← Chapters

လူတစ်ယောက်အား တစ်စုံတစ်ခု ပြုလုပ်ရန်လှည့်ကွက်

Vol. 03 Ch. 117

လူတစ်ယောက်အား တစ်စုံတစ်ခု ပြုလုပ်ရန်လှည့်ကွက်

Vol. 03 Ch. 117

ခန်းရှ ပြောလိုက်သည်။ “တတိယထုတ်ကုန်ကို ငါတို့ ကျန်းမာရေးဂရုစိုက်မှု ထုတ်ကုန်အမျိုးအစားမှာ သတ်မှတ်ရင် အချိုရည်ထက် ပိုသင့်တော်တယ်။ ပြီးတော့ အဲဒါကို အဆင့်မြင့်ထုတ်ကုန်လုပ်မယ်။ သူ့ရဲ့ဈေးနှုန်းက အနည်းငယ် ဈေးကြီးရင်တောင်မှ လိုအပ်တဲ့သူက ဝယ်မှာပဲလို့ ငါ ယုံတယ်။ အာ.. မဟုတ်သေးဘူး. သူတို့က စိတ်လှုပ်ရှားပြီးတောင်မှ ဝယ်ကြလိမ့်မယ်”

ကျန်းမာရေးဂရုစိုက်မှု ထုတ်ကုန်အမျိုးအစားလား။

ထန်ရှုသည် တစ်ခဏမျှ တွေးတောပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းလိုက်တဲ့ အကြံပြုချက်။ ဒီလိုဆိုမှတော့ ကျွန်တော်တို့ ခင်ဗျားအကြံပေးတဲ့အတိုင်း ကျန်းမာရေးဂရုစိုက်မှု ထုတ်ကုန်အမျိုးအစားအဖြစ် သတ်မှတ်ကြတာပေါ့။ ကျွန်တော် သင့်တော်တဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် နောက်တော့ ခင်ဗျားကို ပြောပြမယ်။ ဈေးနှုန်းကို ခင်ဗျားပဲ သတ်မှတ်ပါ။

ခန်းရှ ခေါင်းညိတ်လိုက်သည်။ သူမ တစ်စုံတစ်ခုအား ပြောတော့မည့်ဆဲဆဲတွင် ဂုရင်၏မြူးထူးနေသော ရယ်သံလေးသည် ဒုတိယထပ်မှ ထွက်ပေါ်လာပြီး သူမသည် အောက်သို့ပြေးဆင်းလာကာ ထန်ရှု၏လက်မောင်းအား ဖက်တွယ်လိုက်သည်။

“ဆရာ… ဧည့်သည် ရောက်နေတာလား”

ဂူရင်၏အသံလေးသည် နားဝင်ပီယံ သာယာလှသဖြင့် ပေါ့ပါးချိုသာသော တီးလုံးအလားပင် ဖြစ်သည်။

ထန်ရှုသည် အသစ်လက်ခံထားသော သည်တပည့်မ ပိစိလေးအား အတော်သဘောကျပေသည်။ အင်မော်တယ်ကမ္ဘာတွင်ရှိစဉ်က သူ မွေးစားခဲ့သော တပည့်လေး၏အရိပ်အယောင်အား သူမထံတွင် မြင်နိုင်ပေသည်။ သေချာစွာပင် အရေးကြီးဆုံးအချက်မှာ သူမလေး၏စိတ်ဓာတ်ကြံ့ခိုင်မာကျောမှုသည် သူမ ကလေးမငယ်ဖြစ်နေသည်ကို အသာထားဘိ အရွယ်ရောက်သောသူများပင်  ယှဉ်နိုင်မည် မဟုတ်သောအချက်ပင်ဖြစ်သည်။ ထို့ပြင် သူမလေးသည် မိသားစုအပေါ် အလွန်သိတတ်ပြီး စဉ်းစားတတ်သူလည်း ဖြစ်သည်။

