← Chapters

ငြူစူစောင်းမြောင်းသော အသံ

Vol. 03 Ch. 122

ငြူစူစောင်းမြောင်းသော အသံ

Vol. 03 Ch. 122

မိခင်ဖြစ်သူ၏စိုးရိမ်နေသော အမူအရာအား ကြည့်ကာ ထန်ရှုသည် တစ်ခဏမျှ ငြိမ်သက်သွားသည်။ ထို့နောက် သူသည် ခေါင်းကို ညိတ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကျွန်တော် အမေ့စကား နားထောင်ပြီး ပြဿနာမရှာတော့ပါဘူး။ ဘန်ရှိုတို့ကို ဂရုစိုက်ခိုင်းထားတယ်ဆိုပေမယ့် အမေက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ပြောရမယ်။ ကျွန်တော် ဆေးရုံမှာ အမေနဲ့ အဖော်ရအောင် နေပေးမယ်”

စုလင်းယွမ်သည် စိတ်ဆိုးစွာနှင့် ပြောလိုက်သည်။

“မရဘူး။ သား ကျောင်းပြန်သွားရမယ်။ ကောလိပ်ဝင်ခွင့်ကိုသာ ထိခိုက်ရင် အမေ သေလိုက်တာမှ ကောင်းဦးမယ်”

“…”

ထန်ရှုသည် ပါးစပ်ကြီးဟကာ ဘာမျှ မပြောနိုင်ဘဲရှိသည်။ သူသည် မိခင်၏အကျင့်အား ကောင်းစွာ သိသည်။ သူသာ ဒီမှာ နေမည်ဆိုပါက သူ၏မိခင်သည် မစဉ်းစားဘဲ တစ်ခုခု လုပ်သွားနိုင်သည်။

“ကောင်းပြီ။ ကျွန်တော် ပြန်မယ်”

ထန်ရှုသည် စိတ်တွင်းမှ သက်ပြင်းချလိုက်သည်။ သူသည် ဘေးပတ်လည်ကို ကြည့်ပြီး ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် မသွားခင် တောင်းဆိုမှု တစ်ခုတော့ သဘောတူရမယ်”

“ဘာများလဲ”

“အမေ နေရာပြောင်းရမယ်။ သည်နေရာက လူတစ်ယောက်နေဖို့ မသင့်တော်ဘူး။ သည်မှာ နေပြန်ကောင်းလာတဲ့အထိနေမယ်ဆိုရင် ကျွန်တော် စိတ်ပူရလိမ့်မယ်”

ထန်ရှု၏စကားအား ကြားသော အခြားလူနာ၂ယောက်၏ မိသားစုဝင်များသည် ဒေါသထွက်စွာဖြင့် ကြည့်နေကြသည်။

“ဘာကောင်လဲကွ။ လူငယ်လေး.. မင်း ဘာပြောလိုက်တာလဲ။ ဒါက အတွင်းလူနာဌာနလေ။ ဘယ်လိုတောင်မို့လို့ လူနေဖို့မသင့်‌တော်ဘူးပြောတာလဲ”

“ဒါမှန်တယ်။ ဒီနေရာရဲ့အခြေအနေက ကောင်းမွန်လွန်းနေပါပြီ။ မင်းအမေကို ပထမတန်းစားဝပ်မှာ ထားဖို့ မင်းမှာအစွမ်းရှိတယ်လို့ ထင်နေတာလား”

“ကျောင်းသားပဲရှိသေးတယ် လေလုံးက ထွားချက်။ မင်းအမေသာ ဆိုင်ဖွင့်ပြီး အစစ မထောက်ပံ့ပေးရင် မင်း လမ်းဘေးမှာ ငတ်ပြီး သေနေတာ ကြာပြီ။ မင်းမှာ အစွမ်းရှိရင် ပြောင်းပေါ့”

“ညီမကြီး.. နင့်ရဲ့သားက…”

“…”

“…”

