← Chapters

အလုပ်လုပ်ရန်အတွက် ဖိတ်ခေါ်ခြင်း

Vol. 03 Ch. 124

အလုပ်လုပ်ရန်အတွက် ဖိတ်ခေါ်ခြင်း

Vol. 03 Ch. 124

တံခါးဝတွင် ဘန်ရှို၊ ဒင်ဇီနှင့် အခြားသူများသည် ဝပ်ထဲတွင် ဖြစ်ပျက်နေသည်များအား ကြည့်ပြီး အံ့အားသင့်လျက် ကြက်သေ သေနေကြသည်။ သက်လတ်ပိုင်းအမျိုးသမီးမှ ထန်ရှုအား ခနဲ့သည်နှင့်အတူ အခြား လူနာစောင့်များမှလည်း လှောင်ပြောင်ကြသည်ကို သူတို့တွေ့ခဲ့သည်။ သို့သော် ယခု အခြေအနေသည် ၁၈၀ဒီဂရီ ပြောင်းပြန် ဖြစ်သွားခဲ့သည်။

ဘော့စ်က တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။

သူတို့စိတ်လှုပ်ရှားနေကြပြီး ထန်ရှုအပေါ် ကြည်ညိုလေးစားမှုသည် ပိုမိုမြင့်တက်လာခဲ့သည်။ လူအနည်းငယ်မှသာ စွမ်းဆောင်နိုင်သော ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှ ဒုဆေးရုံအုပ်ကို ဖုန်းလေးတစ်ချက်ဖြင့် အပြေးလာနိုင်အောင် လုပ်နိုင်သည်ကို ကြည့်ပြီး ပိုမို လေးစားသွားရသည်။

ထိုခဏတွင်…

ထန်ရှု၏နောက်သို့ လိုက်ရသည့်ရည်ရွယ်ချက်သည် သူတို့၏ရင်ထဲတွင် ပိုမိုခိုင်မာလာခဲ့သည်။

သိပ်မကြာမီ…

ထန်ရှုသည် မိခင်၏ပစ္စည်းများအားလုံး သိမ်းဆည်းပြီးသွားသည်။ သူသည် ဘန်ရှိုတို့အား ခေါ်လိုက်ပြီး မိခင်အား ထိုင်နိုင်စေရန်အတွက် သတိကြီးစွာ ထူမပေးလိုက်သည်။ စုလင်းယွမ်သည် အံ့အားသင့်နေဆဲဖြစ်သည်။ သူမ၏သားဖြစ်သူအား သူမကိုယ်တိုင်ပင် မသိတော့သကဲ့သို့ ခံစားရသည်။ သူမ၏သားဖြစ်သူသည် တကယ်ပင် ဗွီအိုင်ပီဝပ်သို့ ပြောင်းရွှေ့နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့မိပါပေ။

အဆုံးတွင် စုလင်းယွမ်သည် သူမ၏အခြေအနေအား ပြန်လည်တည်ငြိမ်အောင် လုပ်ပြီး ထန်ရှုအား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်မိသည်။ ထို့နောက် လေသံနှိမ့်ကာ ပြောလိုက်သည်.

“သား… ဒီမှာ နေတာပဲကောင်းမယ်လို့ အမေထင်တယ်။ အမေ မသွားချင်..”

ထန်ရှုသည် စုလင်းယွမ်၏စကားအား ကြားဖြတ်ကာ ပြောလိုက်သည်။

“အမေ… ဟိုမှာက ပိုကောင်းပါတယ်။ ဒီမှာက လူများတော့ ဘန်ရှိုနဲ့ ဒင်ဇီအတွက် အမေ့ကို ဂရုစိုက်ဖို့ အဆင်မပြေဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်စကားကို နားထောင်ပါနော်အမေ။ ကျွန်တော် ဒါကို ဆောင်ရွက်ပါမယ်”

“ဒါ… ကောင်းပြီလေ”

လူအများရှေ့တွင်မို့ စုလင်းယွမ်သည် ထပ်မပြောတော့ဘဲ လက်ခံလိုက်သည်။ သူမ၏သားဖြစ်သူမှ လုပ်ဆောင်ပေးသော သားသမီးဝတ်ကြောင့် စုလင်းယွမ်သည် ရင်ထဲတွင် နွေးထွေးမှုကို ခံစားရလေသည်။

