ဘယ်သူက နင့်သူငယ်ချင်းလဲ
Vol. 03 Ch. 132
ထန်ရှုသည် တိုင်လုံအပေါ်တွင် စိုးစဉ်းမျှ သနားညှာတာမှု မရှိဘဲ ပုံမှန်အတိုင်း ကန်လိုက်ရာ “အား”ကနဲ အသံနှင့်အတူ တိုင်လုံသည် သတိလစ် သွားတော့သည်။ ထို့နောက် သူသည် ဖေးကျင်းဘေးသို့ လျှောက်လာလျက် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ခင်ဗျားတို့ သူ့ကို ပြန်ပို့ပေးလိုက်ပါ။ ဒါပေမဲ့ ဒီလူက ခင်ဗျားတို့ကို ပြဿနာထဲ ပါဝင်စေတဲ့အတွက် သူ့ကို မုန်းနေမယ်ဆိုတာ ကျွန်တော် သိတယ်။ အဲဒီတော့ လမ်းတစ်ဝက်မှာ ခင်ဗျားတို့ သူ့ကို သတ်ချင်လည်း သတ်နိုင်တယ်။ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်ကို သတိရပါ။ နောက်လဆို ကျွန်တော်အားပြီမို့ ခင်ဗျားတို့ သင်တန်းကျောင်းကို ကျွန်တော် လာခဲ့မယ်”
“မလာပါနဲ့”
ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဖေးကျင်း တောင်းပန်လိုက်သည်။
“ညီအစ်ကို ...ကျေးဇူးပြုပြီး ငါတို့ကျောင်းကို မလာပါနဲ့။ ငါတို့ ကိုယ်ရေးကိုယ်တာအလုပ် လုပ်ဖို့ ကျောင်းက ထွက်လာပြီး ကျောင်းအုပ်ဆရာကြီးကိုလည်း ညာထားခဲ့တယ်။ လေးစားရတဲ့ ဆရာကြီးက ဖြောင့်မတ် ပွင့်လင်းတဲ့သူမို့ ငါတို့ကို အလွန်အမင်း စည်းကမ်းတင်းကျပ် ထားတယ်။ ငါတို့သာ အပြင်ထွက်ပြီး ဒီလိုပြဿနာမျိုးထဲကို ပါဝင်ခဲ့မှန်းသိရင် သူ သည်းမခံဘဲ သတ်မှာသေချာတယ်။ တောင်းပန်ပါတယ်ကွာ။ နောက် အဲဒီလို ကိုယ်ရေးကိုယ်တာ အလုပ်တွေနဲ့ မရိုးသားမှုတွေကို မလုပ်တော့ဘူးလို့ ကျိန်ဆိုပါတယ်”
ထန်ရှုသည် ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“ဒီလိုအကြောင်းအရာတွေ ခင်ဗျားတို့ အစောကြီးကတည်းကသိရင် ဘာလို့ အရင်ကတည်းက မစဉ်းစားထားလဲ။ ဒါပေမဲ့လည်း အမှားကို သိခြင်းက ခင်ဗျားတို့ ပိုမိုကောင်းမွန်လာဖို့ ပြုပြင်နိုင်တယ်။ နောင်ကို အကောင်းဆုံးလုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ပြောပြီးသည်နှင့် ထန်ရှုသည် အချိန်မဆိုင်းဘဲ တောင်အောက်သို့ တန်းဆင်းလာခဲ့လိုက်သည်။ တိုင်လုံ၏ပြဿနာအား ဖြေရှင်းပြီးသည့်နောက် ထန်ရှုသည် ဆေးရုံသို့ ပြန်မသွားဘဲ တောင်တံခါးသို့သာ ပြန်လာခဲ့လိုက်သည်။ အစောပိုင်းက သူသည် ဖုန်းပြန်ခေါ်ခြင်း၊ စာတိုဖတ်ခြင်းများ မပြုလုပ်ရသေးပေ။ ထို့ကြောင့် အိမ်၏ဒုတိယထပ် အိပ်ခန်းထဲတွင် မတ်တတ်ရပ်လျက် ထန်ရှုသည် အတန်းပိုင်ဆရာမ ဟန်ကျင်းဝူထံ ဖုန်းခေါ်လိုက်တော့သည်။