ထန်ရှုသည် သူ၏စကားများက ထိုကဲ့သို့ လှောင်ပြောင်စရာဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါချေ။ ထိုအချိန်တွင် သူ၏ရင်တွင်းမှ ယခင်က ဖြစ်ပေါ်နေသော ဒေါသမီးအား ထိန်းထားနိုင်ရုံသာရှိပြီး မငြိမ်းသတ်နိုင်သေးပါချေ။ ထိုကဲ့သို့ တစ်ပြိုင်နက်တည်း သူ့အား အော်ဟစ်နေကြသောအခါ သူသည် ဒေါသကြီးစွာ ထွက်လာပြီး အော်ပြောလိုက်သည်။

“သောက်ပါးစပ်ပိတ်ထား”

လူတိုင်း ပါးစပ် ပိတ်သွားကြသည်။ ကြောင်တောင်တောင်ပုံစံများဖြင့် သူတို့သည် ဒေါသထွက်နေသော ထန်ရှုအား ကြည့်နေကြသည်။ လူငယ်၂ယောက်သည် ထန်ရှုအား အရုပ်ဆိုးသောမျက်နှာဖြင့် ကြည့်နေကြပြီး ရန်ဖြစ်လိုကြသော်လည်း စုလင်းယွမ်အား စောင့်ရှောက်ပေးနေသော လူအုပ်အား ပြန်သတိရသွားပြီး ဒေါသအား မျိုချလိုက်ရသည်။ လူဆိုသည်မှာ အားနည်းကာ  ကြောက်တတ်သောသူများကိုသာ အနိုင်ကျင့်တတ်သော သဘာဝရှိသည်။

“သား မရိုင်းရဘူးလေ”

ကြည်နူးသောစိတ်ဖြင့် စုလင်းယွမ်သည် ထန်ရှုအား ပြောလိုက်ကာ ဝပ်ထဲမှ လူများအား ချက်ချင်းတောင်းပန်လိုက်သည်။

ထန်ရှုသည် သူ၏ဖုန်းအား ထုတ်ကာ လုံကျန့်ယုဆီ ဆက်သွယ်လိုက်သည်။

“ဟယ်လို..ညီလေးထန် နောက်ဆုံးတော့ ဖုန်းကိုင်ပြီပေါ့။ ငါ မင်းကိုဆက်သွယ်နေတာကြာပြီ။ မင်းအိမ်ကိုတောင် သွားခဲ့သေးတယ်။ မင်းရဲ့အိမ်တော်ထိန်းက အဝင်မခံဘူးလေ။ အခု ဘယ်ရောက်နေတာလဲ။ ငါ ပြောစရာရှိနေလို့”

ထန်ရှုသည် လေးနက်သောအသံဖြင့်

“ကျွန်တော် လောလောဆယ် အခြားအကြောင်းအရာတွေ ပြောဖို့အချိန်မရှိလို့။ ကျွန်တော် ဖုန်းဆက်လိုက်တာက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှာ အသိရှိလား။ ကျွန်တော့်အမေကို တစ်ယောက်ယောက်က ထိခိုက်အောင် လုပ်လိုက်လို့။ ကျွန်တော် အမေ့ကို ဗွီအိုင်ပီဝပ်ကို ရွှေ့ချင်တာ။ ပိုက်ဆံသုံးရမယ်ဆိုလည်း ရတယ်”

လုံကျန့်ယုသည် စိတ်ဆိုးစွာဖြင့်

“ဘယ်ကောင်က အန်တီ့ကို ထိခိုက်အောင် လုပ်လိုက်တာလဲ။ မင်း အဲ့မှာစောင့်နေဦး။ ငါ လှုပ်ရှားလိုက်ဦးမယ်။ ဆေးရုံအုပ်ကို ဆက်သွယ်လိုက်မယ်။ သူက အဖေ့သူငယ်ချင်းဟောင်း။  ဆေးရုံအသစ်က ငါတို့လုံမိသားစုက ဆောက်ပေးထားတာ”

“မြန်မြန်လေး လုပ်ပေးပါ” ထန်ရှု ဖုန်းချလိုက်သည်။

ခဏအကြာ လုံကျန့်ယု ပြန်ခေါ်သဖြင့် ထန်ရှု အံ့သြသွားသည်။ လုံကျန့်ယုမှ ရယ်ကျဲကျဲလေသံဖြင့်

