ခြိမ်းခြောက်မှု
Vol. 03 Ch. 131
လက်တစ်ချက် အလှုပ်တွင် ထက်ရှသော မစ်ဆူဘီရှီ စစ်သုံးဓားသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့ပြီး သူသည် သရော်လိုက်သည်။
“ကျွန်တော် ခင်ဗျားကို ရွေးချယ်စရာ မေးခွန်းတွေ ပေးမယ်။ ခင်ဗျားရဲ့ ခြေထောက်တွေကို ဖြတ်စေချင်သလား။ ဒါမှမဟုတ် လက်တွေကိုလား။ ဒါမှမဟုတ် ခြေထောက်တစ်ချောင်းနဲ့ လက်တစ်ဖက်လား”
တိုင်လုံ အယောင်ယောင်အမှားမှားဖြင့် နောက်ပြန်ဆုတ်မိသည်။ ရုတ်ခြည်းပင် မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းမှ ကျွမ်းကျင်သူ ၄ယောက် သူ့ထံတွင် ရှိနေသည်ကို သတိရသွားသဖြင့် သူ၏စိုးရိမ်စိတ်များ ပယ်ပျောက်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ လှောင်ရယ် ရယ်လိုက်သည်။
“မင်းက အတော်ရူးနေတာပဲ။ မင်းငါ့ကို အဲ့လိုလုပ်နိုင်မယ်လို့ ယုံကြည်နေတယ်ပေါ့။ ငါ မင်းကို ကင်ပစ်လိုက်နိုင်တယ် ဆိုတာ မင်းမသိဘူးလား။ ဒီ၄ယောက်က မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းက နည်းပြဆရာတွေပဲ။ သိုင်းပညာမှာ ကျွမ်းကျင်ကြတယ်။ မင်းကို ဆုံးမဖို့ အထူးဖိတ်ထားတာ။ မင်းအခြေအနေ မင်းသိရင် ငါ့ကို တောင်းပန်လိုက်။ ငါတို့ ဒီအဖြစ်အပျက်တွေကို ပြီးဆုံးလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် ငါ မင်းကို ဆုံးမရလိမ့်မယ်။
မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်း ...
ထိုနာမည်အား ထန်ရှုသည် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်ဖြစ်သည်။ သူသည် တည်ငြိမ်စွာ ခေါင်းကို ယမ်းကာ စကားဆိုလိုက်သည်။
“ကျွန်တော်က အထက်တန်းကျောင်းသား။ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ခင်ဗျားတို့၄ယောက် ... ကျွန်တော်က တိုင်လုံနဲ့ ရန်ကြွေးတွေ ရှင်းစရာရှိတယ်။ ဒီပြဿနာထဲကို ခင်ဗျားတို့ ဝင်မပါဖို့ မျှော်လင့်ပါတယ်။ အဲ့လိုမှ မဟုတ်ရင် ခင်ဗျားတို့ပါ ဒဏ်ရာ အနာတရ မဖြစ်ဘဲ ထွက်ခွာသွားနိုင်ပါ့မလား ဆိုတာ ကျွန်တော် အာမ မခံနိုင်ဘူး”
ဖေးကျင်း ရှေ့သို့ ခြေ၂လှမ်းတက်လိုက်ပြီး ထန်ရှုအား အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
