တပည့် လက်ခံခြင်း
Vol. 03 Ch. 110
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် ရုတ်ခြည်းပင် မတ်တတ် ရပ်လိုက်မိကြပြီး သူတို့၏ မျက်ဝန်းများသည် အလွန်အမင်း အေးစက်သွားကာ သတ်ဖြတ်လိုစိတ် အနည်းငယ်ပင် ပေါ်ထွက်လာခဲ့သည်။ သူတို့၏ နောက်ခံအား လူအများစုက အပေါ်ယံသာ သိထားကြပြီး လူနည်းစုလောက်ကသာ သူတို့၏ လျှို့ဝှက်သော လွှမ်းမိုးနိုင်မှုနှင့် ခွန်အားအမှန်အား သိကြလေသည်။
“ခင်ဗျား ... ဘယ်သူလဲ”
မြောင်ဝမ်တန်သည် အေးစက်စွာ မေးလိုက်သည်။ သူမ၏ အမူအရာသည် တည်ငြိမ်အေးဆေးလျက် အောက်ဘက်ရှိ လမ်းထက်တွင် လှည်းတွန်းနေသော အိုးရန်လူလူအား ကြည့်နေသည်။ သူမသည် ခဏမျှ စဉ်းစား လိုက်ပြီးနောက် ပြောလိုက်သည်။
“ရှင်တို့က ကျွန်မအကြောင်း သိချင်နေတယ်ဆိုတော့ သံသယ ရှင်းသွားအောင် ပြောလိုက်ပါမယ်လေ။ ရှင်တို့ ပြောတဲ့စကားအတိုင်း ကျွန်မက အိုးရန်မိသားစုက ကြောင်ရိုင်းမလေးရဲ့ အမေပဲ။ ဒါပေမဲ့ ကျွန်မကတော့ ကြောင်ရိုင်းအိုမကြီး တစ်ယောက်လို့တော့ အခေါ်မခံချင်ဘူး”
ကြောင် ... ကြောင်ရိုင်းအိုမကြီး ...
မြောင်ဝမ်တန်နှင့် ရှောင်မင်ကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်မိကြပြီး သူတို့၏ ဖိနှိပ်ထားသော အော်ရာများအား ရုတ်သိမ်းလိုက်ကြသည်။ တစ်စုံတစ်ယောက်၏ သမီးအား သူတို့သည် အားပါးတရ ပြောဆိုနေကြပြီး ကြောင်ရိုင်းမလေး တစ်ကောင်ဟုပင် ပြောလိုက် မိကြသောကြောင့် စိတ်ကသိကအောက် နိုင်မှုသည် သူတို့၏ မျက်နှာထက်တွင် ပေါ်လွင်နေပေသည်။ သူတို့သည် ထိုအမျိုးသမီးအား ကြောင်ရိုင်းမလေး၏ မိခင်ဟုပင် ထင်မထားမိခဲ့ချေ။
“ငါ တောင်းပန်ပါတယ်”
မြောင်ဝမ်တန်သည် လက်သီးဆုပ်ကာ အရိုအသေပြုလျက် မချိပြုံးဖြင့် တောင်းပန်လိုက်သည်။
သူမသည် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ကျွန်မကို အလွယ် အနာတရ မလုပ်နိုင်ပါဘူး။ ဒီမှာထိုင်ပြီး ရှင်တို့နဲ့ စကားပြောလို့ ရမလား”
မြောင်ဝမ်တန်သည် ထိုင်ရန် လက်ဟန်ပြလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“အိုးရန်မိသားစုက အကြီးအကဲရဲ့ အမျိုးသမီးနဲ့ တွေ့ဖို့ အကြောင်းဖန်လာတာပါ။ တစ်စုံတစ်ယောက်က နဂါးနတ်မင်းလိုပဲ ခေါင်းပိုင်းကိုပဲ မြင်နိုင်တယ်။ အမြီးပိုင်းကို မမြင်နိုင်အောင် သီးခြား တည်ရှိနေတယ်။ ဒီနေ့ ခင်ဗျားကို တွေ့ရတာ ကျွန်တော်တို့ ကံကောင်းလို့ပါ။ ခင်ဗျားစိတ်ဝင်စားတဲ့ အကြောင်းအရာက ထန်ရှုနဲ့ ဆက်စပ်နေတယ် မဟုတ်လား” သူမသည် အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“စမတ်ကျတဲ့ လူတွေနဲ့ စကားပြောရတာ အမြဲကို ချောမွေ့ပြီး နှစ်သက်စရာပါပဲ။ ဟုတ်ပါတယ်ရှင်။ ကျွန်မက ထန်ရှုအကြောင်းကို ပြောချင်သလို ကျွန်မတို့ လုပ်ငန်းတွေ အတူပူးပေါင်းပြီး လုပ်ဆောင်ဖို့ အခွင့်အရေး ရှိရင်လည်း သိချင်ပါတယ်”
ညနေခင်း ...
