အမုန်းသင့်ခြင်း
Vol. 03 Ch. 113
အိုးရန်လူလူသည် မရယ်မပြုံးသောအမူအရာဖြင့် ဖုန်းချလိုက်ပြီး ဝမ်ဟူအား ကြည့်ကာ ပြောလိုက်သည်။
“ငါ့အတန်းဖော်က နင့်နာမည်ကို ကြားဖူးတယ်ဆိုကတည်းက နင်က ရှီးပေမှာ တကယ်ကျော်ကြားတဲ့သူမှန်း ငါသိတယ်။ ဒါပေမဲ့လည်း ဒီနေ့ နင် ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတယ်ဆိုပြီး မတွေးတာက ပိုကောင်းလိမ့်မယ်”
အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်မှ မနှစ်သက်ဟန်ဖြင့် ပြောလိုက်သည်။
“လေလုံးထွားမနေစမ်းပါနဲ့”
အိုးရန်လူလူသည် မည်သည့်စကားမျှ မဆိုတော့ဘဲ လက်ပိုက်ကာ ဆိုဖာပေါ်တွင် မှီကာထိုင်လိုက်ပြီး ထိုလူငယ်အဖွဲ့အား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။ သူမသည် ထိုသူများ၏ခွန်အားကို မြင်ရပြီးသည့်နောက် စိုးရိမ်စိတ်အနည်းငယ် ရှိနေသည်။ ထန်ရှု မည်သည့်အချိန်တွင် ရောက်လာပြီး ထိုသူများအား ရင်ဆိုင်နိုင်ပါ့မလားဆိုသည်ကို သူမ မသိချေ။
ကျင့်ကြံသူတွေက အရမ်း အားကောင်းတယ် ဟုတ်တယ်မဟုတ်လား။
အိုးရန်လူလူ စိတ်ထဲတွင် တွေးနေမိသည်။
အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်သည် ဝေ့ချောင်ဘက်သို့ လှည့်ကာ လက်ဝှေ့ယမ်းပြလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“သခင်လေးဝေ့… ကြည့်ရတာ ကျင်းမန်ကျွန်းကို မင်း ပြန်မလာတာကြာတော့ လူတွေက မင်းနာမည်ကို မေ့သွားကြတာနဲ့တူတယ်။ မင်းတို့မိသားစုက အရမ်းအင်အားကြီးတယ်မဟုတ်လား။ ဒါပေမဲ့ ရီးဂျင့်ကလပ်ကတော့ မင်းအဖေကို မျက်နှာသာ နည်းနည်းလေးမှ မပေးဘူးနော်”
ထိုကဲ့သို့ ခနဲ့တဲ့တဲ့ မှတ်ချက်ပြုလိုက်သောစကားကြောင့် ဝေ့ချောင် မျက်နှာ နီရဲသွားသည်။ သူသည် အိုးရန်လူလူနှင့် ဟောင်ဒူဒူတို့အား ပိုမို စူးရဲစွာ ကြည့်လိုက်ပြီး သည်အဖြစ်အပျက်များပြီးပါက ထိုမိန်းကလေး၂ယောက်အား အိပ်ရာထက်သင်ခန်းစာပေးရန် သူ တိတ်ဆိတ်စွာ ဆုံးဖြတ်လိုက်သည်။
မိနစ်၂၀ကြာပြီးနောက်…
ထန်ရှုသည် သီးသန့်ခန်းအပြင်ဘက်သို့ ရောက်ရှိလာသည်။ သူ အခန်းထဲသို့ ဝင်လာသောအခါ လုံခြုံရေးအစောင့်များသည် နေရာအနှံ့တွင် အလဲလဲအပြိုပြို ဖြစ်နေပြီး တစ်ယောက်သောသူမှာ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်မှ တက်နင်းထားသည်ကို တွေ့လိုက်ရသောအခါ သူ၏မျက်ခုံးတို့ တွန့်သွားရသည်။ ရေခဲတမျှ အေးစက်သော အမူအရာဖြင့် သူသည် အိုးရန်လူလူအား ကြည့်ကာ ပြောလိုက်သည်။
