← Chapters

တောင်းပန်နေသော အသံများ

Vol. 03 Ch. 123

တောင်းပန်နေသော အသံများ

Vol. 03 Ch. 123

ထန်ရှုသည် ခေါင်းလှည့်ကာ သူမအား ကြည့်လိုက်ပြီးနောက် အေးစက်စက် နှာမှုတ်သံတစ်ချက်ပြုကာ သူမအား လစ်လျူရှုထားလိုက်သည်။

ထန်ရှု တိတ်ဆိတ်နေသည်ကို  ကြည့်ပြီး ထိုသက်လတ်ပိုင်းအမျိုးသမီးသည် ထန်ရှုတစ်ယောက် အပြစ်ရှိသောကြောင့်သာ ငြိမ်သက်နေသည်ဟု ထင်သွားသည်။ သူမသည် ရုတ်ခြည်းပင် ပိုမို မောက်မာသွားပြီး သူမ၏စကားများသည် ပိုမိုကြမ်းတမ်းလာခဲ့သည်။

“ငြိမ်နေရပြီမဟုတ်လား။ ကိုယ့်ကိုကိုယ် ရှက်ရကောင်းမှန်း သိပြီလား။ နင့်အမေကို တခြားကိုမပြောင်းဖို့ ငါ အကြံပေးတယ်။ နင့်ကိုယ်နင် ကြီးမြတ်ချင်ဟန်ဆောင်ပြီး ပေါက်ကရ လုပ်မနေစမ်းပါနဲ့။ နင့်အမေက အခုဒဏ်ရာရနေတယ်။ နင့်မှာ သားသမီးဝတ်ရှိတယ်ဆိုရင် သူမကို အခက်မတွေ့စေပါနဲ့။ မျက်နှာမှာ အမွှေးမပေါက်သေးတဲ့ လူငယ်က မယုံကြည်ရဘူးတဲ့။ နင်က တကယ်ကို ဒီစကားပုံအတိုင်းပဲ”

နောက်ဆုံးတော့ ထန်ရှုသည် သူ၏လှုပ်ရှားမှုအား ရပ်တန့်လိုက်သည်။ သူသည် လူနာကုတင်ပေါ်တွင် ကိုယ်တစ်ပိုင်းမှီလျက် သတင်းစာထိုင်ဖတ်နေသာ သက်လတ်ပိုင်းလူအား ကြည့်လိုက်သည်။ ထို့နောက် သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားကို ဆေးရုံကနေ ကန်ထုတ်လိုက်နိုင်တယ်ဆိုတာ ခင်ဗျား ယုံလား။ ကျွန်တော် ပြောတာ ဘာအမှားပါလဲ။ သူက ခင်ဗျားယောက်ျားမဟုတ်လား”

သက်လတ်ပိုင်းအမျိုးသမီးသည် ထန်ရှုအား စိုက်ကြည့်ကာ သူမ၏အသံအား ထပ်မြှင့်လျက် ဒေါသဖြင့် အော်လိုက်သည်။

“နင့်မှာ သတ္တိရှိရင် ထပ်ပြောစမ်း အကောင်။ နင်က ကောင်းကင်ကို ပြောင်းပြန်လှန်နိုင်သလို ငါတို့ကိုလည်း မောင်းထုတ်နိုင်စွမ်းရှိတယ်လို့ ထင်တယ်ပေါ့ဟုတ်လား။ ဒီအဖွားကြီးက စောင့်ကြည့်ပါဦးမယ် နင့်လို အထက်တန်းကျောင်းသား ကြွက်စုတ်က ကောင်းကင်ကို ပြောင်းပြန်လှန်နိုင်မလားဆိုတာ”

အိပ်ရာပေါ်တွင် ထိုင်နေသောလူသည် သတင်းစာအား ဘေးသို့ချကာ ထန်ရှုအား ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

