ဖျက်ဆီးမှု အကြီးစား
Vol. 03 Ch. 129
လုံစားသောက်ခန်းမသည် လှပသော ပတ်ဝန်းကျင်ဖြင့် ပြင်ဆင်ထားသောကြောင့် ခမ်းနားသော အငွေ့အသက်ကို ရစေသည်။ မျက်စိကျိန်းမတတ် ခမ်းနားလှသော ခန်းမအတွင်းတွင် တိုင်လုံသည် မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ ကျွမ်းကျင်ပညာရှင် ၄ယောက်အား ခရီးဦးကြိုပြု နှုတ်ဆက်ရင်း ထိုင်ရန် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားတို့၄ယောက်ကို ဘယ်လိုခေါ်သင့်သလဲ”
တိုင်လုံသည် မျက်စိစွေကာ ထို၄ယောက်အား ဂရုတစိုက် အကဲခတ်နေသည်။
တစ်ခုသိရမည်မှာ မြင့်မြတ်သော နဂါးသိုင်း သင်တန်းကျောင်းသည် ကြယ်တာရာတွင် အင်အားအကြီးဆုံးနှင့် စွမ်းရည်အကောင်းဆုံး သိုင်းသင်တန်းကျောင်းဖြစ်ပြီး သူ၏ဂုဏ်သတင်းသည် အနယ်နယ် အရပ်ရပ်သို့ပင် ပျံ့နှံ့လေသည်။ ကျောင်းအုပ်ဆရာကြီး ကျန့်ဖုန်း၏ အပြုအမူနှင့် ဂုဏ်သတင်းသည် ကောင်းကင်မှ တိမ်များထိ ပျံ့လွှင့်နေပြီး သူ၏သိုင်းပညာ အောင်မြင်မှုသည် အထွဋ်အထိပ် အဆင့်တွင် ကာလရှည်ကြာတိုင် ရှိနေပြီဖြစ်သည်။ လွန်ခဲ့သောနှစ်၂၀ကျော်က သူ၏ဇာတိဖြစ်ရာ ကြယ်တာရာသို့ ပြန်လာခဲ့ပြီး မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းအား တည်ထောင်ခဲ့လေသည်။
ဆယ်စုနှစ်၂စုစာမျှ တိုးတက်အောင် လုပ်ပြီးနောက် မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်း၏ မျိုးဆက်တိုင်းတွင် အရည်အချင်းရှိသူများအား မွေးထုတ်ပေးခဲ့ပြီးဖြစ်ပြီး ကြယ်တာရာ၏သိုင်းပညာရှင် အများစုသည် ထိုကျောင်းထွက်များ ဖြစ်ပေသည်။
မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ နည်းပြဆရာများဖြစ်ပါက သူတို့သည် သေချာပေါက် အစွမ်းထက်သော ကျွမ်းကျင်မှုများ သေချာပေါက်ရှိလိမ့်မည်ဟု တိုင်လုံ ရှင်းရှင်းလင်းလင်း သိသည်။
“ငါက ဖေးကျင်း။ သူတို့က ငါ့ရဲ့ဂျူနီယာညီအစ်ကိုတွေ” သန်မာတောင့်တင်းသော လူတစ်ယောက်မှ လေးနက်သောအသံဖြင့် ပြောသည်။
တိုင်လုံသည် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“နည်းပြဖေး ... ငါ စွန်းတာကျစ်ကို မင်းတို့ကို ကူညီဆက်သွယ်ပေးဖို့ ပြောခဲ့တာ။ ငါ့မှာ စီးပွားရေး အပေးအယူရှိတာမို့ ငါ မင်းကို အဲဒီအကြောင်း ပြောပြရမယ်။ မင်း စိတ်ဝင်စားရဲ့လား”
ဖေးကျင်းသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “ငါ့ကို ပြောစရာရှိတာ အရင်ပြောပါ”
တိုင်လုံသည် ပြောလိုက်သည်။