“မင်း အဆင်ပြေရဲ့လား”
အိုးရန်လူလူ၏မျက်ဝန်းများ တောက်ပသွားကာ သူမသည် ရုတ်ခြည်းပင် ဆိုဖာမှ ခုန်ထလာလိုက်ပြီး အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်အပါအဝင် ထို၄ယောက်အဖွဲ့အား ညွန်ပြကာ ပြောလိုက်သည်။
“ငါ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီကောင်စုတ်တွေက အရမ်းမောက်မာတဲ့ လူဆိုးကောင်တွေ။ သူတို့က ငါတို့ကိုတောင်မှ လိုချင်နေသေးတယ်”
အေးစက်သော အကြည့်တို့ဖြင့် ထန်ရှုသည် အိုးရန်လူလူမှာ ဒီညတွင် သောက်ရန် ထွက်လာသည်ကို ပြောနိုင်သည်။ ထိုအချင်းအရာမှာ သူသည် သူမ၏အိမ်အား ယူထားသောကြောင့်ဟု သိသာထင်ရှားစွာ ပြသနေပေသည်။ သို့သော် သူမ၏နီရဲနေသော နဖူးနှင့် ကိုယ်လုံးပေါ်တွင် တင်ရှိနေသော ခြေထောက်ရာများကြောင့် သူမ အရိုက်ခံထားရသည်ဟူသော အမှန်တရားအား ပြောပြနေကြသည်။
“သူမကို ဘယ်သူရိုက်တာလဲ”
အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်သည် ထတော့မည့်ဆဲဆဲတွင် အခြားလူငယ်သည် ရပ်လိုက်ကာ ထန်ရှုရှေ့သို့ လာပြီး အထင်သေးသောအကြည့်တို့ဖြင့် ကြည့်ကာ မထီတထီလေသံဖြင့် ပြောလိုက်သည်။
“ဟ… ဘယ်ကောင်လဲကွ။ အလှလေးကို ကယ်ဖို့ သူရဲကောင်းပုံစံချိုးပြီး တစ်ယောက်တည်းလာတာလား”
“ဘန်း”
ထန်ရှုသည် ထိုလူငယ်၏ရင်ညွှန့်သို့ အလင်း၏အလျင်နှုန်းဖြင့် ကန်လိုက်သည်။ သူ၏ဟန်ပန်သည် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်လောက် သန်မာကြံ့ခိုင်သည့်ဟန် မရှိသော်လည်း အသံနှင့်အတူ ထိုလူငယ်၏ကိုယ်လုံးသည် ကော်ဖီစားပွဲဆီသို့ လွင့်ပျံကာ ကျသွားပြီး စားပွဲမှန်များ ကွဲကြေသွားသည်။
“ဘယ်သူရှိသေးလဲ။ ငါနဲ့လာတွေ့ပြီး ငရဲကို သွားလိုက်တော့”
ထန်ရှု၏အသံသည် ချုပ်တည်းထားသော်လည်း အလွန်အေးစက်စွာ ထွက်ပေါ်လာသည်။
အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်နှင့် အခြားလူငယ်၏မျက်နှာပျက်သွားသည်။ ထန်ရှု၏ခြေကန်ချက်သည် လျှပ်တပြက်တိုက်ခိုက်သည် ဆိုသော်ငြားလည်း အလွန်မြန်ဆန်လှသောကြောင့် သူတို့ စိုက်ကြည့်နေသည့်တိုင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
ကျွမ်းကျင်သူတစ်ယောက်ပဲ။
သူတို့အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့သည် မရေမတွက်နိုင်သောရန်ပွဲများအား အတူတကွ တိုက်ခဲ့ကြသူများပီပီ ထန်ရှုအား ရင်ဆိုင်ရန် ရှေ့နှစ်လှမ်း ပြိုင်တူတက်လိုက်ပြီး ပြောလိုက်သည်။