“ချီးထုပ်.. လေလုံးမထွားစမ်းနဲ့ … အဆုံးမှာ မင်းလျှာမင်း ကိုက်မိလိမ့်မယ်။ မင်းအမေက နူးညံ့သိမ်မွေ့ပြီး တွေးခေါ်မျှော်မြင်နိုင်စွမ်း ရှိသလောက် ဘယ်လိုဖြစ်ပြီး ဒီလို မတူတဲ့သားမျိုးကို မွေးလာတာပါလိမ့်။ မင်းကြောင့် သူမကို ငါ တကယ်သနားမိတယ်”

ထန်ရှုသည် ခေါင်းကို ယမ်းကာ လှည့်လာပြီး သူ၏လုပ်လက်စအလုပ်များအား ဆက်လက်ထုပ်ပိုးနေတော့သည်။ဆိုရိုးရှိသည့်အတိုင်း တစ်မိသားစုလုံးအား အပြစ်တင်ရန်မဟုတ်။ သူတို့၏ မိသားစုအတွင်းသို့ မဝင်ရောက်ရုံသာ ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

သက်လတ်ပိုင်း အမျိုးသမီးနှင့် အမျိုးသားသည် အမှန်ပင် လင်မယားဖြစ်ထိုက်သူများဖြစ်သည်။ သူတို့သည် အသွင်တူကြသည်။ ထိုကဲ့သို့သောလူစားမျိုးများအား ထန်ရှုသည် တုံ့ပြန်ရန် ပျင်းလွန်းလှပေသည်။

တစ်ဖက်တွင် စုလင်းယွမ်သည် အံ့အားသင့်လျက်ရှိကာ ပုံမှန်တွင် ကောင်းမွန်သော အပြုအမူရှိသော သူမ၏သားသည် ယနေ့တွင် နတ်ဆိုးများ ကပ်တွယ်နေသည့်အလား ထိုကဲ့သို့သောစကားမျိုးများဖြင့် လူများအား ပြန်လည်ခွန်းတုံ့ပြန်နေပေသည်။ နောက်ကုတင်မှ သက်လတ်ပိုင်းလူ  ပြောသည့်စကားအား ကြားရသည့်အခါ သူမသည် အလျင်အမြန် ပြောလိုက်သည်။

“အစ်ကိုကြီး… ကျေးဇူးပြုပြီး ကျွန်မသားနှင့် ဖက်မဖြစ်ပါနဲ့။ ကျွန်မသားက စဉ်းစားဆင်ခြင်တတ်တဲ့သူတစ်ယောက်မဟုတ်လို့ နောက်တော့ ကျွန်မ ဆုံးမလိုက်ပါမယ်”

ထေ့ငေါ့ပြောတတ်သော သက်လတ်ပိုင်းအမျိုးသမီးသည် ရုတ်ခြည်းပင် အော်ပြောလိုက်သည်။

“ညီမ… ငါ့ယောက်ျား ပြောတာမှန်တယ်။ နင် ဒီလိုအကျင့်စရိုက်ရှိတဲ့ကလေးမျိုးကို ဘယ်လို မွေးထားရတာတုန်း။ နင့်သား ပြောတာ နင်လည်း ကြားတယ်မဟုတ်လား။ ဒီနေရာက လူတွေ နေနိုင်တဲ့နေရာ မဟုတ်ဘူးဆိုပြီးလေ။ ပြီးတော့ ငါတို့ကို မောင်းထုတ်ပစ်မယ်ဆိုပြီး ထပ်ပြောလိုက်သေးတယ်။ သူ့ရဲ့ဘဝင်မြင့်မောက်မာမှုက မိုးထိနေပြီ”

“ကျွီ…”

