ကြက်တူရွေး၏ ရွေးချယ်မှု
Vol. 101 Ch. 1408
ဤအခိုက်အတန့်တွင် စစ်ပွဲကား အမှန်တကယ် ပြီးဆုံးသွားခဲ့လေပြီ။
တောင်ပင်လယ်လောကသည် မန်ဟို့လက်ထဲ ရောက်လာခဲ့သော်လည်း ဖျက်စီးခံလိုက်ရ၏။
လောက၏မျှော်လင့်ချက်မှာ အဖြူအမည်းဝဲ၏ တွင်းနက်အတွင်းရှိ အစိမ်းရောင်ခေါင်းတလားထံ ရောက်သွားခဲ့သော လိပ်ပြာနှင့်အတူ ရှိသွားခဲ့ချေပြီ။ တဖတ်ဖတ်ခတ်နေသော လိပ်ပြာ၏တောင်ပံများပေါ်တွင် တွင်းနက်ကြီး၏အပြင်က အာကာပြင်ကျယ်အား ဝမ်းနည်းကြေကွဲစွာ လှမ်းကြည့်နေသည့်မျက်နှာများကို မြင်ရနိုင်သည်။ သူတို့သည် မည်သည့်အရာကိုမှ မမြင်ရသော်လည်း မန်ဟို့ကို တွေ့ရဖို့ မျှော်လင့်နေသည့်အလား ငေးကြည့်နေကြ၏။
အာကာပြင်ကျယ်တစ်ခုလုံး တခဏ တိတ်ဆိတ်သွားသည်။
မန်ဟိုမှာ အမြင်များဝေဝါးနေလျက် သတိလစ်ခါနီးနေသည်။ ယခုတွင် သူ့နားထဲရှိ အသံများ၊ စကားပြောသံများမှာ ဟိုးအဝေးကြီးမှ လာနေသကဲ့သို့ တိုးညှင်းပြီး မပီသတော့ပေ။
ကြက်တူရွေးသာ ဆောက်တည်ရာမဲ့စွာ မအော်ခဲ့လျှင် မန်ဟို့မျက်လုံးများ ပိတ်သွားခဲ့လိမ့်မည်။ ယခုတွင် သူက မျက်လုံးများကို အားတင်းဖွင့်၍ သွေးခွေးကြီး၏အမျက်ဒေါသ၊ အသားဂျယ်လီ၏ဝမ်းနည်းမှုနှင့် ကြက်တူရွေး၏ နာကျင်နေမှုကို ခံစားလိုက်ရလေသည်။
အားနည်းနေသောအပြုံးလေးတစ်စက မန်ဟို့မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသော်လည်း ထိုအပြုံးမှာ နောင်တရနေသောအပြုံး၊ တောင်းပန်နေသောအပြုံး ဖြစ်သည်။
“ငါ့ကို စိတ်ထဲထည့်မနေပါနဲ့ ... အခု မင်းတို့အားလုံး သွားလိုရာသွားနိုင်ပါပြီ”
ထိုစကားကို သူ ပြောလိုက်သည်နှင့် သွေးခွေးကြီးမှာ တုန်ရီသွားပြီး ခေါင်းနောက်လှန်ကာ ဟိန်းဟောက်သည်။ ထို့နောက် ၎င်းက မန်ဟို့ကို လွှတ်ပေးလိုက်လျှင် တစ်သက်လုံးခွဲခွာရတော့မည်ကို သိသည့်အလား မန်ဟို့အဝတ်စကို မလွှတ်တမ်း ကိုက်ထားသည်။
အသားဂျယ်လီလည်း ထိုနည်းတူ သွေးရူးသွေးတန်း ဖြစ်နေသည်။ အသားဂျယ်လီသည် ၎င်း၏အသက်စွမ်းအားအလုံးစုံကို မန်ဟို့ကိုယ်ထဲ ထည့်ပေးနေ၏။ ၎င်း၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ မွဲခြောက်လာသော်လည်း အသားဂျယ်လီမှာ မန်ဟိုကို သည်အတိုင်းသေခွင့်ပေးလိုက်ဖို့ သဘောမတူပေ။
ကြက်တူရွေးသည် ခါးသီးစွာ ရယ်ရင်း အာကာပြင်ကျယ်စကြဝဠာကို ကြည့်ပြီး ၎င်း၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ တစတစ ပြည့်နှက်လာသည်။