“သူမကို ရိုက်တာ ငါပဲ။ မင်းက နတ်သမီးတစ်ပါးနဲ့ကစားချင်တာလား။ ဟမ့်.မင်း$လုပ် မင်းလုပ်ချေပါ”
ထန်ရှုသည် ပြန်လည်းမပြော ထိုသူတို့အကြောင်းလည်း မမေးချေ။ သူသည် ၄မီတာ၊ ၅မီတာအကွာတွင် ရပ်နေရာမှ ထူးဆန်းသောခြေလှမ်းကွက်ဖြင့် လျှောက်လာရာ သူတို့၂ယောက်၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်အား လွင့်ထွက်သွားအောင် ကန်လိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားတစ်ယောက်၏မျက်နှာအား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
“ဘန်း..ဘန်း”
“ဘုန်း.. ဂျွတ်”
“အား”
အရိုးကျိုးသံများနှင့်အတူ လူငယ်များထံမှ ငယ်သံပါအောင် အော်ဟစ်လိုက်သံများ ထွက်ပေါ်လာခဲ့သည်။
ထန်ရှု၏လက်သီးသည် လူငယ်တစ်ယောက်အား ထိုးနှက်လိုက်ချိန်၌ သူ၏ခြေကန်ချက်သည် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်၏လက်မောင်းအား ကာတားထားသည်။ သို့သော်လည်း ထန်ရှုသည် ကိုယ်ကို လှည့်ကာ လှုပ်ရှားလိုက်သည်တွင် သူသည် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်၏ ဘယ်ဘက်ဘေးသို့ ဝဲပျံရောက်သွားပြီး ဥကာပျံနှင့်တူသော လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူသည် လုံလောက်သော အရှိန်အမြန်အား သုံးထားသော်လည်း ခွန်အားကိုမူ တစ်ဝက်သာ သုံးထားခဲ့သည်။
“ဘန်း…ဘန်း”
ထန်ရှု၏လက်သီးသည် သူ၏လက်မောင်းများအား ကြေမွသွားစေသောကြောင့် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်သည် အော်ဟစ်လိုက်ရင်း နောက်သို့ ဆုတ် ဆုတ်သွားရာ နံရံအား ကျောပေးသည့်အနေအထားပင် ဖြစ်သွားခဲ့သည်။ သူ၏အမူအရာသည် နာကျင်မှုကြောင့် ပျက်ယွင်းနေပြီး ထန်ရှုသည် နောက်မှလိုက်လာကာ သူ့၏မျက်နှာအား ကန်လိုက်ရာတွင် ကိုယ်လုံးသည် မြှောက်တက်သွားကာ သူ၏ခေါင်းသည် ကြမ်းပြင်နှင့် ပြင်းထန်စွာ ရိုက်မိကာ သတိလစ်လုနီးပါး ဖြစ်နေတော့သည်။
ထန်ရှုသည် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်ပြီး သတိလစ်နေသော ထိုလူငယ်ဆီသွားကာ ရပ်လိုက်သည်။ ထို့နောက် သူ၏လည်ပင်းအား ခွေးသေတစ်ကောင် ကိုင်သကဲ့သို့ ဆုပ်ကိုင်လိုက်ကာ ပြင်းထန်စွာ ရိုက်လိုက်သည်။
“ဖြန်း…ဖြန်း…ဖြန်း”
ထိုလူငယ်သည် ၁၀ကြိမ်ထက်မနည်း အရိုက်ခံလိုက်ရပြီးနောက် သူ၏ပါးတို့သည် နီရဲလာကာ သတိပြန်လည်လာသည်။
ထန်ရှုသည် ထို၂ယောက်အား အခန်းထောင့်သို့ ဆွဲပစ်လိုက်သည်။ ထို့နောက် အခြားလူငယ်၂ယောက်ဆီ ပြေးသွားကာ အားလုံး၏အကြည့်အောက်တွင် ရက်စက်စွာ ရိုက်နှက်လေသောကြောင့် ထိုလူငယ်များသည် အော်ပြီးရင်း အော်နေရသည်။ သနားညှာတာပေးရန်အတွက် တောင်းပန်သည့်အခါမှသာ သူ ရပ်တန့်လိုက်သည်။