“တောင်းပန်ပါတယ်။ ငါ နောက်ကျသွားတယ်”

စိတ်လှုပ်ရှားနေသောအသံဖြင့် လီဟွန်ဂျီသည် တံခါးဝသို့ ရောက်ရှိလာပြီး ပြောလိုက်သည်။ သူ၏နဖူးထက်တွင် ချွေးများပင် စို့နေလေသည်။ သူသည် ဘေးဘီဝဲယာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်တို့သည် ထန်ရှုထံသို့ ရောက်ရှိသွားတော့သည်။

“ဆေးရုံအုပ်”

ဝပ်တာဝန်ကျဆရာဝန်များ၊ ဂေါင်ကျန့်မင်အပါအဝင် ဆေးရုံခေါင်းဆောင်များသည် လီဟွန်ဂျီအား တလေးတစား နှုတ်ဆက်လိုက်ကြသည်။

လီဟွန်ဂျီသည် ခေါင်းညိတ်ပြလိုက်ပြီး ထန်ရှုအား ရွှန်းရွှန်းစားစား ပြုံးပြကာ ပြောလိုက်သည်။

“မင်းက ထန်ရှုလား။ လူငယ်တွေကြားက သူရဲကောင်းထွက်ပေါ်တယ်ဆိုတာ တကယ်မှန်တာပဲ။ မင်းရဲ့ထင်ရှားတဲ့နာမည်က လူသိများတဲ့ ဂုဏ်သတင်းနဲ့အတူ ငါ့နားဆီကို မိုးကြိုးသွားသဖွယ်  ရောက်လာတယ်။ ငါက လီဟွမ်ဂျီပါ ဒီဆေးရုံရဲ့ဆေးရုံအုပ်ပါ”

“ဆေးရုံအုပ်လီ”

သူနှင့် ထူးခြားသော ဆက်ဆံရေးမရှိသောကြောင့် ထန်ရှုသည် ခေါင်းညိတ်ပြလျက် လီဟွန်ဂျီအား ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။

ဝပ်ထဲတွင် ရှိသောလူများ - အထူးသဖြင့် ခနဲ့တတ်သော လင်မယားသည် အလွန်တုန်လှုပ်သွားကြပြီး နေရာတွင်  ကြက်သေ သေလျက်ရှိနေကြသည်။ ဒုဆေးရုံအုပ်ကဲ့သို့ပင် ဆေးရုံအုပ်ကြီးကိုယ်တိုင်မှ အပြေးလာရောက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သူ၏ဖော်ရွေသောအမူအရာအား ကြည့်ခြင်းဖြင့် သူသည်လည်း ထန်ရှု၏မျက်နှာသာပေးမှုကိုရယူရန် လာဟန်တူသည်။ အခြားလူများ၏မျက်နှာသည် ကြည့်မကောင်းအောင် ရှုံ့တွနေကြသည်။ ထန်ရှုသည် ပြဿနာဟောင်းအား အစဖော်မည်ကို သူတို့ ကြောက်ရွံ့နေကြသည်။ သူသာ ဆေးရုံအုပ်ကြီးအား  ပြောလိုက်ပါလျှင် သူတို့သည် သေချာပေါက် ဆေးရုံမှ နှင်ထုတ်ခံရပေလိမ့်မည်။

ဘန်ရှို၊ ဒင်ဇီတို့အဖွဲ့ပင်လျှင် ဆေးရုံအုပ်ကြီးအား ကြက်သေသေလျက် ကြည့်နေကြသည်။ သူတို့၏စိတ်နှလုံးအား အတန်ကြာသည်အထိ တည်ငြိမ်အောင် မထိန်းနိုင်ခဲ့ကြပေ။

လီဟွန်ဂျီ မျက်မှောင်ကြုပ်သွားသည်။ သူသည် ထန်ရှု၏ထူးမခြားနားဟန်အား ဂရုမစိုက်ဘဲ ပြုံးကာ ပြောလိုက်သည်။

