← Chapters

နတ်ဆိုးကြယ်

Vol. 03 Ch. 130

နတ်ဆိုးကြယ်

Vol. 03 Ch. 130

ထိုအရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် လူ၂ယောက်သည် အရှက်ရခြင်းနှင့်အတူ တစ်ပြိုင်နက်တည်း မခံချိမခံသာ ဖြစ်မှုကိုပါ ခံစားလိုက်ရသည်။ သုန်မှုန်သော မျက်နှာများဖြင့် အော်ဟစ်မိလုနီးပါးပင် ဖြစ်သွားရသည်။ အရာရာသည် သူတို့ လက်ထဲ၌သာ ရှိနေသောကြောင့် အနိုင်ရပြီဟု သူတို့ တွေးမိခဲ့ကြသည်။ သူတို့သည် ထန်ရှုအား သားသတ်သမား လက်ထဲရောက်နေသော သိုးလေးတစ်ကောင်သဖွယ် ဆက်ဆံခဲ့ကြသည်။ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သူတို့သည်သာ ဆိုးဆိုးဝါးဝါး အတိုက်အခိုက် ခံလိုက်ရသူများ ဖြစ်ခဲ့သည်။

“မင်း ... မင်း လူလား သရဲလား”

စူးရှပြင်းထန်သော နာကျင်မှုအား ခံစားရင်း တစ်ယောက်မှ သူ့အား တုန်လှုပ်ချောက်ချားစွာ  မေးလိုက်သည်။

ထိုကြေးစား၂ယောက် ကဲ့သို့သော လက်အောက်ခံလူများနှင့် ပေါက်ကရ စကားပြောခြင်းအား ထန်ရှုသည် စိတ်မဝင်စားချေ။ သူတို့၏ လက်မျက်ရိုးများအား ကျင်လည်စွာ ချိုးလိုက်ပြီး ကျန်သော ဘဝသက်တမ်း တစ်လျှောက်တွင် ဆိုးယုတ်သော အပြုအမူများ နောက်ထပ် မလုပ်နိုင်စေနိုင်ရန် သေချာအောင် ပြုလုပ်လိုက်သည်။

“ရဲတွေလား”

ထန်ရှုအား စိတ်အနှောင့်အယှက် အဖြစ်စေဆုံးအရာသည် ရဲများနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ သူ၏စိတ်ဝိညာဉ် အာရုံအောက်တွင် မှုခင်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်ကို သိလိုက်ရပြီး သူ၏မိတ်ဆွေဟောင်းဖြစ်သူ ချန်းရွှဲ့မေမှ ဦးဆောင်လာသည်ကို တွေ့လိုက်ရသည်။

၄မိနစ် ...

ထန်ရှုသည် ရဲတပ်ဖွဲ့ဝင်များ သည်နေရာသို့ အမြန်ဆုံးရောက်လာမည့် အချိန်အား တိတ်တဆိတ် တွက်ချက်လိုက်ပြီး အစီအစဉ်တစ်ခု ဆွဲလိုက်သည်။ သူသည် လူထွားကြီး၏မျက်နှာအား အညှာအတာ ကင်းမဲ့စွာဖြင့် ရိုက်လိုက်ပြီး အသံပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

“တိုင်လုံကို ခေါ်ပြီးပြောလိုက်။ မြို့ဆင်ခြေဖုံးက တိမ်တစ်လုံးဘုရားကျောင်းကို သွားပါ။ မှတ်ထား ခင်ဗျား ကျရှုံးသွားတာ မပေါ်လွင်စေနဲ့။ အဲ့လိုမှ မဟုတ်ရင် ခင်ဗျားလည်ပင်းကို ချက်ချင်း ချိုးပစ်လိုက်မယ်”

