ငါ၏ တောင်ပင်လယ်လောက
Vol. 101 Ch. 1409
“သေချာမှတ်ထား ငါ ဆုတောင်းတစ်ခုပဲ ဖြည့်ပေးနိုင်တယ်” ကြက်တူရွေးက အေးစက်စက် ပြောသည်။ “အဲဒီဆုတောင်းကို ဖြည့်ဆည်းပေးပြီးရင် ငါ အိပ်ပျော်သွားလိမ့်မယ်။ ပြီးရင် ကြယ်တာရာကောင်းကင်တစ်လျှောက် ခရီးဆက်နှင်ပြီး ကမ္ဘာသန်းပေါင်းများစွာကို ရောက်ရှိပြီးနောက်မှ နောက်တစ်ကြိမ် နိုးလာမယ်.... အဲဒီအချိန်ကျမှ နောက်တစ်ကြိမ် ဆုတောင်းလို့ရမယ်” ကြက်တူရွေး၏စကားလုံးများ အာကာပြင်ကျယ်အတွင်းသို့ ပဲ့တင်ထပ်နေစဉ် ကြေးမုံသည် တလက်လက်တောက်ပလျက်ရှိ၏။
ဤအခိုက်အတန့်တွင် ကြက်တူရွေးထံမှ ထုတ်လွှတ်နေသောဖိအားက အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကကို တဝုန်းဝုန်း တုန်ခါလာစေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရပြီး ရင်တဒိန်းဒိန်းခုန်နေကြသည်။ အနှစ်သာရ ၉ ခုပညာရှင်များမှာ သူတို့၏ကျင့်ကြံခြင်းအခြေခံများကို မနည်းထိန်းချုပ်ထားရသည့်အပြင် မြေထုများအပေါ်ရှိ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အစွမ်းထက်ပညာရှင်များနှင့် နတ်ဘုရားအာရုံစီးကြောင်းများ ထုတ်လွှတ်ခဲ့သော ကျင့်ကြံသူများလည်း စိတ်နှလုံးတုန်ရီနေကြ၏။
ကြက်တူရွေးနှင့် ကြေးမုံနှစ်မျိုးလုံးတွင် .... အာကာပြင်ကျယ်စိတ်ဆန္ဒ၏အငွေ့အသက်များ ရှိနေကြောင်း သူတို့ ခံစားကြရလေသည်။ ထိုစိတ်ဆန္ဒသည် သူတို့မယှဉ်နိုင်သော စိတ်ဆန္ဒတစ်ခုဖြစ်၏။ အနန္တတန်ခိုးရှင်တစ်ယောက်သာလျှင် .... ထိုစိတ်ဆန္ဒကို နားလည်သဘောပေါက်နိုင်ပေသည်။
အာကာပြင်ကျယ်စကြဝဠာ၊ ကြယ်တာရာကောင်းကင်၊ မဟာလောကကြီးလေးခု သို့မဟုတ် တခြားလောကများတွင် အနန္တတန်ခိုးရှင်အဆင့်တက်နိုင်ခဲ့သူမှာ ကောက်ရိုးပုံထဲ အပ်ရှာရသလို ရှားလှသည်။
အနန္တတန်ခိုးရှင်အဆင့်မတက်လှမ်းနိုင်သောလူများမှာ ... တက်လှမ်းနိုင်ခဲ့သူများကို ထာဝရတစ်လျှောက်လုံး မော်သာကြည့်ရကြလိမ့်မည်။
ကြက်တူရွေးပြောလိုက်သောစကားက အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကပေါ်ရှိ လူတိုင်းကို ရုတ်တရက် တစ်ဖက်ကိုတစ်ဖက် ရန်လိုစွာ ကြည့်လိုက်ကြစေသည်။
ဆုတောင်းက တစ်ခုသာ ရှိသည်။
