← Chapters

ကားမောင်းသူတစ်ယောက်

Vol. 03 Ch. 139

ကားမောင်းသူတစ်ယောက်

Vol. 03 Ch. 139

ဂူရှောင်ရွှဲ့လား။

သူတို့သည် ထန်ရှု ပြောသောအကြောင်းအရာပေါ်တွင် စိတ်ဝင်စားသွားကြပြီး တုန်လှုပ်သွားရသည်။ သူတို့၏အကြည့်များသည် ထန်ရှုအပေါ် ချက်ချင်း ရောက်လာကြသည်။ သူတို့အနေဖြင့် ထိုနာမည်နှင့်အတူ နိုင်ငံတစ်နိုင်ငံအား ပြိုကွဲသွားနိုင်သည်အထိ ဒဏ္ဍာရီသဖွယ် ချစ်စရာကောင်းသော အလှလေး တစ်ယောက်အား သိရှိနေကြသောကြောင့် သိချင်စိတ်များ နိုးထလာကြသည်။

“သိပြီ။ ငါ့ကို အဲဒီမှာ စောင့်နေပါ”

ထန်ရှုသည် ပြောပီးသည်နှင့် ဖုန်းချလိုက်သည်။

သူသည် လုံကျန့်ယုအား ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော့်မှာ ချက်ချင်း လုပ်စရာ အကြောင်းအရာလေး ပေါ်လာလို့ သွားမှရတော့မယ်။ ဒီမြေနေရာက ကောင်းတယ်။ အစ်ကိုကြီးတို့ ဝယ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရတယ်။ ပြီးတော့ ကျွန်တော့်ဆီကို ဒီနေရာရဲ့ အကျယ်အဝန်း၊ အလျားဘယ်လောက်၊ အနံဘယ်လောက်နဲ့ တခြားအချက်အလက်တွေပါ စစ်ဆေး သိရှိပြီးသွားပြီဆိုရင် ပို့ပေးပါဦး။ ဝယ်ပြီးသွားပြီဆိုတာနဲ့ ကျွန်တော် ဒီဇိုင်းစဆွဲလိုက်မယ်”

ထိုစကား ပြောပြီး သူသည် လှည့်ထွက်သွားကာ လျှောက်သွားတော့သည်။

အိုးရန်လူလူသည် ထန်ရှုအား စူးနစ်စွာ စောင့်ကြည့်နေခဲ့သည်။ ထန်ရှု ထွက်သွားသည်နှင့် ကျော်ကာ လျှောက်လိုက်ပြီး လျင်မြန်စွာ မေးလိုက်သည်။

“နင် ခေါ်လိုက်တာ ဂူရှောင်ရွှဲ့လား။ ထာဝရခိုင်မြဲခန်းမရဲ့ သူဌေးလေး မဟုတ်လား”

“ဟုတ်တယ်” ထန်ရှု ခေါင်းညိတ်လိုက်သည်။

“ငါနဲ့ ဂူရှောင်ရွှဲ့က ညီအစ်မကောင်းတွေ။ သူ ကြယ်တာရာကို လာတယ်ဆိုမှတော့ ငါ နင့်ကို ခေါ်သွားပြီး အတူတူ သွားတွေ့ကြတာပေါ့”

“မရဘူး” ထန်ရှု ရှေ့နောက် မစဉ်းစားဘဲ တန်း ငြင်းလိုက်သည်။

သူနှင့် ဂူရှောင်ရွှဲ့ပြောမည့် အကြောင်းအရာသည် အလွန်လျှို့ဝှက်သောကြောင့် တတိယလူ၏နားသို့ ရောက်ရန် ဧကန်မုချပင် မဖြစ်နိုင်ချေ။ သူသည် ဂူရှောင်ရွှဲ့အား တွေ့ရန် ဆုံးဖြတ်ပြီးသည့်နောက် တွေ့ကြုံလာမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်ရန်  ကြိုတင်ပြင်ဆင်ပြီး ဖြစ်သည်။ ဂူရှောင်ရွှဲ့သည် သူ့အား သစ္စာဖောက်ကာ အန္တရာယ်ပေးသွားသော အတွင်းစည်းလူများနှင့် ပတ်သက်နေသည် ဆိုပါက တိုက်ခိုက်ရန် လိုမည်ဖြစ်ပြီး နောက်ပိုင်း လွတ်မြောက်ရန်အတွက် ပြဿနာဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အိုးရန်လူလူအား ကူညီကယ်တင်ပေးရန် မည်ကဲ့သို့ အခွင့်အရေးရှိနိုင်ပါမည်နည်း။