“ထန်ရှု… ငါ့ရဲ့ဂျူနီယာညီလေးက လွန်ခဲ့တဲ့ရက်တွေက  ကြယ်တာရာကို လာခဲ့တယ်။ သူ  အရှက်ရခဲ့တဲ့အကြောင်းကို ငါ့ အကုန်ပြောပြသွားတယ်။ မင်း အဲဒါကို သိချင်လား”

ထန်ရှု၏နဖူးတွန့်သွားပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

“နေ့စဉ်အကြောင်းတွေကို ပြောပြချင်ရင် ကျွန်တော့်အမေကို နေရာချထားပြီးတဲ့အထိ စောင့်ပေးပါ။ ကူညီချင်တယ်ဆိုရင်တော့ အခုစလိုက်တာ အကောင်းဆုံးပဲ။ ဆေးရုံအုပ်ကြီးလီရဲ့ ဂျူနီယာညီလေးအကြောင်းကိုတော့ ကျွန်တော် စိတ်လည်း မဝင်စားသလို သိလည်း မသိချင်ပါဘူးခင်ဗျ”

“ရှုအာ.. ဆေးရုံအုပ်ကြီးကို သား ဘယ်လို ပြောလိုက်တာလဲ”

စုလင်းယွမ်သည် ထန်ရှုအား အမြန်ဆူလိုက်သည်။ သူမ၏မျက်လုံးထဲတွင် ဆေးရုံအုပ်ကြီးသည် ကြီးမားသော ပုံရိပ်ရှိသူတစ်ယောက်ဖြစ်သည်။ ဆေးရုံအုပ်ကြီးမှ သိသိသာသာပင် ယဉ်ကျေးစွာ နှုတ်ဆက်နေသော်လည်း သူမ၏အဖိုးတန်သားကမူ သူ့အား မျက်နှာသာပင် မပေးချေ။

ဒီကောင်လေးတော့လား။ နေပစေဦး။ နောက်မှ ထပ်သင်ပေးရမယ်။

ထန်ရှုသည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းသာ ချလိုက်မိတော့သည်။ သူသည် လီဟွန်ဂျီအား ကြည့်ကာ ပြောလိုက်လေသည်။

“ကောင်းပါပြီ။ အဲဒါဆိုလည်း ဆေးရုံအုပ်ကြီး ပြောချင်တာ တစ်ခုခုရှိနေရင် ပြောပါ”

ကို့ယို့ကားယားနိုင်သော အမူအရာတစ်ချက် လီဟွန်ဂျီ၏မျက်နှာတွင် ဖြတ်ပြေးသွားပြီးနောက် သူသည် မချိပြုံးပြုံးကာ ပြောလိုက်သည်။

“ထန်ရှု… မင်းက ကျင်းမန်ကျွန်းဆေးပင်ဈေးမှာ မုချင်းဖျင်ရဲ့သမီးရောဂါကို ကုပေးလိုက်တဲ့ နတ်ဆေးသမားတော်ငယ်လေး မဟုတ်လား။ ဂူရှောင်ချုံးက ငါ့ရဲ့ဂျူနီယာပါ”

ဂူရှောင်ချုံးလား။

နတ်ဆေးသမားတော်၏တပည့်ဖြစ်သူက သူ့အား အကြိမ်များစွာ လှောင်ပြောင်ပြောဆိုပြီး အဆုံးတွင် သူသာ အရှက်ရသွားသည်ကို ထန်ရှု သတိရသွားသည်။ ထို့နောက် သူသည် ချက်ချင်း မေးလိုက်သည်။ “ကွေ့ကျန်ချုံက ခင်ဗျားရဲ့ဆရာပဲလား”

လီဟွန်ဂျီသည် ပျော်ရွှင်စွာ ဝန်ခံလိုက်သည်။

“ဟုတ်တယ်။ သူက တကယ်ကို ငါ့ရဲ့ဆရာပဲ”

