လှုံ့ဆော်နေသော လူအုပ်ကြီး
Vol. 03 Ch. 125
တစ်ခဏမျှ အံ့အားသင့်သွားပြီး ထန်ရှုသည် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ရုတ်ခြည်းပင် သူသည် စာတစ်ကြောင်းအား သတိရသွားသည်။
“စာရွက်စာတမ်းတွေနဲ့ အောင်လက်မှတ်တွေရှိခြင်းက လူတစ်ယောက်ကို ကမ္ဘာအနှံ့ကို ခရီးသွားနိုင်ဖို့ လွယ်ကူစေလိမ့်မယ်”
ထိုစာကြောင်းသည် သည်စာကြောင်းမှ ပြောင်းလဲဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ပိုက်ဆံရှိခြင်းသည် ကမ္ဘာအနှံ့ကို အလွယ်တကူ ခရီးသွားနိုင်မည်ဖြစ်ပြီး ပိုက်ဆံမရှိပါက သင်သည် မည်သည့်နေရာမှ မရွေ့လျားနိုင်ပေ”
သည်ဟာသည် တကယ့်လောကအစစ်အမှန်ရှိ လူမှုရေးစာရွက်စာတမ်းများ၏ အရေးပါမှုကို ဖော်ပြလိုက်သော ပွင့်လင်းမြင်သူမှုရှိသည့် ရှင်းလင်းချက်ပင်ဖြစ်ပေတော့သည်။
သည်ခေတ်ကြီးထဲတွင် မျက်နှာကို ကြည့်ရန် လိုရုံသာမက အောင်လက်မှတ်ကိုလည်း ကြည့်ရန်လိုပေသည်။
“အဲဒါဆို ဆေးရုံအုပ်လီ ဆောင်ရွက်ပေးမယ်ဆိုတော့ ကျွန်တော် အဲဒါအတွက် စိတ်မပူတော့ဘူး။ သတင်းကိုပဲ စောင့်နေပါမယ်”
ထန်ရှုသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်ပြီး လီဟွန်ဂျီအား ပြန်တော့ရန် အရိပ်အယောင် ပြလိုက်သည်။
လီဟွန်ဂျီသည် ထန်ရှု၏အမူအရာအား ကြည့်ပြီး ရင်ထဲတွင် မချိပြုံး ပြုံးလိုက်သည်။ သူ့အကြောင်းကို စဉ်းစားကြည့်မည်ဆိုပါက ကျော်ကြားသော နတ်ဆေးသမားတော်၏တိုက်ရိုက်တပည့်၊ ကြယ်တာရာတိုင်းရင်းဆေးရုံကြီး၏ ဆေးရုံအုပ်၊ ဆေးပညာလောကမှ ကျွမ်းကျင်သူများနှင့် ပါမောက္ခ
များ၏ ဆရာတစ်ယောက် ထိုသို့သော ဂုဏ်ပုဒ်များနှင့် ပြည့်စုံသောသူသည် ထန်ရှုရှေ့တွင် ရွေးချယ်စရာမရှိဘဲ မာန်လျော့ရလေသည်။ ထိုအရာသည် မမျှော်လင့်ထားသောအရာဖြစ်သည်။
ဘယ်လောက်တောင် နာကျင်ရတဲ့ သောက်ကျိုးနည်းဖြစ်ရပ်ကြီးလဲ...
