အဖိုးတန်ဖုန်းရွှေရှိသော မြေ
Vol. 03 Ch. 138
ကြယ်တာရာ ဖွံ့ဖြိုးမှုဇုန်အနီးတွင် အချိန်ကာလရှည်ကြာစွာ မပြုပြင်ဘဲ ထားသော ကျယ်ပြန့်သည့် မြေနေရာကြီးရှိသည်။ တစ်ချိန်က ထိုနေရာသည် လေလံပွဲတွင် အလွန်ဈေးကောင်း ရခဲ့ဖူးသည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် ဝယ်ယူလိုက်သော စီးပွားရေးလုပ်ငန်းရှင်သည် လုပ်ငန်းအတွင်း ပြဿနာများကြောင့် နောက်ဆုံးတွင် ဒေဝါလီ ခံလိုက်ရသဖြင့် အစိုးရက ပြန်လည် သိမ်းယူလိုက်သည်။
နောက်ပိုင်းတွင် ထိုမြေအား လိုချင်သော လူများသည် ဝယ်ယူရန်အတွက် ဖုန်းရွှေဆရာများအား ဖိတ်ကာ မြေအား စစ်ခိုင်းရာတွင် ထိုဆရာများမှ ပြောသည်မှာ မြေသည် အလွန်ညံ့သည်ဟုပင်။
စီးပွားရေးလုပ်ငန်းရှင်များသည် ဖုန်းရွှေအား အလွန် ယုံကြည်ကြသောကြောင့် ဝယ်ယူမည့်သူများသည် နောက်ဆုံးတွင် မဝယ်ယူတော့ဘဲ နောက်ဆုတ်သွားကြသည်။
မနက်ခင်းအစောပိုင်း ...
မိုးကုပ်စက်ဝိုင်းမှ မြင့်တက်လာသော ပထမ နေရောင်ခြည် ဖြာကျသောအချိန်တွင် ကား၂စီးသည် ကျယ်လောင်စွာ ရပ်တန့်သွားပြီး အမျိုးသား၃ယောက်နှင့် အမျိုးသမီး၁ယောက်သည် ကားများပေါ်မှ ဆင်းလာခဲ့သည်။
“ငါ ဒီကိစ္စကို ဆောင်ရွက်ပြီးပြီ။ မင်းတို့ အေးဆေးနေနိုင်ပြီ။ ဒီမြေက အလွန်ညံ့တဲ့ ဖုန်းရွှေလို့ ပြောကြတယ်။ ငါကတော့ အဲ့လိုထင်လည်း မထင်ဘူး ယုံလည်း မယုံဘူး။ ဒါပေမဲ့ မြို့တော်ခန်းမက ဒါကို တအား ရောင်းချင်နေတယ်။ အဲ့ဒါကြောင့် ငါ့အဆက်အသွယ်တွေကို သုံးပြီး ဒါကို ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်လို့ရခဲ့တယ်။ မြေနေရာကတော့ အတော်ကြီးတယ်”
လုံကျန့်ယုသည် အလယ်မှ လျှောက်လာရင်း မပြုပြင်ထားသော မြေအား ညွှန်ပြကာ ပြောလိုက်သည်။
ချူယီသည် ခပ်ဖွဖွ ပြုံးလျက်
“မင်းတို့ အေးဆေးပဲ ပြောလိုက်သလား။ ငါကတော့ လုံမိသားစုက ကြားခံအဆက်အသွယ် မသုံးဘူးလားလို့။ ငါ ကြားတာ မင်း မြို့တော်ခန်းမသွားပြီး အဲဒီကခေါင်းဆောင်နဲ့ ည၂နာရီအထိ အတူသောက်ခဲ့ရတယ်ဆို”
လုံကျန့်ယု ရယ်မောလျက်
“သဘောတူညီချက်နဲ့ သွားလာ ပို့ဆောင်ရေးအတွက် ဆွေးနွေးရင်း မနက်စာ စားကြတာပါကွာ။ အဲ့ဒါကို ဆောင်ရွက်ဖို့ လူတစ်ယောက်ကို ငါ တာဝန်ပေးလိုက်ပြီ။ အနည်းဆုံး တစ်ပတ်ကြာပြီးရင် ဒီမြေက ငါတို့ဟာ ဖြစ်ပြီ”