“လတ်တလောမှာ ငါ စွမ်းအားကြီးတဲ့ ပုံရိပ်တစ်ခုကို ပြစ်မှားမိလိုက်တယ်။ သူရဲ့စွမ်းရည်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ တိုက်ခိုက်ပွဲတွေအတွက် သုံးတဲ့ ငါ့လူ အယောက်၂၀ကျော်ကို လွှတ်လိုက်တာ အကုန်လုံး သူ့ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရကုန်တယ်။ ငါ့လူတွေက အခု ကြယ်တာရာတိုင်းရင်းဆေးမှာ ဆေးကုသမှု ခံနေရတယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့ကို ဖိတ်ပြီး အဲဒီလူကို ဆုံးမပေးဖို့ ငှားချင်တယ်။ ဈေးနှုန်းကတော့ ငါတို့ ဆွေးနွေးနိုင်ပါတယ်”
အယောက်၂၀ကျော်ကို တစ်ယောက်တည်းနဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်ပစ်နိုင်တယ်ပေါ့။
ဖေးကျင်း၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ ဂျူနီယာညီလေး ၃ယောက်သည်လည်း မယုံနိုင်ဟန် ဖြစ်နေကြသည်။ နေ့တိုင်းရန်ပွဲ ဖြစ်နေကြသော ထိုလူမိုက်များအတွက် ဂရုမစိုက်ကြသော်လည်း ထိုလူများသည် တိုက်ခိုက်ပွဲ အတွေ့အကြုံရှိသော၊ ကိုင်တွယ်ရန် ခက်ခဲသောလူများ ဖြစ်သည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။ ထိုသို့သော လူများအား လူတစ်ယောက်သည် ဒဏ်ရာ ပြင်းထန်စွာရအောင် လုပ်လိုက်နိုင်သည်မှာ ထိုသူ၏ သိုင်းပညာတွင် အောင်မြင်မှုစွမ်းရည်သည် အလွန်အမင်း မြင့်မားနေသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ဖေးကျင်းသည် လက်တွေ့ကျကျ ပြောလိုက်သည်။
“ငါတို့ ကျောင်းအုပ်ဆိုရင်တော့ အတော်အားစိုက်ပြီး တိုက်ခိုက်မယ်ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်။ ငါတို့၄ယောက် အတွက်ကတော့ အဲ့လို လုပ်နိုင်မှာ မဟုတ်ဘူး။ အခြားလူတွေ ဆိုရင်လည်း အဲဒီလူမိုက်၂၀ကျော်ကို အနိုင်လှဲသိပ်နိုင်မှာ မဟုတ်ဘူး”
“ဒါ ...”
တိုင်လုံသည် အတော်ပင် စိတ်ရှုပ်ထွေးသွားရသည်။ သူတို့သာ မလုပ်နိုင်ဘူးဆိုပါက မည်သူ့အား သူ အကူအညီ တောင်းသင့်ပါသနည်း။ နောက်ဆုံးလက်နက်ဖြစ်သည့် သေနတ်များကိုသာလျှင် ထုတ်သုံနိုင်တော့မည်လော။
ဖေးကျင်း ပြောလိုက်သည်။
“ငါတို့ တစ်ယောက်ချင်းစီဆိုရင် ဒီလူအတွက် ငါတို့က ပြိုင်ဘက်တစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့၄ယောက်အတူ တိုက်ခိုက်ရင်တော့ ငါတို့ သူ့ကို လဲသိပ်နိုင်မှာပါ။ ဒါပေမဲ့ အဲ့ဒါ အရမ်း စွန့်စားရာကျတယ်။ ငါတို့၄ယောက်လည်း ဒဏ်ရာရလိမ့်မယ်။ အဲ့ဒါကြောင့် ဈေးနှုန်းက ...”
