ငွေသားလက်ဆောင်
Vol. 03 Ch. 119
ထန်ရှုသည် ငွေရှာနိုင်သော စီးပွားရေးလုပ်ငန်းများအား လက်ကမ်းကြိုဆိုနေသူဖြစ်သည်။ ယခုကဲ့သို့ ရုပ်ဝတ္ထုများ လွှမ်းမိုးရာခေတ်တွင် ငွေသည်သာ အောင်မြင်မှုနှင့် ဆုံးရှုံးမှုအား တိုင်းတာနိုင်သည့်အရာဖြစ်သည်။ ငွေမရှိပါက လူတစ်ယောက်သည် ကမ္ဘာတစ်ဝန်း ကျော်ဖြတ်မသွားနိုင်ရုံသာမက လှုပ်ရှားရန်ပင် အခက်အခဲရှိသည်။ ထို့ကြောင့် ငွေ၏အရေးပါမှုအား သူ ကောင်းစွာ သိသည်။ သူ၏ကျင့်ကြံမှုအတွက် ကျင့်ကြံမှုအရင်းအမြစ်များနှင့် ပစ္စည်းများ လိုအပ်သည်။ သူသည် ကျောင်းတက်နေသော်လည်း အနာဂတ်အတွက် အမြဲတမ်း စဉ်းစားနေသည်သာဖြစ်တော့သည်။
သူသည် ပညာဉာဏ်ကြွယ်ဝသူဖြစ်ပြီး ဇီသာဗျတ်စောင်း၊ တရုတ်စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီရေးဆွဲခြင်းတို့တွင် ဆရာတစ်ဆူဖြစ်ခဲ့သည်မဟုတ်ပါလော။
အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းတစ်သောင်း နေထိုင်ခဲ့စဉ်က ပညာရပ်အမျိုးမျိုးတွင် အလွန်နားလည်တတ်ကျွမ်းသောကြောင့် သူ့အား စွယ်စုံပညာရှင်တစ်ယောက်ဟုပင် ခေါ်ဆိုနိုင်ပေသည်။ အဆောက်အဦပုံစံအသေးစိတ်ရေးဆွဲမှုသည် သူ့အတွက် လွယ်ကူနိုင်ပေသည်။
ကမ္ဘာပေါ်တွင် သူသာ ထိုကဲ့သို့ အဆောက်အဦပုံစံအသေးစိတ်ရေးဆွဲလိုက်မည်ဆိုပါက သူ၏ဒီဇိုင်းသည် သမိုင်းဝင်အဆောက်အဦ သေချာပေါက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး လူတိုင်း၏ မျက်လုံးအစုံအား တောက်ပလာအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ယုံကြည်မှုရှိသည်။
လုံကျန့်ယု၏မျက်ဝန်းတို့ အရောင်ဖျော့သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါ့မှာ မြို့တော်က သူငယ်ချင်း၂ယောက်ရှိတယ်။ သူတို့က ကြယ်တာရာက အဆောက်အဦဆောက်တဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေကြတယ်။ သူတို့ လိုချင်တဲ့အဆောက်အဦက အခမ်းနားဆုံး၊ အလွန်အထူးခြားဆုံးနဲ့ အထင်ကရအဖြစ်ဆုံး အဆောက်အဦအင်္ဂါရပ်နှင့်အညီ ဖြစ်ချင်တာ။ ငါတို့လုံမိသားစုက သူတို့နဲ့ပူးပေါင်းမယ်လို့ အရင်ကတည်းက ဆုံးဖြတ်ထားပြီးသားဆိုတော့ သုံးဦးပေါင်းစုစုပေါင်းမတည်ငွေက ယွမ်၅ဘီလီယံရှိတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး နောက်ပိုင်း တစ်ခုခုပြဿနာရှိလာခဲ့ရင် နောက်ထပ်ရှယ်ယာထပ်ထည့်ဖို့တော့ စဉ်းစားလိမ့်မယ်။ မင်းကိုပေးတဲ့ ၁၀%ရှယ်ယာကတော့ နောက်ထပ်ရှယ်ယာရှင်တွေ ပေါ်လာရင်တောင်မှ မပြောင်းလဲပါဘူး”
