ခင်ဗျားတို့က ကျွန်တော်ဆုံးရှုံးသွားတာလို့ထင်ပေမယ့်...
Vol. 12 Ch. 167
“ အစ်ကို နတ်ဝိဇ္ဇာတွေပြန်သွားကြပြီ... ”
ရှုံးလင်လိသည် ကောင်းကင်ပေါ်သို့မော့ကြည့်၍ တီးတိုးပြောလိုက်သည်။
သူမဘေးရှိ အရိပ်ထဲတွင်တရားထိုင်နေသော လီချန်ရှို့သည် ခပ်ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။ သူမော့မကြည့်လိုက်ဘဲ ခေါင်းငုံ့ကာတွေးတောလိုက်လေသည်။
လီချန်ရှို့သည် အကာအရံအတွင်း၌ ကျင့်ကြံကာ ဉာဏ်အလင်းပွင့်နေသော ယုံချင်ရွှမ်းယာကိုမြင်သောအခါ ရင်ခုန်သွားသည်။
သူသည် ‘ပြောင်းပြန်ကာမအားတိုးဆေး’ဟုခေါ်သော နတ်ဆေးလုံးအကြောင်းကို တွေးတောနေခြင်းပင်။ သူသည် သူ၏အဆိပ်ညီမလေး၏ အဆိပ်တိုက်ခိုက်မှုကို ထိုဆေးလုံးကိုသုံး၍ ပြန်တိုက်ရန် ကြံရွယ်နေခြင်းပင်။
လီချန်ရှို့သည် သူမကိုအသုံးချခဲ့ခြင်းအတွက် ကောင်းကင်ပြစ်ဒဏ်ကိုခံနိုင်ရန် ဖာရာဒေးလှောင်ချိုင့်ကိုပေး၍ ချေခဲ့ပေသည်။
‘ နောက်ကျ သူ ချုံတောင်လေးကိုလာရင် ငါသူ့ကို ရှောင်နေလိုက်မယ်... နှုတ်လည်းမဆက်တော့ဘူး ’
ထိုနည်းဖြင့် သူသည် ရှုပ်ထွေးမှုများကို တဖြည်းဖြည်းလျှော့ချနိုင်ပြီး အနာဂတ်တွင် သူမထံမှရရှိမည့် ကြမ္မာနှောင်ကြိုးများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
စိတ်ငြိမ်သုတ္တန်အတွင်း၌ “ မိတ်ဆွေများစွာရှိလျှင် ပုန်းအောင်းနိုင်ရန်နည်းလမ်းမရှိပေ၊ မိတ်ဆွေအနည်းငယ်သာရှိလျှင် မည်သည့်ပြဿနာမှရှိမည်မဟုတ်ပေ ” ဟူသောဆိုရိုးတစ်ခုရှိပေသည်။
‘ ငါ... ငါလှည့်စားခံမှာမဟုတ်ဘူးကွ ’
လီချန်ရှို့ ရင်ထဲတွင် အတန်ငယ်ခေါင်းခါလိုက်သည်။ သူသည် အမတလမ်းစဉ်တွင် ငြိမ်းချမ်းနိုင်ရန်နှင့် ငြိမ်အေးသောဘဝကိုရရန် ဆုတောင်းလိုက်၏။
ဖာရာဒေးလှောင်ချိုင့်အတွက်မူ...
ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲ၏ အဓိကအစီအစဉ်ပြီးသွားပြီဖြစ်၍ ကျောင်းတော်များမှ အကြီးအကဲများ ပြန်သွားပြီဖြစ်သည်။
သို့သော် မြေပေါ်ရှိ ကျောင်းတော်သုံးကျောင်း၏နတ်ဝိဇ္ဇာဂိုဏ်းများမှ နတ်ဝိဇ္ဇများအတွက် ကိစ္စအထွေထွေနှင့် ရှုပ်ထွေးသောအရာများကို လုပ်ရဦးမည်ဖြစ်သည်။
ဂိုဏ်းချုပ်ကျိဝူယုံ စိုးရိမ်ခဲ့သည့် တစ်စုံတစ်ယောက်ပြဿနာလာရှာမည့်အဖြစ် ပေါ်လာရန် မဝေးတော့ပေ။
မျှော်လင့်ထားသကဲ့သို့ပင် ကျောင်းတော်သုံးကျောင်းမှ အကြီးအကဲများ ပြန်သွားသောအခါ အပူအပင်မဲ့နတ်ဝိဇ္ဇာဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် အခြားနတ်ဝိဇ္ဇာဂိုဏ်းလေးဂိုဏ်းမှ ဂိုဏ်းချုပ်သည် ကျိဝူယုံကို အတူတကွလာရှာကြလေသည်။ သူတို့သည် အတန်ငယ်စကားစမြည်ပြောပြီးနောက် ကျိဝူယုံက လီချန်ရှို့ကို ရှာခဲ့ပေသည်။
“ ချန်ရှို့... ”
ကျိဝူယုံသည်ပြုံး၍ လီချန်ရှို့ကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။
“ တခြားဂိုဏ်းတွေက ဂိုဏ်းချုပ်တွေနဲ့ လာတွေ့ပါဦး ”
“ ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ”
လီချန်ရှို့ ရှေ့သို့လျှောက်သွားလိုက်ပြီး သူ့ရှေ့ရှိ အဘိုးအိုသုံးယောက်နှင့် အဘွားအိုနှစ်ယောက်ကို ဦးညွှတ်လိုက်သည်။ သူ့နဖူးထက်တွင် ဇောချွေးများပြန်နေလေသည်။ သူ အတန်ငယ် စိတ်လှုပ်ရှားနေ၏။
