← Chapters

ကြည်နူးစရာ

Vol. 03 Ch. 137

ကြည်နူးစရာ

Vol. 03 Ch. 137

ထန်ရှု ပြောလိုက်သည်။

“ဒီဟာက အစ်မကြီးပိုက်ဆံမို့လို့ သိမ်းထားပါ။ ကျွန်တော့်ရဲ့အိမ်တော်ထိန်း ဖြစ်စေချင်ကတည်းက ပုံမှန်အတိုင်း နေထိုင်စရိတ် ပေးရမယ်။ လခကိုတော့ လောလောဆယ် တစ်လ ယွမ်၂သောင်း ပေးပါမယ်။ ကျွန်တော် ပိုချမ်းသာလာတဲ့အထိ စောင့်ပေးပါ။ ထပ်တိုးပေးပါမယ်”

မုချင်းဖျင် တွေဝေနေလျက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ထန်ရှုသည် မုချင်းဖျင်၏အမူအရာအား ကြည့်ကာ အင်မော်တယ်လောကတွင် ရှိစဉ်ကအချိန်အား ပြန်သတိရသွားသည်။ ထိုစဉ်က သူသည် ပေါင်းသင်းဆက်ဆံရေး ညံ့သောကြောင့် လူအများ၏စိတ်နှလုံးအား မသိမ်းသွင်းနိုင်ခဲ့ပေ။ ထိုအကျိုးရလဒ်သည် သူ့အား သစ္စာဖောက်ခြင်းအား ခံခဲ့ရပေသည်။ သည်ဘက်ခေတ် လောကအား ပြန်ရောက်လာချိန်တွင် သူ့ကိုသူ ပြောင်းလဲရန် ဆုံးဖြတ်လိုက်သောကြောင့် သူ ဆက်ပြောလိုက်သည်။

“အစ်မကြီးမူ ... အစ်မက အိမ်တော်ထိန်း ဆိုကတည်းက ကျွန်တော့်ရဲ့မိသားစုဝင် တစ်ယောက်လည်း ဖြစ်တယ်။ ရင်ရင်က ကျွန်တော့်တပည့်ဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်တော့်အိမ်က အစ်မကြီးအိမ်လိုပဲ သဘောထားပါ။ ပိုက်ဆံပဲလိုလို ဘာပဲလိုလို ကျွန်တော့်ကို ပြောပါ။ လုပ်ပေးနိုင်တဲ့ အရာဆိုရင် ကျွန်တော် သေချာပေါက် လုပ်ပေးမယ်”

မိသားစုတဲ့လား။

မုချင်းဖျင် အေးခဲသွားရသည်။ သူမ၏မျက်ဝန်းထဲတွင် စိုစွတ်လာသည်။ ယောက်ျားဖြစ်သူ ကားတိုက်မှုဖြင့် ဆုံးပါးသွားပြီး သမီးဖြစ်သူ ရောဂါကြောင့် အိမ်ကို ရောင်းလိုက်ရသဖြင့် နွေးထွေးသောအိမ်အား သူမ မခံစားရတော့ပေ။ ယခု ထန်ရှု၏စကားအား နားထောင်ပြီး သူမ ပျော်ရွှင်လာခဲ့ရသည်။

အိမ်တစ်လုံးနှင့် ချစ်ရသောသူများ ရှိနေခြင်း။

မုချင်းဖျင် စိတ်ထဲမှ တီးတိုး ရွတ်ဆိုလိုက်သည်။ ထိုအချိန်လေးအတွင်း သူမသည် ထန်ရှုနှင့် ပိုမိုရင်းနှီးလာသည်ဟု ခံစားလိုက်ရလေသည်။

“ကျေးဇူးတင်ပါတယ်”

မုချင်းဖျင်၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လျက် ခြင်တစ်ကောင်ပျံနေသော အသံအလား တိုးညင်းစွာဖြင့် ပြန်ပြောလိုက်သည်။

ထန်ရှု ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ။ ကျွန်တော် သင်ခန်းစာတွေ သွားလေ့လာတော့မယ်။ အရင်နားလိုက်ပါ”

“အိုကေ”

မုချင်းဖျင် ခေါင်းညိတ်ပြကာ လှည့်ထွက်သွားသည်။

သိပ်မကြာမီ ...

ထန်ရှု၏စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်ရာ မုချင်းဖျင်သည် သူမ၏အခန်းထဲတွင် ငိုကြွေးနေသည်ကို သိလိုက်ရသည်။

သနားစရာ အမျိုးသမီးတစ်ယောက် ...