ဟောင်ဒူဒူသည် အိုးရန်လူလူအနားရောက်လာပြီး လူလူ၏လက်မောင်းအား ကိုင်လိုက်သည်။ ထိုခဏတွင် သူမ၏အကြည့်တို့သည် အရောင်တဖျတ်ဖျတ်လက်လျက် သူ၏ယှဉ်ပြိုင်ဖက်များအား ရိုက်နှက်နေသော ထန်ရှုအား အံ့အားသင့်စွာ ကြည့်နေတေ့ာသည်။
“စွကျိုးနည်း… သူက အရမ်းမိုက်တာပဲ”
“သူက ယောက်ျားတွေထဲက ယောက်ျား၊ အကောင်းတကာထဲက အကောင်းဆုံးပဲ”
“အာ..မကောင်းတော့ဘူး။ ငါ သူ့ကို တကယ်သဘောကျနေပြီ။ လူလူ နင် ငါနဲ့ယှဉ်မလုရဘူးနော်။ ငါ သူ့ကို ချစ်မိသွားပြီ”
“သူတို့ကို ချတာ ကောင်းတယ်။ သူတို့ကို ထပ်ချပေး”
အံ့အားသင့်သောအမူအရာဖြင့် အိုးရန်လူလူသည် သနားစရာကောင်းသော အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်နှင့် အခြားလူငယ်များအား ကြည့်လိုက်သည်။ ထို့နောက် သူသည် ဂွမ်းတိမ်စလို ပေါ့ပါးစွာ ရွေ့လျားပြီး လေကဲ့သို့ တိုက်ခိုက်သည်နှင့်တူသော ထန်ရှုအား ကြည့်ကာ ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။ သူမ၏အသည်းနှလုံးသည် တဆတ်ဆတ်ခုန်နေချေပြီတကား။
သူ၏ဟန်ပန်သည် တကယ် မိုက်ပြီး ကြည့်ကောင်းသည်။
ထိုခဏတွင် သူမ၏မျက်လုံးထဲတွင် ထန်ရှုသည် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော စစ်သည်သူရဲကောင်းတစ်ဦးနှယ် ဖြစ်သည်။ သူရဲကောင်းတစ်ယောက်သည် ရောင်စုံတိမ်တိုက်များပေါ်မှ လမ်းလျှောက်ကာ မိန်းမလှလေးအား ကယ်တင်ရန် ဆင်းသက်လာသည်။ အထင်ကြီးလေးစားမှုသည် စကားနှင့်ပင် မဆိုနိုင်။ သူမ၏အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ဟောင်ဒူဒူ ပြောသော စကားသံများသည် နားထဲသို့ ရောက်လာသည်။
စိတ်လှုပ်ရှားနေသော လီရွှဲ့မင်သည်လည်း ထိုကဲ့သို့ သူ၏ရှေ့မှ မြင်ကွင်းအား မျှော်လင့်မထားမိပေ။ သူ ထင်ထားခဲ့သည်က အိုးရန်မိသားစုမှ အကြီးတစ်ယောက်အား သူမ၏တောင်းဆိုချက်အတိုင်း အိုးရန်လူလူအား ကယ်တင်ရန် စေလွှတ်ပြီးနောက် သည်ကြီးမားသည့်အဖြစ်အပျက်အား ဖြေရှင်းသွားလိမ့်မည်ဟုပင်။ သို့သော် ထိုအမည်မသိလူငယ်လေးတစ်ဦး မမျှော်လင့်ဘဲ ရောက်လာပြီး သူ၏ပြောင်မြောင်လှသော သိုင်းပညာဖြင့် ထိုရမ်းကားနေသောလူငယ်များအား တစ်ပွေတည်း လှဲသိပ်သွားခဲ့သည်။
သူက တကယ် သန်မာပြီး စွမ်းအားကြီးတာပဲ။