၅ ဘီလီယံ ဟုတ်လား။
လုံကျန့်ယု၏မျက်နှာထက်တွင် အလွန်အလေးအနက်ထားသော အမူအရာအား မြင်တွေ့ရသောကြောင့် ထန်ရှု အမူအရာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေမိသည်။ စိတ်ပြန်လည်တည်ငြိမ်အောင် သူ အချိန်ခဏ ယူလိုက်ရသည်။ ထန်ရှုအနေဖြင့် ရင်းနှီးမတည်ငွေ ယွမ်၅ဘီလီယံကြောင့် တုန်လှုပ်သွားသည်မဟုတ်ဘဲ ၁၀%ရှယ်ယာမှ သူ့အား လှုပ်ခတ်သွားစေခြင်းဖြစ်သည်။
ထိုရှယ်ယာသည် သူ့အား လက်ဆောင်ပေးသည်နှင့်တူညီနေသည်မဟုတ်ပါလော။
မည်သို့ပြောရမည်မှန်းမသိပင်ဖြစ်သွားခဲ့ရသော သူ၏စိတ်အား ပြန်လည်စုစည်းကာ ထန်ရှုသည် ပြန်လည်တုံ့ပြန်လိုက်သည်။
“ယွမ်သိန်း၅ရာက ဒီဇိုင်းတစ်ခုကို ဝယ်ရုံသက်သက်ပဲဆိုတော့ ဒီလို ပိုက်ဆံတွေ အလကားကုန်ဆုံးဖို့ ခင်ဗျား တကယ်ချမ်းသာတာ မဟုတ်ဘူးမဟုတ်လား”
လုံကျန့်ယုသည် ရယ်မောကာ ပြောလိုက်သည်။
“အာရေဗျည (တစ်ထောင့်တစ်ည) ဒီဇိုင်းတစ်ခုကို ယွမ်သိန်း၅၀၀နဲ့ ဝယ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ သူတို့ရော ငါရောက မင်းရဲ့ဒီဇိုင်းကို ယွမ်သိန်း၅၀၀နဲ့ထိုက်တန်တယ်လို့ ထင်တယ်။ သိန်း၅၀၀က ဒီဇိုင်းဝယ်ရုံတင်မဟုတ်ဘဲ မင်းနဲ့ပါ သူငယ်ချင်းအဖြစ် ရင်းနှီးမှုတစ်ခု တည်ဆောက်ချင်တာလည်း ပါတယ်။ အဲဒီသူငယ်ချင်း၂ယောက်က ငါ့ဆီက မင်းအကြောင်း ကြားပြီးကတည်းက မင်းနဲ့ သူငယ်ချင်းဖြစ်ချင်နေကြတာ…ဟား ဟား”
သူငယ်ချင်းဖြစ်ချင်နေကြသတဲ့လား။
စိတ်တွင်းမှ လှောင်ပြောင်ရယ်မောလိုက်သော်လည်း မျက်နှာအမူအရာ တည်ငြိမ်စွာဖြင့် ထန်ရှုက ပြောလိုက်သည်။
“သူတို့နဲ့ ကျွန်တော် သူငယ်ချင်းဖြစ်နိုင်တယ်လို့ အရမ်းယုံကြည်ချက်ရှိနေတာပဲ”
လုံကျန့်ယုသည် ရယ်မောလျက်
“ကောင်းကင်ဘုံက လူကောင်းတွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ ဆိုရိုးစကားတောင် ရှိသေးတာပဲ။ သူတို့ သူငယ်ချင်း ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား… ငါတို့ အနာဂတ်ပြောင်းလဲမှုအတွက် ရှာဖွေရမယ်။ ကဲ အခု ငါ့ကို ဖြေဖို့လိုတယ်… ဒီစီးပွားရေးကို မင်း လက်ခံမှာလား ဆိုတာကို”
“သေချာတာပေါ့။ ဘာလို့ ငြင်းရမှာလဲ”