သူ၏စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်းတို့တွင် အောင်မြင်မှုတစ်ခု ရထားသော်လည်း လီဟွန်ဂျီ၏စိတ်နှလုံးသည် ထိုကဲ့သို့ ထီမထင်သော အပြုအမူ၊ အပြောအဆိုအား ပေါက်ကွဲထွက်ရန် ခံနိုင်ရည်မရှိသေးချေ။
လီဟွန်ဂျီနှင့် အတွင်းလူနာဌာန၏ဒါရိုက်တာတို့ ပြန်သွားပြီးနောက် ထန်ရှုသည် ဘန်ရှို၊ ဒင်ဇီနှင့် အခြားသူများအား တစ်ဖန် ကြည့်လိုက်သည်။ ထို့နောက် သူသည် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“အခု… ကျွန်တော့်ကို ဖြစ်ပျက်သမျှ အသေးစိတ် ပြောပါ။ တိုင်လုံနဲ့ ဘယ်လို ပြဿနာဖြစ်တာလဲ။ သူက ကျွန်တော့် အမေကိုတောင်မှ ရိုက်ရဲတယ်ပေါ့ဟုတ်လား”
ဘန်ရှို၏မျက်နှာထက်တွင် ဒေါသထွက်လာသည့်အမူအရာပေါ်လာပြီး ပြန်ပြောင်းပြောပြသည်။
“မနေ့က နေ့လယ်လောက်ကပေါ့… ငါတို့တွေ စားသောက်ဆိုင်မှာ ကူလုပ်နေကြတယ်။ စားသုံးသူတွေက များတော့ လူတန်းကြီးကလည်း အရှည်ကြီး ဖြစ်နေတာ။ အဲဒီမှာ တိုင်လုံက သူ့လူအနည်းငယ်နဲ့ ရောက်လာပြီး စားသောက်နေကြတဲ့သူတွေကို ငါတို့ကို မောင်းထုတ်ခိုင်းတယ်။ သူဌေးက အဲ့လိုမလုပ်ချင်ဘူးလေ။ အဲဒါနဲ့ပဲ တိုင်လုံက လူတွေကို စရိုက်တော့တာပဲ။ အဲဒီအချိန်မှာ ငါတို့က စားသောက်ဆိုင်အတွင်းထဲ ရောက်နေကြတော့ သူတို့ကို မချရသေးဘူး။ ဒါပေမဲ့ သူဌေးက ဒဏ်ရာရသွားတယ်”
“နောက်တော့ သူတို့က စားသုံးသူအားလုံးကို မောင်းထုတ်လိုက်ကြပြီး ဆိုင်ကို စတင်ဖျက်ဆီးတော့တာပဲ။ ငါတို့ သူဌေးကို ဆေးရုံပို့ပြီး နေ့စဉ်လိုအပ်တာတွေ ထွက်ဝယ်ဖို့ လုပ်ခဲ့တယ်။ ရှေ့တံခါးမှာတင် လူ၂၀ကျော် ဝိုင်းတိုက်ခိုက်တာ ခံရပြီး ဒဏ်ရာတွေရပြီး ငါတို့လည်း ဆေးရုံပြန်ရောက်သွားရတယ်”
အဲဒီတိုင်လုံက သူဌေးက သူ့ကို တောင်းပန်ပြီး အရိုအသေမပေးရင်၊ ပြီးတော့ သူစိတ်ကျေနပ်အောင် နစ်နာကြေးမပေးရင် ငါတို့ကို တစ်သက်လုံး ဆေးရုံကနေ မပြန်ရအောင် လုပ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်။ ငါတို့ ဆေးရုံကနေ ခြေတစ်လှမ်းခွာတာနဲ့ သူတို့က ပြင်းပြင်းထန်ထန် ရိုက်ကြလိမ့်မယ်။ ဒင်ဇီ တစ်ခါထွက်ဖို့ ကြိုးစားတာ အရိုက်ခံလိုက်ရတယ်လေ”
ထန်ရှုသည် အလွန်ဒေါသထွက်စွာဖြင့် ရယ်လိုက်ပြီး ထပ်ကာ ထပ်ကာ ပြောလိုက်သည်။