ထန်ရှုသည် နဖူးတွန့်သွားက ပြောတော့မည့်ဆဲဆဲတွင် ဝပ်တံခါးသည် အပြင်မှ အားနှင့်ဖွင့်လိုက်မှုကြောင့် ပွင့်လာခဲ့သည်။ သက်လတ်ပိုင်းလူတစ်ယောက်အား ခြံရံလျက် အဖြူရောင် ဂျူတီကုတ်များ ဝတ်ဆင်ထားသော ဆရာဝန်အဖွဲ့သည် ဝပ်ထဲသို့ ဝင်လာခဲ့သည်။ ထိုသက်လတ်ပိုင်းလူမှာ ခေါင်းဆောင်ဖြစ်ပြီး အတွင်းလူနာဌာန၏ ဒါရိုက်တာဖြစ်သည့်အပြင် အာဏာရှိသူတစ်ယောက်လည်း ဖြစ်သည်။

“လူတိုင်း အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ မစ္စတာထန်ရှုက ဘယ်သူများပါလိမ့်”

အတွင်းလူနာဌာန၏ ဒါရိုက်တာမှ သေချာစေလိုဟန်ဖြင့် အလွန်ယဉ်ကျေးစွာ မေးလိုက်သည်။

ထန်ရှုကို ရှာနေတာလား။ ဒီလို ယဉ်ကျေးတဲ့အမူအရာ အသံနဲ့လား။

ထေ့ငေါ့ပြောတတ်သော သက်လတ်ပိုင်းအမျိုးသမီးနှင့် လူနာကုတင်ပေါ်မှ သူမ၏ယောက်ျားသည် ရုတ်တရက် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး မကောင်းသည့်အငွေ့အသက်အား ရလိုက်သည့်အလား ခံစားလိုက်ရကာ နှလုံးသွေးများပင် ယိုစီးကျလာသည့်နှယ်ပင်ဖြစ်သည်။

“ကျွန်တော်ပါ”

ထန်ရှုသည် ပစ္စည်းများ သိမ်းဆည်းနေရာမှ ရပ်လိုက်ပြီး ခပ်ဖွဖွ ပြန်ပြောလိုက်သည်။

အတွင်းလူနာဌာန၏ ဒါရိုက်တာသည် ပြုံးလျက် လျင်မြန်စွာ ရောက်ရှိလာပြီး  လေးလေးစားစား ပြောလိုက်သည်။

“ဟယ်လို…မစ္စတာထန်။ ဒီအမျိုးသမီးက မင်းအမေမှန်း မသိခဲ့လို့ ငါတို့ သူမကို အနည်းငယ် ဂရုမစိုက်မိသလိုဖြစ်သွားတဲ့အတွက် ငါ အနူးအညွတ်တောင်းပန်ပါတယ်။ အခုလေးတင် ဒုဆေးရုံအုပ်ဆီကနေ ဒီကို လူကိုယ်တိုင် လာတွေ့ဖို့ ဖုန်းရခဲ့တယ်။ သူ အခု ဗွီအိုင်ပီအခန်းကို ပြင်ဆင်နေလို့ ပြီးတာနဲ့ ချက်ချင်း လာမယ်လို့ မှာလိုက်ပါသေးတယ်။ မင်းရဲ့အမေ အဲဒီကို အချိန်မရွေး ရွှေ့လို့ရပါပြီ”

“ကျေးဇူးတင်ပါတယ်”

ထန်ရှု ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

အလွန်မျက်နှာချိုသွေးနေသည့်အကြည့်များဖြင့် အတွင်းလူနာဌာန၏ ဒါရိုက်တာသည် ထပ်ကာထပ်ကာ ပြန်ဖြေလိုက်သည်။

“ကိစ္စမရှိပါဘူး။ ကိစ္စမရှိပါဘူး။ ကိစ္စမရှိပါဘူး။ ဒါ ငါတို့လုပ်သင့်တဲ့အရာပါ”

ထန်ရှု ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။ ကျွန်တော် အမေ့ပစ္စည်းတွေ အရင်သိမ်းလိုက်ပါဦးမယ်။  နောက်ပြီး အမေ့ ခန္ဓာကိုယ်က မကောင်းသေးတော့ ဘီးတပ်ကုတင်လှည်း လွှတ်ဖို့လိုမယ်”