ထန်ရှုသည် သူမ၏နက်မှောင်သောဆံပင်လေးအား အသာပွတ်သပ်ပေးရင်း ပြုံးကာ ပြောလိုက်သည်။

“ဧည့်သည်ကို နှုတ်ဆက်လိုက်ပါဦး။ သူမနာမည်က ခန်းရှလို့ ခေါ်တယ်။ နင်ခေါ်ရင် အန်တီခန်းရှလို့ ခေါ်ရလိမ့်မယ်”

ဂူရင်သည် ယဉ်ယဉ်ကျေးကျေး ခေါင်းကိုညိတ်ပြလိုက်ပြီး ချိုသာစွာပြုံးကာ ခန်းရှအား ပြောလိုက်သည်။

“မင်္ဂလာပါ အန်တီခန်းရှ… ဆရာနဲ့ ဆွေးနွေးနေတာလား။ အနှောင့်အယှက်ဖြစ်သွားရင် ရင်ရင့်ကို စိတ်မဆိုးပါနဲ့နော်။ ရင်ရင် ချက်ချင်း အပေါ်ထပ် ပြန်တက်သွားလိုက်ပါမယ်”

ခန်းရှသည် ထန်ရှုနှင့် ဂူရင်အား ထူးဆန်းဟန်ဖြင့် ကြည့်မိသည်။ သည်နေရာတွင် ထန်ရှု၏ တပည့်အား တွေ့လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပေ။ သို့သော် ထိုကဲ့သို့ အလိုက်သိသော ကလေးမငယ်လေးမျိုးနှင့် တွေ့ရသည်မှာ ရှားပါးလှသောကြောင့် ခန်းရှသည် ခေါင်းကို ယမ်းကာ ပြုံးလျက်ဆိုလိုက်သည်။

“သမီးက ရင်ရင်လို့ ခေါ်တာလား။ ဒါကိစ္စမရှိပါဘူး။ သမီးဆရာနှင့် ဆွေးနွေးတာ ပြီးနေပါပြီ”

ထိုသို့ပြောပြီးနောက် သူမ၏အကြည့်အား ထန်ရှုဆီသို့ ရွှေ့လိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။

“သူဌေး… နင့်မှာ တပည့်ဘယ်နှစ်ယောက် ရှိတာလဲ”

ထန်ရှုက ပြောလိုက်သည်။ “နှစ်ယောက်”

ခန်းရှ မေးလိုက်ပြန်သည်။ “နင် သူတို့ကို ဘာတွေ သင်တာလဲ”

ထန်ရှုသည် အေးဆေးစွာ ပြန်ပြောလိုက်သည်။ “ကျွန်တော် သင်နိုင်တာ အများကြီးရှိတာပေါ့။ ဒါပေမဲ့ ခင်ဗျား နားမလည်နိုင်တာတွေ များတယ်။ အဲဒါကြောင့် မေးခွန်းထပ်မမေးနဲ့တော့။ ခင်ဗျားမှာ တခြားထွေထွေထူးထူးမရှိတော့ရင် ပြန်လို့ရပြီ”

သည်ဟာသည် နှင်ထုတ်လိုက်သည့်စကား ဖြစ်သည်။

ခန်းရှသည် အံ့အားသင့်လှသောကြောင့် ပြောစရာစကားပင်မရှိ ဖြစ်သွားရကာ ထန်ရှုအား ကြည့်လိုက်မိသည်။ သူမသည် မည်ကဲ့သို့သောသူနည်း။ သူမသည် လေးစားခံရသော ခန်းရှဖြစ်ပြီး ထိပ်တန်းအလှ၊ စီးပွားရေးလောကတွင် ဒဏ္ဍာရီလာပုံရိပ်ရှိသူဖြစ်သောကြောင့် မရေမတွက်နိုင်သောသူများသည် သူမနှင့်အချိန်အချို့ရရှိလိုကြသော်လည်း ပြန်ရန်အပြောခံရသည့် ဧည့်သည်တစ်ဦးအဖြစ် ဘယ်လိုတောင် နှိမ့်ချဆက်ဆံခံရပါသနည်း။ထို့ပြင် သူမ သည်နေရာကို ရောက်သည်မှာ အချိန်ကြာသွားသော်လည်း လက်ဖက်ရည်တစ်ခွက်ပင် တိုက်ဖော်မရချေ။

