← Chapters

သူငယ်ချင်းတဲ့လား

Vol. 03 Ch. 127

သူငယ်ချင်းတဲ့လား

Vol. 03 Ch. 127

“ဘာပြောလိုက်တယ် ...”

လီဟွန်ဂျီ သူ၏အကြားအာရုံ ချို့ယွင်းသွားသည်ဟုပင် ထင်မိကာ သူ၏ခြေလှမ်းများပင် ရပ်သွားရသည်။ သူ၏မျက်လုံးများအား ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ထိုသမားတော်အား ကြည့်လိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောတော့သည်။

“မင်း ငါ့ကို နောက်နေတာလား။ ထန်ရှုက လူမိုက်၂၀ကျော်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် သူတစ်ယောက်တည်း လုပ်လိုက်တယ် ဆိုတာလေ။ မင်း အိပ်မက်ထဲမှာ ပြောနေတာလား”

ဂျူတီကုတ်နှင့် သမားတော်သည် ဖျစ်ညစ်ပြုံးကာ ပြောလိုက်သည်။

“ဆေးရုံအုပ် ... ကျွန်တော် ဆရာ့ကို လိမ်ရဲမယ်လို့ ထင်ပါသလား။ ဆရာ ကျွန်တော့်ကို အားပေးရင်တောင်မှ မလုပ်ရဲပါဘူး။ သူ့ရဲ့သိုင်းပညာစွမ်းရည် တကယ်စွမ်းအားကြီးတာကို ကျွန်တော် သက်သေလုပ်နိုင်ပါတယ်။ သူ လူမိုက်အယောက်၂၀ကျော်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ အဲဒီအဖွဲ့က ဒီမနက် ဆေးရုံဝင်ပေါက်မှာ တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့တဲ့အဖွဲ့ခင်ဗျ”

လီဟွန်ဂျီသည် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ။ ဘယ်လိုလူက လူအယောက်၂၀ကျော်ကို ချနိုင်မှာတဲ့တုန်း။ လက်သီး၂လုံးက လက်၄ဖက်ကို ခုခံတိုက်ခိုက်နိုင်တယ်ဆိုတာ ငါ ယုံမယ်လို့ မင်းထင်နေတာလား”

ဘေးတွင် ရှိနေသော လုံကျန့်ယုမှ မချိပြုံးဖြင့် ဝင်ပြောလိုက်သည်။

“ဦးလေးလီ ... သူပြောတာလည်း မှန်နိုင်ပါတယ်။ ကျွန်တော် သိသလောက်ဆိုရင် ထန်ရှုက သိုင်းပညာရှင်တစ်ယောက်ပါ။ အစွမ်းထက်တဲ့အထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်”

လီဟွန်ဂျီသည် တစ်ခဏမျှ ကြက်သေ သေသွားပြီးနောက် မယုံနိုင်သောလေသံဖြင့် ပြောလိုက်သည်။

“သူက အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေတောင်မှ လူအယောက်၂၀ကျော်ကို ဘယ်လိုရိုက်နိုင်မှာလဲ။ အငြိမ်းစား အထူးတပ်ဖွဲ့ဝင်တွေတောင်မှ လုပ်နိုင်လို့လား။ ကြယ်တာရာက အကြီးဆုံး သိုင်းသင်တန်းကျောင်းဖြစ်တဲ့ မြင့်မြတ်သော နဂါးကျောင်းက ဆရာကြီး ကျန့်ဖုန်းတောင်မှ အဲ့လိုလုပ်နိုင်ပါ့မလား”

လုံကျန့်ယုသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“ထန်ရှုရဲ့ ဆေးပညာစွမ်းရည်က ဦးလေးလီရဲ့ ဂျူနီယာလောက် မကောင်းဘူးဆိုရင် ထန်ရှုရဲ့ဆေးပညာကို သိနားလည်မှုအဆင့်က ဂျူနီယာထက် ပိုအားကောင်းမယ်လို့ ဦးလေး ထင်ပါ့မလား”

“ဒါ ...” လီဟွန်ဂျီ ပြောစရာစကားမဲ့ သွားရသည်။

လုံကျန့်ယုသည် ထိုသမားတော်အား ကြည့်ကာ မေးလိုက်သည်။

“ထန်ရှု အခု ဘယ်မှာလဲ”