ထန်ရှု စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူ၏မိခင်ကိုလည်း ချက်ချင်း သတိရသွားမိသည်။ အခု မုချင်းဖျင်က သည်လိုဆိုပါက သူ၏မိခင်ကရော။ မုချင်းဖျင်သည် သူနှင့်သာလျှင် တွေ့ခဲ့ပြီး သူမအား မိသားစုဝင်အဖြစ် ဆုံးဖြတ်ခဲ့သည်။ သူ၏မိခင်ကိုရော ဒီလို မဖြစ်ဘူးလား။ သူ့ကို လူလားမြောက်အောင် ခက်ခက်ခဲခဲ ပြုစုပျိုးထောင် ပေးခဲ့ရသည်။ ဘယ်လောက်တောင် နာကျင်ပင်ပန်းလိုက်လေမည်နည်း။ တိတ်တဆိတ် ငိုကြွေးရသောအကြိမ်များ မည်မျှရှိမည်နည်း။

ထိုခဏ၌ ထန်ရှု ကျိန်ဆိုလိုက်သည်။ သူ၏မိခင်အား အနည်းငယ်မျှပင် ထိခိုက်နာကျင် ဝမ်းနည်းစေရမှု မဖြစ်စေရ။

အစည်းအဝေးခန်းထဲသို့ ပြန်လာပြီး ထန်ရှုသည် လူ၄ယောက်မှာ တီးတိုးသဖန်းပိုး လုပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လည်ချောင်းရှင်းကာ ပြောလိုက်သည်။

“မနက်ဖြန်ကစပြီး ၁နှစ်နဲ့၂နှစ်က စာအုပ်တွေအားလုံး ဒီကို သယ်လာခဲ့ပါ။ ငါ့ရဲ့သင်ကြားမှုက ရိုးရှင်းပါတယ်။ ကျွမ်းကျင်လာတာနဲ့အမျှ ဖတ်စာအုပ်ထဲက အကြောင်းအရာတွေကို အလွယ် လေ့လာနိုင်လိမ့်မယ်။ အဲ့ဒါပြီးတာနဲ့ ဝင်ခွင့်စာမေးပွဲကို ငါတို့ ဖြေရတော့မယ်။ အဲ့ဒါကြောင့် ၁နှစ်၊၂နှစ်နဲ့ ၃နှစ်က အရေးကြီးတဲ့အကြောင်းအရာတွေ ငါ ဖြတ်ထုတ်ထားပြီး စာမေးပွဲတိုးတက်စေဖို့ ကြိုးစားကြမယ်”

ချန်းယန်နန်သည် ထန်ရှု၏ နည်းလမ်းအပေါ် မျှော်လင့်ချက် အနည်းငယ်သာထားသည်။ ထန်ရှု ယွမ်ချူးလင်အား လွတ်သွားသော သင်ခန်းစာများ ကြည့်ရန် ပြောသောအခါ သူမသည် စိတ်ဆိုးကာ အတူတကွ စာလုပ်ရန် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ထန်ရှု ယုံကြည်ချက်ရှိနေသည်ကို ကြည့်ကာမငြင်းဆန်တော့ဘဲ မေးလိုက်သည်။

“ဒီနေ့ ဘာလေ့လာမလဲ”

“ဒီနေ့ ၁နှစ်နဲ့၂နှစ် ဖတ်စာအုပ် မပါဘူးဆိုတော့ ၃နှစ်ဖတ်စာအုပ်ကို လေ့လာကြတာပေါ့။ စာပေနဲ့ ဘာသာစကားကို အတူတူထားလိုက်။ ငါ အဓိကအချက်တွေ ပြောမယ်။ ကျန်တဲ့ဘာသာတွေကတော့ နင်တို့ နားမလည်တာဖြစ်ဖြစ်၊ ဖြေတုန်းက အဖြေမှားတာကိုဖြစ်ဖြစ် ငါ့ကို မေး။ ငါ ပြောပြပေးမယ်”

“ကောင်းတယ်”

၄ယောက်သား ဖတ်စာအုပ်များဖွင့်ကာ မရှင်းလင်းသည်များကို ရှာကာမေးတော့သည်။ ထန်ရှု၏နည်းလမ်းသည် ရိုးရှင်းသည်။ သူတို့အတွက် ခက်ခဲသောခေါင်းစဉ်များအား  တစ်ချက်ပြီးတစ်ချက် အကျိုးအကြောင်း ရှင်းလင်းပြသပေးသည်။

၂နာရီကြာပြီးသည့် နောက်တွင် သူတို့ ယခင်က နားမလည်သော အကြောင်းအရာများအား အကုန် နားလည်သဘောပေါက် နေခဲ့သည်ကို အံ့သြစွာ တွေ့ရှိကြရသည်။