“ကောင်းတယ်။ ကောင်းတယ်။ သိပ်ကိုကောင်းတယ်။ သူတို့က တကယ်ကို လုပ်ပစ်ချင်စရာကောင်းတဲ့ အကောင်တွေပဲ။ သူတို့က တစ်ကြိမ် အနိုင်ကျင့်ပြီးတာနဲ့ မမျှော်လင့်စွာ ထပ်ကာထပ်ကာ အနိုင်ကျင့်ချင်နေတော့တာပဲ။ ခင်ဗျားတို့တွေ ဆေးရုံမှာ ကောင်းကောင်းမွန်မွန် နေလိုက်ကြဦး။ တိုင်လုံရဲ့ပြဿနာ ကျွန်တော် ရှင်းလိုက်မယ်”
ဘန်ရှို အမြန် ပြောလိုက်သည်။
“ဘော့စ် မင်း သတိထားသင့်တယ်။ ဘော့စ်က အလွန်စွမ်းအားကြီးပြီး မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က အံ့မခန်းဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ တိုင်လုံမှာ နက်ရှိုင်းတဲ့ အမြစ်တွေရှိတယ်။ ငါ တစ်ယောက်ကို အနားဝန်းကျင် စုံစမ်းခိုင်းထားတယ်။ သူက ကြယ်တာရာမှာ အတော် စွမ်းအားကြီးပြီး လွှမ်းမိုးနိုင်မှု ရှိတယ်။ သူက အလုပ်သမား ကန်ထရိုက်တာ အကြီးအကဲတစ်ယောက်တင်မကဘူး သူ့အောက်မှာ လူမိုက်အဖွဲ့လည်း ရှိတယ်။ အဲဒီလူတွေက မြေအောက်လောကအနေနဲ့ အဆက်အသွယ်ရှိကြတယ်”
ထန်ရှုသည် မျက်စိစွေကာ ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“သူ အမှန်တကယ် သန်မာရင် ကျွန်တော့်ကို အဖော်လုပ်ပြီး ကစားလို့ စိတ်ကျေနပ်စေလိမ့်မယ်။ ခင်ဗျား သိပ်မစိုးရိမ်ပါနဲ့။ ဒီကမ္ဘာမှာ ထန်ရှုကို ကြောက်အောင် လုပ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိလိမ့်မယ်”
သူ စိတ်ကြီးဝင်နေခြင်းမဟုတ်ပါ။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ပိုမိုအခြေကျအောင် ကျင့်ကြံရဦးမည် ဖြစ်သော်လည်း သူ၏သတ်ဖြတ်မှုစွမ်းရည်သည် သူသာ ပထမ မဟုတ်ဟုသာ ပြောခဲ့ပါက သူတို့သည် ဒုတိယဟု မည်သူမျှ မပြောရဲလောက်အောင် စွမ်းဆောင်နိုင်ပေသည်။ တိတ်တဆိတ်သတ်ဖြတ်မှုစွမ်းရည်ဆိုရာတွင် အဆောင်စာရွက်များနှင့် သတ်ဖြတ်ခြင်းသာမက ရန်သူထောင်ပေါင်းများစွာအား သူ၏ သိမ်မွေ့လှသော အဆိပ်ပညာဖြင့် သတ်နိုင်ပေသည်။ သူသည် အင်မော်တယ် ကမ္ဘာတွင် ဦးတည်ချက်မရှိဘဲ လျှောက်သွားနေစဉ်က
အောက်ခြေလူမှုအဖွဲ့အစည်းမှ မရေမတွက်နိုင်သော လှည့်ကွက်များနှင့် နည်းများကို အသုံးပြုသော ထိုကဲသို့ ရှေးရိုးအစဉ်အလာ ဆန့်ကျင်သည့်လူများနှင့် ရောနှောနေခဲ့ဖူးသည်။
“တိုင်လုံရဲ့သတင်းအသေးစိတ် ကျွန်တော့်ကို ပေးပါ”
“အိုကေ..”