ထိုလူထွားကြီးသည် အရိုက်ခံလိုက်ရသောကြောင့် ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။ ထန်ရှု၏ မျက်နှာမှ သတ်ဖြတ်လိုသော အမူအရာအား ကြည့်ပြီး ထန်ရှု၏စကားအား မနာခံဘဲ မနေရဲပါပေ။ သူ၏အိတ်ကပ်အတွင်းမှ ဖုန်းအား ထုတ်ပေးရန် အချက်ပြလိုက်ပြီး ထန်ရှုမှ ဖုန်းနံပါတ် နှိပ်ပေးလိုက်သဖြင့် ပုံမှန်လေသံ ဖြစ်စေရန် ကြိုးစားလိုက်သည်။ ဆက်သွယ်မှု ရပြီးနောက် သူပြောလိုက်သည်။

“အစ်ကိုကြီးလုံ ... ကျွန်တော် အခုပဲ သတင်းတစ်ခုရတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ကောင်လေးက တိမ်တစ်လုံးဘုရားကျောင်းကို သွားနေတယ်တဲ့”

“အိုကေ ... ငါ အဲဒီကို အမြန် လိုက်သွားလိုက်မယ်။ မင်းလည်း လူတချို့ခေါ်ပြီး အဲဒီမှာ ငါနဲ့လာတွေ့ပါ”

“အိုကေ ...”

ထန်ရှုသည် လျင်မြန်စွာ ဖုန်းချလိုက်ပြီး ထိုလူထွားကြီး၏ ကိုယ်ပေါ်မှ အိပ်ပျော်စေသည့် အမှတ်အား သူ၏ လက်ချောင်းလေးများဖြင့် ဖိနှိပ်လိုက်သည်။ သူ၏နည်းလမ်းသည် သာမန်ရိုးကျနည်း မဟုတ်သောကြောင့် ထိုလူ၂ယောက်သည် ၂ရက်နှင့် ၃ညတိုင် နှစ်ခြိုက်စွာ အိပ်ပျော်ပေလိမ့်မည်။ လူများမှ သူတို့အား ဓားဖြင့် လှီးဖြတ်ရင်တောင်မှ သိနိုင်လိမ့်မည် မဟုတ်ပေ။

ထို့နောက် ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံအား အသုံးပြုကာ စောင့်ကြည့်ကင်မရာများအား ထိန်းချုပ်ထားသော အခန်းဆီသို့ လာခဲ့သည်။ ထိုအခန်းထဲမှ လူ၃ယောက်သည် အခြေအနေအား ရိပ်စားမမိသေးမီ ထန်ရှုသည် သူတို့အား သတိလစ်မေ့မြောသွားအောင် လုပ်လိုက်သည်။ ထို့နောက်တွင် သူသည် စောင့်ကြည့်မှတ်တမ်းများနှင့် စက်ကိရိယာများအား ချေမွဖျက်ဆီးလိုက်ပြီး ထိုရုံးဝင်းအတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့တော့သည်။

ထိုလူ၂ယောက်သည် ၂ရက်နှင့် ၃ညတိုင် နှစ်ခြိုက်စွာ အိပ်မောကျနေမည်ဖြစ်ပြီး ရဲများမှ စစ်မေးသည့်အခါတွင်လည်း သူ့အား ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သော လူများသည် ဆိုးယုတ်သူများ ဖြစ်သောကြောင့် ဘာတန်ဖိုးမှ မရပါက ရဲများ၏မေးခွန်းအား ရှောင်ဖယ်ရန် ကြိုးစားပေမည်သာဖြစ်သည်။

ထို့ပြင် ထိုလူနှစ်ယောက်သည် ငတုံးငအများ မဟုတ်သောကြောင့် တိုင်လုံ၏ အဆုံးသတ်အား သိနေပြီ ဖြစ်သောကြောင့် သူတို့သည် သူ့အား ပိုလို့ပင် ဖော်ထုတ်ရဲတော့မည် မဟုတ်ချေ။ သို့မဟုတ်ပါက ကျန်သည့် ဘဝသက်တမ်းအား အကြောက်တရားဖြင့်သာ နေထိုင်သွားရပေလိမ့်မည်။

အဆောက်အဦမှ ထွက်ခွာလာခဲ့ပြီး ထန်ရှုသည် နီးစပ်ရာ အငှားကားတစ်စီးဖြင့် တိမ်တစ်လုံးဘုရားကျောင်းသို့ အမြန် ထွက်ခွာလာခဲ့သည်။

တိမ်တစ်လုံး ဘုရားကျောင်း ...