ထန်ရှုသည် မျက်ခုံးများတွန့်ချိုးကာ အခိုင်အမာ ပြောဆိုလိုက်သည်။
လုံကျန့်ယုသည် စီးကရက်တစ်လိပ် ထုတ်ယူလိုက်သည်။ သို့သော် မီးညှိတော့မည့်ဆဲဆဲတွင် သူသည် တစ်စုံတစ်ခုအား သတိရသွားသည့်ပမာ ထန်ရှုအား ကြည့်ကာ မေးလိုက်သည်။
“ငါ ဆေးလိပ်သောက်ရင် မင်းအဆင်ပြေရဲ့လား”
ထန်ရှုသည် ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“ကျွန်တော် အဆောက်အဦဒီဇိုင်းကို ဘယ်အချိန် ပေးရမှာလဲ”
လုံကျန့်ယု ပြောလိုက်သည်။
“ယာယီအားဖြင့်တော့ အဲဒါက အလျင်မလိုသေးဘူး။ ကနဦးအဆင့်က ပြင်ဆင်ဖို့ ၂လလောက်လိုဦးမယ်။ အဆောက်အဦအတွက် မြေနေရာသတ်မှတ်ဖို့ ငါတို့ကို ရက်အနည်းငယ် ပေးဦး။ ပြီးရင် ငါ မင်းကို အဲဒါကို ကြည့်ဖို့ ခေါ်သွားပေးမယ်။ ပြီးရင်တော့ အဆောက်အဦဒီဇိုင်းကို မင်း စဆွဲလို့ရပါပြီ။ ညီလေးထန်… မင်းတာဝန်က အဓိကကျတာပဲ။ ငါ့ကို စိတ်မပျက်ရပါစေနဲ့”
“စိတ်မပျက်စေရပါဘူး” ထန်ရှု ပေါ့ပါးစွာ ပြောလိုက်သည်။
သင်သည် သူတစ်ပါးဆီက ငွေကြေးတစ်စုံတစ်ရာ လက်ခံထားပါက ထိုအရာနှင့်ထိုက်တန်သော အလုပ်တော့ သင်ကိုယ်တိုင်လုပ်ပြရပေလိမ့်မည်။
ထန်ရှုတွင် ပြီးပြည့်စုံအောင် လုပ်တတ်သော သဘာဝရှိသောကြောင့် သူ၏အကောင်းဆုံး အဆောက်အဦအသေးစိတ်ဒီဇိုင်းအား သူ ပေးမည်ဖြစ်သည်။ သို့သော်လည်း သူ၏အတွေးထဲတွင် အခြားပြဿနာတစ်ခု ရှိနေသည်။ ထိုအရာသည် နဂါးကိုးကောင်ကျွန်းအား ပြန်လည်နေရာချထားရန်ဖြစ်သည်။ နဂါးကိုးကောင်ကျွန်းအား အရင်ဖွံ့ဖြိုးအောင် လုပ်ခဲ့သော နိုင်ငံခြားသူဌေး၏ဒီဇိုင်းသည် အရေးကြီးဆုံးအရာဖြစ်သည့် စိတ်ဝိညာဉ်သွေးကြော၉နေရာအား အသုံးပြုထားခြင်းမရှိဘဲ တည်ဆောက်ထားသော အရာတစ်ခုသာ ဖြစ်သည်။ နဂါးကိုးကောင်ကျွန်းသည် အဖိုးတန် ဖုန်းရွှေရတနာမြေတစ်ခုဖြစ်သောကြောင့် ထိုအရာအား ဂရုမစိုက်စွာ ဖြုန်းတီးစွာ တည်ဆောက်ခြင်းကို သူ လုံး၀ မလုပ်နိုင်ပါချေ။
လုံကျန့်ယုသည် တောင်နံရံများနှင့်ရွာကလေးအတွက် ထန်ရှု၏ဒီဇိုင်းအား ပြန်လည်သတိရသွားပြီး သူ၏ရင်ထဲမှ စိုးရိမ်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ စိန်အား အကွက်ဖော်နိုင်သူသည် ကြွေအား ပုံသွင်းရန် မလိုအပ်ပေ။ ထန်ရှုသည် ထိုတာဝန်အပေါ် ကြောက်ရွံ့ခြင်းမရှိသောကြောင့် မျှော်မှန်းထားသည်များနှင့်ကိုက်ညီပြီး စိတ်ကျေနပ်စေလိမ့်မည်ဟု လုံကျန့်ယု ယုံကြည်ထားလိုက်သည်။ ထို့နောက် ထိုလူနှစ်ယောက်သည်လည်း အံ့အားသင့်သွားပေလိမ့်မည်။