သည်သူဌေး…. အမှန်ကို ရှားပါးပြီး အံ့သြဖို့ကောင်းတဲ့သူတစ်ယောက်ပဲ။

ခန်းရှသည် စိတ်ထဲမှ တီးတိုးရွတ်ဆိုကာ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“အဲဒါဆို ငါ ပြန်လိုက်ဦးမယ်။ ငါ မကိုင်တွယ်နိုင်တာမျိုးပဲဖြစ်ဖြစ် ကုမ္ပဏီမှာ အရေးကြီးတာရှိခဲ့ရင်ဖြစ်ဖြစ် ငါ နင့်ကို ဆက်သွယ်လိုက်မယ်”

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ပြီး ခန်းရှပြန်သွားသည်ကို ကြည့်နေလိုက်ပြီးမှ ဂူရင်အား အပြုံးဖြင့် မေးလိုက်သည်။

“နင့်အမေ ဈေးသွားပြီး စားစရာအချို့သွားဝယ်တာ လိုက်မသွားဘူးလား”

ဂူရင်က ရယ်မောကာ ပြောလိုက်သည်။

“မေမေက ပြောတယ်။ သမီးက ခုမှ သက်သာလာခါစရှိသေးလို့ အိမ်မှာပဲ နားစေချင်သေးတယ်တဲ့။ နောက်ပြီး သမီးလည်း မသွားချင်ပါဘူး။ ဆရာသင်ပေးတဲ့ကျင့်ကြံခြင်း နည်းစနစ်က အရမ်း စိတ်ဝင်စားဖို့ကောင်းတာမို့လို့ ဒီနေ့အကြိမ်အနည်းငယ် ကြိုးစားတယ်။ ဆရာပြောပြတဲ့ စွမ်းအားလည်ပတ်မှုအမျိုးအစားကို ခံစားလို့ရနိုင်ပြီ။ အဲဒီစွမ်းအားလည်ပတ်မှုက အတော်ဆိုးတယ်ဆရာ။ သမီး ထိန်းလို့မရဘူး”

ထန်ရှုသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“နင် အဲဒါကို ခံစားနိုင်နေပြီဟုတ်လား။ မြန်လှချည်လား”

ဂူရင် စိတ်ရှုပ်ထွေးသည့်ဟန်ဖြစ်သွားသည်။

“အရမ်းမြန်လို့လား။ အဲဒီဟာကို ပထမဆုံးအကြိမ်ကတည်းက ခံစားနိုင်နေတာလို့ သမီးထင်တာ”

ထန်ရှုသည် သူ၏နှာရိုးအား ထိလိုက်ကာ အားယူပြုံးလိုက်သည်။ အခြားသူများအတွက်မူ သူတို့၏ကျင့်ကြံမှုလေ့ကျင့်ခြင်း စတင်ပြီးနောက် လအနည်းငယ်ကြာမှသာ စွမ်းအားလည်ပတ်ခြင်းအား ခံစားနိုင်ပေလိမ့်မည်။ သို့သော် သည်အဖိုးတန်တပည့်လေးကမူ တစ်ရက်တည်းဖြင့် ခံစားနိုင်ပေသည်။ သည်ဟာသည် အမြွာသွေးခုန်နှုန်းပါဝင်သော ရေခဲဖီးနစ်၏ ရှားပါးခန္ဓာကိုယ်ဖွဲ့စည်းမှုကြောင့် ကောင်းကင်ဘုံတွင် ပြိုင်ဖက်ကင်းရခြင်းဖြစ်ပေသည်။