ထိုဘုရားကျောင်းသည် ယုကျိုးတောင်ကြောရိုးထဲတွင် တည်ရှိသည်။ လူအရောက်အပေါက် နည်းပါးပြီး အမွေးတိုင်ထွန်းမည့်သူပင် မရှိပါချေ။ ထန်ရှု မှတ်မိသလောက်ဆိုပါလျှင် ထိုနေရာတွင် ဘုန်းတော်ကြီးတစ်ပါးမှ မရှိသောကြောင့် ပိတ်ထားရသည်။

ထိုနေရာအား ရွေးချယ်ရခြင်းသည် ရဲများအား ရှောင်ကြဉ်လိုသည့် သူ့အစီအစဉ်ပင် ဖြစ်သည်။ သူသည် အစပိုင်းတွင် တိုင်လုံအား သတ်ရန် မရည်ရွယ်ထားသော်လည်း နာကျင်ခံစားရအောင်တော့ သူ လုပ်မည်ဖြစ်သည်။ သူသည် သတ်ရန် ရည်ရွယ်ခဲ့လျှင်တောင်မှ လွတ်လပ်သော သတ်ဖြတ်သမားကဲ့သို့ ကျူးလွန်ရန် နည်းလမ်းမရှိပေ။ ထိုသို့ လုပ်လိုက်ခြင်းသည် သူ၏ပုံရိပ်အား အလွယ်တကူ ဖော်ပြသွားနိုင်ပေသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းသည် တရားဥပဒေစနစ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် ဥပဒေမဲ့ လုပ်ရပ်များအား ပြုလုပ်ရန် သူ ဝန်မလေးသည့်တိုင်  နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အရာများသည် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။

ခေတ်သစ်လောကသို့ ပြန်ရောက်လာခြင်းသည် ထန်ရှုသည် သူ၏မိခင်နှင့်အတူ တည်ငြိမ်အေးဆေးသော ဘဝတွင် နေထိုင်ကာ သူ၏ကျင့်ကြံမှုထဲတွင် နှစ်မြှုပ်နေရန်ဆိုသည့် မျှော်လင့်ချက်သည် အများဆုံးဖြစ်သည်။ ထို့နောက် အနာဂတ်ကာလတွင် သူသည် အင်မော်တယ်လောကသို့ ပြန်သွားကာ အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိအောင် ကြိုးစားပြီး ရန်သူများနှင့် သူ့အား သစ္စာဖောက်ခဲ့သူများအား နာကျင်ခံစားရသော တန်ဖိုးတစ်ခု  ပေးဆပ်စေမည်ဖြစ်သည်။

မြစ်များနှင့်တောင်တန်းများ အိမ်ခြံမြေ ရုံးဝင်း ...

ချန်းရွှဲ့မေသည် ရဲတပ်ဖွဲ့ဝင်၄ယောက် လိုက်ပါလျက် ခြေလှမ်းကြဲကြီးများဖြင့် အထွေထွေမန်နေဂျာရုံးခန်း အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရုံးခန်းအတွင်းမှ မြင်ကွင်းအား တွေ့သောအခါ သူတို့အားလုံး၏ အမူအရာများသည် ပြောင်းလဲသွားကြသည်။

သူတို့နှင့်အတူ အဖော်လိုက်ပါလာသော ဒုဥက္ကဋ္ဌသည် တုန်လှုပ်သွားလေသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

ချန်းရွှဲ့မေနှင့် ရဲတပ်ဖွဲ့ဝင် ၄ယောက်သည် ချက်ချင်းပင် မြင်ကွင်းအား အုပ်မိစေရန် လှုပ်ရှားလိုက်သည်။