“ ကျွန်တော်က တုနတ်ဝိဇ္ဇာဂိုဏ်းကတပည့် လီချန်ရှို့ပါ.. ဂိုဏ်းချုပ်တို့ကို နှုတ်ခွန်းဆက်ပါတယ် ”
အဘွားအိုတစ်ဦးသည် ပြုံး၍ နွေးထွေးစွာပြောလိုက်သည်။
“ မင်းက တကယ်ကို ကံကောင်းတာပဲ ”
သူမသည် ယုံချင်ရွှမ်းယာ ဖွင့်ပြောလိုက်သည့်ကိစ္စကို ပြောနေခြင်းပင်။
မျှော်လင့်ထားသကဲ့သို့ပင် ထိုငါးဦးသည် သူ၏တာအိုခန္ဓာကိုယ်ကို ကိုယ်တိုင်ထိတွေ့မကြည့်လျှင် ချီငြိမ်မန္တန် ဆဋ္ဌမအဆင့်ကို ဖောက်ထွင်းမြင်နိုင်မည်မဟုတ်ပေ။ လီချန်ရှို့ စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။
ထို့နောက် အဘွားအိုသည် သိမ်မွေ့သည့်အသံဖြင့် ဆက်ပြောလိုက်သည်။
“ ချန်ရှို့... မင်းရဲ့လှောင်ချိုင့်နဲ့သာဆိုရင် ရန်ကျောင်းတော်က တပည့်ဘယ်လောက်များများ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်လိမ့်မယ်လို့ ထင်လဲ ”
“ မင်းဆီမှာ ပြုလုပ်နည်းမရှိဘူးဆိုတာ ငါသိပါတယ်...ဒါပေမဲ့ မင်းသာ လှောင်ချိုင့်တွေကို ထုတ်ပြပြီး ငါ့ကိုလေ့လာခွင့်ပေးမယ်ဆိုရင် ပြုလုပ်နည်းကို ရှာတွေ့ချင်ရှာတွေ့နိုင်တယ်။ အဲဒီအခါကျရင် မင်းကို ဆုလာဘ်အကြီးအကြီးချမှာပါ။ ငါကလည်း မင်းကို လက်ဆောင်တွေအများကြီးပေးမှာပါ ”
‘ လက်ဆောင်အများကြီးဟုတ်လား... ’
လီချန်ရှို့သည် ဂိုဏ်းချုပ်ကို တစ်ချက်ကြည့်လိုက်သည်။ တာအိုရသေ့ဝူယုံသည် သူ့ကို မျက်စိတစ်ဖက် အသာအယာမှိတ်ပြနေသည်။
‘ အဲဒါက ဘာအဓိပ္ပာယ်လဲ ’
လီချန်ရှို့ အတန်ငယ် မျက်မှောင်ကြုတ်သွားသည်။ သူ့နဖူးပေါ်တွင် ဇောချွေးများ ပိုထွက်လာလေတော့သည်။
“ ကျွန်... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဘွားဘွားခင်ဗျာ... ကျွန်တော် အဲ့လှောင်ချိုင့်ကို ထုတ်ပြလို့မရလောက်ဘူး ”
အဘွားအို မျက်မှောင်ကြုတ်သွား၏။
“ ဘာလို့ ထုတ်ပြလို့မရတာလဲ။ မင်းက အဲဒါကို မင်းတစ်ယောက်တည်း သုံးချင်လို့လား.. ဒါမှမဟုတ် မင်းက တုနတ်ဝိဇ္ဇာဂိုဏ်းအတွက်ပဲ သုံးချင်လို့လား ”
အခြားအဘိုးအိုတစ်ဦးသည်လည်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ရန်ကျောင်းတော်ရဲ့ နတ်ဝိဇ္ဇာဂိုဏ်းခြောက်ဂိုဏ်းက တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ဆက်စပ်နေကြတာ။ အဲဒါကို မင်းတစ်ယောက်တည်းအတွက် သိမ်းထားတာတော့ သိပ်မသင့်တော်ဘူး ”
လီချန်ရှို့သည် သူ၏ဂိုဏ်းချုပ်ကို ထပ်မံကြည့်လိုက်သည်။ ဂိုဏ်းချုပ်ကျိဝူယုံသည်လည်း မည်သို့လုပ်ရမည်မသိဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏။
‘ ထားလိုက်ပါတော့... ဂိုဏ်းချုပ်ကသိပ်ပြီးတော့ အားကိုးရတာမဟုတ်ဘူး။ သူအချက်ပြတာက နှေးလွန်းနေတယ် ’
တော်သေးသည်မှာ လီချန်ရှို့သည် ဖြေရှင်းရန်နည်းလမ်းကို တွေးတောထားပြီးဖြစ်သည်။
လီချန်ရှို့သည် ချက်ချင်းပင် လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ပြီး မတတ်သာသည့်လေသံဖြင့် ခပ်တိုးတိုးပြောလိုက်လေသည်။
“ ကျွန်တော် အဲဒါကို ဖွက်မထားဝံ့ပါဘူး။ ဒါပေမဲ့ တခြားသူတွေ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားနိုင်အောင် ကူညီပေးတာက ကြမ္မာနှောင်ကြိုးတွေ ငြိတွယ်စေပါလိမ့်မယ်။ ဒီလှောင်ချိုင့်က ပြုလုပ်ဖို့ အတော်လေးခက်ခဲတယ်ဆိုပေမယ့် ဂိုဏ်းထဲမှာ အဂ္ဂိရတ်ပညာကျွမ်းကျင်တဲ့ဆရာတွေ အများကြီးရှိပါတယ်။ အဲဒါကို ပွားယူဖို့ မခက်ခဲလောက်ပါဘူး။ ဘိုးဘိုး၊ ဘွားဘွားတို့က ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေပါ... ဒီလှောင်ချိုင့်ကို ရန်ကျောင်းတော်အပြင်ဘက်ကို မရောက်စေရဘူးလို့ ဘိုးဘိုးတို့ ဘွားဘွားတို့ အာမခံနိုင်ပါသလား ”