“မင်းက အရင်လာပြီး ပုန်းအောင်းနေတော့ ငါတို့ သူဌေးတိုင်ဆီက ပိုက်ဆံယူထားပြီး သူ့ကို ကာကွယ်ပေးရမယ်ဆိုတဲ့ စကားတွေလည်း ကြားသင့်တယ်။ ပိုက်ဆံယူပြီး ဖြစ်တာမို့ ဒီပြဿနာကို သူ့ကိုယ်စား ငါတို့ ဖြေရှင်းပေးရမယ်။ မင်းက ကျွမ်းကျင်တဲ့ သိုင်းပညာရှင် တစ်ယောက်လို့ ငါ ကြားတယ်။ ငါတို့ကလည်း သိုင်းပညာရှင်တွေမို့လို့ ငါတို့နဲ့ ပြိုင်ပွဲတစ်ခုလုပ်ဖို့ ငါတောင်းဆိုချင်တယ်”
ထန်ရှုသည် ခေါင်းယမ်းလျက် သုန်မှုန်စွာ ပြောလိုက်သည်။
“သိုင်းပညာဆိုတာ ဘယ်သူက ပိုသန်မာတယ် ဆိုတာကို ဆုံးဖြတ်ဖို့ တိုက်ခိုက်ခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်တယ်။ သိုင်းပညာ လေ့ကျင့်တယ်ဆိုတာ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ် ရှိဖို့အတွက်နဲ့ ကိုယ့်အနီးမှာရှိတဲ့ ချစ်ခင်ရတဲ့သူတွေကို ကာကွယ်ဖို့အတွက် ဖြစ်တယ်။ ဒါပေမဲ့ ခင်ဗျား ... ခင်ဗျားတို့ကတော့ သိုင်းပညာရှင်တွေ ဖြစ်ဖို့ မထိုက်တန်ဘူး။ ကြည့်ရတာ ခင်ဗျားတို့ရဲ့ မြင့်မြတ်သော နဂါးသိုင်းသင်တန်းကျောင်းက ဆိုးရွားနေတဲ့အရာ ဖြစ်ဟန်တူတယ်။ ခင်ဗျားက အတင်းအကျပ် ပြောလာပြီဆိုမှတော့ ကျွန်တော် အားလုံးဖြေရှင်းပြီးတဲ့အထိ စောင့်ပါ။ ပြီးရင် ခင်ဗျားတို့ကျောင်းကို အလည်လာခဲ့မယ်”
“အဲ့လိုလုပ်ဖို့ မင်းမှာ အခွင့်အရေးရှိခဲ့ရင်ပေါ့”
ဖေးကျင်းသည် သူ၏ တွဲဖက်၃ယောက်အား ခေါင်းညိတ်ကာ အချက်ပြလိုက်ပြီး ၄ယောက်သား ထန်ရှုဆီ ရှေးရှုသွားလိုက်သည်။ သို့သော် သူတို့သည် မတိုက်ခိုက်သေးဘဲ ဝိုင်းရုံသာ ဝိုင်းထားလျက် ထန်ရှု၏အမှားအား စောင့်ကြည့်နေကြသည်။
ထို၄ယောက်သည် ကောင်းမွန်သော အကျင့်စရိုက်မရှိသော်လည်း ကျိုးကြောင်းဆီလျော်သော အမှန်တရားအား သိကြပေသည်။ ကျွမ်းကျင်သူတစ်ယောက် လှုပ်ရှားပါက ပေါ့ဆမှု သေးသေးလေးပင်လျှင် အဆုံးမရှိသော ဆိုးရွားမှု ဖြစ်သွားနိုင်ပေသည်။ ထန်ရှုသည် လူမိုက်အယောက်၂၀ကျော်အား အလဲထိုးနိုင်သည်ကို ထောက်ချင့်ကာ သူတို့သည် ထန်ရှုအပေါ် နည်းနည်းလေးမှပင် မပေ့ါဆရဲပါပေ။
အုပ်စုလိုက် ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့လေ။
စက်ဆုပ်ရွံ့ရှာမှုသည် ထန်ရှု၏ရင်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။ ထန်ရှုသည် ရိပ်ကနဲ လှုပ်ရှားလိုက်ရာ အရှေ့တွင် ရှိနေသော ပထမလူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုလူသည် သူ၏အရှေ့တွင် တစ်စုံတစ်ခု ဖြစ်လာသည်ဟု ခံစားမိရုံရှိသေးသည်တွင် သူ၏နှာခေါင်းရိုးအား ပြင်းထန်သော လက်သီးတစ်ချက် အထိုးခံလိုက်ရတော့သည်။
“ဖောင်း ...”
သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ကာကွယ်ရန် လက်မောင်းများအား ပင့်တင်လိုက်သည်။ ထို့နောက်တွင် သူ၏အရှိုက်သည် ပြင်းထန်သော ထိုးနှက်ချက်ခံလိုက်ရပြီး ကြီးမားသောအားကြောင့် ချိုမြိန်သော အရာတစ်ခုသည် လည်မျိုတွင် တက်လာခဲ့သည်ကို သိလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အပေါ်သို့ မြောက်တက် ပြုတ်ကျသွားကာ ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရပေသည်။
“ခင်ဗျားတို့အားလုံးက အမှိုက်တွေပဲ”
ထန်ရှုသည် ဘေးသို့ ရွှေ့လိုက်ကာ လူနှစ်ယောက်မှ သူအား တိုက်ခိုက်လိုက်သော လက်သီးနှင့် ခြေကန်ချက်အား ရှောင်လိုက်သည်။ ထို့နောက် သူသည် ရှေ့တည့်တည့်သို့ ပြေးဝင်ကာ တိုက်ခိုက်လိုက်ကာ ထိုနှစ်ယောက်အား လဲကျသွားစေသည်။ သို့သော် ဖေးကျင်း၏ ခွန်အားသည် အမှန်ပင် သန်မာလှသည်အတွက် အံ့အားသင့်ရသည်ဟု ထန်ရှု ဆိုရပေမည်။ သူ၏သိုင်းပညာသည် ဆရာကြီးအဆင့်သို့ မရောက်သေးသော်လည်း လက်ရှိ အဆင့်အတန်းနှင့် ယှဉ်နိုင်ပြီး ကွာဟချက်သည် အရမ်းကြီးမဝေးလှပေ။ သူ၏စိတ်နှလုံးအား သိုင်းပညာတွင်သာ နှစ်မြှုပ်ထားမည်ဆိုပါက အချိန်မကြာခင်တွင် အထွဋ်အထိပ်သို့ ရောက်သွားလိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
“ခင်ဗျားက ကျွန်တော့်ပြိုင်ဘက် မဟုတ်ဘူး”
ထန်ရှုသည် လျင်မြန်စွာ ရွေ့လျားကာ သူ၏ခြေဖဝါးများကို အသုံးပြုလျက် ပြင်းထန်သော မိုးပျံကန်ချက်များဖြင့် ဖေးကျင်းထံ အဆက်မပြတ် ရှေးရှု တိုက်ခိုက်လိုက်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဖေးကျင်းသည် နောက်သို့ ဆုတ်သွားရသည်။ သူ၏ကန်ချက်များတွင် ၁၀% ခွန်အားသာ ထည့်သွင်းထားသော်လည်း ထောင်စုမျှသောပေါင်ပေါင်း ပါဝင်နေသေးသဖြင့် ဖေးကျင်းသည် ရှောင်ရုံမျှသာ တတ်နိုင်ပြီး သူ၏လက်မောင်းများဖြင့် ခက်ခက်ခဲခဲ အသုံးပြု ကာကွယ်လိုက်သည်။ သို့သော် ထိုစွမ်းအားပြင်းသော ကန်ချက်အတွဲလိုက်ကြောင့် သူ၏မာကျောလှသော လက်မောင်းရိုးများသည် အစိတ်စိတ် ကျိုးသွားရသည်။
“ရပ်လိုက်”
ဖေးကျင်းသည် မြည်းလှိမ့်နည်းဖြင့် ထန်ရှု၏ ခြေဖဝါးကန်ချက်အား ခက်ခက်ခဲခဲ ရှောင်တိမ်းလိုက်ရသည်။
ထန်ရှုသည် သူ့အား လျစ်လျူရှုထားသည်။ သူသည် ဖေးကျင်း၏အတွေးအား သိသောကြောင့် မှန်းဆရန်မလိုပေ။ ဖေးကျင်းတို့သည် သူ့အား မတိုက်ခိုက်နိုင်သည်ကို ဝန်မခံဘဲ သည်ကိစ္စအား သည်နေရာတွင် ရပ်တန့်ရန် မျှော်လင့်နေသည်။ သို့သော်လည်း ရန်သူ၏မိတ်ဆွေများသည် မိမိ၏ရန်သူများပင် ဖြစ်သည်။ ဖေးကျင်းသည် တိုင်လုံအား ဘေးဆိုးမှ ကာကွယ် ရပ်တည်ပေးရန် ငွေကြေး ယူထားပြီဆိုမှဖြင့် ရှုံးနိမ့်ခြင်း၏ နာကျင်မှုများနှင့် ခါးသီးမှုများ၏ အကျိုးဆက်အား လက်ခံရန် လိုအပ်သည်။
“ဘုန်း ...”