ကျင်းမန်ကျွန်း၏ အထက်တန်းလွှာ အိမ်ရာတွင် လှပပြီး ဥရောပစတိုင် ဆောက်ထားသော အိုးရန်လူလူ ပိုင်ဆိုင်သည့် အိမ်တွင် အစေခံ ၁၀ယောက်မက ရှိနေသည်။
“ဧည့်သည်ခန်းတွေကို ပြင်ဆင်ထားပေး။ နင်တို့အားလုံး တန်းအနားယူချင်လား ညစာ စားချင်လား။ ညစာကို မီးဖိုချောင်ထဲမှာ ပြင်သင့်တယ်”
သည်ဟာသည် အိုးရန်လူလူမှ သူမ၏ ကိုယ်ပိုင်အိမ်သို့ ပထမဆုံးအကြိမ် ခေါ်ဆောင်လာခြင်းဖြစ်ပြီး သူမ၏ ကြိုဆိုဧည့်ခံမှုသည် နွေးထွေးလှသည်။ အထူးသဖြင့် သူမ လေးစားသဘောကျသော မုချင်းဖျင်ကိုဖြစ်သည်။
သူမ၏အမြင်အရ မုချင်းဖျင်သည် သူမပိုင်ဆိုင်သမျှ အကုန်သုံးကာ သမီးဖြစ်သူအတွက် အရာရာအား တွေဝေခြင်းမရှိ ဒူးထောက်ခြင်းဖြင့်တောင်မှ လုပ်ဆောင်ပေးခြင်းသည် အထင်ကြီး လေးစားဖွယ်ဖြစ်သည်။ ထန်ရှု ပြောလိုက်သည်။
“အရင် စားကြစို့။ ကျေးဇူးပြုပြီး ရင်ရင်အတွက် စားစရာအချို့ ပြင်ဆင်ခိုင်းပေးပါ”
“ဟေ့ ... ငါ နင့်အမြင်ကို မမေးဘူးလေ”
အိုးရန်လူလူသည် မုချင်းဖျင်နှင့် သမီးဖြစ်သူ ယင်ယင်အား နွေးထွေးစွာ ဆက်ဆံသော်လည်း ထန်ရှုအား ခြားနားစွာ ဆက်ဆံခြင်းဖြင့် သူမသည် သူ့အား စိတ်ဆိုး နေသေးကြောင်း သိသာ ထင်ရှားစေသည်။
ထန်ရှုသည် အိုးရန်လူလူ၏ သဘောထားအား ဂရုမစိုက်ဘဲ တစ်စုံတစ်ယောက်က သူ့အား ဝန်ဆောင်မှု ပေးနေခြင်းအား ကျေနပ်နေလေသည်။ အိုးရန်လူလူသည် သူ၏တံခါးအား လာခေါက်သောကြောင့် သူမနှင့် ဘာမှမဟုတ်တာလေးအား ငြင်းခုံခြင်းနှင့် သူ့ကိုယ်သူ နှိမ့်ချစွာ ဆက်ဆံခြင်းတို့အတွက် စိတ်မပါတော့ချေ။
ကောင်းမွန်လှသော ညစာအား သုံးဆောင်ပြီးနောက် ထန်ရှုသည် အိုးရန်လူလူအား ကြည့်ကာ မေးလိုက်သည်။
“ငါ ထင်တာ မှန်မယ်ဆိုမယ်ရင် ကျင်းမန်ကျွန်းမှာ မင်း ပိုင်ဆိုင်တာ အိမ်တစ်လုံး မကဘူး မဟုတ်လား”
အိုးရန်လူလူသည် ဝင့်ကြွားစွာ ပြောလိုက်သည်။
“ဒါပေါ့။ ငါက ဒီမှာ အနေများပေမဲ့ လေးစားခံရတဲ့ အိုးရန် သခင်မလေးအတွက် အိမ်တွေအများကြီး ရှိဖို့က လွယ်ပါတယ်”
ထန်ရှုသည် လက်မထောင် ပြလိုက်ကာ ပြောလိုက်သည်။
“အဲဒါဆို မင်း သွားနိုင်ပြီ။ အာ ပြီးတော့ ဒီမှာရှိတဲ့ မင်းရဲ့ အလုပ်သမားတွေကို တစ်ရက် ပေးနားပေးပါ”
“နင် ဘာပြောလိုက်တယ်”