“ထန်ရှု ... နင် ဘယ်ရောက်နေတာလဲ။ နင် ကျောင်းသားရော ဟုတ်သေးရဲ့လား။ ကျောင်းကို ပြန်လာပြီး အတန်းတက်ဖို့ စိတ်မကူးဘူးလား”
ဖုန်းအဆက်အသွယ် ရသည်နှင့် ဟန်ကျင်းဝူ၏ စိတ်ဆိုးနေသော အသံသည် ဟိန်းထွက်လာခဲ့သည်။
ထန်ရှုသည် ဖုန်းကို ထုတ်ကာ ဝရန်တာဘက် ထွက်သွားခဲ့သည်။ ဟန်ကျင်းဝူ၏ ကြိမ်းမောင်းသံအား ကြားသောအခါ ဖျော့တော့စွာ ပြုံးလိုက်ရင်း စကားဆုံးသည့်အထိ စောင့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
“ဆရာမဟန် ... ကျွန်တော် ကျောင်းကို လာပြီး စာလေ့လာချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကြယ်တာရာ ရောက်ရုံရှိသေးတယ်။ ကျွန်တော့်မိသားစုမှာ တစ်စုံတစ်ခု ဖြစ်ခဲ့တယ်။ ပြောရမှာ ဝန်လေးပေမယ့် ကျွန်တော် နောက်ထပ်၂ရက်ကျော်လောက် စောင့်ပြီးမှ ကျောင်းကို ပြန်လာတော့မယ်”
“နင့်အိမ်မှာ ဘာဖြစ်လို့လဲ”
ဟန်ကျင်းဝူ၏ဒေါသ လျော့ကျသွားပြီး ဂရုစိုက်မှုအပြည့်ဖြင့် မေးလိုက်သည်။
ထန်ရှု ပြောလိုက်သည်။
“တစ်စုံတစ်ယောက်က အမေ့ဆိုင်လေးကို ဖျက်ဆီးခဲ့တယ်။ အမေနဲ့ စားပွဲထိုးအချို့လည်း ဒဏ်ရာ ရသွားတယ်။ အခု အမေက ဆေးရုံတက်နေရတယ်”
ဟန်ကျင်းဝူသည် ဒေါသသံဖြင့် မေးလိုက်သည်။
“အဲ့ဒါ ဘယ်သူတွေရဲ့ လက်ချက်လဲ။ အမေက ဘယ်ဆေးရုံ ဘယ်ဝပ်မှာ တက်နေတာလဲ။ ငါ ချက်ချင်း ... ကောင်းပြီ။ နောက်အတန်းတစ်တန်း ပြီးတာနဲ့ ငါ လာခဲ့မယ်”
ထန်ရှု ပြောလိုက်သည်။
“ဆရာမဟန် ... ဒီပြဿနာက ဖြေရှင်းပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော် ခွင့်နည်းနည်းလောက် ထပ်ယူရဦးမယ်။ ၂ရက်လောက်ပေါ့။ ပြီးရင်တော့ ကျွန်တော် ကျောင်းလာတက်တော့မယ်။ အဲ့ဒါကြောင့် ကိုယ်တိုင်လာဖို့အတွက် ဆရာမဟန် ဒုက္ခမခံပါနဲ့။ နောက်ပြီး ဆရာမနဲ့ ကျွန်တော် တိုင်ပင်ချင်တာ ရှိသေးတယ်”
“ဘာများလဲ”
ဟန်ကျင်းဝူသည်လည်း သူမ အလွန် စိတ်လှုပ်ရှားနေမှန်း သတိပြုမိသည်။ ထို့ကြောင့် ထန်ရှု ခေါင်းစဉ် ပြောင်းသွားသည်နှင့် ချက်ချင်း မေးလိုက်သည်။