ယခုတွင် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူပေါင်းမရေမတွက်နိုင်အောင် မန်ဟို့ကို ဝိုင်းထားလေသည်။ တောင်ပင်လယ်လောက၏ပျက်စီးမှုက အင်အားစုနှစ်စုကို အထိနာစေခဲ့သည်။ မြေထုများတွင် အကွဲကြောင်းများပျံ့နှံ့နေပြီး အရင်းအမြစ်များပေါကြွယ်ဝ၍သာ မဟုတ်လျှင် ပြိုကွဲသွားခဲ့လိမ့်မည်။
အနှစ်သာရ ၉ ခု ပညာရှင်များ ချဉ်းကပ်လာသည့်အခါ ကြက်တူရွေးက စိတ်ပိုင်းဖြတ်ထားသောမျက်ဝန်းများဖြင့် ပျံထွက်သွားသည်။
ကြက်တူရွေးသည် လုပ်နေကျအတိုင်း ထွက်ပြေးပုန်းအောင်းခြင်းမရှိပေ။ ၎င်း ပျံထွက်သွားစဉ် ရောင်စုံအလင်းက ၎င်းထံမှ ဖြာထွက်လာ၏။
ရှေးဆန်သောအသွင်နှင့် ကြေးမုံက ၎င်းအနောက်တွင် ပေါ်လာသည်။ ကြေးမုံသည် လူများကို ရူးသွားစေနိုင်သော လျှို့ဝှက်ချက်များစွာ ပါရှိနေသည့်အလား နက်နဲသည့်အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
တစ်ချိန်တည်းမှာပင် ကြက်တူရွေးက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို စိန်းစိန်းဝါးဝါး ကြည့်ကာ အော်သည်။ ထို့နောက် ၎င်းသည် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကကို လှမ်းကြည့်လိုက်၏။
ကြက်တူရွေး၏အော်သံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို မျက်နှာရိပ်ခနဲ ဖြစ်သွားစေသည်။ အထူးသဖြင့် အနှစ်သာရ ၉ ခုပညာရှင်များပင်။ ကြက်တူရွေး၏ စူးစူးဝါးဝါးအော်သံကြောင့် ကြေးမုံ... အက်လာသည်ကို သတိထားမိလိုက်သဖြင့် သူတို့မှာ မျက်စိမျက်နှာပျက်ကုန်ကြတော့သည်။
တောင်ပင်လယ်လောက ပျက်စီးသွားသည်ကို ကြည့်ပြီး မန်ဟို လုပ်ခဲ့သော ရွေးချယ်မှုများကို မြင်တွေ့ပြီးနောက် ကြက်တူရွေး၏ခံစားချက်များ ရှုပ်ထွေးလာလေသည်။
အမှန်တွင် ယခုလိုဂြိုဟ်ဆိုးများ ဆိုက်ရောက်လာသည့် အကြောင်းရင်းမှာ ၎င်းကြောင့်မှန်းသိသဖြင့် ကြက်တူရွေးမှာ မန်ဟို့ကို မျက်နှာချင်းပင်မဆိုင်နိုင်ပေ။
“ငါ့ကြောင့်သာမဟုတ်ရင် တောင်ပင်လယ်လောက အဖျက်စီးခံရမှာမဟုတ်ဘူး....
“ငါ့ကြောင့်သာမဟုတ်ရင် ဟိုဟိုလေး သေလုမျောပါး ခံစားရမှာမဟုတ်ဘူး....
“ငါ့ကြောင့်သာမဟုတ်ရင် ဒီလိုမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး...