ကြက်တူရွေး မလိမ်ခဲ့ပေ။ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကတွင် လူလုံးထွက်မပြဘဲ ဇာတ်မြှုပ်နေသော အစွမ်းထက်ဆုံးပညာရှင်များမှာ အလွယ်တကူ အရူးလုပ်ရမည့်လူများ မဟုတ်ပေ။ တအောင့်တိတ်ဆိတ်နေပြီးနောက် မြေထုကြီးနှစ်ခုမှ စိတ်ဆန္ဒများသည် ဆုံတွေ့ပြီး ဆွေးနွေးကြ၏။
မည်ကဲ့သို့ဆုံးဖြတ်ချက်ချကြသည်နှင့်ပတ်သက်ပြီး မသိကြသူက များသည်။ သူတို့သိသမျှမှာ သုံးရက်ကြာသော် ကြေးမုံက သလင်းကျောက်ကဲ့သို့ တောက်ပနေသောအလင်းမှုန်များအသွင်ပြောင်းရင်း အာကာပြင်ကျယ်ထဲ လွင့်မျောပျောက်ကွယ်သွားသည်ကိုသာ ဖြစ်ပေသည်။
မှန်သည်၊ အနှစ်သာရ ၉ ခုပါရာဂွန်တချို့မှာ လိပ်ပြာနှင့် တောင်ပင်လယ်သားများကို ဝဲအတွင်းမှ နေခွင့်မပေးလိုကြပေ။ သူတို့က ဝင်ရောက်ဖို့ ကြိုးစားသော်လည်း ဝင်ပေါက်ကို ရှာမတွေ့ဘဲ တွန်းထုတ်ခံနေရသည်။
နတ်ဆိုးလောကသည် တောင်ပင်လယ်လောက ဝင်သွားခဲ့သည့်အတိုင်း သူတို့၏ကမ္ဘာလိပ်ပြာများဖြင့် ဝင်ကြည့်ဖို့ပင် ကြိုးစားကြည့်၏။ သို့သော် မသိရသောအကြောင်းတစ်စုံတရာကြောင့် မအောင်မြင်ကြပေ။ အရေးကြီးဆုံးအချက်က အစိမ်းရောင်ခေါင်းတလားဆီ ဦးတည်နေသော တွင်းနက်ကြီးတွင် အချိန်စီးကြောင်းများ ကမောက်ကမဖြစ်နေခြင်းပင်။ အထဲဝင်လိုက်လျှင်ချင်း အချိန်စီးဆင်းမှုက အပြင်လောကနှင့် မတူတော့ပေ။ ဗလတောင့်တောင်လူက အထဲသို့ ဝင်ကြည့်သော်လည်း တစ်စက္ကန့်လေးအတွင်း နှစ်ပေါင်းသောင်းချီ ကုန်လွန်သွားကြောင်း သတိထားမိသောအခါ ကပျာကယာ ပြန်ထွက်လိုက်ရလေသည်။
မြေထုနှစ်ခုလုံးမှ ရှေးအကျဆုံးဖြစ်တည်မှုများသည် ထောက်လှမ်းစစ်ဆေးဖို့ သူတို့၏နတ်ဘုရားအာရုံများကို အထဲပို့လွှတ်ကြည့်ပြီးနောက် ဤနေရာမှာ ... တန်ခိုးရှင်အဆင့်မဟုတ်သူများ ဝင်မရသောနေရာဖြစ်ကြောင်း သူတို့လူများကို သတိပေးလိုက်နိုင်သည်။
ကမ္ဘာလိပ်ပြာ မည်ကဲ့သို့ဝင်သွားနိုင်ခဲ့သလဲ ဆိုသော မေးခွန်းကိုတော့ ... မည်သူမှမဖြေနိုင်ပေ။ ယုတ္တိရှိသည့် တစ်ခုတည်းသောအဖြေမှာတော့ .. တစ်ယောက်ယောက်က ၎င်းကို ဝင်ခွင့်ပေးလိုက်၍ဖြစ်လိမ့်မည်။