“ညီလေးထန်.. မင်းအမေနာမည်နဲ့ ဘယ်ဝပ်လဲ ပြောဦး။ နို့မို့ဆို ငါ ဆက်သွယ်တောင် သူ ရှာနိုင်မှာမဟုတ်ဘူး”

ထန်ရှုသည် မိခင်၏အမည်နှင့် ဝပ်နံပါတ်အား ပြောပြလိုက်ပြီး ဖုန်းချလိုက်သည်။

ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံအုပ်ရုံးခန်း…

လီဟွန်ဂျီသည် ဘွန်ဇိုင်းအပင်ပုလေးရှေ့တွင် ရပ်ကာ ရေလောင်းနေသည်။ သူသည် အသက်၆၀နီးပါးရှိပြီဖြစ်သည်။ သူသည် ဆေးရုံတွင် နှစ်များစွာ လုပ်ခဲ့သည်မှာ ပင်စင်ယူရန်ပင် နီးကပ်လာပြီဖြစ်သည်။ ထို့ကြောင့် အလုပ်တာဝန်များနှင့် လုပ်ပိုင်ခွင့်များအား ခွဲဝေပေးထားကာ သူကိုယ်တိုင်ကမူ တရားထိုင်ခြင်း၊ ဆေးပင်များ စိုက်ခြင်းနှင့် ငှက်အလှမွေးခြင်းတို့ကို  ဆောင်ရွက်နေသည်။

သူသည် တရုတ်တိုင်းရင်းဆေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး သူ၏အောင်မြင်မှုသည် အလွန်မြင့်မားသည်။ သူသည် ဆေးလောကတွင် လွှမ်းမိုးနိုင်သော ပုံရိပ်ဖြစ်သည်။

ပြိုင်ဖက်ကင်း နတ်ဆေးသမားတော် ကွေ့ကျန်ချုံသည် သူ၏ဆရာဖြစ်သည်။ ထိုအကြောင်းအား လူအနည်းငယ်သာ သိပေသည်။

“အာ..ဒီကောင်လေး ဂေါင်ရှုံး… ကျင်းမန်ကျွန်းမှာ အကြီးအကျယ် မျက်နှာပျက်ပြီး ကြယ်တာရာကိုတောင် လာသွားတယ်။ ဆရာသာ အဲဒါကိုသိရင် မိုးမွှန်အောင် အဆဲခံရမယ်”

လီဟွန်ဂျီသည် သူ၏ဂျူနီယာညီငယ်လေး မျက်နှာပျက်ရသည့်အကြောင်းအား တွေးရင်း ပြုံးစိစိ ဖြစ်နေလေသည်။

“ဘာပဲပြောပြော.. ဒီထူးဆန်းတဲ့ရောဂါကို ကုတဲ့ ကောင်လေးက ဘယ်ကပါလိမ့်။ ပြီးခဲ့တဲ့နှစ်က မုချင်းဖျင်က ငါ့ဆီတောင် လာသေးတယ်။ ကံမကောင်းစွာနဲ့ပဲ ငါလည်း မကူညီပေးနိုင်ခဲ့ဘူး။ အခု ဒီမိန်းကလေးငယ်ကို လူငယ်လေးတစ်ယောက်က ပျောက်ကင်းအောင် ကုပေးလိုက်တယ်။ ဘယ်နတ်ဆေးသမားတော်ရဲ့တပည့်များပါလိမ့်နော်”

လီဟွန်ဂျီသည် ရေပန်းကရားအား ပြတင်းပေါက်ဘောင်တွင် တင်ထားလိုက်သည်။ သူ၏စားပွဲသို့အလာတွင် စားပွဲပေါ်မှ ဖုန်းသည် ထမြည်လေသည်။ သူသည် ဖုန်းအား ကြည့်လိုက်ရာ ခေါ်ဆိုသူအား တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။ သူ၏အတန်းဖော်၏သားဖြစ်သူ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် လုံကျန့်ယုဖြစ်နေသောကြောင့်ဖြစ်သည်။

“သူ ငါ့ကို ဘာလုပ်ပေးစေချင်လို့လဲမသိဘူး”

အံ့သြမှုဖြင့် သူ ရယ်မောကာ ဖုန်းဖြေလိုက်သည်။

“ကျန့်ယု… ငါ့ကို ရှာနေတာလား။ မင်းအဖေ ငါ့ကို ဝိုင်ပို့ခိုင်းသေးလား”