တိုင်လုံ စိတ်ထဲမှ ကြိတ်ကာ ပျော်ရွှင်သွားရပြီး ချက်ချင်းပင် သူပြောလိုက်သည်။ “တစ်သန်း ...”
ဖေးကျင်းသည် လက်မထောင်ပြလိုက်ပြီး ချီးကျူးစကား ဆိုလိုက်သည်။
“သူဌေးတိုင်က ပွင့်ပွင့်လင်းလင်းသမား တစ်ယောက်ပဲ။ ကဲ ငါတို့ ဟန်ရေးပြင်မနေတော့ဘူး။ အဲဒီလူရဲ့အကြောင်း ငါတို့ကိုပေး။ အချိန်မဆိုင်းဘဲ ဖြေရှင်းလိုက်မယ်။ ငါတို့ သူ့ကို မရိုက်နိုင်ရင် တစ်ပြားမှ မယူဘူး”
တိုင်လုံသည် ဖျစ်ညှစ်ယူထားရသော အပြုံးဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့ကို ပေးဖို့ မလိုတော့ဘူး။ အဲဒီလူက ငါ့ရုံးခန်းကို ရောက်နေပြီ။ လုံခြုံရေးတွေကိုတောင် တိုက်ခိုက် ချိုးဖောက်သွားခဲ့ပြီ”
“ချိုးဖောက်သွားခဲ့ပြီ ဟုတ်လား”
အံ့အားသင့်မှုသည် ဖေးကျင်းနှင့် အခြား၃ယောက်၏အမူအရာတွင် ဖြစ်ပေါ်လာခဲ့သည်။
တိုင်လုံသည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“အဲ့ဒါအပြင်ကို အဲဒီကောင်က အရမ်းကို မောက်မာလွန်းတယ်။ ခင်ဗျားတို့၄ယောက် ကျွန်တော့်အတွက် သူ့ကို ရှင်းပစ်နိုင်ဖို့ မျှော်လင့်တယ်”
ဖေးကျင်း ပြောလိုက်သည်။ “အခု သွားကြစို့”
မြစ်များနှင့် တောင်တန်းများ ရုံးအဆောက်အဦ အတွင်းရှိ အထွေထွေမန်နေဂျာ ရုံးခန်းအတွင်း၌ ဖြစ်သည်။
ထန်ရှုသည် တိုင်လုံ၏စားပွဲတွင် ထိုင်နေပြီး ဒေါသထွက်နေဟန်ရှိသော မိန်းကလေးတစ်ယောက်သည် သူ၏ရှေ့တွင် ရှိနေသည်။ ထန်ရှုသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အိုကေ ... နင့်အလုပ်ပြီးပြီ။ ထွက်သွားလိုက်တော့”
မိန်းကလေးသည် ထန်ရှုအား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ချာကနဲလှည့်ကာ တံခါးဆီသို့ လျှောက်သွားတော့သည်။ သူမသည် ထန်ရှုအကြောင်း ဘာမှ မသိသောကြောင့် မိုက်ရူးရဲစွန့်စားရမည်ကို ဝန်လေးပေသည်။ ထို့ပြင် ထန်ရှုသည် သူမ၏သူဌေးအား ကြောက်ရွံ့ခြင်းပင် မရှိချေ။ သူမသည် တိုင်လုံ၏ ကစားစရာအရုပ် တစ်ရုပ်သာဖြစ်သော အတွင်းရေးမှူးသာ ဖြစ်ပြီး ရိုးရှင်းစွာပင် သူ့အား ခုခံရန် ဘာမျှမရှိပါချေ။
သို့သော်လည်း သူမ တံခါးအပြင်ဘက် ထွက်လိုက်ချိန်တွင် အရပ်မြင့်မြင့် ဗလတောင့်တောင့် လူ၂ယောက်အား တွေ့လိုက်ရသောကြောင့် လှိုက်ကနဲ ပျော်ရွှင်မှုနှင့်အတူ အော်ပြောလိုက်သည်။
“ရှင်တို့၂ယောက် ဒီမှာ ဘာရပ်လုပ်နေကြတာလဲ။ ဟိုချီးထုပ်က သူဌေးရုံးခန်းထဲ ရောက်နေပြီ။ ဆဲလိုက်တာမှ မိုးမွှန်နေတာပဲ”
“ဟမ့် ...”
