← Chapters

နားလည်ရခက်တယ်

Vol. 03 Ch. 134

နားလည်ရခက်တယ်

Vol. 03 Ch. 134

ထန်ရှုသည် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားပဲ ပြောတယ်လေ ဝန်ဆောင်မှု ယူတဲ့သူက နတ်ဘုရားပဲဆို။ ကျွန်တော်က ခင်ဗျားကို ကျွန်တော်ပြောတဲ့အတိုင်း လုပ်ခိုင်းရုံလေးတင်ပါ။ ကျွန်တော့်တပည့်မလေးက သင်ရိုးအမြန် သင်ကြားတာကို တကယ် လိုက်မမီနိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ သင်ကြားမှုပုံစံ အသစ်ကို ဆောင်ရွက်ကြတာပေါ့။ အခု ကျွန်တော်ပြောတဲ့အတိုင်း ဈေးနှုန်း ဆွေးနွေးကြရအောင်”

လီလီပင်း တွေဝေသွားသည်။ ထန်ရှု အလေးအနက် ပြောနေမှန်း သူမ ခံစားမိသည်။ သို့သော် သူမ၏ရှေ့မှ လူငယ်လေးသည် မည်သည့်အကြောင်းကြောင့် အလွန် ယုံကြည်မှုရှိနေသည်ကို သူမ စဉ်းစားမရပါချေ။

ဒါပေမဲ့ နေပါဦး။ သူ ဘာပြောလိုက်တာ။ တပည့်မလေး ဟုတ်လား။

ဆရာဆရာမတွေ လိုအပ်နေတယ်ပြောတဲ့ ကလေးက ဒီလူငယ်လေးရဲ့တပည့်လေး ဖြစ်နိုင်တာလား။

ဘယ်လောက်တောင် ထူးဆန်းတဲ့လူလဲ။

သိချင်စိတ်တို့သည် လီလီပင်း၏ ရင်ထဲတွင် မသိလိုက်မသိဘာသာဖြင့် နိုးထလာခဲ့သည်။ သို့သော် သူမသည် ခေါင်းကို ညိတ်ကာ စကားဆိုလိုက်သည်။

“နင် ပြောတာ ငါနားလည်ပါတယ်။ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး။ နင့်ရဲ့တောင်းဆိုမှုကို ငါ ချက်ချင်း ဆရာဆရာမတွေနဲ့ ဆွေးနွေးလိုက်မယ်။ ကောင်းမွန်တဲ့ သင်ကြားမှု အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်မယ်။ ပြီးတော့ အဲ့ဒါကို နင်ကြည့်ဖို့ ယူလာခဲ့မယ်”

ထန်ရှု လေးနက်စွာဖြင့် တုံ့ပြန်လိုက်သည်။

“ကျွန်တော် ခင်ဗျားတို့ရဲ့ အကောင်းဆုံးဆရာတွေကို လိုချင်ပါတယ်။ စွမ်းရည်ရှိချင် ဟန်ဆောင်ထားတဲ့သူတွေ ဖြစ်နေရင် ခင်ဗျားရဲ့စိတ်ကူးသစ်ကျောင်း နာမည်ဂုဏ်သတင်း ပျက်စီးသွားလိမ့်မယ်”

“နင် ...”

ထန်ရှု၏ စကားများကြောင့် ထန်ရှုသည် ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် လာပေးသူဟုပင် လီလီပင်း ထင်မိလုနီးပါး ဖြစ်သွားရသည်။ သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ငါတို့ဆရာဆရာမတွေက ထူးချွန်တဲ့အရည်အချင်း ရှိထားတဲ့သူတွေပါ။ အဲ့ထဲကမှ ငါ အကောင်းဆုံးကို  ရွေးချယ်လာခဲ့ပါမယ်”

ပြောပြီးသည်နှင့် သူမသည် ချာကနဲလှည့်ကာ အတွင်းသို့ လှမ်းဝင်သွားတော့သည်။

ထန်ရှုသည် သူမအား မျက်စိတစ်ဆုံး ကြည့်နေစဉ်တွင် ဧည့်ကြိုမိန်းကလေးသည် သူ့အတွက် ပူနွေးသော လက်ဖက်ရည်တစ်ခွက်ဖြင့် တည်ခင်းဧည့်ခံလေသည်။ သူသည် ခေါင်းညိတ်ပြပြီးနောက် သူ၏ဖုန်းအား ဆွဲထုတ်ကာ ခန်းရှအား ခေါ်ဆိုလိုက်သည်။