ထန်ရှုသည် ဘေးဘက်မှနေပြီး ဖေးကျင်း၏ရင်အုပ်အား ကန်ထည့်လိုက်သည်။ ဖေးကျင်း၏ ရင်ဘတ် ရိုးကျိုးသံများနှင့်အတူ သူသည် ထိုလူ၏လက်မောင်းအား တုံ့ဆိုင်းခြင်းမရှိဘဲ ဆွဲကိုင်လိုက်ပြီး အားနှင့် လိမ်ကာ ချိုးပစ်လိုက်သည်။
“အား ...”
ပြင်းထန်သော နာကျင်မှုသည် အမှန်တကယ်ပင် မခံရပ်နိုင်သောကြောင့် ဖေးကျင်းသည် သနားစဖွယ် အော်ဟစ်ရလေသည်။
ထန်ရှုသည် ဖေးကျင်းအား မြေပြင်ပေါ် လဲကျသွားရန်အထိ ရိုက်လိုက်ပြီး မထီတထီ ပြောလိုက်သည်။
“ယောက်ျားတစ်ယောက်အနေနဲ့ ရှုံးနိမ့်မှုကိုလည်း လက်ခံရမယ်။ တိုင်လုံကို ကူညီဖို့ ဆုံးဖြတ်လိုက်ချိန်တည်းက ရှုံးတဲ့အခါ ဖြစ်မယ့် ကံကြမ္မာကိုလည်း တွေးထားသင့်တယ်။ အခု ခင်ဗျားတို့တစ်ယောက်စီရဲ့ ညာလက်တွေက သုံးစားမရတော့ဘူး။ ဒါဟာ ခင်ဗျားတို့အတွက် သင်ခန်းစာ အသေးလေးလို့ပဲ တွေးလိုက်။ နောင်ကို ဥပဒေကို ချိုးဖောက်ပြီး ပြစ်မှုကျူးလွန်မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားတို့ရဲ့ ခြေထောက်တွေနဲ့ ကျန်တဲ့ ဘယ်လက်ကို လာချိုးမယ်”
ပြောပြီးသည်နှင့် ထန်ရှုသည် သနားစဖွယ် ညည်းညူနေသော ထို၄ယောက်အား လှည့်မကြည့်တော့ချေ။ သူ၏အကြည့်များသည် တုန်လှုပ်ချောက်ချားစွာဖြင့် ပြေးနေသော ၁၀မီတာအကွာမှ တိုင်လုံ၏ နောက်ကျောဆီသို့ ရောက်သွားသည်။
“ခင်ဗျားရောက်လာပြီးတော့ ဒီလိုအကောင်းအတိုင်း ဘယ်တော့မှ ပြန်ထွက်မသွားစေရဘူး”
ထန်ရှုသည် အော်ဟစ်လိုက်ပြီးခဏ အလင်း၏ လျင်မြန်ခြင်းမျိုးဖြင့် ရွေ့လျားလိုက်သည်။ အသက်ရှူချိန် အနည်းငယ်အတွင်း သူသည် တိုင်လုံ၏ နောက်ကျောသို့ ရောက်သွားသည်။ သူ၏ခွန်အားကို ဆန့်ထုတ်ကာ တိုင်လုံ၏ နောက်ကျောအား ပြင်းထန်သောအားဖြင့် တိုက်ခိုက်လိုက်ရာ တိုင်လုံသည် ၆မီတာ၊ ၇မီတာခန့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာသည်။
“ဘယ်လောက်တောင် မြန်လိုက်တဲ့ အရှိန်လဲ”
ဖေးကျင်းသည် နာကျင်ခါးသီးစွာ ညည်းညူနေရသော်လည်း သူ၏သတိသည် ကောင်းမွန်နေသေးသည်။ စတွေ့ကတည်းက သူ၏မျက်လုံးများသည် ထန်ရှုထံမှ မခွာခဲ့ပေ။ တိုက်ခိုက်ချိန်တွင်လည်း ထန်ရှု အလွန်မြန်သည်ကို သူသိခဲ့သည်။ သို့သော် ထိုမျှလောက် အကွာအဝေးထိ ထန်ရှု မြန်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ချန်ထားခဲ့သော ထန်ရှု၏ အရိပ်ကိုသာ သူ မြင်နိုင်တော့လေသည်။