အရပ်မြင့်မြင့် ဗလကြီး၂ယောက်သည် ရုံးခန်းဆီသို့ အမြန်သွားတော့သည်။ သူတို့သူဌေး၏ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ထန်ရှုအား မြင်သည့်အခါ လေသံမာမာဖြင့် ပြောလိုက်သည်။
“မင်းဖင်ကို ကြွလိုက်စမ်း ဟေ့ကောင်။ ဒီနေရာက မင်းထိုင်ဖို့ ထိုက်တန်လို့လား”
ထန်ရှုသည် ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။
“အဲဒီတော့ ဒီဟာက တိုင်လုံအတွက်ပေါ့ ဟုတ်စ”
“ဟုတ်တယ်”
ပခုံးကျယ်ကျယ်နှင့် လူထွားကြီးသည် အေးစက်မှုန်မှိုင်းစွာ ပြုံးလိုက်သည်။ သိုးတစ်ကောင်အား ခုတ်ထစ်ဖြတ်တောက်မည့် သားသတ်သမားမှ ကြည့်နေသကဲ့သို့ ထန်ရှုအား ကြည့်နေသည့်ပုံဖြစ်သည်။
ထန်ရှုသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူ၏အကြည့်တို့သည် ထိုလူ၂ယောက်၏ ခါးဆီသို့ ရောက်သွားခဲ့ပြီး သူ၏ မျက်ဝန်းအစုံတို့သည် ကျဉ်းမြောင်းသွားခဲ့ရကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားတို့၂ယောက်က နာချင်နေတာပဲ။ ဒီလိုဆိုမှဖြင့် ကျွန်တော် အားမနာတော့ဘူး”
အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် ထိုလူ၂ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာထက်တွင် လှောင်ရိပ်များ ပေါ်ထွက်လာသည်။ ချက်ချင်းပင် ခါးကြားများဆီမှ ပစ္စတိုသေနတ်များအား ဆွဲထုတ်လိုက်ကာ ထန်ရှုအား မည်းမှောင်နေသော သေနတ်ပြောင်းဝဖြင့် ချိန်ထားလိုက်ကြသည်။
“ငနာလေး ... မင်းရဲ့ကွန်ဖူးက အတော်ကောင်းမှန်း ငါ သိတယ်။ မင်းက ငါတို့ကျည်ဆန်ထက် ပိုမြန်ပါ့မလားကွ။ ဟမ့် ... ဘယ်လောက်တောင် မိုက်ရူးရဲဆန်လိုက်တဲ့ကောင်လဲ ... အတွေ့အကြုံနုတဲ့ ငချွတ်လေးကများ ကိုယ့်ကိုယ်ကိုယ် လူတကာအထက်မှာ ရှိတယ်ထင်ပြီး လူတိုင်းကို ရန်စလို့ ရမယ် ထင်နေတယ်ပေါ့ ... ဟုတ်လား။ အစ်ကိုကြီးလုံကို ဆန့်ကျင်တဲ့လူက ဘယ်လိုဆိုးဆိုးရွားရွား ဖြစ်တတ်လဲဆိုတာ ဒီနေ့ ငါတို့ မင်းကို သင်ပေးရတာပေါ့ ...”