အိုးရန်လူလူသည် ကြက်သေ သေသွားသည်။ ထန်ရှုသည် ထိုစကားမျိုး ပြောလိမ့်မည်ဟု ထင်မထားမိပါချေ။ သူမက ဘယ်သူလဲ။ ဒီအိမ်ရဲ့ပိုင်ရှင်လေ။ ဧည့်သည်က အိမ်ရှင်ကို နှင်ထုတ်နိုင်တဲ့နေရာ လောကမှာ ဘယ်မှာ ရှိလို့လဲ။
“သမားတော် ထန် ... နင် ...”
မုချင်းဖျင်သည်လည်း အံ့အားသင့်သွားသည်။ မျက်နှာ အကြီးအကျယ် ပျက်နေသော အိုးရန်လူလူအား ကြည့်ကာ အလျင်အမြန် လေသံနှိမ့်ကာ ပြောလိုက်သည်။
ထန်ရှုသည် မုချင်းဖျင်အား လက်ပြကာ တားလိုက်ပြီး လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“မစ္စအိုးရန် ... ဒီနေ့ ငါတို့ကို ကျွေးမွေး ပြုစုတာအတွက် ငါ အထူး ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါတို့ အိမ်တစ်လုံးကို တစ်ညလောက် ငှားဖို့ အမှန်လိုအပ်နေလို့ပါ။ မနက်ဖြန်ကျရင် ပြန်ပေးမှာပါ။ အဲဒါအပြင် င့ါမှာ ဒီည အရေးတကြီး လုပ်စရာရှိနေလို့ ပြင်ပနှောင့်ယှက်မှု ဝင်လို့မရပါဘူး။ မင်း မသွားချင်ဘူး ဒါမှမဟုတ် မင်းရဲ့ အလုပ်သမားတွေ ယာယီ မသွားချင်ဘူးဆိုရင် ငါတို့ ခုချက်ချင်း ထွက်သွားပါမယ်”
အရေးတကြီး လုပ်စရာလား။ ထန်ရှု၏ရှင်းပြချက်ကို နားထောင်ပြီး အိုးရန်လူလူ၏ ခံစားမှု ပိုမို ကောင်းမွန်သွားရသည်။ သို့သော် ထန်ရှုသည် သူမအား မိမိအိမ်မှာ ထွက်ခွာပေးရန် အမိအရ တိုက်တွန်းနေဆဲ ရှိနေသောကြောင့် သူမစိတ်ထဲ ခါးသီးရသည်။
“နင် ငါ့ကို ခြိမ်းခြောက်နေတာလား”
ထန်ရှု ပြောလိုက်သည်။
“မဟုတ်ပါဘူး … ငါ မင်းကို ရှင်းပြရုံပါ”
“နင်”
အိုးရန်လူလူသည် ထန်ရှု၏ မျက်နှာထက်မှ လေးနက်သော အမူအရာအား တွေ့ရသဖြင့် ထိုလူငယ်၏ ထူးဆန်းသော စိတ်ထားကိုသာ ကျိန်ဆဲမိလေသည်။ အခြားသူများသာ ဆိုပါက ထိုကဲ့သို့ သူမအိမ်တွင် နေရခြင်းသည် တစ်အိမ်တည်း ဖြစ်နေသောကြောင့် အိပ်မပျော်နိုင်ဘဲ ဖြစ်ပေလိမ့်မည်။ သို့သော် သည်လူငယ်ကမူ သူမအား အိမ်ကပင် ကန်ထုတ်ချင်နေသည်။ သူသည် ယောက်ျား တစ်ယောက်ရော ဟုတ်ရဲ့လား။
“နင့်သဘောအတိုင်းပဲ”
အိုးရန်လူလူ၏ စိတ်သည် အကြိမ်ကြိမ်အခါခါ ရိုက်ချိုးခံနေရသည်။ သူမသည် စိတ်ဆိုးစွာဖြင့် သူမ၏အစေခံများအား မောင်းထုတ်လိုက်ပြီးနောက် သူမ၏ အကြိုက်ဆုံးကားအား ယူလိုက်ကာ အင်ဂျင်သံပြင်းပြင်းဖြင့် ကျယ်လောင်စွာ အသံဖြစ်ပေါ်စေပြီး အိမ်ဝင်းအတွင်းမှ မောင်းထွက် သွားတော့သည်။
အိမ်ထဲတွင် ထန်ရှု၊ မုချင်းဖျင်နှင့် ရင်ရင်တို့သာ ကျန်ခဲ့သဖြင့် ထိုခဏတွင် ထန်ရှုသည် အိမ်ရှင်ဖြစ်တော့သည်။