“မင်း ဒီဟာကို တာဝန်ယူဖို့ သဘောတူလိုက်ပြီဆိုတော့ ငါ စိတ်ချထားလိုက်တော့မယ်”
လုံကျန့်ယုသည် ထပ်ပြီး သေချာအောင် လုပ်လိုက်သည်။
ထန်ရှုက ပြောသည်။ “အခြားအကြောင်းအရာ ရှိသေးလား”
လုံကျန့်ယုသည် မချိပြုံး ပြုံးလိုက်ကာ
“ညီလေးထန်ကတော့ ဧည့်သည်ကို ပြန်ဖို့ ပြောနေတော့တာပဲ။ အာ..ဘာပဲဖြစ်ဖြစ် မင်းမှာ လုပ်စရာ ရှိနေတယ်ဆိုရင် ငါ အနှောင့်အယှက်မပေးတော့ဘူး။ ငါ့ဆီက သတင်းသာ စောင့်နေပါ။ နေရာရွေးပြီးတာနဲ့ မင်းကို ဆက်သွယ်လိုက်မယ်”
“ကောင်းပြီ” ထန်ရှု ခေါင်းညိတ်ပြလိုက်သည်။
လုံကျန့်ယု သွားသည်နှင့် ထန်ရှုသည် ဂိုဒေါင်ထဲသို့ ဝင်ခဲ့သည်။ သူ့အနေဖြင့် ရွှေခေါင်းလောင်း ဆေးရည် ဖော်စပ်ပြီး သူ၏ကျင့်ကြံခြင်းအား တိုးတက်အောင် လုပ်ရန် စိတ်အားထက်သန်နေသည်။
သည်တစ်ကြိမ်သည် သားရဲအရိုးများနှင့် ဆေးပင်များ ဝယ်ယူလာခြင်းကြောင့် လိုအပ်သည့်အရင်းအမြစ်များသည် လုံလုံလောက်လောက် ရှိနေပြီး သူသည် ဆေးဖော်စပ်ခြင်းအား အကြိမ်တစ်ဒါဇင်ခန့် ကြိုးစားဖော်စပ်နိုင်သည်။
ဂိုဒေါင်အတွင်းတွင် ထန်ရှုသည် သံမဏိအိုးကြီးဆီသို့ လျှောက်သွားပြီး အိုးတစ်ဝက်ခန့် ရေဖြည့်ထည့်လိုက်သည်။ ထို့နောက် သူသည် အိုးအား စတင်အပူပေးတော့သည် ။ ရွှေခေါင်းလောင်းဆေးရည် ဖော်စပ်ရန် ရေနွေးအမြောက်အမြား လိုအပ်ပေလိမ့်မည်။ ရေနွေးဆူကာနီးတွင် သူသည် သက်ဆိုင်ရာ သားရဲရိုးများ၊ သွားများ၊ အသားများနှင့် ကြွက်သားကြောများ၊ အခြားလိုအပ်သည့်အရာများအား ရေထဲသို့ ထည့်လေသည်။ ထိုရေတစ်ဝက်ခန့်ဆူသွားသည့်အခါ သူသည် တရုတ်တိုင်းရင်းဆေးအား အိုးထဲသို့ ထည့်လိုက်သည်။
သားရဲအရိုးသည် သာမန်အရိုးထက် ပိုမိုမာကျောသည်။ ထိုအရာအား ကျိုရသည်မှာ အင်မတန် ခက်ခဲပေသည်။ သို့သော်လည်း ထန်ရှုသည် တရုတ်တိုင်းရင်းဆေးအနည်းငယ်အား ထည့်ပြီးနောက် ကြီးစွာ စွမ်းအားဖြစ်လာသည်။ ထန်ရှုသည် အဆိပ်ရှိနတ်ဆိုးကြံပင်အား ပထမတစ်ခေါက်တွင် အကုန်သုံးလိုက်မိသောကြောင့် နောင်တရခဲ့သည်။ သို့မဟုတ်ပါက ထိုကြံပင် ထပ်ပေါင်းလိုက်ရင် အကျိုးရလဒ်က ပိုမိုများလာလိမ့်မည်ဖြစ်သည်။
“ရေ ထပ်ထည့်”