“ဦးလေးလီ.. အဖေ့ဝိုင် မသောက်ရတာ ကြာသွားပြီလား”

“ဟား..ဟား..ဟား..ဒီကလေး။ ငါ့မှာ အဲဒီမကောင်းတဲ့အကျင့် ရှိတယ်မဟုတ်လား။ စကားမစပ် ငါ့ဆီက တောင်းဆိုချင်တာ ရှိနေလား”

လုံကျန့်ယု လျင်မြန်စွာ ပြောလိုက်သည်။

“ဦးလေးလီ..ကျွန်တော့်မှာ အရေးကြီးတာရှိလို့ ဦးလေးကို ရှာရတာ”

အရေးကြီးတဲ့အရာဟုတ်လား။

လုံကျန့်ယုထံမှ ထိုကဲ့သို့သောစကားမျိုး ကြားရခဲသောကြောင့် သူသည်  လေးလေးနက်နက် ပြောလိုက်သည်။

“ငါ့ကိုပြောပြပါ”

“ဦးလေးလီ… ကျွန်တော့်သူငယ်ချင်းအမေက ဦိးလေးတို့ဆေးရုံမှာတက်နေတယ်။ သူက သူ့အမေကို ဗွီအိုင်ပီဝပ်ထဲကို ပြောင်းချင်လို့  ဦးလေး ကူညီပေးနိုင်မလား”

လီဟွန်ဂျီ အံ့အားသင့်သွားပြီး မေးလိုက်သည်။ “ဒါ အသေးအဖွဲလေးမဟုတ်လား”

“ဒီဟာက ဦးလေးအတွက် အသေးအဖွဲဆိုပေမယ့် ကျွန်တော့်အတွက်တော့ အရေးကြီးပါတယ်။ ဒီရက်ပိုင်း အဖေနဲ့သောက်တော့ အဖေ့ဆီက သူ့အကြောင်း ကြားရတယ်မဟုတ်လား။ သူက ထန်ရှု။ ကျွန်တော့်ထက် ငယ်တဲ့ အထက်တန်းကျောင်းသားလေးလေ”

ထန်ရှုလား။

ထိုနာမည်အား လီဟွန်ဂျီ စဉ်းစားနေမိသည်။ ထိုနောက် လေးနက်စွာ သူ မေးလိုက်သည်။

“အဲဒါက ချန်းကျီကျုံးရဲ့ဆရာမဟုတ်လား”

“ဟုတ်ပါတယ်” လုံကျန့်ယု ပြန်ဖြေလိုက်သည်။

“ထန်ရှုက သူ့ဆရာဆိုမှတော့ ဘာလို့ ချန်းကျီကျုံးကို အကူအညီမတောင်းတာလဲ။ သူနဲ့ငါက ဆယ်စုနှစ်များစွာ ရင်းနှီးလာတဲ့သူငယ်ချင်းကြီးတွေ။ ဒီဆေးရုံမှာတောင် စီးပွားရေးသဘောတူညီမှုအများစုက သူနဲ့လုပ်ထားတာတွေချည်းပဲ။ သူ ပြောလိုက်ရင် ငါ့တောင် ရှာစရာမလိုဘူး။ လူအချို့ကို လုပ်ခိုင်းလိုက်လို့ ရတယ်လေ” လီဟွန်ဂျီက တွေးဆကာ ပြောလိုက်သည်။

“သူ ကျွန်တော့်ကိုရှာတယ်ဆိုတာ ကျွန်တော့်ကို မျက်နှာသာပေးလိုက်တာပဲ။ ထန်ရှုဆီက မျက်နှာသာရမှုက ဘယ်လောက်အဖိုးတန်လဲဆိုတာ ဦးလေး မသိသေးဘူး။ ပေကျင်းက ကျွန်တော့် သူငယ်ချင်းနှစ်ယောက်တောင် ထန်ရှုနဲ့ သူငယ်ချင်း ဖြစ်ချင်ကြပြီး ကြယ်တာရာမှာလုပ်တဲ့ စီးပွားရေးလုပ်ငန်းမှာ ရှယ်ယာတောင် ပေးချင်နေကြတာ” လုံကျန့်ယု ရယ်မောကာ ပြောလိုက်သည်။

