ပညာရေးပြဿနာများ
Vol. 03 Ch. 133
ထန်ရှုသည် သည့်ယခင်က ထိုကျင့်ကြံမှု နည်းလမ်းအား မကျင့်နိုင်ခဲ့ပေ။ ကောင်းကင်စကြဝဠာ ပညာရပ်သာ ကျင့်ကြံနိုင်ခဲ့သည်။ သို့သော် ဂူရင်သည် အင်မော်တယ်လောကမှ ထိုကျင့်စဉ်များအား ကျင့်ကြံနိုင်ဟန်တူသည်။ သို့သော် သူသည် ကျင့်ကြံမှုလမ်းစဉ်တွင် နက်နက်ရှိုင်းရှိုင်း နားလည်ထားသူတစ်ယောက် ဖြစ်သောကြောင့် ဂူရင်အား လမ်းညွှန်ပေးခြင်းသည် နည်းလမ်းကျပေသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏တပည့်မလေးသည် အမှန်ပင် ထူးခြားသူပင် ဖြစ်တော့သည်။
ထိုကဲ့သို့ ပြိုင်ဘက်ကင်း ကျင့်ကြံနှုန်းအား ဆက်လက်ထိန်းသိမ်းသွားပါက သူမသည် လျင်မြန်စွာ အဆင့်တက်သွားမည်ဖြစ်ပြီး သူ့ထက်ပင် ပိုမိုသန်မာသွားမည် မဟုတ်ပါလား။
ထန်ရှုသည် အားယူပြုံးလိုက်ရင်း ခေါင်းကိုသာ ယမ်းမိတော့သည်။ သူ၏အတွေးတွင် ရုတ်တရက် ဝင်ရောက်လာသော တစ်စုံတစ်ခုသည် သူ့အား ပြောစရာ စကားမဲ့စေသည်။
ထိုအရာသည် ကျင့်ကြံမှုရင်းမြစ်ပင် ဖြစ်တော့သည်။ သူ၏ ကျင့်ကြံခြင်းအတွက်ပင် ကျင့်ကြံမှုရင်းမြစ်များအား ခက်ခက်ခဲခဲ စုဆောင်းနေရပြီးဖြစ်သည်။ သို့သော် သည်အဖိုးတန် တပည့်လေးသည် ပြိုင်ဘက်ကင်း ကျင့်ကြံမှုစွမ်းရည် ရှိသောကြောင့် ကျင့်ကြံမှုအတွက် အချိန်အများကြီး အသုံးပြုရန် လိုမည်မဟုတ်ပေ။ သို့ပါသော်လည်း သူမ၏ကျင့်ကြံနှုန်းသည် အလွန်မြန်ဆန်လှသောကြောင့် သူမအတွက် လိုအပ်လိမ့်မည် ဖြစ်သော ကျင့်ကြံမှု အရင်းအမြစ် အရေအတွက်များသည် ကောင်းကင်ဘုံကိုပင် ကိုင်လှုပ်နိုင်လိမ့်မည် ဖြစ်သည်။
ထန်ရှုသည် တောက်ပစွာ ပြုံးနေသော သူ၏ အဖိုးတန်တပည့်မလေးအား ကြည့်လိုက်ပြီး သူရင်ဆိုင်ရမည်ဖြစ်သော ခက်ခဲမှုအတွက် စိတ်ထဲမှာ ကြိတ်ကာ ညည်းညူလိုက်မိသည်။ သို့စေကာမူ သူပေးဆပ်ရမည် ဖြစ်သော်လည်း ပိုမိုအရေးကြီးသော အရာများအား လက်မလွှတ်ချင်ပေ။ အကောင်းဆုံးငွေရှာပြီး ကမ္ဘာမြေပေါ်မှ ကျင့်ကြံမှုရင်းမြစ်များအား သွားရောက်ရှာဖွေရန် သူ ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် ပိုမို သန်မာနေဖို့ လိုသည်။ အခြားကမ္ဘာများသို့ သွားရောက် ရှာဖွေရမည် ဆိုပါလျှင်တောင်မှ သူတို့၏ လိုအပ်မှုအတွက် သူ သွားရောက်မည် ဖြစ်သည်။
“ဆရာ ... ဘာလို့ မပျော်မရွှင် ဖြစ်နေရတာလဲ”
ဂူရင်သည် အနည်းငယ် သောကရောက်နေဟန် တူသော ထန်ရှုအား ကြည့်ကာ သူမ၏ဆရာဖြစ်သူအား မည်ကဲ့သို့ သူမ မပျော်ရွှင်အောင် လုပ်လိုက်မိသည်မသိ ဖြစ်နေခဲ့သည်။