အတွင်းလူနာဌာန၏ ဒါရိုက်တာသည် အမြန် ပြောလိုက်သည်။

“ငါ တစ်ယောက်ယောက်ကို ဒီကို ဘီးတပ်ကုတင်လှည်း ပို့ခိုင်းလိုက်မယ်”

ဘေးတစ်ဖက်တွင်…

လင်မယား၂ယောက်သည် အံ့အားသင့်လျက်ရှိနေကြသည်။ သူတို့၂ယောက်တင်သာမဟုတ်ဘဲ ယခင်က ထန်ရှုအား လှောင်ပြောင်ခဲ့သောသူများပါ ပါဝင်သည်။ သူတို့သည် ယခုမြင်ကွင်းအား အံ့သြသည့်အမူအရာများဖြင့် ကြည့်နေကြပြီး အာစေးမိနေသကဲ့သို့ ရှိသည်။

အတွင်းလူနာဌာန၏ ဒါရိုက်တာက ဘယ်လိုပုံရိပ်လဲ။

သူတို့အတွက်မူ အနှီပုဂ္ဂိုလ်သည် ကြီးမားသောပုံရိပ်ရှိပြီး သီးသန့်ဆန်ကာ လွှမ်းမိုးနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော အတွင်းလူနာဌာန၏ ဒါရိုက်တာအား သူတို့အနေဖြင့်  စကားပြောပါက လေးလေးစားစား ဆက်ဆံရသည်။ သို့သော် ယခုမူ ထိုသူက ထန်ရှုအား လေးလေးစားစား ဆက်ဆံနေလေသည်။

သူက တကယ်ရော အထက်တန်းကျောင်းသားတစ်ယောက် ဟုတ်ရဲ့လား။

ထိုအတွေးသည် သူတို့၏စိတ်ထဲသို့ ဝင်ရောက်လာသည်။

“အာ.. လာတာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး မစ္စတာထန်ရှုက ဘယ်သူပါလဲ”

ဝပ်အပြင်ဘက်တွင် ဂေါင်ကျန့်မင်သည် ဆေးရုံခေါင်းဆောင် ၄၊ ၅ ယောက်နောက်မှပါလာလျက် မပြေးရုံတမည် လာနေသည်။ အတွင်းလူနာဌာန၏ ဒါရိုက်တာမှ သူ့အား ထန်ရှုနှင့် မိတ်ဆက်ပေးပြီး ထန်ရှုအကြောင်း ပြောပြပြီးသောအခါ သူသည် ချက်ချင်းပြုံးလိုက်ပြီး ပြောလိုက်သည်။

“မစ္စတာထန်… ဗွီအိုင်ပီဝပ်မှာ ပြင်ဆင်ပြီးပါပြီ။ မင်းအမေ နေရာပြောင်းလို့ရပါပြီ။ နောက်ပြီး မင်းအမေအတွက် ဆေးကုသစရိတ်တွေအားလုံးကို ဆေးရုံက ကျခံမှာပါ။ တခြား ငါတို့ကို ပံ့ပိုးပေးစေချင်တာတွေရှိရင်လည်း ငါတို့အကောင်းဆုံး ဆောင်ရွက်သွားပါလိမ့်မယ်”

ဘာ..ဘာရီးလဲ..

မကြာသေးမီက ထန်ရှုအား ခနဲ့နေခဲ့သော သက်လတ်ပိုင်းအမျိုးသမီး၏အမူအရာသည် စက္ကူဖြူတစ်ရွက်နှယ် ဖြူဖွေးသွားတော့သည်။ သူမ၏မျက်ဝန်းမှ မယုံကြည်နိုင်သော အကြည့်တို့နှင့်အတူ သူမတစ်ကိုယ်လုံး တုန်ရီနေပေသည်။ မတုန်ရီဘဲ သူမ မည်သို့နေနိုင်ပါမည်နည်း။ ဒုဆေးရုံအုပ်မှ ထန်ရှုတောင်းဆိုသမျှ လိုက်လျောပေးမည်ဟု ဆိုနေသည်မဟုတ်ပါလော။ ထန်ရှုသည် သူမတို့လင်မယား၂ယောက်အား မောင်းထုတ်ပစ်မည် ပြောထားခဲ့သောကြောင့် ထိုအချင်းအရာသည် ယောက်ျားဖြစ်သူအား သူမကိုယ်တိုင် သတ်လိုက်သကဲ့သို့ဖြစ်ပြီး သူမသည် ဆွေမျိုးများအားလုံး၏ ကျိန်ဆဲရာပစ်မှတ်ကြီး ဖြစ်လာလိမ့်မည်နှင့်မတူညီပေဘူးလား။