သူဆက်ပြောလိုက်သည်။
“ ဒီလှောင်ချိုင့်သာ တခြားသူတွေလက်ထဲ ပျံ့သွားရင် စိတ်ထားကောင်းတဲ့သူက နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်သွားတာဆိုရင် ကျွန်တော်တို့ကုသိုလ်ရမယ်ဆိုပေမယ့် စိတ်ထားယုတ်ညံ့တဲ့လူသာ နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းသွားနိုင်တာမျိုးဆိုရင် ကျွန်တော်တို့သေချာပေါက် အကုသိုလ်ရမှာပဲ။ ကျွန်တော်လေ့လာသင်ကြားခဲ့ရတဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက စိတ်ငြိမ်သုတ္တန်ထဲမှာ ကျွန်တော်တို့ကို တည်တည်ငြိမ်ငြိမ်နဲ့ သဘာဝတရားကို လိုက်နာဖို့ သတိပေးထားပါတယ်... ”
နတ်ဝိဇ္ဇာဂိုဏ်းငါးဂိုဏ်းမှ ဂိုဏ်းချုပ်များသည် မျက်မှောင်ကြုတ်သွားပြီး ခေတ္တဆွံ့အသွားသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းမှတပည့်များသည်လည်း ထိုစကားကိုကြားလိုက်ရသောအခါ နားမလည်နိုင်ဖြစ်သွားသည်။ သို့သော် အကြီးအကဲများကမူ ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏မျက်လုံးများထဲတွင် ခံစားချက်များနှင့် ပြည့်နှက်နေပေသည်။ အထူးသဖြင့် သူတို့ လီချန်ရှို့၏နောက်ကျောကို ကြည့်လိုက်သည့်အခါတွင် ပို၍ပင် ခံစားချက်များပြည့်နှက်သွားလေသည်။
ကျိဝူယုံပြုံး၍ ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည်။ သူသည် လီချန်ရှို့နှင့် ရန်ကျောင်းတော်၏ နတ်ဝိဇ္ဇာဂိုဏ်းငါးဂိုဏ်းမှ ဂိုဏ်းချုပ်များကြားတွင် ရပ်လိုက်သည်။
လီချန်ရှို့ အတန်ငယ် စိတ်တည်ငြိမ်သွား၏။ ဂိုဏ်းချုပ်သည် သူ့ကိုထောက်ခံပေးကြောင်း သူသိလေသည်။ ထို့ကြောင့် သူသည် များစွာစိတ်ပူရန်မလိုချေ။
‘ နောက်ကျ အခွင့်အရေးရရင် ငါ ဂိုဏ်းချုပ်ကို အရှင်ရွှမ်းဒူနဲ့ မိတ်ဆက်ပေးရမယ်။ ဂိုဏ်းချုပ်က အာကာသနတ်မင်းမလား... သူလည်း တုသိတာနန်းတော်အတွက် လက်တိုလက်တောင်း လုပ်ပေးနိုင်တာပဲ... ’
‘ အင်း... ငါ ‘ဓမ္မရတနာလူသားအသစ်’ကို အရှင်ရွှမ်းဒူနဲ့ မိတ်ဆက်ပေးဖို့ သေချာပေါက် နည်းလမ်းရှာရမယ်... ’
ဆံပင်ဖြူနှင့်အဘိုးအိုသည် ပြုံး၍ ပြောလိုက်၏။
“ အာဒိကပ္ပလောကရဲ့ လောကသုံးပါးမှာ ဘယ်သူကများ ကြမ္မာနှောင်ကြိုးကို ရှောင်နိုင်လို့လဲ။ ချန်ရှို့ ... မင်းက အတွေးလွန်နေတာပါ ”
“ ကျွန်တော် အတွေးမလွန်ပါဘူး... ”
လီချန်ရှို့ ခေတ္တမျှစကားရပ်လိုက်ပြီး အတန်ငယ်အံ့အားသင့်နေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏နတ်အာရုံသည် ချန်ကျောင်းတော်၏ဗလာနတ္ထိကျောက်စိမ်းနန်းတော်မှ ပိန်ပါး၍အသက်ကြီးသော နတ်ဝိဇ္ဇာတစ်ပါးသည် ပန်းခြင်းလေးကိုကိုင်၍ သူတို့ဘက်သို့လာနေသည်ကို အာရုံခံလိုက်မိ၍ဖြစ်သည်။ သူ၏လာရာလမ်းကြောင်းအရ သူတို့ထံသို့လာနေခြင်းဖြစ်ရပေမည်။
‘ ယွင်ကျုံးစစ်... ’
‘ ဒီ အာဒိကပ္ပလောကရဲ့ အဂ္ဂိရတ်ပညာရှင်ကလည်း ဖာရာဒေးလှောင်ချိုင့်ကို စိတ်ဝင်စားနေတာလား... ’