နောက်ဆုံးတော့ လောကနှစ်ခုလုံး လက်လျှော့သွားကြသည်။ သူတို့သည် မြေထု ၃၃ ခုကို ဖန်ဆင်း၍ ကောင်းကင်ဘုံအသစ် ၃၃ ဘုံ ဖြစ်လာစေ၏။ ထို့နောက် ထိုကောင်းကင်ဘုံများသည် တောင်ပင်လယ်လောကအပေါ် ဖိနှိပ်ထားသော စည်းတစ်စည်းအဖြစ် ဖော်ဆောင်ခံလိုက်ရသည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကမှ ကျင့်ကြံသူတချို့သည် စစ်ပွဲကြီးအတွင်း အသက်ရှင်ကျန်ခဲ့သော အပြင်သူတချို့နှင့်အတူ စောင့်ကြပ်ရန် ကျန်ခဲ့၏။
ကောင်းကင်ဘုံ ၃၃ ဘုံ၏အပြင်တွင် တောက်ဖန်သည် ရှုပ်ထွေးသောခံစားချက်များ မျက်နှာထက်တွင် အထင်းသားပေါ်လွင်နေလျက် သက်ပြင်းတချချနှင့် တင်ပျဉ်ခွေထိုင်နေ၏။ သူက တုတ်ကို အရှေ့၌ချရင်း မျက်လုံးများပိတ်ကာ ဆက်လက်စောင့်ကြပ်နေသည်။ နောင်တစ်ချိန် တောင်ပင်လယ်လောကသား ကျင့်ကြံသူတစ်ယောက်ယောက် ကောင်းကင်ဘုံ ၃၃ ဘုံ၏အပြင်ထွက်လာလျှင် သူ၏ကွပ်မျက်ခြင်း ခံရလိမ့်မည်။
တောက်ဖန်ပြီးလျှင် အသစ်ပြန်တည်ဆောက်ခံရပြီး အာကာပြင်ကျယ်စကြဝဠာနှင့် ချိတ်ဆက်နေသော ကမ္ဘာပေါင်းမိုး ရှိသည်။ ယခုတွင် ... တောင်ပင်လယ်လောကအသစ်လည်း ရှိလာခဲ့လေပြီ။
ကြည့်ရသရွေ့ အရာအားလုံးတွင် အစတစ်ခုနှင့် အဆုံးတစ်ခု ရှိပြီး... အဆုံးသတ်သွားသည့်အခါ အစကို ပြန်ရောက်သွားလိုက်နှင့် .... အတောမသပ်နိုင်အောင် သံသရာလည်နေသည့်အလားပင်။
မည်သူမှ တောင်ပင်လယ်လောကထဲ မဝင်ရောက်နိုင်သလို၊ တောင်ပင်လယ်သားကျင့်ကြံသူများလည်း ထွက်မလာနိုင်ပေ။ ထို့နောက် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကသည် ၎င်းတို့လာခဲ့သော မူလနေရာသို့ ပြန်ဖို့ ထွက်ခွာသွားကြ၏။ ဆုတောင်းကို မည်သူရသွားလဲဆိုသည်ကိုတော့ လောလောဆယ်တွင် မည်သူမှမသိကြပေ။
မန်ဟို နေရာရွှေ့ပြောင်းခံလိုက်ရသော နေရာနှင့်ပတ်သက်၍ အင်အားစုနှစ်စုလုံး သိပ်ဂရုမစိုက်ပေ။ သူတို့စဉ်းစားရသရွေ့ သူသည် သေသွားပြီဖြစ်သဖြင့် အာကာပြင်ကျယ်၏တစ်နေရာတွင် မျောနေသော အလောင်းတစ်လောင်းထက် မပိုတော့ပေ။
သို့စေကာမူ ထိုအလောင်းကို ရှာဖို့ အင်အားစုနှစ်စုလုံးက ကျင့်ကြံသူများကို စေလွှတ်လိုက်သေးသည်။
ဤသို့ဖြင့် ထုံးစံအတိုင်း အချိန်တွေ ကုန်လွန်သွားသည်....
ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် အာကာပြင်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တစ်ခုလုံးနှင့် ယှဉ်လိုက်သည့်အခါ အတော်လေးမပြောပလောက်ပေ။
လောကတစ်ခု ဖျက်စီးခံလိုက်ရုံသာ....