“သူဌေး ... တစ်စုံတစ်ရာ ညွှန်ကြားချက်ရှိပြီလား”

ခန်းရှ၏အသံသည် ဆူညံနေသည့်ကြားမှ ပေါ်ထွက်လာခဲ့သည်။ သိသာထင်ရှားစွာပင် သူမသည် အလွန်တရာ ဆူညံနေသောနေရာတွင် ရောက်ရှိနေခြင်းပင် ဖြစ်မည်။

ထန်ရှု စကားဆိုလိုက်သည်။

“ကျွန်တော် ခင်ဗျားနဲ့ တစ်စုံတစ်ခု ပြောစရာရှိနေလို့။ အခု ဘယ်မှာ ရှိနေလဲ”

ခန်းရှက ပြောလိုက်သည်။

“ငါ အခု အလုပ်အကိုင်ပြပွဲမှာ ... သူဌေး။ ငါတို့ လုပ်ငန်းစုရဲ့ လိုအပ်ချက်အရ ဝန်ထမ်းအများကြီး လိုတာမို့ ငါ အခု အလုပ်ခန့်နေတယ်။ ပေကျင်းကနေ လူ၃ယောက်ပဲ ငါ ခေါ်လာတာမို့ လိုအပ်ချက်ပြည့်ဖို့ အဝေးကြီး လိုသေးတယ်။ အာ ... ဟုတ်ပြီ။ သူဌေး ဘယ်မှာလဲဆိုတာကို ငါ့ကို ပြောပါ။ လာတွေ့လိုက်မယ်”

ထန်ရှုသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ ကျွန်တော် အခု အသေးအဖွဲကိစ္စ လုပ်နေတာမို့ ပြီးရင် လာတွေ့လိုက်မယ်။ စကားမစပ် အလုပ်အကိုင်ပြပွဲမှာ ခင်ဗျား လုပ်စရာရှိတာ လုပ်ပါ။ လိပ်စာသာ စာရိုက်ပို့ထားပေးပါ”

“အိုကေ”

ခန်းရှသည် ပြုံးလျက် ပြန်ဖြေလိုက်သည်။

နာရီဝက်ကြာပြီးနောက် ...

လီလီပင်းသည် သက်လတ်ပိုင်း အမျိုးသား အမျိုးသမီး၃ယောက်နှင့် ထန်ရှု၏အရှေ့သို့ ပြန်ရောက်လာပြီးနောက် သင်ကြားမှု အစီအစဉ်စာရွက်အား ထန်ရှုဆီ ကမ်းပေးလိုက်ကာ ပြောလိုက်သည်။

“ဒီဟာက ငါတို့ရဲ့သင်ကြားမှု အစီအစဉ်ကို နင့်ရဲ့တောင်းဆိုချက်နဲ့ ပြန်လည်မွမ်းမံထားတာပဲ။ ဒါပေမဲ့ နင့်ရဲ့တောင်းဆိုချက်က အလွန်ကျပ်ပြီး အချိန်ကလည်း တိုတယ်။ ငါတို့ ကြိုပြီးတော့ ရှင်းပြဖို့လိုတယ်။ နေ့စဉ် သင်ကြားတဲ့စာတွေက အလွန်ကျယ်ပြန့်တဲ့ အကြောင်းအရာတွေ ရှိတော့ နင့်စိတ်ကို ပြင်ဆင်ထားဖို့ ငါ မျှော်လင့်တယ်”

ထန်ရှုသည် ဖတ်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သင်ကြားခြင်းက ကျွန်တော် ထူးချွန်တဲ့အထဲမှာ မပါတော့ ခင်ဗျားရဲ့ အစီအစဉ်ကို ဒီအတိုင်း ကျွန်တော် လက်ခံထားမယ်။ အခြေအနေကို စောင့်ကြည့်ပြီးတော့မှ ပြန်ညှိကြတာပေါ့။ ဒါနဲ့ ကျွန်တော် အခု ပထမအရစ်အနေနဲ့ ပိုက်ဆံ ဘယ်လောက် သွင်းခဲ့ရမလဲ”

“ဒါ ...”