ထိုသူသည် တစ်ကြိမ်မက သတ်ဖြတ်ဖူးသော လူသတ်သမားဖြစ်သည်။ သူ၏အနှစ်သက်ဆုံး မြင်ကွင်းသည် သူ၏ရန်သူများသည် သွေးအိုင်ထဲတွင် လဲနေရင်းဖြင့် တောင်းပန်ခြင်း၊ အသည်းခိုက်အောင် နာကျင်ခံစားရခြင်း ... စသည့်ခံစားချက်များအား ကြည့်ရှုခြင်းပင် ဖြစ်တော့သည်။ ထိုခဏတွင် သူ၏ခံစားချက်သည် ရက်အတန်ကြာအောင် ရေဆာလောင် ငတ်မွတ်နေသူတစ်ယောက် ပါးစပ်အပြည့် ဘီယာအေးအေး သောက်လိုက်ရသကဲ့သို့ သူ့အား အေးမြပြီး သက်သောင့်သက်သာ ဖြစ်သော ခံစားချက်မျိုးပင် ဖြစ်တော့သည်။
အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် ထိုလူ၂ယောက် ပေါ်လာသည်နှင့် လှပစွာ မိတ်ကပ်များ လိမ်းကျံထားသော အတွင်းရေးမှူးမလေးသည် နှစ်ထောင်းအားရနေသော အမူအရာဖြင့် ထန်ရှုအား ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“အခု ဘယ့်နှယ်ရှိစ။ ကြောက်သွားပြီလား။ နင်က ဦးနှောက်ပျက်နေတဲ့ အရူးပဲ။ ငါတို့ရဲ့ မြစ်များနှင့်တောင်တန်းများ လုပ်ငန်းအကြောင်းကို အတွင်းကျကျ နင် မစုံစမ်းခဲ့ဘူး မဟုတ်လား။ ဒါပေမဲ့ နင် အခု ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ ကျိုးကျိုးနွံနွံ အကြိမ်များစွာ တောင်းပန်ပြောဆိုရင်တော့ နင့်အသက်ကို ငါတို့ ချမ်းသာပေးကောင်း ပေးနိုင်တယ်”
“နင်က ထွက်မသွားဘဲ အဆုံးမ ခံချင်နေပြီထင်တယ်”
ထန်ရှုသည် အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လှုပ်ရှားမှုတစ်ချက် ပြုလုပ်ရာ ထိုလူနှစ်ယောက်ရှေ့တွင် ပေါ်လာခဲ့သည်။ သူ၏လက်ကောက်ဝတ်အား ဆတ်ကနဲ လှုပ်ရှားလိုက်ပြီး ထိုသူ၂ယောက်၏ လက်ကောက်ဝတ်များအား ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ အားစိုက်စရာ မလိုပဲနှင့်ပင် ထိုသူ၂ယောက်၏ လက်ကောက်ဝတ်များအား ချိုးလိုက်ပြီး သေနတ်များ ပြုတ်ကျသွားစေသည်။
ထန်ရှု၏ပုံရိပ်သည် စက္ကန့်မဆိုင်းဘဲ တံခါးတွင် ပေါ်လာခဲ့သည်။ တံခါးအား ပိတ်လိုက်ပြီးနောက် ထန်ရှုသည် အမည်ဖော်ရခက်သော အပြုံးတစ်ခုအား ပြုံးလိုက်ပြီး ပြောလိုက်သည်။
“အခု ခင်ဗျားတို့မှာ ရွေးချယ်စရာ ၂ခုရှိတယ်။ ပထမက ဒီပြတင်းပေါက်ကနေ ခုန်ချ။ ဒုတိယရွေးချယ်စရာ ကတော့ ခင်ဗျားတို့ အလောင်းကို သူများလာသယ်ပေးဖို့ ထားလိုက်။ ကြိုက်တာ ရွေး”