သူသည် မယုံကြည်နိုင်ဟန်ဖြင့် ကျောက်ရုပ် ဖြစ်သွားရသည်။ လူသားတစ်ယောက်သည် ထိုအခြေအနေထိ မည်ကဲ့သို့ ရောက်ရှိနိုင်ပါမည်နည်း။ သိုင်းပညာတွင် ဆရာကြီး အဆင့်ရှိသူများပင် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် မစွမ်းသာလှချေ။ ယခုမူ ထိုကဲ့သို့ ကိုယ်ရေးကိုယ်တာ အလုပ်အား လက်ခံလိုက်မိသည့် အတွက် သူ နောင်တ အကြီးအကျယ် ရနေပြီဖြစ်သည်။
အစက သူသည် ကျောင်းအုပ်ဆရာကြီး ကျန့်ဖုန်းအား အမှန်တရားကို ဖုံးကွယ်ကာ သည်ကိုယ်ပိုင်အလုပ်အား လုပ်ဆောင်ရန်အတွက် အချိန်ခိုးခဲ့သည်။ သို့သော် သည်လိုနေ့သည် လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ခဲ့မိချေ။ ထို့ထက် ပိုသည်က အသက်၂၀၀န်းကျင်သာ ရှိသေးသော လူငယ်လေး၏ လက်ဖြင့် အနိုင်ယူခံလိုက်ရခြင်းပင် ဖြစ်ပေသည်။
ထန်ရှုသည် တိုင်လုံ၏ ဘေးအား လျှောက်သွားပြီး မြေပေါ်မှ သူ့အား ဆွဲထူလိုက်ကာ မျက်နှာအား အညှာအတာကင်းမဲ့စွာ ရိုက်လိုက်သည်။ အချက်ပေါင်းများစွာ ရိုက်ပြီးနောက် သူ၏ခြေထောက်များအား လိမ်ကာ ချိုးလိုက်သည်။ နောက်ဆုံး တိုင်လုံ၏ခေါင်းထက်အား ခြေထောက်ဖြင့် နင်းထားကာ သူ့အား ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“တိုင်မျိုးရိုး ... ခင်ဗျား အခြားသူတွေကို အနိုင်ကျင့်ခဲ့တုန်းက တစ်နေ့မှာ ငါလည်း အဲဒီလို နာကျင်ရလိမ့်မယ်လို့ မတွေးခဲ့ဘူးလား ...ဟမ်”
“မင်း သတ္တိရှိရင် ငါ့ကို သတ်လိုက်”
တိုင်လုံသည် လေမလျှော့သေးချေ။ သူ၏ခြေလက်များသည် ကျိုးနေခဲ့ပြီဖြစ်ပြီး နာကျင်နေသော်လည်း
ကျယ်လောင်စွာ အော်ဟစ်လိုက်သေးသည်။
ထို့အတွက် မစ်ဆူဘီရှီ စစ်သုံးဓားသည် ထန်ရှု လက်ထဲသို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာပြီး တိုင်လုံ၏နားရွက်အား ဖြတ်လိုက်သည်။ သွေးများ စီးဆင်းလာသည့်မြင်ကွင်းအား ကြည့်ပြီး ထန်ရှုသည် ခနဲ့လိုက်သည်။
“ခင်ဗျားက တကယ်ကို လက်မလျှော့တဲ့ သံမဏိလူသား မဟုတ်ဘူးလား။ ခင်ဗျားလို လက်မလျှော့တဲ့ လူစားမျိုးကို နှိပ်စက်ရတာ ကျွန်တော် အတော် သဘောကျသဗျ။ အခု ကျွန်တော် ပြောတာ သေချာ နားထောင်။ ခင်ဗျားဦးနှောက်နဲ့စဉ်းစား။ ကျွန်တော့်ရဲ့ဓားက နောက်တစ်ချက် ဘယ်ဟာကို ဖြတ်သင့်သလဲ။ ကျန်တဲ့ နားရွက်တစ်ဖက်လား။ နှာခေါင်းကို လှီးရမှာလား။ အာ ... ကျွန်တော် သိပြီ။ မျက်လုံးကို ကလော်ထုတ်တာလည်း ကောင်းတာပဲ။ ခင်ဗျားအလှည့်။ လက်မလျှော့တဲ့ လူဆိုတော့ ခင်ဗျား စဉ်းစားရမှာပေါ့ မဟုတ်ဘူးလား”