အဖွဲ့ဝင်တစ်ယောက်သည် ကြမ်းပြင်ပေါ်မှ သေနတ်၂လက်အား သိမ်းဆည်းလိုက်ပြီး လူထွားကြီး၂ယောက်၏ ဒဏ်ရာများအား အမြန်စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် အစီရင်ခံလိုက်သည်။

“ခေါင်းဆောင် ... သူတို့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းတယ်။ အသက်ကို မထိခိုက်ပေမယ့် သူတို့ကို အမြန် မကုသရင် သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်။ သေနတ်ဒဏ်ရာအပြင် လက်ကောက်ဝတ်၂ဖက်ကလည်း ရက်ရက်စက်စက် အချိုးခံထားရတယ်။ ကျွန်တော် ထင်တာကတော့ ကိုယ်ပေါ်မှာလည်း အခြားဒဏ်ရာတွေ ရှိနေလိမ့်မယ်နဲ့တူတယ်”

ချန်းရွှဲ့မေ၏ မျက်နှာသည် နောက်ကျိနေသော ရေကဲ့သို့ သုန်မှုန်သွားကာ လေးနက်သောအသံဖြင့်  ပြောလိုက်သည်။

“သက်သေတွေ စုပြီး သူတို့ကို ဆေးရုံအမြန်ပို့ပါ။ ဒုဥက္ကဋ္ဌလီ ... တိုင်လုံကို အခုချက်ချင်း ဆက်သွယ်ဖို့ ရှင့်ကိုပဲ အပူကပ်ရတော့မှာပဲ။ ကျွန်မတို့မှာ အရေးကြီးအမှုတွေ ရှိနေလို့ သူ့ရဲ့ ပူးပေါင်းမှု လိုအပ်တယ်”

ဒုဥက္ကဋ္ဌလီသည် သူ၏ဖုန်းအား ချက်ချင်းထုတ်ကာ တိုင်လုံအား ဆက်သွယ်လိုက်သော်လည်း စိတ်ပျက်ဖွယ် ဆက်သွယ်မရခဲ့ပေ။

“ငါ သူဌေးကို ဆက်သွယ်လို့မရဘူး”

ချန်းရွှဲ့မေသည် မေးလိုက်သည်။

“ရှင်တို့သူဌေး ဘယ်နေရာမှာ ရှိတတ်လဲ။ သူ့အကြောင်း  ရှင် ဘယ်လောက်သိသလဲ။ ဒီနေ့ သူ ဘာတွေ လုပ်လဲ။ ဘယ်နေရာကို သွားခဲ့သလဲ။ ဒီနေ့ ဘယ်သူတွေနဲ့ တွေ့ခဲ့လဲဆိုတာရော ရှင်သိလား။  ရှင်သိသမျှ ကျွန်မတို့ကို အကုန်ပြောပြပါ”

ဒုဥက္ကဋ္ဌလီသည် အားယူပြုံးလိုက်ရင်း ပြောလိုက်သည်။

“သူဌေးအကြောင်း ... ကျွန်တော် ဘယ်လို သိနိုင်လိမ့်မလဲ။ ကျွန်တော် သွားမေးလိုက်ရင်  သူပျက်စီးဖို့ လျှို့ဝှက်ကြံစည်နေတယ်လို့ သူက သံသယဝင်သွားမှာပေါ့”

ချန်းရွှဲ့မေသည် အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

“အမှုကြီးတစ်ခုက ရှင်တို့ရဲ့ မြစ်များနှင့်တောင်တန်းများ ရုံးမှာ ဖြစ်ပွားခဲ့ပြီး ရှင်တို့သူဌေးက သံသယရှိသူရဲ့ ပစ်မှတ်ဖြစ်နေတယ်။ ပြစ်မှု ကျူးလွန်သူတွေက ဘယ်သူတွေ ဖြစ်နေပါစေ ကျွန်မတို့ ဒါကို ရှင်းရှင်းလင်းလင်း သိအောင် စုံစမ်းဖော်ထုတ်မယ်။ ဒီတစ်ကြိမ်မှာတော့ သံသယရှိသူက ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေကို ထိခိုက်နာကျင်အောင် လုပ်သွားခဲ့တယ်။ ဒါ့အပြင် အလွန်ပြင်းထန်တဲ့ အမှုဖြစ်တဲ့နေရာမှာလည်း သေနတ်တွေကို  ချန်ထားခဲ့တယ်။ ရှင့်သူဌေးနဲ့ အဆက်အသွယ်ရရင် ကျွန်မတို့ကို ချက်ချင်း အကြောင်းကြားပါ”

