← Chapters

အဆုံး၏နိဒါန်း

Vol. 03 Ch. 120

အဆုံး၏နိဒါန်း

Vol. 03 Ch. 120

အပူလှိုင်းရိုက်ခတ်မှုကြောင့် ကောင်းကင်သည် ပိုမိုတောက်ပလာခဲ့သည်။  တောက်ပသောကောင်းကင်၏နက်ရှိုင်းသော နေရာရှိ နက်မှောင်သော ကြယ်တစ်လုံးသည် လျှို့ဝှက်ဆန်းကြယ်စွာ ဆင့်ခေါ်နေသည့်နှယ်ပင်ဖြစ်သည်။ ကနဦးမှောင်မည်းတောက်ပနေသော ကောင်းကင်သည် အော်ရာများဖြင့် ဖုံးအုပ်ထားသည့်နှယ်ရှိနေပြီး တစ်လွှာပြီးတစ်လွှာ ဖွဲ့တည်လာလျက်ရှိသည်။တဖြည်းဖြည်းချင်းဖြင့် ကြယ်စွမ်းအား ပမာဏများစွာသည် ဒီရေလှိုင်းများသဖွယ် ကမ္ဘာမြေဆီသို့ ဦးတည်စီးဆင်းလာပြီး တောင်တံခါးအိမ်ရာထဲရှိ အိမ်ထဲမှ ထန်ရှု ကျင့်ကြံရာဆီသို့ ဖြတ်သန်းဝင်ရောက်လာသည်။

မုချင်းဖျင်သည် ကြက်သေ သေနေရာမှ နိုးထလာခဲ့သည်။ ထန်ရှုသည် အန္တရာယ်ကျရောက်နေသည့် အခြေအနေ မဟုတ်သော်လည်း ထိုထူးဆန်းသောမြင်ကွင်းက သူမအား ဆွဲဆောင်ထားခဲ့သည်။ ထန်ရှု ကျင့်ကြံနေသည်မှန်း သူမ ပြောနိုင်သည်။ သူမအတွက်မူ ထိုကြောက်စရာကောင်းလှသော ကျင့်ကြံမှုသည် မကြားဖူးသောအရာဖြစ်သည်။ သူမသည် စိုးရိမ်မှုအချို့ ဖြစ်လာခဲ့သည်။ သူမ၏သမီးဖြစ်သူသာ ထိုကဲ့သို့ ကျင့်ကြံရမည်ဆိုပါက…

အချိန်အနည်းငယ် ကြာပြီးနောက်…

မုချင်းဖျင်သည် တံခါးအား ဖြည်းညှင်းစွာဆွဲလိုက်ကာ အပြင်ဘက်မှ တိတ်ဆိတ်စွာ ပိတ်ပေးလိုက်လေသည်။

ဂိုဒေါင်အတွင်းတွင်…

ထန်ရှုသည် ကျင့်ကြံမှုပုံစံအား မပြောင်းသေးဘဲ ဆက်လက်ထားရှိကာ အရပ်မျက်နှာအနှံ့မှ  ရောက်ရှိလာသော ကြယ်စွမ်းအားများအား အရူးအမူး စုပ်ယူလျက်ရှိသည်။ သူ၏ဒန်တျန်အတွင်းတွင် မူလကရှိနေသော ကြယ်၉လုံးသည် ဝင်ရောက်လာသော ကြယ်စွမ်းအားများကြောင့် ကျယ်ပြန့်စပြုလာသည်။ ကြယ်စွမ်းအားများဖြင့် ပြည့်နှက်တိုးပွားလာသော ထန်ရှု၏ဒန်တျန်သည် အတားအဆီးအား ပြင်းထန်စွာ ချိုးဖောက်နေလေသည်။

“ဘန်း…”

ထန်ရှုသည် နက်နက်ရှိုင်းရှိုင်း စုပ်ယူနေဆဲရှိနေစဉ်တွင် သူ၏ဒန်တျန်အတွင်းမှ ကြယ်၉လုံးသည် သူတို့၏အကန့်အသတ်အား ချဲ့ထွင်စပြုလာခဲ့သည်။ ပြင်းထန်သော အော်ရာသည် နေရာအနှံ့သို့ ဖြန့်ကြက်နေသည်။ ထန်ရှု၏အမြင်အာရုံသည်  ဟာလာဟင်းလင်းဖြစ်နေပြီး လက်ရှိတွင် ပြင်းထန်သော နာကျင်မှုသည် သူ့အား သနားစရာကောင်းလောက်အောင်  အော်မြည်သံကို ဖြစ်ပေါ်နေစေသည်။