သူသည် မုချင်းဖျင်နှင့် ရင်ရင်တို့အား ဆိုဖာပေါ်တွင် ထိုင်ကာ ပြောလိုက်သည်။ သူကိုယ်တိုင်ပင် လက်ဘက်ရည် ၂ခွက်ထည့်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။
မုချင်းဖျင်သည် အလွန် စိတ်လှုပ်ရှားလျက် ရှိသည်။ ထန်ရှုသည် သူမ၏ သမီးဖြစ်သူ အခြေအနေအား ပြောပြမည်ဟု ဆိုထားသောကြောင့် ကောင်းမည် ဆိုးမည်မသိဘဲ ဖြစ်နေရသည်။ ထို့နောက် သူမသည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ အရင် စပြောလိုက်သည်။
“သမားတော်ထန် ... ငါ့သမီးလေးမှာ ပြဿနာရှိနေရင် ငါ့ကို ပြောပြပါ။ ငါ ခံနိုင်ရည် ရှိပါတယ်” ထန်ရှုသည် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားတို့အကြောင်း နည်းနည်းပဲ သိတာမို့လို့ ကျွန်တော့်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက် မပြောမီ သိရမှ ဖြစ်မယ်။ ခင်ဗျား ပြောပြပေးနိုင်မလား” မုချင်းဖျင်သည် ခေါင်းညိတ်ပြလိုက်ပြီး ပြောပြသည်။
“ငါတို့ လင်မယား နှစ်ယောက်က မိဘမဲ့တွေပါ။ အတူကြီးပြင်းလာပြီး နောက်တော့ လက်ထပ်ခဲ့တယ်။ ငါတို့ ချမ်းသာလာပြီး ကောင်းမွန်တဲ့ ဘဝလေး တည်ဆောက်နိုင်ခဲ့တယ်။ ငါ့ယောက်ျားက တကယ်တော်တဲ့သူပါ။ သူက မိသားစုကိုရော လုပ်ငန်းကိုရော စီမံခန့်ခွဲနိုင်တယ်။ လွန်ခဲ့၂နှစ်ကျော်က ကားအက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားတော့ ငါ့သမီးလေးက အရမ်းဝမ်းနည်းပြီး ၇ရက်၇ညဖျားခဲ့ရာကနေ ဒီရောဂါ ဖြစ်လာတာပါပဲ”
“ငါ အလုပ်ကထွက်ပြီး ရှိသမျှ ရောင်းတဲ့အပြင် ခင်ပွန်းဆုံးလို့ပေးတဲ့ ဂရုဏာကြေးပါဆိုရင် ယွမ်၂သန်းနီးပါး ရှိခဲ့တယ်။ ဒီနှစ်အတွင်း ကုန်ကျခဲ့တာကြောင့် ယွမ်၃သိန်းပဲ ကျန်တာ့တယ်။ သမီးကို ကုသပေးတဲ့အတွက် ငါ နင့်ကို ပေးပါမယ်” ထန်ရှုသည် လက်ကိုယမ်းကာ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားပိုက်ဆံ မလိုချင်ပါဘူး။ ခင်ဗျားတို့အကြောင်း သိချင်ရုံပါ။ သားအမိ၂ယောက်တည်း ရှိတာဆိုတော့ ရှေ့လျှောက် ဘယ်နေရာမှာနေပြီး ဘာလုပ်ကြမှာလဲ”
မုချင်းဖျင် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။
“ဒီနေ့ ကံကောင်းလို့ သမားတော်ထန်နဲ့ ဆုံတွေ့ပြီး ကုသပေးနိုင်ခဲ့တယ်။ ငါ့အနေနဲ့ ဘဝရှေ့ရေးအတွက် ဘာလုပ်ရမလဲ ဆိုတာကို စဉ်းစားချိန် ပြင်ဆင်ချိန် မရှိခဲ့ပါဘူး”