“ကောင်းပါပြီ”

ချန်းရွှဲ့မေသည် ဘေးဘီဝဲယာအား ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဒုဥက္ကဋ္ဌလီ ... ရှင်တို့ရုံးမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်မဟုတ်လား။ ကျွန်မတို့ကို အဲဒီနေရာ အခုချက်ချင်း ခေါ်သွားပေးပါ။ ကျူးလွန်သူတွေ ပြစ်မှုကျူးလွန်နေချိန်မှာ မှတ်တမ်းရှိနေနိုင်တယ်”

“ကျွန်တော့်နောက်က လိုက်ခဲ့ပါ”

ဒုဥက္ကဋ္ဌလီ ချက်ချင်း နာခံလိုက်သည်။

လူတိုင်းသည် ထိန်းချုပ်ခန်းဆီသို့ အပြေးသွားလိုက်ကြသည်။ ထိုနေရာသို့ ရောက်သောအခါ အထဲမှ မြင်ကွင်းသည် သူတို့အား တုန်လှုပ်စေပြန်သည်။ ဝန်ထမ်း၃ယောက်သည် ကြမ်းပြင်ပေါ်တွင် ခွေးသေများသဖွယ် သတိလစ်မေ့မြော နေကြသည်။ စောင့်ကြည့်မှတ်တမ်းများ ဖြစ်သည့် ဗွီဒီယိုများ၊ မမ်မိုရီကတ်များနှင့် အခြားအရာများအားလုံး ကြေမွ ပျက်စီးနေသည်ဖြစ်ရာ  နောက်တစ်ဖန် ပြန်မသုံးနိုင်တော့ပါပေ။

ချန်းရွှဲ့မေသည် မယုံနိုင်ဟန်ဖြစ်နေသော ဒုဥက္ကဋ္ဌလီအား ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဒီလောက် ကြီးမားတဲ့ပြဿနာကြီး ဖြစ်တာကို ဒါကိုသိတဲ့ အခြားဝန်ထမ်းတွေ မရှိကြဘူးလား”

ဒုဥက္ကဋ္ဌလီသည် မချိပြုံး ပြုံးကာပြောလိုက်သည်။

“ကျွန်တော် ကြားတာတော့ ရုံးကို လူငယ်တစ်ယောက် ချိုးဖောက် ဝင်ရောက်လာတယ်။ သူက လုံခြုံရေး၄ယောက်ကို ဒဏ်ရာ ရအောင် လုပ်လိုက်ရုံ သာမကဘူး အထွေထွေမန်နေဂျာရဲ့ ရုံးခန်းကိုတောင်  ထိုးဖောက် ဝင်ရောက်လာတယ်။ အရာရှိ ဒီနေရာကို ရောက်သည့်တိုင်အောင် ကျွန်တော့်မှာ တခြားအရာတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ တခြားဝန်ထမ်းတွေကတော့ ဒီလူငယ်လေး ချိုးဖောက် ဝင်ရောက်လာတာကို သိမယ်မထင်ဘူး”

ချန်းရွှဲ့မေသည် ချက်ချင်း မေးလိုက်သည်။

“အဲဒီ လုံခြုံရေး၄ယောက် ဘယ်မှာ ရှိလဲ။ သူတို့ကို မေးခွန်းတချို့ ငါတို့ မေးဖို့ လိုတယ်”

“သူတို့ကို ဆေးရုံပို့ထားတယ်။ အဲဒီကို အရာရှိကို လိုက်ပို့ဖို့ လူတစ်ယောက် ထည့်ပေးလိုက်မယ်”

ဒုဥက္ကဋ္ဌလီ မျက်နှာအနည်းငယ် ပျက်သွားကာ ပြောလိုက်သည်။

“မလိုဘူး။ ကျွန်မတို့ကို အခုလိပ်စာ ပေးပါ” ချန်းရွှဲ့မေသည် တည့်တိုးပင် ငြင်းဆန်လိုက်သည်။

အချိန်တွေ ကြာသွားပြီးနောက် ...