ထို့ပြင် ယောက်ျားဖြစ်သူမှာ ခွဲစိတ်ကုသရန်အတွက် စောင့်နေရခြင်းဖြစ်ပြီး ခွဲစိတ်ခန်းသို့ ဝင်ရန်အတွက် လဝက်နီးပါး ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ရုတ်တရက် သည်နေရာတွင် ပိုးဖလံလေးတစ်ကောင် ဖြစ်ပေါ်လာသည်။ သူမ၏ယောက်ျား ဖျားနာမှုအခြေအနေသည်  နှောင့်နှေးသွားနိုင်မည်လော။ သူမ၏အနာဂတ်သည် မည်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း။

လူနာကုတင်ပေါ်မှ သက်လတ်ပိုင်းလူသည်လည်း တုန်လှုပ်နေခဲ့သည်။ သူ၏မိန်းမဖြစ်သူအား ခပ်တင်းတင်း စိုက်ကြည့်လိုက်ပြီး ထန်ရှုအား ကြည့်လိုက်ရာတွင် ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။

ဆေးရုံအုပ်ရုံးခန်းအတွင်းတွင်…

လီဟွန်ဂျီသည် သူ၏ခေါင်းထိပ်အား ပွတ်လိုက်သည်။ သူသည် ထိုနာမည်အား မည်သည့်နေရာတွင် ကြားခဲ့သည်ကို သူ၏ဦးနှောက်အား အလုပ်ပေးနေသည်။ လုံဟန်ဝမ်မှတစ်ပါး သည်အမည်ကို ဘယ်နေရာမှာ ကြားဖူးခဲ့ပါလိမ့်။

ဖုန်းမြည်သံ…

သူ၏ဖုန်းသည် မြည်လာပြန်သည်။ လီဟွန်ဂျီသည် ဖုန်းအား ကိုင်ပြီ ခေါ်သူအား ကြည့်လိုက်ရာ သူ၏မျက်နှာသည် ပြုံးသွားခဲ့သည်။

“ဂျူနီယာညီလေး.. မင်း ပြန်လာမှာကို ငါ မျှော်နေတာ။ မင်း ပြန်ရင် ငါ့စာဖတ်ခန်းထဲ ဝင်ပြီး စာအုပ်တွေ ဖတ်လို့ရတယ်လေ။ အဲဒီထဲမှာ ဆရာရဲ့ဆေးစာအုပ်တွေလည်း ရှိတယ်”

“စီနီယာအစ်ကိုကြီး… ကျွန်တော် နောက်မှကြည့်ပါမယ်။ စာဖတ်ခန်းထဲမှာနေပြီး စာဖတ်ရတာ တကယ်ငြီးငွေ့ဖို့ကောင်းတယ်။ ကျွန်တော် ပေကျင်းကို သွားဖို့လုပ်နေတယ်။ ဆရာ မြို့တော်မှာ ရှိတယ်လို့ ကျွန်တော် ကြားလို့” ချူဂေါင်ရှုံး၏အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

မြို့တော်လား။

လီဟွန်ဂျီ စိတ်လှုပ်ရှားသွားရပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဂျူနီယာညီလေး… ဆရာ့ကို ရှာတွေ့ခဲ့ရင် ငါ့ကို ဖြစ်နိုင်လျှင်ချက်ချင်း အကြောင်းကြားပေးပါ။ ငါ ဆရာ့ကို ဂါရဝလာပြုဖို့ လိုတယ်”