၁၀မိနစ်ကြာပြီးနောက် ထန်ရှုသည် တိုင်လုံ၏သတင်းအပြည့်အစုံအား ရသွားတော့သည်။ သူသည် ခံစစ်သမားတစ်ယောက်မဟုတ်ဘဲ ရန်သူများအား ဖြိုခွင်းရန် လက်ဦးမှု ရယူတတ်သူဖြစ်သည်။ ထိုဟာသည် ထန်ရှု၏စတိုင်ဖြစ်ပေသည်။
အတွင်းလူနာဆောင်မှ ထွက်လာပြီးနောက် သူ့တွင် ကားမရှိသောကြောင့် ထန်ရှု အတော်ခေါင်းကိုက်သွားသည်။ သည်ပြဿနာအား ကားမရှိပါက ဖြေရှင်းရန် အတော် အဆင်မပြေလှပါပေ။ ထို့ကြောင့် သူသည် ကောလိပ်ဝင်ခွင့်ဖြေဆိုပြီးပါက ကားမောင်းလိုင်စင်ရရန် လုပ်ဆောင်မည်ဟု တွေးလိုက်သည်။
“ဟင်”
ထန်ရှု ဆေးရုံ၏ဝင်ပေါက်မှ ထွက်လာသောအခါ သူ၏ထက်မြက်လှသောအာရုံသည် ပတ်ဝန်းကျင်တွင် အမှတ်တမဲ့ လှုပ်ရှားနေကြသော လူငယ်အချို့၏တည်ရှိမှုအား သိရှိသွားသည်။ သူတို့သည် သူ့အား ကြည့်နေကြသည်။ ဆံပင်များ အရောင်ဆိုးထားကြပြီး ပုံမှန်မဟုတ်သော သရုပ်ပျက်အဝတ်အစားများ ဝတ်ထားကြသည်။ နံပါတ်တုတ်နှင့် အခြားလက်နက်များကဲ့သို့ သိသာသော လက်နက်များနှင့် သူတို့၏ဂျက်ကတ်များထဲတွင်လည်း တစ်စုံတစ်ခု ရှိနေဟန်တူသည်။
“သူတို့ပဲ ဖြစ်ရမယ်”
ထန်ရှု၏မျက်နှာသည် အေးစက်သွားပြီး သူသည် လူမိုက်အဖွဲ့ထဲမှ တစ်ယောက်အား အမြန်ဖြတ်ကျော်လိုက်ပြီး ပိတ်ရပ်လိုက်သည်။
“ဟေး.. ဒီကိုလာပါဦးကွ”
ထန်ရှုသည် ထိုသူ၏အရှေ့ ၆မီတာ ၇မီတာအကွာတွင် ရပ်ကာ သူ၏လက်ခလယ်လက်ချောင်းအား ထောင်ပြကာ လှောင်ပြောင်လိုက်သည်။
ထိုလူရွယ်သည် ဆံအပင်အရှည်အား ခရမ်းခဲရောင် ဆိုးထားပြီး သူ၏နားတွင် နားကွင်းများ တပ်ဆင်ထားသည်။ သူသည် ရုပ်ချောသူမဟုတ်ဘဲ သူ ဖြတ်သန်းလာသော ဘဝသမိုင်းကြောင်းအား ပြနေသော ဒဏ်ရာအမာရွတ်များရှိသည်။ သူ့ထံမှ အော်ဂလီဆန်စရာအကောင်းဆုံးအရာသည် အနံံ့ပြင်းထန်သော ရေမွှေးအား ဆွတ်ထားပြီး အလှမျက်မှန်တပ်ထားခြင်းပင် ဖြစ်သည်။
“ခွေးမသား…ဘယ်သူကို ခေါ်နေတာလဲ” ထိုလူရွယ်သည် ထန်ရှုအား စိုက်ကြည့်လိုက်ပြီး ကြိမ်းမောင်းလိုက်ကာ ထန်ရှုဆီ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