ထန်ရှုသည် တစ်ခဏမျှ ကြောင်ငေးကြည့်မိနေရင်း သူ၏ရင်တွင်းမှ သောကများအား ဖိနှိပ်ထားလိုက်သည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ဆံပင်လေးအား နူးညံ့စွာ ထိတွေ့လိုက်ရင်း ပေါ့ပါးစွာ ရယ်လိုက်သည်။
“ဆရာ မပျော်တာ မဟုတ်ရပါဘူး။ တစ်စုံတစ်ခုကို စဉ်းစားနေမိတာပါ။ ဆရာ့တပည့်မလေးရဲ့ ကျင့်ကြံမှုနှုန်းက အရမ်းမြန်တော့ ဆရာ တကယ်ကို အံ့အားသင့်ပြီး ပျော်ရွှင်ရတယ်။ အဲ့ဒါကြောင့် ဆရာ မပျော်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါပေမဲ့လည်း ဆရာပြောတာကို နင် မမေ့ပါနဲ့။ အလျင်လိုရင် အနှေးတွေ့ပြီး နမော်နမဲ့တွေ ဖြစ်တတ်တယ်။ နင်က ကျင့်ကြံမှုလမ်းစဉ်ပေါ်ကို ရောက်ရုံပဲရှိသေးတယ်။ အဲ့ဒါကြောင့် ကျင့်ကြံမှုအခြေခံကို ခိုင်မြဲအောင် တိုးတက်သည်ထက် တိုးတက်အောင် သေချာစွာ လုပ်ဆောင်သင့်တယ်”
ဂူရင်သည် လိမ္မာပါးနပ်စွာဖြင့် ခေါင်းညိတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။
“ဆရာ ... ဆရာ့စကားကို စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားမယ်လို့ ရင်ရင် ကတိပေးတယ်။ အမေကလည်း ပြောဖူးတယ် မြင့်တဲ့အဆောက်အဦ ဆိုတာ မြေပြင်ကနေ စဆောက်ရပြီးတော့ အောက်ခြေခိုင်ခံ့ဖို့ အရေးကြီးတယ်တဲ့”
“ဒါ မှန်တယ်”
ထန်ရှုသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် သူသည် မော့ကြည့်ကာ ပြောလိုက်သည်။
“ရင်ရင် နင့်ရဲ့ကျန်းမာရေးက ဘာမှ ထပ်မဖြစ်တော့ဘူးဆိုတော့ ကျောင်းမတက်ချင်ဘူးလား။ ပထမတော့ နင့်အမေကို သင်တန်းတက်ဖို့ အတွက် စီစဉ်ထားပြီးတော့ နင့်ကို နဂါးကိုးကောင်ကျွန်းကို တန်းခေါ်သွားဖို့ပဲ။ ဒါပေမဲ့ သင်တန်းက ၂လလောက် အချိန်ယူပြီး တခြားလုပ်စရာတွေ ရှိဦးမယ်။ နောက်အကျဆုံး စက်တင်ဘာလအထိပဲ။ ငါ နင့်ကို နှစ်တစ်ဝက် ကျောင်းတက်ဖို့ ပြင်ဆင်ရလိမ့်မယ်။ ပြီးမှ နဂါးကိုးကောင်ကို နောက်နှစ်မှာ သွားကြမယ်။ နင် ဘယ်လိုတွေးလဲ”
ဂူရင် တွေဝေသွားသည်။ သူမ ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“ဆရာ ... ရင်ရင် ကျောင်းမသွားတာ ၂နှစ်ကျော်ပြီ။ လွတ်သွားတဲ့ ဘာသာရပ်တွေကလည်း အများကြီးပဲ။ သင်ခန်းစာတွေကို သင်ရိုးညွှန်းတမ်းအတိုင်း လိုက်နိုင်တော့မှာ မဟုတ်ဘူး။ စာမေးပွဲ မေးခွန်းတွေကို လေ့ကျင့်ပေးတဲ့ကျောင်းကို ဆရာ ပို့ပေးနိုင်လားဟင်။ ပြီးခဲ့တဲ့ရက်တွေက အမေကတော့ ဖတ်စာအုပ်တွေ ဝယ်လာတယ်။ အဲ့ဒါကြောင့် ကျင့်ကြံခြင်း လေ့ကျင့်မှုကိုလည်း မထိခိုက်ရအောင် သင်ခန်းစာတွေနဲ့လွတ်သွားတာတွေကို လေ့လာရအောင် ပြင်ဆင်ထားပါတယ်”