သမားတော်မှ ပြောလိုက်သည်။

“သူက အဲဒီလူတွေကို ဒဏ်ရာရအောင် လုပ်ပြီးတော့ အမြန်ထွက်ခွာသွားတယ်။ သူ အခု ဘယ်မှာရှိလဲ ငါမသိပါဘူး”

လုံကျန့်ယုသည် ခေါင်းညိတ်ရင်း ထန်ရှုဆီ ဖုန်းဆက်လိုက်သည်။

“ဘာပြဿနာရှိလဲ” ထန်ရှု၏အေးစက်နေသော အသံသည် ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

လုံကျန့်ယု ပြောလိုက်သည်။ “ငါ အခု ကြယ်တာရာဆေးရုံမှာ ရောက်နေတယ်။ မင်း လူမိုက်အယောက် ၂၀ကျော်ကို ဆေးရုံဝင်ပေါက်မှာ ရိုက်သွားတယ်ကြားလို့။ အဲ့ဒါတကယ်လား”

“ဟုတ်တယ်”

လုံကျန့်ယု ဒေါသဖြင့် ပြောလိုက်သည်။

“အဲ့ကောင်တွေ ဘယ်သူလဲ။ ငါ မင်းကို ကူပြီး ဖြေရှင်းပေးမယ်”

ထန်ရှု တစ်ခါတည်းငြင်းဆန်လိုက်သည်။

“ငါ့ပြဿနာငါ ရှင်းပါမယ်။ မင်းရဲ့ စိတ်ရင်းစေတနာအတွက် ငါ ကျေးဇူးတင်ပါတယ်”

“ ...”

ဖုန်းချသွားသည်နှင့် လုံကျန့်ယု၏ ချောမောသောမျက်နှာထက်တွင် အားယူပြုံးထားရသော အပြုံးတစ်ပွင့် ဆင်မြန်းထားခဲ့သည်။ သူသည် ထန်ရှု၏အကျင့်စရိုက်အား ကောင်းစွာသိပေသည်။

ကြယ်တာရာရှိ အထက်တန်းကျသော ဖျော်ဖြေရေးကလပ်တစ်ခုတွင် ...

ခမ်းနားစွာ ပြင်ဆင်ထားသော သီးသန့်ခန်းထဲတွင် လောင်းကစားပွဲ ပြန်စနေပြီဖြစ်သော်လည်း တိုင်လုံသည် သိသိသာသာ စိတ်ပျံ့လွင့်နေဟန်ရှိသည်။ သူ၏လက်ရည်သည် ယခင်ကလောက် မကောင်းချေ။

“အဘိုးကြီးတိုင် ... ခင်ဗျား လျှောက်စဉ်းစားနေဖို့ မလိုဘူးထင်တယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ဆိုးတာဆိုရင် ခင်ဗျား ရှောင်ပုန်းနေလို့ရတာပဲ။ ဒါပေမဲ့ အခုလုပ်ရမှာက အဲ့ဒါအတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲ။ ခင်ဗျားကို စုံစမ်းတဲ့ တစ်ယောက်ယောက်မှာ အားကောင်းတဲ့  နောက်ခံရှိမှန်းသိရင် ခင်ဗျား ချက်ချင်း ပြေးသင့်တယ်။ သူတို့ အားနည်းရင်တော့ ခင်ဗျား ကြိုက်သလို ကစားလို့ရတယ်။ ရန်သူရဲ့ခြောက်လှန့်မှုနဲ့ အပေါ့ပါးဆုံးရွေ့လျားမှုမှာ ကြောက်ရွံ့နေခြင်းက ခင်ဗျားစိတ်ကို ဖရိုဖရဲ ဖြစ်စေလိမ့်မယ်။ အဲ့ဒါက ခင်ဗျားကို အခက်တွေ့စေပြီး ဇဝေဇဝါ ဖြစ်စေလိမ့်မယ်” သက်လတ်ပိုင်းလူထွားကြီး တစ်ယောက်မှ စီးကရက်တစ်လိပ်အား ဆွဲထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အခြားလူမှလည်း ပြောလိုက်သည်။