လီချန်ရှို့ ထိုသို့တွေးတောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ ကျွန်တော် အတွေးလွန်နေတာမဟုတ်ပါဘူး။ ဒီလှောင်ချိုင့်ကို အကြီးအကဲတစ်ဦးက ကျွန်တော့်ကိုပေးသွားတာပါ။ တကယ်လို့ ကျွန်တော်ကသာ အကြီးအကဲပြန်ဝင်စားတဲ့လူအတွက် ပြဿနာရှာမိသလိုဖြစ်သွားရင် အဲဒါက... ”
“ အဲဒါက မင်းပြောသလောက်လည်း မဆိုးနိုင်ပါဘူးဟ ”
အခြားအဘွားအိုတစ်ဦးက ပြုံး၍ပြောကာ သက်ပြင်းချလိုက်၏။
“ မင်းသာ အဲဒါကိုထုတ်ပြီး ငါတို့ကိုပြရုံလောက်နဲ့ ဘာမှမဖြစ်နိုင်ပါဘူး ”
လီချန်ရှို့ ခေတ္တမျှတွေးတောနေလိုက်ပြီး ယွင်ကျုံးစစ်ရောက်လာမည့်အချိန်အထိ အချိန်ဆွဲနေလိုက်သည်။
လီချန်ရှို့သည် ယွင်ကျုံးစစ်တစ်ယောက် သူတို့နှင့်(၂၅)လီအကွာအထိရောက်လာပြီး သူတို့ပြောသည်ကို သေချာနားထောင်လာသည့်အချိန်အထိစောင့်နေလိုက်သည်။ ထို့နောက် သူချီတုံချတုံပြောလိုက်၏။
“ ဘိုးဘိုးတို့၊ ဘွားဘွားတိုးကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အဂ္ဂရိတ်ပညာရှင်တစ်ဦးရှိနေပါတယ်။ တကယ်လို့ သူသာ အဲ့လှောင်ချိုင့်ကိုကြည့်ပြီး အဲ့လှောင်ချိုင့်လိုမျိုး ထပ်လုပ်လို့မရဘူးလို့ပြောမယ်ဆိုရင် ဆက်ပြီး ကျွန်တော်အခက်တွေ့အောင် မလုပ်ပါနဲ့တော့။ ကျွန်တော် အမတလမ်းစဉ်ကို လျှောက်လှမ်းတာ နှစ်နှစ်ရာပဲ ရှိပါသေးတယ်... ကျွန်တော် အဲဒီကရမယ့် ကြမ္မာနှောင်ကြိုးတွေကို ခံနိုင်မှာမဟုတ်ပါဘူး ”
ကျိဝူယုံပြုံး၍ ပြောလိုက်၏။
“ မပူပါနဲ့... ဂိုဏ်းချုပ်တွေအကုန်လုံးက ရန်ကျောင်းတော်ရဲ့ အဓိကကျတဲ့သူတွေပဲ။ သူတို့က မင်းလိုတပည့်ငယ်လေးတစ်ယောက်ကို ဘာလို့အခက်တွေ့အောင်လုပ်ရမှာလဲ ”
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အတိုင်အဖောက်ညီညီပြောကာ အခြားသူများကို ဆွံ့အသွားစေလေသည်။
ရန်ကျောင်းတော်၏နတ်ဝိဇ္ဇာဂိုဏ်းများမှ ဂိုဏ်းချုပ်ငါးယောက်သည် စတင်ဆွေးနွေးကြလေတော့သည်။ သူတို့ သဘောတူညီချက်မရခင်မှာပင် သူတို့သည် ကောင်းကင်ထက်မှ ရယ်မောသံကိုကြားလိုက်ကြရ၏။
“ မင်း ငါ့ကို အဲဒါကို ကြည့်ခွင့်ပေးနိုင်မလား ”
ယွင်ကျုံးစစ်သည် ပြောပြောဆိုဆိုနှင့် (၂)လီအကွာတွင် ပေါ်လာလေသည်။ သူသည် စကြဝဠာကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ ရောက်လာခြင်းပင်။ လေထဲတွင် သူ၏အငွေ့အသက်အနည်းငယ် ကျန်ခဲ့ပေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထင်ထင်ရှားရှားမြင်နေရပေသည်။
ယွင်ကျုံးစစ်ပေါ်လာသည့်အခိုက်တွင် ကျိဝူယုံနှင့် အခြားဂိုဏ်းချုပ်ငါးဦးအပြင် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် အခြားနတ်ဝိဇ္ဇာဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည် ဦးညွှတ်၍ ပြောလိုက်ကြ၏။
“ နှုတ်ဆက်ပါတယ်...အကြီးအကဲ... ”
“ နှုတ်ဆက်ပါတယ် ဆရာဦးလေး... ”
ထိုအခိုက်တွင် လီချန်ရှို့သည် အတော်လေးစိတ်လှုပ်ရှားနေသည်။ ထိုအကြီးအကဲသည် သူဖုံးကွယ်ထားသည်များကို ဖောက်မြင်သွားကာ ပြဿနာများပိုကြီးလာမည်ကို သူစိုးရိမ်နေသည်။
သို့သော် ယွင်ကျုံးစစ်က သူ့ထံသို့ အသံပို့လွှတ်လိုက်လိမ့်မည်ဟု လီချန်ရှို့ မထင်ခဲ့ပေ။