“အသားဂျယ်လီပြောတာ မှန်တယ်။ ငါက ဒါတွေအားလုံးရဲ့ တရားခံပဲ။ ငါက အကျင့်ယုတ်တဲ့ကောင်၊ မှားနေတဲ့ကောင် ... ငါ ရှိတောင်မရှိသင့်ဘူး” ကြက်တူရွေးသည် ခါးသီးစွာ ရယ်နေပြီး ကြေးမုံမှာ အက်ကွဲလာသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ထိတ်ပျာကုန်ကြပြီး အနှစ်သာရ ၉ ခုပညာရှင်များက ကြက်တူရွေးထံ ချက်ချင်း ဦးတည်သွားကြသည်။
သူတို့သာမဟုတ်။ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကပေါ်၌ တည်ရှိသော ရှေးအရှိန်အဝါများလည်း ကြေးမုံကွဲကြေမသွားအောင် ကာကွယ်ဖို့ ထွက်လာကြသည်။
သို့ထိတိုင် သူတို့၏ကျင့်ကြံခြင်းအခြေခံမှာ ဖြစ်ပျက်နေသောအရာကို တားဖို့ မလုံလောက်ပုံရသည်။ သူတို့မည်မျှကြိုးစားစေကာမူ ကြက်တူရွေးနှင့်ကြေးမုံ ခန္ဓာဖောက်ခွဲဖို့ အစပျိုးနေသည်ကို မတားနိုင်ပေ။
ကြက်တူရွေး လူတိုင်း၏အာရုံကို ဆွဲဆောင်ထားစဉ် မန်ဟို့ကို လွှမ်းခြုံ၍ အသက်စွမ်းအားများ ထည့်ပေးနေသော အသားဂျယ်လီမှာ ကြက်တူရွေးကို ကြည့်ပြီး တုန်ရီလာသည်။ သို့သော် အသားဂျယ်လီသည် ကြက်တူရွေးပြောနေသောစကားကို ကြားလိုက်ရ၏။
မင်းဘာလုပ်နေတာတုန်း။ ဒီကထွက်သွားတော့လေ
ထိုစကားကို နတ်ဘုရားအာရုံမှတစ်ဆင့် ပေးပို့လိုက်ခြင်းမဟုတ်သလို၊ ဖွင့်ဟပြောလိုက်ခြင်းလည်းမဟုတ်။ ရင်ထဲမှ ခံစားနေရသော ခံစားချက်ဖြစ်သည်၊ နှစ်ပေါင်းများစွာ တပူးပူးတတွဲတွဲနေထိုင်လာခဲ့ပြီးနောက် အသားဂျယ်လီနှင့် ကြက်တူရွေးအကြား၌ ဖြစ်တည်လာခဲ့သော သံယောဇဉ်မှ ခံစားချက်ဖြစ်သည်။
အသားဂျယ်လီသည် ခါးသီးစွာ ပြုံးနေသော်လည်း တခဏလေးပင် မတွန့်ဆုတ်ပေ။ ဘဝတစ်လျှောက်လုံး ငြင်းခုံဖော်ြငင်းခုံဖက်၊ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်ဖြစ်သော ကြက်တူရွေးကို အသားဂျယ်လီ နားလည်သည်။ ကြက်တူရွေးသည် အသားဂျယ်လီ မန်ဟို့ကို ကာကွယ်၍ .... ခေါ်ထုတ်သွားနိုင်ဖို့ .... အချိန်ဆွဲပေးရန် ၎င်းကိုယ်၎င်း အသေခံနေလေပြီ။
“ဟိုဟိုလေး မင်း ငါ့ကို ကောင်းကောင်းဆက်ဆံပေးခဲ့ပါတယ်....” အသားဂျယ်လီက ပြုံးရင်း ပြောသည်။ ကမောက်ကမဖြစ်နေသော မှတ်ဉာဏ်များစွာက အသားဂျယ်လီ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး တချို့ပုံရိပ်များမှာ ၎င်း၏မှတ်ဉာဏ်များပင် ဖြစ်ပုံမရပေ။ များသောအားဖြင့် အသားဂျယ်လီသည် ထိုမှတ်ဉာဏ်များကို မတွေးဘဲ လျစ်လျူရှုထားတတ်၏။ အသားဂျယ်လီမှာ ရှေးကျပြီး ဉာဏ်အမြော်အမြင်ကြီးမားပုံဖမ်းကာ မန်ဟို့ကို မရပ်မနား စကားပြောဖို့၊ ကြက်တူရွေးနှင့် ငြင်းခုံဖို့သာ စိတ်ဝင်စားခဲ့လေသည်။