ပိုင်ထောင် ပြောလိုက်သည်။
“ငါ စိတ်အဝင်စားဆုံးက ထန်ရှု ဘယ်အချိန်လာမှာလဲ ဆိုတာကိုပဲ။ ဒီမြေရင်းနှီးဖို့ အတွက်က ငါ့မိသားစုက အရံဖယ်ထားတဲ့ငွေတွေ အကုန်နီးပါး သုံးလိုက်ရတယ်။ အဖေသာ ငါ မင်းနဲ့ ပူးပေါင်းတာ မသိဘူးဆိုရင် အငြင်းခံရမှာ”
အိုးရန်လူလူ ပြုံးကာ ပြောလိုက်သည်။
“ပိုင်ထောင် ... ငါ မပူးပေါင်းခင်က နင့်ကြည့်ရတာ မတည်ငွေကို ပိုမို ရှာနိုင်တဲ့ပုံလားလို့။ အရင်က ကောင်းမွန်တဲ့အပြုအမူနဲ့ ပညာရှိပုံပါပဲ။ အခုလို စိတ်ထားရှိမယ်လို့ ငါ မထင်ထားဘူး”
“အာ ...”
ပိုင်ထောင်၏ဟန်သည် အေးခဲသွားပြီး အားယူပြုံးထားရသော အပြုံးဖြင့် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
“သူငယ်ချင်း ... နင်ကတော့လေ လက်မသုံးပဲနဲ့ လူတွေရဲ့ပါးကို ရိုက်နိုင်တယ်။ သူတို့ရဲ့ အမှားကို မဖော်ပြဘဲ ဆဲဆိုနိုင်တယ်။ သောက်ကျိုးနည်း ... နင်ပြောတာကို ငါ ဘယ်လိုခံနိုင်တော့မှာလဲ”
“ဟား ... ဟား ... ဟား ...”
ကျန်၃ယောက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
လုံကျန့်ယု ပြုံးကာ ပြောလိုက်သည်။
“ငါ ထန်ရှုကို မနက်စောစော ခေါ်ထားတယ်။ သူ အမြန်လာတွေ့မယ်လို့ ပြောတယ်။ ကိုယ့်လူတို့ ... ငါတို့ရဲ့ သဘောတူညီမှုကို ဆွေးနွေးပြီးကြပြီ။ ထန်ရှုအတွက် ၁၀%ရှယ်ယာ။ နောက်ပိုင်း ငါတို့ ပိုက်ဆံထပ်ထည့်ရင်တောင်မှ သူ့အတွက် ရှယ်ယာက အပြောင်းအလဲမရှိဘူး”
“ရတယ်”
“နားလည်ပြီ”
ကျန်တဲ့၃ယောက် အတူတူ ခေါင်းညိတ်လိုက်ကြသည်။
အပြုသဘောဆောင်သော အဖြေအား ရပြီးနောက် လုံကျန့်ယုသည် ပြုံးကာ ပြောလိုက်သည်။
“ဒီတစ်ကြိမ် စီမံကိန်းကိုတော့ ခမ်းနားတဲ့အဆောက်အဦ ဆောက်မယ်။ ငါတို့ ပိုက်ဆံ ပိုရလာတဲ့အခါကျရင် တခြားစီမံကိန်းကို စနိုင်မယ်။ ထန်ရှု ဒီစီမံကိန်းက ရှယ်ယာ ရလာရင် သူ တခြားစီမံကိန်းတွေမှာလည်း ပိုပြီး အားစိုက်လာလိမ့်မယ်။ အိုကေ ... အောက်ထိသွားပြီး ဒီမြေမှာ ငါတို့ စီမံကိန်း ဘယ်လောက်ထိ လုပ်နိုင်မလဲ စူးစမ်းကြရအောင်။ သူ ပိုက်ဆံ ရှာချင်လာပြီဆိုရင် သူ့ကို ချည်နှောင်ထားဖို့အတွက် ငါတို့ရဲ့ စီးပွားရေး အကွက်အကွင်းတွေ လိုလာပြီ”
အိုးရန်လူလူ မျက်လုံးများ အရောင်တောက်ကာ လုံကျန့်ယုအား ကြည့်ပြီး လက်မထောင်ပြလိုက်သည်။