“ မပူပါနဲ့... မင်း ဒီအခြေအနေကို ဖြေရှင်းနိုင်အောင် ငါကူညီပေးပါ့မယ်။ အစ်ကိုရွှမ်းဒူထွက်မသွားခင်တုန်းက မင်းရဲ့ဇစ်မြစ် မပေါ်သွားအောင်လုပ်ပေးဖို့ ငါ့ကိုမှာခဲ့တယ်။ ငါက အစ်ကိုရွှမ်းဒူအပေါ်မှာ အများကြီး အကြွေးတင်နေတာ။ မင်းဒီနေ့ စိတ်အေးအေးနေလို့ရပါပြီ ”
လီချန်ရှို့ သက်ပြင်းချ၍ တွေးတောလိုက်သည်။
‘ ကျောထောက်နောက်ခံရှိရင် သိပ်ပြီး အားစိုက်ထုတ်ဖို့မလိုတာ တကယ်ပဲကိုး ’
ပန်းခြင်းကိုကိုင်ထားသည့် ယွင်ကျုံးစစ်သည် ရယ်မော၍ ပြောလိုက်၏။
“ မိတ်ဆွေတာအိုရသေ့တို့... သိပ် ယဉ်ကျေးနေစရာမလိုပါဘူး။ မိတ်ဆွေလေးချန်ရှို့... ငါ့ကို အဲ့ကောင်းကင်ပြစ်ဒဏ်ကိုခံနိုင်တဲ့ လှောင့်ချိုင့် ပြလို့ရမလား ”
လီချန်ရှို့သည် ဆက်၍ ချီတုံချတုံဖြစ်နေဟန် ဟန်ဆောင်လိုက်သည်။ သူ၏အပိုင်းကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်ရန် ဆက်၍သရုပ်ဆောင်နေရမည် မဟုတ်ပေလော။ ကျိဝူယုံသည် ချောင်းနှစ်ချက်ဟန့်၍ လီချန်ရှို့ကို စိုက်ကြည့်လိုက်သည်။
လီချန်ရှို့ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ အကြီးအကဲ... အကာအရံတစ်ခု ဖန်ဆင်းလိုက်ပါ။ ကျွန်တော် အကြီးအကဲကို ပြပါမယ် ”
“ တကယ်လို့ အကြီးအကဲကသာ ဒီလှောင်ချိုင့်ကို နောက်ထပ်အသစ်ထပ်မလုပ်နိုင်ဘူးလို့ပြောရင် တခြားသူတွေအကုန်လုံး အဲဒါကို ယုံကြည်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ”
ရန်ကျောင်းတော်မှ ဂိုဏ်းချုပ်တစ်ဦးက ဆူပူလိုက်သည်။
“ တပည့်လေး... ဘယ်လိုလုပ် မင်းက ငါတို့ကို သူခိုးတွေလိုမျိုး သတိထားနေနိုင်ရတာလဲ ”
လီချန်ရှို့ ပြန်ပြောရခက်သွား၏။ သို့သော် ယွင်ကျုံးစစ်သည် ရှေ့ထွက်၍ ပြုံးကာပြောလိုက်သည်။
“ ဘာဖြစ်လို့တုံး ... အကုန်လုံးက ကျုပ်ကိုမယုံလို့လား ”
အာကာသနတ်မင်းများ ပြန်မပြောဝံ့ကြတော့ပေ။
ယွင်ကျုံးစစ်သည် ရတနာပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ဘေးတွင်ချလိုက်သည်။ သူသည် လီချန်ရှို့အရှေ့သို့လျှောက်သွားလိုက်ပြီး လီချန်ရှို့၏လက်ကိုကိုင်လိုက်၏။ ထို့နောက် သူတို့သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပုလင်းအတွင်းသို့ ဝင်သွားလေတော့သည်။
ချီကျင့်ကြံသူများသည် ထိုပုလင်းဘေးတွင် ချက်ချင်းဝိုင်းအုံလာကြသည်။
သို့သော် သူတို့မည်မျှပင် ကြည့်ရှုစူးစမ်းစေကာမူ ပုလင်းအတွင်းမှ မည်သည့်အရာကိုမှ မမြင်ရပေ။
ခေတ္တကြာပြီးနောက် အလင်းတန်းတစ်ခု ပြန်ထွက်လာပြီး လီချန်ရှို့နှင့် ယွင်ကျုံးစစ်တို့အဖြစ် ပြောင်းလဲသွားသည်။ ယွင်ကျုံးစစ်သည် မျက်မှောင်ကြုတ်၍ တွေးတောနေ၏။ သူသည် တွက်ချက်မှုများပြုလုပ်နေသော်လည်း နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်လေသည်။
“ ကျုပ် ဒီဓမ္မရတနာကို မလုပ်နိုင်ပါဘူး ”
လူအားလုံး တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
ယွင်ကျုံးစစ်က ပြောလိုက်၏။
“ ဒီပစ္စည်းက အဂ္ဂရိတ်လမ်းစဉ်အတိုင်းပြုလုပ်ထားတာမဟုတ်ဘူး။ တာအိုလမ်းစဉ်လည်း မဟုတ်ဘူး။ ဒီပစ္စည်းက ဒီလောကထဲမှာ မရှိသင့်တဲ့ပစ္စည်းပဲ။ ကျုပ် ပစ္စည်းတွေစလုပ်ကတည်းက ရတနာတွေ သောင်းချီလုပ်ခဲ့ဖူးတယ်...ဒါပေမဲ့ ဒီလိုဆန်းကြယ်တဲ့ပစ္စည်းမျိုးကိုတော့ တစ်ခါမှမတွေ့ဖူးဘူး။ ကြီးမြတ်တဲ့တာအိုတရားက ရိုးရှင်းပါတယ်... ပြီးတော့ ရှုပ်ထွေးမှုကြားမှာ ရိုးရှင်းမှုရှိတယ်။ ဒီပစ္စည်းက အံ့အားသင့်စရာကောင်းတယ်လို့ပြောရမလား.. ထူးဆန်းတယ်လို့ပြောရမလားတောင် ကျုပ် မသိတော့ပါဘူး ”