“ဟုတ် အစ်ကိုကြီး”

ချူဂေါင်ရှုံး ကတိပြုလိုက်သည်။

လီဟွန်ဂျီသည် ရယ်ရင်း ပြောလိုက်သည်။

“ဂျူနီယာညီလေး… မင်း ရောက်လာပြီး အလျင်စလိုပြန်သွားတော့ စီနီယာအစ်ကိုကြီးတစ်ယောက်အနေနဲ့ မင်းကို ဘာမှတောင် မပြုစုလိုက်ရဘူး။ အာ..ဟုတ်ပြီ.. လွန်ခဲ့တဲ့ရက်အနည်းငယ်ကဟာကို မင်းစိတ်ထဲ မထားပါနဲ့။ မင်းသိတဲ့အတိုင်းပဲ တောင်တစ်လုံးထက် တောင်တစ်လုံးက ပိုမြင့်တာ သဘာဝပဲ။ လောကမှာ ထူးချွန်ပေမယ့် ဇာတ်မြှုပ်နေတဲ့ ဆရာသမားတွေက အများသားလား။ ဆရာသာ အဲဒီနေ့ကအကြောင်းကို သိသွားရင် မင်းကို ဟားလိမ့်မယ်…”

သူ၏စကားများ ပြီးဆုံးသွားပြီဖြစ်သည်။

လီဟွန်ဂျီ၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားသည်။ သူ့ဦးနှောက်အား အလုပ်ပေးနေသော အဖြေသည် မရည်ရွယ်ဘဲ သူ၏စကားများကြားမှ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ထန်ရှုလား။

မုချင်းဖျင်၏သမီး ထူးဆန်းသော ဖျားနာရောဂါကို ခံစားနေရခြင်းမှ ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့သော နတ်ဆေးသမားတော်၏အမည် မဟုတ်လား။ သူ၏ဂျူနီယာညီလေးအား မျက်နှာ ဖြတ်ရိုက်သွားသလို မဟုတ်လား။ ဟုတ်ပြီ။ ဂျူနီယာညီလေးက သည်နာမည်အား တစ်ခါ ပြောပြဖူးသည်။ အဲ့သည့်လူငယ်၏အမည်သည်လည်း ထန်ရှုပင် ဖြစ်သည်။

ယခုဆေးရုံတွင် ရှိနေသော ထန်ရှုသည် ကျင်းမန်ကျွန်းမှ ထန်ရှုနှင့် အတူတူ ဖြစ်နိုင်လေမလား။

လီဟွန်ဂျီသည် သူ၏ဂျူနီယာညီလေးအား အမြန်နှုတ်ဆက်လိုက်ပြီး ဖုန်းချလိုက်သည်။ ထိုအတွေးနှင့်အတူ လုံကျန့်ယုအား ဖုန်းခေါ်လိုက်လေသည်။

“ဟယ်လို ဦးလေးလီ”

ဖုန်းထဲမှ လုံကျန့်ယု၏အသံသည် ထွက်ပေါ်လာခဲ့သည်။

လုံကျန့်ယုသည် အလျင်စလို မေးလိုက်သည်။

“ကျန့်ယု… ငါ မင်းကို မေးစရာရှိလို့ မင်းအမှန်အတိုင်း ဖြေပေးရမယ်။ လွန်ခဲ့တဲ့ရက်က ထန်ရှု တစ်နေရာကို သွားခဲ့တယ်လို့ မင်း ပြောခဲ့တာ… အဲဒါ သူဘယ်နေရာကို သွားခဲ့တာလဲ”

လုံကျန့်ယုသည် ဇဝေဇဝါဖြစ်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ဦးလေးလီ… ဘာဖြစ်လို့ အဲဒါကို မေးတာလဲ။ အစစ အဆင်ပြေနေတယ်မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ထန်ရှုက တစ်ခုခု လုပ်စရာရှိလို့ဆိုပြီး ကျင်းမန်ကျွန်းကို သွားခဲ့တယ်။ သူပြန်ရောက်လာတာ မကြာသေးဘူး”