နာရီဝက်ကြာပြီးနောက် ကျန်ရှိသော အရည်သည် အိုးတစ်ဝက်ခန့်မှ ၂ပန်းကန်စာသာ ကျန်တော့ပြီး အရောင်အဆင်းသည်လည်း အလွန်နီရဲတောက်ပနေခဲ့သည်။ ကြည်လင်သော ရေအား ထပ်မံ လောင်းထည့်လိုက်ပြီး ထန်ရှုသည် အစိမ်းရောင်ကျောက်စိမ်းအနှစ်တုံးအား အမှုန့်ဖြစ်အောင် လုပ်လိုက်သည်။ အရည်အား တစ်ဖန် ဆူအောင် လုပ်ပြီး ထိုကျောက်စိမ်းအမှုန့်အား ခွဲ ခွဲပြီး ထည့်လိုက်သည်။
မွှေရန် နတ်ဆိုးကြံပင်မရှိတော့သောကြောင့် ထန်ရှုသည် သန့်ရှင်းသော သံမဏိပိုက်လုံးတစ်ခုအား ပြင်ဆင်ထားပြီးဖြစ်သောကြောင့် အရည်အား ထိုအရာဖြင့် တစ်ခဏ မွှေလိုက်သည်။ ထို့နောက် ကျန်ရှိနေသော ဆေးပင်များအား အစဉ်လိုက် အိုးထဲသို့ ထည့်လိုက်သည်။ ဆေးပင်များ ပျော်ဝင်သွားသည်နှင့် အရည်၏အရောင်သည် အပြာရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အချိန်များ ကုန်ဆုံးလာပြန်သည်…
အပြာရင့်ရောင်အရည်သည် ၂ပန်းကန်စာသာ ကျန်တော့သည့်အချိန်တွင် ပျော်ရွှင်သောအပြုံးတစ်ပွင့်သည် ထန်ရှု၏မျက်နှာထက်တွင် ပွင့်လန်းလာခဲ့သည်။ ပထမအကြိမ် ရွှေခေါင်းလောင်း ဆေးရည်ဖော်စပ်ခြင်းသည် ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။ နောက်လာမည့် အဆင့်များတွင် သူ ဂရုစိုက်လိုက်ပါက သူသည် ပထမတစ်ခေါက်တည်းဖြင့်ပင် အောင်မြင်သွားပေလိမ့်မည်။
သူသည် နှစ်၅ရာဂျင်ဆင်းအား ထုတ်ယူလိုက်ပြီး ထက်ပိုင်းချိုးကာ တစ်ဝက်အား အိုးထဲသို့ ထည့်လိုက်သည်။ ဆေးရည်သည် ပန်းကန်တစ်လုံးစာသာ ကျန်တော့သည့်အချိန်တွင် သူသည် ကျန်တစ်ဝက်အား အိုးထဲသို့ ထည့်လိုက်သည်။ ထို့နောက်မှာတော့ ပြင်းပြသော ဆေးရနံ့သည် ဂိုဒေါင်တစ်ခုလုံးအား ဖုံးလွှမ်းနေပေတော့သည်။
ဂျင်ဆင်းထပ်ထည့်လိုက်ခြင်းဖြင့် ဆေးရည်အရောင်သည် အပြာရင့်ရောင်မှ ရွှေရောင်အဖြစ်သို့
တစ်ဖန် ပြောင်းလဲသွားခဲ့သည်။ ခမ်းနားကာ လျှို့ဝှက်ဆန်းကြယ်ဟန်ရှိသော ထိုဆေးရည်သည် သက်ရှိအရာတစ်ခုဖြစ်သောကြောင့် သက်ရှိရွှေရောင်အလင်းတွင် ကြယ်ရောင်များ တလက်လက်တောက်ပနေသည်ကို မြင်တွေ့နိုင်ပေသည်။
“အောင်မြင်ပြီ”
ထန်ရှု၏မျက်ဝန်းများ တောက်ပသွားသည်။ သူ၏ရင်ခုန်သံသည် ပိုမိုမြန်ဆန်လာပြီး အရိုင်းဆန်သော ပျော်ရွှင်မှုသည် သူ၏မျက်ဝန်းများထဲမှ ပေါ်ထွက်လာခဲ့သည်။ ဆေးရည် ပန်းကန်တစ်ဝက်သာ ကျန်တော့သည့်အချိန်တွင် ထန်ရှုသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏အဝတ်အစားများအားလုံးအား ချွတ်လိုက်ကာ ဆေးရည်ဇွန်းဝက်မျှအား ဂရုတစိုက်ယူကာ သူ၏လက်ဖဝါးအတွင်းသို့ လောင်းထည့်လိုက်သည်။