သူ၏စိတ်ပင်လယ်သည် ကျောက်တုံးပြာတစ်တုံးကဲ့သို့ ခိုင်မာစွာ ဖြစ်ပေါ်နေပြီး နာကျင်မှုသည် သူ့အား ဆွဲနှစ်နေသကဲ့သို့ ရှိသောကြောင့် သူ၏မျက်နှာထက်တွင်  ရှုံ့တွနေမှုအား မြင်တွေ့ရမည်ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်အာရုံအား ဖြန့်ကြက်လျက် သူ၏ပထမ ကြယ်၉လုံးသည် နောက်ထပ်၉လုံး တိုးပွားလာသောကြောင့် ယခု ၁၈လုံးရှိနေပြီဖြစ်သည်။ ထိုကြယ်၁၈လုံးသည် သူ၏ခန္ဓာကိုယ်အနှံ့ အလင်းများထုတ်လွှင့်လျက်ရှိသည်။

အံ့အားသင့်စရာအကောင်းဆုံးအရာသည် သူ၏ဒန်တျန်အတွင်းမှ ကြယ်စွမ်းအားပင်ဖြစ်တော့သည်။ ၎င်းသည် ယခင်က သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယခုတွင် ပုံမှန်အတိုင်း မဟုတ်တော့ဘဲ ပိုမိုကျယ်ပြန့်လာကာ အတော် နေရာလွတ်နေပြီဖြစ်သည်။ ယခင်ကထက် ၁၀ဆ ပိုမိုသော ကြယ်စွမ်းအားများအား ပိုမိုလက်ခံနိုင်ပေမည်။

“ဒီဟာ အရေပြား ပြောင်းလဲသန်မာခြင်းအဆင့်လား”

ထန်ရှုသည် မျက်လုံးအား ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းအစုံမှ အလင်းတန်းသည် ကွယ်ပျောက်သွားသည်။ သူ၏ခန္ဓာကိုယ်အား ပင့်ကူမျှင်သဖွယ် ဖုံးအုပ်နေသော သွေးအနာဖေးများသည် ထက်ခြမ်းပွင့်သွားသည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားမှုအတိုင်း ထိုသွေးအနာဖေးများသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။

လက်သီးတစ်ချက် ထိုးကြည့်လိုက်သည်။

သူ၏လက်သီးမှ လေတိုးသံအား ထန်ရှု ရှင်းလင်းစွာ ကြားနေရသည်။

“ပေါင် ၂သောင်း”

ကျေနပ်သောအကြည့်သည် သူ၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သူ၏ကျင့်ကြံမှု တိုးတက်စဉ်တစ်လျှောက် သူ၏အပြင်ခွန်အားသည် များစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။ ယခုမူ သူသည် လူ့ကိုယ်တွင်းအင်္ဂါများအား မှောင်ခိုရောင်းနေကြသော ထိုအဖွဲ့နှင့် တူညီသော တစ်စုံတစ်ယောက်အား ကြုံရမည်ဆိုပါက သူသည် ယုံကြည်ချက်ရှိရှိ တိုက်ခိုက်နိုင်ပြီဖြစ်ပြီး

သူတို့၏သေနတ်များအတွက်လည်း စိုးရိမ်စရာမရှိဘဲ သတ်ဖြတ်နိုင်ပြီဖြစ်သည်။

စွမ်းအားများအား သမမျှတခြင်းအဆင့်သို့ ရောက်ရှိစဉ်က သူသည် သာမန်လူများထက် ပိုမိုသန်မာရုံသာ ရှိခဲ့သည်။ အရေပြားပြောင်းလဲသန်မာခြင်းအဆင့်အား အောင်မြင်သွားခြင်းဖြင့် ယခု သူသည် အမှန်တကယ် သူ့ကိုယ်သူ ကာကွယ်နိုင်ပြီဖြစ်သည်။ ဆရာကြီးအဆင့်ရောက်ရှိနေသော သိုင်းပညာရှင်များနှင့် တွေ့ရင်တောင်မှ ပြန်လည်ခုခံနိုင်ပြီဖြစ်သည်။