ထိုခဏတွင် ထန်ရှုသည် ကြက်သေ သေနေပြီးနောက် သူမပြောသော စကားများအား ရုတ်ခြည်း နားလည်သွားခဲ့သည်။
ထို့နောက် သူသည် အပြုံးဖြင့် ပြောလိုက်သည်။
“ရင်ရင် သင်ခန်းစာတွေ အများကြီးလွတ်ထားရင် မနက်ဖြန် ဆရာတစ်ယောက် ခေါ်ပေးမယ်။ အဲ့ဒါဆို ဆရာတွေကလည်း သူတို့ နွေရာသီအားလပ်ရက်ကို နင့်ကို စာသင်ပေးဖို့ အသုံးပြုနိုင်ပြီးတော့ လွတ်သွားတဲ့သင်ခန်းစာတွေကို ကြေညက်စေမယ်။ တစ်ချိန်တည်းမှာ နင်က တူညီတဲ့အဆင့်တွေကို ထိန်းထားနိုင်ရင် ငါ နင့်ကို ကျောင်း ၆လထားမယ်။ နင် အဲ့ဒါကို မလုပ်နိုင်ရင်တော့ မေ့လိုက်ပါ”
“အွန်း ... အွန်း ...”
ဂူရင်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်တော့သည်။
ထန်ရှုသည် ရယ်မောလျက် ပြောလေသည်။
“အဲ့ဒါဆို သွားကစားချေတော့။ ဆရာ့မှာ ဒီနေ့ ချက်ချင်းအပြင်ထွက်ပြီး လုပ်ဖို့လိုတဲ့ အရာနည်းနည်းရှိနေတယ်။
ဂူရင်သည် ပဟေဠိဖြစ်ဟန်ဖြင့် မေးလိုက်သည်။
“ဆရာ ဘယ်ကို သွားမလို့လဲ။ ရင်ရင်ရော လိုက်ပြီး ကစားလို့ရလား။ အမေက ကုန်တိုက်သွားပြီး ဈေးသွားဝယ်နေလို့ အမေက ပြန်လာဖို့ အကြာကြီး လိုနေဦးမယ်လို့ ထင်တယ်”
ထန်ရှုက ပြောလိုက်သည်။
“ငါ့မှာ အရေးတကြီး လုပ်စရာရှိနေလို့။ ရင်ရင် အိမ်မှာ ကောင်းကောင်းနေပေးနော်။ ငါ ကောလိပ်ဝင်ခွင့် ဖြေပြီးတဲ့ထိ စောင့်ပေး။ ပြီးတာနဲ့ နင့်ကို အဖော်လုပ်ပြီး အပြင်မှာ ကစားပေးမယ်”
ဂူရင်သည် ရယ်မောကာ ပြောလေသည်။
“ဆရာက ကောလိပ်ဝင်ခွင့် အောင်မှာပါ။ အရမ်းကောင်းတဲ့ကျောင်းတောင် တက်ရဦးမှာ ရင်ရင် သေချာသိတယ်”
တက္ကသိုလ်လား။
ထိုအကြောင်းအား တွေးပြီး ထန်ရှုသည် နှစ်နှစ်ကာကာ ပြုံးလိုက်သည်။ သူ့တွင် ပြီးပြည့်စုံသော တက္ကသိုလ် တက်ရမည်ဆိုပါက အပြာရောင်မြို့တော် တက္ကသိုလ်အား ပထမဦးစားပေး အနေဖြင့် ရွေးချယ်မည်ဖြစ်သည်။ ထိုတက္ကသိုလ်သည် ရွှမ်ကျင်းပြည်နယ်တွင် အကောင်းဆုံး တက္ကသိုလ်ဖြစ်သည်။ သူသည် အပြာရောင်မြို့တော် တက္ကသိုလ်တွင် တက်ရောက်ပါက ထိုတက္ကသိုလ်သည် အလွန်နီးသောကြောင့် မိခင်အား တွေ့ရန်အတွက် သူသည် အိမ်သို့မကြာခဏ ပြန်နိုင်မည်ဖြစ်သည်။
သူ၏မိခင်သာ သူနှင့်အတူ လိုက်ပါပြီး အခြားမြို့တွင် နေလိုစိတ်ရှိပါက သေချာပေါက် သူသည် ထိပ်တန်းတက္ကသိုလ်အား ရွေးချယ်မည် ဖြစ်ပေသည်။ တက္ကသိုလ်တက်ခြင်းသည် သူ့အတွက် အသုံးမဝင်သော်လည်း မိခင်ဖြစ်သူ စိတ်မပျက်စေရန် သူတက်မည်ဖြစ်သည်။