ထန်ရှုသည် ကျေနပ်စွာ ပြုံးလိုက်သည်။
“ခင်ဗျား ဘာမှ မပြင်ဆင်ရသေးဘူး ဆိုရင် ကျွန်တော် စီစဉ်ပေးမယ် ဆိုရင်ရော ဘယ်လိုလဲ”
“နင့်စီစဉ်မှု ဟုတ်လား” မုချင်းဖျင်သည် အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမသည် ထန်ရှုပြောသည်ကို နားမလည်ပါချေ။ ထန်ရှု ပြောလိုက်သည်။
“အမှန်တော့ ရင်ရင်က ဖျားတာ မဟုတ်ပါဘူး။ သူမရဲ့ရှားပါးတဲ့ ဖွဲ့စည်းပုံကြောင့်ပါ။ အဲဒါကို အမြွာသွေးခုန်နှုန်း ပါဝင်သော ရေခဲဖီးနစ်၏ ရှားပါးခန္ဓာကိုယ် အခြေအနေလို့ ခေါ်ပါတယ်။ အင်မော်တယ် ကျင့်ကြံသူတွေရဲ့ အားကျရတဲ့ ရှားပါးတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံပေါ့”
“အင်မော်တယ် ကျင့်ကြံသူတွေ ဟုတ်လား”
မုချင်းဖျင် အံ့သြတုန်လှုပ် သွားသည်။ သူမသည် ဘာသာမဲ့ဝါဒီတစ်ဦး ဖြစ်သောကြောင့် ရှေ့ဖြစ်ဟောသူများ သာမက နတ်ဘုရားများ၊ ဝိညာဉ်များ တည်ရှိမှုအား လက်မခံ မယုံကြည်ချေ။ ထိုဟာများသည် အလိမ်အညာများ ဟုသာ သူမ တွေးခဲ့သည်။
“ဟုတ်တယ်။ ကျွန်တော်က အင်မော်တယ် ကျင့်စဉ်နဲ့ လေ့ကျင့်နေတဲ့ ကျင့်ကြံသူ တစ်ယောက်ပါပဲ။
ကမ္ဘာပေါ်မှာ အဲလိုကျင့်ကြံတာ ၂ယောက်ပဲ ရှိလိမ့်မယ်။ လတ်တလောကမှ ကျွန်တော် လက်ခံလိုက်တဲ့ တရားမဝင် တပည့် တစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပေါ့။ ကမ္ဘာပေါ်မှာ တာအိုနည်းနဲ့ ကျင့်တဲ့သူတွေ၊ ဗုဒ္ဓနည်းနဲ့ ကျင့်တဲ့သူတွေ အများကြီး အခြား ကျင့်ကြံသူတွေတော့ ရှိလိမ့်မယ်”
မုချင်းဖျင်သည် ခေါင်းကိုယမ်းလျက် ရယ်မောကာ ပြောလိုက်သည်။
“သမားတော် ထန် ... မနောက်ပါနဲ့။ နတ်ဘုရားတွေ၊ ဗုဒ္ဓတွေက ဘယ်မှာ ရှိလို့လဲ”
ထန်ရှုသည် ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။
“ခင်ဗျားက ဦးနှောက်ကို မှိုင်းတိုက်ခံထားရတဲ့ လူမျိုးပဲ။ လူတစ်ယောက်ရဲ့ စိတ်ကူးယဉ်မှုက ဒဏ္ဍာရီလာတွေကို ဖန်တီးနိုင်မယ်လို့ ခင်ဗျား ယုံလား။ အရင်ခေတ်က လူတွေကို အရူးအပေါတွေလို့ ခင်ဗျား ထင်နေတာလား။ ဒီကမ္ဘာမှာ အင်မော်တယ်တွေ၊ နတ်ဆိုးတွေ၊ ဝိညာဉ်တွေ၊ ဘုရားတွေအကုန် ရှိတယ်”