နတ်ဝိဇ္ဇာဂိုဏ်းခြောက်ဂိုဏ်းမှ ဂိုဏ်းချုပ်များ၊ တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများ၏တပည့်များနှင့် ထိုနေရာမှအခြေအနေကို နတ်အာရုံများသုံး၍ လေ့လာနေသော ကျောင်းတော်သုံးကျောင်းမှ နတ်ဝိဇ္ဇာဂိုဏ်းသုံးဂိုဏ်းတို့သည် အံ့အားသင့်သွားကြသည်။
‘ ကျောက်စိမ်းနန်းတော်က အာကာသနတ်မင်းယွင်ကျုံးစစ်တောင် မလုပ်နိုင်ဘူးဟုတ်လား... ’
ယွင်ကျုံးစစ်သည် သက်ပြင်းချ၍ ပန်းခြင်းအတွင်းမှနေ၍ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းကို လီချန်ရှို့အားလှမ်းပေးလိုက်ပြီး ပြောလိုက်သည်။
“ ဒီနေ့ ငါမင်းအပေါ် အကြွေးတင်သွားပြီ။ မိတ်ဆွေလေး... နောက်ကျတစ်ခုခုဖြစ်လာရင် ဒါကိုသုံးပြီး ငါ့ကိုဆက်သွယ်လိုက်ပါ ”
လီချန်ရှို့သည် ကျောက်စိမ်းပြားကို လက်ထဲတွင် ကိုင်ထားလိုက်သည်။ ယွင်ကျုံးစစ်သည် အရှင်ရွှမ်းဒူကြောင့် သူ့ကိုယာယီကူညီနေခြင်းဖြစ်ကြောင်း လီချန်ရှို့ သိပေသည်။
ယွင်ကျုံးစစ်သည် နတ်ဘုရားဘွဲ့စစ်ပွဲကြီးတွင် သေမျိုးများ၏ ရှင်ခြင်း၊ သေခြင်းကို ဆုံးဖြတ်ရမည့် ကျောင်းတော်သုံးကျောင်း၏ပညာရှင်အနည်းစုထဲမှ တစ်ယောက်ဖြစ်ကြောင်း လီချန်ရှို့အမှတ်ရသွားသည်။
သူသည် ချန်ကျောင်းတော်မှ အာကာသနတ်မင်းတစ်ပါးဖြစ်ရာ ချန်ကျောင်းတော်၏ကံကြမ္မာသည် ကျိုးမင်းဆက်ကိုထောက်ပံ့ပေးရန်ဖြစ်ကြောင်း သူသိပေသည်။ သို့သော် သူသည် ဘေးဒုက္ခကိုရှောင်ရှားနိုင်ရန် ချောင်ကဲမြို့သို့သွား၍ သူ၏သစ်သားဓားကို ပေးအပ်ခဲ့သည်။
နောက်ဆုံးတွင် ကုသိုလ်အာကာသနတ်မင်းသည် နတ်ဘုရားစာရင်းအတွင်း မဝင်ခဲ့ချေ။ ထိုသို့မဝင်ခဲ့ခြင်းသည်လည်း သူ၏ကံကောင်းခြင်းကြောင့် ဖြစ်၏။
လီချန်ရှို့သည် တည်ငြိမ်လျှပ်စစ်ဒိုင်းကာတာအိုကို အသုံးပြု၍ ယွင်ကျုံးစစ်ကို သူ၏အဂ္ဂရိတ်စွမ်းရည်ကို သူ့ဘာသာ သံသယဝင်သွားအောင်လုပ်ခဲ့ခြင်းပင်။ သို့သော် လီချန်ရှို့၏ရှင်းပြုမှုသည် မှန်ပုံမပေါ်ပေ။
သို့သော် လီချန်ရှို့သည် ထိုကိစ္စကို ရှင်းမပြနိုင်ပေ။ သူသည် ထိုအကြောင်းကို အနည်းငယ်သာသိပေသည်။ သူသည် “မဟာနတ်ဝိဇ္ဇာဖာရာဒေး” ပြန်လည်ဝင်စားသူမဟုတ်သလို “အာကာသနတ်မင်းရှရိုဒင်ကာ(Schrodinger)” ပြန်လည်ဝင်စားသူလည်းမဟုတ်ပေ။
( Erwin Schrodinger သည် နိုဘယ်ဆုရရှိခဲ့သည့် ဩစတြီးယား-ဟန်ဂေရီလူမျိုး ရူပဗေဒပညာရှင်ဖြစ်သည် )
“ ထားလိုက်ပါတော့ ”
ယွင်ကျုံးစစ်သည် ရယ်မောနေသော်လည်း အတန်ငယ်စိတ်ပျက်နေပုံရလေသည်။ သူသည် ပန်းခြင်းတောင်းကိုကိုင်၍ တိမ်များဆီသို့ ပျံသန်းသွားသည်။ သူသည် ထွက်ခွာသွားသောအခါ ခေါင်းတခါခါ၊ သက်ပြင်းတချချနှင့် ဖြစ်နေပေသည်။
အမှန်မှာမူ ယွင်ကျုံးစစ်သည် ထိုပစ္စည်း၏နောက်ကွယ်မှနိယာမကို နားမလည်သဖြင့် တုပ၍မလုပ်နိုင်ဟုပြောခဲ့ခြင်းသည် လီချန်ရှို့ကို ကာကွယ်ပေးရန်အတွက်သာဖြစ်သည်။ သူသည် လီချန်ရှို့အပေါ်တွင် အကြွေးတင်သွားခဲ့ပြီဟုပြောကာ လီချန်ရှို့ကိုကာကွယ်ပေးခဲ့ခြင်းပင်။ နတ်ဝိဇ္ဇာများသည် လီချန်ရှို့အခက်တွေ့အောင် မလုပ်လောက်တော့ပေ။