“ဟုတ်တယ်။ တခြားလူက အရမ်း သန်မာနေရင်တော့ ငါတို့ ကူညီချင်တယ်ဆိုရင်တောင်မှ ငါတို့လည်း ကူကယ်ရာမဲ့နေမှာပဲ။ ဒါပေမဲ့ ငါတို့နဲ့ အဆင့်တူရင်တော့ ငါတို့စုပေါင်းပြီး သူ့ကို တိုက်ခိုက်နိုင်ပါတယ်။ အဲ့ဒါကြောင့် မင်း ပြင်ဆင်စရာရှိတာ ကြိုတင်ပြင်ဆင်ထားဖို့  လိုလိမ့်မယ်။ ရန်သူက ငြိမ်နေသေးရင် ငါတို့လည်း ငြိမ်နေကြမယ်။ သူတို့ လှုပ်ရှားလာပြီဆိုရင်တော့ ငါတို့လည်း လှုပ်ရှားကြရမယ်”

တိုင်လုံ စဉ်းစားနေရာမှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“မင်းတို့ပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါ တောင်းဆိုတာ များလွန်းသွားတဲ့ပုံပဲ။ ဒီနေ့ထိ ငါ ပြစ်မှားတဲ့ လူတွေက များလွန်းလို့ တစ်ချိန်လုံး အစောင့်အရှောက်နဲ့ နေရတဲ့အထိကိုဖြစ်စေတယ်။ အဲ့လိုမှမဟုတ်ရင် ဘယ်အချိန်မှာ တစ်ယောက်ယောက်က နောက်ကျောကို ဓားနဲ့ထိုးမလဲဆိုတာကို မသိဘူး”

ထိုသို့ ပြောပြီးနောက် တိုင်လုံသည် စားပွဲပေါ်သို့ ဖဲချပ်များ ပစ်တင်လိုက်သည်။ သူသည် သက်လတ်ပိုင်းလူတစ်ယောက်အား ကြည့်ကာ ပြောလိုက်သည်။

“ငါ ကြယ်ပန်းခြံပလာဇာမှာ ကားပါကင်စီမံကိန်း ယူဖို့ ယွမ်၄သန်း ပြင်ဆင်ထားတယ်။ မင်းတို့ထဲက ငါနဲ့အတူ ပါဖို့ စိတ်ဝင်စားတဲ့သူ ရှိလား”

“ဖုန်းမြည်သံ ...”

တိုင်လုံ စကားပြောနေစဉ်အတွင်း သူ၏ဖုန်းမှ ထပ်မြည်လာခဲ့သည်။ တိုင်လုံ မျက်မှောင်ကြုတ်လျက် ဖုန်းကို ကောက်ကိုင်လိုက်ကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

တစ်ခဏအကြာ ...

တိုင်လုံသည် ရုတ်တရက် ထိုင်ခုံမှ မတ်တတ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

“မင်း ငါ့ကို ဘာတွေ ပြောနေတာလဲ။ မင်းတို့လူအယောက်၂၀ကျော်ကို လူတစ်ယောက်တည်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်သွားတယ်ဟုတ်လား။ မင်း ရူးနေတာလား။ ငါ့ကို အရူးလုပ်နေတာလား ဟေ့ကောင်။ ဘာ။ အဲ့ဒါ တကယ်လား။ ငါ သိပြီ ...”

တိုင်လုံ ဖုန်းချလိုက်သည်။ ထို့နောက် သူသည် အခြား၃ယောက်အား မျက်နှာမသာမယာဖြင့် ကြည့်ကာ အသံအက်အက်ဖြင့် ပြောလိုက်သည်။

“ကိုယ့်လူတို့ ... ဒီတစ်ကြိမ်တော့ ငါစိုးရိမ်နေခဲ့သလိုပဲ တစ်စုံတစ်ယောက်က ငါ့ကို ထိပါးလာခဲ့ပြီ။ ဒီဟာက အရင်တုန်းက တစ်ခါဖူးမျှ မမျှော်လင့်ထားမိတဲ့ အခက်တွေ့မှုပြဿနာကြီးပဲ”

“ဘယ်လိုပြဿနာ အမျိုးအစားလဲ”