ကမ္ဘာတစ်ခု နေရာပြောင်းသွားရုံသာ... ဖြစ်သည်။
အာကာပြင်စကြဝဠာကတော့ အာကာပြင်စကြဝဠာဖြစ်နေဆဲပင်။ ဝဲသည် အစိမ်းရောင်အလင်းကို ဆက်လက်ဖြန့်ကျက်နေဆဲဖြစ်ပြီး မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည် သူတို့၏နိစ္စဓူဝလုပ်ငန်းဆောင်တာများကို ဆက်လုပ်နေကြ၏။
အင်မော်တယ်နတ်ဘုရားကမ္ဘာ နှင့် နတ်ဆိုးလောကမှာလည်း ဩဇာအာဏာကြီးမားဆဲ ကြီးမားနေမြဲပင်။
အခြေအနေတွေကို ကြည့်ရခြင်းအားဖြင့် လူတစ်ယောက် ပျောက်သွားခြင်းက မည်သည့်အရာကိုမှ ပြောင်းလဲသွားစေမည်မဟုတ်ပေ။
ဆယ်နှစ် ... နှစ်တစ်ရာ ... နှစ်တစ်ထောင် ကြာသွားခဲ့ပြီ။
အချိန်သည် ရေလို စီးဆင်းနေ၍ ရလဒ်အနေဖြင့် အတော်များများမှာ အတိတ်တုန်းက အဖြစ်အပျက်ကို မေ့ကုန်ကြလေပြီ။ အစိမ်းရောင်ခေါင်းတလားဝဲ၏အပြင်ရှိ ကောင်းကင်ဘုံ ၃၃ တွင် နောက်လာနောက်သားအပြင်သူမျိုးဆက်များသည် မန်ဟိုဆိုသော ရှေးတုန်းကလူတစ်ယောက်အား မသိကြတော့ပေ။
သူတို့သည် ဖျက်စီးခံလိုက်ရသော ကမ္ဘာအကြောင်း မေ့သွားခဲ့သလို၊ အဖြစ်အပျက်အမျိုးမျိုးကိုလည်း သတိမရကြတော့.... ဤနေရာကို သူတို့စောင့်ကြပ်ရမည်၊ ဝဲအတွင်း၌ လိပ်ပြာတစ်ကောင်ရှိသည်ကိုသာ သူတို့မှတ်မိကြတော့သည်။ အတော်များများက ထိုလိပ်ပြာကို ... တောင်ပင်လယ်လိပ်ပြာဟု ခေါ်လာကြ၏။
လွန်ခဲ့သောနှစ်တစ်ထောင်ခန့်က ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို ပြန်တွေးလျှင် သက်ပြင်းချတတ်သည့် လူတချို့တော့ ရှိသေးသည်။ သူတို့ထဲမှ တစ်ယောက်တော့ တောက်ဖန်ပင်။ သူသည် ရံဖန်ရံခါ နိုးလာတတ်ပြီး ထိုသို့နိုးလာတိုင်း အစိမ်းရောင်ခေါင်းတလားဝဲရှိ လိပ်ပြာကို ငုံ့ကြည့်လျှင်ကြည့်၊ မကြည့်လျှင် အာကာပြင်ကျယ်ကြီးကို မော့ကြည့်တတ်သည်။ တစ်ခါတရံ သူသည် ... ကြက်တူရွေး ၎င်း၏အသိစိတ်ကို မည်သို့ဖယ်ရှားခဲ့ပုံ၊ အသားဂျယ်လီ မည်သို့အသေခံခဲ့ပုံ၊ သွေးခွေးကြီး မည်သို့ခေါင်းမာမာရပ်နေခဲ့ပုံတို့ကို ပြန်အမှတ်ရတတ်၏။ လောကလေးတစ်ခုအတွက် မိမိကိုယ်ကို ဖောက်ခွဲပစ်ခဲ့သော လူတစ်ယောက်ကိုပင် ... သူ သတိရတတ်သည်။
အစိမ်းရောင်ခေါင်းတလားဝဲအတွင်းတွင် အစိမ်းရောင်ခေါင်းတလားတစ်ခု ရှိသည်။ ထိုအခေါင်းပေါ်တွင် လိပ်ပြာတစ်ကောင်သည် ဆိတ်ငြိမ်အေးချမ်းစွာ နားနေ၏။ လိပ်ပြာအတွင်း၌မူ .... မြေထုနှစ်ခုနှင့်အတူ လူအများ၏ ရှိခိုးကိုးကွယ်ခြင်းခံရသော လူရုပ်တုတစ်ခု ရှိသည်။
“ငါတို့လောကကို ... တောင်ပင်လယ်လောကလို့ ခေါ်တယ်” သူတို့နေထိုင်ခဲ့ဖူးသော လောက၏နာမည်ကို ရှင်းပြသည့်အခါ ထိုမြေထုကြီးနှစ်ခုပေါ်တွင် ယခုလိုစကားများကို ကြားရလေသည်။
“ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါတို့တောင်ပင်လယ်လောကဟာ အဆင့်နိမ့်လောကသုံးထောင်ကို စိုးမိုးခဲ့တဲ့ ပါရာဂွန်အင်မော်တယ်လောကဆိုပြီး ကျော်ကြားခဲ့တာပေါ့....
“ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ပထမဆုံးကပ်ဘေးကြီး ဆိုက်ရောက်လာခဲ့တယ်...
“ကပ်ဆိုက်ရတဲ့အကြောင်းရင်းက အဆင့်နိမ့်လောကသုံးထောင်ဟာ ပုန်ကန်ပြီး အပြင်အင်အားစုနှစ်စု ကျူးကျော်လာနိုင်အောင် ကူညီပေးခဲ့လို့ပဲ။ အဲဒီစစ်ပွဲမှာ ပါရာဂွန်ကိုးတံဆိပ်၊ ပါရာဂွန်ပင်လယ်အိပ်မက်နဲ့ ပါရာဂွန်အင်မော်တယ်ရှေးဟောင်းတို့ သုံးယောက်က ထင်ရှားကျော်ကြားလာခဲ့တယ်။ ငါတို့မွေးရပ်မြေကို ကာကွယ်ပေးဖို့ တွန်းလှန်တိုက်ခိုက်ပေးခဲ့တဲ့ တခြားပညာရှင်တွေလည်း အများကြီးရှိခဲ့တယ်
“အဲဒီစစ်ပွဲမှာ ပါရာဂွန်အင်မော်တယ်လောက ဖျက်စီးခံလိုက်ရတယ်။ ဒါပေမဲ့ ပါရာဂွန်ကိုးတံဆိပ်ဟာ ကျူးကျော်သူတွေကို မောင်းထုတ်ပြီး နောက်လာနောက်သားတွေအတွက် အိမ်ဖြစ်လာတဲ့ အဖိုးထိုက်ရတနာ .. တောင်ပင်လယ်လောကကို ဖန်ဆင်းပေးခဲ့တယ်....
“ပထမစစ်ပွဲကတော့ အဲဒီလိုနဲ့ပြီးသွားတာပေါ့လေ....
“ဒုတိယစစ်ပွဲကတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဖြစ်ပွားခဲ့တာ။ ပါရာဂွန်အင်မော်တယ်လောကကို ဖျက်စီးခဲ့တဲ့ အင်အားစုကြီးနှစ်စု ပြန်ရောက်လာတယ်။ မူလရှိတဲ့ သူပုန်လောက သုံးထောင်ထဲမှာမှ သုံးဆယ့်သုံးခုပဲ ကျန်ခဲ့တယ်။ အဲဒီ ၃၃ ခုက ကောင်းကင်ဘုံ ၃၃ ဘုံဆိုပြီး ဖြစ်လာခဲ့တာပဲ။ သူတို့က ဒုတိယစစ်ပွဲကို စတင်ခဲ့ကြတာ
“အဲဒီစစ်ပွဲမှာကျ ပါရာဂွန်ရွှေတုန်းလျှိုရဲ့ ကြောက်စရာကောင်းတဲ့ ဗျူဟာတစ်ခု ပေါ်လာတယ်။ လောကကို ရှင်သန်နိုင်မယ့် အခွင့်အရေးပေးတဲ့ ဗျူဟာပေါ့လေ
“အဲဒီစစ်ပွဲမှာ ပါရာဂွန်ပင်လယ်အိပ်မက်က ငါတို့အတွက် လုံခြုံမယ့်နေရာကို ရှာဖို့ အသေခံခဲ့တယ်
“အရေးအကြီးဆုံးက ... အဲဒီတိုက်ပွဲအတောအတွင်း ငါတို့ရဲ့ အကြီးမြတ်ဆုံးပါရာဂွန် ပါရာဂွန်မန်ဟို ပေါ်ထွန်းလာခဲ့တာပဲ။ သူက ရွှေတုန်းလျှိုရဲ့ အပြီးပြည့်စုံဆုံးအမွေကို ဆက်ခံခဲ့ပြီး တောင်ပင်လယ်လောကရဲ့ အရှင်သခင်ဖြစ်လာတယ်။ အဲဒီနောက် လွတ်လပ်ရေးအတွက် ငါတို့ကို ဦးဆောင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တယ်
“သူ့မျိုးနွယ်စု ဖန်မျိုးနွယ်စုက ဒီနေ့ခေတ် ငါတို့အားလုံးထဲမှာ ဩဇာအရှိန်အဝါအကြီးမားဆုံး မျိုးနွယ်စုပဲ
“ပါရာဂွန်မန်ဟိုရဲ့ အဖေနဲ့အမေက တောင်ပင်လယ်လိပ်ပြာရဲ့တောင်ပံတွေ ဖြစ်လာခဲ့ပြီး ငါတို့ အခုနေ,နေတဲ့နေရာဆီ ငါတို့ကို သယ်ဆောင်လာပေးခဲ့တယ်...