တောင်တံခါးအိမ်ရာဝင်းမှ ထွက်လာပြီး ထန်ရှုသည် သူ၏ ဖုန်းအင်တာနက်မှ တစ်ဆင့် စာမေးပွဲ မေးခွန်းတွေကို လေ့ကျင့်ပေးသည့် ကျောင်းများအနက်မှ ကောင်းမွန်သော ကျောင်းများအား ရှာဖွေလိုက်သည်။ အထူးသဖြင့် ၁တန်းမှ ၆တန်းအထိ လွတ်နေသော အတန်းများအတွက် ပြင်ဆင်လေ့ကျင့်ပေးသည့် ကျောင်းများ ဖြစ်သည်။ ဂူရင်အား လေ့ကျင့်ပေးရန် ခေါ်ယူလိုက်သည့် အချိန်ကစပြီး သူသည် ငွေကြေးများစွာ ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူသည် အရေးကြီးသော ဘာသာရပ်များအတွက် သီးသန့် ဆရာများအား ငှားရမ်းရမည်ဖြစ်သည်။
ကြယ်တာရာမှ ဘိုင်ဒါပလာဇာ အတွင်းတွင် ထန်ရှုသည် စိတ်ကူးအသစ်ဟူသော ကျောင်းအား အင်တာနက်မှတဆင့် ရှာတွေ့ခဲ့သည်။ အတွင်းပုံစံသည် ကောင်းသည် ... ကြမ်းပြင်တစ်ခုလုံးတွင် သင်ကြားရေးများအား စိတ်ကူးအသစ်များဖြင့် ပုံဖော်ထားသည်။ ၎င်း၏အတွင်းခန်း အပြင်အဆင်မှ တစ်ဆင့် ကျောင်း၏ အရည်အသွေးအား မြင်နိုင်ပေသည်။
“ကြိုဆိုပါတယ်ရှင် ...”
ဝင်ပေါက်အား ဖြတ်ကျော်ပြီးနောက် ဧည့်ကြိုစားပွဲရှိ မိန်းကလေးတစ်ယောက်မှ သူ့အား ပျူငှာစွာ နှုတ်ဆက်လိုက်သည်။
ထန်ရှုသည် ဘေးဘီဝဲယာအား တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် စကားဆိုလိုက်သည်။
“ခင်ဗျားတို့ကျောင်းရဲ့ သင်ကြားမှုဇယားတွေ ကျေးဇူးပြုပြီး ပေးပါ။ ကျွန်တော် တစ်ချက်လောက် ကြည့်ချင်လို့”
“ခဏလေးပါနော်”
ဧည့်ကြိုမိန်းကလေးသည် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး အံဆွဲထဲမှ ဖိုင်တစ်ထပ်အား လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ သူမသည် ထန်ရှုအား ထိုစာရွက်များအား လှမ်းပေးရင်း ရှင်းပြလိုက်သည်။
“လူကြီးမင်း ... ဒီမှာပါ။ ကျွန်မတို့ကျောင်းကို ကလေးကို လွှတ်ဖို့အတွက်လား။ ကျောင်းက ဆရာဆရာမတွေက အရမ်း အရည်အချင်း ပြည့်ဝတဲ့သူတွေပါ။ သူတို့ရဲ့ပညာရေး အဆင့်အတန်းကို ကြယ်တာရာမှာရှိတဲ့ ထင်ရှားတဲ့ ကောလိပ်တွေ ကျောင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထိပ်တန်းအဆင့်လို့ စဉ်းစားနိုင်တယ်။ ဆရာဆရာမ အများစုမှာ ဆရာဖြစ်လက်မှတ်တွေ ရှိကြတယ်။ သူတို့က ပုံမှန်စနစ်ကို စွန့်လွှတ်ပြီး ကျွန်မတို့နဲ့ စိတ်ကူးအသစ်အတိုင်း သင်ကြားလိုစိတ်ရှိကြတယ်”