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော် ယွမ်ချူးလင်နဲ့ ချန်းယန်နန်တို့ကို ညတိုင်း သူတို့ စာလေ့လာတာမှာ ကူညီမယ်လို့ ကတိပေးထားတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ ပညာရေးမှတ်တမ်းမှာ တိုးတက်လာလိမ့်မယ်။ ဆရာမ တတ်နိုင်မယ်ဆိုရင် ကျွန်တော် တောင်းဆိုချင်တာက သူတို့ကို ညနေတိုင်း ကျောင်းမှာ မဟုတ်ဘဲ ကျွန်တော့်အိမ်ကို လွှတ်ပေးနိုင်မလား။ ကျွန်တော် သူတို့ကို ကိုယ်တိုင် ဆွေးနွေး အကြံပေးမယ်”
ဟန်ကျင်းဝူ ဒေါသတကြီး ပြန်ပြောတော့သည်။
“ဘာ။ နင်က အတန်းလစ်ဖို့ တွေးနေတာ မဟုတ်ဘူးလား။ နင့်အတန်းဖော်တွေကို ကူညီတာ ကျောင်းမှာ ကူညီလို့ မရဘူးလား”
ထန်ရှု ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ စာလေ့လာမှုက ထူးခြားတာမို့လို့ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင် လိုတယ်။ မစိုးရိမ်ပါနဲ့။ ဆရာမသာ သဘောတူမယ်ဆိုရင် ကောလိပ်ဝင်ခွင့်မှာ သူတို့ရလဒ်တွေ သေချာပေါက် တိုးလာဖို့ ကျွန်တော် အာမခံတယ်”
ဟန်ကျင်းဝူသည် တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။
“ထန်ရှု ... နင် ဘာကြောင့် ကျောင်းမတက်ချင်တာလဲ ဆိုတာ ငါ တကယ့်ကို မသိတော့ဘူး။ ဒါပေမဲ့ ကောလိပ်ဝင်ခွင့်က နီးနေပြီ။ ဒီလရဲ့ကျန်တဲ့ အချိန်လေးတွေကို သည်းခံပြီး ကျောင်းမှာ မနေနိုင်ဘူးလား”
ထန်ရှုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဆရာမဟတ် ... ကျွန်တော် လွတ်သွားတဲ့ သင်ခန်းစာတွေကို တကယ် လုပ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ရလဒ်တွေကို ဆရာမလည်း အမြင်သားပဲဟာ။ ကျွန်တော်လိုချင်ရင် ဒီလိုရလဒ်မျိုး ဒါမှမဟုတ် ဒီ့ထက်ကောင်းတာတောင် ရနိုင်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လေ့လာမှုနည်းကို အသုံးပြုတာမို့လို့ စာမေးပွဲဖြေဖို့ အချိန်အများကြီး မကျန်တော့ပေမယ့် သူတို့ရဲ့ ပညာရေးမှတ်တမ်း တိုးတက်လာဖို့ အဓိကအချက်တွေ ကျွန်တော် ရှာနိုင်တယ်။ ဆရာမ ကျွန်တော့်ကို မယုံဘူးဆိုရင် နောက်၂ရက်ကြာရင် ကျောင်းလာတက်မယ်။ ဒီဟာကို ထပ်မပြောတော့ဘူးလို့ ကတိပေးတယ်”
“ ...”