တိုင်လုံ၏ ခေါင်းသည် ထန်ရှု၏ ခြေထောက်အောက်တွင် ရှိနေပြီး သူ၏နားဆီမှ ပူနွေးမှုအား ခံစားရနိုင်သည်။ ထိုကဲ့သို့ ထူးခြားသော ခံစားမှုအတွင်းတွင် သူ၏နားရွက်တစ်ဖက် ဖြတ်ထုတ်လိုက်သည်ကို မြင်ရသောအခါ သူ၏တင်းမာနေသော စိတ်နှလုံးသည် မီးခိုးနှင့်အတူ လွင့်ပါသွားသကဲ့သို့ပင် ဖြစ်သည်။ တစ်စုံတစ်ခုသည် သူ့အား ရှင်းလင်းစွာ သိစေသည် ... ထန်ရှုသည် အလွန်ရက်စက် ကြမ်းကြုတ်လွန်းသည်ဟုပင်။
တိုင်လုံ ... သူ မအိုသေးပါ။
သူ့အသက်သည် ၄၀သာ ရှိသေးသည်။ သူသည် အလုပ်ကြိုးစား လုပ်သောကြောင့် သန်းပေါင်းများစွာ ကြွယ်ဝချမ်းသာမှု ရှိသည်။ သူ၏သက်တမ်းတစ်ဝက်မျှ အပြင်းအထန် ကြိုးစား လုပ်ကိုင်ခဲ့ရသော လုပ်ငန်းစုသည် ကျဆုံးသွားရလိမ့်မည်။ သူ၏ချမ်းသာမှုသည် ဟာသတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ ပမာဆိုရသော် သင်၏ မင်္ဂလာဝတ်စုံအား သူတစ်ပါးအား ပေးဝတ်လိုက်ရသည်နှင့် အလားတူပေမည်။
သူ သည်လိုအဖြစ်ကို မလိုချင်ဘူး။
မသေလည်း မသေချင်သေးဘူး။
နားထောင်ရသော ထန်ရှု၏ စကားများသည် တိုင်လုံ၏စိတ်နှလုံးအား ခါးသီးကြောက်ရွံ့ လာစေခဲ့သည်။
ဆောင်းရာသီ အလယ်အတွင် ရေခဲရိုက် ခံထားရသကဲ့သို့ အေးစက်လာခဲ့သည်။
“အဟွတ် ...အဟွတ် ... တောင်းပန်ပါတယ်။ ငါ့ကို သွားခွင့်ပေးဖို့ တောင်းပန်ပါတယ်။ ငါ မင်းကို အားလုံး ကတိပေးပါတယ်။ ဘယ်တော့မှလည်း ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး” တိုင်လုံ ကြောက်လန့်တကြား တောင်းပန်တော့သည်။
ထန်ရှုသည် တိုင်လုံ၏ခေါင်းအား နင်းထားသော သူ၏ခြေထောက်အား ဖယ်လိုက်ပြီး တိုင်လုံအား ဆွဲထူလိုက်ကာ သရော်လိုက်သည်။
“ခင်ဗျားက တောင်းပန်တယ် ဟုတ်လား။ ကျွန်တော့်အမေကို နာကျင်အောင်လုပ်တယ်။ ကျွန်တော့်လူတွေကို ဒဏ်ရာရအောင် လုပ်တယ်။ စိတ်ကြီးဝင် ဘဝင်မြင့်စွာနဲ့ ခင်ဗျားလူတွေကို ဆေးရုံအပေါက်ဝနား လွှတ်ပြီးတော့တောင် ကျွန်တော့်လူတွေကို နှောင့်ယှက် ခိုင်းထားသေးတယ်။ အဲဒီအချိန်တုန်းက ယီးလို ခင်ဗျားက ဘာလို့ မတောင်းပန်ခဲ့တာလဲ”
“ငါ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ”
တိုင်လုံသည် ချောင်းတစ်ချက် ဆိုးလိုက်ပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်သည်။ ထန်ရှုအား ထိတ်လန့်ကြောက်ရွံ့သော အမူအရာဖြင့် ကြည့်ရင်း တောင်းပန်နေလေသည်။