ထန်ရှုသည် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ငါ လူမှားပြီး မရိုက်ချင်ဘူး။ အဲဒါကြောင့် မင်းကို မေးချင်တယ်။ မင်းက တိုင်လုံရဲ့လက်ကိုင်ခွေးလား။ ဟုတ်တယ်ဆိုရင် မင်းလူတွေ ခေါ်ပြီး ငါ့နောက်လိုက်ခဲ့ပါ”
တစ်ခဏမျှ ထိုလူရွယ်သည် ကြောင်ကာ ကြည့်နေပြီး ချက်ချင်းပင် သူသည် ရိုင်းရိုင်းပျပျ ရယ်မောလိုက်ကာ သူ့နောက်မှ လူရွယ်များအား
“ညီအစ်ကိုတို့ရေ… ဒီခွေးမသားလေး ပြောတာ ကြားလိုက်လား။ သူက ငါတို့ကို သူ့နောက်ကို လိုက်စေချင်နေတယ်။ ဟား..ဟား..ဟား. မင်းပြောတာ သောက်ကျိုးနည်းကို မှန်တယ်။ ဒီဖေဖေကြီးက အစ်ကိုကြီးလုံရဲ့လူပဲ။ မင်းလို အရူးအပေါက အစ်ကိုကြီးလုံကို မသိတာမဖြစ်နိုင်ဘူးမဟုတ်လား။ မင်း ဦးနှောက်ကောင်းသေးရင် ငါတို့ကို ဒူးထောက်တောင်းပန် အရိုအသေပေးပြီး အဖိုးလို့ အော်လိုက်စမ်း”
“ဆေးရုံရှေ့ဂိတ် ဒီနေရာက မင်းတို့အတွက် ကောင်းတဲ့ကံတွေ ရှိတယ်”
ထန်ရှု သရော်လိုက်သည်။
ထိုလူရွယ်သည် မျက်လုံးပြူးသွားသည်။ သူသည် ထန်ရှုအား ကျပ်မပြည့်သူပမာ ကြည့်လိုက်သည်။ သည်ပတ်ဝန်းကျင်တွင် လူအယောက်၂၀မက ရှိပြီး ထိုသူများသည် လှောင်ပြောင်လျက်၊ ရယ်မောလျက်၊ ပျက်ရယ်ပြုလျက်ဖြစ်နေသည်။ သူတို့သည် ထူးဆန်းသည်ဟု ခံစားရပြီး ထန်ရှုသည် စိတ်ရောဂါရှိသော လူနာတစ်ယောက်ဖြစ်ကာ ဆေးရုံမှားကာ လာသည်ဟု ထင်လေသည်။
“ယို ကြွက်စုတ်… စိတ်ရောဂါဆေးရုံက အရှေ့ပိုင်းအပြင်ဘက်ဝင်းထဲမှာ ရှိတယ်။ ဒါက တရုတ်ဆေးပညာဆေးရုံ။ မင်းဦးနှောက်က သေလောက်အောင် မကောင်းနေရင် မင်း စိတ်ရောဂါဆေးရုံကို အမြန်သွားသင့်တယ်။ အမြန်ထွက်သွား.. ဒီဖေဖေကြီးက မင်းလိုအရူးအပေါကို ရိုက်ဖို့ စိတ်မဝင်စားဘူး”
ထိုသူတို့အား ဒေါသထွက်နေမှုအရ ထန်ရှုသည် သူ့အား လူမြင်ကွင်းတွင် ရိုက်ရန် လှုံ့ဆော်လေသည်။ ထို့နောက် သူသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“မင်းတို့အားလုံးသာ စိတ်မနှံ့တဲ့ကောင်တွေ။ မင်းတို့တစ်မိသားစုလုံးလည်း ပိုးဆိုးပက်ဆက် ရူးနေကြသူတွေချည်းပဲ။ မင်းတို့အားလုံး ဒေသတွင်း လူဆိုးဂိုဏ်းဝင်တွေမဟုတ်လား။ မင်းတို့လူဆိုးဂိုဏ်းရဲ့ဘိုးဘေး၁၈ဆက်လည်း သောက်ရူးတွေချည်းပဲ”