“ရင်ရင်… နင့်ရဲ့ကျင့်ကြံမှုကို အလျင်စလို မကျင့်ကြံဖို့ သတိထားရမယ်။ နင်က အခုဆိုရင် စွမ်းအားလည်ပတ်ခြင်းကို ခံစားနိုင်နေပြီဆိုတော့ ဖြည်းဖြည်းချင်း ကျင့်ပါ။ အဲဒီစွမ်းအားကို နင်ထိန်းနိုင်ပြီဆိုတာနဲ့ ဆရာ့ကို ပြောပါ” ထန်ရှု အကြံဉာဏ်ပေးလိုက်သည်။

ဂူရင် ရယ်မောကာ ပြောလိုက်သည်။ “သမီး ဒါကို သတိရပါမယ် ဆရာ”

ထန်ရှုသည် သူမ၏နဖူးလေးအား တို့ကာ ပြောလိုက်သည်။

“သွား ကစားချေဦး။ ဆရာ လုပ်စရာရှိလို့ အပြင် သွားလိုက်ဦးမယ်။ အာ..ဟုတ်ပြီ။ အမေပြန်လာရင် ပြောလိုက်ဦး … ဆရာ ဒီည အိမ်မှာ ညစာမစားဘူးလို့။ နောက်တစ်ခုက အိမ်ခြံရုံးမြေက စာ/ ပစ္စည်းလာပို့ရင် ဆရာ့ကိုယ်စား လက်ခံထားပေးပါလို့”

“အိုကေ ဆရာ။ စိတ်ချထားပါ” ဂူရင်သည် ပြုံးလိုက်ပြီးနောက် ပြေးထွက်သွားတော့သည်။

သူမအတွက် ရယ်ခြင်း၊ ပြုံးခြင်း မရှိခဲ့သည်မှာ ၂နှစ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုကာလများအတွင်း  ပျော်ရွှင်မြူးတူးနေဟန်အား တမင်လုပ်ယူထားခဲ့ရသည်။ ယခုမူ သူမ၏ရင်ထဲတွင် အရင်းနှီးဆုံး သူမ၏မိခင်အပြင် ထန်ရှုပါ ရှိနေခဲ့ပြီဖြစ်သည်။ တစ်ရက်တာ ဆရာတစ်ယောက်ဖြစ်ခဲ့လျှင် တစ်သက်တာအတွက် ဖခင်တစ်ယောက်ဖြစ်ပေသည်ဟု ဆိုရိုးစကားအား ရှေးယခင်က သူမ သင်ယူခဲ့ဖူးသည်။ သူမတွင် ဖခင်မရှိတော့သောကြောင့် ထန်ရှုအား သူမ၏ဖခင်အဖြစ် ရင်ထဲတွင် စွဲမှတ်ယူထားပြီးဖြစ်သည်။

နောက်နာရီဝက်အကြာတွင် ထန်ရှုသည် အိမ်ရာထဲမှ ထွက်ခွာလာခဲ့သည်။ စုရှန်းဝမ်သည် သူ၏မိခင်ဆီမှ ပိုက်ဆံလာရောက်ချေးယူသည်ဟူသော ရည်ရွယ်ချက်အား ဘန်ရှို့ထံမှ သူ သိထားသည်။ ထိုအဖြစ်အပျက်သည် သူ့အား စိတ်မသက်မသာ ဖြစ်စေသောကြောင့် သူတို့သားအမိနှစ်ယောက်၏ စားသောက်ဆိုင်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ စုရှန်းဝမ်သာ စားသောက်ဆိုင်ဆီသို့ လာရဲသည်ဆိုပါက သူ့အား ထိရောက်သော သင်ခန်းစာ ပေးရန် ထန်ရှု ဝန်လေးနေမည်မဟုတ်ပါချေ။