ဒုဥက္ကဋ္ဌလီသည် ချန်းရွှဲ့မေတို့အား လိုက်ပို့လိုက်ပြီးနောက် အားယူပြုံးထားသော အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး မိန်းမောတွေဝေစွာဖြင့် သူ၏သူဌေး ပြစ်မှားမိလိုက်သော ပုံရိပ်ကြီးသည် မည်သည့်အမျိုးအစား ဖြစ်သည်အား စဉ်းစားနေမိသည်။

သူဌေးလက်အောက်ရှိ အယောက်၂၀ကျော် လူမိုက်များ အရိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ပြီး ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံသို့ ပို့ထားပြီးဖြစ်သည်။ သူ့အား ထိုလူများအတွက် တရားဝင်အစီစဉ်များနှင့် ကုန်ကျစရိတ်ပေးရန် အတွက် ဆေးရုံသို့ စေလွှတ်ထားခဲ့သည်။ ယခု ... သူဌေး၏ စွမ်းအားအကြီးဆုံး ခွေးများဟု ခေါ်ဆိုနိုင်သော ညာလက်ရုံး၂ယောက်သည် တစ်စုံတစ်ယောက်၏ လက်ချက်ဖြင့် သူဌေး၏ ရုံးခန်းအတွင်း၌ပင် မသန်စွမ်း ဖြစ်သည်အထိ တိုက်ခိုက်ခံရပြန်သည်။ ထိုကြောက်စရာကောင်းသော လူသည် မည်သို့လူစားမျိုး ဖြစ်သနည်း။ သူဌေး ဒီအရာအား ကျော်လွှားနိုင်ပြီး အသက်ရှင်နိုင်ပါဦးမည်လော။

အခုလည်း သူဌေး မည်သည့်နေရာတွင် ရှိနေပါသနည်း။

တစ်စုံတစ်ယောက်အား ပြစ်မှားမိပါက အတုံ့အလှည့်အနေဖြင့် လက်တုံ့ပြန်ခြင်းသည်  ရောက်လာမည်ဖြစ်သည်။ သဘာဝကျကျပင် သူသည် ထိုပြဿနာမျိုးအား အလွယ်တကူ ထုတ်ဖော် မပြောရဲပါပေ။ ထိုဒဏ်ရာရသွားခဲ့သည့် လုံခြုံရေး၄ယောက်အား နှုတ်လုံစေရန်အတွက်ပင် သူ မှာထားပြီးဖြစ်ပြီး ရဲများ၏ စုံစမ်းမှုတွင် ပူးပေါင်းခြင်း မလုပ်ကြရမည် ဖြစ်သည်။

၂နာရီ ကြာပြီးသော် ...

ထန်ရှုသည် တိမ်တစ်လုံးဘုရားကျောင်း သွားရာလမ်းတွင် ပုန်းခိုနေခဲ့သည်။ သူ၏ခြေဖဝါးများသည် သစ်ကိုင်းထက်တွင် ရှိနေပြီး သူ၏ တစ်ကိုယ်လုံးသည် ထူထပ်သိပ်သည်းလှသော သစ်ရွက်များထဲတွင် ဖုံးအုပ်နေပေသည်။ သူ၏နက်မှောင်စူးရှလှသော မျက်ဝန်းအစုံသည် လမ်းလေးအဆုံးအား စိုက်ကြည့်နေပေသည်။

“သူ လာပြီ”

ထန်ရှု၏ စိတ်ဝိညာဉ်သည် လက်ကနဲဖြစ်သွားသည်။ သစ်ရွက်များကြားမှ စောင့်ကြည့်ရာတွင် လူ၅ယောက် အမြန်လာနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ လမ်းသွားလို့သာရသည့် တောင်ကြားလမ်းလေး ဖြစ်သောကြောင့် သူတို့သည် ကားများ မသုံးဘဲ ခြေလျင်လာနေကြခြင်း ဖြစ်သည်။

လမ်းလေးထက်တွင် ...