ထိုအထဲမှတစ်ယောက်က လှုပ်ရှားလာပြီး ချက်ချင်း မေးလိုက်သည်။

တိုင်လုံက ပြောသည်။

“မင်းတို့ ငါပြောဖူးတာ မှတ်မိသေးလား။ မနေ့က ငါ စားသောက်ဆိုင်တစ်ဆိုင်ကို စားဖို့သွားခဲ့တယ်ဆိုတာလေ။ သူတို့က ငါ့ကို ထိုင်စားဖို့ နေရာမပေးလို့ အဲဒီက သူဌေးနဲ့ ဝန်ထမ်းတွေကို ဒဏ်ရာရအောင် လုပ်ပြီး ဆိုင်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ငါ ဒေါသမပြေသေးလို့ လူအယောက်၂၀ကျော်ကို ဆေးရုံအဝင်ဝမှာ သူတို့ကို စောင့်ဖို့ လွှတ်ထားခဲ့တာ။ သူတို့ထွက်လာတာနဲ့ ငါ လွှတ်ထားတဲ့လူတွေက ဝိုင်းဗြင်းကြမှာလေ။ အခု ငါ လွှတ်ထားတဲ့လူတွေအကုန်လုံး ဒဏ်ရာအပြင်းအထန် ရကုန်ကြပြီ”

“သူတို့နောက်ခံက ဘာလဲ”

“ဘာသဲလွန်စမှ မရှိဘူး”

တိုင်လုံသည် အားယူပြုံးလိုက်ရင်း ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

“သူတို့နောက်ခံဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်ပြဿနာက မသေးဘူး။ အသက်၂၀၀န်းကျင် လူငယ်လေးတစ်ယောက်တည်း အယောက်၂၀ကျော်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တာကို မင်းယုံလား။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ။ ဘယ်လိုတောင်လုပ်နိုင်ရတာလဲ”

“မင်းလူတွေက မင်းကို လိမ်တာရောဖြစ်နိုင်လား။ အငြိမ်းစားအထူးတပ်ဖွဲ့တွေ ဒါမှမဟုတ် သိုင်းသင်တန်းကျောင်းက ကျန့်ဖုန်းတောင်မှ ဒါမျိုးလုပ်နိုင်မယ်မထင်ဘူး” တစ်ယောက်က ပြောသည်။

တိုင်လုံသည် ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

“ငါ့လူတွေက ငါ့ကို မညာရဲဘူး။ ညာရင် ဘာဖြစ်မလဲဆိုတာ သူတို့ သိကြတယ်လေ”

ကျန်၃ယောက် တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။  ကြောက်မက်ဖွယ် ခံစားမှုသည် သူတို့၏ရင်ထဲတွင် စတင် ယိုစီးနေပြီဖြစ်သည်။ ရန်သူက အလားတူ လူအယောက်၂၀ကျော် စေလွှတ်သဖြင့် တိုင်လုံ၏လူများ ပြဲကွဲသည်ဟုဆိုပါက သူတို့ လက်ခံနိုင်သေးသည်။ သို့သော် တကယ့်ပြဿနာသည် ဟိုဘက်မှ တစ်ယောက်တည်းဖြင့် အယောက်၂၀ကျော်အား ကျိုးပဲ့ကွဲပြဲနေအောင် ဆော်သွားခြင်းဖြစ်သည်။

စစ်နတ်ဘုရား ပြန်ဝင်စားသည်ဆိုရင်တောင် ထိုကဲ့သို့ လုပ်နိုင်ပါမည်လော။

“အဘိုးကြီးတိုင် ... ငါ အခု လုပ်စရာအချို့ ပေါ်လာတယ်လို့ ဖုန်းရလို့ကွာ။ ဒီနေ့လောင်းကစားတာကို ရပ်လိုက်ရအောင်။ မင်း လိုအပ်တာရှိရင် ငါ့ကိုပြောပါ။ ကားပါကင်စီမံကိန်းက နောက်တော့ ငါတို့ပြောကြတာပေါ့”

“ငါ ပြန်မှရတော့မယ်ဟေ့။ ခုတလော ငါ့မိန်းမက သိပ်ကို ပူညံပူညံလုပ်တာ။ သူ့ကို ကျေနပ်အောင် ချော့ရဦးမယ်။ အဘိုးကြီးတိုင် ... ငါတို့က သူငယ်ချင်းတွေပဲကွာ။ လိုအပ်ရင် လှမ်းသာပြောလိုက်”

“ဟ ... လောင်းကစားတာပြီးပြီ ဆိုမှတော့ ဒီမှာ နေရတာ ပျင်းစရာကြီး။ ငါလည်း မင်းနဲ့ပြန်လိုက်ခဲ့မယ်”

သိပ်မကြာမီ ...

