားသည်။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် နောက်ဆုံးတွင် လှည်းအား တွန်းလိုက်ရတော့သည်။
ကျင်းမန်ကျွန်း၏ ဆေးပင်ဈေးတွင် ထိုသို့သော မြင်ကွင်းသည် လူကြည့်များသော မြင်ကွင်းတစ်ခု ဖြစ်သည်။ လှပကြော့ရှင်းစွာ ဝတ်ဆင်ထားပြီး နတ်သမီးလေး တစ်ပါးအလား လှပနေသော မိန်းမလှလေးသည် ငယ်ရွယ်ကာ စိတ်ဆိုးနေသော အစေခံတစ်ဦးပမာ တစ်စုံတစ်ယောက်၏ နောက်မှ လှည်းအားတွန်းကာ လိုက်ပါလျက်ရှိသည်။ များပြားလှစွာသော ယောကျာ်းပျိုများသည် စိတ်အားထက်သန်စွာဖြင့် အိုးရန်လူလူအား ကူညီရန် လမ်းတစ်လျှောက် လိုက်ပါ နေကြသည်မှာလည်း ပိုမိုဆွဲဆောင်နိုင်သော မြင်ကွင်းဖြစ်သည်။ အိုးရန်လူလူသည် နောက်သို့ တစ်ချက်လေးမျှ ပြန်မကြည့်သော ထန်ရှုအား ဒေါသများဖြင့် ကြည့်ကာ လာရောက် ကမ်းလှမ်းလာသော ယောက်ျားများအား ငြင်းဆန်နေပေသည်။
ဈေးထဲရှိ လက်ဘက်ရည် ဆိုင်အတွင်းတွင် ရှောင်မင်ကျန်းနှင့် မြောင်ဝမ်တန်တို့သည် ဒုတိယထပ်ရှိ ပြတင်းပေါက်နားတွင် ထိုင်နေကြသည်။ သူတို့သည် စကားပြောနေ ကြသော်လည်း သူတို့၏ မျက်လုံးများသည် အောက်ဘက်မှ လမ်းများဆီသို့ ကြည့်နေကြသည်။
“ အစ်ကိုမြောင် ... ထန်ရှုက ငါတို့ကို ဆေးပင်ဈေးအကြောင်း မေးသွားတယ်။ သူ ဒီနေ့ ဒီကို လာပါ့မလား”
ရှောင်မင်ကျန်းသည် သူ၏ရှေ့မှ မွှေးပျံ့သော လက်ဖက်ရည်အား အနံ့ခံလိုက်ကာ ဖျော့တော့သော အပြုံးဖြင့် မေးလိုက်သည်။ မြောင်ဝမ်တန်သည် အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ထန်ရှုနဲ့ ခုတလော သိပြီး သိတာ မကြာသေးပေမဲ့လည်း သူ့အကျင့်စရိုက်နဲ့ ပတ်သက်ပြီး တစ်ခုတော့ ပြောနိုင်တယ်။ သူက အရာရာကို စီစဉ်ထားတဲ့အတိုင်း သပ်သပ်ရပ်ရပ် လုပ်တတ်ပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်။ အဲဒါကြောင့် သူ ဒီနေရာကို ဒီနေ့လာမယ်လို့ ငါ သေချာပေါက် ပြောရဲတယ်”
ရှောင်မင်ကျန်းသည် ရယ်မောကာ ပြောလိုက်သည်။
“အစ်ကိုမြောင်.. မင်း ထန်ရှုရဲ့ အကျင့်စရိုက်အကြောင်း ပြောနိုင်တယ်ဆိုရင် တစ်ခု ထူးဆန်းနေတာကိုလည်း သိထားသင့်တယ်။ သူက ငယ်ရွယ်ပေမဲ့လည်း သူရဲ့ပြောဆိုပြုမူ လှုပ်ရှားတာတွေက ပြတ်သားတော့ အတွေ့အကြုံ ရင့်ကျက်တဲ့ ဝံပုလွေအိုကြီး တစ်ကောင်လိုပဲ။ ငါ ခရီးသွားလာရင်း လူပေါင်းများစွာ တွေ့ဆုံဖူးပြီး အတွေ့အကြုံ များနေပြီဆိုတော့ လူတစ်ယောက်နဲ့ ဆုံတဲ့အခါ အဲဒီလူရဲ့ အကျင့်စရိုက် သဘောသဘာဝတွေကို အများအပြား ရိပ်မိ သိရှိနိုင်တယ်။ ဒါပေမဲ့ ထန်ရှုနဲ့ကျတော့ ငါ သူ့ကို ထွင်းဖောက် မသိနိုင်ဘူး” မြောင်ဝမ်တန် ပြောလိုက်သည်။
“မင်းက ငါ့ကို မေးရင် ငါတို့ သူ့ကို နှံ့နှံ့စပ်စပ် သိဖို့ မလိုလောက်ဘူး။ ငါတို့ သိရမှာက သူ့ရဲအသန်မာဆုံး အပြုအမူဖြစ်တဲ့ “ရည်ရွယ်ချက်ကို ချဉ်းကပ်ပြီး အစီအစဉ်ကို ဆောင်ရွက်” ဆိုတာကိုပဲ သိဖို့လိုတယ်။ ဒီဟာက ဒီနေ့ သူ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ညွှန်ပြဖို့ လုံလောက်တယ်။ ငါ့ကို ယုံ သူ ဒီလမ်းမကြီးက ဖြတ်သွားလိမ့်မယ်”
“ငါ”