သို့သော် လီချန်ရှို့အတွက် ထိုမျှဖြင့် မလုံလောက်သေးချေ။
ယွင်ကျုံးစစ်ထွက်သွားသည်နှင့် လီချန်ရှို့သည် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး လှောင်ချိုင့်နှစ်ခုကို ဆင့်ခေါ်လိုက်သည်။ သူသည် လှောင်ချိုင့်များကိုကိုင်၍ သက်ပြင်းချလိုက်သည်။
“ ဒါ ဖြစ်လာရတာ မင်းတို့ကြောင့်ပဲကွ... ငါမင်းတို့ကို စိတ်ပျက်သွားပြီ။ ဒါ ငါ့အပြစ်တွေပါ ”
လီချန်ရှို့ ထိုသို့ပြောနေစဉ်တွင် သူ့လက်အတွင်းသို့ ဓမ္မတန်ခိုးများဝင်လာလေသည်။ လှောင်ချိုင့်နှစ်ခုသည် တချိန်တည်းမှာပင် ပျက်ဆီးသွားလေသည်။
ဘေးမှနတ်ဝိဇ္ဇာများသည် သူထိုသို့ပြုလုပ်လိမ့်မည်ဟု မထင်ထားပေ။ သို့သော် လီချန်ရှို့၏လုပ်ဆောင်မှုသည် လွန်စွာလျင်မြန်ပေသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်မည်မျှမြင့်စေကာမူ သူတို့သည် သူ့ကိုအချိန်မီတားနိုင်မည်မဟုတ်ချေ။
ကျိဝူယုံ အော်ပြောလိုက်သည်။
“ အာ... မင်းအဲဒီလိုလုပ်လို့ မဖြစ်ဘူးလေ။ မင်းဘာသာပဲ သုံးလိုက်ပါလား ”
“ ချန်ရှို့... အဲ့ရတနာကို ဖျက်ဆီးမပစ်ပါနဲ့ ”
“ ဒါက... ”
“ ချန်ရှို့... ”
လီချန်ရှို့၏မျက်နှာထားသည် ပြတ်သားနေသည်။ သူသည် လေထဲသို့ အဆောင်စက္ကူအချို့ကို ပစ်လွှတ်လိုက်သည်။ ထိုအဆောင်စက္ကူအချို့သည် မီးတောက်သွားပြီး ၎င်းမီးတောက်များသည် လှောင်ချိုင့်၏အကြွင်းအကျန်များကို ဝါးမျိုသွားလေသည်။
တခဏမျှကြာပြီးနောက် မြေပေါ်တွင် ပြာများသာ ကျန်ခဲ့လေတော့သည်။
ဝိညာဉ်ကျောက်တုံးတစ်ရာမျှပင် မတန်သည့် လှောင်ချိုင့်နှစ်ခုသည် လီချန်ရှို့၏လက်တစ်ယမ်းအတွင်းမှာပင် ပျက်စီးကာ ပြာပုံဘဝသို့ ရောက်သွားပေပြီ။
မည်သည့်အကြွင်းအကျန်မှ မကျန်တော့ပေ။
လီချန်ရှို့သည် ဘေးမှလူများကို ဦးညွှတ်ကာ ပြောလိုက်လေသည်။
“ ကျွန်တော် အကြီးအကဲတို့ကို စော်ကားသလိုဖြစ်သွားပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုအပြစ်မတင်ပါနဲ့။ ကျွန်တော့်ရဲ့စိတ်က မတည်မငြိမ်ဖြစ်နေလို့ ကျွန်တော်အခုတရားသွားထိုင်ပါတော့မယ် ”
ထို့နောက် သူသည် ရှုံးလင်လိ၏ဘေးသို့ ပြန်သွားလိုက်ပြီး မျက်လုံးမှိတ်ကာ အာရုံစိုက်နေလိုက်လေသည်။ သူသည် အကောင်းဆုံးကြိုးစား၍ သူ၏ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်ထားရန် အကောင်းဆုံးကြိုးစားလိုက်ပြီး သူ့ကိုစူးစမ်းနေသော နတ်အာရုံများကို ရင်ဆိုင်နေလေသည်။
တစ်ဖက်တွင်မူ ရန်ကျောင်းတော်၏နတ်ဝိဇ္ဇာဂိုဏ်းငါးဂိုဏ်းမှ ဂိုဏ်းချုပ်ငါးဦးသည် အိုးတိုးအန်းတန်းဖြစ်သွားကြ၏။ သူတို့သည် လီချန်ရှို့ဆီသို့ လျှောက်သွားလိုနေသော်လည်း မသွားနိုင်ဖြစ်နေသည်။ ထို့ကြောင့် သူတို့သည် ကျိဝူယုံဆီသို့သာ သွားလိုက်ကြသည်။
“ မောင်လေးဝူယုံ ... ဒီတစ်ကြိမ် မင်းကိုစော်ကားသလိုဖြစ်သွားတာ တောင်းပန်ပါတယ် ”
အဘွားအိုတစ်ဦးသည် သိုလှောင်ဓမ္မရတနာနှစ်ခုကိုထုတ်လိုက်ပြီး သူမ၏နတ်တန်ခိုးကိုသုံး၍ ၎င်းတို့ကို ကျိဝူယုံထံလှမ်းပေးလိုက်သည်။
“ ဒါကို မင်းနဲ့ မင်းတပည့်လေးကို တောင်းပန်တဲ့လက်ဆောင်အနေနဲ့ ယူထားလိုက်ပါ ”
“ ငါတို့က နည်းနည်းလောက်ပဲ လေ့လာချင်တာပါ။ မင်းတပည့်လေး ကောင်းကင်ပြစ်ဒဏ်ခံတဲ့အခါမှာသုံးမယ့် ပစ္စည်းကို ဖျက်ဆီးပစ်ချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ဒီရတနာတွေကို အလျော်ပေးတဲ့အနေနဲ့ ယူလိုက်ပါ ”