အိုးရန်လူလူ၏ အမူအရာ ပြောင်းသွားကာ နားမလည်နိုင်တော့ဘဲ စိတ်အချဉ်ပေါက်သော လေသံဖြင့် ပြောလိုက်သည်။

“ဘာလို့လဲ။ လူတွေ မသိစေချင်တဲ့ ရှက်စရာ အလုပ် လုပ်မလို့လား။ ငါရှိနေရင် အဆင်မပြေဘူးလား”

“မှန်တယ်။ အဲ့ဒါ ရှက်စရာကောင်းတယ်”

ထန်ရှု ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

သူ၏ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည်ဉာဏ်သွေး အီးကျူသည် နိမ့်နေသေးသောကြောင့် အိုးရန်လူလူ၏ စကားတွင် နက်ရှိုင်းစွာ ပါဝင်သော ဆိုလိုရင်းအား ရှင်းလင်းစွာ နားမထောင်ခဲ့ပေ။

အိုးရန်လူလူ ကျောက်ရုပ်ဖြစ်သွားသည်။ ထိုကဲ့သို့သော စကားမျိုးအား ထန်ရှုသည် တည့်တိုး ပြန်ဖြေလိမ့်မည်ဟု သူမ မထင်ထားခဲ့မိသောကြောင့် ပြောစရာစကားပင် ရှာမတွေ့ ဖြစ်သွားရသည်။

“အရှက်ကို မရှိဘူး”

အတန်ကြာပြီးမှသာ ထိုစကားအား သူမ ပြောနိုင်ခဲ့သည်။

ထန်ရှုသည် ခေါင်းကိုယမ်းကာ အိုးရန်လူလူအား လျစ်လျူရှုလိုက်သည်။ အတန်ငယ်သွားပြီးနောက် သူ၏ခြေလှမ်းများအား ရုတ်တရက် ရပ်လိုက်သည်။ မချိုမချဉ် ဖြစ်သွားသောအမူအရာဖြင့် ပြန်လှည့်လာပြီး မေးလိုက်သည်။

“မင်း ငါနဲ့ တကယ်သွားချင်တာလား”

“ဟုတ်တယ်”

အိုးရန်လူလူ လွှတ်ကနဲ ထွက်သွားသည်။ သူမ၏စိတ်ထဲတွင် မထိန်းလိုက်နိုင်သော သူမ၏အပြုအမူအတွက် ကြိတ်ကာ နောင်တရမိသည်။ ထန်ရှုနှင့် တွေ့သည့်အချိန်တိုင်း မည်သည့်အကြောင်းကြောင့် ခံစားချက်အား မထိန်းထားနိုင်သည်ကို သူမ အဖြေမထုတ်နိုင်သေးပေ။ အရင်က သူမသည် အရာရာကို ထိန်းချုပ်နိုင်သော်လည်း ထန်ရှုနှင့်အတူ ရှိနေသောအချိန်တွင် သူမ၏ စည်းချက်ညီနေသော အရာအား ထန်ရှုက ထိန်းချုပ်သွားသကဲ့သို့ ဖြစ်သည်။ ထိုအခြေအနေသည် သူမအား စိတ်ပျက်လက်ပျက်ဖြစ်စေပြီး ချေမွနေသည့်နှယ်ဖြစ်သည်။

ထန်ရှု၏ မျက်ဝန်းများထဲတွင် ပြုံးရိပ်သန်းနေသည်ကို မြင်နိုင်မည်ဖြစ်ပြီးနောက် သူသည် ပြုံးစိစိဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

“ကျွန်တော်နဲ့အတူ သွားချင်နေတယ်ဆိုမှတော့ သွားကြစို့။ ကျွန်တော့်မှာ ကားမရှိတော့ ကားမောင်းပို့ပေးပါ”