“အခု.. ငါ အရေပြားပြောင်းလဲသန်မာခြင်းအဆင့်ကို ချိုးဖောက်နိုင်ခဲ့ပြီဆိုတော့ တတ်နိုင်သမျှ မြန်မြန် ငါ့ရဲ့ ဒန်တျန်ထဲကို ကြယ်စွမ်းအားတွေ ဖြည့်ဖို့ အပြင်းအထန်လေ့ကျင့်ရမယ်။ အဲ့အချိန်ဆိုရင်တော့ အရေပြားပြောင်းလဲသန်မာခြင်းအဆင့်ရဲ့ အထွဋ်အထိပ်အဆင့်ကို ချိုးဖောက်နိုင်လောက်ပြီ။ အရိုးပြောင်းလဲသန်မာခြင်းအဆင့်ရောက်ရင်တော့ ငါ့ဒန်တျန်ထဲမှာ ကြယ် ၃၆လုံးရှိလာလိမ့်မယ်။ အဲဒါဆိုရင် ငါ ပိုပြီး သန်မာလာလိမ့်မယ်”

ထန်ရှုသည် အဝတ်အစားများအား ပြန်ဝတ်လိုက်သည်။ ဂိုဒေါင်အတွင်းမှ ရှုပ်ပွနေသည်များအား မရှင်းတော့ဘဲ အိမ်ထဲသို့ အမြန်ဝင်လိုက်သည်။ နောက်ဆုံးကျင့်ကြံမှုအရ သူ၏ခန္ဓာကိုယ်အား ထိုးနှက်ခြင်း၊ ညှစ်ခြင်းတို့ဖြင့် မသန့်စင်သော အညစ်အကြေးများ ထွက်လာသည်။ ထိုအရာများသည် သွေးအနာဖေးများအဖြစ် ပြောင်းလဲသွားပြီး ပင့်ကူမျှင်သဖွယ်ဖြစ်ပေါ်လာမှုသည် တုန်လှုပ်စရာကောင်းလှပေသည်။ ထို့ကြောင့် သူသည် ရေချိုးခန်းသို့ အမြန်ဝင်လိုက်ကာ ဆပ်ပြာအကြိမ်အနည်းငယ် တိုက်ပြီး ထိုပင့်ကူမျှင်သဖွယ်အရာများအား ကုန်စင်သန့်ရှင်းသွားသည့်အထိ ရေချိုးတော့သည်။

ရေချိုးပြီးသွားသောအခါ သူသည်  ပျော်ရွှင်သောစိတ်ဖြင့် သန့်ရှင်းသောအဝတ်အစားများအား ဝတ်ဆင်ပြီးနောက် ဧည့်ခန်းဆီသို့ စိတ်ကြည်လင်စွာဖြင့် လာခဲ့သည်။ မုချင်းဖျင်အား ဆိုဖာပေါ်တွင် ထိုင်လျက် အတွေးများတွင် နစ်မြုပ်နေသည့်ပမာ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ထန်ရှုသည် ပြောလိုက်သည်။

“ကျွန်တော် တစ်ညလုံး ကျင့်ကြံခဲ့တာလား။ ဗိုက်တအားဆာနေလို့ စားစရာတစ်ခုခု ပေးပါလား”

မုချင်းဖျင်သည် ဧည့်ခန်းထဲတွင် ထိုင်နေသည်မှာ အချိန်ပိုင်းမျှသာ ရှိသေးပြီး သူမသည် ထန်ရှု၏စကားသံအား ကြားလိုက်သောအခါ ရုတ်တရက် ခုန်ထလိုက်မိလေသည်။ သူမသည်  ထန်ရှုအား အနည်းငယ် ကြောက်ရွံ့သောအကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သို့သော် ထန်ရှု၏သွင်ပြင်သည် သူ၏ပုံမှန်အတိုင်းပင် ရှိနေသည်ကို တွေ့လိုက်ရပြီး ယခင်နှင့်မတူ ကွဲပြားသည့်အရာဟုဆိုရလျှင် အသားပိုမိုဖြူလာသည်ဟုသာ ဆိုရပေမည်။

“နင်… နင့်ရဲ့ခန္ဓာကိုယ်”

မုချင်းဖျင်၏နှုတ်ခမ်းများသည် တရွရွဖြစ်နေပြီးမှ သူမသည် လေသံနှိမ့်လျက်သာ ဆိုနိုင်ပေသည်။