ထန်ရှုသည် သင်ရိုးဇယားအား ကြည့်လိုက်ရာတွင် လွတ်သွားသော အတန်းများအတွက် သင်ကြားပေးရခြင်းသည် အလွန်ဈေးကြီးသည်ကို သူတွေ့ရသည်။ သင်ကြားပေးသော ဆရာဆရာမ အရည်အသွေး ပိုကောင်းလေ ဈေးပိုကြီးလေဖြစ်သည်။ ထန်ရှု သည်နေရာမှ သီးသန့်ဆရာငှားမည် ဆိုပါက ဈေးနှုန်းသည် အဆမတန် မြင့်မားလိမ့်မည်ဖြစ်သည်။
“၂တန်းကနေ ၆တန်းအထိ သီးသန့်ဆရာကို ကျွန်တော် လိုချင်တယ်။ အဓိက ဘာသာ၃ခုစလုံး အတွက် လိုချင်ပါတယ်။ ဖြစ်နိုင်ရင် မနက်ဖြန် စချင်တယ်။ ပထမဦးဆုံး ၂တန်းသင်ရိုးအတွက် ပြင်ဆင်ပေးပါ။ ဘယ်လိုသင်မလဲ ဆိုတာကိုတော့ ဆရာရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ”
ဧည့်ကြိုမိန်းကလေး၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ သူမ၏အပြုအမူနှင့် စိတ်သဘောထားတို့သည် ထိုဧည့်သည်ကြီးအပေါ် အတော်ပင် နွေးထွေးလာခဲ့သည်။ သူမသည် အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဆရာ ... ကျွန်မတို့ရဲ့ စိတ်ကူးသစ်ကျောင်းကို လာခဲ့တာ မှန်ကန်တဲ့နေရာကို ရောက်လာခဲ့တာပဲ။ ရှင် ဈေးအမြင့်ဆုံးကို ရွေးချယ်နိုင်ပြီး ကျွန်မတို့ရဲ့သင်ကြားရေး ဝန်ထမ်းတွေက သေချာပေါက် ...”
ထန်ရှုသည် လက်ကို ဝှေ့ယမ်းလျက် သူမ၏စကားအား တားလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ ဈေးအကြီးဆုံး ဝန်ဆောင်မှုတောင်မှ လုံလောက်မှာ မဟုတ်ဘူး။ ကျွန်တော့်တပည့်က ကျောင်းမတက်ဘူး။ သူက တစ်နေကုန် အိမ်မှာပဲရှိမှာ ဆိုတော့ သူမမှာ လုံလောက်တဲ့ အချိန်ရှိတယ်။ ကျောင်းက စာသင်ချိန်အတိုင်း မလုပ်ဖို့ ကျွန်တော် မျှော်လင့်တယ်။ တစ်နေကုန်အတွက် စာသင်ချိန်တွက်ပါ။ အကောင်းဆုံးကတော့ မနက် ၃နာရီ၊ နေ့လယ် ၃နာရီနဲ့ ညနေ ၃နာရီပဲ”
“ဒါ ...”
ထန်ရှုကဲ့သို့သော ဧည့်သည်မျိုးအား ဧည့်ကြိုမိန်းကလေးသည် ပထမဆုံး အကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်ပြီး ထန်ရှုထံမှ “တပည့်” ဟူသော စကားလုံးအား သူမအနေဖြင့် အမှန်ပင် မမျှော်လင့်ထားခဲ့မိပေ။ သူမသည် တစ်ခဏမျှ တွေဝေနေပြီး လေသံနှိမ့်ကာ ပြန်ဖြေသည်။
“လူကြီးမင်းကို ခဏလောက် စောင့်ခိုင်းရပါတော့မယ်။ လူကြီးမင်းရဲ့ တောင်းဆိုချက်ကို ဆုံးဖြတ်ပေးနိုင်တဲ့ ကျွန်မတို့ရဲ့သူဌေးကို အရင် ဆက်သွယ်ရပါစေ”
“ကောင်းပြီ”
ထန်ရှုသည် လိုက်နာလျက် စာရွက်စာတမ်း တစ်ထပ်အား ယူလိုက်သည်။ ထို့နောက် သူသည် အခန်းထောင့်ရှိ ဆိုဖာဆီ သွားကာ ထိုင်ချလိုက်သည်။
မိနစ်အနည်းငယ်ကြာသော် ...
ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် မျက်မှန်နှင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် အတွင်းမှ ထွက်လာသည်။ သူမနှင့် ဧည့်ကြိုမိန်းကလေးသည် စကားအနည်းငယ် ပြောဆိုပြီးနောက် သူမသည်ထန်ရှုဆီ လျှောက်လာကာ အပြုံးဖြင့် မေးလေသည်။
“လူကြီးမင်းရဲ့ မျိုးရိုးနာမည်က”
“ထန်”
ထန်ရှုသည် မတ်တတ်ရပ်ကာ ဖြေလိုက်သည်။
သက်လတ်ပိုင်း အမျိုးသမီးသည် ရယ်မောကာ စကားဆိုလာသည်။
“ငါက လီလီပင်းပါ။ နင်ငါ့ကို အစ်မကြီးလို့ ခေါ်နိုင်ပါတယ်။ ငါတို့ရဲ့ ဧည့်ကြိုမိန်းကလေးက နင့်ရဲ့ တောင်းဆိုမှုကို ပြောပြထားပါတယ်။ ငါတို့ အမှန်တကယ် နင့်ရဲ့တောင်းဆိုမှုကို လက်ခံချင်ပေမယ့် မေးစရာလေး ရှိနေပါတယ်။ နင်တို့မိသားစုက ကလေးက ငါတို့ အတန်းမြန်ဆရာတွေရဲ့ သင်ကြားမှုကို လိုက်နိုင်မယ်လို့ နင် ယုံကြည်သလား”
ထန်ရှု ဖြေလိုက်သည်။ “သူမ လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်”
လီလီပင်း ရယ်မောကာ ပြောလိုက်သည်။
“လူကြီးမင်းထန်က သေချာတယ်ဆိုမှဖြင့် ငါ လက်ခံနိုင်ပါပြီ။ ဝန်ဆောင်မှုယူတဲ့သူဆိုတာ ငါတို့အတွက် နတ်ဘုရားလိုဆိုတော့ ဝန်ဆောင်မှုယူတဲ့သူရဲ့ တောင်းဆိုချက်ကို ငါတို့ သေချာပေါက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်။ ငါ ဒီလိုမျိုးလေး ဇယားဆွဲပေးရင်ရော ဘယ်လိုလဲ။ နင့်ရဲ့ကလေးအတွက် ထူးချွန်တဲ့ဆရာ ၃ယောက်ကို နေ့စဉ်သင်ခန်းစာ အတွက် စီစဉ်ပေးမယ် ... မနက်၃နာရီက အင်္ဂလိပ်စာ၊ နေ့လယ်က သင်္ချာ၊ ညနေက စာပေနဲ့ ဘာသာစကား။ ဆွေးနွေးဖို့ အချိန်အတွက်လည်း ငါတို့ စီစဉ်ပေးမှာဖြစ်တယ်”
“ကောင်းတယ်” ထန်ရှုသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
လီလီပင်းသည် ဆက်လက် ပြောပြသည်။
“နင့်ရဲ့တောင်းဆိုချက် အတိုင်းဆိုရင် ၂တန်းသင်ရိုး ပြီးတာနဲ့ ကလေးက စာလိုက်နိုင်တယ်ဆိုရင် ငါတို့က ချက်ချင်း ၃တန်းသင်ရိုးကို ဆက်သွားရမယ်။ အဲဒီနည်းအတိုင်း ၄တန်း၊ ၅တန်း၊ ၆တန်း ငါ ပြောတာ ဟုတ်တယ်မလား”
“မှန်တယ်” ထန်ရှု ထပ်ပြောလိုက်သည်။
လီလီပင်းသည် ပြုံးကာ မေးလိုက်သည်။
“အချိန်ကရော။ ပုံမှန် ကျောင်းသားတွေအတွက် ၅နှစ်ဆိုရင် သင်ရိုးပြီးတာမို့ နင်တို့အိမ်က ကလေးအတွက် ငါတို့ရဲ့ထူးချွန်တဲ့ စာသင်ခန်းမှာ အမြန်သင်ယူ လေ့လာမှုနဲ့သင်ဖို့ ပြင်ဆင်ပြီးပြီလား”
ထန်ရှု ပြောလိုက်သည်။ “မနက်ဖြန်ကနေ စပြီး စက်တင်ဘာ၁ရက်နေ့အထိ ပြီးမယ်လို့ မျှော်လင့်ပါတယ်”
“ဘာ ...”