“ရတာပေါ့”

အိုးရန်လူလူသည် ကားသော့အား ထုတ်လိုက်ကာ လင့်ရိုဗာကားဆီ လျှောက်သွားလိုက်ပြီးနောက် အလျင်အမြန် စက်နှိုးကာ လမ်းမဘက်သို့ ဦးတည်လိုက်သည်။ သူမသည် အရိုင်းဆန်ကာ အထက်စီးကျတတ်သောကြောင့် ထိုလင့်ရိုဗာဆာ့ အဖြူရောင်ကားလေးသည် သူမနှင့် လိုက်ဖက်ညီလေသည်။

“ဝရော ...”

ဟိန်းထွက်လာသော အင်ဂျင်စက်သံနှင့်အတူ ကားဖြူလေးသည် မြားဖြူလေး တစ်ချောင်းကဲ့သို့ လမ်းမအဆုံးထိ အရှိန်ပြင်းစွာ ထွက်သွားတော့သည်။

လမ်းမဘေးတွင် ...

လုံကျန့်ယု၊ ပိုင်ထောင်နှင့် ချူယီတို့သည် ထူးဆန်းသော အမူအရာများဖြင့် အချင်းချင်း ကြည့်မိကြသည်။

“အဟွတ် ... အဟွတ် ...”

ပိုင်ထောင်သည် လက်မထောင်ပြကာ ပြုံးလျက် ပြောလိုက်သည်။

“ကျန့်ယု ... ထန်ရှုက မင်းရဲ့စံပြတင် မဟုတ်တော့ဘူး ဒီပိုင်ထောင်ရဲ့စံပြလည်း ဖြစ်သွားပြီ။ သောက်ကျိုးနည်း အံ့သြစရာကောင်းတာကွာ။ သူက အိုးရန်လူလူလို မြင်းရိုင်းလေးကိုတောင်မှ ယဉ်ပါးအောင် လုပ်နိုင်တယ်။ အေးစက်ပြီး နှင်းမင်းသမီးလေး ဂူရှောင်ရွှဲ့တောင်မှ အဝေးကြီးကနေ ကြယ်တာရာကို သူမချစ်သူနဲ့ ဒိတ်လုပ်ဖို့ လာရတယ်။ ဒီငနဲကတော့ လူလွတ်မိန်းမပျိုလေးတွေရဲ့ အသည်းကို လှုပ်ကိုင်နိုင်တဲ့သူပဲ”

ချူယီ ထူးဆန်းစွာ ပြုံးလျက်

“ငါတစ်ယောက်တည်း အဲ့ဒါကို တွေးမိတယ်ထင်နေတာ။ မင်းလည်း သတိပြုမိလိမ့်မယ်လို့ မထင်မိဘူး ပိုင်ထောင်။ ငါတို့သူငယ်ချင်း လူလူရဲ့မျက်နှာနဲ့ အမူအရာကို မြင်လိုက်တယ်မဟုတ်လား။ တကယ်ကို ခါးသီးစရာကွာ”

ပိုင်ထောင်သည် အားရပါးရ ရယ်မောလိုက်ပြီး

“လူလူ ထန်ရှုလက်မှာ ကျဆုံးလိမ့်မယ်လို့ ငါ ကျိန်ပြောရဲတယ်။ သူမက ကြင်နာတတ်ပြီး အမြင်စူးရှတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ စိတ်လှုပ်ရှားခြင်း အလျဉ်းမရှိတဲ့သူမတောင် ဒီတစ်ခါတော့ သူမရဲ့ အစစ်အမှန် ခံစားချက်တွေ ပေါ်ထွက်လာပြီထင်တယ်။ ကျွတ် ...ကျွတ် ...”