“ဒါ တကယ့်ကို မျက်လှည့်ဆန်တာပဲ။ အရင်က ဆရာ ခဏခဏ ရှင်းပြရတဲ့ ဒီသင်္ချာမေးခွန်းကို ငါ နားမလည်ဘူး။ ထန်ရှု ရှင်းပြလိုက်တော့ မမျှော်လင့်ဘဲ ငါ ရုတ်တရက် နားလည်သွားတယ်။ ဖုံးအုပ်နေတဲ့ တိမ်တွေ ပျောက်သွားပြီး နေရဲ့အလင်းရောင် တွေ့လိုက်ရသလိုပဲ။ ထန်ရှု ... နင့်ရဲ့ သင်္ချာအဆင့်က ဆရာထက်တောင် ပိုများ မြင့်နေတာလား”

ရှားဝန်ဖန်ဆိုသော မိန်းကလေးမှ လေးစားစွာ ပြောလိုက်သည်။

လီရှောင်ချင်းဆိုသော မိန်းကလေးမှလည်း ပြောလိုက်ပြန်သည်။

“ထန်ရှု ... ဓာတုဗေဒကို ရှင်းပြတာ အရမ်းကျွမ်းတာပဲ။ သူ့ရဲ့ဖော်မြူလာကို ရှင်းပြတဲ့ဟာက ငါ့ကို အများကြီးရှင်းလင်း သွားစေတယ်။ တူညီတဲ့အရာတွေဆို ငါ အေးဆေးပဲ ဖြေနိုင်သွားပြီ”

“ငါ့အစ်ကိုကြီးက တကယ်ကို စံပြပါပဲ” ယွမ်ချူးလင် လက်မထောင်ပြလိုက်သည်။

ချန်းယန်နန် သူမ၏ရင်ထဲမှ အထင်မကြီးမှုသည် ကွယ်ပျောက်သွားပြီဖြစ်သည်။ အကြောင်းအရာတိုင်းတွင် ထန်ရှု၏ ရှင်းပြမှုသည် သူမအား အံ့အားသင့်စေသည်။ ထိုအရာများအတွက် ဖြေရှင်းချက်များအား သူမ ရရှိထားပြီးဖြစ်သော်လည်း ထန်ရှု၏နည်းလမ်းက ပိုမို ရှင်းလင်းလွယ်ကူသည်ကို တွေ့ရသည်။ လျင်မြန်စွာဖြင့် အဖြေမှန်အား ရနိုင်သည်။

ချန်းယန်နန်သည် ထန်ရှုအား ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“အရင်က ငါ့အဖြေတွေအတွက် ဒုတိယအဆင့် ကောလိပ်တွေဝင်ဖို့တောင် ခက်ခဲလိမ့်မယ် တွေးခဲ့တယ်။ အခုဆို ပထမအဆင့်ကောလိပ် ဝင်ဖို့အတွက်တောင်  ယုံကြည်ချက် ရှိသွားပြီ။ ထန်ရှု ... ကျေးဇူးအများကြီးတင်ပါတယ်”

“ရပါတယ်ဟ။ နင်တို့ စာမေးပွဲဖြေပြီးရင် ကောင်းမွန်တဲ့ရလဒ် ထွက်လာပြီး ပထမအဆင့် ကောလိပ်ဝင်တဲ့အထိ စောင့်ပါ။ နောက်မှ ငါ့ကို တစ်ခုခု လိုက်ကျွေး ... ဟား ...ဟား ...”

“သေချာပေါက် ကျွေးမှာပေါ့”

ချန်းယန်နန်နှင့် အခြားမိန်းကလေး၂ယောက်တို့ ထပ်ကာထပ်ကာ ခေါင်းညိတ်ပြလိုက်သည်။

“အစ်ကိုကြီး ... ငါ ပထမအဆင့် ကောလိပ် မဝင်ရင်တောင် မင်းကို ကျွေးမှာ။ အကြိမ်များစွာကို အရိုအသေ ပေးချင်နေတာ အဖေနဲ့ အမေကတောင် ပြောနေသေးတယ်။ အိမ်အလည် ခေါ်ခဲ့ဖို့”

“ဒါကို နောက်မှ ပြောကြတာပေါ့” ထန်ရှု အေးဆေးစွာ ပြောလိုက်သည်။

လောလောဆယ်တွင် သူသည် ယွမ်ချူးလင်၏မိခင်အား မတွေ့ချင်သေးပေ။ သို့မဟုတ်ပါက သူမအား ကယ်တင်ခဲ့ပြီး လူသတ်ခဲ့သည်မှာ ပေါ်လွင်သွားပေလိမ့်မည်။ သူမသည် သူ့အား မှန်ကန်စွာ  ခန့်မှန်းနိုင်လိမ့်မည် ဖြစ်သော်လည်း သူ့အား ထပ်မတွေ့တော့သောကြောင့် သူမ၏ခန့်မှန်းချက်သည် ၁၀၀% သေချာသည်ဟု မပြောနိုင်ပေ။