“ကျော်ကြားတဲ့ သခင်လေးလုံက ကြံရည်ဖန်ရည် ကောင်းပြီး စီးပွားရေးလောကမှာ ရှားပါးထူးချွန်တဲ့ လူတစ်ယောက်လို့ ကြားဖူးတာ ကြာပြီ။ ဒီနေ့တော့ ကိုယ်တိုင် ကြုံဖူးပြီး အတွေ့အကြုံ ရခဲ့ပြီ။ ငါတို့မိသားစုကတော့ ထန်ရှုနဲ့ ငါ ပူးပေါင်းမှု အများအပြားကို လုပ်ဆောင်နိုင်ဖို့ အများကြီး မျှော်လင့်ထားတယ်”
အိုးရန်လူလူ ပြောသည်မှာ မမှားပါချေ။
ထန်ရှု ပြန်သွားသည့်ညက သူမသည် အိုးရန်စံအိမ်သို့ သူမ၏အဖေနှင့် အဘိုးကို တွေ့ရန် ပြန်သွားခဲ့သည်။ မကြာခဏ မတွေ့ရသော သူမ၏မိခင်ကိုပါ အိမ်တွင် တွေ့ခဲ့ရလေသည်။ သူမနှင့် ထန်ရှုကြားတွင် ထူးခြားသော ဆက်ဆံရေးရှိသည်ဟု မိခင်နှင့် အစ်ကိုကြီးမှ နားလည်မှု လွဲနေခဲ့ကြသည်။
သူမ ရှင်းပြပြီးသည့်တိုင် မိခင်သည် သူမနှင့် ထန်ရှုအား ပိုပြီး နီးစပ်စေရန် မျှော်လင့်လျက် ရှိနေသေးသည်။
အိုးရန်လူလူအတွက် အကြောင်းပြချက်သည် ရှင်းလင်းသည်။ သူမ၏မိသားစုသည် သူမနှင့် ထန်ရှုအား ပိုမို နီးစပ်စေလိုသောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် မိခင်ဖြစ်သူမှ သူမနှင့် ထန်ရှု၏ ဆက်ဆံရေးသည် တိုးတက်လာပြီး အိုးရန်မိသားစု၏ စံပြသမက်ဖြစ်စေရန် မျှော်လင့်နေသည်။ တစ်ဖက်တွင် ထန်ရှု၏ပုံရိပ်သည် ကျင့်ကြံသူအဖြစ်မှ ခွဲခြားမရနိုင်သောကြောင့် ဖြစ်သည်။
သည်နေ့ခေတ်တွင် ကျင့်ကြံသူများသည် ဖီးနစ်၏အမွေးများနှင့် ချီလင်၏ဦးချိုကဲ့သို့ ရှားပါးလှပေသည်။ မည်သည့်မိသားစုမဆို ကျင့်ကြံသူတစ်ယောက်နှင့် ဆက်ဆံရေးရှိပါက ထိုသူများသည် သေချာပေါက် ထိုအရာမှ အကျိုးအမြတ် ကြီးစွာ ရရှိပေလိမ့်မည်။ သူတို့အိုးရန်မိသားစုသည် ကျင်းမန်ကျွန်းတွင် အကြီးမားဆုံးနှင့် အကောင်းဆုံး မိသားစုထဲတွင် တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သော်လည်း သူတို့တွင်လည်း ကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခု ရှိသည်။ ထို့ကြောင့် ထန်ရှု၏ပုံရိပ်မှ တစ်ဆင့် သူတို့ ပိုမို ကြီးထွားဖွံ့ဖြိုးနိုင်သည့် အလားအလာကို မြင်နေရပေသည်။
လုံကျန့်ယု အပြုံးနှင့် ပြောလိုက်သည်။
“ထန်ရှုက ငါတို့အဖွဲ့တွဲနဲ့ ပူးတွဲမိတဲ့အလျောက် ရှေ့လျှောက် ပိုမို အံ့အားသင့်စရာတွေ ဖြစ်လာလိမ့်မယ်။ ချမ်းသာပြီး စွမ်းအားရှိတဲ့သူတွေလည်း စီးပွားရေးပူးပေါင်းဖို့တွေ၊ အိမ်ခြံမြေ စီးပွားရေးတွေ လုပ်ဖို့ စဉ်းစားလာကြလိမ့်မယ်”