ဆိုင်နေရာချဲ့ပြီးသည့်နောက် စုလင်းယွမ်၏စီမံခန့်ခွဲမှုအောက်တွင် စားသောက်ဆိုင်လေးသည် ဆိုင်သေးလေးတစ်ဆိုင်ဟု ပြော၍မရတော့ပါချေ။ စားသုံးသူ အများကြီးရှိသည်ပင်လျှင်

နောက်ထပ် နေရာချဲ့မှုအား မကြာသေးမီက ထပ်မံပြုလုပ်ရလေသည်။ ယခု ထန်ရှုတို့စားသောက်ဆိုင်သည် စားသောက်ဝိုင်း ၈၀အား တစ်ချိန်တည်း လက်ခံနိုင်လေပြီဖြစ်သည်။

ထန်ရှုရောက်သွားချိန်သည် စားသုံးသောအချိန် မပြီးဆုံးသောကြောင့် စားစုံးသူအများအပြား ဆိုင်ထဲတွင် ရှိနေသေးသည်။ စားသောက်ဆိုင်တွင် အလုပ်လုပ်သူအများစုမှာ ထန်ရှုအား သိနေကြသောကြောင့် ပြုံးကာ နှုတ်ဆက်ကြသည်။

“ဘော့စ်… လာပြီ”

စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော ဘန်ရှို့သည် ဝမ်းသာအားရ ပြေးထွက်လာသည်။

ထန်ရှု မေးလိုက်သည်။ “ကျွန်တော့် အမေရော”

ဘန်ရှိုက ပြောသည်။ “သူဌေးက စာရင်းတွက်နေတယ်။ အခုလေးတွင် လက်ဘက်ရည် သွားပို့ပေးခဲ့တာ။ သူမကို ကြည့်ရတာ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေတဲ့ပုံပဲ”

“စုရှန်းဝမ်ကြောင့်လား” ထန်ရှု၏မျက်ခုံးများတွန့်သွားကာ ပြောလိုက်သည်။

ဘန်ရှိုသည် ဝေခွဲရခက်သော အပြုံးဖြင့် ပြောလိုက်သည်။

“အဲဒါ ဖြစ်နိုင်တယ်။ ဘော့စ်မလာခင်က စုရှန်းဝမ်ရဲ့မိန်းမ ပြန်သွားတာ ၁၀မိနစ်လောက်ပဲ ရှိသေးတယ်။ အဲဒီမိန်းမက တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်။ ပထမ သူက သူဌေးရဲ့အကူအညီကို တောင်းတယ်။ တကယ်တမ်း သူမ ဖြစ်စေချင်တာက သူဌေးက ဘော့စ်ကို အကြံပေးစေချင်တာ။ အဲဒါ ဘာလဲဆိုတော့ စုရှန်းဝမ်နဲ့ လုံဂရုက လူတွေကြားမှာ ဆက်ဆံရေးတံတားတစ်စင်း ဖြစ်ဖို့ ကူညီပေးစေချင်တာ”

အချိုးမပြေသော အဒေါ်ဖြစ်သူ၏မျက်နှာအား မြင်ယောင်ပြီး ထန်ရှု၏မျက်ခုံးများ မြင့်တက်ကာ ပိုမို စိတ်ပျက်သွားရသည်။ သူသည် ဘန်ရှို၏ပခုံးအား ခပ်ဖွဖွပုတ်ကာ ရုံးခန်းဘက်သို့ လာခဲ့သည်။

“ကျွီ”

ထန်ရှုသည် တံခါးအား တွန်းဖွင့်လိုက်သောအချိန်တွင် စားပွဲတွင် ထိုင်နေသော မိခင်အား မြင်လိုက်ရသောအခါ သက်ပြင်း ကြိတ်ကာချလိုက်မိသည်။ စာရင်းလုပ်နေသောအချိန်တွင် ပူပင်သောကဖြစ်နေဟန်ရသည်။ သူသည် အထဲသို့ ဝင်သွားကာ ပြောလိုက်သည်။