ထန်ရှုက ပြောလိုက်သည်။

“ဆေးရုံအုပ်ကြီးရဲ့ဂျူနီယာညီလေး အကျင့်စရိုက်က မကောင်းဘူး။ အဲဒါကြောင့်မို့ပဲ ရလဒ်က သူ့ဘာသာသူပဲ အရှက်ရစရာဖြစ်သွားရတယ်။ သူ့ရင်ထဲမှာ ဒီအဖြစ်အပျက်ကို မှတ်ထားပြီး စွဲလန်းနေဦးမယ်ဆိုရင် ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ ကျေးဇူးပြုပြီး သူ့ကို ပြောပေးပါ။

ဆရာဝန်တွေ သမားတော်တွေအတွက် နက်နဲသိမ်မွေ့တဲ့သူတော်ကောင်းတရားကိုပဲ လက်ကိုင်ထားသင့်ပြီး စိတ်ကြီးဝင် ဘဝင်မြင့်တာတွေ၊ သဘောထားသေးသိမ်တဲ့အကျင့်တွေကို စွန့်လွှတ်သင့်တယ်ဆိုတာရယ်၊ နောက်ပြီး လူတစ်ယောက်ကို သူ့ရဲ့သွင်ပြင်ကို ကြည့်ပြီး ဘယ်တော့မှ ထပ်ပြီး ကောက်ချက်မချမိစေဖို့ရယ် အဲဒါလေး ပြောပေးပါဗျာ”

လီဟွန်ဂျီ အမူအရာ ပြောင်းသွားသည်။ ထိုစကားများမှတဆင့် ထန်ရှုသည် ကျင်းမန်ကျွန်းဆေးပင်ဈေး၌ မုချင်းဖျင်၏သမီးရောဂါကို ကုပေးလိုက်သည်မှာ သူဖြစ်သည်ဟု သွယ်ဝိုက် ဝန်ခံသွားကြောင်း သူပြောနိုင်ပေသည်။ စိတ်ဆိုးရမည့်အစား လီဟွန်ဂျီသည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မစ္စတာထန်… အမှန်တကယ်တော့ မုချင်းဖျင်ရဲ့သမီးရောဂါကို ငါလည်း စမ်းသပ်ဖူးတယ်။ ဒါပေမဲ့ သူမရဲ့အခြေအနေကိုပဲ ငါ ပြောနိုင်ခဲ့တယ်။ ပျောက်ကင်းကုနိုင်ဖို့ရော နည်းလမ်းရော ငါ့မှာ မရှိခဲ့ဘူး။ သူမကို မင်း ကုနိုင်လိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ အဲဒါကြောင့် ငါ့မှာ အရဲစွန့်ပြီး တောင်းဆိုစရာတစ်ခု ရှိတယ်။ ငါ့ရဲ့တောင်းဆိုချက်ကို မင်းလိုက်လျောနိုင်ပါ့မလားတော့ ငါ မသိဘူး”

ထန်ရှုသည် မျက်ခုံးများတွန့်သွားကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ပြောပါခင်ဗျ”

မျှော်လင့်ချက်တို့ ပြည့်နေသော မျက်နှာဖြင့် လီဟွန်ဂျီသည် ပြောလိုက်သည်။

“ငါတို့ဆေးရုံရဲ့ ဧည့်သမားတော်အဖြစ် ငါ မင်းကို အလုပ်ခန့်လို့ရမလား။ စိတ်မပူပါနဲ့။

ငါ မင်းကို အကောင်းဆုံးနဲ့ အမြင့်ဆုံးအရာတွေ ပေးမှာ…”

ထန်ရှုသည် လက်ကိုယမ်းကာ လီဟွန်ဂျီ၏စကားအား ဖြတ်ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး။ ကျွန်တော် စိတ်မဝင်စားပါဘူးဗျ။ ကျွန်တော်က ကျောင်းသားတစ်ယောက်ပဲ ဖြစ်ပြီး ကောလိပ်ဝင်ခွင့်လည်း မကြာမီ ဖြေဆိုရတော့မှာမို့ ဆေးရုံမှာ ဧည့်သမားတော်အဖြစ် လုပ်ပေးဖို့ အချိန်မရှိလို့ပါ”

“ဟင်”