ထို၂ယောက်၏စကားအား နားထောင်ပြီး ဆန့်ကျင်ဘက်အားဖြင့် လုံကျန့်ယု၏မျက်နှာထက်တွင် အားယူပြုံးထားသော အပြုံးဖြင့် ပြောလိုက်သည်။

“ချစ်ခြင်းအကြောင်းအရာတွေက မကြာခဏ စွက်ဖက်တတ်တယ်။ ထန်ရှုက အိုင်ကျူ မြင့်ကောင်း မြင့်လိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ အီးကျူကတော့ မမြင့်ဘူးဆိုတာ ငါ ပြောနိုင်တယ်။ အနာဂတ်မှာ မိန်းကလေးတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်တယ်ဆိုတာ ကောင်းမွန်တဲ့အရာ တစ်ခုဆိုပြီး သူလိုအပ်မှာမဟုတ်ဘူး”

“ဟမ်”

ချူယီနှင့် ပိုင်ထောင်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး စိတ်နေမြင့်သော လုံကျန့်ယုထံ ပြန်လှည့်ကြည့်လိုက်ကြသည်။

ပိုင်ထောင်သည် ရယ်ချင်စိတ်သန်းနေသော အသံဖြင့် ပြောလိုက်သည်။

“ကြီးမြတ်လှတဲ့ သခင်လေးလုံ ... မင်း မစားကြည့်ရသေးပဲနဲ့ စပျစ်သီးတွေကို ချဉ်တယ်လို့ ပြောလို့မရဘူးလေ။ အိုးရန်လူလူပဲဖြစ်ဖြစ် ဂူရှောင်ရွှဲ့ပဲဖြစ်ဖြစ် သူတို့က ထက်မြက်တဲ့ မိန်းကလေးတွေ။  ထန်ရှုရဲ့ အီးကျူမမြင့်ပေမယ့် သူတို့ကို ဆွဲဆောင်နိုင်တယ်လေ။ မင်း မယုံရင် စောင့်ကြည့်လိုက်။ အနှေးနဲ့အမြန် ထန်ရှု အလှလေးတွေနဲ့ အိပ်စက်မယ်၊ အလှလေးတွေရဲ့ လက်ဖဝါးပေါ်မှာ နိုးထမယ်၊ အချစ်နဲ့ ကံကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာလိမ့်မယ်”

“တော်ပြီ။ ငါ့ကို ဒီအကြောင်းအရာက နုတ်ထွက်ခွင့်ပြုပါ”

လုံကျန့်ယု ငိုရမလို ရယ်ရမလို ဖြစ်သွားရသည်။

အရှိန်ပြင်းစွာ မောင်းနေသော လမ်းမတစ်လျှောက်တွင် အိုးရန်လူလူသည် လင်ရိုဗာကားလေး၏ စတီယာရင်အား ကိုင်ထားသော်လည်း အတော်လေး စိတ်ပျံ့လွင့်နေဟန်ရသည်။ သူမသည် ထန်ရှုနှင့် ဂူရှောင်ရွှဲ့ကြားရှိ ဆက်ဆံရေးအား နက်နက်နဲနဲ တွေးနေသည်။ သူမသည် ဂူရှောင်ရွှဲ့၏အကြောင်းအား သေချာသိသောကြောင့် ထူးခြားသော ပတ်သက်မှုသာ မရှိပါက သူမသည် ကြယ်တာရာရှိ ထန်ရှုအား လာရှာလိမ့်မည် မဟုတ်။ ဂူရှောင်ရွှဲ့သည် ထာဝရခိုင်မြဲခန်းမမှ ခြေလှမ်းဝက်မျှပင် ထွက်မည့်သူမျိုး မဟုတ်ပါချေ။

“ထန်ရှုက ထာဝရခိုင်မြဲခန်းမကို သွားပြီး ထောင်ပေါင်းများစွာ ချိုးဖြတ်မှုအစီအရင်ကို ချိုးဖောက်ပြီး သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းကို အဲဒီမှာ ပြခဲ့တယ်။ အဲဒီအချိန်ကတည်းက သူတို့ ကြိုက်နေကြတာလား”  အိုးရန်လူလူ စိတ်ဓာတ်ကျစွာ တွေးမိသည်။

“ဟေး ... ကားမောင်းတာ အာရုံစိုက်မှပေါ့”

ထန်ရှုသည်သူ၏ အကြည့်အား ပြတင်းပေါက်မှ ရုပ်သိမ်းလိုက်ပြီးနောက် စိတ်ပျံ့လွင့်နေဟန်ရှိသော အိုးရန်လူလူအား သတိပေးလိုက်သည်။