သူ၏နက်ရှိုင်းသော ရင်ထဲမှ လေးစားစွာဖြင့် အော်ဟစ်နေမိသည်။ ရီးဂျင့်ကလပ်မှ လုံခြုံရေးဝန်ထမ်းများသည် သင်တန်းဆင်းထားပြီးသော ကျွမ်းကျင်ပညာရှင်များဖြစ်သည်။ လမ်းတေလေများ သို့မဟုတ် ဒေသတွင်းလူမိုက်များဖြစ်ပါက ၂ယောက် ၃ယောက်လောက်နှင့်ပင် ဆုံးမနိုင်ကြသည်။ သို့သော် ထိုလူငယ်လေးများက ၁၀ယောက်ထက်မနည်းသော လုံခြုံရေးများအား မှောက်သွားအောင် ကြိတ်နိုင်ခဲ့ကြသည်။
ထန်ရှုသည် ဘီယာတစ်ပုလင်းအား ဆွဲဖွင့်ကာ သောက်လိုက်သည်။ သူသည် အိုးရန်လူလူအား ကြည့်ပြီးနောက် ပြောလိုက်သည်။
“ငါ အကုန်ရှင်းပြီးသွားပြီ။ မင်း အခု ကျေနပ်သွားပြီလား။ မကျေနပ်သေးဘူးဆိုရင် သူတို့ကို စိတ်ရှိလက်ရှိ ရိုက်လို့ရတယ်။ ဒါပေမယ့် သတိရပါ။ ရိုက်နှက်ပြီး ဒဏ်ရာတွေ ချန်ထားနိုင်ပေမယ့် သူတို့ကို မသတ်တာ ပိုကောင်းတယ်။ ငါ့မှာ ပါဝါလည်း မရှိ လူလည်းမရှိတော့ သူတို့ကို သတ်လိုက်ရင် ပြဿနာဖြစ်လိမ့်မယ်။ အိုးရန်မိသားစုက သန်မာပြီး စွမ်းအားကြီးတော့ မင်း တာဝန်ယူနိုင်တယ်ဆိုရင်တော့ သတ်ချင်သတ်ပေါ့”
အိုးရန်လူလူသည် တံတွေးမျိုချလိုက်သည်။ သူမ၏ရီဝေဝေ မျက်ဝန်းတို့သည် မမူးတော့ဘဲ တည်ငြိမ်လာသည်။ တွားသွားရင်း မတ်တတ်ရပ်ရန် ကြိုးစားနေသော်လည်း ပြန် ပြန် လဲကျနေသော အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့်လူငယ်နှင့် အခြားသူများအား သူမ ကြည့်လိုက်သည်။ ထို့နောက် သူမသည် ပုလင်းတစ်လုံး ဆွဲလိုက်ကာ သေခါနီးလူတစ်ယောက်လို ဖြူဖျော့နေသော ဝေ့ချောင်ဆီသို့ သွားလိုက်ပြီး သူ၏ခေါင်းအား ပုလင်းဖြင့် ပြင်းထန်စွာ ရိုက်ကာ ပြောလိုက်သည်။
“ဝေ့ဂေါင်ချမ်းက နင့်အဖေလို့ နင် မပြောခဲ့ဘူးလား။ တောက်ပသော ရောင်ခြည်တန်းဂရုက နင်တို့မိသားစုပေါ့လေ။ စိတ်ကြီးဝင်တယ်၊ မောက်မာတယ်၊ ထိုက်တောင်တန်းကိုတောင် မမြင်နိုင်ဘူးပေါ့ဟုတ်လား။ ဒီ၃ယောက်နဲ့တောင်မှ ချိတ်ရဲတယ်ပေါ့”
ဖြောင်းကနဲ ပုလင်းကွဲသံနှင့်အတူ သွေးများ ဖြာကနဲ ထွက်လာပြီး ဘီယာနှင့်သွေးများ ရောနှောသွားတော့သည်။ အိုးရန်လူလူသည် ဝေ့ချောင်၏ခေါင်းအား ၆ပုလင်းတိတိ ရိုက်နှက်လိုက်သည်။ ထို့နောက် သူမသည် ပုလင်းကွဲတစ်ခုအား ယူလိုက်ကာ အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူဆီ လျှောက်သွားပြီး သူ၏ပါးပေါ်တွင် ကြက်ခြေခတ်သဏ္ဍာန် “X” အား ဖိကာ ဆွဲလိုက်ပြီးနောက် သူမ ရပ်လိုက်သည်။
“ဘန်း”