“ရှဲ”
ပူလောင်နေသော ရွှေရောင်ဆေးရည်သည် သူ၏မြင့်မားသော အပူချိန်ဖြင့် ထန်ရှု၏အသားအား လောင်ကျွမ်းသွားစေခဲ့သည်။ ထန်ရှုတွင် ခိုင်မာသော စိတ်စွမ်းအားရှိသဖြင့်သာ ကံကောင်းသွားခဲ့ရသည်။ သူသည် ဟန်မပျက် ထိန်းနိုင်ရုံသာ ရှိခဲ့ပြီး ထိုအရာအား မငြိမ်းသတ်ခဲ့ပေ။
“လူတစ်ယောက်ဟာ စမ်းသပ်မှုတွေ၊ ဒုက္ခတွေ မကျော်ဖြတ်ဘဲ တောက်ပကြွယ်ဝမှုတွေ မရလာနိုင်ဘူး”
ရူးသွပ်သောအရိပ်အယောင်တစ်ခု ထန်ရှု၏မျက်ဝန်းများထဲတွင် ပေါ်ပေါက်လာသည်။ တွေဝေခြင်းမရှိဘဲ သူသည် လက်ဖဝါးထဲမှ ရွှေခေါင်းလောင်းအရည်အား သူ၏ခန္ဓာကိုယ်သို့ သုတ်လိမ်းလိုက်တော့သည်။ လောင်ကျွမ်းမှုသည် သူ့အား တုန်တက်သွားစေခဲ့သည်။ သို့သော် သူ၏အရှိန်အား မြှင့်လိုက်ကာ အဆက်မပြတ် သုတ်လိမ်းတော့သည်။ လက်ကောက်ဝတ်မှသည် လက်မောင်း၊ ထိုမှသည် ပခုံး၊ လည်ပင်း၊ ခါး၊ ခြေထောက်များ၊ ခြေဖဝါးများ… စသည်ဖြင့်။
ရွှေခေါင်းလောင်းအရည်သည် အဆက်မပြတ် အသုံးပြုခြင်းဖြင့် ထန်ရှု၏ ခန္ဓာကိုယ်ဧရိယာအား ဖုံးလွှမ်းနိုင်လောက်အောင် ကျယ်ပြန့်လာခဲ့သည်။ ထို့ကြောင့် ထန်ရှု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုဆေးရည်အား လိမ်းကျံပြီးဖြစ်သွားသည်။ တစ်စုံတစ်ယောက်သာ ယခုအချိန်တွင် ထန်ရှုအား မြင်မည်ဆိုပါက လန့်ဖျတ်သွားပေလိမ့်မည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နေလောင်ကျွမ်းခြင်းခံထားရသော ပုဇွန်တစ်ကောင်ကဲ့သို့ နီရဲလောင်ကျွမ်းနေပေသည်။ သူ၏အရေပြားသည် အက်ကွဲနေပြီး အသားများသည် ပျက်စီးနေခဲ့ကာ သူ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ရီနေပေသည်။ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောများသည် ငေါထွက်နေပြီး ပွင့်နေသော မွှေးညှင်းပေါက်များဆီမှ အေးစက်သောရေများသည် သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ရောက်ရှိနေပြီး သွေးများနှင့်ရောစပ်သွားသဖြင့် သူ၏ပုံစံသည် ထိတ်လန့်စရာ အလွန်ကောင်းလှပေသည်။
“ဆေးရည်၂ဇွန်း ကျန်သေးတယ်”