လီလီပင်း တွေဝေသွားသည်။ သူကဲ့သို့သော ရှာမှရှားသည့် အံ့သြစရာလူစားမျိုးအား ပထမအကြိမ်အဖြစ် တွေ့ဖူးခြင်းဖြစ်ပြီး သူ၏တောင်းဆိုမှုသည် ပုံမှန်သင်ကြားမှု အကြောင်းအရာထက်  ကျော်လွန်ကာ ခြားနားနေပေသည်။ ဈေးနှုန်းမည်မျှ သတ်မှတ်ရမည်ကို မသိသေးသောကြောင့် ထိုတစ်ခဏ သူမ မည်သို့ပင် ပြောရမည်မသိ ဖြစ်တော့သည်။

ထန်ရှုသည် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“ဘယ်လိုလဲ။ ဝန်ဆောင်မှုအခကို ဆွေးနွေးခဲ့ပြီးပြီ မဟုတ်ဘူးလား။ ခင်ဗျားက သူဌေးဆိုတော့ ကျွန်တော် ဘယ်လောက်ပေးရမလဲ ဆိုတာကို ဆုံးဖြတ်မပေးနိုင်ဘူးလား ခင်ဗျ”

လီလီပင်းသည် မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“လူကြီးမင်းထန် ... နင် တောင်းဆိုတာက သာမန်မဟုတ်တော့ ငါတို့ ဘယ်လောက်ကျသင့်မလဲ ဆိုတာ ခုချိန်မှာ မပြောနိုင်ဘူး ဖြစ်နေတယ်။ နင် အဆင်ပြေမယ်ဆိုရင် ငါတို့ ဒီလို လုပ်ကြရအောင် ... မနက်ဖြန် အတန်းစမယ် အတန်းပြီးသွားရင် ဘယ်လောက် ကျသင့်မလဲဆိုတာ ငါတို့ ပြောပါမယ်”

ထန်ရှု ပြောလိုက်သည်။ “ဟုတ်ပါပြီ။ ခင်ဗျား ခေါ်လိုက်ပါ”

လီလီပင်းသည် ချက်ချင်း တုံ့ပြန်လိုက်သည်။

“ဒါပေမဲ့ စရံငွေ တစ်စိတ်တစ်ပိုင်းတော့ ပေးနိုင်မလား။ မနက်ဖြန် သင်ကြားမှုအပြီးမှာ ငါတို့ရဲ့ ဈေးနှုန်းပေးမယ်။ အဲ့ဒါကို ကျေနပ်ရင် ငါတို့ စာချုပ် ချုပ်ကြတာပေါ့။ အဆင်မပြေရင်တော့ မနက်ဖြန်သင်ကြားမှုကို အခမဲ့လုပ်ပေးပြီး နင့်ရဲ့စရန်ငွေကို ဘာမှ မနုတ်ဘဲ ငါတို့ ပြန်ပေးလိုက်ပါမယ်”

“ဘယ်လောက်လဲ” ထန်ရှု မေးလိုက်သည်။

လီလီပင်းသည် တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ဖြေလိုက်သည်။

“ယွမ်၅ထောင်ဆို ဘယ်လိုလဲ”

ထန်ရှုသည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ပိုက်ဆံအိတ်အား ထုတ်ကာ သူ၏ငွေထုတ်ကတ်အား ယူရန်ပြင်လိုက်သည်။ သို့သော် ပိုက်ဆံအိတ်ထဲရှိ ငွေသားမှာ လုံလောက်မှုရှိသည်ကို ရုတ်ခြည်းပင် သတိပြုမိသွားသည့် အတွက် အကုန်ဆွဲထုတ်ကာ ရေတွက်လိုက်သည်။ အတိအကျပင် ယွမ်၅ထောင် ရှိနေပေသည်။

“ကျေးဇူးပြုပြီး ယူပါ”

လီလီပင်းသည် လက်ငင်းငွေသား ယွမ်၅ထောင်အား လက်ခံလိုက်သည်။ သူမသည် ထန်ရှု ရေတွက်နေစဉ်က ကြည့်နေသည့်အတွက် ထပ်မံမရေတွက်တော့ဘဲ အပြုံးနှင့် ဆိုလိုက်သည်။

“လူကြီးမင်းထန် ... ခဏစောင့်ပေးပါဦး။ ငွေစာရင်းဌာနကနေ ငွေရရှိကြောင်း ပြေစာစာရွက် တစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်ပါမယ်”