ထန်ရှုသည် ခံစားချက်မဲ့စွာဖြင့် စိုက်ကြည့်နေသည်။ သူ ဂိုဒေါင်မှ ထွက်လာစဉ်က ကွဲကြေကာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ကြွေပန်းကန်လုံးအား မြင်ခဲ့သည်ကို သတိရသွားခဲ့သည်။ ထို့နောက် သူသည် အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။

“ခင်ဗျား ဂိုဒေါင်ကို လာပြီး ကျွန်တော် လေ့ကျင့်တာ မြင်သွားတာလား”

မုချင်းဖျင်သည် အမြန် ပြောလိုက်သည်။ “တကယ်က ငါက နင့်အတွက် စားစရာအချို့လာပို့တာပါ။ နင် ကျင့်ကြံနေလိမ့်မယ်လို့ ငါမ မထင်ခဲ့မိတာ။ အဲဒါအပြင် အဲဒီအချိန်တုံးက နင့်ရဲ့ခန္ဓာကိုယ်က…”

သူ၏ကိုယ်လုံးတီး ကျင့်ကြံမှုအား အမှတ်တမဲ့ မုချင်းဖျင် မြင်သွားခဲ့ခြင်းအပေါ် ထန်ရှုသည် အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားခဲ့ပြီး အပေါ်ကို မော့ကြည့်ကာ သူ၏မျက်ခုံးမွှေးများအား ပွတ်သပ်နေမိကာ အပြုံးဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ခန္ဓာကိုယ်ကဘာမှမဖြစ်ဘူး။ အရက်ကထက်တောင် ကောင်းလာသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အခု တအားဆာနေလို့ စားစရာတစ်ခုခု ပေးနိုင်မလား”

မုချင်းဖျင် လျင်မြန်စွာ ပြောလိုက်သည်။ “အာ.. ကောင်းပြီ။ ငါ အခု နင့်အတွက် သွားချက်လိုက်မယ်။ ၃ရက်လုံး တောက်လျောက်ကျင့်ကြံနေတာမဟုတ်လား။ နင်ဆာတာ အံ့သြစရာမရှိတော့ပါဘူး”

ထန်ရှုသည် အံ့သြစွာဖြင့် ပြောလိုက်မိသည်။

“ဘာပြောလိုက်တာ။ ခင်ဗျားပြောတာ ကျွန်တော် ကျင့်ကြံနေတာ ၃ရက်ဆက်တိုက် ရှိသွားပြီဟုတ်လား”

မုချင်းဖျင် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်။ ဂိုဒေါင်ထဲမှာ နင် လေ့ကျင့်နေတာ ၃ရက်နဲ့၄ည ရှိသွားပြီ။ ပထမက ကျင့်ကြံတယ်ဆိုတာ ရိုးရှင်းတယ်လို့ ငါတွေးနေခဲ့မိတာ။ အခုလို အချိန်အများကြီး ပေးရမယ်လို့ မထင်ခဲ့မိဘူး”

ထန်ရှု၏နှုတ်ခမ်းများ မဲ့ရွဲ့သွားပြီးလျှင် ဆိုဖာပေါ်၌ စိတ်ပျက်သောအမူအရာဖြင့် ထိုင်နေလေသည်။ သူ ယခင်က ရွှေခေါင်းလောင်းဆေးရည်ဖြင့် အဆင့်ချိုးဖြတ်ခြင်းသည် အများဆုံးမှ ၂ရက်သာရှိမည်ဟု တွေးထင်ထားခဲ့သည်။ ၃ရက်နှင့် ၄ည အချိန်ယူလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ ထိုအကြောင်းအား ပြောမည်ဆိုပါက ကုန်းတာလုံ ပေးခဲ့သော ကျောင်းအားလပ်ရက်သည် ရက်ပြည့်နေပြီဖြစ်ပြီး သူသည် ၂ရက်နောက်ကျနေပြီဖြစ်သည်။

“ဘောပဲကွာ.. ငါ ကျောင်းပြန်သွားရင် ဆရာမဟန်ရဲ့ ပြင်းထန်တဲ့ သတိပေးချက်တွေက မိုးသီးမိုးပေါက်တွေလို တရစပ် ကျလာတော့မှာမဟုတ်ဘူးလား” ထန်ရှု စိတ်ထဲမှ မချိပြုံး ပြုံးလိုက်သည်။