တိုင်လုံနှင့် သူယုံကြည်ရသော လက်ထောက်၂ယောက်သာ သီးသန့်ခန်းကြီးထဲတွင် ကျန်နေရစ်ခဲ့ပြီး သူတို့၏မျက်နှာများသည် သုန်မှုန်နေတော့သည်။ သူ၏ သူငယ်ချင်းဟု ခေါ်သော၊ ထွက်ခွာသွားကြသော ထို၃ယောက်၏ကျောပြင်အား ကြည့်ရင်း တိုင်လုံသည် ဒေါသဖြင့် အရက်ပုလင်းအား အားနှင့် ဆုပ်ကိုင်ကာ ရိုက်ခွဲလိုက်တော့သည်။

သို့သော် သူ၏စိတ်သည် ကြည်လင်နေသော မှန်တစ်ချပ်ပမာ ရှိနေသေးသည်။ ထိုသူငယ်ချင်းများဟုခေါ်သော သူများသည် စိတ်ဝင်စားမှုများဖြင့် ချိတ်ဆက်နေသော လူတစ်စုထဲတွင် ရှိနေကြသည်။ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်း ဆောင်ရွက်ကြသည့် ထိုလူစုတွင် တစ်ယောက်ယောက်သည် တစ်စုံတစ်ခု ဖြစ်ပြီး အမှန်တကယ် ဘေးဆိုးဖြစ်ခဲ့ပါက အရာရာတိုင်းသည် ပျောက်ပြယ်သွားနိုင်သည်။

“ဘယ်လောက်တောင် သူရဲဘောကြောင်လိုက်တဲ့ ကောင်တွေလဲကွာ”

တိုင်လုံသည် ဒေါသဖြစ်စွာနှင့် ကျိန်ဆဲလိုက်ပြီး ချာကနဲလှည့်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ အရာရာသည် သူ၏ထိန်းချုပ်မှု ကျော်လွန်ကုန်သည်ဖြစ်ပြီး ရှေ့ဘာဆက်လုပ်ရမည်ကို တွေးတောရန် လိုအပ်သည်။

ပထမ : သူ့ကိုသူ ဘေးကင်းအောင် လုပ်ရမည်။

သူ၏ဘေးကင်းမှုသည် စိတ်ချရမှဖြစ်မည်။ နို့မဟုတ်ပါက သနားညှာတာတာမှု ကင်းကာ ရက်စက်တတ်သော ခွေးမသားလေးနှင့် သူရင်ဆိုင်ရပါက သူ၏အသက်မဆုံးရှုံးရင်တောင်မှ မသန်စွမ်း ဖြစ်သွားနိုင်သည်။

ဒုတိယ : တစ်ဖက်လူ၏အကြောင်းအား စုံစမ်းရမည်။

ဆိုရိုးရှိသည့်အတိုင်း သင့်ကိုသင်လည်း သိပါ။ သင့်ရဲ့ရန်သူကိုလည်း သိပါ။ သို့မှသာ စစ်ပွဲတွင် သူ အောင်နိုင်လိမ့်မည်။ ယခုမူ သူသည် အလင်းထဲမှ ဖြစ်ပြီး ရန်သူသည် အမှောင်ထဲမှ ဖြစ်သည်။

ရန်သူနှင့်တိုက်ခိုက်ရန် သို့မဟုတ် အဝေးသို့ပြေးရန်အတွက် စီစဉ်ထားရန်လိုအပ်ပေမည်။

တတိယ : ကြိုတင် ပြင်ဆင်ထားပြီး ရန်သူနှင့် ထိပ်တိုက်တွေ့ရန် အရာရာသည် နောက်ကျနေပြီဖြစ်သည်။ သူနှင့် ဆယ်စုနှစ်များစွာ စိန်ခေါ်မှု အတွေ့အကြုံများရှိသည့် ဒီညမှ သူငယ်ချင်း၃ယောက်သည်လည်း အကြောင်းအမျိုးမျိုး ပြကာ ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့၏ အတွက်အချက်များနှင့် ဉာဏ်များမှုသည် မြေခွေးများအတိုင်း ဖြစ်သည်။ သူတို့၏အကြံပေးချက်များသည် အမှားနည်းသည်။ ထို့ကြောင့် သူသည် သူ၏ကာကွယ်ရေးအား တိုးမြှင့်ရမည်ဖြစ်ပြီး မီးအား ရင်ဆိုင်ကာ သူ့ဘဝအတွက် စွန့်စားရန်သာ ရှိတော့သည်။