လီလီပင်းသည် အံ့အားသင့်သွားသည်။ သူမသည် ထန်ရှုအား မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်မိတော့သည်။
“နင် ဆိုလိုတာက ... မနက်ဖြန်ကနေ စပြီး စက်တင်ဘာ၁ရက်နေ့ အထိဆိုရင် ၃လ၊ ၄လပဲ ရှိမယ်။ အဲ့လောက်အချိန်လေးနဲ့ နင်တို့အိမ်က ကလေးကို ၂တန်းကနေ ၆တန်းအထိ သင်ရိုးအားလုံးကို ပြီးစေချင်တာလား”
“ဟုတ်ကဲ့။ အဲဒီအတိုင်းပါပဲ” ထန်ရှုသည် မျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အနည်းငယ် စိတ်ပျက်သွားသောဟန်သည် လီလီပင်း၏ မျက်နှာထက်တွင် ပေါ်လာပြီး သူမသည် ဆတ်ကနဲ ပြောလိုက်သည်။
“လူကြီးမင်း ... ငါတို့က ပညာရေး လေ့ကျင့်ရေးကျောင်း။ နင် ဒီလိုလာပြီး နောက်ပြောင်ရမယ့်နေရာ မဟုတ်ဘူး။ နင် အမှန်တကယ် ငါတို့ဆရာဆရာမတွေကို ငှားချင်တယ်ဆိုရင် ငါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီးတော့ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ဒါပေမဲ့ နင် ငါတို့ကို ဒီမှာလာပြီး နောက်ပြောင်နေတာဆိုရင်တော့ ဒီမှာပဲ ပြီးပြီ။ တံခါးက ဟိုဘက်မှာ။ ငါ လိုက်မပို့တော့ဘူး”
“အာ ...”
လီလီပင်း ပြောလိုက်သော စကားများကြောင့် ထန်ရှု ကြက်သေ သေသွားရသည်။
ငါက ဒီကို ရိုးရိုးသားသားနဲ့ ဆရာလာငှားတာလေ။
ဘယ်လိုဖြစ်ပြီး နောက်ပြောင်စရာတစ်ခု ဖြစ်သွားရတာတုန်း။
ငါ ရှင်းပြတာကပဲ မရှင်းတာလား။
ဒါမှမဟုတ် စိတ်ကူးသစ်ကျောင်းရဲ့ သူဌေးက ငါ့ကို နားမလည်တာလား။ လောကကြီး ဘာတွေလဲဗျာ။
ထန်ရှုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော် ပြောတဲ့စကားတွေက အမှန်တွေချည်းပါပဲ။ ကျွန်တော်တို့မိသားစုက ကလေးက ထူးခြားတယ်။ ထူးခြားတဲ့ကလေးအတွက် သီးသန့်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ခင်ဗျားက ဒီမှာ သူဌေးဆိုတော့ အဲ့လိုမျိုး ဘုရားပေးတဲ့ လက်ဆောင်တွေကို ရထားတဲ့ ကလေးတွေ အများကြီး တွေ့ဖူးမှာပါ။ ကျွန်တော် ဆိုလိုတာကို နားလည်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဈေးနှုန်းကတော့ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်”
လီလီပင်းသည် ထန်ရှုအား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
“ငါ ဘုရားပေးတဲ့ လက်ဆောင်တွေကို ရထားတဲ့ ထူးချွန်တဲ့ ကလေးတွေ အများကြီး တွေ့ဖူးပါတယ်။ ၅နှစ်သင်ရိုးကို ၃လ၊ ၄လနဲ့ အပြီးသင်နိုင်တဲ့ ကလေးမျိုးကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး။ လူကြီးမင်း ... သင်ကြားခြင်းနဲ့ သင်ယူခြင်းတို့က တစ်ဆင့်ပြီးတစ်ဆင့် သွားရတာပါ။ နင့်ရဲ့စိတ်ကူးက စိတ်အားတက်ကြွမှုကို လွန်ပြီး ပျက်စီးစေနိုင်တဲ့အရာ ချက်ချင်းအောင်မြင်မှုကို စိတ်လှုပ်ရှားနေတဲ့အရာလို့ ဆိုနိုင်တယ်။ ဒါကို နင် မသိဘူးလား”
***