“အမေ… အလုပ်ရှုပ်နေတာလား”

စုရှန်းဝမ်သည် ခေါင်းမော့ကြည့်လိုက်သောအခါ ထန်ရှုဖြစ်မှန်း သိလျှင်သိချင်း သူမသည် ရုတ်ခြည်းပင် မတ်တတ်ရပ်လိုက်ကာ မေးလိုက်သည်။

“ဆန်နီ.. သား အခြားမြို့က ပြန်ရောက်လာပြီလား။ သားရဲ့အတန်းပိုင်ဆရာမဟန်က သား ဘာသာရပ်ပြိုင်ပွဲရှိလို့ တခြားမြို့ကို တစ်ပတ်လောက် သွားရမယ်လို့ ပြောမယ်။ မနက်ကတောင် အမေတွေးနေတာ ဒီအချိန်ဆို သား ပြန်လာသင့်နေပြီဆိုပြီး”

ထန်ရှုသည် မိခင်အား မလိမ်ချင်သောကြောင့် ချက်ချင်းပင် ခေါင်းစဉ်ပြောင်းလိုက်ကာ အပြုံးဖြင့် ဆိုလိုက်သည်။

“ကျွန်တော်လည်း အစောကြီး ပြန်လာချင်နေတာ။ အဲဒါကြောင့် ပြီးပြီးချင်း တန်းပြန်လာတာပဲ။ အမေ.. အမေ့ဆံပင်ဖြူတွေက လတ်တလောထွက်လာတဲ့ပုံပဲနော်။ စားသောက်ဆိုင်ကို စီမံရတာ ပင်ပန်းနေပြီလားအမေ။ အဲဒါဆိုရင် ဝန်ထမ်းတစ်ယောက်ကို တာဝန်လွှဲပေးသင့်တယ်။ အမေ့ရဲ့ကျန်းမာရေးက ပိုအရေးကြီးပါတယ်”

ထန်ရှု၏စကားများသည် စုလင်းယွမ်၏ရင်ထဲ နွေးထွေးသွားစေသည်။ သူမသည် ထန်ရှု၏လက်မောင်းအား  ရိုက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“အမေ.. မပင်ပန်းပါဘူး သားရဲ့။ အမေတို့မိသားစု အခြေအနေလေးက အခုဆိုရင် ပိုမိုကောင်းမွန်လာခဲ့ပြီ။ အမေ ဒီအခွင့်အရေးနဲ့ ငွေများများ ရှာပြီး သားအတွက် ငွေစုရမယ်။

သား တက္ကသိုလ် သွားဖို့အတွက်တင် မဟုတ်ဘူး။ သား မိန်းမတစ်ယောက် ယူပြီး အိမ်တစ်လုံး ဝယ်ပေးဖို့အတွက်ပါ ပါတယ်။ အမေ့ရဲ့အနာဂတ် မြေးလေးတွေကို တိုက်ဖို့ နို့မှုန့်ဖိုးလည်း လိုတယ်။ အဲဒါကြောင့် အမေ ငွေစုထားပြီး သားကို ပေးရမယ်”

“အိုက်ယား… အမေက အများကြီး တွေးလိုက်တာပဲ” ထန်ရှု ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။

စုလင်းယွမ်သည် ရယ်မောကာ ပြောလိုက်သည်။

“ဒီဟာက အမေတစ်ယောက်က သူ့ရဲ့သားအနာဂတ်အတွက် လုပ်ပေးသင့်တဲ့အရာပဲ။ အာ..ဟုတ်ပြီ။ သား အပြင်မှာ ဝင်ပြိုင်လာတဲ့ ပြိုင်ပွဲရဲ့အခြေအနေက ဘယ်လိုလဲ။ အဆင့်ထဲရော ဝင်ခဲ့ရဲ့လား”