သို့သော် ယခုတော့ ကြက်တူရွေး ချခဲ့သော ဆုံးဖြတ်ချက်ကို မြင်တွေ့ပြီးနောက် အသားဂျယ်လီသည် ပြုံး၍ နူးညံ့နွေးထွေးသည့် အလင်းရောင်ကို ထုတ်လွှတ်လိုက်၏။ အလင်းက နေရာရွှေ့ပြောင်းစွမ်းအားအသွင်ပြောင်းရင်း ဖြာထွက်သွားသည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် အသားဂျယ်လီမှာ မယုံနိုင်လောက်အောင် အားကောင်းသော နေရာရွှေ့ပြောင်းမှော်အစွမ်းကို ထုတ်လွှတ်ရန် ၎င်း၏အသက်စွမ်းအားအလုံးစုံကို ဆင့်ခေါ်နေ၏။ ထိုနေရာရွှေ့ပြောင်းမှုက မန်ဟို့ကို ဘေးကင်းလုံခြုံစေလိမ့်မည်... သို့သော် အဖိုးအခမှာတော့ အသားဂျယ်လီ၏ အသက်ပင်။
အဆိုပါနေရာရွှေ့ပြောင်းမှုမျိုးမှာ ပုံမှန်ဆိုလျှင် အသားဂျယ်လီ သုံးဖို့ တွေးပင်မတွေးမည့် အမျိုးအစားဖြစ်သည်။ သို့သော် ယခုတွင် သေလုမျောပါးဖြစ်နေသော မန်ဟို၊ အသေခံနေသော ကြက်တူရွေးကို မြင်သည့်အခါ အသားဂျယ်လီသည် ပြတ်ပြတ်သားသား ရွေးချယ်လိုက်၏။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့မှာ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေသော်လည်း ကြက်တူရွေး၏စတေးမှုကို မြင်ရသလို၊ အသားဂျယ်လီ လုပ်နေသောအရာကိုလည်း ခံစားရသည်။ သူ့မှာ တုန်ရီနေမှုကို မရပ်တန့်နိုင်တော့ပေ။ ကြက်တူရွေးနှင့်အသားဂျယ်လီကို တားချင်သော်လည်း ဒဏ်ရာများပြင်းထန်လွန်း၍ သူ့ပါးစပ်ကိုပင် ဟမရပေ။ ဖြစ်ပျက်နေသောအရာကို တားဖို့ အစွမ်းအစ သူ့တွင် မရှိသည်သာ။
မျက်ရည်များက သူ့မျက်ဝန်းအိမ်တွင် ဝဲတက်လာပြီး သူ၏အနီရောင်သူငယ်အိမ်များတွင် ပူဆွေးသောကမီးလျှံများ လောင်မြိုက်လျက်ရှိ၏။
“ငါ့မိတ်ဆွေတွေ.....” သူက ရေရွတ်လိုက်သော်လည်း သူတစ်ယောက်သာ ထိုစကားသံကို ကြားရသည်။
အသားဂျယ်လီ၏နေရာရွှေ့ပြောင်းအလင်းရောင်က ဝုန်းခနဲ ပေါ်ထွက်လာသည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသောအရာကို သတိထားမိလိုက်ရ၍ ကြက်တူရွေးနှင့်ကြေးမုံကို တားဖို့ နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း ပို့လွှတ်ကာ အသားဂျယ်လီ နေရာမရွှေ့ပြောင်းနိုင်အောင် တားဖို့ နောက်တစ်ကြောင်း စေလွှတ်လိုက်သည်။
သွေးခွေးကြီးက ဟိန်းဟောက်ပြီး ခုန်တက်လိုက်သော်လည်း လာနေသော နတ်ဘုရားအာရုံစီးကြောင်းကို ပြန်မတိုက်ခိုက်နိုင်ပေ။ ၎င်းပါးစပ်မှ သွေးများပန်းထွက်သွားပြီး လွင့်ထွက်သွားသည်။ သို့ထိတိုင် သွေးခွေးကြီးသည် မန်ဟို့ကို ကာကွယ်ဖို့ ခေါင်းမာမာဖြင့် ရပ်နေ၏။ နတ်ဘုရားအာရုံစီးကြောင်း၏ပစ်မှတ်က အသားဂျယ်လီဖြစ်လေသည်။