“အဲဒီစစ်ပွဲမှာ ပါရာဂွန်မန်ဟိုဟာ ငါတို့ထွက်ပြေးဖို့ အချိန်ရအောင် အင်အားကြီးမားတဲ့ရန်သူတွေကို တစ်ယောက်တည်း တိုက်ခိုက်ပြီး ကျင့်ကြံသူပေါင်းများစွာကိုလည်း ရင်ဆိုင်ပေးခဲ့တယ်
“စစ်ကြီးပြီးတော့ သူဟာ တစ်နေရာကို ထွက်သွားခဲ့ပေမယ့် တောင်ပင်လယ်လောကကတော့ ဆက်လက်တည်ရှိနိုင်ခဲ့တယ်
“ငါတို့တောင်ပင်လယ်လောကဟာ အမြဲထာဝရ တည်ရှိနေမှာ။ တောင်ပင်လယ်အမွေကလည်း ဘယ်တော့မှ ပျောက်ကွယ်မှာမဟုတ်ဘူး။ အတိတ်တုန်းက ငါတို့ဟာ ပါရာဂွန်အင်မော်တယ်လောကဖြစ်ခဲ့တယ်။ ပါရာဂွန်အင်မော်တယ်လောကကနေ တောင်ပင်လယ်လောက ဖြစ်လာတယ်။ အခုတော့ ... ငါတို့က မန်ဟို့လောကပဲ
“သူက အင်မော်တယ်မဟုတ်ဘူး။ မိစ္ဆာ... တောင်ပင်လယ်လောကရဲ့ အတုမရှိမိစ္ဆာ။ ငါတို့ရဲ့ မိစ္ဆာဧကရာဇ်
“တစ်နေ့ရောက်ရင် ငါတို့ရဲ့မိစ္ဆာဧကရာဇ် ငါတို့ကို ကတိပေးထားတဲ့အတိုင်း ပြန်လာလိမ့်မယ်။ သူက .... ကောင်းကင်ဘုံအသစ် ၃၃ ဘုံကို ဖျက်စီးဖို့ ငါတို့ကို လာခေါ်လိမ့်မယ်။ ငါတို့မွေးရပ်မြေတွေကို ဖျက်စီးခဲ့တဲ့ အဲဒီရန်သူအင်အားစုနှစ်စုကို ချေမှုန်းဖို့ .... ငါတို့ကို လာခေါ်လိမ့်မယ်... အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်တစ်ခုလုံး ပြိုကျရင်တောင်မှ ကလဲ့စားပြန်ချေဖို့ ငါတို့ကို လာခေါ်လိမ့်မယ်
“ကလဲ့စားချေရမယ် ကလဲ့စားချေရမယ် ကလဲ့စားချေရမယ်”
နှစ်ပေါင်းများစွာတစ်လျှောက်လုံး လိပ်ပြာကမ္ဘာထဲရှိ ကျင့်ကြံသူများ၏ကလေးတိုင်း ယခုလိုသင်ကြားခံကြရသည်။ အတိတ်ကို ပြန်ပြောပြသည့်အခါ သူတို့သည် အံကြိတ်တောက်ခေါက်တတ်ကြ၏။ သွေးချောင်းစီးခဲ့သော ဝမ်းနည်းကြေကွဲဖွယ်အတိတ်ကို ပြန်တွေးရင်း မျက်ရည်များ စီးကျလာတတ်ကြသည်။