ရုတ်တရက် မုချင်းဖျင်သည် မီးဖိုချောင်မှ အေပရွန်ဝတ်လျက် ပြန်ဝင်လာကာ ထန်ရှုအား ကြည့်ကာ ပြောလိုက်သည်။

“သမားတော် ထန်… နင် လေ့ကျင့်နေတုန်းမှာ နင့်အခန်းကိုသန့်ရှင်းရေးလုပ်ဖို့ ငါလာတော့ နင့်ဖုန်းက အဆက်မပြတ် မြည်နေခဲ့တယ်။ ငါ သတိထားမိတာ ၂ရက်လောက်ရှိပြီ။ တစ်ရက်ကို အနည်းဆုံး အကြိမ်ရေ တစ်ဒါဇင်မကဘူး”

“ကျွန်တော် သိပြီ”

ထန်ရှုသည် ခဏတွေကနဲ ဖြစ်သွားသည်။ ထို့နောက် သူသည် ဆိုဖာမှ ချက်ချင်း မတ်တတ်ရပ်လိုက်ကာ လှေကားဆီသို့ ပြေးတက်သွားသည်။ သူ၏အိပ်ခန်းသို့ ရောက်သောအခါ ဖုန်းအား ကောက်ယူလိုက်သည်တွင် ဖုန်းခေါ်ဆိုမှု အကြိမ်၁၀၀နှင့် ဝင်ရောက်နေသော စာပေါင်း ဒါဇင်နီးပါးမျှ ရှိနေသည်ကို ဖုန်းမျက်နှာပြင်တွင် မြင်လိုက်ရသည်။ သူ၏နှုတ်ခမ်းများသည် မဲ့ရွဲ့သွားပြီး ကူကယ်ရာမဲ့သော အရိပ်အယောင်အား သူ၏မျက်ဝန်းထဲတွင် မြင်နေရသည်။

ထိုအကြောင်းအား သူ အမှန်တကယ်ပင် မစဉ်းစားချင်ပေ။ ၁၀၀မကများပြားသော ဖုန်းခေါ်ဆိုမှုတွင် အများစုသည် ဟန်ကျင်းဝူထံမှ ဖြစ်ရမည်။

သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။ ထန်ရှု ဖွင့်ကြည့်လိုက်စဉ်တွင် ဟန်ကျင်းဝူသည် ၂၄ကြိမ် ခေါ်ဆိုသည်။ အလွန်များပြားလှသော ခေါ်ဆိုမှုဖြစ်သည်။

ထန်ရှုသည် ဆက်ကြည့်လာရာ ယွမ်ချူးလင်မှ ၄၂ကြိမ်၊ လုံကျန့်ယုမှ ၁၉ကြိမ်၊ ချန်းကျီကျုံးမှ ၃၂ကြိမ်နှင့် အခြားမသိသော နံပါတ်၂ခုမှ ၆ကြိမ် ခေါ်ဆိုထားသည်ကို တွေ့ရသည်။

“ဟင်”

ထန်ရှု၏အကြည့်များသည် နောက်ဆုံးနာမည်အရောက်တွင် ရပ်တန့်သွားပြီး  ရုတ်တရက် မျက်မှောင်ကြုပ်သွားသည်။ ထိုအမည်သည် ဘန်ရှို့ဖြစ်ပြီး ၁၂ကြိမ် ခေါ်ဆိုထားသည်။ တွေဝေမှုအလျဉ်းမရှိဘဲ ဘန်ရှို့အား အမြန် ပြန်ခေါ်လိုက်သည်။ ဘန်ရှို့သည် အရေးကြီးသောအရာမဖြစ်ဘဲ သူ့အား ခေါ်ဆိုလေ့မရှိကြောင်း သူ သတိပြုမိသည်။ သူ ခေါ်ဆိုသည့်အကြိမ်က အင်မတန်နည်းပြီး သူ ဖုန်းခေါ်သည့်အခါတိုင်း အများဆုံးဆက်နွယ်နေသည့် ပြဿနာသည် သူ၏မိခင်နှင့် ဖြစ်သည်။