အခြားတစ်ဖက်တွင် ဟန်ကျင်းဝူသည် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ထန်ရှု ပြောသည့်စကားသည် အမှန်လား၊ အမှားလားပင် သူမ မသိတော့ချေ။ သို့သော် ထန်ရှု နောက်ဆုံးပြောသော စကားတွင် ပါဝင်သည့် ယုံကြည်မှုဟူသော စကားသည် သူမအား အတော် တုန်လှုပ်သွားစေသည်။
ထိုအချင်းအရာသည် သူမ ထန်ရှုကို ယုံကြည်သည်ဟူသော အချက်ပင် ဖြစ်သည်။
ထန်ရှုသည် လူတိုင်းအား သူ၏ထူးချွန်လှသော အောင်မြင်မှုများဖြင့် အံ့အားသင့်စေသည့် အချိန်မှ စတင်ပြီး သူမသည် ထန်ရှုကို ယုံကြည်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားသည်။
တိတ်ဆိတ်မှုသည် အချိန်မကြာလိုက်ပါဘဲ ၂မိနစ်သာ ကြာလိုက်သည်။ ထို့နောက် ဟန်ကျင်းဝူသည် သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။
“နင့်ဘက်က သေချာတယ်ဆိုရင်တော့ ငါ နင့်ကို ထပ်ပြီး ယုံကြည်လိုက်မယ်။ ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်”
ပြောပြီးသည်နှင့် ဟန်ကျင်းဝူသည် ဖုန်း တန်းချသွားတော့သည်။
ထန်ရှုသည် တိတ်ဆိတ်စွာပင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဟန်ကျင်းဝူနှင့် စကားပြောရသည့် အချိန်တိုင်းသည် တိုက်ခိုက်သည့် အချိန်ထက် ပိုပင်ပန်းသည်ဟု သူ ခံစားရသည်။ အင်မော်တယ်ကမ္ဘာမှ သူ၏ချစ်သူဖြစ်သူနှင့် ဟန်ကျင်းဝူသည် ဆင်တူနေသောကြောင့် ဟန်ကျင်းဝူနှင့် တွေ့သည့်အခါတိုင်း သူ့တွင် စိတ်ရှုပ်ထွေးမှုနှင့် ခံစားချက် ရောထွေးမှု ရှိနေပေသည်။ သို့သော်
အင်မော်တယ်ကမ္ဘာမှ ချစ်သူသည် သူ့အား အမှန်အကန် သစ္စာဖောက်သွားသူလည်း ဖြစ်နေပြန်သည်။
သူ့တွင် သူ့အကြောင်းနှင့်သူ ရှိသည်။ သူ မမုန်းချင်ပင်လျှင် မုန်းရမည့် အကြောင်းသည် ပေါ်ထွက် လာခဲ့သည်။ သို့သော် ထိုစိတ်ခံစားမှုသည် ယောက်ျားနှင့် မိန်းမကြားရှိ ချစ်ခြင်းတရား၏ ခံစားမှုတစ်ခု လုံးဝမဟုတ်ပါချေ။ ထန်ရှုကို ခေါင်းကို အသာယမ်းလျက် သူ၏အတွေးထဲမှ ထိုရှုပ်ထွေးသည့် စိတ်ခံစားမှုများအား လွင့်ပျောက်ရန် ကြိုးစားလိုက်သည်။
ထို့နောက် သူသည် နံပါတ်စိမ်း၂ခုအနက်မှ တစ်ခုအား ခေါ်ဆိုလိုက်ရာ သိပ်မကြာလိုက်ဘဲ အိုးရန်လူလူ၏ အသံသည် ထွက်ပေါ်လာခဲ့သည်။
“ထန်ရှုလား ...”