ထန်ရှုသည် သူများအပေါ် မာကျောကာ ရက်စက်သော်လည်း သူ့ကိုယ်သူ ပို၍ရက်စက်လေသည်။ သူသည် ရွှေခေါင်းလောင်းဆေးရည်၂ဇွန်းအား ယူလိုက်ပြီး သူ၏ခန္ဓာကိုယ်တွင် အားအနည်းဆုံးနေရာဖြစ်သည့် လည်ပင်းနှင့် ခန္ဓာကိုယ်အောက်ပိုင်းနေရာအား သုတ်လိမ်းလိုက်သည်။
“အား…”
နာကျင်မှုသည် စူးရှပြင်းထန်လှသဖြင့် ထန်ရှု၏မျက်ဝန်းများသည် သွေးကြောများသဖွယ် နီရဲသွားသည်။ ယခုဒုတိယအကြိမ် ဆေးရည်အား သုတ်လိမ်းလိုက်ခြင်းသည် မီးထဲသို့ ဆီများလောင်းထည့်လိုက်သကဲ့သို့ နာကျင်မှုသည် အဆများစွာ တိုးလာသည်ဟု သူ ခံစားလိုက်ရသည်။
“ကျွီ…”
ဂိုဒေါင်တံခါးသည် တွန်းဖွင့်လိုက်မှုကြောင့် ပွင့်လာပြီး မုချင်းဖျင်သည် ဟင်းချက်ရာတွင် အသုံးပြုသော အေပရွန်အား ဝတ်ဆင်လျက် ညစာအား သယ်ဆောင်လာသည်။ သူမ တံခါးနားအရောက် ထန်ရှုအား မြင်တွေ့လိုက်ရစဉ်ခဏတွင် သူမ၏မျက်လုံးအစုံသည် ပြူးကျယ်ဝိုင်းစက်သွားပြီး သူမ၏ ခန္ဓာကိုယ်သည် တုန်ရီလို့လာသည်။ သူမ၏လက်ထဲမှ ကြွေပန်းကန်သည် ကြမ်းပြင်ပေါ်သို့ လွတ်ကျကာ အစိတ်အမွှာမွှာ ကွဲသွားတော့သည်။
သူမသာ ထန်ရှုအား သဘောပေါက်နားမလည်ထားခဲ့ပါလျှင် သူမသည် ချာကနဲလှည့်ကာ တံခါးမှတဆင့် ထွက်ပြေးသွားလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ထန်ရှုသည် အဝတ်အစားမပါဘဲ ကိုယ်လုံးတီးဖြစ်နေပါသော်လည်း သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည် စောင်းနေသော သံချောင်းတစ်ချောင်းကဲ့သို့ဖြစ်နေသော်လည်း မုချင်းဖျင်သည် အနည်းငယ်မျှ ရှက်ရွံ့မှုနှင့် ရှက်ကိုးရှက်ကန်းဖြစ်မှုတို့ ဖြစ်မနေပါချေ။ သူမ၏ရင်ခုန်သံ ပိုမိုမြန်ဆန်လာရခြင်းမှာ ထန်ရှုသည် ထိုကဲ့သို့ ဆိုးရွားလှသည့် အခြေအနေထဲ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ လူတစ်ယောက်အား ထိုကဲ့သို့ ထိတ်လန့်စရာကောင်းသည့် အခြေအနေမျိုးဖြင့် သူမ တစ်ခါဖူးမျှ မမြင်တွေ့ဖူးပါပေ။
ထန်ရှုသည် မုချင်းဖျင်ရောက်ရှိနေခြင်းအား သတိမပြုမိသကဲ့သို့ ပန်းကန်လုံးကျကွဲသည့်အသံကိုလည်း စိုးစဉ်းမျှပင် မကြားမိပါချေ။ သူ၏အာရုံသည် ပြင်းထန်စွာ လောင်ကျွမ်းနေသော နာကျင်မှုအား တွန်းလှန်ဖိနှိပ်ရန်အား အပြည့်အ၀ အာရုံစိုက်ထားသည်။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်စကြာဝဠာကျင့်စဉ်၏ ကျင့်ကြံမှု လမ်းကြောင်းအရ သူ၏ခန္ဓာကိုယ်တွင်းရှိ ကြယ်စွမ်းအားအား ရူးရူးမူးမူး လည်ပတ်လေ့ကျင့်နေပေသည်။