အိုးရန်လူလူသည် ဘေးမှ ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး ကားကို ဂရုတစိုက် မောင်းကာ သာမန်မေးသည့်ဟန်မျိုး ဟန်ဆောင်ကာ မေးလိုက်သည်။

“ထန်ရှု ... ငါတို့၂ယောက်က အခက်အခဲတွေကို မျှဝေပြီး အတူတူနေဖူးကြတဲ့ သူငယ်ချင်းတွေလို့ စဉ်းစားလို့ရတယ်။ ငါတို့ဆက်ဆံရေးက ဘာမဆို မေးနိုင်တဲ့ အခြေအနေမျိုးတော့ ရှိသင့်တယ်မဟုတ်လား”

“ ....”

ထန်ရှုသည် အိုးရန်လူလူအား ပြန်လည်မတုံ့ပြန်ချင်သောကြောင့် သူ၏မျက်နှာအား ပြတင်းပေါက်ဘက်သို့ ပြန်လှည့်လိုက်သည်။ သူ တကယ်ကို နားမလည်ပါချေ။

မည်သည့်အချိန်က သူသည် သူမနှင့် အခက်အခဲတွေကို မျှဝေတဲ့သူ ဖြစ်သွားရပါသနည်း။

အတူနေထိုင်သည် ဆိုတာကရော ...ဒါကတော့ လုံးဝကို မှားယွင်းနေသည်။

ထိုအရာအား အတူနေထိုင်သည်ဟုပင် စဉ်းစားမရပါချေ။ တစ်မိုးတည်းအောက်တွင် အတူရှိရုံမျှဖြင့် အတူနေထိုင်သည်ဟု ပြောမရပါချေ။ တစ်အိမ်တည်းတွင် မတူညီသော အခန်း၂ခန်းဖြင့် နေထိုင်ခြင်းသာ ဖြစ်သည်။ သူမ၏ဒဏ်ရာများ သက်သာရန်ပင် သူတောင်မှ တွီနာနှိပ်နယ်ခြင်းအား အလကား နှိပ်ထားပေးသေးသည်။

အိုးရန်လူလူသည် ထန်ရှု၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာအား အချိန်ကြာမြင့်စွာ ကြည့်နေပုံရသည်။ သူမသည် စိတ်မဆိုးဘဲ အပြုံးမမည်သော အပြုံးအား ပြုံးကာ ဆက်မေးလိုက်သည်။

“ငါတို့က သူငယ်ချင်းကောင်းတွေဆိုတော့ ဘာမဆို ပြောနိုင်တယ်။ နင် ငါ့ကို ပြောပြပါ။

ဂူရှောင်ရွှဲ့နဲ့ နင်က ဘယ်လိုဆက်ဆံရေးလဲ။ သူမနဲ့ ဒိတ်နေတာလား”

“နင့်အဘွားနဲ့ စကားသွားပြောပါလား”

ထိုစကားများအား ထန်ရှုနှုတ်မှ ထွက်လုဆဲဆဲပင် ဖြစ်သွားရသည်။ ဂူရှောင်ရွှဲ့နှင့် သူ ဘာဆက်ဆံရေးရှိမှန်း သူ မသိချေ။ သေမျိုးရန်သူများ ဖြစ်သည်ဟု ဆိုနိုင်လေမလား။

အိုးရန်လူလူ၏မျက်ခုံးများတွန့်သွားကာ  ပြောလိုက်သည်။

“တိတ်တိတ်နေခြင်းက ဝန်ခံခြင်းတဲ့။ ငါ မမျှော်လင့်ထားတာက ...”

“ငါ မမျှော်လင့်ထားတာက မင်းမှာ အတင်းအဖျင်း ပြောတတ်တဲ့စိတ် ရှိတာကိုပဲ။ ကားကိုပဲ ဂရုစိုက်မောင်းပါ။ မင်း အချိန်ထပ်ဖြုန်းနေမယ်ဆိုရင် မင်းကို ဆွဲထုတ်မိတော့မယ်” ထန်ရှု ဆတ်ကနဲ ပြောလိုက်သည်။

“နင် ...”