ထန်ရှုသည် လက်ကို ယမ်းကာ ပြောလိုက်သည်။

“ပြေစာ မလိုပါဘူး။ ပြီးတော့ အဲ့ဒါကို ကျွန်တော်က မလိုအပ်ဘူးလို့ ထင်တာကြောင့်မို့ စာချုပ်မှာ လက်မှတ်ထိုးဖို့လည်း လိုမှာ မဟုတ်ဘူး။ ခင်ဗျားက ပညာရေးဝန်ဆောင်မှုပေးပြီး ကျွန်တော်က အဲ့ဒါကို ကလေးအတွက် လုပ်ပေးတယ်။ အဲ့ဒါကြောင့်မို့ အခြေခံအကျဆုံး  တစ်ခုဖြစ်တဲ့ ကျွန်တော်တို့အကြားက ယုံကြည်မှုကို ထိန်းသိမ်းထားသင့်တယ်။ မနက်ဖြန်ကျရင် ကျွန်တော့်ကို ကျသင့်ငွေကို ပြောပါ ကျွန်တော်က ခင်ဗျားဆီ တိုက်ရိုက် ငွေလွှဲပေးလိုက်မယ်။ ခင်ဗျားကလည်း ကလေးစာသင်ဖို့ နေ့တိုင်း ဆရာဆရာမ၃ယောက် လွှတ်ပေးလိုက်ပါ”

လီလီပင်း မေးလိုက်သည်။ “နင့်ရဲ့လိပ်စာကရော”

ထန်ရှုက ပြောလိုက်သည်။

“ဒီနေရာနဲ့ သိပ်မဝေးဘူး။ တောင်တံခါးအိမ်ရာဝင်းက နောက်ဆုံးနံပါတ်နဲ့ အိမ်ပါ။ အဲ့ဒါဆိုလည်း ကျွန်တော် တခြားလုပ်စရာရှိလို့ မနှောင့်ယှက်တော့ဘူး။ နှုတ်ဆက်ခဲ့ပါတယ်”

တောင်တံခါး အိမ်ရာဝင်းက ဟုတ်လား။ ပြီးတော့ နောက်ဆုံးနံပါတ်နဲ့ အဆောက်အဦမှာတဲ့လား။

လီလီပင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ထန်ရှုအား ပြန်လှမ်းကြည့်လိုက်မိသည်။ ရုတ်ခြည်းပင် သူမ၏ နှလုံးခုန်နှုန်းသည် မြန်လာသကဲ့သို့ ထင်ရသည်။ သူမ၏မိသားစုသည် အတန်ငယ် ကြွယ်ဝပြီး စွမ်းအားကြီးသော ဆွေမျိုးများသည် အဲ့သည်နေရာတွင် နေထိုင်ကြသောကြောင့် သူမသည် ထိုအိမ်ရာဝင်းထဲသို့ သူမ ရောက်ဖူးသည်။ ထို့ကြောင့် ၎င်းအိမ်ရာဝင်းသည် ကြယ်တာရာမြို့၏ အိမ်ရာအားလုံးထဲတွင် အဆင့်အတန်း အမြင့်ဆုံး ဖြစ်မှန်း သူမသိသည်။

ထို့ပြင် သူမ၏ဆွေမျိုးများထံသို့ အလည်ရောက်ခဲ့စဉ်က သူတို့ပြောသော အကြောင်းအရာ တစ်ခုအား ကြားဖူးသည်။ အိမ်ရာဝင်းတွင် အကောင်းဆုံးဖြစ်သော အိမ်သည် အတွင်းကျဆုံးအပိုင်းတွင် တည်ရှိသော ဘုရင်အိမ်ကြီးဖြစ်ပြီး နောက်ဆုံးအိမ်နံပါတ်လည်း ဖြစ်သည်။

“လူကြီးမင်းထန် ... ငါ နင့်ကို လိုက်ပို့ပါမယ်”

မျက်နှာတွင် အပြောင်းအလဲအချို့ ဖြစ်သွားပြီးနောက် လီလီပင်းသည် ကျန်သည့် ဆရာဆရာမများအား နေရာတွင် ထားခဲ့ကာ မီရန် အပြေးလိုက်သွားသဖြင့် ကျန်သူများသည် အချင်းချင်း မယုံနိုင်ဟန်ဖြင့် ကြည့်နေကြလေသည်။