“ကျင်းမန်ကျွန်း ဟုတ်လား” လီဟွန်ဂျီ အံ့အားသင့်စွာ မေးလိုက်သည်။

လုံကျန့်ယု ထပ်မေးလိုက်သည်။ “ဦးလေးလီ… ဘာဖြစ်လို့လဲခင်ဗျ။ အစစ အဆင်ပြေနေတယ် မဟုတ်ဘူးလား။ ထန်ရှုအကြောင်း ဘာဖြစ်လို့ မေးတာလဲ။ ကြည့်ရတာ ကျင်းမန်ကျွန်းကို သူသွားတာ အံ့သြစရာ တစ်ခုခု ဖြစ်ခဲ့သေးတာလား”

လုံကျန့်ယုသည် မချိပြုံး ပြုံးရင်း ပြောလိုက်သည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျင်းမန်ကျွန်းက ငါ့ရဲ့ဂျူနီယာညီလေး လာသွားခဲ့တယ်။ ကျင်းမန်ကျွန်းမှာ သူ မျက်နှာပျက်ခဲ့ရတဲ့အပြင် ဆရာ့နာမည်ကိုပါ ဖျက်လိုက်မိသလို ဖြစ်သွားတယ်တဲ့။ သူ့ကို အကြီးအကျယ် မျက်နှာပျက်အောင် လုပ်ခဲ့တဲ့သူက ထန်ရှုတဲ့။ ငါ အရင်တုန်းက မင်းကို ဒီအကြောင်း မပြောပြဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ အခု ထန်ရှုကို သွားတွေ့ရမယ်”

“ဟယ်လို… ဟယ်လို..”

လီဟွန်ဂျီသည် လုံကျန့်ယုနှင့် အချိန်အကြာကြီး မပြောတော့ဘဲ အလျင်စလို ပြောပြလိုက်ကာ ဖုန်းချလိုက်ပြီးနောက် သူသည် ရုံးခန်းအပြင်ဘက်သို့ ပြေးထွက်ကာ အတွင်းလူနာဌာနသို့ အပြေးသွားတော့သည်။

“ဒုန်း…”

၆လွှာ အတွင်းလူနာဆောင်၏ ဝပ် ၄၀၅ထဲတွင် လူသေကဲ့သို့ ဖြူရော်နေသော မျက်နှာဖြင့် သက်လတ်ပိုင်း အမျိုးသမီးသည် ထန်ရှအရှေ့တွင် ဒူးထောက်လိုက်သည်။ သူမ၏မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်မှုများ ရှိနေပြီး ထန်ရှုအား သနားစဖွယ် တောင်းပန်တော့သည်။

“ထန်ရှု…အာ မဟုတ်ဘူး.. မောင်လေးထန်.. ထိုက်တောင်တန်းကြီးကို မမြင်ခဲ့မိတဲ့ ငါ့ကိုပဲ အပြစ်တင်ပါ။ ငါ လူတတ်ကြီး လုပ်မိသလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ မောင်လေးက သဘောထားကြီးတဲ့သူတစ်ယောက်မို့လို့  ကျေးဇူးပြုပြီး ဆေးရုံအာဏာပိုင်တွေကနေတဆင့် ငါ့ယောက်ျားကို ဆေးရုံကနေ မောင်းမထုတ်ခိုင်းလိုက်ပါနဲ့။ ခွဲစိတ်မှုစာရင်းထဲ ပါဖို့ ဒီမှာနေပြီး ငါတို့စောင့်နေရတာ လဝက်လောက်ရှိနေပါပြီ။ ငါတို့ မှားယွင်းပြီး နင့်ကို ပြစ်မှားမိပါတယ်ဟယ်။  ကျေးဇူးပြုပြီး ငါတို့ကို စာနာထောက်ထားပေးပါနော်။ မောင်းမထုတ်လိုက်ပါနဲ့”