တိုင်လုံသည် မေးအားပွတ်ကာ စဉ်းစားနေစဉ် သူ၏မျက်ဝန်း အရောင်တောက်ပလာခဲ့သည်။ သူသည် နောက်ကြောင်းရှင်းသော မိသားစုမှ လာခဲ့ပြီး အတိတ်တွင် မှီခိုစရာ မိသားစု စီးပွားရေး လုပ်ငန်းကြီးဟု မရှိခဲ့ပါချေ။ သူ၏ဘဝတွင် ရဲရင့်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့အား အသုံးချကာ တိုးတက် ကြီးပွားလာရခြင်း ဖြစ်သည်။ တစ်ခဏကြာ စဉ်းစားပြီးနောက် သူသည် ဖုန်းကို ကိုင်လိုက်ကာ သူငယ်ချင်းတစ်ယောက်အား ခေါ်ဆိုလိုက်တော့သည်။

“တာ့ကျစ် ... မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှာ မင်းရဲ့သူငယ်ချင်းတွေ ရှိတယ်လို့ ငါကြားတယ်။ သူတို့နဲ့ အဆက်အသွယ်လုပ်ပြီး တွေ့ဆုံဖို့ မင်း ငါ့ကို ကူညီပေးနိုင်မယ်လို့ ထင်လား။ ငါ သူတို့ အကူအညီယူပြီး လုပ်စရာ တစ်ခုရှိလို့။ မင်းအတွက် အကျိုးအမြတ်တော့ စိတ်မပူပါနဲ့။ အင်း ...ဒီလို လုပ်ကြစို့ ... လုံစားသောက်ခန်းမမှာ တွေ့ကြအောင်။ ငါ နေ့လယ်စာ ကျွေးပါမယ်”

တိုင်လုံသည် ဖုန်းကို ချလိုက်ပြီး သူ၏မျက်နှာထက်မှ အပြုံးသည်  လျော့ကျသွားသော ဒီရေအလား ပျောက်ကွယ်သွားသည်။ သူ၏လက်ထောက်၂ယောက်အား ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“လူတချို့ကို လုံစားသောက်ခန်းမှာ သွားစောင့်နေလို့ ပြောလိုက်။ သေနတ်ပါ ယူသွားကြလို့။ အခြေအနေ တစ်ခုခု ပြောင်းတာနဲ့ ချက်ချင်း လှုပ်ရှားလို့ရအောင်။ မင်းတို့၂ယောက်လည်း  သေနတ်တစ်လက်တော့ သယ်လာရမယ်။ ဟမ့် ... ဒီနေ့ခေတ်မှာ သိုင်းပညာရှင်တွေ သန်းနဲ့ချီ ရှိနေတာ။ သေနတ်ကို တားနိုင်တဲ့ ပညာရှင်ကိုတော့ ဒီဖေဖေကြီးက တစ်ခါမှ မကြားဖူးပါဘူးကွာ။ ဟွင်း ... ဟွင်း”

အရပ်မြင့်မြင့် ကိုယ်လုံးတောင့်တောင့်ဖြင့် သူ၏  နောက်လိုက်၂ယောက်သည် တင်းမာသော  မျက်နှာထားများဖြင့် အချင်းချင်း  ကြည့်လိုက်ကြသည်။ သူတို့သည် ထပ်ကာထပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့အားလုံးသည် သီးသန့်ခန်းမှ ထွက်လာကြသည်။

ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံကြီးတွင် ဖြစ်သည်။

ရဲကား၂စီးသည် ဥသြသံဖွင့်လျက် ဆေးရုံဝင်းအတွင်း ဝင်ရောက်လာသည်။ ရဲရင့်ခန့်ညားသောဟန်ဖြင့် ချန်းရွှဲ့မေသည် ကားပေါ်မှ ဆင်းလာပြီးလျှင် ဆေးရုံလုံခြုံရေး ခေါင်းဆောင် ချန်တောင်ဆီသို့ အပြေးသွားလေသည်။