ထန်ရှုသည် ယဉ်ကျေးစွာ ငြင်းဆိုလိုက်သော်လည်း လီလီပင်းသည် မကြားသကဲ့သို့ ထန်ရှုအား ပထမထပ်ရှိ ရုံးခန်းအပေါက်ဝထိ လိုက်ပို့ပေးလေသည်။ ထို့နောက် သူမသည် အပြုံးဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။ “လူကြီးမင်းထန် ... ကောင်းသောခရီး ဖြစ်ပါစေ”

ထန်ရှုသည် ခေါင်းညိတ်ပြလိုက်သည်။ လီလီပင်း ငေးကြည့်နေစဉ်မှာပင် ထန်ရှုသည် လမ်းဘေးဘက် လျှောက်သွားပြီး အငှားကားတစ်စီးအား တားကာ လမ်းတစ်ဆုံးတွင် လျင်မြန်စွာ ပျောက်ကွယ် သွားလေတော့သည်။

“တကယ် ထူးဆန်းတဲ့လူပဲ။ သူက တကယ်ကို ထူးခြားတယ်။ တောင်တံခါးရဲ့ အကောင်းဆုံးအိမ်မှာ နေနိုင်ပြီးတော့ အပြင်ထွက်တာ ကိုယ့်ကား မပါလာပေမယ့် အငှားကားကိုတောင် စီးတယ်”

လီလီပင်းသည် ခေါင်းကိုယမ်းလိုက်ပြီး တိတ်တဆိတ် ရေရွတ်လိုက်တော့သည်။

ကြယ်တာရာ အလုပ်အကိုင်ပြပွဲ ...

ကျယ်ဝန်းသော ခန်းမတစ်ခုထဲတွင် ရာပေါင်းများစွာသော အခန်းငယ်လေးများထဲတွင် လူများ ပြည့်ကျပ်နေပေသည်။ အဘယ့်ကြောင့်ဆိုသော် သည်တစ်ကြိမ် အလုပ်အကိုင်ပြပွဲသည် တိုင်းပြည်၏ ကြီးမားသော ပြပွဲတစ်ခုဖြစ်ပြီး ရွှမ်ကျင်းပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းစုများမှ ကြီးမှူးကျင်းပသောကြောင့် ဖြစ်သည်။ ထိုနေရာသည် ကြယ်တာရာမြို့ထဲတွင် တည်ဆောက်ထားသောကြောင့် တစ်သိန်းမျှသော ဘွဲ့ရများ၊ အလုပ်လက်မဲ့များနှင့် အခြားသူများသည် စုရုံးရောက်ရှိနေကြသည်။

ခမ်းနားသော ထန်လုပ်ငန်းစုသည် ၎င်းတို့၏ ကုမ္ပဏီဖွဲ့စည်းမှုအား ပြင်ဆင်နေသည်။ ထိုကဲ့သို့ ကြီးမားသော အလုပ်အကိုင်ပြပွဲနှင့် ကြုံတွေ့ရခြင်းသည် မတော်တဆ တိုက်ဆိုင်မှု ဖြစ်ပေသည်။ ထို့ကြောင့် ခန်းရှသည် နေရာကောင်း တစ်ခုတွင် အခန်းငယ်တစ်ခုအား ပြုလုပ်ရန် စိတ်ကူးရကာ သူမကိုယ်တိုင်ပင် လာရောက်စီမံတော့သည်။

ထန်ရှု အလုပ်အကိုင်ပြပွဲသို့ ရောက်သောအချိန်တွင် လက်ရှိမြင်ကွင်းသည် သူ့အား အံ့အားသင့်စေသည်။ နေ့လယ်ခင်း ဖြစ်နေသော်လည်း အတွင်းထဲတွင် လူတွေ စည်ကားနေဆဲဖြစ်သည်။

“ယနေ့ခေတ်မှာ ဘွဲ့ရကျောင်းသားတွေတောင်မှ တန်ဖိုး လျော့လာကြကုန်ပြီ”

ယွမ်မျိုးရိုးမှ တစ်စုံတစ်ယောက်သည် သူ၏အနားတွင် ညည်းတွားလိုက်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် သူသည် ခေါင်းညိတ်လိုက်ကာ အတွေးထဲတွင် နစ်မျောသွားတော့သည်။