“ကလေးတွေ ... အဆာပြေ စားဖို့ အဆင်သင့် ဖြစ်ပြီလား”

အေပရွန်ဝတ်ဆင်ထားသော မုချင်းဖျင်သည် အခန်းထဲသို့လာကာ အပြုံးဖြင့် မေးလိုက်သည်။ ထိုခဏတွင် သူမသည် အရွယ်များစွာ ငယ်သွားသည့်ဟန်ရှိသည်။ သူမ အခန်းထဲတွင် ငိုချလိုက်ပြီး သူမ၏ စိတ်ခံစားချက်များနှင့် စိတ်ဓာတ်ကျနေမှုများ ကွယ်ပျောက်သွားဟန်ရှိသည်။ ဘဝသစ်စရန် ဆုံးဖြတ်လိုက်သည်ကို ထန်ရှု သေချာသိသွားပေသည်။

“အခု စားကြပါမယ်”

ထန်ရှု ဖြေလိုက်ပြီး အခြား၄ယောက်ကို ခေါ်ကာ ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။

“ဝိုး ... ဒါ တကယ့်ကို အဆာပြေရော ဟုတ်ရဲ့လား။ အရမ်းကို ခမ်းနားလွန်းနေတယ်”

ကောင်းမွန်သော အစားအစာများအား ကြည့်ပြီး ရှားဝမ်ဖန် ပြောလိုက်မိသည်။ သင်းပျံ့သော အနံ့သည် သူမတို့အား ရိုက်ခတ် နှိုးဆနေပေသည်။

“သောက်ကျိုးနည်း ... တကယ်ကို မိုက်လှချည်လား။ အရောင် အဆင်း အနံ့အရသာတင် မဟုတ်ဘူး စွပ်ပြုတ်ထဲမှာကို တရုတ်ဆေးပင်တွေကို အသုံးပြုထားတယ်။ အစ်ကိုကြီး ... အခု မင်းက ဘုရင်ကြီးလိုပဲ။ ငါ ပြောင်းလာပြီး မင်းနဲ့နေမယ်”

“တောင်းဆိုချက် ပယ်ဖျက်တယ်။ ငါပါ အစားခံရမှာ ကြောက်တယ်” ထန်ရှု ပြုံးလျက် ပြောတော့သည်။

အားလုံး ထိုင်လိုက်ကြပြီး အတူတကွ မြိန်ရေယှက်ရည် စားသောက်ကြတော့သည်။ အစားအစာများ အရမ်းကောင်းလွန်းသဖြင့် အားပါးတရ စားကြသည့်တိုင် ၎င်းတို့မှာ များပြားလှသောကြောင့် တစ်ဝက်စီ ကျန်ခဲ့ပါသေးသည်။

တစ်ခဏ အနားယူပြီးနောက် ထန်ရှုမှ ညွှန်ပြပြီး တစ်ဖန် စာလေ့လာကြပြန်သည်။ အရုဏ်တက်ခါနီး တော့မှပင် ရပ်နားလိုက်ကြသည်။ ကျန်၄ယောက်၏ ပင်ပန်းနေမှုအား ကြည့်ပြီး ထန်ရှု ပြောလိုက်သည်။

“အရမ်း နောက်ကျနေပြီ။ ကျောင်းကို ပြန်မလား။ ဒီမှာ အိပ်သွားမလား။ ဒီမှာ အိပ်မယ်ဆိုရင် ဧည့်သည်အခန်းတွေမှာ အနားယူလို့ရတယ်။ ငါကတော့ မနက်ဖြန် လုပ်စရာရှိနေလို့ ကျောင်းမတက်နိုင်သေးဘူး။ မနက်စာ စားပြီးမှ နင်တို့ ပြန်ကြလေ”

“အဲ့ဒါ မကောင်းဘူး”

ချန်းယန်နန်သည် ပုံမှန်အားဖြင့် ကျောင်းမှာသာ နေသူဖြစ်သည်။ အတန်းဖော်အိမ်တွင် တစ်ညလုံး အချိန်ကုန်ဆုံးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး အိပ်စက်ခြင်းမှာ မသင့်တော်ဟု သူမခံစားရသည်။ အခြားမိန်းကလေး၂ယောက်လည်း ချီတုံချတုံ ဖြစ်နေကြသည်။