တိုင်လုံသည် အမောတကော ဖြစ်နေသည်။ သူသည်လည်း တစ်ချိန်တုန်းက တိုက်ခိုက်ရေးသမား ဖြစ်ခဲ့ပြီး မကြာခဏ စွန့်စားရသည်များ ရှိခဲ့သော်လည်း စိတ်အလိုကို လိုက်ကာ သက်သောင့်သက်သာရှိသော ဘဝတွင် အခြေကျခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် အတိတ်ကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ယိုယွင်းနေသည့် အခြေအနေပင် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဖေးကျင်းနှင့် သူ၏ဘေးမှ အခြား၃ယောက်သည် လမ်းလျှောက်နေရသော်လည်း နည်းနည်းမျှပင် ပင်ပန်းဟန်မရှိသေးဘဲ လန်းဆန်းတက်ကြွနေဆဲပင်ရှိသေးသည်။

“ညီအစ်ကိုတို့ ... ကျွန်တော့်လူတွေတော့ အခုထိ မရောက်ကြသေးဘူး။ သူတို့ထက်အရင် ကျွန်တော်တို့ ဟိုငတိလေးနဲ့ အရင်တွေ့ရင် သူ့ကို ဆုံးမပေးဖို့ ညီအစ်ကိုတို့ကို ဒုက္ခပေးရတော့မှာပဲ။ သည်တစ်ကြိမ် အဲဒီငတိလေး ထွက်လာရင် သူ ဘယ်တော့မှ ပြန်လို့မရဘူး”

တိုင်လုံသည် အသက်ပြင်းပြင်းရှူလျက် သူ၏နဖူးတွင် အပြာရောင်သွေးပြန်ကြောများ ပေါ်သည်အထိ ခါးသီးစွာ အော်ပြောလိုက်သည်။

ဖေးကျင်းသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“တစ်စုံတစ်ယောက်ဆီက ပိုက်ဆံယူပြီးသွားရင် အဲဒီလူ ဘေးဆိုးကို ရှောင်နိုင်ဖို့ ရပ်တည်ပေးခြင်း။ ဒီအမှန်တရားကို ငါတို့နားလည်ပါတယ်။ ဒါပေမဲ့ မင်းရဲ့အရှိန်ကို ထပ်တင်လို့ မရတော့ဘူးလား။ ငါတို့ ဒီညမှာ သင်တန်းပြဖို့ ရှိတယ်။ တစ်ချိန်တည်းမှာ  လေးယောက်စလုံး ပျောက်နေကြောင်း  ကျောင်းအုပ်သိသွားခဲ့ရင် ငါတို့ အပြင်မှာ ကိုယ်ရေးကိုယ်တာတွေ ရှိနေတယ်ဆိုပြီး သံသယ အဝင်ခံရလိမ့်မယ်။ မင်း ငါတို့ကို ယွမ်တစ်သန်း ပေးရင်တောင်မှ ငါတို့ရဲ့ လက်ရှိနည်းပြအလုပ်ကို မစွန့်လွှတ်ချင်ဘူး”

တိုင်လုံသည် ရပ်လိုက်ကာ သူ၏ဖုန်းအား ထုတ်ယူရင်း ပြောလိုက်သည်။

“ငါ့လူတွေဆီ သူတို့ ဘယ်ရောက်နေပြီလဲလို့ ဖုန်းဆက်မေးလိုက်မယ်”

“ငါတို့အချိန်တွေက အဖိုးတန်တယ်။ သူတို့ကို မြန်မြန်လုပ်လို့ ပြောလိုက်”