“ ညီလေးဝူယုံ ... နောက်ကျရင် တူလေးချန်ရှို့ကို အပူအပင်မဲ့နတ်ဝိဇ္ဇာဂိုဏ်းဆီ အလည်ခေါ်ခဲ့ကွာ ”
“ ဒီရတနာနှစ်ခုကိုလည်း ယူလိုက်ပါ.. ဒါတွေက လှောင်ချိုင့်နဲ့တော့ မယှဉ်နိုင်ပေမယ့် အသုံးတော့ဝင်ပါတယ် ”
ကျိဝူယုံသည် ထိုလက်ဆောင်များကို မငြင်းလိုက်ပေ။ သူသည် မျက်မှောင်ကြုတ်၍ လက်ဆောင်အားလုံးကို လီချန်ရှို့ကိုယ်စားလက်ခံလိုက်ပေသည်။
ရန်ကျောင်းတော်၏ နတ်ဝိဇ္ဇာဂိုဏ်းငါးဂိုဏ်းမှ ဂိုဏ်းချုပ်များသည် ထိုနေရာတွင် ဆက်၍နေမနေတော့ပေ။ သူတို့သည် တောင်းပန်စကားဆိုကာ ခပ်သုတ်သုတ်ပြန်သွားကြလေသည်။
သူ့ကိုလေ့လာနေသော နတ်အာရုံများသည်လည်း လျင်မြန်စွာရုတ်သိမ်းသွားကြပြီဖြစ်ကြောင်း လီချန်ရှို့ခံစားလိုက်ရသည်။
အခြေအနေသည် ထိုကဲ့သို့သာဆက်ကောင်းနေလျှင် ဖာရာဒေးလှောင်ချိုင့်နှင့်ပတ်သတ်၍ မည်သည့်မမြင်နိုင်သည့်အန္တရာယ်မှ ရှိမည်မဟုတ်ပေ။ သို့သော် လီချန်ရှို့သည် သတိလက်လွတ် အဖြစ်ခံ၍မရသေးပေ။
ဆရာဦးလေးကျိုးဝူက ဂိုဏ်းချုပ်ငါးဦးထံမှ တောင်းပန်လက်ဆောင်များကို ယူဆောင်လာပေးသောအခါ လီချန်ရှို့သည်လည်း မျက်မှောင်ကြုတ်၍ လက်ခံထားလိုက်ပေသည်။ သူခေါင်းငုံ့၍ သက်ပြင်းချလိုက်သည်။
သရုပ်ဆောင်ခြင်းဆိုသည်မှာ အစမှအဆုံးအထိ မိမိ၏ဇာတ်ကောင်စရိုက်အတိုင်း ပြုမူခြင်းဖြစ်သည်။ ထိုအခိုက်တွင် သူသည် ကြီးမားသောဆုံးရှုံးမှုကို ရရှိခဲ့ရသူတစ်ဦး၏မျက်နှာထားကို သရုပ်ဆောင်ထားပေသည်။
အမှန်တွင်မူ သူ၏ချမ်းသာကြယ်ဝမှုသည် ရုတ်ခြည်းတိုးတက်လာလေသည်။ အစောက ရတနာပုလင်းထဲ၌ အကြီးအကဲယွင်ကျုံးစစ်သည် သူ့ကို နတ်ဘုရားရတနာဆယ်ခုကျော်ပေးခဲ့ကာ အမြုတေအဆင့် လက်ဝတ်တန်ဆာလေးကိုလည်းပေးခဲ့သည်။
၎င်းတို့သည် အခြားသူများကိုပေးရန် အကြီးအကဲယွင်ကျုံးစစ်ကိုယ်တိုင်ပြုလုပ်ထားသည့် ပစ္စည်းများဖြစ်သည်။
အကြီးအကဲယွင်ကျုံးစစ်ပေးသော ရတနာများနှင့်ယှဉ်လျှင် ဂိုဏ်းချုပ်ငါးဦးပေးသော တောင်းပန်လက်ဆောင်များက ပို၍ညံ့သည်ဟုဆိုနိုင်၏။ သို့သော် ကောင်းကင်ပြစ်ဒဏ်ခံစဉ်တွင် မူလဝိညာဉ်ကိုကာကွယ်ပေးနိုင်သည့် ဓမ္မရတနာနှစ်ခုသည် လွန်စွာရှားပါးပေသည်။
လင်းအယ်၏ ကောင်းကင်ပြစ်ဒဏ်လက်ဆောင်အိတ်သည် ပို၍ဖောင်းလာပေပြီ။
‘ ဟမ်... ’
သူ့ရင်ထဲတွင် ရုတ်တရက် အာရုံလှိုင်းတစ်ခုထလာ၏။ ထိုအာရုံသည် တောင်သမုဒ္ဒရာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းမှ လာခြင်းဖြစ်ပုံရသည်။
လီချန်ရှို့၏အာရုံတစ်စိတ်တစ်ပိုင်းသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအတွင်းရှိ ရုပ်တုအပေါ်သို့ ကျရောက်သွားသည်။ ရုတ်ခြည်းပင် သူသည် ရင်းနှီးသည့် တုတ်ခိုင်သောလူတစ်ယောက် သူ့ရုပ်တုထံလျှောက်လာသည်ကို မြင်လိုက်ရသည်။
‘ ဘာလို့ ဆရာကျောက်က ဒီကိုထပ်လာရတာလဲ ’
သို့သော် ရောက်လာသူမှာ ဆရာကျောက်တစ်ဦးတည်းမဟုတ်ပေ။ သူသည် မိန်းမပျိုလေးတစ်ဦးနှင့်အတူ ရောက်လာခြင်းဖြစ်ပြီး ပါးစပ်ကလည်း စကားတဖွဖွပြောနေလေသည်။
“ ညီမလေး... သူသာသဘောတူရင် တစ်ယောက်ယောက်ကို ရိုက်နှက်လိုက်ပေမယ့် အရိုက်အနှက်ခံရတဲ့သူက ဘာမှပြန်မပြောနိုင်အောင် လုပ်နိုင်မယ့်နည်းလမ်းကို အစ်ကို ညီမကိုသင်ပေးမယ် ”