ချူယီ ဇဝေဇဝါ ဖြစ်သွားသည်။ “ဘယ်လို ချမ်းသာပြီး စွမ်းအားရှိတဲ့သူတွေလဲ”
“ချန်းကျီကျုံး ... အဆုံးမဲ့ဂုဏ်ရည်ဆေးဝါး လုပ်ငန်းက သူဌေးလိုမျိုးပေါ့။ သူက ထန်ရှုရဲ့ တပည့်တစ်ယောက်လည်း ဖြစ်တယ်” လုံကျန့်ယု ပြုံးကာ ပြောလိုက်သည်။
“ဘာပြောတယ်”
ချူယီနှင့် ပိုင်ထောင်တို့အမူအရာ ပြောင်းသွားသည်။ ထန်ရှုအကြောင်း သူတို့ စုံစမ်းခဲ့ရာတွင် ထန်ရှုနှင့် ချန်းကျီကျုံးအကြားတွင် မူမမှန်သော ဆက်ဆံရေး ရှိသည်ဟု ကောလာဟလများ ကြားခဲ့သည်။ ချန်းကျီကျုံးသည် လူကြားထဲတွင်ပင် ထန်ရှုအား ဆရာအဖြစ် အရိုအသေပေးခဲ့သည်။ သို့သော် သည်ဟာသည် တကယ် မှန်နေခဲ့သည်လား။
အိုးရန်လူလူသည် မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ဘယ်လောက်တောင် သာမန်မဟုတ်တဲ့လူ တစ်ယောက်လဲ။ ငါ့အတွက်တော့ ထန်ရှုက ဉာဏ်မမီအောင်ကို နက်ရှိုင်းလွန်းတယ်။ သူက ငါ့တို့အတွက် အံ့အားသင့်စရာတွေ ပေးလိမ့်မယ်လို့ ငါ ယုံတယ်။ ဒီ့ထက်တောင် ပိုလိမ့်မယ်”
နာရီဝက်ကြာသော် ...
အငှားကားတစ်စီး ရောက်လာပြီး ထန်ရှု ဆင်းလာခဲ့သည်။ သူသည် လုံကျန့်ယုနှင့် အနီးမှ သူများအား တွေ့သောအခါ သူ တွေ့ဖူးသည့်လူများ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။
“ခင်ဗျားတို့လား”
ထန်ရှု၏အကြည့်များသည် အိုးရန်လူလူမှသည် ချူယီနှင့် ပိုင်ထောင်တို့အပေါ် ကျရောက်သွားသည်။
ချူယီသည် အပြုံးဖြင့် ပြောလိုက်သည်။
“ဟယ်လို ထန်ရှု ... အရင်က ငါတို့ ကျင်းမန်ကျွန်းမှာ ပြဿနာ နည်းနည်း ဖြစ်ခဲ့တာကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ အမှန်တကယ် ငါတို့ ကျင်းမန်ကျွန်း မသွားခင် ကြယ်တာရာကို လာခဲ့ပြီး လုံကျန့်ယုဆီက မင်းအကြောင်း ကြားဖူးထားလို့ အမြဲ မင်းကို တွေ့ချင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ကျင်းမန်ကျွန်းမှာ ပြဿနာဖြစ်သွားရတယ်”
ပိုင်ထောင်သည်လည်း အနေရခက်စွာ ပြုံးလိုက်ပြီး
“အဲဒီနောက်ပိုင်း လုံကျန့်ယုဆီက ထန်ရှုဆိုတာ မင်းမှန်းသိတော့ အဲဒီအချိန်ကတည်းက ကျောက်စိမ်းဆွဲသီး ပေးချင်ခဲ့တယ်”