ဖေးကျင်းသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

တိုင်လုံသည် လုပ်ယူထားရသော အပြုံးဖြင့် ပြုံးလိုက်ရင်း နံပါတ်တစ်ခုအား နှိပ်ကာ ခေါ်လိုက်သည်။ သို့သော် မည်သူမျှ ပြန်မဖြေချေ။

“ဘာဖြစ်တာလဲ”

တိုင်လုံ၏ဘေးတွင် မတ်တတ်ရပ်နေသော ဖေးကျင်းသည် မျက်ခုံးများတွန့်ကာ မေးလိုက်သည်။

မကောင်းသော ခံစားမှုသည် တိုင်လုံ၏ရင်ထဲတွင် စီးဆင်းနေပြီဖြစ်ပြီး သူသည် လေသံနှိမ့်ကာ  ပြောလိုက်သည်။

“ငါ့ရဲ့ ယုံကြည်စိတ်ချရတဲ့ လူယုံတွေကို ဖုန်းခေါ်ခဲ့တာ ... ဘယ်သူမှ ဖုန်းမကိုင်ဘူး။ ဒီလိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ငါ သူတို့ကို ၂၄နာရီ ဖုန်းဖွင့်ထားဖို့ မှာခဲ့တာ။ ငါ ဖုန်းဆက်ရင် သူတို့ ကိုင်ကို ကိုင်ရမှာ”

ဖေးကျင်းသည် လေသံအေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျား ဘာကို ဆိုလိုတာလဲ”

တိုင်လုံသည် မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“သူတို့ ဒုက္ခရောက်နေပြီလို့ ငါ သံသယရှိတယ်”

“ခင်ဗျားမှန်တယ်။  သူတို့ ဒုက္ခရောက်ပြီး မတော်တဆ ဖြစ်သွားကြပြီ။ သူတို့ရဲ့ အခြေအနေက ဆေးရုံရှေ့မှာ ကျွန်တော့်ကို ရိုက်ချင်ကြတဲ့လူတွေ ထက်စာရင် ပိုပြီး အခြေအနေဆိုးတယ်။ ကျွန်တော်က သူတို့ရဲ့အသက်တွေကို ခြိမ်းခြောက်ပြီး တိမ်တစ်လုံး ဘုရားကျောင်းမှာ ထန်ရှု ရှိတယ်လို့ ပြောခိုင်းလိုက်တာ။  ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ် ... မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရမယ်ဆိုတဲ့ စကားရှိတယ်။ အခု မကောင်းကျိုး ပြန်ခံစားရမယ့် အချိန်ရောက်ပြီ”

ထန်ရှုသည် သစ်ပင်ပေါ်မှ တိတ်ဆိတ်စွာ လျှောဆင်းလိုက်ပြီး တိုင်လုံ၊ ဖေးကျင်းနှင့် အခြားသူ၃ယောက်၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

တိုင်လုံ၏မျက်နှာသည် အကြီးအကျယ် ပျက်သွားကာ မယုံကြည်နိုင်ဟန်ဖြင့် ကျယ်လောင်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ့လူ၂ယောက်မှာ သေနတ်၂လက်ရှိတယ်။ အဲ့ဒါကို မင်းက ဘယ်လို ဒဏ်ရာရအောင်များ လုပ်နိုင်ခဲ့တာလဲ”

ထန်ရှုသည် သရော်လိုက်သည်။

“ခင်ဗျားက ရေတွင်းအောက်ခြေက ဖားတစ်ကောင်ပဲ။ ခင်ဗျားကို ရှင်းပြနေလို့လည်း အကျိုးမထူးဘူး။ ကျွန်တော် ဒီနေ့ ခင်ဗျားကို မသတ်ဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်အမေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ပြီး ကျွန်တော့် လူတချို့ကိုလည်း ထိခိုက်စေတယ်။ အဲဒီအကြွေးအတွက် စာရင်းရှင်းကြတာပေါ့”

***

All Chapters