ဖက်တီးသည် နှစ်တစ်ထောင်အတွင်း ကျော်ကြားလာခဲ့သလို မန်ဟို့မိတ်ဆွေများလည်း ထိုနည်းတူပင်။ တစ်နည်းနည်းကြောင့် နှစ်ခြောက်ဆယ်သာ သက်တမ်းကျန်ခဲ့သော ဝမ်ယိုချိုင်ပင် အသက်ရှင်နေသေးသည်။ ကလဲ့စားချေလိုစိတ်တို့က သူတို့နှလုံးအိမ်ထဲတွင် အမြဲတစေ ဆူပွက်နေခဲ့၏။ သို့သော် သူတို့သည် သတ်ဖြတ်လိုစိတ်ကို မြှုပ်နှံ့၍ အရင်းအမြစ်များစုဆောင်းရာတွင် အားစိုက်ထားပြီး ကလဲ့စားပြန်ချေနိုင်မည့်အချိန်ကို စောင့်နေကြလေသည်။
သူတို့သည် သူတို့၏မိစ္ဆာဧကရာဇ် မန်ဟိုပြန်လာမည်ကို မျှော်နေကြ၏။
မန်ဟို သေသွားပြီဟု သူတို့ မယုံကြည်ကြပေ။
သူ သေသွားသည်ကို ရာနှုန်းပြည့်မယုံသော အမျိုးသမီးတစ်ယောက်ရှိသည်။ သူမသည် ဖန်မျိုးနွယ်စုတွင် နေထိုင်ပြီး ထိုနေရာတွင် အတိုင်းထက်အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထား၏။
သူမကား မန်ဟို့ဇနီး ရှုချင်ပင်။
သူမနှင့် ဖန်မျိုးနွယ်စု ရှိနေသရွေ့ တောင်ပင်လယ်လောက၏ စိတ်ဓာတ်အားမာန်သည် ထာဝရတဟုန်းဟုန်းတောက်နေလိမ့်မည်။
ထိုစိတ်ဓာတ်အားမာန်က လူတစ်မျိုးစုလုံး၏အမွေ၊ သူတို့ရင်ထဲတွင် ထာဝရတောက်လောက်နေမည့် မီးတောက် ဖြစ်သည်။
ညတိုင်းညတိုင်း တောင်ပင်လယ်လိပ်ပြာအတွင်းရှိ အမြင့်ဆုံးတောင်ထိပ်အပေါ်သို့ ဖန်ဆင်းထားသော လမင်း၏ အလင်းရောင်များ ဖြာကျလာသည့်အခါ ထိုနေရာတွင် ရပ်နေတတ်သော ရှုချင်ကို အမြဲမြင်ရနိုင်၏။
သူမသည် စောင့်နေသည့်အလား... အမြဲစောင့်နေမည့်အလား ကောင်းကင်ကို မော့ကြည့်တတ်သည်။
“ငါ ပြန်မွေးဖွားလာပြီးတဲ့နောက်မှာ နင် ငါ့ကို နှစ်ပေါင်းရာချီ စောင့်နေခဲ့တယ်... အခု အချိန်နဲ့အာကာသ အဆုံးသတ်တဲ့အထိ ငါ နင့်ကို စောင့်နေမယ်
“မန်ဟို နင် ဘယ်နေရာရောက်နေရောက်နေ အသက်ရှင်နေသေးတယ်မလား.. ငါ နင့်ကို ခံစားနေရတယ်။ နင် တစ်နေရာရာမှာ ရှိနေတာကို ငါ ခံစားနေရတယ်” သူမက တိုးညှင်းစွာ ရေရွတ်နေသည်။
တစ်နှစ်ကြာသွားသည်။ ထို့နောက် နောက်တစ်နှစ်... နောက်တစ်နှစ်....