ထန်ရှုသည် မျက်လုံးမှေးလိုက်ပြီးနောက် ဆတ်ကနဲ ပြောလိုက်သည်။
“ငါ မဟုတ်ဘူးဆိုရင် ဘယ်သူလို့ နင်ထင်လဲ။ ဘယ်သူ့ ဖုန်းနံပါတ်မှန်းတောင် မသိပဲနဲ့ နင် ခေါ်ပြီး ကိုင်တဲ့သူမရှိတဲ့နံပါတ်လေ”
အိုးရန်လူလူသည် စိတ်ဆိုးစွာဖြင့် ပြန်ပြောလိုက်သည်။
“ငါ နင့်ဖုန်းနံပါတ် မသိဘူးလို့ ဘယ်သူပြောလဲ။ ထန်ရှု ကောင်စုတ်လေး ... ငါ့အိမ်မှာ နေထိုင်စားသောက်အီးပါ ဖရီးဂုန်းဆင်းသွားပြီး ထွက်ပြေးသွားတယ်ပေါ့လေ။ ဟယ်လိုတောင် ငါ့ကို တစ်ချက် နှုတ်ဆက်သွားဖော် မရဘူး။ ငါတို့က သူငယ်ချင်း မဟုတ်ဘူးလား”
ဘယ်သူက နင့်သူငယ်ချင်းတုန်း။
ထိုစကားအား ထန်ရှုသည် နှုတ်မှ ထွက်လုလု ဖြစ်သွားရသည်။ သို့သော် အိုးရန်လူလူ၏ စကားသည် နည်းလမ်းကျသည်ဟု သူတွေးလိုက်သည်။ သူသည် မုချင်းဖျင်နှင့် သမီးဖြစ်သူအား အိုးရန်လူလူ၏ အိမ်သို့ ခေါ်သွားကာ တစ်ပြားတစ်ချပ်မျှ မပေးဘဲ နေထိုင်စားသောက်ခဲ့သည်။ ထို့ကြောင့် သူ ထိုအိမ်မှ ထွက်ခွာလာသောအခါ သူမအား ကောင်းမွန်စွာ ကျေးဇူးတင်ကြောင်း နှုတ်ဆက်ခဲ့သင့်ပေသည်။ သို့သော်လည်း သူမသည် ဝက်သေလေး တစ်ကောင်ကဲ့သို့ အိပ်နေပြီး နေ့လယ်အချိန်ထိ အိပ်ရာမှ မထသောကြောင့် နှုတ်မဆက်ခဲ့ရခြင်း မဟုတ်ပေလော။
သူ မချိပြုံးသာ ပြုံးလိုက်မိသည်။
ထန်ရှု ပြောလိုက်သည်။
“နင် ငါ့ကို ဖုန်းဆက်တာ ဒါ့အတွက်လား။ အခြား ထွေထွေထူးထူး မရှိရင် ငါ ဖုန်းချတော့မယ်။ ငါ့မှာ အခြားလွတ်သွားတဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ မဖတ်ရသေးတဲ့စာတွေ ရှိသေးတယ်”
အိုးရန်လူလူသည် ခပ်စွာစွာ ပြောလိုက်သည်။
“ငါ့မှာ လုပ်စရာမရှိဘူးလို့ ဘယ်သူပြောလဲ။ အများကြီးရှိတယ်။ ငါ ကြယ်တာရာကို ခရီးတစ်ခုလာဖို့ ပြင်ဆင်နေတယ်။ နင်က ကြယ်တာရာမှာ နေတာဆိုတော့ ငါ့ကို အိမ်ရှင်အဖြစ် ဆောင်ရွက်ပေးမလား”
“နင်က ကြယ်တာရာကို လာမယ်ဟုတ်လား”
ထန်ရှု အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ကျင်းမန်ကျွန်းမှာ ကောင်းကောင်းမွန်မွန်နေပြီး သုခဘုံအသင်းကို စီမံခန့်ခွဲရမှာ မဟုတ်ဘူးလား။ ဘယ်အရာက နင့်ကို ကြယ်တာရာလာအောင် လုပ်လိုက်တာလဲ”
အိုးရန်လူလူသည် ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
“လတ်တလော ငါ့သူငယ်ချင်း၂ယောက်က နင်တို့ ကြယ်တာရာမှာ စီးပွားရေးတစ်ခုကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ ငါ့ကို ခေါ်တယ်။ အဲ့ဒါကြောင့် တစ်ချက်ကြည့်ချင်ပြီး သူတို့နဲ့ စကားပြောချင်တယ်”
ထန်ရှု ပြောလိုက်သည်။ “ဆော်ရီးနော်။ ငါ ဖုန်းတစ်ခု ခေါ်ဖို့ရှိနေလို့”
ပြောပြီးသည်နှင့် ထန်ရှု ဖုန်းတန်းချလိုက်သည်။
အိုးရန်လူလူနှင့် ပတ်သက်ပြီး ထန်ရှုသည် ကောင်းမွန်သောအတွေး ကြာရှည်တွေးမရပေ။ သည်အမျိုးသမီးသည် တစ်မူထူးခြားသည်။ တစ်ခါတစ်ရံ သူမ၏ စကားပြောဟန်သည် တည့်တိုးဆန်ပြီး ပြင်းထန်သည်။ တစ်ခါတစ်ရံတွင် နူးညံ့ပျော့ပျောင်းသည်။ ထို့ကြောင့် သူမ၏ အကျင့်စရိုက်အား ထန်ရှု မသိချေ။
ထန်ရှုသည် နောက်ဆုံးခေါ်ဆိုရန်ကျန်သော နံပါတ်တစ်ခုအား နှိပ်လိုက်သည်။
ခဏကြာပြီးနောက် အေးစက်သောအသံသည် ဖုန်းထဲမှ ထွက်လာခဲ့သည်။
“ထန်ရှုလား ...”