ဝပ်ထဲရောက်ရှိနေသော ဆရာဝန်များသည် ထိုခဏတွင် ထူးဆန်းသောအမူအရာများ ဖြစ်ကုန်ကြပြီး ဆန့်ကျင်ဘက်အနေဖြင့် ထန်ရှုအား သရော်လှောင်ပြောင်ခဲ့သော လူအားလုံးသည် စိုးရိမ်ထိတ်လန့်သော အမူအရာများ ဖြစ်နေကြသည်။

လူနာကုတင်ပေါ်ရှိ အခြားလူနာသည်လည်း အားယူပြုံးကာ ပြောလိုက်သည်။

“ညီလေးထန်… ငါတို့အမှားပါ။ ငါတို့ မင်းကို မှားယွင်းဆက်ဆံမိပါတယ်။ ငါ့ဘဝမှာ လူတစ်ဖက်သားကို ဆုံးဖြတ်ရာမှာ မှားယွင်းတာတွေ ရှိခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ အမှားကြီးမှားခဲ့တာပဲ။ ကျေးဇူးပြုပြီး ဒီမောက်မာတဲ့ ငါတို့ကို ခွင့်လွှတ်ပေးပါ။ ငါတို့နဲ့ ညီလေးကိုယ်ကို တစ်တန်းတည်း မထားပါနဲ့။ မင်းအမေက လူကောင်းတစ်ယောက်မို့လို့ ညီလေးလည်း လူကောင်းတစ်ယောက်လို့ ငါ ယုံကြည်ပါတယ်”

ဂေါင်ကျန့်မင်သည် အံ့အားသင့်သော လေသံဖြင့် ပြောလိုက်သည်။ “မစ္စတာထန်…ဒီ..ဒီဟာ”

ထန်ရှုသည် ခေါင်းကို ယမ်းလိုက်သည်။ သူ၏လက်အား ဝှေ့ယမ်းလိုက်လျက် သူ၏ရှေ့တွင် ဒူးထောက်နေသော အမျိုးသမီးအား မတ်တတ်ထရန် ပြလိုက်ပြီး ခပ်ဖျော့ဖျော့ ပြောလိုက်သည်။

“ခင်ဗျားက လူတတ်ကြီး လုပ်တယ်လို့ ပြောခဲ့တယ်နော်။ ဒီလိုဂရုမစိုက်တဲ့အပြုအမူတွေ၊ ဆဲဆိုမှုတွေက နောင်အနာဂတ်မှာ ခင်ဗျားကို ဒုက္ခရောက်စေမယ့်အရာတွေလို့ ခင်ဗျား သဘောပေါက်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ နောက်ဆိုရင် ခင်ဗျားမိသားစုကို ထိခိုက်စေတာကို ရှောင်ဖို့ စကားလျှော့ပြောပါ”

ထိုသို့ ပြောပြီးနောက် ထန်ရှုသည် ဂေါင်ကျန့်မင်အား ပြောလိုက်သည်။

“ဒါ အသေးအဖွဲ၊ နားလည်မှုလွဲတာလေးတစ်ခုပါ။ ကျွန်တော့်အမေ တခြားဝပ်ကို ပြောင်းဖို့ လူတိုင်းကို ဒုက္ခပေးမိသလို ဖြစ်သွားလို့ ကျွန်တော် တောင်းပန်ပါတယ်ဗျာ”

ဂေါင်ကျန့်မင်သည် သက်လတ်ပိုင်းအမျိုးသမီးအား လေးနက်သောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ထန်ရှုအား အပြုံးဖြင့် ပြောလိုက်သည်။

“မစ္စတာထန်… စိတ်ချပါ။ ငါ အရာရာတိုင်းကို အဆင်ပြေအောင် ဆောင်ရွက်လိုက်ပါမယ်”

***

All Chapters