ရှောင်မင်ကျန်းသည် ပြောခါနီးဆဲဆဲတွင် သူ၏ အကြည့်များသည် လမ်းဆီသို့ ရောက်သွားပြီး တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားကာ အံ့သြသော အမူအရာသည် သူ၏ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ မြောင်ဝမ်တန်သည် ရှောင်မင်ကျန်း၏ မူမမှန်သော တုံ့ပြန်မှုအား သတိပြုမိသောကြောင့် သူ ကြည့်ရာသို့ လိုက်ကြည့်လိုက်ရာ သူ၏ အမူအရာသည်လည်း ထူးဆန်းသွားရသည်။
“ဒါ ... ကျင်းမန်ကျွန်းက အိုးရန်မိသားစုရဲ့ သခင်မလေး ဖြစ်ပြီးတော့ သုခဘုံရဲ့သူဋ္ဌေး အိုးရန်လူလူ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ထန်ရှုနောက်က ငယ်ရွယ်တဲ့ ကိုယ်ပိုင် အစေခံ တစ်ဦးလို ပါလာရတာလဲ”
မြောင်ဝမ်တန်သည် မယုံနိုင်သော အမူအရာဖြင့် တီးတိုး ရေရွတ်လိုက်သည်။ ရှောင်မင်ကျန်း၏ မျက်လုံးများသည် အရောင်တောက်ပကာ သူ၏လက်မအား တိတ်တဆိတ် ထောင်ပြလိုက်ကာ ချီးကျူးလိုက်သည်။
“သောက်ကျိုးနည်း ... ဘယ်လိုတောင် အံ့သြစရာ ကောင်းလိုက်တာတုန်း။ သူက အိုးရန် သခင်မလေးကိုတောင် အစေခံပမာ လုပ်နိုင်လိုက်သေးတယ်။ ဒီလိုအံ့သြစရာ ကောင်းတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး။ မိန်းမလှလေးတွေက သူရဲကောင်းတွေကို ချစ်ကြတယ်ဆိုတာ တကယ်မှန်တာပဲ။ အရင်တုန်းက ငါ ဒီဆိုရိုးစကားကို ရီစရာလို့ တွေးခဲ့တယ်။ အခုတော့ ဘာကြောင့်ဆိုတာကို နားလည်နိုင်ပြီ ထင်တာပဲ”
မြောင်ဝမ်တန်သည် ရယ်မောကာ ပြောလိုက်သည်။
“အရင်တုန်းက ငါ ထန်ရှုကို လောင်းကစား မာစတာ တစ်ယောက်နဲ့ အစီအရင် ကျွမ်းကျင်သူလို့ပဲ သိထားခဲ့တာ။ အခု သူက တော်ဝင် မင်းသမီးလေးတွေကို အနိုင်ရတဲ့ ဆရာတစ်ဆူ ပါပဲလား။ အိုးရန်မိသားစုက ကြောင်ရိုင်းမလေးကို ထိန်းကျောင်းပေးနိုင်တာ သူတစ်ယောက်ပဲ ရှိမယ်နဲ့တူတယ်။ ငါသာ နှစ်၂၀လောက် ငယ်လိုက်ရင် သူ့ကို ငါ့ရဲ့ ဆရာတစ်ဆူလို့ သဘောထားမိမှာပဲ”
“ခွိ”
အနီးနားရှိ စားပွဲတွင် အချိုမုန့်စားကာ လက်ဘက်ရည် သောက်နေသော အမျိုးသမီးသည် မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိသည်။ သူမသည် ဖြည်းညှင်းစွာ မတ်တတ် ရပ်လိုက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီးလျှင် ထန်ရှုတို့အား ငုံ့ကြည့်လိုက်ပြီး စိတ်ဝင်စားသော အမူအရာသည် သူမ၏လှပသော မျက်နှာထက်တွင် ပေါ်လာလေသည်။
“ခင်ဗျားက”
သူမသည် ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။
“လူကြီးမင်း၂ယောက်ရဲ့ စကားတွေက ကျွန်မကို စိတ်ဝင်စားစေတယ်။ အထူးသဖြင့် ရှင်တို့၂ယောက် ပြောနေတဲ့ ထန်ရှုဆိုတဲ့ လူငယ်လေး အကြောင်းပေါ့။ ရှင်က မြောင်ဝမ်တန် မဟုတ်လား။ မြောင်မိသားစုရဲ့ မျိုးနွယ်စု စောင့်ရှောက်သူဖြစ်ပြီးတော့ မြောင်ဂရုရဲ့ ဥက္ကဋ္ဌ။ နိုင်ငံတစ်ခုလုံးရဲ့ ထိပ်တန်းလုံခြုံရေးအဖွဲ့အစည်း၃ခုထဲက ချီလင်မီး လုံခြုံရေးအဖွဲ့ရဲ့ နောက်ကွယ်က သူဌေးဆိုလည်း ဟုတ်တယ်။ ရှင်ကတော့ ရှောင်မင်ကျန်း။ မြောက်စုနေရာက ထင်ရှားသူ တစ်ယောက်။ သိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး လေရိုင်းအဖွဲ့ကို အပေါ်ယံ လုပ်ဆောင်နေပေမဲ့ ရှင် တကယ် ချုပ်ကိုင်ထားတာက မြောက်စုနေရာက ဖျော်ဖြေရေး လုပ်ငန်းတွေရဲ့ ၆၀% မကဘူး။ လူကြီးမင်းတို့ နှစ်ယောက် ကျွန်မပြောတာ မှန်ပါရဲ့လား”
***