ထန်ရှု ခေါင်းညိတ်လိုက်သည်။ ထိုအဖြစ်အပျက်အား သူလည်း သိသည်။ အမှန်တကယ်လည်း ထိုအရာသည် ချူယီ၊ ပိုင်ထောင်တို့နှင့် များစွာ ပတ်သက်နေခြင်းမရှိဘဲ ချန်းကိုင်နှင့် ရီတိုက်ဖူတို့သာ အစစ်အမှန် ပြိုငဘက်များ ဖြစ်လေသည်။ ထို့ပြင် ချူယီနှင့် ပိုင်ထောင်တို့သည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် ကြီးစွာလက်ဆောင်အား ပေးအပ်ထားသောကြောင့် အတိတ်မှ ထိုပြဿနာအား ပြန်ဆွဲမထုတ်လိုတော့ပေ။
နောက်ဆုံးတွင် အိုးရန်လူလူအား ကြည့်လျက် ဖျစ်ညှစ်ပြုံးထားရသော အပြုံးဖြင့် မေးလိုက်သည်။
“မင်းကရော ဘယ်လို ရောက်လာတာလဲ။ လုံကျန့်ယု ပြောတော့ သူငယ်ချင်း၂ယောက်နဲ့ ပူးပေါင်းတာလို့ ပြောတယ်။ အဲ့ဒါက သူတို့၂ယောက်ဆိုရင် မင်းက ဘယ်လိုအတူရှိနေတာလဲ”
အိုးရန်လူလူ၏ချစ်စရာကောင်းသော မျက်နှာသည် စိတ်ကြီးဝင်သည့် အမူအရာသို့ ပြောင်းသွားပြီး မခံချိမခံသာ စိတ်မကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ ဘယ်လိုရောက်လာတာလဲ ဟုတ်လား။ အဲ့ထဲက တစ်ယောက်က ငါ့ကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်လို့ ဒီကို ရောက်လာတာပေါ့။ အဲ့ဒါအပြင် နင့်လို အသိစိတ်မရှိတဲ့ ယောက်ျားတစ်ယောက်ကို ငါက တွေ့ချင်တယ်လို့ နင်က ထင်နေတာလား”
အသိစိတ်မရှိတဲ့ ယောက်ျားတစ်ယောက် ဟုတ်လား။
လုံကျန့်ယု၊ ပိုင်ထောင်နှင့် ချူယီတို့ ကြက်သေ သေလျက် တစ်ခဏ စိုက်ကြည့်မိကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ဒါ ... အချင်းချင်း ကလူကျီစယ်နေတဲ့အသံလို့ သူတို့ ဘာကြောင့် ခံစားမိနေရပါလိမ့်။
စကားဆုံးသည်နှင့် အိုးရန်လူလူသည်လည်း သူမ၏စကားသည် ပြဿနာရှိနေကြောင်း နားလည်သွားရကာ သူမ၏တင့်တယ်လှပသော မျက်နှာလေးသည် ရဲတွတ်သွားသော်လည်း နောက်ထပ် မဖြေရှင်းတော့ပါပေ။
အစကတည်းက ထန်ရှုတွင် ထိုကဲ့သို့ အတွေးများမရှိပါချေ။ အိုးရန်လူလူထံမှ မခံချိမခံသာ စိတ်မကျေနပ်သောအကြည့်များအား ကြည့်လိုက်ပြီး တိတ်တဆိတ် မချိပြုံး ပြုံးလိုက်ကာ ပြောလိုက်သည်။
“အဲ့ဒါတွေ ထားလိုက်ပါတော့။ ဒါနဲ့ ရင်းနှီးမြှုပ်နှံမှာ ဒီနေရာလား။ ဒီနေရာက အလွန်ကောင်းတဲ့ ဖုန်းရွှေနေရာပဲ။ ကျွန်တော်တို့ ဒီနေရာမှာ ကြီးမားတဲ့ အဆောက်အဦ ဆောက်မယ်ဆိုရင် ပို့ဆောင်ရေးတွေ၊ ခရီးလမ်းကြောင်းတွေ၊ မြေနေရာ အနေအထားတွေက ပြဿနာမရှိဘူး။ တိုးတက်တဲ့နေရာအဖြစ် ဖွံ့ဖြိုးလာဖို့ လွယ်ကူတယ်။ ဒါပေမဲ့ ...”