ဤအခိုက်အတန့်တွင် ကြက်တူရွေး၏ခန္ဓာဖောက်ခွဲခြင်းဖြစ်စဉ်က ခေတ္တရပ်သွားပြီး ကြက်တူရွေးသည် မိုးနှင့်မြေကို တုန်ခါသွားစေသော အသံကြီးဖြင့် စူးစူးဝါးဝါးအော်၏။
“သူ့ကို အလွှတ်ပေးလိုက်
“သူ့ကို အလွှတ်ပေးလိုက်
“သူ့ကို ဒီနေရာကနေ ထွက်သွားခွင့်ပေးလိုက်။ သခင်ငါး ... မှတ်ဉာဏ်ဖျက်ပေးမယ်
“မင်းတို့တွေ ကြေးမုံကို လိုချင်တာ ငါ သိတယ်။ ဘယ်သူမှ ငါ သခင်ငါးကို ကြေးမုံနဲ့ ခွဲလို့မရမှန်းလည်း သိတယ်။ ဒါကြောင့် ငါ ဒီနေ့ လိုလိုလားလား မေ့ဖျောက်ပေးမယ်” ဤအခိုက်အတန့်မှာပင် ကြက်တူရွေးသည် ၎င်းကို၎င်း သခင်ငါးဟု ခေါ်ဖို့ မမေ့ခဲ့ပေ။
“မင်းတို့ သခင်ငါး ကြေးမုံကို ဖျက်စီးလိုက်တာ မလိုချင်ရင် သူ့ကို အလွှတ်ပေးလိုက်။ မဟုတ်လို့ကတော့ ... ငါ ဒါကို ဖောက်ခွဲပစ်မှာ။ မင်းတို့တစ်ယောက်မှ လက်နဲ့မထိစေရဘူး” ကြက်တူရွေး၏စူးစူးဝါးဝါးအော်သံက ကျင့်ကြံသူများ၏စိတ်နှလုံးကို တုန်ရီလာစေသည်။
ကြက်တူရွေးသည် သူတို့ ၎င်းစကားကို မယုံမှာစိုးရိမ်နေပုံပင် ပေါ်၏။ ထိုအခိုက်အတန့်တွင် ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်စပြုလာသည်။ ၎င်း၏ဝိညာဉ်နှင့် စိတ်သည် ကွဲကွာသွား၏။ ကြက်တူရွေးက ပြောခဲ့သည့်အတိုင်း ၎င်းမှတ်ဉာဏ်ကို ဖျက်စီးရင်း အသိစိတ်ရှိသောဖြစ်တည်မှုဘဝကို လိုလိုလားလား စွန့်လွှတ်နေလေသည်။ ထို့နောက်တွင် ၎င်း၏စိတ်သည် ... အလိုအလျောက်စိတ်အတုသာ ဖြစ်လာလိမ့်မည်။
ထိုသို့ဖြစ်ပျက်သောအခါ အသားဂျယ်လီနှင့် မန်ဟို့ကို ဖမ်းဖို့ ကြိုးစားနေသော နတ်ဘုရားအာရုံစီးကြောင်းသည် တုံ့ခနဲ ရပ်သွား၏။
ထိုအချိန်မှာပဲ အသားဂျယ်လီ၏နေရာရွှေ့ပြောင်းစွမ်းအားသည် ထိပ်ဆုံးသို့ ရောက်ရှိသွားလေသည်။ အသားဂျယ်လီမှာ အသက်စွမ်းအားကုန်ခမ်းသွားသဖြင့် မွဲခြောက်သွားတော့သည်။ ၎င်းသည် မန်ဟိုနှင့်အတူ ဝေဝါးစပြုလာ၏။ ထို့နောက် နေရာရွှေ့ပြောင်းခြင်းဖြစ်စဉ်ကား တဂျိန်းဂျိန်းမြည်သံများကို ထုတ်လွှတ်လျက် စတင်လေပြီ။
ရုတ်တရက် နတ်ဆိုးလောကမှ ဗလတောင့်တောင့်လူ၏မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ သို့သော် သူ့ပစ်မှတ်က မန်ဟိုမဟုတ်၊ မန်ဟို၏သိုလှောင်အိတ်ပင်။ စောစောက မန်ဟိုသည် သူ့ကို ခြိမ်းခြောက်ဖို့ စုရန်ကို ထုတ်ခဲ့ပြီး သူမမှာ သူ့အိတ်ထဲတွင် ရှိနေသေး၏။
စုရန်အပေါ် မန်ဟို၏ဆက်ဆံပုံက ဗလတောင့်တောင့်လူကို သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်လာစေသည်။ ဤအခိုက်အတန့်တွင် သူသည် နေရာရွှေ့ပြောင်းခြင်းဧရိယာအနား ရောက်သွားပြီး လက်လှမ်းလိုက်၏။