ထန်ရှု၏ မျက်ခုံးများ တွန့်သွားရသည်။ သည်အသံသည် သူနှင့်ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း ရုတ်တရက် မည်သူမှန်း သူမသိချေ။ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် သူ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ငါပါ”
“နင် အချိန်ရလို့ရှိရင် ထာဝရခိုင်မြဲခန်းမကို တစ်ခေါက်လောက် ထပ်လာနိုင်ဖို့ ငါ မျှော်လင့်တယ်”
အေးစက်စက် အသံသည် ဖုန်းထဲမှ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ထာဝရခိုင်မြဲခြင်း ခန်းမကလား ...
ထန်ရှု၏ အတွေးထဲတွင် ဂူရှောင်ရွှဲ့၏ မျက်နှာသည် ထင်ဟပ်လာခဲ့သည်။ ထို့နောက် သူသည် ခေါင်းကို ယမ်းလျက် ပြောလိုက်သည်။
“ဒီရက်တွေထဲမှာ ငါ အချိန်မရဘူး။ ကျင်းမန်ကျွန်းကနေ ငါ ပြန်လာခဲ့ပြီ”
“နင် ဘယ်မှာလဲ။ ငါ နင်နဲ့ စကားပြောချင်တယ်”
“နင်က ဘာပြောချင်တာလဲ”
“ငါ လူချင်းတွေ့မှ ပြောလို့ရမယ်”
ထန်ရှုသည် ပြောလိုက်သည်။
“ငါ အခုကြယ်တာရာမြို့မှာ နင် စကားပြောချင်တယ် ဆိုရင်တော့ ကြယ်တာရာကို လာခဲ့။ နင် နောင်များမှာ ငါ့ကို ပြောတဲ့အခါ ဖုံးကွယ်ထားတာတွေ မလုပ်ပါနဲ့။ ငါက နင့်ကို ချဉ်းကပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ထောင်ပေါင်းများစွာ ချိုးဖြတ်မှု အစီအရင်အကြောင်း စူးစမ်းချင်ရုံ သက်သက်ပါ။ နင့်ကို အခုပြောရမယ်ဆိုရင် အဲဒီအစီအရင်က ငါ ဖန်တီးထားတဲ့အရာ ဖြစ်ပြီးတော့ ငါ့ဘဝတစ်လျှောက်လုံးမှာ လူတစ်ဦးတည်းကိုသာ သင်ပေးဖူးတယ်။ အဲဒီလူက ငါတပည့်ပဲ။ အဲ့ဒါကြောင့် ထောင်ပေါင်းများစွာ အစီအရင်က ဘယ်လိုဖြစ်ပြီး ထာဝရခိုင်မြဲခန်းမမှာ ပေါ်ပေါက်လာရတာလဲ ဆိုတာ ငါ သိချင်ခဲ့တယ်”
“နင် ဘာပြောလိုက်တယ်” တုန်လှုပ်နေသောသံသည် ဂူရှောင်ရွှဲ့ဆီမှ ထွက်ပေါ်လာခဲ့သည်။
ထန်ရှုက ပြောလိုက်သည်။
“နင် အကြားမှားတာ မဟုတ်ဘူး။ ထောင်ပေါင်းများစွာ အစီအရင်က အမှန်တကယ်ကို ငါ ဖန်တီးပြုလုပ်ထားတဲ့အရာ။ အဲဒီအစီအရင်အပြင် နင်တို့ ထာဝရခိုင်မြဲခန်းမက ဖုန်းရွှေအစီအရင် ဖြစ်တဲ့ ရေနဂါးထောင် အစီအရင်ကလည်း ငါ ပထမဦးဆုံး လုပ်ခဲ့တာပဲ။ နင် ဒါတွေကို ရှင်းရှင်းလင်းလင်း သိချင်ရင် နင့်ရဲ့အကြောင်းအရာကို အကုန်လုံး ငါ့ကို ပြောပြပါ။ ငါ ကြယ်တာရာမှာ နင့်ကို စောင့်နေမယ်။ အမှန်တရား အကုန်လုံး မပြောပြဘူးဆိုရင်တော့ နင် လာစရာမလိုဘူး”
“အဲ့ဒါက ... နင် ...”