လုံကျန့်ယု အမြန် မေးလိုက်သည်။ “ဒါပေမဲ့ ဘာဖြစ်သလဲ”
ထန်ရှုသည် နီးကပ်သောမြေနေရာအား ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာမှာ အဆောက်အဦ ဆောက်မယ်ဆိုရင် အတော် ဖြုန်းတီးရာကျမယ်။ ကျွန်တော့်အမြင်အရ ဒီနားမှာ အဆောက်အဦ ဆောက်မယ် ပြီးရင် သူ့ကို ဝန်းရံပြီး လှုပ်ရှားနေတဲ့ စီးပွားရေးကွင်းတစ်ခုနဲ့ လူကုံထံတွေ နေတဲ့ နေအိမ်တစ်ခုရယ် ဆောက်လိုက်မယ်။ ဟိုဘက်ကို တစ်ချက်ကြည့်လိုက်။ ဒီနေရာက လမ်းမနဲ့ အနည်းငယ် လှမ်းတယ်ဆိုရင်တောင်မှ အဲဒီနေရာက ပိုပြီး ကြီးမားလာလိမ့်မယ်။ ကျွန်တော်တို့ အဲ့ဒါကို သင့်တင့်စွာ အသုံးပြုနိုင်မယ်ဆိုရင် ဒီနေရာရဲ့တန်ဖိုး မြင့်လာလိမ့်မယ်”
၄ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ အိပ်မက်ထဲတွင်တောင်မှ ထန်ရှု၏အမြင်သည် သူတို့၏ အတွေးများနှင့် လိုက်ဖက်ညီလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
လုံကျန့်ယု ထပ်မံ သက်သေပြုလိုက်သည်။
“ညီလေးထန် ... မင်းရဲ့ပြောစကားအရဆိုရင် လှုပ်ရှားနေတဲ့ စီးပွားရေးကွင်းတစ်ခုနဲ့ လူကုံထံတွေ နေတဲ့ နေအိမ်တစ်ခုကို ဒီမှာ ဆောက်လို့ ရနိုင်မယ်ပေါ့။ နေရာကြီးတစ်ခုလုံးအတွက် ညီလေး ဒီဇိုင်း ဆွဲပေးနိုင်လား”
“အေးဆေးပါ”
ခမ်းနားကြီးကျယ်ပြီး အသက်ရှူမှားလောက်သော အဆောက်အဦများစွာအား ထန်ရှု အမြဲ မြင်ဖူးသည်။ ဘူးသီးခြောက်ပေါ်တွင် ရေးဆွဲရမည်ဆိုရင်တောင် သူ အလွယ်တကူ ဆွဲနိုင်ပေသည်။
လုံကျန့်ယု ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လေးနက်စွာ ပြောလိုက်သည်။
“ညီလေးထန် ... ငါတို့ မင်းရဲ့အကြံအတိုင်း သွားကြမယ်။ ဒါပေမဲ့ ငါတို့ မတည်ငွေက အကန့်အသတ်နဲ့ ဖြစ်နေတော့ လောလောဆယ် အဆောက်အဦ တစ်ခုပဲ ဆောက်နိုင်ဦးမယ်။ နောက်ဆက်တွဲ အဆင့်က ကောင်းမွန်ရင် ငါတို့ ပူးပေါင်းဆွေးနွေးကြပြီး ဒီနေရာကို အတူ ဖွံ့ဖြိုးအောင် လုပ်ကြတာပေါ့”
ထန်ရှု ခေါင်းညိတ်ကာ ပြောလိုက်သည်။
“နောက်ဆက်တွဲ စီမံကိန်းတွေရှိရင် ကျွန်တော်လည်း ပါမယ်။ အာ ... ဟုတ်ပြီ။ ကျွန်တော် အခု ပိုက်ဆံလိုနေလို့ တိုင်လုံက ပိုက်ဆံလွှဲလိုက်ပြီလား”
လုံကျန့်ယု ပြောလိုက်သည်။
“တိုင်လုံရဲ့ပိုင်ဆိုင်မှုတွေကို အကဲဖြတ်ဖို့ လူလွှတ်ပြီးသွားပြီ။ စုစုပေါင်း ၁၃၅သန်းထက် ကျော်လိမ့်မယ်။ မရွှေ့မပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ငါတို့ လုံမိသားစုက ယူထားပြီးတော့ ငွေကြေးဌာနကနေတစ်ဆင့် ပိုက်ဆံကို မင်းဆီကို လွှဲပေးလိုက်မယ်”