“ထန်ရှုရဲ့နောက်ခံက ဘာလဲ။ မင်းအဖေဆီက ရှင်းရှင်းလင်းလင်း မသိရဘူး။ မင်းကတော့ သူနဲ့ပိုရင်းနှီးတော့ ပိုသိမှာပေါ့” လီဟွန်ဂျီ မေးလိုက်သည်။

“ကျွန်တော်လည်း အဖေ့လိုပဲ သိပ်မသိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဉာဏ်မမီလောက်အောင် ထန်ရှုက နက်ရှိုင်းတယ်” လုံကျန့်ယု အဖြေရခက်ဟန်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ။ ဒီဟာကို ငါ ချက်ချင်း စီစဉ်လိုက်ပါမယ်။ ဆေးဖိုးဝါးခတွေပါ လက်ဆောင် လုပ်ပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ် ဦးလေးလီ” လုံကျန့်ယု ရယ်မောကာ ပြောလိုက်သည်။

“ငါ့ကိုကျေးဇူးတင်မယ့်အစား မင်းအဖေရဲ့ဝိုင်ပုလင်းလေးတွေ ခိုးလာပြီး လာပို့ပေးရင် ငါ ကျေနပ်နေမှာပဲ။ဟား..ဟား”

“ဟား..ဟား..စိတ်ချထားလိုက် ဦးလေး။ ကျွန်တော် ဝိုင်ပုလင်း လာပို့ပေးမယ်”

ဖုန်းချသွားပြီဖြစ်သည်။

လီဟွန်ဂျီ၏မျက်နှာထက်မှ အပြုံးပျောက်ကွယ်သွားကာ လေးနက်သော အမူအရာဖြစ်သွားသည်။ သူသည် ဒုတိယဆေးရုံအုပ်ဆီသို့ ဖုန်းခေါ်ဆိုလိုက်သည်။ လိုအပ်သည်များ မှာကြားပြီးနောက် သူ၏ကုလားထိုင်တွင် ငြိမ်သက်စွာ ထိုင်နေမိသည်။

ထန်ရှုတဲ့လား။ဒီနာမည်က ရင်းနှီးနေသလိုပဲ။

လုံဟန်ဝမ် ပြောတာကြောင့် သိနေတာများလား။မဟုတ်ဘူး။ ဒါ လုံးဝမဟုတ်ဘူး။

လုံဟန်ဝမ်အပြင် တခြားတစ်ယောက်သည်လည်း သူ့အား ပြောပြဖူးသည်။

မည်သူဖြစ်ပါသနည်း။

လီဟွန်ဂျီ ငြိမ်သက်စွာ စဉ်းစားနေသည်။

အတွင်းလူနာ ဝပ်အမှတ်၄၀၅တွင်…

ထန်ရှုသည် မိခင်ဖြစ်သူ၏ အဝတ်အစားများနှင့် နေ့စဉ်သုံးများအား သူကိုယ်တိုင် သိမ်းဆည်းနေစဉ် သက်လတ်ပိုင်းအမျိုးသမီးသည် အသံစွာစွာဖြင့် ရုတ်တရက် ထပြောလေသည်။

“သူက ဘာကို သိမ်းနေတာလဲ။ ဟန်ဆောင်နေတာလား။ အထက်တန်းကျောင်းသားလေးက သူ့အမေကို ဗွီအိုင်ပီအခန်းကို တကယ်ပြောင်းရွှေ့နိုင်လို့လား။ အဲ့လိုအခန်းမျိုးက သူဌေးတွေပဲ နေနိုင်တာလေ။ ဘယ်လိုတောင် ဈေးပေါသွားတာလဲ…”

ထိုသို့ပြောပြီးနောက် သူမ၏နှာခေါင်းပေါ်မှ နှပ်များအား အိမ်သာသုံးစက္ကူဖြင့် သုတ်လိုက်ကာ လုံးထွေးလျက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် လူနာကုတင်ဘေးသို့ လျှောက်သွားကာ ထိုင်ချလိုက်လေသည်။

***

All Chapters