အံ့သြသောအမူအရာနှင့်အတူ လီဟွန်ဂျီသည် ထန်ရှုအား ကြည့်လျက် သူ၏မျက်နှာထက်တွင် မယုံနိုင်သော အမူအရာ ဖြစ်ပေါ်လာသည်။

ထန်ရှုက ကျောင်းသားတစ်ယောက်လား။ ကောလိပ်ဝင်ခွင့်ကို ဖြေဆိုတော့မည့်ဆဲဆဲ အထက်တန်း ကျောင်းသားတစ်ယောက်တဲ့လား။

ဒါ… ဘယ်လိုဟာသကြီးလဲကွာ။

ဝပ်ထဲတွင် ရှိနေသော လူအားလုံးသည် လီဟွန်ဂျီ၏စကားအား ကြားပြီး အံ့သြတုန်လှုပ်လျက်

ရှိနေကြသည်။ လီဟွန်ဂျီမှ ထန်ရှုအား ထိုကဲ့သို့ တောင်းဆိုမှုတစ်ခုအား ပြုလုပ်လိမ့်မည်ဟု သူတို့ အနည်းငယ်မျှပင် မထင်ထားခဲ့မိကြပေ။

ဂေါင်ကျန့်မင်သည် ထန်ရှုအား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်ပြီး လီဟွန်ဂျီ၏အကျီၤစအား ဆွဲကာ တီးတိုးပြောလိုက်သည်။

“ဆေးရုံအုပ်… ခင်ဗျား နောက်နေတာလား။ မစ္စတာထန်ရဲ့အသက်က…”

လီဟွန်ဂျီသည် သူ၏ခေါင်းအား လှည့်ကာ ဂေါင်ကျန့်မင်အား စိတ်တိုစွာ ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“သူ့အသက်က ဘာအရေးလဲ။ သူ ငယ်လွန်းတယ်လို့ မင်း မြင်နေတာလား။ ငါကနေတဆင့် သူ ငါ့ရဲ့ဂျူနီယာညီလေးကို ပြောချင်နေတဲ့စကားကို မင်း မကြားလိုက်ဘူးလား။ ငါ့ရဲ့ဆရာ ဘယ်သူလဲဆိုတာ မင်း မသိဘူးမဟုတ်လား။ သူက နတ်ဆေးသမားတော် ကွေ့ကျန်ချုံ။ မင်းလည်း ဒီဆေးရုံမှာ နေတာ နှစ်၂၀ကျော်တော့မယ်။ ငါ့ဆရာနာမည်ကို မကြားဖူးဘူးလို့တော့ လာမပြောနဲ့။ သူ့ရဲ့တိုက်ရိုက်တပည့်၂ယောက်စလုံး မကုနိုင်တဲ့ရောဂါကို ထန်ရှုက ကုပေးနိုင်ခဲ့တယ်။ ကဲ… ငါ နောက်နေတယ်လို့ မင်း ထင်သေးလား”

“ဒါ…” ဂေါင်ကျန့်မင် ပြောစရာစကားမဲ့သွားခဲ့ရသည်။

မုချင်းဖျင်၏သမီး ခံစားနေရသည့် ထူးဆန်းသော ရောဂါအား  သူလည်း စမ်းသပ်ဖူးသည်။ လီဟွန်ဂျီ ပြောသည့်အတိုင်း သူသည်လည်း ထိုကလေးငယ်၏ရောဂါအား မကုသပေးနိုင်ခဲ့ပေ။

စုလင်းယွမ်တစ်ယောက်သာ သတိရှိနေဆဲဖြစ်သည်။ အစတွင် သူမသည် လီဟွန်ဂျီ ပြောသောစကားအား မယုံကြည်ခဲ့ဘဲ လေသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

“ဆေးရုံအုပ်… ကျွန်မရဲ့သားလေးက သမားတော်တစ်ယောက် မဟုတ်ပါဘူး… ရှင် အမှတ်မှားတာ ဖြစ်ပါလိမ့်မယ်”

လီဟွန်ဂျီသည် လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး။ ငါ အမှတ်မမှားပါဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ ကျင်းမန်ကျွန်းမှာ ရှိခဲ့တယ်။ ငါ့ ဂျူနီယာပြောတဲ့လူက သူပဲဖြစ်ရမယ်”