“ကောင်းတယ်” ထန်ရှု ခေါင်းညိတ်လိုက်သည်။
သူသည် အရေပြားသန်မာခြင်း၏ အထွဋ်အထိပ်အဆင့်သို့ အခုထိ မရောက်သေးသော်လည်း လိုအပ်သည့် ဆေးပင်ဆေးမြစ်များနှင့် အခြားအရာများအား ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ သူ၏လက်ထဲတွင် ပိုက်ဆံရှိပါက မတော်တဆ ကြုံကြိုက်လာသောအရာများအား သူ လွဲချော်လိမ့်မည်မဟုတ်ပေ။ ပိုက်ဆံမလောက်သဖြင့် လေလံမဆွဲနိုင်ခဲ့သည့် နှစ်တစ်ထောင်ဂျင်ဆင်းအကြောင်းအား ပြန်တွေးမိပါက သူ နှမြောတသဖြစ်မိသည်။
ရုတ်တရက် ထန်ရှု၏မျက်နှာသည် လှုပ်ရှားသွားသည်။ သူ၏အရှေ့မှ ချမ်းသာသော လူ၄ယောက်အား ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံးက စွမ်းအားရှိတဲ့ နောက်ခံကိုယ်စီ ရှိကြတာဆိုတော့ လမ်းကြောင်းနဲ့ အဆက်အသွယ် အများအပြား ရှိကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် စာရင်းတစ်ခု ပို့ပေးလိုက်မယ်။ ကူညီနိုင်တယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို လိုအပ်နေတဲ့ အဲဒီစာရင်းထဲက ဆေးပင်ဆေးမြစ်များနဲ့ အခြားအဖိုးတန်အရာတွေကို ကူညီရှာပေးကြပါဦး။ ဈေးနှုန်းကတော့ ကျသင့်သလောက် ပြောနိုင်ပါတယ်”
လုံကျန့်ယု ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ညီလေးထန် ... ဘာအတွက် ဆေးပင်ဆေးမြစ်များနဲ့ အခြားအဖိုးတန် အရာတွေကို ဝယ်နေတာလဲ”
အိုးရန်လူလူ လျင်မြန်စွာ ဝင်ပြောပေးသည်။
“ထန်ရှုက အလွန်ကျွမ်းကျင်တဲ့ တရုတ်တိုင်းရင်းဆေးသမားတော် တစ်ယောက်ဆိုတာ ငါသိတယ်။ အဲ့ဒါကြောင့် ဒါတွေ သုံးဖို့လိုအပ်တယ် မဟုတ်လား။ ဒါပေမဲ့ အဖိုးတန် အမြုတေတွေကိုတော့ သူ ဘာလုပ်ချင်မှန်း ငါ မသိဘူး”
“ကျွန်တော့်အတွက် သုံးဖို့ပါ” ထန်ရှု ပြောလိုက်သည်။
ချူယီ ပြောလိုက်သည်။ “ထန်ရှု ... ငါ မင်းရဲ့တောင်းဆိုမှုကို ယူသွားလိုက်မယ်။ တစ်ခုခု ထူးတာနဲ့ မင်းကို ချက်ချင်း အကြောင်းကြားပေးမယ်”
“ငါရောပဲ”
ထန်ရှု အပြုံးတစ်ချက် ပေါ်လာပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
သူတို့ စကားပြောနေစဉ်အတွင်း ထန်ရှု၏ဖုန်းသည် မြည်လာခဲ့သည်။ ဖုန်းကိုထုတ်ကာ ခေါ်သူအား ကြည့်လိုက်သောအခါ ထန်ရှု၏မျက်နှာ ချက်ချင်း အပြောင်းအလဲ ဖြစ်သွားသည်။ ဖုန်းကို ကိုင်လိုက်ကာ သူ ပြောလိုက်သည်။
“ဂူရှောင်ရွှဲ့ ... နောက်ဆုံးတော့ နင်လာပြီ”
***