“ခေါင်းဆောင် ချန် ... ငါတို့ထပ်တွေ့ကြပြန်ပြီ”

ချန်းရွှဲ့မေသည် ရှေ့သို့ ခြေလှမ်း အနည်းငယ်တက်ကာ  မျက်နှာသေဖြင့် ပြောလိုက်သည်။

အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် ချန်တောင်သည် တောင်းပန်သည့်အပြုံး ပြုံးကာ ပြောလိုက်သည်။

“အရာရှိချန်း ... ဒီနေ့ နင်ကိုယ်တိုင် လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ငါတို့ဆေးရုံကို လာစရာ အရေးတကြီး တစ်စုံတစ်ရာ ရှိလို့လား။ ငါ ဘာအကူအညီ ပေးရမလဲ”

ချန်းရွှဲ့မေသည် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။

“စိတ်ရှုပ်နေတဲ့ပုံကြီး ဖျောက်လိုက်စမ်းပါဟာ။ အနီးနားက ရဲစခန်းက သတင်းပေးတာ တစ်ခုရလို့ လူမိုက်အယောက်၂၀ကျော်က လူငယ်လေးတစ်ယောက်ကို ဆေးရုံရှေ့မှာ ဝိုင်းရိုက်နေတယ်ဆိုပြီး မနက် အစောပိုင်းတုန်းကလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်သေးတယ်။ ဒီကောင်တွေက ထွက်ပြေးသွားပြီး မျက်နှာမပြကြဘူး။ အဲဒီရိုက်နေတဲ့ကောင်တွေ ဘယ်ရောက်သွားကြပြီလဲ။ ငါတို့ဗျူရိုက ဒီဖြစ်ရပ်ကို အလေးအနက် ထားတယ်။ နင် ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလူမိုက်တွေကို တရားဥပဒေအတိုင်း အဆုံးအဖြတ်ပေးဖို့ ဆောင်ရွက်ရာမှာ နင့်ရဲ့အကောင်းဆုံး စွမ်းဆောင်မှုတွေနဲ့ ငါတို့ကို အကူအညီပေးပါဦး”

ချန်တောင်သည် ဆေးရုံ၏အထက်ပိုင်းမှ အရေးကြီးသော အမိန့်တစ်ခု ရထားသည်။ ထိုအရာမှာ  ထန်ရှု၏ပုံရိပ်အား မဖော်ထုတ်ရန်ဖြစ်သည်။ ထို့ကြောင့် သူသည် ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး အရူးကွက်နင်းကာ ပြောလိုက်သည်။

“အရာရှိချန်း ... ခင်ဗျားမှားနေပြီလို့ ကျွန်တော်ထင်တယ်။ အားလုံးအေးဆေးပါ။ ဒီမှာ ဘာမှ မဖြစ်ပါဘူး။

အခု လူ့အသိုင်းအဝိုင်းမှာ အချို့လူမိုက်တွေက အုပ်စုဖွဲ့ ရိုက်နှက်တာ ရှိနေကြတာလား”

“နင် ...”

ချန်းရွှဲ့မေ စိတ်ဆိုးသွားကာ ချန်တောင်အား အေးစက်စက်လေသံဖြင့် ဆတ်ကနဲ ပြောလိုက်သည်။

“ခေါင်းဆောင်ချန် ... ငါ့တို့ရဲ့ပုံရိပ်ကို နင်သိပါတယ်။ ငါတို့ကို လိမ်ညာရင် ဘယ်လိုအကျိုးဆက်ရှိမလဲ ဆိုတာကိုလည်း နင်သိသင့်တာပေါ့။ ငါတို့ မှုခင်းရေးရာဌာနက ရှင်းရှင်းလင်းလင်း စုံစမ်းချင်ပြီဆိုရင် အမှန်တရားကို နင် ဘယ်လိုပဲ ဖုံးအုပ်ထားထား ငါတို့လိုချင်တဲ့သတင်းကို ရနိုင်တယ်ဆိုတာ နင် သိထား”

***

All Chapters