ထန်ရှုသည် ပြောပြီးသည်နှင့် ၂၀၀ကီလိုလေးသော ကော်ဖီစားပွဲအား ညွှန်ပြလိုက်ရာ ချက်ချင်း ပျံသန်းသွားသည်။ သူ၏တိကျသော ထိန်းချုပ်မှုဖြင့် ကော်ဖီစားပွဲသည် ၂မီတာအမြင့်တွင် ရပ်တန့်နေသည်။ ထို့နောက် သူသည် လက်ချောင်းများအား တစ်ဖန် လှုပ်ရှားလိုက်ပြီး ညင်သာစွာ ပြန်ချလိုက်သည်။
“ဒါ”
မုချင်းဖျင်၏ မျက်လုံးအစုံသည် ပြူးကျယ်လာပြီး သူမ ရှေ့မှ မြင်ကွင်းအား တုန်လှုပ်စွာ ကြည့်နေမိသည်။ သူမ၏ရင်သည် တဆတ်ဆတ် တုန်နေသည်။ ထန်ရှု၏ လှုပ်ရှားမှုသည် သူမ၏ အတွေးအမြင်အား ပြောင်းလဲစေသည်။
“အစ်ကိုကြီးထန်က အရမ်း စွမ်းအားကြီးတာပဲ” ဂူရင်သည် အံ့သြစွာဖြင့် လက်ခုပ်တီးလိုက်သည်။ ထန်ရှုသည် ရယ်ကာ ပြောလိုက်သည်။
“ငါ့ကို ကြည့်။ ရှင်းရှင်းလင်းလင်း ကြည့်နော်”
အသံဆုံးသည်နှင့် သူ၏နေရာမှ ပျောက်ကွယ်သွားကာ အခြား ခန်းမနေရာတွင် ပြန်ပေါ်လာလေသည်။ စက္ကန့်ပိုင်းအတွင်း သူသည် အခြားဆိုဖာတွင် အလင်းတန်းကဲ့သို့ အလျင်ဖြင့် ပြန်ပေါ်လာသည်။
“နင် ... နင် လူလား ... သရဲလား”
မုချင်းဖျင်သည် တစ်ကိုယ်လုံး တုန်ရင်သွားကာ သူမ၏ သမီးဖြစ်သူအား ဖက်လိုက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
ထန်ရှုသည် ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားပဲ သရဲတွေ နတ်ဘုရားတွေ မယုံဘူးလို့ ပြောခဲ့တာ မဟုတ်လား။ ဘာလို့ ဒီလိုပေါက်ကရတွေ ပြောနေတာလဲ။ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက အခု အဆင့်နိမ့်နေသေးလို့။ နောင်တစ်ချိန်ကျရင် သေချာပေါက် အင်မော်တယ် တစ်ယောက် ဖြစ်လာပြီး အင်မော်တယ်ကမ္ဘာကို ပြန်သွားလိမ့်မယ်။ ကျွန်တော်တို့က အခု ကမ္ဘာပေါ်မှာ နေထိုင်တယ် ဆိုပေမဲ့ စကြဝဠာထဲမှာ ဒီထက် မြင့်တဲ့ ကမ္ဘာတွေ ရှိသေးတယ်”
မုချင်းဖျင်၏ အမြင်သည် လုံးဝ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ထန်ရှုသည် သမီးဖြစ်သူ၏ အသက်သခင် ကျေးဇူးရှင်ဖြစ်သည့် အပြင် သူ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းဆောင်ရည်တို့ကြောင့် သူမသည် ထန်ရှု၏ စကားများအား ယုံကြည်ပေသည်။
“သမားတော် ထန် ... ဒီဟာတွေကို ဘာကြောင့် ပြောပြရတာလဲ” သူမသည် တွေဝေစွာ လေသံတိမ်တိမ်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ရင်ရင်ကို တပည့်အဖြစ် ခေါ်ပြီး သူ့ကို ကျင့်ကြံခြင်းတွေ သင်ကြားပေးချင်လို့ပါ”
***