“ဘာကွ”
လူရွယ်သည် စိတ်တိုသွားသည်။ အခြားလူမိုက်များသည်လည်း တစ်ယောက်ကို တစ်ယောက်စိတ်ပျက်ဟန်ဖြင့် ကြည့်နေကြသည်။ ထန်ရှုသည် သူတို့အား ဆဲဆိုရဲလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ပါချေ။ စက္ကန့်ဝက်မျှ ကြာသွားပြီး ပဲနို့ဗူးသောက်နေသော လူရွယ်သည် ဗူးအား ခြေလိုက်ကာ ထန်ရှုဆီ ပစ်လိုက်ပြီး ထန်ရှုဆီ ပြေးလာကာ လှမ်းကန်လိုက်သည်။
“ဟမ့်…”
ထန်ရှုသည် သူ့ဆီပစ်ဝင်လာသော ပဲနို့ဗူးအား လွယ်ကူစွာ ရှောင်လိုက်သည်။ သတ်ဖြတ်ချင်စိတ်သည် သူ၏ရင်တွင်းမှ ဒေါသတကြီး ဖြစ်ပေါ်နေသည်။ သူ၏ခြေထောက်သည် လေထဲဝဲသွားကာ နောက်လှည့်ကန်လိုက်သည်။ သူ၏အရှိန်သည် ထိုလူရွယ်ထက် မြန်နေသောကြောင့် ထိုသူ၏ရင်ဘတ်အား တန်းကန်မိလိုက်သည်။
“ဘုန်း…”
ထိုလူရွယ်၏ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် ပန်းထွက်သွားသည်။ သူ၏မျက်လုံးများသည် ဖြူဖွေးသွားပြီး ၇မီတာ၊ ၈မီတာခန့် မြှောက်တက်သွားသည်။ ထန်ရှုသည် ထိုသူအား သေအောင် မကန်လိုက်သော်လည်း သူ၏ကန်ချက်သည် ထိုလူအား အတွင်းဒဏ်ရာများစွာ ဖြစ်စေလိမ့်မည့်အပြင် မြေပြင်နှင့် ရိုက်မိသောကြောင့် သတိလစ်သွားတော့သည်။
၂၀ယောက်မကသော လူငယ်များသည် ကြက်သေ သေကာ ကြည့်နေမိသည်။ သူတို့၏အဖော်သည် ထန်ရှု၏လက်ချက်ဖြင့် လွယ်ကူစွာ ကိုင်ပေါင်ခံလိုက်ရကာ သတိလစ်သွားပြီဖြစ်သည်။ သို့သော် လက်သီးနှစ်လုံးသည် လက်၄ဘက်အား ဆန့်ကျင်ရန် ခက်ခဲသည်ဆိုသည့်စကားအတိုင်း ထန်ရှုသည် ခွန်အား အနည်းငယ်ရှိသော်လည်း သူတို့အားလုံး၏တိုက်ခိုက်မှုအား ခံနိုင်မည်မဟုတ်ဟု တွေးမိသည်။
“အားချင်း၊ ဟူကျိုင်၊ တာ့ဒေါင်၊ ရှောင်ယန်… မင်းတို့၄ယောက် ဒီကောင့်ကို ဆုံးမလိုက်ကြစမ်း။ သူက ငါတို့ညီအစ်ကိုတောင် ရိုက်ရဲတယ်။ သူ ဘယ်လောက်ထိ ခံနိုင်ဦးမလဲဆိာ ငါ သိချင်သေးတယ်”
အသက်၃၀ကျော်လူသည် အနီးနားတွင် မှီကာ ရပ်နေရင်း သူ့အဖွဲ့ထဲမှ လူအချို့အား လက်ညှိုးထိုးလိုက်ကာ ထန်ရှုအား သင်ခန်းစာပေးရန် ပြောလိုက်သည်။
“သေပေတော့”