ထန်ရှု ပြုံးရင်း ပြန်ဖြေသည်။

“ကောင်းတယ်အမေ။ ကျောင်းခေါင်းဆောင်တွေကလည်း အရမ်းကျေနပ်တယ်။ အမေ.. အမေစာရင်းလုပ်နေတာ ကျွန်တော် တွေ့လိုက်တယ်။ နေ့ခင်းဘက်ကြီး ဘာတွေလုပ်နေရတာလဲအမေ။ မှတ်မိသလောက်ဆိုရင်.. အမေက အမြဲ ညနေဘက်မှ လုပ်တာပါ”

ထန်ရှု၏သည်အဖြစ်အပျက်အား မေးလိုက်သောစကားအား ကြားလိုက်သော် စုလင်းယွမ်သည် ရုတ်ခြည်းပင် စိတ်ပင်ပန်းနေသည့်ဟန်ဖြစ်သွားရကာ ပြောပြသည်။

“အဲဒါ မင်းရဲ့ဦးလေးကြောင့်လေ။ သူ့ရဲ့စီးပွားရေးက အခုတလော အခက်အခဲ ဖြစ်နေတယ်။ အခု သူ့မှာ ပိုက်ဆံတောင် နည်းနေပြီ။ မနေ့က သူ ဒီကို လာတယ်။ ပိုက်ဆံချေးချင်လို့တဲ့။ အမေတို့ စီးပွားရေးလေး ကောင်းလာကတည်းက စုထားတဲ့ပိုက်ဆံ အမေ့မှာ ရှိတယ်။ ဒါပေမဲ့ မကြာမီက ဆိုင်ကို ချဲ့လိုက်တော့ ယွမ်တစ်သိန်းပဲ ကျန်တော့တယ်။ သားရဲ့ဦးလေးက အရင်တုန်းက အများကြီး ကူညီခဲ့ဖူးတော့ သူ့ကို ကူညီမယ်လို့ အမေ စဉ်းစားတယ်”

ထန်ရှုသည် နှာခေါင်းတစ်ချက် ရှုံ့ကာ ပြန်ပြောလိုက်သည်။

“သူက ကျွန်တော်တို့ကို ကူညီတာမှ မဟုတ်တာ။ လှူနေတာကြီး။ အမေ… ဒီနှစ်တွေထဲမှာ စုရှန်းဝမ်ရဲ့ အပြုအမူတွေကို ကျွန်တော်တို့ ကောင်းကောင်း သိခဲ့တာပဲ။ သူ့ကို လစ်လျူရှုဖို့ ကျွန်တော် အကြံပေးချင်တာ။ ဒါမျိုးက အဆင်မပြေတဲ့အကြောင်း သူ့ကို ပေးသိလိုက်ပါ”

စုလင်းယွမ်သည် အတန်ငယ် ချီတုံချတုံဖြစ်သွားပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“အာ… သားမပြောတောင်မှ အမေသိပါတယ်။ ဒါပေမဲ့လည်း… သူ ဘာဖြစ်ဖြစ် သားရဲ့ဦးလေးပဲလေ။ အမေ့ရဲ့တစ်အူတုံဆင်း အစ်ကို။ ဟင်း..ဒါကလည်း သူ့အတွက် မကောင်းကျိုး သံသရာတစ်ပတ်ပြန်လည်တာပဲ”

ထန်ရှု ပြောလိုက်သည်။

“အမေ… တချို့လူတွေက သင်ခန်းစာ မရရင် ဘယ်တော့မှ နောင်တမရကြဘူး။ ကျွန်တော်တို့မှာ အရင်းအမြစ်အများကြီး မရှိတာကို အသာထား။ ကျွန်တော်တို့ သူ့ကို ကူညီချင်တယ်ဆိုရင်တောင်မှ ကူညီနိုင်စွမ်းနည်းတယ်လေ။ သူ့ကို ပိုက်ဆံပေးဖို့ မလိုဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ဆီက ရတဲ့ပိုက်ဆံဆိုရင် နည်းလိုက်တဲ့ပိုက်ဆံဆိုပြီး လှူတာ စွန့်ကြဲတာလောက်လို့ပဲ သူကထင်နေဦးမှာ အဲဒါကို ကျေးဇူးတင်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအစား ကျွန်တော်တို့ကို သူက အသည်းနှလုံးမရှိ မကြိုက်နှစ်သက်တာတောင်မှ ဖြစ်လာဦးမယ်”