စုလင်းယွမ်သည် သူမ၏ခေါင်းအား လှည့်ကာ ထန်ရှုအား ကြည့်လိုက်ပြီး လေသံနှိမ့်ကာ  ပြောလိုက်သည်။

“ရှုအာ.. အမေ့ကို ပြောပါ။ လွန်ခဲ့တဲ့ရက်က ကျင်းမန်ကျွန်းသွားပြီး ဘာတွေလုပ်ခဲ့တာလဲ။ အမှန်အတိုင်း ပြောပါ”

သက်ပြင်း ကြိတ်ကာချလျက် ထန်ရှုသည် အားယူပြုံးကာ ပြောလိုက်သည်။

“အမေ… ကျွန်တော် အမှန်တော့ လွန်ခဲ့တဲ့၂ရက်က ကျင်းမန်ကျွန်းမှာ ရှိခဲ့ပြီးတော့  နေမကောင်းဖြစ်နေတဲ့ ကလေးတစ်ယောက်ကို ကျွန်တော့်ဘာသာ ကုသပေးလိုက်မိတယ်။ အရင်က အမေ့ကို မပြောဖြစ်ခဲ့ဘူးဆိုတာ ပြောဖို့မလိုအပ်ဘူးလို့ ကျွန်တော် ထင်လို့ပါ။ ကျွန်တော် ပျင်းလို့ ဘာမှ လုပ်စရာမရှိရင် ဆေးပညာစာအုပ်တွေ ကျွန်တော် လျှောက်လှန်ဖတ်လေ့ရှိတယ်။ ဒါပေမဲ့ အဲဒီစာအုပ်တွေထဲမှာ ပါတဲ့ အကြောင်းတွေက မှန်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။ အဲဒါကြောင့် အဲ့ကလေးကို မတော်တဆ ကုသပေးနိုင်ခဲ့တယ်”

ထိုသို့ ပြောပြီးနောက် သူသည် လီဟွန်ဂျီအား ကြည့်ကာ ဆက်ပြောလိုက်သည်။

“ဒီဟာကို အခုရပ်လိုက်ကြရအောင်။ ကျွန်တော့်အမေက ဒဏ်ရာ ရထားတာဆိုတော့ အနားယူဖို့ လိုအပ်တယ်”

လီဟွန်ဂျီသည် ထန်ရှုအား လေးနက်စွာ ကြည့်လိုက်သည်။ ထန်ရှုသည် သည်ဆေးရုံတွင် ဧည့်သမားတော်အဖြစ် လုပ်ရန် စိတ်မပါသည်ကို ထန်ရှု၏သဘောထားမှ သူ ပြောနိုင်သည်။ သူ၏မိခင်အား ရည်ရွယ်ချက်ရှိရှိ ရှောင်ဖြေသွားသည်ကို ကြည့်လျှင် သူသည် ဆေးပညာအရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်ကို မိခင်ဖြစ်သူအား အမှန်တကယ်ပင် မသိစေချင်သည့်ဟန်ရှိသည်။

အတွင်းလူနာဆောင်၏ဗွီအိုင်ပီဝပ်သည် သာမန်ဝပ်များထက် ပိုမိုအဆင့်အတန်း မြင့်မားလေသည်။ ကျယ်ဝန်းသော တစ်ယောက်အခန်းဖြစ်ရုံသာမက လူနာ၏ကျန်းမာရေးအား ဂရုစိုက်ရန် တာဝန်ပေးထားသော အထူးသူနာပြုများလည်း ရှိလေသည်။ သည်ဟာသည် လူနေမှုအဆင့်အတန်းလိုက် ခွဲခြားထားသော အရာတစ်ခုမှန်း ထန်ရှု ကာလရှည်ကြာစွာ သိထားပြီးဖြစ်သော်လည်း ထိုအဆင့်၂ခုကြားရှိ ကွာခြားချက်သည် ထိုမျှ ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပါချေ။