အိုးရန်လူလူ စိတ်တိုသွားသည်။ ထန်ရှု၏ စိတ်မရှည်သော အကြည့်အား ကြည့်ပြီး နောက်ဆုံးတွင် သူမရင်ထဲမှ စိတ်ဓာတ်ကျနေသော ခံစားမှုများအား ချိုးနှိမ်ကာ ရှေ့ကို ပြင်းထန်သော အမူအရာဖြင့် ကြည့်လျက် ကားအား ရုတ်တရက် အရှိန်တင်လိုက်သည်။

“မင်း အရှိန်က များနေပြီ။ ဒဏ်ကြေးဆောင်ရလိမ့်မယ်”

သူ့တွင် ကားမောင်းလိုင်စင် မရှိသော်လည်း ထန်ရှုတွင် ယေဘုယျ ဗဟုသုတတော့ ရှိပေသည်။

အိုးရန်လူလူ စိတ်ဆိုးစွာ ပြောလိုက်သည်။ “နင် မောင်းချင်လား”

“အာ ...”

ထန်ရှုသည် အားယူပြုံးလိုက်ပြီး ရင်ထဲတွင် တိတ်တဆိတ် ကြိတ်ကာ သက်ပြင်းချလိုက်မိသည်။ အမျိုးသမီးတို့၏အတွင်းစိတ်သည် အပ်အတွင်းပိုင်းနှင့် တူသည်။ သူတို့၏အတွင်းစိတ်ထဲတွင် မည်သည့်အတွေးများ ရှိနေသည်ကို သူ တကယ် နားမလည်တော့ပါချေ။

ကြယ်အလင်းအဆောက်အဦ ...

ဂူရှောင်ရွှဲ့သည် အဖြူရောင်စကတ်လေး ဝတ်ထားပြီး အဖြူရောင် ခရီးဆောင်အိတ်အား ကိုင်ဆောင်ထားသည်။ သူမသည်  သာမန်လူသားလောကထဲသို့ ရောက်လာသော နတ်သမီးတစ်ပါးသဖွယ် ပတ်ဝန်းကျင်မှ ဆူညံနေသော အသံများဖြင့် မနေတတ် မထိုင်တတ်ဖြစ်နေသည်။ သူမ၏တင့်တယ်လှပသော သွင်ပြင်သည် အနီးနားမှ ပုရိသတို့သာမက အမျိုးသမီးများကိုပါ ဆွဲဆောင်နိုင်သောကြောင့် အားလုံး၏ မျက်ဝန်းများသည် သူမထံတွင် ကျရောက်နေပေသည်။

သို့သော်လည်း သူမထံမှ အေးစက်သော အော်ရာကြောင့် လာရောက်ချဉ်းကပ်လိုသည့် မရေမတွက်နိုင်သော အမျိုးသားများသည် နောက်တွန့်နေကြသည်။

နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ရုပ်ရည်ချောမောသည့် အမျိုးသားတစ်ယောက်သည် ခေါင်းထောင်လာခဲ့ပြီး ကိုယ်နေကိုယ်ထား ပြုပြင်ကာ သူမထံ အပြုံးနှင့် ချဉ်းကပ်လာခဲ့သည်။

“မိန်းကလေး ... ကိုယ် ကူညီပေးနိုင်တာများ ရှိမလား”

“ထွက်သွား”

ဂူရှောင်ရွှဲ့၏အသံသည် အလွန်တရာ ချိုသာလှသော်လည်း သူမ၏စကားသည် ထိုရုပ်ချောသော အမျိုးသားအား အေးခဲသွားစေပြီး မချိပြုံး ပြုံးကာ နောက်ဆုတ်သွားစေသည်။

“ဟား ... ဟား ... ဖားပြုပ်တစ်ကောင်က ငန်းသားကို စားချင်နေတာပဲ။ သူ့ရလဒ်က ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲလိုက်သလိုပဲ”

“သူမက တကယ်ကို နတ်သမီးလေးတစ်ပါးပဲ။ သူမရဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ပုံစံကလည်း ပြင်းထန်လွန်းတယ်။ တီဗွီထဲက နာမည်ကြီးတွေတောင် သူမနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဒီလို ရေခဲမင်းသမီးအလှလေးနဲ့ လက်ထပ်ရလို့ကတော့ နှစ်၂၀ သေပေးရမယ် ဆိုရင်တောင် လုပ်ချင်ပါတယ်”