လူငယ်၄ယောက်သည် သူတို့၏ဂျက်ကတ်ထဲမှ ပိုက်လုံးတစ်ချောင်းစီအား ဆွဲထုတ်လိုက်ကာ ထန်ရှုအား ဝန်းရံလိုက်ကြသည်။
“မင်းတို့ ကိုယ့်ကိုကိုယ် အထင်ကြီးနေကြတာပဲ”
ထန်ရှု ခြေတစ်ချက်လှုပ်လိုက်သည်နှင့် အားချင်းရှေ့ ရုတ်တရက် ပေါ်လာကာ သူ၏လက်သီးသည် အားချင်း၏မျက်နှာအား ထိုးနှက်လိုက်သည်။ လက်သီး၏ဒဏ်ကြောင့် အားချင်း၏သွားအချို့ ကျွတ်ထွက်ကုန်ပြီး ထန်ရှုသည် သူ့အား လေတွင် ဝဲသွားအောင် ကန်လိုက်သည်။ ကျန်သည့်၃ယောက်၏ပိုက်လုံးအား လွယ်ကူစွာ ရှောင်လိုက်ပြီး ထန်ရှုသည် ဖြောင့်လက်သီးများ၊ လက်ဝါးစောင်းခုတ်ချက်များနှင့် မိုးပျံကန်ချက်များဖြင့် ထန်ရှုသည် အရိုးရှင်းဆုံးနည်းအား အသုံးပြုသည်။ ပထမလှုပ်ရှားမှုမှသည် ဆက်တိုက်လှုပ်ရှားသွားလိုက်ရာ ဒီ၃ယောက်အား မြေပေါ်သိပ်ရန် ၅စက္ကန့်ပင် မကြာလိုက်ချေ။ ထို့အပြင် သူသည် သူ၏လှုပ်ရှားမှုအား ပြင်းထန်ရက်စက်စွာ သုံးခဲ့သောကြောင့် လူတိုင်းသည် အရိုးများ ကျိုးကုန်ကြသည်။
၃၀ကျော်လူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ ထန်ရှုပြလိုက်သော အံ့အားသင့်စရာ လှုပ်ရှားမှုအား ကြည့်ပြီး ဒေါသည် မြင့်တက်လာခဲ့သည်။ သူသည် ထန်ရှုဆီ ပြေးသွားရင်း အေးစက်စွာ အော်လိုက်သည်။
“ဒီကောင့်ကို ဝိုင်းတိုက်ကြအောင်။ အချိန် မဖြုန်းကြနဲ့တော့”
ထန်ရှုသည် မျက်တောင်တစ်ချက်မခတ်ဘဲ သူ၏လှုပ်ရှားမှုအား ပိုမိုမြန်ဆန်စွာ ရွေ့လျားလိုက်သည်။
လှုပ်ရှားသက်ဝင်နေသော ပွဲတစ်ခုအား ဝိုင်းအုံကြည့်တတ်သည်မှာ လူ့သဘာဝပင်ဖြစ်သည်။ ယခုလည်း ထန်ရှုသည် လူအယောက်၂၀ကျော်နှင့်တိုက်ခိုက်နေသောမြင်ကွင်းသည် ဖြတ်သွားဖြတ်လာများအား ရပ်ကာ ကြည့်နေရသည်အထိ ဖမ်းစားထားသည်။ ထန်ရှုသည် လူ၅ယောက်အား လွယ်ကူစွာ လှဲသိပ်လိုက်ပြီး လူအများသည် အံ့သြကုန်ကြပြီး အယောက်၂၀မက လူမိုက်အုပ်စုကြီးမှ လက်နက်များဖြင့် ထန်ရှုဆီ ချဉ်းကပ်လာသည်ကို မြင်ရသောအခါ သူတို့သည် ထိတ်လန့်သွားကြကုန်သည်။ သူတို့သည် ထန်ရှုအတွက် စိတ်လှုပ်ရှားစွာဖြင့် ရင်တထိတ်ထိတ် ကြည့်နေကြသည်။