သီးသန့်ခန်းတံခါးသည် ထန်ရှုဝင်လာပြီးနောက် ပိတ်သွားရာ ယခု တစ်စုံတစ်ယောက်၏ အပြင်ဘက်မှ ကန်ကာ ဖွင့်လိုက်ခြင်းအား ခံလိုက်ရပြီး အသက်၃၀အရွယ် အမျိုးသားတစ်ဦး အပြေးအလွှားဝင်လာသည်။ သူနှင့်အတူ သန်မာကြံ့ခိုင်သော သက်လတ်ပိုင်းအမျိုးသား၄ဦးမှ နောက်တွင် လိုက်ပါလာသည်။
“လူလူ… အဆင်ပြေရဲ့လား”
အိုးရန်လဲ့သည် သီးသန့်ခန်းအတွင်းသို့ အပြေးတစ်ပိုင်းဝင်လာချိန်တွင် အိုးရန်လူလူသည် ကြက်ခြေခတ်အမှတ်အသားအား လူငယ်၏ပါးပြင်တွင် ပြုလုပ်နေသည်အား တွေ့လိုက်ရရာ “ဘုရားသခင်” ဟု ယောင်ပြီးအော်မိလုနီးပါး ဖြစ်သွားရသည်ကို မျိုချလိုက်ရသည်။
အိုးရန်လူလူသည် ရယ်မောလျက် ပြန်ဖြေလိုက်သည်။
“ကိုကို… ကျွန်မ အဆင်ပြေပါတယ်”
သီးသန့်ခန်းအတွင်းမှ မြင်ကွင်းအား ကြည့်ပြီး အိုးရန်လဲ့သည် ခြောက်ခြားစရာကောင်းသောအသံဖြင့် ပြောလိုက်သည်။
“ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ညီမလေးကို တစ်စုံတစ်ယောက်က ရိုက်နေပြီဆိုပြီး ကိုကို့ကို စာပို့ခဲ့တာမဟုတ်လား။ ဘယ်သူရိုက်တာလဲ”
အိုးရန်လူလူသည် အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နှင့် လူအား ညွှန်ပြကာ စိတ်ဆိုးစွာ ပြောလိုက်သည်။
“သူပဲ ကိုကို။ သူက ညီမလေးကို တစ်ည သူနဲ့အဖော်လုပ်ပေးရမယ်လို့တောင် အော်သေးတယ်။ ကိုကို သူက ညီမလေးကို စကားနဲ့လည်း အနိုင်ကျင့်တယ်။ လူကို နာကျင်အောင်လည်း လုပ်တယ်”
အိုးရန်လဲ့သည် ထိုရှေ့သို့ လျှောက်သွားလိုက်သည်။ သူသည် ထို၄ယောက်အား နှိုးကာ အချက်ပေါင်းများစွာ ရိုက်ပစ်လိုက်ချင်သော်လည်း ထိုသူများ၏ သနားစရာဆိုးရွားလှသည့် အခြေအနေအား တွေ့မြင်ပြီး နှုတ်ခမ်းများပင် တဆတ်ဆတ်တုန်လာကာ နောက်ဆုံးတွင် ဘာမျှ မလုပ်ဖြစ်တော့ချေ။
ထို၄ယောက်အား သည်အခြေအနေထိရောက်အောင် မည်သူက ရက်ရက်စက်စက် ပြုလုပ်ထားသည်ကို မတွေးတတ်အောင်ပင် ရှိလေသည်။ ထိုသူများသည် အသတ်မခံရသော်လည်း သေလုနီးပါး အရိုက်ခံထားရသည်မဟုတ်ပါလော။
ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှပေသည်။
အိုးရန်လဲ့သည် အိုးရန်လူလူ၏အစ်ကိုဖြစ်မှန်း သိလိုက်ရသောကြောင့် ထန်ရှုသည် သူ၏လက်ထဲမှ ပုလင်းအား လွှတ်ချလိုက်ကာ ချက်ချင်းပင် ဖျော့တော့စွာ ပြောလိုက်သည်။
“အိုးရန်လူလူ… မင်းမိသားစုတွေ လာပြီမို့လို့ ငါပြန်နှင့်တော့မယ်။ မင်းခေါ်လိုက်လို့ တစ်ညလုံးနီးပါး အချိန်ကုန်သွားတယ်။ နို့မို့ဆိုရင် ဒီအချိန်ဆို ငါ အနားယူနေပြီ”