“နှစ်၂၀အသာထား၊ နှစ်၃၀ကွာ”

“သူမက တအားလှတာပဲ။ ငါ့နှလုံးခုန်သံတွေ မြန်လာအောင် ပြုစားနိုင်တယ်”

ဂူရှောင်ရွှဲ့ လှည့်ပြန်ချင်နေပြီ ဖြစ်သည်။ သို့သော် ထန်ရှုကို စောင့်နေရသောကြောင့်သာ ဒေါသများအား ထိန်းချုပ်ကာ ဆက်စောင့်နေရသည်။ သူမသည် အပြင်လောကနှင့် ဆက်ဆံခဲပြီး ထိုကဲ့သို့ ထုံးစံမဟုတ်သည့် လူအုပ်ကြီးနှင့် ဖြစ်ပေါ်နေသည့် အခြေအနေအား အလွန်တရာမှပင် ရင်းနှီးကျွမ်းဝင်မှု မရှိပါပေ။

“ကျွီ ...”

ရုတ်ရက် ကားဘရိတ်အုပ်သံ အရှည်ကြီးသည် လူအများ၏အကြည့်အား ဆွဲဆောင်လိုက်သည်။

ထန်ရှုသည် အိုးရန်လူလူအား ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော့်ကို ဒီနေရာကို လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်။ ဂူရှောင်ရွှဲ့နဲ့ ကျွန်တော် အရေးကြီး အကြောင်းအရာ ဆွေးနွေးစရာရှိလို့ ပြန်လို့ရပါပြီ”

“ဘာ”

ထန်ရှု၏စကားကြောင့် အိုးရန်လူလူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ယုံကြည်ရန် ခက်ခဲသော အမူအရာဖြင့် သူမကိုသူမ ညွှန်ပြကာ မေးလိုက်သည်။

“ငါ့ကို နင်နဲ့အတူ လိုက်ခွင့်ပြုတာ နင့်ရဲ့ကားမောင်းသူ လုပ်ခိုင်းဖို့ပေါ့ အဲ့လိုလား”

“ပြဿနာရှိလို့လား” ထန်ရှု ပြောလိုက်သည်။

“နင့်ညီမသာ သွားလုပ်” အိုးရန်လူလူ သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံးသွားသောကြောင့် ကြမ်းတမ်းသော စကားပင် ထွက်လာသည်။

ထန်ရှုသည် ဂရုမစိုက်စွာ ပြောလိုက်သည်။

“ကျွန်တော်က တစ်ဦးတည်းသော သား။ ညီမ မရှိဘူး။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ပါ။ လိုက်မပို့တော့ဘူး”

ထို့နောက် သူသည် ကားတံခါးအား တွန်းဖွင့်ကာ ဆင်းသွားပြီး အနီးနားမှ ဂူရှောင်ရွှဲ့ဆီ လျှောက်သွားလိုက်သည်။

ဒေါသထွက်သော မျက်ဝန်းများဖြင့် အိုးရန်လူလူသည် ထန်ရှုအား စိုက်ကြည့်လိုက်ပြီး ချက်ချင်း ထိုင်ခုံခါးပတ်အား ဖြုတ်ကာ ခြေလှမ်းကြဲကြီးများဖြင့် နောက်ကလိုက်သွားသည်။ ထန်ရှု သူမအား မကြိုဆိုရင်တောင်မှ သူမ၏သူငယ်ချင်းကောင်း ဖြစ်သော ဂူရှောင်ရွှဲ့လည်း သူမအား ငြင်းဆန်လိမ့်မည်ဟု သူမ မယုံကြည်ပေ။

“ရှောင်ရွှဲ့ ... နင့်ကို တွေ့ရတာ ငါ ဝမ်းသာလိုက်တာ”

အိုးရန်လူလူသည် ဂူရှောင်ရွှဲ့ရှေ့သို့ အပြေးလျှောက်သွားပြီး သူမ၏လက်ကလေးအား ချစ်မြတ်နိုးစွာဖြင့် ဆွဲလိုက်ကာ ပြောလိုက်လေသည်။

***

All Chapters