“ဟယ်လို…ဘော့စ်လား” ဖုန်းဝင်သွားသည်နှင့် အလျင်လိုနေသောအသံသည် ဝင်ရောက်လာသည်။

ထန်ရှုသည် လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်ပါ။ ဘာဖြစ်လို့လဲ။ ခင်ဗျား ကျွန်တော့်ကို တစ်ဒါဇင်အကြိမ်တောင် ခေါ်ထားလို့”

“ဘော့စ်.. အချိန်ရရင် ကြယ်တာရာ တရုတ်ဆေးရုံကို အမြန်လာပါ” ဘန်ရှို့ ထပ်ပြောလိုက်သည်။

ထန်ရှု၏အသက်ရှူသံ နှေးကွေးသွားပြီး သူ၏မျက်နှာသည် အရုပ်ဆိုးအကျည်းတန်သွားသည်။ ထို့နောက် သူ အော်ပြီး မေးလိုက်သည်။

“ကျွန်တော့်အမေ တစ်ခုခု ဖြစ်လို့လား”

ဘန်ရှိုက ပြောလိုက်သည်။ “ဟုတ်တယ်။ တစ်စုံတစ်ယောက်က သူဌေးကို ဒဏ်ရာရအောင် လုပ်လိုက်တယ်။ ဒဏ်ရာမပြင်းထန်ပေမယ့် လအနည်းငယ်လောက် အနားယူဖို့ လိုတယ်။ ဒင်ဇီနဲ့ ငါ အဲဒီမှာ စောင့်နေတယ်”

“ကျွန်တော့်ကို လိပ်စာ အတိအကျ ပေးပါ”

ထန်ရှုသည် ပြန်ပြောလိုက်ပြီး သူ၏အိပ်ခန်းထဲမှ ပြေးထွက်သွားသည်။

ဘန်ရှိုက ပြောသည်။

“ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံ၊ အတွင်းလူနာဌာန၊ ၆လွှာက အခန်းနံပါတ်က ၄၀၅။ ဘော့စ် ငါ မင်းကို ကြိုပြီး ပြောပြစရာရှိတယ်။ မင်းအမေကို ထိခိုက်အောင် လုပ်လိုက်တဲ့သူက တိုင်လုံလို့ခေါ်တယ်။ သူက အရမ်း စွမ်းအားကြီးတယ်။ ဒင်ဇီနဲ့ငါလည်း သူ့လက်ချက်နဲ့ ဒဏ်ရာရခဲ့တာ။ ဒါပေမဲ့ အခု ငါတို့ ဆေးရုံအပြင်ဘက်ကို ထွက်ဖို့ ဝန်လေးနေတယ်။ ဆေးရုံအနီးနားမှာ သူတို့လွှတ်ထားတဲ့သူတွေ ရှိတယ်။ ငါတို့ ထွက်တာနဲ့ ငါတို့ ထပ်ပြီး  ပြင်းပြင်းထန်ထန် အရိုက်ခံရဦးမှာပဲ။ သူတို့ကို ငါတို့က မတောင်းပန်မချင်း ဆေးရုံတံခါးအပြင်ဘက်ကို ပေးမထွက်ဘူးလို့ ပြောတယ်”

“ခွေးမသားတိုင်လုံ”

သတ်ဖြတ်လိုသောစိတ်သည် ထန်ရှု၏ မျက်ဝန်းအစုံမှ ပေါ်ထွက်လာခဲ့သည်။ သူသည် ဖုန်းအား လျင်မြန်စွာ ချလိုက်ပြီး အိမ်၏အပြင်ဘက်သို့ အမြန်ဆုံးနည်းဖြင့် ပြေးထွက်လာခဲ့သည်။ သူသည် အိမ်ရာ၏ကွက်လပ်သို့ အဖြတ်တွင် ဝန်ထမ်းအနည်းငယ်ဖြင့် အိမ်ရာပတ်ဝန်းကျင်အား စစ်ဆေးနေသော လုံရွှဲ့ယောင်နှင့် အမှတ်တမဲ့ ဆုံတွေ့သည်။

ထန်ရှုသည် လုံရွှဲ့ယောင်ဆီသို့ ဦးတည်ကာ အပြေးသွားလိုက်သည်။ အိမ်ခြံမြေစီမံရေးရာမှ ဝန်ထမ်းများက သူ့အား စပ်စုလိုသောအကြည့်များဖြင့် ကြည့်နေခြင်းအား လစ်လျူရှုလျက် လုံရွှဲ့ယောင်အား အလေးအနက် ပြောလိုက်သည်။