ဂူရှောင်ရွှဲ့သည် ထန်ရှု၏ နောက်ဆက်တွဲစကားများအား ကြားပြီး သူမ၏အသံသည် ဒက်ဆီဘယ်များစွာ မြင့်တက်သွားကာ ထပ်မံအော်လိုက်မိသည်။
ထန်ရှုသည် မျက်ခုံးများ တွန့်လျက် ပြောလိုက်သည်။
“ငါက ဘာဖြစ်သလဲ”
ဂူရှောင်ရွှဲ့ အလျင်စလို ပြောလိုက်သည်။
“ငါ့ဆရာ အမြဲလိုလို လိုက်ရှာနေတာ နင့်ကိုပဲ။ နင်ဘာကြောင့် ဆယ်စုနှစ်တစ်စုလောက် ပေါ်မလာတာလည်း ငါ မသိဘူး။ ဒါပေမဲ့ အဲ့ဒါကလည်း အမှား မဟုတ်ပါဘူး။ ထန်ရှု ... ငါ့ကို ကြယ်တာရာမှာ စောင့်နေပါ။ ငါ ချက်ချင်း လာခဲ့မယ်”
“တူ ... တူ ... တူ ...”
ဖုန်းချသွားသည့် အသံအား ကြားလိုက်ရပြီးနောက် ထန်ရှု၏ရင်ထဲတွင် ထူးဆန်းသော ခံစားမှုသည် မြင့်တက်လာခဲ့သည်။ ဂူရှောင်ရွှဲ့က သူမ၏ဆရာသည် သူ့အား လိုက်ရှာနေသည်ဟု ပြောသည်။ သည်ဟာသည် မည်သည့်အဓိပ္ပာယ် ဖော်ဆောင်နေခြင်းပင်နည်း။
သူမ၏ ဆရာသည် မည်သူဖြစ်သနည်း။
သူမ၏ ဆရာနှင့် သူ၏တပည့်လေးသည် မည်ကဲ့သို့ ဆက်နွှယ်နေပါသနည်း။
ရုတ်တရက်ပင် ထန်ရှုသည် ဂူရှောင်ရွှဲ့ ရောက်လာမည်အား စောင့်မျှော်နေသည့်သူ ဖြစ်သွားရသည်။ ဂူရှောင်ရွှဲ့ ရောက်လာပါက သူ၏ရင်ထဲမှ ပဟေဠိများသည် ပြေလည်သွားနိုင်လိမ့်မည် ထင်သည်။
အချိန်အတန်ကြာပြီးနောက် ...