ထန်ရှုသည် အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်ရင်း ပြောလိုက်သည်။
“အမှန်တရားကို ကြားချင်တာလား။ ကျွန်တော် ခင်ဗျားကို တကယ်တော့ မသတ်ချင်ပါဘူး။ ဒါပေမဲ့ ကျားတစ်ကောင်ကို တောင်ပေါ်လွှတ်ပေးလိုက်ရင် ကျားကြီးထွား လာတာနဲ့အမျှ ကပ်ဘေးကို ဖိတ်ခေါ်သလို ဖြစ်နေမှာကို ကျွန်တော် ဝန်လေးမိတယ်။ ဒီတော့ ကျွန်တော် ဘယ်လို လုပ်သင့်သလဲဆိုတာ ခင်ဗျား ပြောကြည့်။ အာ ... ဟုတ်ပြီ။ ခင်ဗျား ဘေးပတ်လည်ကို ကြည့်။ တောင်ပေါ်သွားတဲ့ လမ်းတစ်ဝက်မှာ ဖြစ်ပြီးတော့ တောင်ထိပ်တစ်ခုသာရှိတယ်။ တစ်စုံတစ်ယောက်ကို သတ်ဖို့၊ လုယက်ဖို့၊ ဖျက်ဆီးဖို့အတွက် ကောင်းမွန်တဲ့ နေရာတစ်ခုပဲ။ သဲလွန်စလိုက်လို့လည်း မလွယ်ဘူး”
တိုင်လုံ၏ မျက်လုံးများ ဝိုင်းစက်သွားရပြီး အမြန် အာမခံလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ မင်းကို ဘယ်တော့မှ လက်တုံ့ပြန်ဖို့ စိတ်ကူးမရှိပါဘူး။ ငါ့ကို ကြည့်။ နောက်ပိုင်းမှာ
ငါက မင်းကို ပြန်လုပ်လိမ့်မယ်လို့ မင်းထင်သလား။ မင်း ငါ့ကို သွားခွင့်ပြုတာနဲ့ ငါ ပိုင်ဆိုင်တဲ့ အဆောက်အဦတွေကို မင်းကို လွှဲပေးပြီးတော့ ကြယ်တာရာက ထွက်သွားတော့မယ်။ ဘယ်တော့မှ ပြန်မလာတော့ဘူး”
ထန်ရှုသည် တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းကို ဖြည်းညင်းစွာ ယမ်းကာ ပြောလိုက်သည်။
“ခင်ဗျားက ချမ်းသာတယ်။ အခုခေတ်ကြီးမှာ ငွေပေးရင် နတ်ဆိုးကိုတောင်မှ အလုပ်လုပ်ဖို့ အမိန့်ပေးနိုင်တယ်။ ဟိုလောဘကြီးတဲ့ သိုင်းဆရာ ၄ယောက်လိုပေါ့။ ခင်ဗျားက ပိုက်ဆံသုံးပြီးတော့ အဲ့လိုလူတွေ ငှားပြီး လက်တုံ့ပြန်နိုင်တယ်။ တစ်ချိန်လုံး အဲဒီလူတွေက ငါ့ကို ပစ်မှတ်ထားနေမှာကို ငါ ဘယ်တော့မှ မလိုချင်ဘူး”
“ငါ မင်းကို ပိုက်ဆံပေးပါမယ်”
တိုင်လုံသည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထန်ရှု၏ နှုတ်ခမ်းသည် မျဉ်းတစ်ကြောင်းကဲ့သို့ တင်းတင်းစေ့သွားပြီး သုန်မှုန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒီလိုပြောလာမှဖြင့် ငါ ဒါကို လက်ခံပေးမယ်။ လုံကျန့်ယုကို ခင်ဗျားသိလား”
တိုင်လုံသည် အမြန်ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သိတယ်။ သူက ငါ စီမံကိန်းအချို့ကို တစ်ခါတုန်းက လုပ်ဖူးတဲ့ လုံဂရုက အထွေထွေမန်နေဂျာပဲ”