“နင်…”

စုလင်းယွမ်သည် ထန်ရှုအား စိုက်ကြည့်မိသည်။ သူမ၏သားသည် အလွန်နှံ့နှံ့စပ်စပ်  မြင်နိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မထင်ထားခဲ့မိပေ။ မနေ့က သူမသည် အမှန်တကယ်ပင် ယွမ်၁သိန်းအား စုရှန်းဝမ်အား ပေးရာ သူသည် ငြင်းဆန်ခဲ့ပြီး ခါးခါးသီးသီးပင် မုန်းတီးလေသည်။ ထိုသို့ပေးခြင်းအတွက် ကျေးဇူးမတင်ရုံသာမက သူမအား ဆဲဆိုသည်မှာ ရစရာမရှိအောင်ပင်ဖြစ်သည်။ ထိုအကြောင်းအား ပြန်တွေးမိသည်နှင့် သူမ မှားယွင်းနေခဲ့ပြီဟု ခံစားလာရသည်။

သူမ စုရှန်းဝမ်ကို တကယ် မကူညီရဘူးလား။

သို့သော် သူမသာ မကူညီခဲ့လျှင် အခုလို အခက်အခဲဖြစ်နေချိန်တွင် မည်ကဲ့သို့ ရှင်သန်မည်နည်း။

ထန်ရှုသည် မိခင်ဖြစ်သူ၏အမူအရာအား ကြည့်လိုက်သည်။ သူ၏စကားများကြောင့် သူမ စိတ်လှုပ်ရှားစပြုလာသည်ကို သိသောကြောင့် သူသည် ထပ်ဖိပြီး ပြောလိုက်သည်။

“အမေ.. ကျွန်တော်တို့ မိသားစုပိုင်ဆိုင်တာက စုရှန်းဝမ်လုပ်ငန်းနဲ့ယှဉ်လိုက်ရင် အခြေခံအားဖြင့်တောင် မလုံလောက်လို့ သွားကြားတောင် ညှပ်မှာမဟုတ်ဘူးလေ။  ရေပုံးထဲက ရေစက်တစ်စက်လောက်ပဲရှိမှာမို့ သူ့အတွက် အသုံးဝင်မှာမဟုတ်ဘူး။ နောက်ပြီး သူက စီးပွားရေးကို နှစ်ပေါင်းများစွာ လုပ်လာတာဆိုတော့ ချမ်းသာကြွယ်ဝတာရော အဆက်အသွယ်ရော အများကြီးရှိမှာပဲ။ သူ တကယ်ပဲ ပိုက်ဆံလိုတာဆိုရင် ကျွန်တော်တို့ဆီ ဘာကြောင့် အပြေးလာချေးရတာလဲ။ ကျွန်တော်တို့မိသားစုအခြေအနေကို သူ ကောင်းကောင်းကြီး

သိနေတာပဲဥစ္စာ။ ကျွန်တော် မြင်တာကတော့ သူ ကျွန်တော်တို့ဆီ ပိုက်ဆံလာချေးတာက ကျွန်တော်တို့ကို အနိုင်ကျင့်ချင်တာပဲဖြစ်ရမယ်အမေ။ သူသာ ပိုက်ဆံလိုတယ်ဆိုရင် သူ့သူငယ်ချင်းတွေဆီမှာ ချေးဖို့ တွေးနေမှာပဲ”

“ဒါ…”

စုလင်းယွမ် ပါးစပ်ဟလိုက်မိသော်လည်း ဘာပြောရမည်မှန်းပင် မသိတော့ချေ။

***

All Chapters