ကျောင်းသားများသည် နှစ်တိုင်း အပြင်းအထန် စာကြိုးစားကြရပြီး အဆုံးတွင် တစ်ရုံးဝင် တစ်ရုံးထွက်ဖြင့် အလုပ် လိုက်ရှာကြသည်။ ယခင်က စာလေ့လာရခြင်း တစ်ခုသာ ရှိသည်။ ယခုမူ လူတစ်ယောက်သည် ပညာရေးတွင် မြင့်မားသော်လည်း စစ်မှန်သော ကျွမ်းကျင်မှု မရှိပါက အရာရာသည် အတော် အသုံးမဝင်ဖြစ်လိမ့်မည်။

ခန်းရှပေးထားသော တည်နေရာအတိုင်း လိုက်လာခဲ့ရာ ထန်ရှုသည် ခမ်းနားသော ထန်စီးပွားရေး လုပ်ငန်းစု၏ အခန်းငယ်ဆီသို့ ရောက်လာခဲ့သည်။

အတွင်းတွင် မီတာ အနည်းငယ် ကျယ်ဝန်းပြီး ခန်းရှနှင့် ချစ်စရာကောင်းပြီး ရွှေရောင်ဆံပင်ပိုင်ရှင် မိန်းကလေးတစ်ယောက်သည် စားပွဲတွင် ထိုင်ကာ ကျောင်းသား တစ်ယောက်ပုံဟန်ရှိသော လူရွယ်တစ်ယောက်အား အလုပ်အင်တာဗျူး နေကြသည်။ အတွင်းတွင် နိုင်ငံခြားသား၂ယောက်သည် စာရွက်စာတမ်းများအား ပြန်လည် စီထပ်နေလျက်ရှိပြီး အင်တာဗျူးလုပ်နေသော ထိုလူရွယ်၏နောက်တွင် အင်တာဗျူးရန်အတွက် တန်းစီနေသော လူတန်းကြီးသည် အတန်ငယ် ရှည်လျားလှရာ မီတာ၂၀ခန့်ပင် ရှိပေမည်။

“သူဌေး ...”

ထန်ရှု ရောက်ရှိလာသည်ကို မြင်သော ခန်းရှသည် ချက်ချင်း ခေါ်လိုက်သည်။

“သူဌေး ...”

ထိုရွှေရောင်ဆံပင်နှင့် ချစ်စရာကောင်းသော မိန်းကလေးသည်လည်း မတ်တတ်ရပ်ကာ ခေါ်လိုက်ရင်း ထန်ရှုအား စူးစမ်းသော မျက်ဝန်းများဖြင့် ထပ်ကာထပ်ကာ ကြည့်နေသည်။

ထန်ရှုသည် သူတို့အား ခေါင်းညိတ်ပြလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလျက် စကားဆိုလိုက်သည်။

“ခန်းရှ ... ခင်ဗျားရဲ့အလုပ်ကို တစ်ယောက်ယောက်ကို အရင်လွှဲလိုက်ပါ။ ကျွန်တော် ခင်ဗျားနဲ့ ပြောချင်တာရှိလို့”

“ကောင်းပြီ”

ခန်းရှသည် ဘေးတွင်ရှိသော အင်ဒီအား ပြောလိုက်ပြီး ရွှေရောင်ဆံပင် မျက်လုံးပြာနှင့် လူတစ်ယောက်အား သူမ၏အလုပ်များအား လွှဲယူစေသည်။ ထို့နောက် သူမသည် ထန်ရှုအား ဦးဆောင်ကာ အခန်းငယ်အတွင်းသို့ ဝင်လာခဲ့သည်။

“သူဌေး ... နင် ငါ့ကို ဘာညွှန်ကြားချင်တာရှိလဲ”