ထိုလူ၂ယောက်၏ လက်ကောက်ဝတ်များသည် ဆတ်ကနဲ အချိုးခံလိုက်ရပြီး သူတို့၏သေနတ်များသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေခဲ့ပြီဖြစ်သည်။ စူးရှပြင်းထန်သော နာကျင်မှုသည် သူတို့နှစ်ယောက်အား အော်ဟစ်လုမိနီးပါးအထိ ဖြစ်သွားရပြီး ချွေးပေါက်ကြီးများသည် နဖူးထက်တွင် သီးနေပေသည်။ တုန်လှုပ်ချောက်ချားသော အမူအရာဖြင့် ထန်ရှုအား ကြည့်လိုက်ရာတွင် ကြောက်လန့်ဖွယ်ကောင်းသော သေခြင်း၏ နတ်ဘုရားတစ်ပါးအား ကြည့်နေရသကဲ့သို့ပင် ဖြစ်တော့သည်။
“သေနတ် ... သေနတ် ဘယ်မလဲ”
ထိုသူများသည် အကြင်နာတရား ကင်းမဲ့ကာ ရက်စက်တတ်သူများ ဖြစ်သည်။ ထန်ရှု သေနတ်များ အဝေးသို့ မယူသွားသည်ကို ကြည့်ပြီး ထိုသူများသည် ချက်ချင်း ထိုင်ချလိုက်ကာ သေနတ်များအား ကြိုးစားကောက်ယူလိုက်ပြီးနောက် လျင်မြန်စွာ ထန်ရှုအား ချိန်လိုက်တော့သည်။
“ဘန်း ... ဘန်း ...”
ထိုအသံများသည် သေနတ်များမှ ထွက်လာသောအသံများ မဟုတ်ပါပေ။ ထိုအသံများသည် ထိုသူများ၏ မျက်နှာများထက်ဆီသို့ ထန်ရှု၏လက်သီးများ တရစပ် ထိုးလွှတ်လိုက်ရာမှ ထွက်လာခြင်းဖြစ်သည်။ ထိုသူများ၏မျက်နှာထက်တွင် မက်မွန်ပွင့်များ ပွင့်လာသကဲ့သို့ မျက်နှာများ စုတ်ပြတ်ဖူးယောင်လာလျက် နောက်သို့ လွင့်စဉ်ထွက်သွားတော့သည်။
“အား ...”
နားကွဲမတတ် စူးရှစွာ အော်လိုက်သော အသံသည် မိန်းကလေးဆီမှ ထွက်လာသည်။ သူမသည် ကြောက်လန့်နေသော ယုန်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ ဘေးဘက်ထောင့်ဆီသို့ တစ်ချိန်တည်းမှာပင် ရှောင်ထွက်သွားသည်။
အေးစက်မှုန်မှိုင်းနေသော အပြုံးတစ်ပွင့်သည် ထန်ရှု၏ နှုတ်ခမ်းထက်တွင် တွဲလွဲခိုလာခဲ့သည်။ သူသည် သေနတ်တစ်လက်အား မိန်းကလေးဆီသို့ ကန်ပေးလိုက်ပြီး ထိုအပြုံးဖြင့် ပြောလိုက်သည်။
“ငါ မင်းကို အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ငါ မင်းကို ဒီကြမ်းပြင်ပေါ်ကနေ တကယ် ပစ်မချချင်ဘူး။ ၁၂ထပ်ကနေ ပြုတ်ကျတဲ့ အကျိုးဆက်ကို မင်း သိလိမ့်မယ်လို့ ငါ ယုံတယ်။
မင်း ဒီကနေ ပြုတ်ကျသွားရင် မင်းရဲ့ခေါင်းက မြေကြီးနဲ့ အရင်ရိုက်မိမယ်။ အဲဒီအခါကျရင် မင်းရဲ့ခေါင်းက ကွဲအက်သွားတဲ့ ဖရဲသီးတစ်လုံးလိုမျိုး .... ဖန်း ...”