အိုးရန်လူလူသည် ရုတ်ခြည်းပင် ထန်ရှုအား တားထားလိုက်သည်။ သူမ၏သဘောထားသည် ယခင်နှင့် ယခု လုံး၀ ကွဲပြားခြားနားနေပြီဖြစ်သည်။ သူမသည် လှပစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“နင့်ရဲ့ အရေးတကြီးကိစ္စလုပ်တာ ပြီးပြီလား။ ငါ နင်နဲ့ ပြန်လိုက်လို့ ရလား။ နင် မြင်တဲ့အတိုင်းပဲ ငါ့မှာ အရိုက်ခံထားရတော့ အိမ်ပြန်ပြီး ဆေးထည့်ဖို့လုပ်ရဦးမှာ”
ထန်ရှုသည် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ မင်း ငါနဲ့ ပြန်လိုက်လို့ရတယ်”
အိုးရန်လဲ့သည် ကြောင်တောင်တောင်ဖြင့် အိုးရန်လူလူနှင့် ထန်ရှုအား ကြည့်လိုက်သည်။ သူတို့နှစ်ယောက် ပြောနေသောစကားများသည် သူ့အား အံ့သြတုန်လှုပ်စေသည်။
အတူပြန်ကြမယ်ဟုတ်လား။ သူတို့၂ယောက်က ချစ်နေကြပြီး အတူနေ နေကြပြီလား။
အိုးရန်လဲ့၏ ခန္ဓာကိုယ်သည် တစ်ချက် တုန်သွားပြီး အိုးရန်လူလူအား အလျင်စလို တားကာ မေးလိုက်သည်။
“နေဦး ညီမလေး။ နင် ပြဿနာ ဖန်တီးတာမဟုတ်ပေမယ့် အဖြစ်အပျက်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ကိုကို့ကို မပြောရသေးဘူးလေ။ နင် အတူ ပြန်လိုက်ချင်တဲ့ ကောင်လေးက ဘယ်သူတုန်း။ နင်တို့၂ယောက် အတူတူ နေနေကြတာလား”
အိုးရန်လူလူသည် မျက်စိလေးစွေကာ ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကိုကို… ညီမလေး ဒါကို နောက်တော့ ပြောပြပါမယ်။ အခုတော့ ကိုကို သူတို့ကို နှိုးပြီး ဒီကလပ်ကနေ ပြန်တဲ့အခါ တွားသွားခိုင်းလိုက်ပါ။ အာ… ဟုတ်ပြီ။ ဟောင်ဒူဒူကို ပြန်ပို့ပေးဦးနော် ကိုကို။ အရမ်း နောက်ကျနေပြီဖြစ်လို့ တခြားလူတွေကို ပြန်ပို့ခိုင်းဖို့ ညီမလေး စိတ်မချဘူး”
အိုးရန်လဲ့သည် စိတ်တိုစွာဖြင့် အော်ဟစ်လိုက်သည်။
“ဟေ့ နေဦး။ ညီမလေး ကိုကိုမေးတာ မဖြေရသေးဘူးလေ”
အိုးရန်လူလူသည် ရယ်မောကာ ပြောလိုက်သည်။
“ကိုကို ဘာလို့ ဒေါသထွက်နေရတာတုန်း။ အရင်တုန်းက ကိုကို ညီမလေးကို ချစ်သူတောင် မထားခိုင်းထားဘူးဆိုတော့ ညီမလေး အမြန် လက်ထပ်ရမယ်လေ။ ပြီးတော့ သူက အရမ်းကောင်းတယ်”
“နင်…”အိုးရန်လဲ့ ပြောစရာစကားမဲ့သွားရတော့သည်။
အိုးရန်လူလူသည် အစ်ကိုဖြစ်သူ၏ မခံချိမခံသာဖြစ်နေသော အမူအရာအား ကြည့်လိုက်သည်။ သူမသည် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
“အာ… ညီမလေး ပြောပြပါမယ်။ သူက ညီမလေးရဲ့ ကယ်တင်ရှင် ထန်ရှု။ ဒီနေ့ သူသာ မကယ်ခဲ့ရင် ညီမလေး အဲဒီလူဆိုးသွမ်းတွေရဲ့ အနိုင်ကျင့်တာ ခံနေရလောက်ပြီ။ သူက ညီမလေးအိမ်မှာ နေတယ်။ အဲဒါကြောင့် အခု ညီမလေး သူနဲ့ ပြန်လိုက်သွားမလို့”
“သူက ညီမလေးအိမ်မှာ နေတာဟုတ်လား”
***