ထန်ရှု စကားဆိုလိုက်သည်။

“ကျွန်တော် ခင်ဗျားကို စီမံစေချင်တဲ့ အရာ၂ခုရှိတယ်။ ပထမတစ်ခုက လုံကျန့်ယုက ကျွန်တော့်ဆီ ပိုက်ဆံအချို့ လွှဲပေးလိမ့်မယ်။ အမှန်က အဲဒီပိုက်ဆံက ကျွန်တော် ရထားတာတွေ။ ဘယ်လောက်ရမလဲတော့ ကျွန်တော် သေချာမသိသေးဘူး။ ဒါပေမဲ့ အဲဒီပိုက်ဆံရတာနဲ့ ကျွန်တော် ခင်ဗျားဆီ ချက်ချင်း လွှဲပေးလိုက်မယ်။ ဒုတိယတစ်ခုက လုံကျန့်ယုနဲ့ မြို့တော်က သူ့သူငယ်ချင်း၂ယောက်က ကြယ်တာရာမှာ စီမံကိန်း အကြီးတစ်ခုကို ရင်းနှီးမြှုပ်နှံမှု ရှိလိမ့်မယ်။ သူတို့ပြောတာတော့ ပထမရင်းနှီးမြှုပ်နှံမှုက ၅ဘီလီယံရှိပြီးတော့ နောက်ပိုင်း ငွေကြေးလိုအပ်မှသာ ရှယ်ယာ ထပ်ထည့်လိမ့်မယ်။ သူတို့က ကျွန်တော့်ကို အဆောက်အဦဒီဇိုင်း ဆွဲပေးစေချင်နေကြတယ်။ အဲဒီအတွက် ၁၀% ရှယ်ယာပေးမယ်လို့ ကတိပြုတယ်။ ကျွန်တော် သူတို့ကို ဒီဇိုင်းပေးပြီးရင် နောက်ဆက်တွဲ လုပ်ရမှာတွေကို ခင်ဗျား စီမံရလိမ့်မယ်”

“၁၀% ဟုတ်လား”

ခန်းရှသည် သူမကြားလိုက်ရသော သတင်းကြောင့် တုန်လှုပ်သွားကာ ထန်ရှုအား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။

ရင်းနှီးမြှုပ်နှံမှုငွေက ၅ဘီလီယံရှိတဲ့အချိန်မှာ ဒီဇိုင်းလေးတစ်ခုက ၁၀%ရှယ်ယာ ရနိုင်သတဲ့လား။

မည်သည့်ဒီဇိုင်း အမျိုးအစား ဖြစ်သောကြောင့် ထိုမျှ တန်ဖိုးကြီးရသည်ကို သူမ မတွေးတတ်အောင်ပင ်ရှိချေသည်။

“သူဌေး ... အဲ့ဒါ ရှယ်ယာဆိုတာ သေချာလား။ အသားတင်အမြတ်ဝေစုတော့ မဟုတ်ပါဘူးနော်”

ခန်းရှ လျင်မြန်စွာ မေးလိုက်သည်။

ထန်ရှုသည် ပဟေဠိဖြစ်စွာ မေးလိုက်သည်။

“ရှယ်ယာနဲ့ အမြတ် ဝေစုကြားက ကွာခြားချက်က ဘာလဲ”

ခန်းရှ တိတ်တဆိတ်ပင် ပြောစရာ စကားမဲ့သွားရသည်။ သူမ၏သူဌေးသည် စီးပွားရေးလုပ်ခြင်းအကြောင်းအား အမှန်တကယ်ပင် မသိရှိကြောင်း ယခု သူမ သိသွားပေသည်။ သူမ၏ နောက်စကားများအား နေရာချပြီးနောက် သူမ ရှင်းပြလိုက်သည်။

“အဆောက်အဦတစ်ခုကို ဆောက်ပြီးသွားပြီးနောက် အဲ့ဒါကို မရောင်းသေးဘူးဆိုရင် နင့်ဆီမှာ တန်ဖိုးရဲ့၁၀%ရှိနေပြီး အဲ့ဒါကို နင့်ကိုယ်ပိုင်အဖြစ် သိမ်းထားလို့ရတယ်။ နောက်ပိုင်း အဆောက်အဦ ရောင်းပြီးသွားပြီးရင် စုစုပေါင်း ရောင်းရငွေရဲ့၁၀%ကို နင် ရနိုင်တယ်။ တန်းရောင်းဖို့အတွက် ဆောက်တာဆိုရင် အဲ့ဒါက အရင်းအနှီးငွေထဲက နုတ်တာဖြစ်လိမ့်မယ်။ အဲဒီ၁၀%က စီမံကိန်းရဲ့အမြတ်ဆိုရင် အဲ့ဒါကို အမြတ်ဝေစုလို့ ခေါ်တယ်။ နင် ဒီကိစ္စကို သေချာအောင် လေ့လာစီစစ်သင့်တယ်လို့ ငါထင်တယ်။ အဲ့ဒါမှ သူတို့နဲ့ ဘယ်လို စကားပြောရမလဲဆိုတာ ငါသိလိမ့်မယ်”

***

All Chapters