“ဒီလူငယ်လေးက တကယ်ကို ကံမကောင်းတာပဲ။ ဒီလူအုပ်ကြီးကို သူ ဘယ်လို လုပ်နိုင်တော့မှာလဲ”
“ဒီလူမိုက်တွေက အတော်ဆိုးတာပဲ။ ဆေးရုံဂိတ်ရှေ့မှာတောင် မကောင်းမှု လုပ်နေကြတယ်။ တရားဥပဒေအရ အပြစ်ပေးမှာ မကြောက်ဘူလားမသိဘူး”
“ဒါမျိုး မနက်ကလည်း ဖြစ်သေးတယ် မင်းတို့မသိဘူးလား။ ဆေးရုံထဲက ထွက်လာတဲ့သူကို ဆီးရိုက်တာလေ။ ဆေးရုံကလည်း ဒါမျိုးကျ မလှုပ်ရှားဘူး”
“သူတို့ ဘယ်လို လှုပ်ရှားမလဲ။ ဆေးရုံထဲမှာ မဟုတ်ဘူး။ ဆေးရုံအပြင်မှာ ဖြစ်ကြတာလေ။ လုံခြုံရေးနဲ့ ရဲတွေ လာတော့ သူတို့က ထွက်ပြေးပြီး အငှားကားနဲ့ ရှောင်ကြတာလေ”
“ဒီကလေး တိုက်ခိုက်ရည်ကောင်းပေမယ့် လူ၂၀ကျော်ကြီးကျ ဘယ်လိုချနိုင်မှာလဲ။ ငါ တကယ် ဝင်ကူပြီး အဲ့ကောင်တွေ မောင်းထုတ်လိုက်ချင်တော့တယ်”
“…”
ထန်ရှု၏ လှုပ်ရှားမှုသည် အလွန်မြန်သည်။ သူ၏ရွေ့လျားမှုသည် အလင်း၏အလျင်နှုန်းဖြင့် ရွေ့လျားပြီး ထိုသူများ၏ချက်ကောင်းများအား မြန်ဆန်ပြင်းထန်လှသော လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏ခွန်အား ၁၀%သာ သုံးထားသော်လည်း ထိုအားသည် လူမိုက်အဖွဲ့အား မိနစ်ဝက်ပင် မကြာလိုက်ပဲ လှဲသိပ်ရန် လုံလောက်သည်။ ကိုယ်ခံပညာရှိသောလူမိုက်အချို့ပင် ပြင်းထန်စွာ ဒဏ်ရာရကာ သွေးများ အန်ထွက်ကုန်သည်။
ထိုအနိုင်ကျင့်သော လူရွယ်များသည် နာကျင်မှုဖြင့် အော်မြည်ကာ ခွေခေါက်လျက် အလွန်ဆိုးရွားသောအခြေအနေ ဖြစ်နေသည်။ သူတို့ကိုင်ဆောင်ထားသော ပိုက်လုံးများနှင့် ချွန်ထက်သော လက်နက်များအား နေရာတိုင်းတွင် ပြန့်ကျဲနေသည်ကို တွေ့ရပေမည်။
ဘေးမှ ရပ်ကြည့်နေသူများ၏မျက်လုံးများသည် ပန်းကန်ပြားများပမာ ကျယ်လျက် သူတို့၏ပါးစပ်များအား ဖုံးအုပ်မိသည်အထိ အံ့သြတုန်လှုပ်နေကြသည်။
ဘယ်လောက်တောင် ထိတ်လန့်အံ့သြရသည့် မြင်ကွင်းလဲ။
လူတိုင်းသည် သူတို့၏ ရင်ခုန်သံများ မြန်ဆန်နေသည်ကို သိသိသာသာ ခံစားမိနေကြပြီး သူတို့၏ကိုယ်လုံးများသည် အားနည်းသွားသည့်နှယ် ဖြစ်သည်။ ထိုကဲ့သို့ ခြောက်ခြားတုန်လှုပ်ရသည့် ခံစားမှုသည် လူတိုင်း၏အသည်းနှလုံးအား ဒီရေအလား တိုက်စားသွား၏။
***