“မ ... မ ... မသတ်ပါနဲ့ ငါ့ကို ...” မိန်းကလေးသည် ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။ နောင်တသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ သူမအား ကိုက်နေခဲ့သည်။ သူမသည် နောင်တရနေပြီဖြစ်သည်။ သူမသူဌေး၏ ကြေးစား၂ယောက်အပေါ် မမှီခိုသင့်ခဲ့သည့်အပြင် ထန်ရှုအား ရန်မစခဲ့သင့်ပေ။ အစောကြီးထဲက လွတ်မြောက်နေရက်သားနှင့် မထွက်သွားခဲ့မိသည့် အတွက် သူမ နောင်တရနေခဲ့ပြီဖြစ်သည်။
ထန်ရှုက ပြောလိုက်သည်။
“ဘာမှ မလုပ်နိုင်ဘူး။ ဒါက မဖြစ်နိုင်ဘူး။ မင်းမှာ ရွေးချယ်စရာ ၂ခုရှိမယ်။ တစ်ခုက မင်း သေနတ်ကို ကောက်ပြီး သူတို့၂ယောက်ကို ၂ကြိမ်စီ ပစ်ရမယ်။ မှတ်ထားပါ သူတို့လက်နဲ့ ခြေဖဝါးတွေက လွဲပြီး ကိုယ်ပေါ်က ကျန်တဲ့နေရာတွေကို မင်း ပစ်ရမယ်။ ကောင်းပြီ ... ငါ မင်းကို မိနစ်ဝက် အချိန်ပေးမယ်။ မင်းစဉ်းစားပြီး ငါ့ကို အဖြေပေး”
မိနစ်ဝက်တဲ့လား ...
မိန်းကလေး၏ မျက်နှာသည် သေခါနီးလူ တစ်ယောက်ကဲ့သို့ ဖြူဖျော့သွားလေသည်။ သူမသည် စုပုံလဲနေသော လူထွားကြီး၂ယောက်အား ကြည့်လိုက်ပြီး အေးစက်တင်းမာနေသော ထန်ရှုအား ကြည့်လိုက်မိပြန်သည်။ သူမသည် သွားများတင်းနေအောင် စေ့လိုက်ပြီး ၁၀စက္ကန့်ကြာပြီးသော် ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်တော့သည်။ သူမသည် အသာပြေးကာ အနီးဆုံး သေနတ်တစ်လက်အား ကောက်ယူပြီး ထိုသူများ၏ ပေါင်များအား ချိန်ကာ မောင်းတံအား ဆွဲညှစ်လိုက်တော့သည်။
“ဒိုင်း ... ဒိုင်း ... ဒိုင်း ... ဒိုင်း ...”
သေနတ်လေးချက်သည် ထိုသူများ၏ ပေါင်၄ချောင်းအား ထွင်းဖောက်သွားပြီး ထိုအပေါက်များမှ သွေးများစီးကျလာသည်။
မိန်းကလေးသည် ထန်ရှုအား ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ပြီး သေနတ်ပြောင်းဖြင့် ချိန်မိလျက် သည်းထန်စွာ ငိုကြွေးထားသော မျက်နှာဖြင့် တိုးတိုးမေးလိုက်သည်။
“ငါ အခု သွားလို့ရပြီလား”
ထန်ရှုသည် ခေါင်းညိတ်ပြလိုက်ပြီး စက်ဆုပ်စွာဖြင့် ပြောလိုက်သည်။
“ငါ ဒီနေ့ အတွေ့အကြုံ ရခဲ့တယ်။ ပျားတူကောင်(ပါးဆုပ်ပနကောင်/နကျယ်ကောင်)တွေရဲ့ နောက်နားက အမြီးက အပ်လိုချွန်ထက် အဆိပ်ပြင်းသလိုပဲ မင်းလို မိန်းကလေးတစ်ယောက်ရဲ့ အသည်းနှလုံးကလည်း အဆိပ်တွေချည်းပဲ။ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုကို မင်း လုပ်ခဲ့တာဆိုတော့ ကောင်းကင်နဲ့မြေကြီး ပေါင်းစပ်ပြီး မင်းကို ဆုံးမလိမ့်မယ် ဂရုစိုက်သာ နေထိုင်ပေတော့။ အခု သေနတ်ကို အဝေးမှာ ချထားပြီး ထွက်သွားနိုင်ပြီ။ ဒီနေ့ကစပြီး မင်းစိတ်ထဲ မှတ်ထားရမှာက ဒီလူ၂ယောက်ကို မင်း ပစ်လိုက်တာပဲ။ ရဲတွေ ဒီအမှုကို စုံစမ်းလာပြီဆိုရင်တော့ မင်းသံတိုင်တွေနောက်မှာ နှစ်အနည်းငယ် နေရလိမ့်မယ်လို့ ငါထင်တယ်”