ဗလတောင့်တောင့်လူ လက်လှမ်းလိုက်သည့်အချိန်မှာပဲ နေရာရွှေ့ပြောင်းခြင်းစွမ်းအား ပေါ်ထွက်လာသည်။ ဂျိန်းခနဲမြည်သံကြီး ကြားလိုက်ရပြီး မန်ဟိုနှင့်အသားဂျယ်လီ ပျောက်ကွယ်သွားလေပြီ။
ဗလတောင့်တောင့်လူမှာ လေကိုသာ ဖမ်းဆုပ်မိလိုက်၍ မျက်ထောင့်နီကြီးများဖြင့် ဒေါသတကြီး ခြေဆောင့်နင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ကြက်တူရွေးက တဟားဟားရယ်သည်။ ၎င်း၏အသိစိတ်မှာ ပျောက်ကွယ်နေပြီး ၎င်းနောက်ဆုံးမြင်လိုက်သည်မှာ မန်ဟိုပျောက်ကွယ်သွားခြင်းကို ဖြစ်သည်။ ကြက်တူရွေး၏မျက်ဝန်းများသည် မခွဲခွာလိုမှု၊ ဆုမွန်ကောင်းတောင်းပေးနေမှုနှင့် သက်ပြင်းချနေမှုတို့ အရောင်လဲ့နေ၏။
“ငါတို့ ဘယ်တော့မှ ထပ်မတွေ့ရလောက်တော့ဘူး....” ကြက်တူရွေးက တိုးညင်းစွာ ရေရွတ်ပြီးနောက် မျက်လုံးများပိတ်လိုက်သည်။
တခဏသော် ကြက်တူရွေး၏မျက်လုံးများ ပြန်ပွင့်လာသည်။ ၎င်းကို ဝန်းရံနေသော ရောင်စုံအလင်းထဲတွင် လူများမြင်လိုက်ရသည်မှာ မာနကြီးကြီးကြက်တူရွေးတစ်ကောင် မဟုတ်တော့ဘဲ ... အဆင့်မြင့်တာအိုတစ်ပါးနှင့် ပါရာဂွန်အရှိန်အဝါကို ထုတ်လွှတ်နေသည့် ကြေးမုံ၏ အလိုအလျောက်စိတ်ဝိညာဉ်သာ ဖြစ်သည်။
၎င်း၏မျက်လုံးများက အေးစက်နေသည်။ အေးစက်လွန်း၍ အမှတ်တရများ၊ အတွေးများအားလုံးကို မြှုပ်နှံလျက် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ကိုပင် အေးခဲပစ်နိုင်ပုံရ၏။
ကြောက်မက်ဖွယ်ဖိအားတစ်ခုက အရပ်လေးမျက်နှာသို့ ဖြာထွက်လာရာ လူတိုင်းအား ရင်တဒိန်းဒိန်းခုန်လာစေသည်။ အနှစ်သာရ ၉ ခုပါရာဂွန်များပင် တုန်လှုပ်သွားပြီး ဗလတောင့်တောင့်ကျင့်ကြံသူမှာ ကြက်တူရွေး၏ အရှိန်အဝါကြီးမားသောအကြည့် သူ့အပေါ် ကျရောက်လာသည့်အခါ ကြောက်စိတ်တို့ဖြစ်ပေါ်လာတော့သည်။
ထိုအကြည့်က စိတ်နှလုံးအားလုံးကို ထိုးဖောက်မြင်နိုင်ပုံရသည်။
ထိုအကြည့်က အဆင့်မြင့်ဆုံးဖြစ်တည်မှုများ၏ အထက်တွင်ရှိသည်။ ကြက်တူရွေးကား အာကာပြင်ကျယ်တစ်ခုလုံး၏ အုပ်ချုပ်သူပမာ သက်ရှိအားလုံးကို ဒူးထောက်ဝပ်စင်းသွားစေနိုင်သယောင်ပင်။
၎င်း၏အနောက်တွင် အဆုံးမဲ့အဆင့်မြင့်အရှိန်အဝါကို ထုတ်လွှတ်နေသော ကြေးမုံရှိသည်။ လှိုင်းဂယက်များက အာကာပြင်ကျယ်အတွင်း ဖြာထွက်လာရင်း ဝဲတစ်ဝဲ ဖြစ်လာသည်။ ကျင့်ကြံသူအားလုံးမှာ ရင်သပ်ရှုမောမအံ့ဩမိဘဲ မနေတော့ပေ။
အလွန်နက်နဲသိမ်မွေ့ပြီး ရှေးဆန်သောအသံတစ်သံက ကြက်တူရွေး၏နှုတ်မှ ထွက်လာသည်။ “ငါဟာ အာကာပြင်ကျယ်အဖွဲ့အစည်းကနေ ကမ္ဘာပေါင်းအသင်္ချေကို ဖြတ်သန်းရင်း လာခဲ့တာပဲ...
“မင်းတို့ဆုတောင်းကို ... ပြောပါ”