လီဟွန်ဂျီသည် အတွေ့အကြုံ ရင့်ကျက်သူပီပီ ထန်ရှုသည် သူ၏နောက်တွင် လူအများကြီး လိုက်နေသည်ကို မနှစ်သက်ကြောင်း သိသည့်အတွက် သူသည် ဆေးရုံမှ အခြားတာဝန်ရှိသူများအား ပြန်လွှတ်လိုက်ပြီး အတွင်းလူနာဌာန၏ဒါရိုက်တာကိုသာ ချန်ထားလိုက်သည်။ အရာရာ နေရာတကျဖြစ်သွားပြီးနောက် ထန်ရှု ဝပ်ထဲမှ ထွက်လာသောအခါ သူသည် အခွင့်အရေးယူပြီး ကော်ရစ်ဒါထောင့်၌ သူ၏တောင်းဆိုမှုအား လေးစားစွာ ထပ်မံပြောဆိုလိုက်သည်။

“ထန်ရှု…အယင်က မင်းစိတ်ထဲမှာ ဘာရှိမှန်း ငါမသိဘူး။ အဲဒါကြောင့် မင်းအမေရှေ့မှာ မပြောသင့်တဲ့စကားကို ငါ ပြောလိုက်မိတယ်။ မင်း စိတ်မဆိုးဖို့ ငါ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ငါ မင်းကို အနူးအညွတ်တောင်းဆိုချင်တာက ငါတို့ဆေးရုံမှာ ဧည့်သမားတော် လာရောက်လုပ်ပေးစေချင်တာပါပဲ။ မင်း ပုံမှန် မလာနိုင်ရင်တောင် ငါတို့ မဖြေရှင်းနိုင်တဲ့ ၊ မကုသနိုင်တဲ့ ရောဂါမျိုးရှိလာရင် ငါတို့ကို ကူညီပေးစေချင်တာပါ”

“ကျွန်တော့်မှာ တကယ် အချိန်မရှိလို့ပါဗျာ” ထန်ရှုသည် စိတ်မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

လီဟွန်ဂျီသည် အားယူပြုံးထားရသောအပြုံးဖြင့် ပြောလိုက်သည်။

“ထန်ရှု… အခုဆို ကောလိပ်ဝင်ခွင့် ဖြေဖို့ တစ်လတောင် မရှိတော့ပါဘူး။ အဲဒါပြီးသွားရင် ၂လအားလပ်ရက် ရှိလိမ့်မယ်။ မင်းအလုပ်ရှုပ်နေတဲ့အခါတွေဆိုရင် ငါတို့ အနှောင့်အယှက် မပေးပါဘူး။ အခုခေတ်မှာ ငါတို့ဆေးရုံကသမားတော်တွေ ဘာမှမတတ်နိုင်တဲ့ ရောဂါတွေ အများကြီး ရှိတယ်။ သမားတော်တစ်ယောက်အနေနဲ့ လူနာတွေ အဲ့လိုရောဂါဒဏ်ကို ခံစားနေရတဲ့အချိန်မှာ ဘာမှမလုပ်နိုင်ဘဲ စောင့်ကြည့်ရုံပဲ နေခဲ့ရတာတွေ၊ လူနာရှင်တွေရဲ့သောကတွေကို  မြင်နေရတာတွေက တကယ်ကို ငါတို့အတွက် စိတ်မသက်မသာမှုကို ခံစားရတယ်။ ဒီအဖိုးကြီးရဲ့ အနူးအညွတ်တောင်းပန်မှုကို သက်ညှာထောက်ထားပြီး မင်းအားတဲ့အချိန်တွေမှာ ငါတို့ဆေးရုံကို လာခဲ့ပေးရုံပါပဲ”

အနူးအညွတ် တောင်းပန်နေခြင်းလား။

ထန်ရှုပင် စိတ်ထဲ ဘဝင်မြင့်ချင်သွားမိသည်။ သည်အဖိုးကြီးသည် တကယ်ကို  ကောင်းမွန်သောစကားတို့ဖြင့် နားထဲဝင်အောင် ပြောဆိုနိုင်သည်။ သူ၏အမူအရာသည် ဟန်ဆောင်နေခြင်း အလျဉ်းမရှိသောကြောင့် ထန်ရှုပင် မည်သို့ ငြင်းဆန်ရမည်မသိ ဖြစ်သွားရသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“တစ်လတစ်ကြိမ်။ အချိန်ကိုတော့ ကျွန်တော့်ဘာသာ စီစဉ်ပါမယ်”