ထန်ရှုသည် ထိုအတွေးများအား ထုတ်လိုက်ကာ တိုင်လုံ၏ အကြောင်းအရာအား ပြောရန် လုံကျန့်ယုဆီ ဆက်သွယ်လိုက်သည်။ လုံကျန့်ယု၏ အကူအညီနှင့်ဆိုပါက တိုင်လုံသည် မပေးဘဲနေမည်ကို သူကြောက်ရန် မလိုပေ။ လုံမိသားစုအကြောင်းအား ရှင်းရှင်းလင်းလင်း သူမသိသော်လည်း လူအများအပြားသည် သူတို့အား လေးစားမှုမြင့်မားပြီး မော့ကြည့်ရအောင် စွမ်းနိုင်သည်။ ထိုအချင်းအရာအား ကြည့်ခြင်းအားဖြင့် လုံမိသားစု၏ နောက်ခံအကြောင်းသည် နက်နဲလိမ့်မည် ဖြစ်သည်။
“ဒေါက် ... ဒေါက် ... ဒေါက် ...”
ဂူရင်သည် သူ၏တံခါးအာ ခေါက်ကာ အပြုံးဖြင့် လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။
ထန်ရှုသည် ဂူရင်အား လှည့်ကြည့်လိုက်ပြီး သူမအား အသာထိကာ အပြုံးဖြင့် စကားဆိုလိုက်သည်။
“ဒီရက်တွေမှာ နင့်ရဲ့ကျင့်ကြံမှုက ဘယ်လိုအခြေအနေရှိလဲ။ ချီလည်ပတ်မှုကို အာရုံခံတဲ့ဟာ ပိုပြီးတော့ အဆင်ပြေတိုးတက်လာပြီလား”
ဂူရင်သည် ထန်ရှု၏လက်ကိုဆွဲကာ တခစ်ခစ်ရယ်မောလျက် ပြောလိုက်သည်။
“ဆရာ ... ရင်ရင် စွမ်းအားလည်ပတ်ခြင်းကို ပိုပြီးကောင်းအောင် အာရုံမခံနိုင်သေးပါဘူး။ ချီလည်ပတ်မှုကို အခု ထိန်းချုပ်နိုင်ပြီ။ ကျင့်ကြံမှုနည်းလမ်းအတိုင်း လိုက်နာပြီး ဆရာပေးထားတဲ့အတိုင်း လေ့ကျင့်တာလေ မရီဒျာန်တွေထဲက စွမ်းအားလည်ပတ်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီ။ အခုအရှိန်က နှေးနေသေးပေမယ့် တစ်နေ့ကျရင် ရင်ရင် အဲ့ဒါကို အကြိမ်အချို့နဲ့ ချိုးဖျက်နိုင်မှာပါ။
“မြန်လှချည်လား ...” ထန်ရှု အံ့သြတုန်လှုပ် သွားရသည်။
ဂူရင်ထံတွင် အမြွှာသွေးခုန်နှုန်းဖြင့် ရှားပါးသော ရေခဲဖီးနစ် ခန္ဓာကိုယ်ရှိသည်ကို သူ သိပြီး ထိုအရာသည် နှစ်သန်းရာပေါင်းများစွာမှ တစ်ယောက်သာ ရှာတွေ့နိုင်ပြီး ကျင့်ကြံမှုအတွက် ရှားပါးသော အခြေအနေ ဖြစ်သော်လည်း ပြိုင်ဘက်ကင်း အခြေအနေမျိုးအထိ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပါချေ။ သည်ဟာ ရက်ပိုင်းလေးပင် ရှိသေးသည်မဟုတ်ပါလော။ မရီဒျာန်လမ်းကြောင်းများမှ ချီလည်ပတ်မှုအား ထိန်းချုပ်နိုင်ခြင်း မဟုတ်ပေလော။
အမြွှာသွေးခုန်နှုန်းဖြင့် ရှားပါးသော ရေခဲဖီးနစ် ခန္ဓာကိုယ်အား ပိုင်ဆိုင်ခဲ့ဖူးသော အမျိုးသမီးသည် သန်းရာပေါင်းများစွာသော ကျင့်ကြံသူအင်မော်တယ်များ မတက်လှမ်းနိုင်ခဲ့သည့် နတ်ဘုရားအဆင့်သို့ နောက်ဆုံးတွင် တက်လှမ်းနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပါချေ။
***