ထန်ရှုသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“အဲ့ဒါဆိုလည်း ခင်ဗျား ပြန်သွားပြီးတဲ့နောက် ခင်ဗျား ပိုင်ဆိုင်မှုတွေကို လုံကျန့်ယုဆီ လွှဲလိုက်ပါ။ အဲ့ဒါတွေကို ကျွန်တောနဲ့ ပူးပေါင်းပေးဖို့ ကျွန်တော် ပြောလိုက်မယ်”
“မင်း အကြီးအကဲလုံကို သိတယ်ဟုတ်လား။ ဘယ်လို ပတ်သက်တာလဲ”
တိုင်လုံ အလျင်စလို မေးလိုက်သည်။
သူ၏စိတ်ထဲတွင် လက်တုံ့ပြန်ရန် အတွေးရှိနေခဲ့ပြီး ထိုအရာသည် ရူးသွပ်သော တုံ့ပြန်မှု ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထန်ရှုမှ လုံကျန့်ယုအား ညွှန်းဆိုသည်ကို ကြားသောအခါ သူ၏ခေါင်းအား ရေခဲရေဖြင့် လောင်းချခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားရကာ လက်တုံ့ပြန်မည့် အတွေးသည်လည်း ရုတ်ခြည်းပင် ကွယ်ပျောက် သွားခဲ့ရသည်။
ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “သူက ကျွန်တော့် သူငယ်ချင်းလို့ ပြောလို့ရတယ်”
တိုင်လုံသည် လုံဂရု၏ အတွင်းရေးအား ကောင်းစွာ သိသည့်အပြင် လုံမိသားစုတွင်ရှိသော အားကောင်းသည့် အမှတ်တံဆိပ်အားလည်း ရှင်းလင်းစွာ သိသည်။ ထန်ရှု၏စကား ကြားသည်နှင့် တခြားခံစားချက်ပင် ဝင်မလာနိုင်လောက်အောင် နောင်တကြီးစွာ ရလေသည်။ ထန်ရှုသည် လုံကျန့်ယု၏ သူငယ်ချင်းဖြစ်မှန်းသာ သိခဲ့ပါက သူ့တွင် သတ္တိ ပိုမိုရှိရင်တောင်မှ ထန်ရှု၏ စားသောက်ဆိုင်လေးအား ဖျက်ဆီးခဲ့မည် မဟုတ်သလို သူ၏မိခင်နှင့် တပည့်များကိုလည်း ထိခိုက်အောင် လုပ်ခဲ့မည် မဟုတ်ပါချေ။
သည်ဟာသည် ကံကြမ္မာ တစ်ပတ်လည်ခြင်းဟု ဆိုရပေမည်လား။
တိုင်လုံ၏အတွင်းတွင် စိတ်ဝိညာဉ် ကျဆင်းနေခဲ့သည်။ သူသည် ထန်ရှုအား လက်တုံပြန်မည့် အတွေးအား လုံးဝပင် မေ့ဖျောက်လိုက်ပြီဖြစ်သည်။ သူ၏ ကံကြမ္မာသည် သည်ကဲ့သို့သာ အဆုံးသတ်ရတော့မည် ဖြစ်ပြီး သူသည်သာ ကြယ်တာရာတွင် ဆက်လက်နေထိုင်ပါက သူ ပြစ်မှားခဲ့သော လူများသည် မုန်တိုင်းသဖွယ် သူ့ဆီသို့ လက်တုံံပြန်ရန် လာရောက်ကြတော့မည်ဖြစ်သည်။ တစ်ခဏမျှ ငြိမ်သက်နေပြီးနောက် ခါးသီးရင်နာနေသော အမူအရာဖြင့် တိုင်လုံ ပြောလိုက်သည်။
“အဲ့လိုဆိုမှဖြင့် အကြီးအကဲလုံဆီ ငါ ပိုင်ဆိုင်သမျှ လွှဲလိုက်ပါမယ်။ ငါ့ကိုယ်ပိုင်အရာအချို့ ဝှက်ထားချင်ရင်တောင်မှ သူက ရှာနိုင်တယ်။ အခု ငါက မသန်စွမ်း ဖြစ်နေပြီမို့ ပြန်ရောက်တာနဲ့ ငါ့ဇနီးကို ခေါ်ပြီး ချက်ချင်း ထွက်သွားလိုက်ပါမယ်”
***