လီဟွန်ဂျီသည် အလျင်စလို ပြောလိုက်သည်။

“တစ်လ သုံးကြိမ်။ ၁၀ရက်တိုင်း တစ်ခါ”

ထန်ရှုသည် ထိုအဖိုးအိုအား စိုက်ကြည့်လိုက်မိတော့သည်။ မိခင်ဖြစ်သူသာ သည်ဆေးရုံတွင်  ဆေးရုံမတက်နေပါက၊ သူတို့၏ယဉ်ကျေးပျူငှာမှုသာ မရှိခဲ့ပါက ထန်ရှုအနေဖြင့် သည်အဖိုးအိုအား ဂရုစိုက်ရန်အတွက်ပင် စိတ်ပါလိမ့်မည်မဟုတ်ပါချေ။ စက္ကန့်အနည်းငယ် ကြာအောင် စဉ်းစားနေပြီးမှ သူ ပြောလိုက်သည်။

“တစ်လ နှစ်ကြိမ်။ အချိန်ကတော့ ကျွန်တော့်ဘာသာ လုပ်မယ်။ အဲဒါမှ အဆင်မပြေရင်တော့ ဒါကို မေ့လိုက်ပြီး ကျွန်တော့်ကို အနှောင့်အယှက် မပေးပါနဲ့တော့”

လီဟွန်ဂျီသည် စိတ်ထဲတွင် ပျော်ရွှင်သွားသည်။ ထိုတစ်လနှစ်ကြိမ်အချိန်ဇယားတွင် အရာရာကို အသုံးပြုရန်အတွက် သည်အခွင့်အရေးအား ယူရန် စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။ သူ၏မျက်နှာထက်တွင် တောက်ပသော အပြုံးနှင့်အတူ သူ ပြောလိုက်သည်။

“ငါ့ရဲ့အိုင်ဒီကတ် မင်းကို ပေးထားမယ်။ အာ… စကားမစပ် မင်းမှာ ဆေးကုသဖို့အတွက် ဆေးလက်မှတ် ရှိလား”

ထန်ရှု ထူးမခြားနားဟန်ဖြင့် တုံ့ပြန်လိုက်သည်။

“ကျွန်တော်က ကျောင်းသားတစ်ယောက်လို့ မပြောခဲ့ဘူးလား။ အဲဒါအပြင် ဘာကြောင့် ကျွန်တော်က ရှိသင့်တာလဲ။ အနာဂတ်မှာ ကျွန်တော်က သမားတော်တစ်ယောက်မှ မဖြစ်ချင်တာ”

“အမ်…”

လီဟွန်ဂျီသည် တိတ်ဆိတ်စွာ မချိပြုံး ပြုံးလိုက်သည့််နည်းတူ သက်ပြင်းတစ်ချက်ပါ ခိုးချလိုက်လေသည်။ ပါရမီရှင်များသည် တကယ်ကို သူတစ်ပါးထက် ထူးခြားကြပေသည်။ သို့သော်လည်း သူသည် အတူလိုက်ပါလျက် ကို့ရို့ကားယား အပြုံးနှင့် ပြောလိုက်သည်။

“မင်းမှာ မရှိဘူးဆိုရင် ငါ့ဘာသာပဲ မင်းအတွက် လုပ်လိုက်ပါမယ်။ ဒါပေမဲ့ အဲဒါက အချိန်တော့ ယူလိမ့်မယ်။ အခုခေတ်ကြီးက အစစအရာရာ ဒီပလိုမာနဲ့ အောင်လက်မှတ်တွေအပေါ် အခြေခံတယ်။ ဒီဟာတွေ ရှိထားတဲ့လူတစ်ယောက်က လူမှုအသိုင်းအဝိုင်းနဲ့ ရောယှက်ဖို့ ပိုမိုလွယ်ကူတယ်”

***

All Chapters