“ငါ ဘာမှ မပြောပါဘူး။ တကယ်ပါ” ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် မိန်းကလေးသည် ပြန်ဖြေလိုက်သည်။
ထန်ရှုသည် လက်ကို ယမ်းပြလိုက်ရင်း ပြောလိုက်သည်။
“မင်း ဒီနေရာကနေ ထွက်သွားတော့။ ထွက်သွားပြီးရင် ဒီသောက်မြစ်များနှင့် တောင်တန်းများ အိမ်ခြံမြေလုပ်ငန်းစုကို စွန့်ခွာပြီး ကြယ်တာရာကပါ ထွက်သွားတော့။ ကျန်တဲ့မင်းဘဝ တစ်လျှောက်လုံးမှာ ငါ့ကို ထပ်မတွေ့မိစေဖို့ ငါ မျှော်လင့်ပါတယ်”
“ငါ ထွက်သွားမယ် ... ငါ ချက်ချင်း ထွက်သွားမယ်” သူမသည် ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။
သူမသည် ထေ့ငေါ့ပြောတတ်ပြီး လူအများအား အနိုင်ကျင့်ခြင်းအား သဘောကျသူ ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေကာမူ သူမသည် စမတ်ကျသူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် တိုင်လုံသည် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုအား ရန်စမိခဲ့ပြီဟု သူမ ပြောနိုင်သည်။ သည်နေရာသည် တိုင်လုံ၏အဆုံးသတ် ဖြစ်ကောင်း ဖြစ်သွားနိုင်လိမ့်မည်။ သေနတ်ကိုင်ဆောင်ထားသော ကျွမ်းကျင်သူများပင်လျှင် သည်လူငယ်အား မခုခံနိုင်ပေ။ သည်လူအား ရန်စရဲသူသည် သူတို့၏ သေခြင်းတရားနှင့်ပင် အဆုံးသတ်ရပေလိမ့်မည်။
သူမနေရာသို့ သွားကာ ရှိသမျှ ငွေကြေးများနှင့် ပိုင်ဆိုင်မှုများအား ယူပြီး အဝေးတစ်နေရာသို့ ထွက်သွားရန် သူမ စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြစ်သည်။ ကြယ်တာရာသို့ မည်သည့်အခါမျှ ခြေဦးမလှည့်တော့ဘဲ သူမ၏ကျန်နေသော ဘဝသက်တမ်းတွင် သေခြင်း၏ နတ်ဘုရားကဲ့သို့သော သည်လူအား ထပ်မံ မတွေ့ဆုံမိစေရန်ပင် ဆုတောင်းမိတော့သည်။
ထန်ရှုသည် သေနတ်ဒဏ်ရာများအား ကြည့်ကာ အသက်ရှင်နေသေးသော ထိုအရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် လူများအား သတိရအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် လှောင်ပြော ပြောလိုက်သည်။
“သေနတ်ကို မထုတ်ခင်က ခင်ဗျားတို့ ပြောခဲ့တဲ့စကား မှတ်မိသေးလား။ ကျွန်တော့်ဦးနှောက်က အရမ်းရှုပ်ထွေးနေလို့ အဲဒီစကားတွေ နောက်တစ်ခေါက် ထပ်ပြောပေးပါလား”
***