“ခင်ဗျားမှာ ကားပါလား”

“အွန်း ပါတယ်”

မှုန်မှိုင်းနေသော အမူအရာရှိနေသော ထန်ရှုအား ကြည့်ကာ စိတ်ထဲ ထူးဆန်းသလိုဖြစ်သွားသော်လည်း သူမသည် ယုံကြည်စွာဖြင့် ပြန်ဖြေသည်။

ထန်ရှုက ပြောလိုက်သည်။ “ခင်ဗျား.. ကျွန်တော့်ကို ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကို အမြန်ပို့ပေးလို့ရမလား။ ကျွန်တော် အဲဒီမှာ အရေးတကြီးဖြစ်နေလို့ပါ”

“အိုကေ”

လုံရွှဲ့ယောင်သည် တစ်စက္ကန့်မျှ တွေဝေသွားသော်လည်း ခေါင်းကို ညိတ်ကာ လိုက်လျောလိုက်သည်။ သူမနှင့်အတူပါလာသော ဝန်ထမ်းများအား ကြည့်ကာ ပြောလိုက်သည်။

“ဒီနေ့အတွက် ငါတို့ ဒီမှာ ရပ်ကြတာပေါ့။ ဖြေရှင်းစရာရှိရင် ငါတို့နောက်မှ ဆွေးနွေးကြတာပေါ့။ အခု ကိုယ့်အလုပ်ကို ပြန်လုပ်လို့ရပါပြီ”

ထိုသို့ပြောပြီးနောက် သူမသည် အိမ်ခြံမြေစီမံရေးရာ၏ကားရပ်နားရာသို့ လျှောက်လာခဲ့သည်။

သိပ်မကြာမီ သူမသည် ထန်ရှုအား ဘီအမ်ဒဗလျူအဖြူရောင်ကားဆီသို့ ဦးဆောင်ကာ ခေါ်လာခဲ့ပြီး တံခါးဖွင့်လိုက်ကာ ထန်ရှုအား ကြည့်ပြီး မေးလိုက်သည်။

“ငါ့ကို မောင်းစေချင်တာလား။ နင်မောင်းမှာလား”

ထန်ရှုက ပြောလိုက်သည်။ “ငါ့မှာ ယာဉ်မောင်းလိုင်စင်မရှိဘူး”

ထူးဆန်းသောအမူအရာဖြင့် လုံရွှဲ့ယောင်သည် ထန်ရှုအား ကြည့်လိုက်သည်။ ယခုလက်ရှိ သူ၏အသက်အရွယ်ဖြင့်ဆိုလျှင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသင့်ပြီမဟုတ်လော။ သူများထက်ထူးသော သူ၏ပုံရိပ်အား စဉ်းစားကြည့်လျှင်ပင် ယာဉ်မောင်းလိုင်စင်တစ်ခု မရှိသည်မှာ မည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။

သို့သော်လည်း ထိုမေးခွန်းများသည် သူမ၏စိတ်တွင်းမှသာ ဖြစ်သည်။ သူမသည် ထန်ရှုအား ထပ်မမေးတော့ဘဲ ခေါင်းညိတ်ပြလိုက်ကာ မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။ ကားစက်နှိုးလိုက်ကာ ဘေးတွင် ထိုင်နေသော ထန်ရှုအား ကြည့်ကာ ဆိုလိုက်သည်။

“ငါ တစ်ခုခု ကူညီနိုင်တာများ ရှိမလား။ အဲဒီ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှာ ငါ့သူငယ်ချင်းရှိတယ်”

“ငါ အခု ဘာမှန်း သေချာ မသိရသေးလို့။ အဲဒီကို အရင်သွားပြီးမှ ပြန်ပြောပါမယ်”

ထန်ရှု၏ မငြင်းဆိုမှုအား ကြည့်ခြင်းအားဖြင့် သူမသည် တစ်စုံတစ်ခုအား  ရှင်းလင်းစွာ ခန့်မှန်းနိုင်သည်။ ထန်ရှု  သေချာပေါက် ဂရုစိုက်သော တစ်စုံတစ်ယောက်သည် ထိုကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံတွင် ရှိနေပေလိမ့်မည်။ ပြီးလျှင် ထိုသူသည် ပြင်းထန်စွာ ဖျားနာခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းပင် ဖြစ်ပေလိမ့်မည်။

***

All Chapters