ရွှေခေါင်းလောင်းဆေးရည်တွင် ပါလာသော စွမ်းအားသည် ထန်ရှုအား ဒီရေများကဲ့သို့ လျှော်ဖွပ်သန့်စင်နေလေသည်။ သို့သော် သူ၏မရီဒျာန်လမ်းကြောင်းများတွင် လှည့်ပတ်နေသော ကြယ်စွမ်းအားသည် ရွှေခေါင်းလောင်းဆေးရည်တွင် ပါလာသော စွမ်းအားနှင့်အတူ ရွေ့လျားနေပေသည်။ ကြယ်စွမ်းအားနှင့် ထိုစွမ်းအားတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ထူးခြားသော စွမ်းအားသည် ထန်ရှုအား ကောင်းကင်စကြာဝဠာ ကျင့်စဉ်အဆင့်အနေဖြင့် သွေးသစ်လောင်းပေးနေသကဲ့သို့ ဖြစ်ပေါ်စေသည်။တဖြည်းဖြည်းနှင့် သွေးများနှင့် အေးစက်သောရေများသည် ခဲသွားကာ သွေးအနာဖေးများ တက်လာသည့်သဖွယ် ဖြစ်လာသည်။
စွမ်းအားအသစ်သည် အရေပြားပေါ်တွင် ဖွဲ့တည်လာပြီး သာမန်မျက်လုံးများဖြင့် မမြင်နိုင်သော ပြင်ဆင်ခြင်း၊ တိုးပွားခြင်းလုပ်ငန်းစဉ်၊ အရေပြားအား စုတ်ဖြဲခြင်းနှင့် အသစ်ပြန်လည်ဖြစ်တည်ခြင်းတို့အား ထပ်ကာထပ်ကာ လုပ်ဆောင်နေပေသည်။
ထန်ရှု၏အရေပြားအလွှာသည် နတ်ဘုရားလက်နက်တစ်ခုသဖွယ် ထပ်ကာ ထပ်ကာ သန်မာခိုင်ခံ့လာခဲ့သည်။ စုတ်ဖြဲခြင်း လုပ်ငန်းစဉ်တိုင်းတွင် အရေပြားသည် ပြင်ဆင်ပြီး စွမ်းအားအသစ်သည် အကြိမ်တိုင်း ဖြစ်ပေါ်ကာ အရေပြား၏ကျုံ့နိုင်ဆန့်နိုင်သောစွမ်းရည်နှင့် မာကျောမှုတို့အား ပိုမိုတိုးတက်ကောင်းမွန်ဖြစ်တည်စေသည်။
အရေပြားအလွှာသည် တစ်လွှာပြီးတစ်လွှာ ဖွဲ့တည်လာခဲ့သည်။
သို့သော် ထန်ရှု၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း ဖြစ်လာသော စွမ်းအားအသစ်သည်
စွမ်းအားအသစ်ဖြင့် မွေးဖွားလာပြီး လွတ်နေသောနေရာများအား ဖြည့်တင်းပေးသည်။
အပြင်ဘက်တွင်မူ ထန်ရှု၏ ခန္ဓာကိုယ်သည် ထူထဲသော သွေးအနာဖေးများဖြင့် ရစ်ပတ်ခံထားရသကဲ့သို့ ဖြစ်နေပြီး ပိုးအိမ်ထဲ ရောက်ရှိနေသည့်ပမာဖြစ်သည်။ မုချင်းဖျင်သည် တံခါးနားတွင် ကျောက်ရုပ်သဖွယ် ရပ်ကာ ထန်ရှုအား မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည်။ တလက်လက်တောက်ပနေသော ရွှေရောင်အလင်းများ ထန်ရှု၏ခန္ဓာကိုယ်အား ဖုံးလွှမ်းထားသည်ကို သူမ မြင်တွေ့နေရသည်မှာ နတ်ဘုရားတစ်ပါး ကြွရောက်လာသည့်နှယ် သို့မဟုတ် သန့်စင်သော အော်ရာဖြင့် ပြည့်ဝနေသော ဘုရားငယ်တစ်ပါး ကြွလာသည့်နှယ်ပင်ဖြစ်သည်။
***