“နင်တို့ မအိပ်ချင်ဘူးဆိုရင် ပြန်လို့ရတယ်။ အိမ်ခြံမြေရုံးက အခုချိန် တာဝန်ကျတဲ့ တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး လိုက်ပို့ခိုင်းလိုက်မယ်”

ယွမ်ချူးလင် ကျယ်လောင်စွာ ပြောလိုက်သည်။

“ဟေး ... အရမ်းနောက်ကျနေပြီလေ။ ငါတို့ ခုချိန် ပြန်ရင် ဘယ်လောက်မှ အိပ်ရမှာ မဟုတ်ဘူး။ ငါကတော့ မပြန်တော့ဘူး။ ဒီမှာပဲ အိပ်တော့မယ်။ အစ်ကိုကြီး ... ငါ့ကို တစ်ခန်းပေးပါ။ စာလေ့လာပြီး နောက်ပိုင်းလည်း ငါ ဒီမှာ အိပ်မယ်”

ချန်းယန်နန်သည် အခြားမိန်းကလေး၂ယောက်အား ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ နောက်ကျနေပြီဆိုမှတော့ အိမ်ခြံမြေရုံးကလူကို မခေါ်ပါနဲ့တော့။ ဒီမှာ နေလိုက်မယ်”

“ငါတို့ရောပဲ” ချန်းယန်နန် သဘောတူသောကြောင့် အခြား၂ယောက်လည်း နေလိုက်ကြသည်။

“နင်တို့သဘောပါ။ ဒီမှာ ဧည့်သည်အခန်းတွေ အများကြီးရှိတယ်။ အစ်မကြီးမူ  မအိပ်လောက်သေးဘူး။ နင်တို့အတွက် စီစဉ်ဖို့ ငါ တောင်းဆိုလိုက်မယ်”

နာရီဝက်ကြာပြီးနောက် ...

လီရှောင်ချင်းနှင့် ရှားဝမ်ဖန်တို့သည် ၂ယောက်တစ်ခန်း ယူလိုက်ကြပြီး ရေမိုးချိုး၊ ညအိပ်ဝတ်စုံလဲပြီးနောက် မအိပ်သေးဘဲ တီးတိုးပြောဆိုနေကြသည်။

“ရှောင်ချင်း ... ငါတို့ အရင်က ထိန်ရှုအပေါ် နားလည်မှု လွဲခဲ့ကြတယ်။ ဒါပေမဲ့ သူက ငါတို့ကို သင်ခန်းစာတွေ ကူညီပေးတဲ့အပြင် ကောင်းမွန်တဲ့ အစားအစာတွေပါ ကျွေးပြီး သူ့အိမ်မှာ အိပ်ခိုင်းသေးတယ်။ သူက တကယ်ကောင်းတာပဲ”

“ငါရောပဲ။ ထန်ရှု ဒီလိုကောင်းမယ်လို့ မထင်ထားမိဘူး။ ကျောင်းမှာလိုပဲ ဆိုးရွားမလားလို့ စိတ်ပူနေခဲ့မိတယ်။ ကြည့်ရတာ ဒါတွေက မလိုအပ်ဘဲ တွေးမိခဲ့ရုံပဲ။ စုရှန့်ဖေး အစုတ်ပလုတ်က ထန်ရှု နောက်ကွယ်မှာ မကောင်းသတင်းတွေ ပြောနေတယ်။ မနက်ဖြန် ကျောင်းပြန်ရောက်ရင် သူပြောတာ အလိမ်အညာတွေ ဖြစ်ပြီးတော့ ထန်ရှုက အဲ့လို မဟုတ်ကြောင်း ငါတို့ လူတိုင်းကို ပြောပြရမယ်”

“အေးလေ။ ငါလည်း စုရှန့်ဖေးကို ကောင်းတဲ့လူလို့ ထင်ခဲ့မိတာ။ ပညာရေးမှတ်တမ်းကလည်း ကောင်းတာကိုး။ သူ့စရိုက်က အဲ့လိုဆိုးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ သူ့ရဲ့ မျက်နှာအမှန်ကို အတန်းကလူတွေကို သိစေရမယ်။ ငါတို့ အမှတ်တွေကောင်းရင် ထန်ရှုကို တစ်ခုခု ဖိတ်ကျွေးပြီး ကျေးဇူးတင်ကြောင်း ပြရမယ်။ ပြီးတော့ သီချင်းလည်း ဆိုပြဖို့ တောင်းဆိုရမယ်”

“ဒါပေါ့ ဟီ ...ဟိ”

***

All Chapters